Tuesday 27 March 2012

ရန်ကုန်မြို့၌ ဧပြီလ၁ရက်နေ့မှစတင်ကာ အမှိုက်စိုနှင့် အမှိုက်ခြောက်ဟူ၍ ခွဲခြားပြီး သီးသန့် ထုတ်လုပ်သည့် အမှိုက်အိတ်ကိုဝယ်ယူ၍ စွန့်ပစ်ရသည့် စနစ်သို့ ပြောင်းလဲမည်


72610


လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း၌ နေ့စဉ် ထွက်ရှိသည့် အမှိုက်များကို လက်ရှိစွန့်ပစ်နေသည့် ပုံစံမှ အမှိုက်စိုနှင့် အမှိုက်ခြောက်ဟူ၍ အမျိုးအစားခွဲ ကာ သီးသန့်အမှိုက်အိတ် ၀ယ်ယူ၍ ထည့်သွင်း စွန့်ပစ်ရမည့်စနစ်ကို ပြောင်းလဲသွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သတင်းရရှိသည်။

မီးဖိုချောင်ထွက်၊ စားကြွင်း စားကျန်၊ သားငါးစွန့်ပစ်ပစ္စည်းစသော အမှိုက်စိုများကို သတ်မှတ် ထားသော အမှိုက်အိတ် အပြာရောင်တွင် ထည့်သွင်း၍ ကြိုးချည်ကာစွန့်ပစ်ရမည်ဖြစ်ပြီး ပလတ်စတစ်၊ စက္ကူ၊ ကော်ဘူး၊ မီးကြိုးစသော အမှိုက်ခြောက်များကို သတ်မှတ်ထားသော အမှိုက်အိတ်အစိမ်းရောင်တွင် ထည့်သွင်း၍ ကြိုးဖြင့်ချည်ကာ စွန့်ပစ်ရမည်ဖြစ်ကြောင်း သိရသည်။ ယင်းအတွက် သီးသန့်အမှိုက်အိတ် များကို ပလတ်စတစ်အိတ် ထုတ်လုပ်နေသော လုပ်ငန်းများမှ ဈေးကွက်အတွင်း ဖြန့်ဖြူး ပေးသွားမည့်အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကပါ ထုတ်လုပ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“လာမယ့် ဧပြီလ ၁ ရက်နေ့မှာ အမှိုက်စွန့်ပစ်မှု ပုံစံပြောင်းရမယ်။ အမှိုက်တွေကို သီးသန့်ထုတ်ထားတဲ့ အမှိုက်အိတ်ဝယ်ယူပြီး အမှိုက်စို၊ အမှိုက်ခြောက်ဆိုပြီး ခွဲခြားစွန့်ပစ်ရမယ်။ အမှိုက်စိုကို အပြာနုရောင် အိတ်နဲ့စွန့်ပစ်ရမယ်။ အမှိုက်ခြောက်ကိုတော့ အစိမ်းနုရောင်အိတ်နဲ့ စွန့်ပစ်ရမယ်။ 

အဲဒီအိတ်တွေကိုတော့ ဈေးကွက်ထဲမှာ ပလတ်စတစ်အိတ် ထုတ်တဲ့လုပ်ငန်းတွေက ထုတ်လုပ် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီအမှိုက်စွန့်ပစ်မှုစနစ် ပြောင်းလဲတဲ့ပုံစံကို အများပြည်သူ သိရှိစေဖို့ အတွက် အသိပေးစာတွေကို လက်ရှိဖြန့်ဝေပေးနေတယ်။ မတ်လ ၃၁ ရက်နေ့ အထိပေါ့။ အသိပေးစာနဲ့ အတူ သီးသန့်အမှိုက်အိတ် နမူနာပုံစံ ကိုပါ ထည့်ပေးထားပါတယ်”ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

နမူနာထုတ်လုပ်သော အမှိုက်အိတ်တန်ဖိုးများအရ အသေးဆုံး တစ်အိတ်လျှင် ၁၅ ကျပ် ကျသင့်ပြီး ဆိုဒ်အလတ်မှာ ကျပ်၂၀ ကျသင့်ကာ၊ ဆိုဒ်အကြီးဆုံးမှာမူ ကျပ် ၈၀ ခန့် ကျသင့်ကြောင်း သိရသည်။
ယင်းစနစ် စတင်ချိန်တွင် အမှိုက်အိတ်ကို ၀ယ်ယူရသည့်အတွက် စရိတ် ရှိနိုင်သော်လည်း နောက်ပိုင်းတွင် အခွန်ငွေကောက်ခံ ရရှိမှုပေါ် မူတည်၍ မြို့တော်စည်ပင် မှ ယင်းအိတ်များကို ပလတ်စတစ် လုပ်ငန်းရှင်များထံမှ ပြန်ဝယ်ကာ အများပြည်သူထံသို့ အခမဲ့ ပေးသွားရန်လည်း အစီအစဉ်ရှိသည် ဟု သိရသည်။
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes