Tuesday 10 May 2011

မှာတမ်းစာ

သစ်လွင်တောက်ပမှုမရှိသော ဤခန္ဓာအခွံထဲ
ဝိညာဉ်တစ်ခုရိုက်သွင်းလိုက်သောအခါ
ငါသည်… ငါဖြစ်လာခဲ့၏….။

မြစ်ကြောင်းတွေ၏ စီးဆင်းမှုကိုအားကျ၏
ထိုမြစ်ကြောင်းတွေရဲ့နံဘေး ထိုင်ဆွေးနေသော
ကြွေလုလု ကမ်းပါးတွေကိုကြည့်ပြီး ကဗျာစပ်လို၏
လည်ပတ်နေတဲ့ နေ-လ တွေကိုကြည့်ပြီး သံဝေဂပွား၏
တနင်္ဂနွေနေ့တွေရဲ့ အပေါက်ကြိုအပေါက်ကြားမှ
လောကကြီးကို ခေါင်းပြူကြည့်ဖို့ ကြိုးစား၏...။

ရယူခြင်း-ပေးဆပ်ခြင်းတို့ စီးချင်းထိုးရာဤလွင်ပြင်၌
ငါသည်… နတ်စောင်းတစ်လက်ကိုသာ တီးခတ်နေလိုလှ၏
သို့သော်…ငါ့ဂီတကား ဘယ်သူ့အတွက်မှ မဟုတ်ပါချေ…….
ပေးဆပ်ခြင်း၏ ဖိနပ်ခတ်သံသည်
ငါ့ဂီတအား စည်းဝါးမှန်မှန်လိုက်နေဘိ၏
သို့သော် ဂီတသည် ဂီတအတွက်သာလျှင်ဖြစ်ခြိမ့်မည်။



လက်နဲ့လုပ်သောအမှန်တရားများအား
ငါသည် တစ်ခြိုက်မက်မက်စားသောက်ခဲ့ရ၏
လက်ရန်းတန်းနှစ်ခုအကြား၌သာ
အများနည်းတူ လမ်းလျှောက်ခွင့်ရ၏
နောက်လူသည်ငါ၏ခြေရာကိုနင်း၍
ငါသည်လည်း ရှေ့ခြေရာကို မတ္တူကူးထားခြင်းသာဖြစ်သည်
(ဘုရားသည်ပင် ဘုရား၏မိတ္တူဖြစ်ခြေသည်)။

အို…..အဆွေ……..
သင့်အား အကျွန်ုပ် နုတ်ဆက်သည်…….
အသေစောသစ်တစ်ပင်လို့ပင်ထင်ထင်
အကျွန်ုပ်အတွက် ၀မ်းမနည်းရစ်ပါလေနှင့်…..။

ငါ၏နတ်စောင်းဂီတသည်
သင်တို့စီးချင်းထိုးရာ ဤလွင်ပြင်မှ
ငါနှင့်အတူ အပြီးအပိုင်ပျောက်ကွယ်သွားသောအခါ
ပေးဆပ်ခြင်း၏ ဖိနပ်ခတ်သံအား
ဂီတအဖြစ် နားဆင်ကျန်ရစ်ပါလေအဆွေ……။

ငါ၏ အရိုးတို့ဖြင့်တပ်ဆင်ထားရာ ဤကုလားထိုင်ပေါ်ထိုင်လျှက်
သင့်ချစ်သူအတွက် သင်က ပန်းတွေသီပေးနေချိန်၌
ငါ့အား ကရုဏာသက်ဖို့မလိုပါလေအဆွေ……။

နတ်စောင်းဂီတကိုအန်ထုတ်ရာ မခမ်းနားသည့် ငါ့ရင်ဘတ်အား
သင်၏ ညစာစားပွဲ၌
တူရိယာအဖြစ် မတီးခတ်မိပါစေနဲ့အဆွေ……။

ဥပါဒါန်လေသင်တိုင်းကြောင့်
အရိုင်းလွင့် လွင့်ခဲ့ရသော ငါ၏ ဤခန္ဓာအခွံအား
ငါသည်…. နေရာတကျ ပြန်လည်အပ်နှံထားခဲ့ရဲ့……။

ကျင့်ဝတ်၊ ကျမ်းစာ၊ ယုံကြည်ကိုးကွယ်မှုနှင့်
ဘ၀တခဏ၏ သက်ရှိသက်မဲ့တန်ဆာပလာများ
ဒါတွေအားလုံး နေရာတကျ ပြန်ချထားခဲ့ရဲ့…..။

ငါသိပ်ချစ်သည့် မြန်မာဖိနပ်တစ်စုံအား
ငါမြတ်နိုးသည့် ကျောင်းကန်သာနှင့်
စေတီဆွဲလဲသံတို့၏ မနီးမဝေးအေးအရိပ်၌
နေရာတကျ မြုပ်နှံထားရစ်ခဲ့ရဲ့…….။

ကော်ပီကူးယူသွားခွင့်မရသော အမိနိုင်ငံတော်အား
ငါ၏ အနမ်းတို့ဖြင့် ဆွတ်ပျံ့စေခဲ့ရဲ့………။

အို……အဆွေတို့…….
သင်တို့၏ရှေ့၌ နောက်ဆုံးမတ်တတ်ရပ်လျှက်
ငါ၏ နုတ်ဆက်တေးကိုစတင်တီးခတ်ချိန်၌
ငါ့အား ကောင်းရာသုဂတိလားစေရန်
သင်တို့ ၀ိုင်းပြီး ဆုတောင်းပေးရန်မလိုပါလေ……..
အဘယ့်ကြောင့်ဆိုသော်….
ထွက်သက်၏တခဏ၌ပင် ၀င်သက်တစ်ခုသည်
ငါ့အား… အလုံးစုံ မိတ္တူကူးယူထားပြီးဖြစ်ပေသည် ။ ။

အရှင်ဗိန္ဒု

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes