Thursday 29 March 2012

ရုပ်ရှင်အစည်းအရုံးကို ၁၂နှစ်ကျော်ကြာငှားရမ်းထားသည့် ၀ဇီရာရုပ်ရှင်ရုံ (၁)နှင့် (၂)အား မတ်လ ၃၁ ရက်နေ့တွင် ပြန်လည်အပ်နှံရန်ညွှန်ကြားချက်ကို မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်



မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ၁၂ နှစ်ကျော်ကြာ ငှားရမ်းထားသည့် ၀ဇီရာရုပ်ရှင်ရုံ(၁)နှင့် (၂)အား မတ်လ ၃၁ ရက်နေ့တွင် ပြန်လည်အပ်နှံ၍ ဧပြီလ ၁ ရက်နေ့တွင် ပိတ်သိမ်းသွားမည့် ညွှန်ကြားချက်ကို မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်ဟု သတင်းရရှိသည်။ ယင်းသို့ ထုတ်ပြန်ချက်အရ လက်ရှိရုပ်ရှင် ပြသလည်ပတ်လျက်ရှိသည့် ၀ဇီရာရုပ်ရှင်ရုံ(၁) နှင့်(၂)တွင် ပြသရန် တန်းစီ ရက်ချိတ်ထားသည့် မြန်မာရုပ်ရှင်ဇာတ်ကားများအား ပြသခွင့် ရရှိတော့မည် မဟုတ်သည့်အပြင် ရုပ်ရှင်ရုံအပေါ်တွင် မှီခို လျက်ရှိသည့် ၀န်ထမ်းလေးဆယ်ကျော်မှာလည်း အလုပ်လက်မဲ့ပြဿနာနှင့်ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သောကြောင့် ပြန်လည်ညှိနှိုင်းဖြေရှင်းပေးပါရန် မြန်မာ့ရုပ်
ရှင်လုပ်ငန်းသို့ တင်ပြသွားမည်ဟု ရုပ်ရှင်အစည်းအရုံး၏ လက်ရှိဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ရှင်းပြခဲ့သည်။

''ကျွန်တော်တို့ ၀ဇီရာရုပ်ရှင်ရုံဆိုတာက ရုပ်ရှင်လောကသားတွေအတွက် မှီခိုရာတစ်ခုလို့ ဆိုလို့ရသလို ရုပ်ရှင်အစည်းအရုံးအတွက်လည်း ဂုဏ်သိက္ခာတစ်ခုလို့ ဆိုနိုင်ပါတယ်။ နှစ်ပေါင်းများစွာတိုင်အောင် လုပ်ကိုင်လာ ခဲ့ပြီးခါမှ အခုလိုရုတ်တရက်ကြီး ပိတ်သိမ်းမယ်လို့ ပြောလာတဲ့အခါ ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးရဲ့ လက်ရှိအမှုဆောင်တွေက ဘာများ အမှားလုပ်မိလဲ။ နောက်ထပ် တွေးစရာ ဖြစ်လာနိုင်တာက မကြာခင်မှာ အမှုဆောင်သစ်တွေကိုလည်း လွှဲပြောင်းစရာရှိနေတဲ့အတွက် ကျွန်တော်တို့ လက်ရှိအမှုဆောင်တွေက မစားရတဲ့ အမဲသဲနဲ့ပက်တာလား။

လက်ရှိအမှုဆောင်တွေရဲ့ ဂုဏ်သိက္ခာပိုင်းကိုပါ စဉ်းစားစရာဖြစ်လာမှာပါ။ ကျွန်တော်တို့ ဝေဖန်ပြောဆိုနိုင်တဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ရုပ်ရှင်လောကသားတွေရဲ့ အတွေးမှာ စောစောကပြောခဲ့သလို အတွေးမျိုးတွေးပြီး တစ်သက်လုံး အမည်းစက် ဖြစ်သွားမှာကို မလိုလားပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းသွားမှာပါ။ ဆက်လက်ငှားရမ်း လုပ်ကိုင်ခွင့်ပေးဖို့ အဲဒီလိုမဟုတ်ခဲ့ရင်တောင် နှစ်လတန်သည် သုံးလတန်သည် အချိန်ပေးဖို့ ဆိုတာမျိုး တင်ပြသွားပါမယ်''ဟု မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ လက်ရှိဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ပြောကြားခဲ့သည်။

ဧပြီလ ၁ ရက်နေ့တွင် ပိတ်သိမ်းမည်ဟု ကြေညာချက် ထွက်ပေါ်လာခြင်းကြောင့် ၀ဇီရာရုပ်ရှင်ရုံ (၁)နှင့်(၂)တို့တွင် မှီခိုအားထားနေရသည့် ၀န်ထမ်းများမှာ စိတ်ထိခိုက်မှုများစွာနှင့် ကြုံတွေ့လျက်ရှိသည်ဟုလည်း သိရှိရသည်။ 

''အခုလိုဧပြီလ ၁ရက်နေ့ပိတ်သိမ်းမယ်ဆိုတဲ့ကြေညာ ချက်ထွက်လာတဲ့အချိန်မှာ ရုပ်ရှင်ရုံ ၀န်ထမ်းတချို့မူးလဲသွားတာတောင် ရှိတယ်။ တချို့လည်းငိုကြတာပေါ့ လေ။ အများစုကလည်းမှီခိုနေတဲ့ မိသားစုတွေနဲ့။ ကြိုတင်အသိပေး တာမျိုးလည်းမဟုတ်ဘဲနဲ့ လေးငါး ရက်အတွင်းအလုပ်လက်မဲ့ဖြစ်မှာဆို တော့ ဘယ်သူမဆိုရှော့ခ်ဖြစ်သွား တာပေါ့။ ကျွန်တော်တို့ အဆုံးစွန်အထိ တွက်ချက်ထားပေးနိုင်တာဆိုရင် ၀န်ထမ်းတွေကို နစ်နာကြေးအဖြစ် သုံးလစာပေးမယ် ဆိုတာပဲရှိတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အဲဒီလို မဖြစ်စေချင်ပါဘူး'' ဟု ၀ဇီရာရုပ်ရှင် ရုံ(၁)တွင် လက်ရှိ လုပ်ကိုင်လျက်ရှိသူ ဦးဌေးအောင်က ဆိုပါသည်။ 

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် ၁၉၉၉ ခုနှစ်မှ စတင်၍ အဆိုပါ ရုပ်ရှင်ရုံ နှစ်ရုံအား ငှားရမ်းထားခြင်းဖြစ်ပြီး ငါးနှစ်တစ်ကြိမ် သုံးနှစ်တစ်ကြိမ် စသည်ဖြင့် စည်းကမ်းချက်အတိုင်း ငှားရမ်းမှု သက်တမ်းကာလကို တိုးမြှင့်ခဲ့သည်ဟု သိရှိရသည်။ နောက်ဆုံး ငှားရမ်းမှုသက် တမ်းကာလပြည့်သည့် ၂၀၁၁ စက်တင်ဘာလတွင် ဆက်လက်ငှားရမ်းလုပ်ကိုင်လိုကြောင်း မြန်မာ့ရုပ်ရှင်လုပ်ငန်းသို့ လျှောက်ထား
ခဲ့သော်လည်း မည်သည့် အကြောင်းပြန်ကြားချက်မှ မပေးပို့ဘဲ ဆက်လက် လုပ်ကိုင်ခွင့် ပေးထားခဲ့ခြင်းဖြစ်သည်။  ရုပ်ရှင် လောကသားများ၏ သဘောဆန္ဒဖြင့်အညီ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းရန် မတ်လ ၂၃ ရက်နေ့တွင် မဲပေးရွေးချယ်ခဲ့ပြီး သုံးရက်အကြာ မတ်လ ၂၆ ရက်နေ့တွင် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ၀ဇီရာရုပ်ရှင်ရုံ(၁)သည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင် တည်ရှိပြီး ၀ဇီရာ ရုပ်ရှင်ရုံ(၂)သည် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် တည်ရှိသည်။

Ref: EMG

တခြားဆက်စပ်သတင်း

"ရုပ်ရှင်အစည်းအရုံး ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြု" 

မတ်လ၂၃ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင် သစ်ရွေးကောက်တင်မြှောက်ပွဲတွင် အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြုသည့်အပြင် ရုပ်ရှင်အစည်းအရုံးဥက္ကဌလုပ်ပိုင်ခွင့်များကို လွှဲပြောင်းပေးခြင်း မရှိသေးကြောင်း သိရှိရသည်။ 

ယခင်ဥက္ကဌဟောင်းဖြစ်သူ ၀န်ကြီးဦးကျော်ဆန်း၏လူရင်း ဦးမြင့်သိန်းဖေမှာ ဥက္ကဌအဖြစ် ပြန်လည်ရွေးကောက်မခံရသည့်အတွက် ၀န်ကြီး ဦးကျော်ဆန်းတစ်ယောက် အလွန်အမင်း မကျေမနပ်ဖြစ်နေကြောင်းနှင့် အဆိုပါအမှုဆောင်ကော်မတီသစ်ကိုလည်း ကန့်ကွက်ကြောင်း သိရှိရပါသည်။ 

စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ဆီသို့ ဦးဆောင်ချီတက်နေသည်ဟုဆိုသည့် တည်ဆဲအစိုးရထိပ်ပိုင်းပုဂ္ဂိုလ်တစ်ယောက်သည် ဤအမှုဆောင်ရွေးကောက်ပွဲငယ်တစ်ခု၏ရလာဒ်အတွက် ဤကဲ့သို့ သဘောထားသေးသိမ်ညံ့ဖျင်းစွာ တုန့်ပြန်သည်ကိုတွေ့ရှိရသောအခါ အဆိုပါပုဂ္ဂိုလ်ပါဝင်နေသည့် အစိုးရအဖွဲ့၏ ဒီမိုကရေစီဖော်ဆောင်ရေးလမ်းစဉ်မှာ သံသယရှိဖွယ်ကောင်းနေပြီး အဆိုပါဝန်ကြီး၏လုပ်ရပ်သည် ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲတွင် မသမာမှုများစွာကျူးလွန်ခဲ့သည်ကို ပိုမိုထင်ရှားအောင် မီးမောင်းထိုးပြသကဲ့သို့ ဖြစ်သွားစေပြီးလျှင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ထပ်မံကျူးလွန်ရန် ၀န်မလေးကြောင်းကို ၎င်း၏မပြည့်ဝသော သဘောထားများက ထင်ဟပ်ဖော်ပြနေသည်ကို စိတ်ပျက်စွာတွေ့မြင်နေရသည်။
 By facebook

 Ref: MNN

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes