Monday 9 May 2011

ထိုင်းနိုင်ငံရောက် ဗမာလေးတစ်ယောက် (အပိုင်း ၄)

နောက်တစ်ခေါက် ၅ နှစ်အကြာ၊ ထိုင်းကို မိမိ ပြန်ရောက် လာခဲ့တဲ့ အခါမှာ သူတို့ (ထိုင်းလူမျိုးများ) ဟာ သူတို့ရဲ့ အရင်းခံ ရှိပြီးသား အကြင်နာ၊ စေတနာ၊ မေတ္တာ တွေနဲ့ အရင်ကလိုဘဲ မိမိကို ခင်ခင်မင်မင် ရင်းနှီးစွာ ထွေးပိုက် ကြိုဆိုခဲ့တာကို ပြန်ရခဲ့ ပါတော့တယ်။ ဒီတစ်ခေါက် မှာတော့ ဗမာလို့ ပြောသော်လည်း သူတို့ မျက်နှာ မပျက်ကြတော့ပါဖူး၊ နှာခေါင်းလဲ မရှုံ့ကြတော့ပါဖူး၊ ရွံရှာတဲ့ အမူအယာလည်း မပြကြတော့ပါဖူး။ ဒါကတော့ ဘာကြောင့်လဲ ဆိုရင် …
လူမိုက်တို့ရဲ့ ထိုက်တန်တဲ့ ရလာဒ်
လူမိုက်ဆိုတာ အသိဥာဏ် အလိမ္မာ မရှိဘဲ မိုက်ရူးရဲနဲ့ ကိုယ့်အပေါ် ဖြစ်လာမဲ့ အကျိုးအပြစ်တွေကို နားမလည်ဘဲ အဆင်ခြင်မဲ့စွာ ပြောဆို၊ လုပ်ကိုင် တတ်တဲ့ သူများဖြစ်ပါတယ်။ ထင်ထင် ရှားရှား ဥပမာ တစ်ခု ပြရမယ်ဆိုရင် – ၁၉၈၈ ခုနှစ်မှာ ဦးနေဝင်းက စစ်တပ်ဆိုတာ သေနတ်ကို မိုးပေါ် ထောင်မပစ်ဖူး လို့ ပညာမဲ့ မိုက်ရူးရဲ လူ့အောက်တန်းစား စကားမျိုး ပြောပြီး သိပ်မကြာခင်မှာ၊ အဲဒီ သူပြောတဲ့ စစ်တပ်က သေနတ်ကို မိုးပေါ် ထောင်မပစ်ဘဲ သူ့ကို တည့်တည့် ချိန်ထားလို့ သေတဲ့ အထိ အိမ်ထဲကနေ အိမ်ပြင် ထွက်လို့ မရခဲ့တော့ပါဖူး။ ဒါဟာ လူမိုက်တွေရဲ့ ထိုက်တန်တဲ့ ရလာဒ် ဖြစ်ပါတယ်။
အဲဒီလို လူမိုက်တွေရဲ့ ပုံစံမျိုးနဲ့ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ပြမယ် ဆိုရင်တော့၊ ရလာဒ်မှာ ယဉ်ကျေးမှု သရုပ်တော့ ပေါ်လာမှာ မဟုတ်ပါဖူး၊ ရိုင်းစိုင်းမှု သရုပ်သာ ပေါ်လွင်တော့မှာ ဖြစ်ပါတယ်။ တချို့ ဗမာများ ပြောကြသလို – “ဗမာက ဗမာဘဲကွ၊ ဘယ်ကောင့်မှေ×ာက်ဂရု စိုက်စရာ မလိုဖူးကွ” ဆိုတဲ့ ပုံစံမျိုးကို သူတပါး နိုင်ငံမှာ၊ သူတပါး မြေပေါ်မှာ၊ သူတပါး လူမျိုးရှေ့မှာ ပြမယ် ဆိုရင်တော့ လုံခြည် လှန်ပြလို့ အောက်က “နှစ်လုံး” အပြင် ဘာမှ မရှိဖူး ဆိုတာကို ရှင်းပြနေ သလိုမျိုး သာ ဖြစ်ပါတော့မယ်။ ဘယ်လိုပင် ဖြစ်ပါစေ “ငါဗမာကွ” ဆိုပြီး၊ ဗမာ ဖြစ်ရတာကို “မာန” နဲ့ ဂုဏ်ယူမယ် ဆိုရင်တော့ တစ်ခွဲသားမှ မလျှော့လိုသည့် မာန အကြောင်းမှာ ဖော်ပြခဲ့သလို ပညာတတ်တို့ရဲ့ ပုံသဏ္ဍာန် မဟုတ်ဘဲ၊ လူမိုက်တို့ရဲ့ ပုံစံများသာ ဖြစ်တော့မှာမို့ လူမိုက်တို့ အတွက် ထိုက်တန်တဲ့ ရလာဒ်ကိုဘဲ ရကြမှာပါ။

လက်မ မထောင်တဲ့ နိုင်ငံကြီးသား
ဥပမာ အင်္ဂလိပ် လူမျိုး တစ်ယောက်ဟာ အင်္ဂလိပ် လူမျိုး ဖြစ်ပါတယ်၊ အမေရိကန် လူမျိုး တစ်ယောက်ဟာ အမေရိကန် လူမျိုး ဖြစ်ပါတယ်၊ ဂျပန်လူမျိုး တစ်ယောက်ဟာ ဂျပန်လူမျိုး ဖြစ်ပါတယ် ဆိုတာ သူတပါး လူမျိုးများနဲ့ မိတ်ဆက်တဲ့ အခါ သူတို့ လူမျိုးတွေဟာ ကမ္ဘာ့ အထက်တန်းစား လူမျိုးရယ်လို့ ကြွားဝါပြီး မာနနဲ့ လက်မထောင် မပြောကြပါဖူး။ တပါး နိုင်ငံသား တွေရဲ့ သူတို့နဲ့ မတူတဲ့ ထူးခြားတဲ့ အချက် အလက်တွေကို အသိအမှတ်ပြု ဖော်ထုတ် ချီးမွှမ်းခြင်းသာ ပြုလုပ်လေ့ ရှိကြပြီး၊ တခြား လူမျိုး တစ်ခုကို လေးစားတဲ့ အမူအယာ ကိုသာ ပြသလေ့ ရှိကြ ပါတယ်။
ယဉ်ကျေးမှု ကိုဖော်ထုတ်ပြသပုံ
တဖက်မှာလည်း၊ ယဉ်ကျေးတဲ့ သူတွေ ဆိုတာ ဆင်ခြင်တုံ တရားရှိကြတာကြောင့် ကိုယ့်အပြစ်ကို ကိုယ်သိဖို့ မြင်ဖို့ ကြည့်ရန် ဝန်မလေးသလို သူများက ထောက်ပြရင်လည်း တန်ဖိုးထားပြီး ကိုယ်တိုင် ရှုမြင်ကြည့် တတ်ကြပါတယ်။ ဥပမာ အားဖြင့် ဒီကနေ့ အမေရိကန်၊ အင်္ဂလန်၊ ဂျပန် နဲ့ သြစတေးလျ စတဲ့ ကမ္ဘာ့ ထိပ်တန်း နိုင်ငံများကို ကြည့်ရင်၊ သူတို့ဟာ ကမ္ဘာ့ သြဇာ အာဏာ ကြီးတဲ့ နိုင်ငံများ ဖြစ်ကြပြီး၊ ဘယ်သူ့မှ လူမထင်လို့ ရတဲ့ နိုင်ငံများ ဖြစ်ကြသော်လည်း သူတို့ လုပ်ခဲ့တဲ့ အပြစ်တွေကို ဝန်ခံခြင်း၊ ဝန်ချခြင်း၊ တာဝန်ယူခြင်း စသည်တို့ လုပ်နေကြတာ တွေ့ရပါမယ်။ ဥပမာ ဂျပန်နိုင်ငံ ဆိုရင် ဒုတိယ ကမ္ဘာစစ် အတွင်းက သူတို့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ဒါဟာ အပြစ်တွေ ပါဆိုပြီး၊ သူတို့ ကိုယ်တိုင် သူတို့ လူမျိုးတွေကို ထုတ်ဖော် ပြောကြားတာမျိုး လုပ်ကြသလို၊ သူတို့ အပြစ်ကျူးလွန် ခဲ့တဲ့ နိုင်ငံတွေ အပေါ်မှာလည်း ဝန်ချ တောင်းပန်ခြင်း၊ ပြန်လည် စာနာမှု အကူအညီတွေ ပေးခြင်းများ လုပ်ကြတာ မကြာခဏ သတင်းတွေထဲမှာ ကြားဖူး နေရပါတယ်။ ဒီလိုပါဘဲ သြစတေးလျ ဆိုရင်လည်း ဒီကျွန်းပေါ်ကို ရောက်လာပြီး လက်ရှိ ကျွန်းမှာ နေထိုင်နေတဲ့ ကျွန်းသားတွေကို ဗလာကာရ ပြုကျင့်ခဲ့တာ၊ အနိုင်အထက် လုပ်ခဲ့ တာတွေကို အပြစ် တစ်ခုလို သူတို့ အစိုးရ ကိုယ်တိုင်က ထောက်ပံ့ ပေးထားတဲ့ ရုပ်မြင် သံကြားလိုင်း ကနေ ယနေ့ထိ ထုတ်ပြ ထောက်ပြ နေကြတာ ကြည့်ရပါတယ်။ ဒီအပြစ်တွေ ကိုလည်း ဝန်ခံ၊ ဝန်ချပြီး ဒီအမှားတွေ အတွက် ပေးဆပ်ရမဲ့ ကိစ္စများ အတွက်လည်း ပေးဆပ်နေ ကြတာ တွေ့ရပါတယ်။ ဒါတွေဟာ ယဉ်ကျေးသူတွေရဲ့ ယဉ်ကျေးမှုကို ဖော်ထုတ် ပြသတဲ့ ပုံစံ ဖြစ်ပါတယ်။
သြစတေးလျသား တစ်ဦးရဲ့ စိတ်ထား ဥပမာ
ဒီနေရာမှာ သြစတေးလျသား တစ်ဦးနဲ့ မိမိ တွေ့ခဲ့ရစဉ်က ဥပမာ တစ်ခုကို ပြောပြ လိုပါတယ်။ တရက်မှာ ထိုင်းနိုင်ငံ ဖူးခက် ပင်လယ် ကမ်းခြေမှာ သြစတေးလျ နိုင်ငံသား တိုဘီ ဆိုသူနဲ့ မိမိ သိကျွမ်းခဲ့ပါတယ်။ တိုဘီဟာ သူ့ရဲ့ ဘိုးဘွားများ ခေတ်ကတည်းက အင်္ဂလန်ကနေ တကျွန်းပို့ ခံရပြီး ရောက်လာတဲ့ အင်္ဂလိပ် လူမျိုး မိသားစုဝင် တစ်ဦး ဖြစ်ပါတယ်။ မိမိက သူဟာ သြစတေးလျက လာတယ် ဆိုတာကို သိရတဲ့ အခါမှာ – သြစတေးလျ နိုင်ငံသား တွေဟာ လူ့အခွင့် အရေးနဲ့ လူ့တန်ဖိုးကို သိပ်တန်ဖိုး ထားတတ်တဲ့ လူတွေ ဖြစ်တယ်လို့ ချီးမွှမ်း လိုက်ပါတယ်။ ဒီအခါ တိုဘီက – “ငါတို့ဟာ အခုအချိန်မှာ လူ့အခွင့် အရေးနဲ့ လူ့တန်ဖိုးကို သိပ်တန်ဖိုး ထားရမဲ့ အခြေအနေ ဖြစ်လာလို့ ထားလာ ကြရတာပါ။ တကယ်တော့ သြစတေးလျကို ရောက်လာ ကြတဲ့ ငါတို့ အင်္ဂလိပ်တွေ၊ ငါတို့ရဲ့ ဘိုးဘွားတွေဟာ သူတို့ လုပ်သွားတဲ့ သိက္ခာ ကျစရာ၊ မျက်နှာပျက် စရာ၊ ရှက်စရာ လုပ်ရပ်တွေကို ငါတို့က အခုအချိန်မှာ ပြန်ပြီး ပေးဆပ်ဖို့ တာဝန် ရှိလာလို့ ဖြစ်ပါတယ်။ သမိုင်းက အကြွေးကို ငါတို့ ပြန်ဆပ် နေကြရတာ ဖြစ်ပါတယ်။ သြစတေးလျ ဆိုတာ ငါတို့ရဲ့ မြေ မဟုတ်ပါဖူး။ အဘော်ဂျင်နယ် လူမျိုးတွေ ပိုင်တဲ့ ကျွန်းကို ငါတို့က လာနေခဲ့ ကြတာ ဖြစ်ပါတယ်။ အဲဒီမှာ လက်ရှိ ကျွန်းသား တွေဟာ စိတ်ထား နှလုံးသား ကောင်းစွာနဲ့ ငါတို့ကို ဘာမှ ရန်မပြုဘဲ ကြည်ကြည် ဖြူဖြူ လက်ခံခဲ့ ကြတဲ့ အပြင် ငါတို့ကို ကူညီတာတွေ ရှိခဲ့ကြပေမဲ့ ငါတို့ ဘိုးဘွား တွေဟာ ကျွန်းသားတွေကို အကြောင်းမဲ့ သတ်ဖြတ်၊ ညှင်းဆဲ၊ မိန်းမတွေ ဆိုရင် မုဒိန်းကျင့်နဲ့ အလွန်ကို လူမျိုး သိက္ခာ ကျစရာ၊ အောက်တန်းကျ စက်ဆုပ်ဖွယ် ကောင်းတဲ့ အပြုအမူတွေ လုပ်ခဲ့တာကြောင့် ငါတို့ အခု နောင်လာ နောက်သားတွေဟာ အရှက် ကောင်းကောင်း ရစရာ ဖြစ်လာခဲ့ပါတယ်။ ဒီတော့ ဒါတွေကို ငါတို့က အခု ပြန်ပေးဆပ် ကြရတော့မှာ ဖြစ်ပါတယ်။ ငါတို့ ဝန်ချ တောင်းပန် ရပါတော့မယ်။ ငါတို့ သူတို့ကို ပြန်ပြီး ကြည့်ရှု စောင့်ရှောက် ပေးရ ပါတော့မယ်။ ဒီလိုနဲ့ ငါတို့ရဲ့ သိက္ခာကို ငါတို့ အဖတ်ဆယ် ကြရတော့မှာပါ။ ဒါကြောင့် အခုဆို ကျွန်းသားတွေကို ငါတို့က ပညာတွေ အလကား သင်ပေးတယ်၊ သူတို့ အတွက် သီးသန့် အခွင့် အရေးတွေ ပေးတယ်၊ ဒီ့ပြင် သူတို့ကို အစိုးရ အဖွဲ့ထဲ အထိ နေရာပေးပြီး၊ သူတို့ အတွက် ဝန်ကြီးဌာန တစ်ခု ထားပေးတယ်။ နောင်ကို ငါတို့ ဘိုးဘွားတွေလို အမှားတွေ၊ ရှက်စရာတွေ၊ သိက္ခာ မရှိတဲ့ လုပ်ရပ်တွေ မဖြစ်လာအောင် လူ့အခွင့်အရေးနဲ့ လူ့တန်ဖိုးကို လေးစားဖို့ ငါတို့တွေ လုပ်ကြရ တော့တာ ဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။
မြင့်မြတ်တဲ့ နှလုံးသားနဲ့ သတ္တိ
လူတစ်ယောက်ဟာ ယုတ်ညံ့တဲ့ စိတ်ထားနဲ့ ရှိတဲ့ သတ္တိမျိုး ဆိုတာ မိုက်ရူးရဲ တန်ဖိုးမရှိတဲ့ သတ္တိမျိုးသာ ဖြစ်ပါတယ်။ သို့သော် လူတစ်ယောက်ဟာ မြင့်မြတ်တဲ့ နှလုံးသားနဲ့ ရှိတဲ့ သတ္တိမျိုး ဆိုတာ ကတော့ တန်ဖိုး မဖြတ်နိုင်တဲ့ ဂုဏ်သိက္ခာဘဲ ဖြစ်ပါတော့တယ်။ မြင့်မြတ်တဲ့ နှလုံးသားနဲ့ သတ္တိရှိတယ် ဆိုတာ – ကိုယ့်အပြစ်ကိုယ် မြင်တတ်ရမယ်၊ မြင်ရင် ဝန်ခံရဲတဲ့ သတ္တိ၊ တစ်ခါ ဒီအပြစ်အပေါ်မှာ သူတပါးကို လက်ညိုးထိုး ပုံမချဘဲ၊ ကိုယ်တိုင် တာဝန် ခံယူရဲတဲ့ သတ္တိ၊ ဒါမျိုးကိုမှ မြင့်မြတ်တဲ့ နှလုံးသားနဲ့ သတ္တိ ရှိတာလို့ ခေါ်နိုင်မှာ ဖြစ်ပါတယ်။
ပြောင်းလဲ မရတဲ့ လူမျိုး
မိမိဟာ ဗမာလူမျိုး ဖြစ်လို့ သြစတေးလျ မှာနေထိုင်ပြီး၊ နိုင်ငံသား အဖြစ်သာ သြစတေးလျ နိုင်ငံသား ဖြစ်လို့ ရပေမဲ့၊ လူမျိုးကတော့ ဗမာဆိုတာ ဘယ်လိုမှ၊ ဘယ်တော့မှ ဖျောက်လို့ ရမယ့် အရာမဟုတ်ပါဖူး။ ဒါကြောင့် မိမိကို ဘာလူမျိုးလဲလို့ မေးလာရင် ဗမာလို့သာ ဖြေရမှာပါ။
ကိုယ့်အမျိုးကို ကိုယ်ချစ်သူ
ဒီတော့ ကိုယ့်လူမျိုးကို ကိုယ်မချစ်လို့ မရတော့ပါဖူး။ ဒါကြောင့်မို့ ကိုယ့်လူမျိုး ဗမာတွေရဲ့ အမှား၊ အပြစ်တွေကို ကြည့်မြင်ပြီး၊ ဒါတွေကို ဖော်ထုတ်ရဲဖို့ သတ္တိ၊ ဒါတွေကို ကိုယ့်ရဲ့ အမှား၊ ကိုယ့်ရဲ့ အပြစ်လို့ သူများ လူမျိုးတွေ ရှေ့မှာ ခံယူရဲတဲ့ သတ္တိ ရှိဖို့ လိုပါပြီ။ ဒီအမှားတွေဟာဖြင့် သူတို့တွေ ပညာမတတ်တဲ့ ကောင်တွေမို့ပါ၊ သူတို့တွေ အလုပ်သမားတွေ မို့ပါ၊ သူတို့တွေ စစ်သားတွေ မို့ပါ ဆိုပြီး သူများကို လက်ညိုးထိုးမယ် ဆိုရင်တော့ ကိုယ့်ကိုယ်ကို ဗမာလို့ မပြောတာဘဲ အကောင်းဆုံး ဖြစ်မှာပါ။ သူများ လူမျိုး အမြင်မှာတော့ ဒီပုပ်ထဲက ဒီပဲ၊ ဘယ်သူ့ လက်ညိုး ထိုးထိုး ကိုယ့်ကိုယ်လဲ ဒီလို လူမျိုးဘဲ မခွဲမခြား မြင်မှာပါဘဲ။ ဗမာလို့ ပြောမယ်ဆိုရင်တော့ ဗမာတွေ အားလုံးရဲ့ ဆိုးမွေ ကောင်းမွေ ပုခုံးပေါ်မှာ ထမ်းရဲတဲ့ သတ္တိ မရှိရင် ဒါဟာ မြင့်မြတ်တဲ့ နှလုံးသားနဲ့ သတ္တိရှိပြီး ကိုယ့်အမျိုးကို ချစ်တဲ့ လူတစ်ယောက် ဖြစ်မှာ မဟုတ်တော့ပါဖူး။
မိသားတစ်စုရဲ့ မြင့်မြတ်တဲ့ နှလုံးသားနဲ့ သတ္တိလို
ဒါဟာ ဥပမာ ပြောရရင် မိသားစု တစ်ခုမှာ ဖခင် တစ်ယောက်ဟာ သူ့ရဲ့ မြင့်မြတ်တဲ့ နှလုံးသားနဲ့ သတ္တိကို သူ့မိသားစု အပေါ်မှာ ထားရှိတဲ့ အခါမှာ မိသားစုဝင် မည်သူ တစ်ဦး တစ်ယောက် မဆို၊ သူတပါးနဲ့ ပတ်သက်လာလို့ အပြစ်တစ်ခုခု ဖြစ်ခဲ့ရင် ဖခင်ဟာ မိသားစု အတွက် တာဝန်ယူရဲတဲ့ သတ္တိ ရှိသလိုပါဘဲ။ မိခင်မှာလဲ သားသမီးတွေ အတွက်ဆို ဒီလို သတ္တိမျိုး ရှိကြတာပါဘဲ။ ဒါဟာ ငါ့သား တာဝန်၊ ငါ့သား အပြစ်၊ ငါ့တာဝန်၊ ငါ့ အပြစ် မဟုတ်ဖူးလို့ ဘယ်သူမှ မငြင်းပါဖူး။ ဒါကြောင့်လဲ မိသားစု အပေါ်မှာ ဒီလိုမှ တာဝန် ခံရဲတဲ့ သတ္တိမရှိရင် ဒါဟာ မိသားစုကို ချစ်ခင်တဲ့ လူလို့ ပြောလို့ မရနိုင် သလို၊ ဗမာတွေရဲ့ ဆိုးမွေ ကောင်းမွေကို ပုခုံး မထမ်းနိုင်ဘဲနဲ့ ဗမာကို ချစ်ခင်ပါတယ် ဆိုတာကတော့ လူကြား ကောင်းအောင် (သို့မဟုတ်) ဦးနေဝင်း သင်ထားခဲ့ တာလေးတွေကို လိမ်လိမ်မာမာ နားထောင် နေတဲ့ တပည့်ကောင်း တစ်ယောက် မို့လို့သာ ပြောတာ ဖြစ်မှာပါ။
လူမိုက် သတ္တိထုတ်ပြတဲ့ ဗမာ
ဒါကြောင့်မို့ ဒီလိုမှ တာဝန် မယူရဲဘဲ၊ ဗမာဟေ့ ဆိုပြီး အသားလွတ် မရှိ – ရှိတာတွေ ထုတ်ကြွား၊ မဟုတ်က ဟုတ်က ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေကို လူအထင်ကြီးမလား ဆိုပြီး ထုတ်ပြ၊ မရှိမဲ့ ရှိမဲ့ သမိုင်းကောင်း လေးတွေ ရှာကြံ မှီငြန်းပြီး၊ ဗမာဆိုတာကို သတ္တိရှိရှိ သူတစ်ပါး တိုင်းတပါးသား ရှေ့မှာ မရှက်မကြောက် ထုတ်ပြ လိုက်စမ်းပါ ဆိုရင်တော့ ဒါဟာ လူရွံစရာ ဖြစ်စေမဲ့ လူမိုက် သတ္တိကို ထုတ်ပြခိုင်း နေတာသာ ဖြစ်တော့မှာပါ။
ကိုယ်ပိုင် အတွေးအမြင်နဲ့ ခံယူချက်
ဒါတွေဟာ မိမိ ကိုယ်ပိုင် တွေးခေါ် ယူဆတဲ့ အတွေးအခေါ်နဲ့ ခံယူချက်များ သာဖြစ်ပါတယ်။ ဒီအတွေး အမြင်နဲ့ ခံယူချက်များ အပေါ်မှာ မူတည်ပြီးလည်း မိမိ အနေနဲ့ ဗမာဆိုတာ မြင့်မြတ်တဲ့ နှလုံးသားနဲ့ သတ္တိရှိတဲ့ ဗမာလို့သာ ခံယူရန် ဆန္ဒရှိပါတယ်။ ဒါကြောင့်လဲ မိမိဟာ ဗမာဆိုတာကို မြင့်မြတ်တဲ့ နှလုံးသားနဲ့ သတ္တိ ထုတ်ပြ နိုင်မယ် ဆိုပါက ဘယ်သူ ဘယ်လူမျိုးက မိမိကို အထင်သေး ဝံ့ပါလိမ့်မလဲ၊ ဘယ်သူ ဘယ်လူမျိုးက မိမိကို အထင် မကြီးဘဲ နေပါလိမ့် မလဲ၊ ဘယ်သူ ဘယ်လူမျိုးက မိမိကို လက်မခံဘဲ နေပါလိမ့်မလဲ၊ ဘယ်သူ ဘယ်လူမျိုးက မိမိကို နှာခေါင်းရှုံ့ ကဲ့ရဲ့ပါလိမ့် မလဲ လို့ ယုံကြည်လျှက်ပင် ထိုင်းနိုင်ငံသို့ တိုက်တိုက် ဆိုင်ဆိုင် နောက်ထပ် တစ်ခေါက် ပြန်ရောက် လာခဲ့ ပါတော့တယ်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes