Tuesday 27 March 2012

အထည်ချုပ်စက်ရုံများ အလုပ်သမား သမဂ္ဂဖွဲ့

ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ ၃ ရုံမှ အလုပ်သမားများ ပူးပေါင်း၍ ချည်မျှင်နှင့် အထည်ချုပ် စက်ရုံ အလုပ်သမားများ သမဂ္ဂ အဖွဲ့တဖွဲ့ကိုမတ်လ ၂၅ ရက်နေ့က စတင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရသည့် ဆန္ဒပြနေသော တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ(ဓာတ်ပုံ - ဧရာဝတီ)

အလုပ်သမားများ ရပိုင်ခွင့် နှင့် အလုပ်သမား အခွင့်အရေးများကို ကာကွယ်ရန်အတွက် Excel Garment ၊ Popular နှင့် Ever First အထည်ချုပ် စက်ရုံများမှ အလုပ်သမားများ ပေါင်း၍ ယင်းသို့ဖွဲ့စည်း ရခြင်း ဖြစ်သည်ဟု ထို အလုပ်သမား သမဂ္ဂ အဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်သူ ကိုပြည့်ဖြိုးကို က ပြောပြသည်။
“ကျနော်တို့ စက်ရုံတွေမှာ အလုပ်သမားတွေဟာ အလုပ်သမား အခွင့်အရေးကို ပြည့်ပြည့်၀၀ရဖို့ မပြောပါနဲ့ အလုပ်သမား အခွင့်အရေးဆိုတာကို သေသေချာချာ ကြားဖူးတဲ့သူ နားလည်တဲ့သူတောင် ရှားတယ်။ 

လုပ်ခတို့ ဘာတို့ ဆိုတာကလည်း အရမ်း နည်းလွန်းတယ်။ ဒီကြားထဲ အလုပ်ရှင်က ခေါင်းပုံဖြတ်တာတွေ ဖိနှိပ်တာတွေလည်း လုပ်သေးတယ်။ ဒါတွေကို ကာကွယ်ဖို့က အလုပ်သမား သမဂ္ဂ ရှိမှ ဖြစ်မယ်လို့ ယုံကြည်တဲ့အတွက် ကျနော်တို့ ဒီ ချည်မျှင်နှင့် အထည်ချုပ် အလုပ်သမား များ သမဂ္ဂကို ဖွဲ့လိုက်ကြတာပါ”ဟု ကိုပြည့်ဖြိုးကို က ဧရာဝတီသို့ ပြောသည်။

ယခုဖွဲ့စည်းလိုက်သောအလုပ်သမားသမဂ္ဂကို တရားဝင်ဖြစ်ရန် သက်ဆိုင်ရာသို့ လျှောက်ထားသွားမည် ဟုလည်း ဆိုသည်။ ကိုပြည့်ဖြိုးကို သည် Excel Garment စက်ရုံမှ အလုပ်သမားတဦး ဖြစ်သည်။ ရန်ကုန်မြို့ရှိ လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရေး ကော်မတီမှ ဒေါ်အိရွှေစင်ညွန့်ကလည်း“ကျမတို့အ   နေ နဲ့ ကတော့ ဒီ အလုပ်သမား သမဂ္ဂ ပေါ်ပေါက်ရေးအတွက် အကြံအဉာဏ် ပေးတယ်။ ကူညီတယ်။ သူတို့က သူတို့ဖွဲ့တဲ့သမဂ္ဂကို တရားဝင် ရပ်တည်ပြီး အလုပ်သမားတွေဘက်က မားမားမတ်မတ် ရပ်တည်ပြီး နစ်နာဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို ခုခံ ကာကွယ်မယ်။ မတရားတာတွေ ဖိနှိပ်တာတွေကို ရင်ဆိုင် ကာကွယ်မယ်လို့ ဆိုပါတယ်”ဟု ပြောပြသည်။

လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမားများကလည်း ၎င်းတို့ဖွဲ့စည်းထားသော အလုပ်သမား သမဂ္ဂ တရားဝင် မှတ်ပုံတင်ရန် ပြီးခဲ့သည့် သောကြာနေ့က သက်ဆိုင်ရာသို့ လျှောက်ထားခဲ့ကြောင်း သိရသည်။

တိုင်ရီ စက်ရုံမှ အလုပ်သမား ၁၈၀၀ ခန့်သည် အလုပ်သမားရပိုင်ခွင့်များအတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီ လအတွင်းက ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး ၀ါဏိဇ္ဇ ပဋိပက္ခရုံးသို့ တိုင်ကြားခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ လကုန်ပိုင်း၌ အလုပ်သမား သမဂ္ဂ(တိုင်ရီ)အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
အလားတူ မင်္ဂလာဒုံမြို့နယ်တွင်လည်း အခြေခံ ဆောက်လုပ်ရေး အလုပ်သမားများ သမဂ္ဂကို မတ်လ ၂၅ ရက်နေ့တွင် ဖွဲ့စည်းကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အလုပ်သမားအဖွဲ့အစည်းဥပဒေကို ပြည်ထောင်စုလွှတ်တော်က
 ပြဌာန်းခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၄ နှင့်အညီ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်သမား အချင်းချင်း အကြား၊ အလုပ်ရှင်နှင့်အလုပ်သမားအကြား ဆက်ဆံရေး ကောင်းမွန်စေရန်၊ အလုပ်သမားအဖွဲ့အစည်းများကို စနစ်တကျနှင့် လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ရန် ပြဌာန်းခြင်း ဖြစ်သည်ဟု သိရသည်။

အလုပ်သမား အဖွဲ့အစည်းဥပဒေ သည် မတ်လ ၉ ရက်နေ့တွင် စတင် အာဏာတည်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ ယင်း ဥပဒေအရ အလုပ်သမား သမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့် ရှိမည်ဖြစ်ပြီး အလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒပြ တောင်းဆိုခွင့် လည်း ရှိလာမည် ဖြစ်သည်ဟု ဆိုသည်။

Ref: ဧရာဝတီ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes