Monday 9 May 2011

မြန်မာသုံးဦး ပထမဆုံးအကြိမ်ဧ၀ရက်တောင် တက်ရောက်

နွမ်ဘွိုင်း
အတွဲ ၂၆ ၊ အမှတ် ၅၁၅ (၂၉၊၄ - ၅၊၅ ၊ ၂၀၁၁)

ဦးခင်မောင်ချို (KMC Education)၊ ကိုဖြိုးဝေအောင် (ရွှေမင်းသား ဆပ်ပြာ)၊ ဒေါက်တာကျော်လင်းဦး (Auto-Plus Business Group) နဲ့ ဇင်မင်းဆွေ (CAD Construction) တို့ကို တွေ့ရစဉ်။
ပင်လယ်ရေမျက်နှာပြင် အထက် ၂၉,၀၂၈ ပေရှိပြီး ကမ္ဘာ့အမြင့်ဆုံး တောင် အဖြစ် သတ်မှတ်ထားတဲ့ ဧ၀ရက် တောင်ဆီကို မြန်မာလူမျိုး များဖြစ်တဲ့ကိုဇင်မင်းဆွေနဲ့သူငယ်ချင်းသုံးဦးပါဝင်တဲ့အဖွဲ့ဟာ ပထမ ဆုံးမြန်မာနိုင်ငံသားများအဖြစ် တက်ရောက်ခဲ့ပါတယ်။

သူတို့ရဲ့တောင်တက်ခရီးကို ဧပြီလ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ၁၇ ရက်နေ့မှာ တောင်ခြေကို ပြန်ရောက်ခဲ့ကာ တောင်ထိပ်နဲ့ ၁၂ မိုင်အကွာ စခန်းအထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည်ကို အပြန်လမ်းခရီးမှာ ပဲ ရှိသေးတဲ့ ကိုဇင်မင်းဆွေနဲ့ သူတို့ရဲ့ တောင်တက် ခရီးစဉ်အကြောင်းကို အီးမေးလ်နဲ့ မေးမြန်းဖြစ်ခဲ့ပါတယ်။

* ဧ၀ရက်ရောက်ခဲ့သူတွေရဲ့ နာမည်တွေကိုပြောပြပါဦး။


ဦးခင်မောင်ချို (KMC Education)၊ ကိုဖြိုးဝေအောင် (ရွှေမင်းသား ဆပ်ပြာ)၊ ဒေါက်တာကျော်လင်းဦး (Auto-Plus Business Group) နဲ့ ကျွန်တော် ဇင်မင်းဆွေ (CAD Construction) တို့ပါဝင်တဲ့လေးယောက် အဖွဲ့ တက်ခဲ့ကြတာပါ။ ကျွန်တော်တို့ အားလုံးက ဓာတ်ပုံရိုက်ဝါသနာ ပါတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပါ။

* ဧ၀ရက်တောင်ခရီးကို ဘယ်လို ကြောင့် စီစဉ်ဖြစ်သွားတာလဲ။

ဧ၀ရက်တောင်က အမြင့် ၂၉,၀၂၈ပေရှိပြီး ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်တာရယ်၊ ကျွန်တော်တို့နိုင်ငံက ရောက်ခဲ့ဖူးတဲ့ အထောက် အထား မတွေ့ရသေးတာကြောင့်ရယ်၊ နောက်ပြီး ဒီနေရာကိုသွားရောက်တဲ့ အတွေ့အကြုံ ရချင်တာကြောင့်ရယ်၊ တက်ဖြစ်ခဲ့ကြ တာပါ။

* တောင်တက်တာကိုလည်း ၀ါသနာ ပါတယ်ပေါ့။

တောင်တက်တာက ကျွန်တော့ဝါသနာ မဟုတ်ပါဘူး။ ရှုခင်းဓာတ်ပုံတွေ ရိုက်ကူးချင်လို့ တောင်တက်ဖြစ်သွားတာပါ။

* တခြားဘယ်တောင်တွေရော တက် ခဲ့ဖူးသေးလဲ။

၂၀၀၇ ခုနှစ်၊ ဧပြီလမှာ အိန္ဒိယနိုင်ငံမှာရှိတဲ့ ကက်ရှ်မီးယားက ဂူးလ်မတ်ဆိုတဲ့ ရေခဲတောင်ပါ တက်ခဲ့ဖူးပါတယ်။ ၂၀၀၈ ခုနှစ်၊ မတ်လထဲမှာတော့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲက ရေခဲတောင်ကို တက်ခဲ့ဖူးပါတယ်။

* ကမ္ဘာ့အမြင့်ဆုံးတော်ဆီတက်ခဲ့တဲ့ အတွေ့အကြုံကိုလည်း ပြောပြပါဦး။

ဧ၀ရက်တောင်တက် ခရီးစဉ်ဟာချောမွေ့တဲ့ခရီးစဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီတောင်ကိုစတက်ကတည်းက ထိပ်ဆုံး ထိတက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ တောင်ထိပ် အထိတက်ဖို့ဆိုတာ တစ်လခွဲ၊ နှစ်လ အချိန်ပေးရပါမယ်။ အဲဒါကြောင့် တောင်ထိပ်နဲ့ ၁၂ မိုင်အကွာ စခန်း အထိပဲ ကျွန်တော်တို့ရောက်ခဲ့တယ်။ တကယ်တမ်း ဆက်တက်မယ်ဆိုရင် တော့ တောင်ထိပ်ကိုရောက်ဖို့ နောက် ထပ် ခုနစ်ရက်ခရီးပဲ ကျန်တော့ပေမယ့် အဲဒီခရီးက သိပ် ကြမ်းတမ်းလွန်းတယ်။ကျွန်တော်တို့ရောက်ခဲ့တဲ့ အမြင့်ပေ ၁၈,၀၀၀လောက် မှာတင် အအေးဒဏ် ၁၀ ဒီဂရီကနေ ၁၇ ဒီဂရီအထိ ခံစားခဲ့ရတယ်။ အအေးဒဏ်သာမက Mountaineering Sickness ကိုပါခံစားခဲ့ ရတယ်။ ညပိုင်း အိပ်မပျော်တာ၊ ခေါင်းကိုက်တာ၊ နှာရည်ယိုတာ၊ နှုတ် ခမ်းကွဲတာ စသဖြင့်ပေါ့။ နောက်ပြီးအောက်ဆီဂျင်ဘူး တွေ ရှူရှိုက်ရင်း ခြေလှမ်းတစ်လှမ်းချင်း လှမ်းခဲ့ရတယ်။ ခြေ လှမ်းသုံးလေးလှမ်းလောက် မြန်မြန် သွားလိုက်ပြီဆိုရင် အရမ်းမောဟိုက် လာတယ်။ လမ်းခရီးက သဲကန္တာရတွေ၊ကျောက်တုန်းကန္တာရတွေ၊ ရေခဲပြင်တွေကိုကျော်ဖြတ်ခဲ့ရတာတွေရှိသလို ရိက္ခာတွေကိုလည်း တစ်ခါတည်းယူ သွားခဲ့ရတာမို့ အစားအသောက် အနေ အထိုင် ဆင်းရဲခဲ့ပေမယ့် မြင်ကွင်းတွေ ကတော့ တကယ့်ကို လကမ္ဘာပေါ် ရောက်နေတဲ့အတိုင်းပါပဲ။

* ဒီတော့ ဒီခရီးကိုမစခင် ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ရလဲ။ အဲဒီပြင်ဆင်မှုတွေကရော ခရီးစဉ်မှာဘယ်လောက်အထိ အကျိုးပြုခဲ့လဲ။

ကြိုတင်ပြီး ပြဒါးလင်းဂူတို့၊ မန္တလေး တောင်တို့ တက်ထားပေမယ့် တကယ် တမ်း ဧ၀ရက်တောင်တက်ရတာ အဲဒီ အတွေ့အကြုံနဲ့ တင် မလုံလောက်ပါဘူး။ တခြားတက်ခဲ့ဖူးတဲ့ ရေခဲတောင်တွေနဲ့လည်း လုံးဝမတူဘူး။ အဓိကခံစားရတာကတော့ Mountaineering Sickness ပါ။ ဒါကြောင့်လည်း တောင်ထိပ်ကိုတက်ဖို့ဆိုရင် ကျွန်တော်တို့ရောက်ခဲ့တဲ့နေရာမှာ တစ်လလောက်လာနေပြီး training လုပ်ပြီးမှ တောင်ထိပ်အထိ တက်ကြတယ်။ ဒါမှလည်းဒီက ပါးလွှာတဲ့လေထုနဲ့ နည်းနေတဲ့အောက်စီဂျင်အနေအထားကို နေသား
ကျသွားစေမှာလေ။

* ဒါဆို အစ်ကိုတို့အဖွဲ့ ဒီတောင်ကို တက်တာ ဘယ်နှရက်ကြာခဲ့လဲ။

ကျွန်တော်တို့ရဲ့ ဧ၀ရက်တောင် တက်ခရီးစဉ်ကတော့ တောင်ခြေကနေ စမယ်ဆိုရင် သုံးရက်ပဲကြာခဲ့ပါတယ်။ ဒီတောင်ကို နီပေါကနေ တက်လို့ရသလိုတိဘက်အခြမ်းကလည်း တက်လို့ရတယ်။ ကျွန်တော်တို့ကတော့ တိဘက်အခြမ်းကနေ တက်ခဲ့တာပါ။ ဧပြီလ ၁၅
ရက်နေ့ကစတက်ခဲ့တာ ၁၇ ရက်နေ့မှာတောင်ခြေက ကမ္ဘာ့အမြင့်ဆုံး ဘုန်းတော်ကြီးကျောင်းရှိတဲ့ Rongbuk ရွာလေးကို ပြန်ရောက် ခဲ့တယ်။ အဲဒီကနေ တိဘက်တစ်ခွင်နဲ့ နီပေါနိုင်ငံကိုသွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။

* ဒီခရီးစဉ်က အစ်ကိုတို့အဖွဲ့အတွက်ဘယ်လိုမှတ်ကျောက်မျိုးတင်တယ်လို့ ပြောနိုင်လဲ။

ဒီခရီးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် ဧ၀ရက်တောင်တက်ခြင်းလမ်းစလို့ ပြောလို့ရပါတယ်။ နောင် မဝေးတော့တဲ့ ကာလမှာ ကျွန်တော်တို့အဖွဲ့သော်လည်းကောင်း၊ တခြား မြန်မာနိုင်ငံသားများအနေနဲ့သော်လည်းကောင်း၊ မြန်မာနိုင်ငံတော်အလံကို
တောင်ထိပ်မှာ လွှင့်ထူနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ဧ၀ရက်တောင်ခရီးစဉ်အကြောင်းကို ၂၀၁၁ ခုနှစ်မကုန်ခင် ဓာတ်ပုံပြပွဲ နဲ့ ဆောင်းပါးစာအုပ် ထုတ်ပါမယ်။ ဓာတ်ပုံပြပွဲကို မြို့ကြီးသုံး မြို့မှာပြဖို့ စီစဉ်ထားတယ်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes