Monday 9 May 2011

ထိုင်းနိုင်ငံရောက် ဗမာလေးတစ်ယောက် (အပိုင်း ၃)

မိမိကို ထိုင်းမှာ ဘာလူမျိုးလဲလို့ မေးရင် “မြန်မာလို့ မဖြေနဲ့သူငယ်ချင်း” လို့ သတိပေးတဲ့ သူက မိမိနဲ့ ငယ်ငယ်က တစ်ချိန်လုံး လည်ပင်းဖက် ပေါင်းသင်းခဲ့ပြီး၊ မိမိနဲ့ အတူ ကော့သောင်းမြို့ကိုလည်း ရောက်ခဲ့ ဖူးသူ ဖြစ်တဲ့ အပြင်၊ မြန်မာမှုကိုလည်း နှစ်သက်သူ ဖြစ်ပါတယ်။ ကျောင်းတက်နေစဉ် တရက်မှာ မိမိ လက်ဆောင် ပေးတဲ့ ပုဆိုးကို ဝတ်ပြီး၊ မိမိနဲ့ ကျောင်းဆောင်နားမှာ ဘိလိယက် သွားထိုးစဉ် သူ့ကို အခြား ထိုင်းတစ်ယောက်က မင်းဘာလူမျိုးလဲ လို့မေးတဲ့ အခါ၊ သူ့ကိုယ်သူ ဗမာ ဆိုပြီးတော့ နောက်ပြောင် ပြောခဲ့သူလည်း ဖြစ်တဲ့ အတွက် သူကိုယ်တိုင်က မိမိကို အဲသည်လို သတိပေးတော့၊ ပိုလို့ပင် အံ့သြရတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ မိမိကနေ သူတို့ကို အကျိုးအကြောင်း ရှင်းပြဖို့ ပြန်မေးတဲ့ အခါမှာ မိမိဟာ အတော်ကို စိတ်ဝင်တစား လေးလေး နက်နက် မေးလိုက်တယ် ဆိုတာ သူတို့တွေ အားလုံး ရိပ်မိ ကြပါလိမ့်မယ်။
မိမိရဲ့ မေးခွန်းဟာ သူတို့အတွက် ရုတ်တရက် အဖြေရ ခက်သွားကြပုံ ပေါ်ပါတယ်။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာ ကြည့်ကြပြီး မိမိကို ဘယ်လို ပြန်ဖြေရမယ် ဆိုတာလည်း စဉ်းစား နေရပုံ ပေါ်ပြီး၊ ခတ္တလောက် တိတ်ဆိတ် သွားကြပါတယ်။ အဲဒီမှာ တစ်ယောက်က စပြီး “မင်း ဒီကို မရောက်တဲ့ ၁၀ နှစ်အတွင်းမှာ အများကြီး ပြောင်းလည်း သွားတာ မင်း မသိလို့ ဖြစ်မှာပါ၊ အဲဒါကြောင့် မင်းရဲ့ ပြန်မေးတဲ့ မေးခွန်းကို ငါတို့ ဘယ်ကစပြီး ပြောရမှန်းတောင် မသိဖြစ်သွားတာ၊ မင်းလဲ ဒီအကြောင်းကို တကယ်တမ်း သေသေချာချာ သိခြင်တယ် ဆိုရင်တော့ ငါတို့လည်း သေသေချာချာ ပြောပြပါမယ် သူငယ်ချင်း၊ ဒီတော့ တာအို (မိမိအား ပထမ သတိပေးသူ သူငယ်ချင်း၊ တာအို ဆိုသည်မှာ မြန်မာလို လိပ်ဟု အဓိပ္ပါယ် ရသည်) ကဘဲ အစအဆုံး နားလည်အောင် သေသေချာချာ ရှင်းပြ လိုက်ပါတော့ကွာ” ဆိုပြီး နိဒါန်း စပျိုး လိုက်ပါတော့တယ်။

တာအိုရဲ့ ကိုယ်တွေ့ ဇာတ်လမ်း
“ဒီလိုပါ သူငယ်ချင်း… မင်းတို့ ငါတို့ ကျောင်းတက်စဉ် ကတော့ ဘန်ကောက်မှာ မြန်မာလူမျိုးတွေ သိပ်မရှိ ကြသေးပါဖူး။ သို့သော် မင်းမြန်မာပြည်ကို ပြန်သွားပြီး နောက်မကြာခင် (၁၉၈၈ ခုနှစ် နောက်ပိုင်း) မှာဘဲ၊ ဘန်ကောက်ကို နယ်စပ် ကတဆင့် မြန်မာတွေ တော်တော် များများ ရောက်လာကြတယ်။ မင်းတို့ နိုင်ငံမှာ အရေးအခင်း ဖြစ်တယ် မို့လား။ အဲဒီမှာ ပြောရရင် ငါတို့ အနေနဲ့ တော်တော်လေး (“ခရိမ်ချိုင်”) ဖြစ်ခဲ့ကြတယ် (ခရိမ်ချိုင် ဆိုသည့် ထိုင်းစကား အဓိပ္ပါယ်ကို အပိုင်း ၂ မှာ ရှင်းပြခဲ့ပြီး)။ ငါတို့ တတ်နိုင်သလောက် အကူအညီ ပေးကြတယ်ကွာ။ ငါတို့ ကိုယ်တိုင် အနေနဲ့ ဆိုရင် ငါ့အဖေက သူ့ရဲ့ အပေါင်ဆိုင်မှာ မြန်မာပြည်က ရောက်လာတဲ့ မြန်မာတွေကို အလုပ်တွေ ရှာကြံပေးပြီး၊ သူတို့မှာ ပါ့(စ်)ပို့တွေ ဗီဇာတွေ မပါလာတော့ ရဲတွေနဲ့ ပြဿနာ မဖြစ်အောင်၊ ဖုံးထား ဖွက်ထား ပေးတယ်။ ဒါပေမဲ့ကွာ သူတို့ဟာ ကျေးဇူး မသိတတ်ကြတဲ့ အပြင်၊ ငါတို့ကိုပါ စော်ကားသွား ကြတယ်။ ငါ့အဖေ အပေါင်ဆိုင်မှာ တပ်ထားတဲ့ လှို့ဝှက် ကင်မရာ ကနေ သူတို့ ပိုက်ဆံခိုးတာ၊ ရွှေခိုးတာတွေ မိ တယ်ကွာ။ အဲဒီတော့ ငါ့အဖေက အတော် စိတ်ဆိုးတာပေါ့၊ သူတို့ကို ပြန်ပေးဖို့ တောင်းတယ်။ သူတို့က ပြန်မပေးဖူး၊ ခင်ဗျား လုပ်ချင်တာ လုပ်ဆိုပြီး ခပ်ရိုင်းရိုင်း ပြောတဲ့ အပြင်၊ ကျုပ်တို့ကို ဒီလို လာမစွတ်စွဲနဲ့ ဗမာဆိုတာ ဘယ်ကောင်မှ မကြောက်ဖူး လူသတ်ရဲတယ်ကွ ဆိုပြီးတောင် ခြိမ်းခြောက် လိုက်သေးတယ်။ ဒါနဲ့ ငါ့အဖေလဲ မဖြစ်တော့ဖူး ဆိုပြီး ရဲကို တိုင်ရတော့တယ်။ အဲဒီမှာ ရဲက လာဖမ်းတော့ သူတို့ကို ငါ့အဖေကဘဲ လုပ်ခတွေ မပေးဖူး ပြောလိုပြော၊ သူတို့ ဒီလို တရားမဝင် လာလုပ် နေရတာ သူ့တို့ကို လိမ်ညာပြီး အလုပ်ခိုင်းတယ် ပြောလိုပြောနဲ့၊ ကျေးဇူး မသိတတ်တဲ့ အပြင် ငါတို့ကိုပါ ဒုက္ခ ရောက်အောင် လုပ်လာ တော့တယ်။ ဒါကြောင့်ဘဲ ငါ့အဖေလဲ မြန်မာဆိုရင် နောင်ကို ဝေးဝေးကနေ ရှောင်နေတော့တာ သူငယ်ချင်းရေ။ ငါ့အဖေလို အတွေ့အကြုံတွေကို ဒီမှာ မြန်မာကို ကူညီဖူးတဲ့ ထိုင်းလူမျိုးတိုင်း လိုလို ကြုံတွေ့ ဖူးကြတော့၊ မြန်မာဆို ဝေးဝေးက ရှောင်ကုန်ကြတာဘဲကွာ။”
ဗိနိုင်ရဲ့ ကိုယ်တွေ့ ဇာတ်လမ်း
တာအိုရဲ့ ဇာတ်လမ်း အပြီးမှာ အရှိန်ရသွားဟန် တူပါတယ်။ ခပ်ဆိတ်ဆိတ် ဘေးမှာ ထိုင်နေတဲ့ ဗိနိုင် ဆိုတဲ့ သူငယ်ချင်းကလည်း သူ့ရဲ့ ကိုယ်တွေ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို ဝင်ပြီး မျှဝေပါတော့တယ်။
“ငါ့ဇာတ်လမ်းလဲ မင်းသိအောင် ပြောပြဦးမယ် သူငယ်ချင်း၊ ငါကျောင်းပြီးတော့ ဆိလုံလမ်းမှာ ထိုင်းလက်ဆောင် ပစ္စည်းတွေ ရောင်းတဲ့ ဆိုင် တစ်ခု ဖွင့်ဖို့ ငါ့အိမ်က အရင်း မတည် ပေးလို့ ဖွင့်ဖြစ်ခဲ့တယ်။ ထိုင်းလက်ဆောင် ပစ္စည်း ရောင်းတဲ့ ဆိုင်ဆိုတော့ကွာ နိုင်ငံခြားသား တွေဘဲ လာဝယ်ကြတာ ဖြစ်လို့ ဈေးရောင်းတဲ့ လူက အင်္ဂလိပ်လို နည်းနည်း ပါးပါးတော့ တတ်ဖို့ လိုလာတယ်။ ဒီမှာက မင်းသိတဲ့ အတိုင်း ထိုင်း လူမျိုးထဲမှာ အင်္ဂလိပ်လို နည်းနည်း ပါးပါး ရပြီ ဆိုရင် ဒီလို ဆိုင်မျိုးမှာ လခ နည်းနည်းနဲ့ အရောင်း စာရေး မလုပ်ချင်တော့ ဖူးလေ။ ဟိုတယ်ကြီးတွေ၊ နိုင်ငံခြား ကုမ္မဏီတွေမှာ လုပ်ဖို့ဘဲ စိတ်ဝင်စား ကြတာ မို့လား။ အဲဒီတော့ မြန်မာ လူမျိုးတွေ ထိုင်းကို ဝင်လာကြပြီး အလုပ်ရှာ ကြတာ တွေ့တော့ ငါ့အနေနဲ့ ဟန်ကျ သွားတာပေါ့။ သူတို့က ဘာဘဲ ဖြစ်ဖြစ် ထိုင်းထက် စာရင် အင်္ဂလိပ်လို ပိုကျွမ်းတဲ့ အပြင်၊ နိုင်ငံခြားသား တွေနဲ့ စကား ကောင်းကောင်း ပြောနိုင်ကြ တယ်လေ။ လုပ်ခ အနေနဲ့ ဆိုရင်လည်း ထိုင်းစကားဘဲ ပြောတတ်တဲ့ လူတွေကို ပေးရတဲ့ လစာ နီးပါးလောက်ဘဲ ပေးရတာ ဆိုတော့ တော်တော် အစဉ်ပြေတာပေါ့။ ဒါနဲ့ ငါ့ဆိုင်မှာ မြန်မာ ၄ယောက်ကို နေ့ဆိုင်း၊ ညဆိုင်း ခွဲပြီး အလုပ်ခန့်ထား လိုက်တယ်။ တစ်ခုတော့ ရှိတယ် သူငယ်ချင်းရ… မြန်မာ လူမျိုးတွေကို အလုပ်ခန့်တဲ့ နေရာမှာ လူဝင်မှု ကြီးကြပ်ရေးတို့၊ အလုပ်သမား ဌာနတွေနဲ့ တော်တော် စကားပြောရတယ်။ သူတို့က တရားဝင် ဗီဇာနဲ့ လာကြတာ မဟုတ်ဖူးလေ။ ငါ့အဖေ ကလည်း လူဝင်မှု ကြီးကြပ်ရေး အဖွဲ့နဲ့ နဲနဲ ပိုင်ပြီး၊ ငါ့အနေနဲ့ လုပ်ငန်း စတည်ခါစ၊ ကုန်ကျ စရိတ် သိပ်များများ မတတ်နိုင် တာကြောင့် လူကြီးတွေနဲ့ နားလည်မှု ယူပြီး မြန်မာတွေကို ခန့်လို့ ရခဲ့တယ် ဆိုပါတော့။ သို့သော် ငါက ခံဝန်ချက် လုပ်ရတယ်။ သူတို့ (မြန်မာ) အလုပ်သမားတွေကို စိလုံ နယ်ကနေ အပြင်ဖက် သွားလာတာမျိုး မလုပ်စေဖို့နဲ့၊ အခြား ဥပဒေတွေ ချိုးဖောက်မှု မလုပ်စေဖို့ တာဝန်ယူပါမယ် ဆိုတာ ကတိပြုရတယ်။ ဒါကိုလည်း သူတို့(မြန်မာ) ကိုပြောပြ ထားပါတယ်။ တိုတို ပြောရရင် တော့ကွာ – တာအို ဆီမှာလိုဘဲ ငါ့ဆိုင်က ငွေတွေကို မသိမသာ ခိုးတယ်ကွာ။ အဲဒါကို သိလို့ သေသေချာချာ တင်းကြပ်ပြီး သူတို့ကို သတိပေး စကား ပြောလိုက်တဲ့ အခါမှာတော့ နဲနဲ ငြိမ်သွားကြတယ်။ မကြာပါဖူး သူငယ်ချင်းရေ… တရက်မှာ ဆိုင်ကို လာတဲ့ အသက် ၇၀ ကျော် အမေရိကန် အဖွားကြီး တစ်ယောက်က ဆိုင်မှာ ရောင်းတဲ့ ချဉ်ထည်တွေကို ဖြန့်ကြည့် ရွေးနေရင်း သူ့လက်ထဲက ပိုက်ဆံအိတ်ကို ခဏ ဘေးမှာ ချထားတာ၊ အဖွားကြီး အလစ်မှာ ခိုးယူပြီး ဖွက်ထားလိုက်လို့ အဖွားကြီးက သူ့ပိုက်ဆံ ပျောက်သွားတာ ငါ့ဆီ တိုင်တဲ့ အထိ ရောက်လာတယ်။ ငါကလည်း ဘယ်သူ ခိုးသလဲ၊ ခိုးခဲ့ရင်လည်း ပြန်ပေးပါ၊ အပြစ် မယူပါဖူး၊ ပြန်မပေးရင်တော့ ဆိုင်လဲ နာမည်ပျက်မဲ့ အပြင် အကြီးအကျယ် ပြဿနာတွေ တက်နိုင် ပါတယ်လို့ တောင်းတောင်း ပန်ပန်နဲ့ အားလုံးကို ပြောပြတယ်။ ဘယ်သူမှ မသိပါဖူး လို့သာ ပြန်ပြောကြတယ်။ ဒါနဲ့ အဖွားကြီးက ရဲကို တိုင်ပါလေရော။ ခဏကြာတော့ ရဲက ရောက်လာပြီး စစ်ဆေးတဲ့ အခါမှာ မြန်မာ အလုပ်သမား တစ်ယောက် ခိုးယူထားတာ မိပြီး၊ မြန်မာ အလုပ်သမားတွေ အားလုံးကို ဖမ်းသွားတယ်။ ငါ့ကိုလည်း တရားမဝင် မြန်မာ အလုပ်သမားတွေ ခန့်ထားတယ် ဆိုပြီး ဒဏ်ရိုက်လိုက်တာ တော်တော် ရော်လိုက် ရတယ် သူငယ်ချင်းရေ။ ငါလည်း ဆိုင်ပြုတ်သွားတဲ့ အထိဘဲ ဆိုပါတော့ကွာ။ ဒါကြောင့် ငါ အခု မြန်မာ ဆိုရင် စိတ်ကိုနာပြီး၊ သူခိုးတွေ လို့ဘဲ မြင်တော့တယ်။ မင်းဟာ ငါတို့ရဲ့ ငယ်သူငယ်ချင်း ဖြစ်နေလို့ ဒီလို ပြောရတာတော့ မင်းအတွက် ငါစိတ် မကောင်းပါဖူး သူငယ်ချင်းရာ…”
အူးဝန့် ရဲ့ ကိုယ်တွေ့ ဇာတ်လမ်း
နာမည်ရင်း မဟုတ်ဘဲ ဝလွန်းလို့ သူ့ကို အူးဝန့်လို့ ခေါ်ခံရတဲ့ သူငယ်ချင်း ကတော့ စားပွဲ တဖက်စွန်းမှာ သူများတွေ စကားပြော နေတာကို နားက တဖက် နားထောင်၊ ပါးစပ်နဲ့ အစားက မပြတ်ပေမဲ့၊ ဗိနိုင်ရဲ့ ဇာတ်လမ်း အပြီးမှာ – “ငါ့ကိုယ်တွေ့ ဇာတ်လမ်းလေးရော သောတ ဆင်ချင်ပါသေးလား” ဆိုပြီး ဝင်ပြော လာပါ တော့တယ်။
“ငါ့အိမ်ဘေးမှာ နေတဲ့၊ ငါ့အမ တဝမ်းကွဲ ကလေးမွေးတဲ့ အချိန်တုန်းက ပေါ့ကွာ၊ သူ့အမေ ငါ့အဒေါ် ရုံးက အပြန် အသက် ၄၀ လောက်ရှိမယ် ထင်ရတဲ့ လမ်းမှာ တောင်းစား နေတဲ့ မြန်မာ အမျိုးသမီး တစ်ယောက်နဲ့ တွေ့တယ်။ သူ့မှာ မြန်မာပြည်ဖက်က လာပြီး၊ ပိုက်ဆံလည်း မရှိ စားစရာလဲ မရှိလို့ ဒုက္ခရောက်နေတာ မကြည့်ရက်လို့ အိမ်ကို ခေါ်လာတယ်။ နောက်တော့ သူ့မှာ မြန်မာပြည် ပြန်လည်း မရ၊ ဒီမှာ နေလို့ကလဲ တရားမဝင် ဖြစ်နေ၊ ပိုက်ဆံကလည်း မရှိဆိုတော့၊ ငါ့အဒေါ် ကလည်း သူ့မြေးလေး မွေးခါစ၊ ကဲ အိမ်မှာ မြေးထိန်းပေး၊ သူ့ကို မုန့်ဖိုးပေးမယ်၊ ထမင်းကျွေးမယ် ဆိုပြီး ခေါ်ထား လိုက်တယ်။ တခြား အသေး စိတ်တွေတော့ မပြောချင် တော့ပါဖူး သူငယ်ချင်းရယ်၊ တိုတိုဘဲ ပြောရရင် တနေ့မှာ ခလေးက အသက်ရူ တစ်ချက် တစ်ချက် ရပ်ရပ် သွားလို့ အရေးပေါ် ဆေးရုံတင်လိုက် ရတဲ့ အခါ၊ ဆရာဝန် စစ်ဆေး ကြည့်တော့ ခလေးကို အိပ်ဆေးတွေ အတော်များများ တိုက်ထားတာ တွေ့လိုက်ရတယ်။ အဲဒီမှာ ခလေးက ငိုရင် အငို တိတ်အောင် အိပ်ဆေးတွေကို အဲဒီ မြန်မာ မိန်းမကြီးက တိုက်နေတာ သိရပြီး၊ ငါ့အဒေါ်ရော၊ အမရောပါ စိတ်ဆိုးလို့၊ အဲဒီ မိန်းမကြီးကို နှင်ချလိုက် ရတော့တယ်။ ပြန်တော့လဲ သူငယ်ချင်းရေ – အဲဒီမိန်းမကြီးက သူလာတုန်းက ဘာမှ ပါမလာပေမဲ့ ငါတို့ အိမ်မှာ နေပြီး၊ သူ့ကို ပေးကမ်း ထားတာတွေ၊ အဝတ်အစား တွေရှိတော့ အဲဒီ အထုတ်ကို သူက ထုတ်ပြီး အိမ်ပေါ်က အဆင်းမှာ အိမ်က ပစ္စည်း အချို့ပါ မ, သွားလိုက်သေးတယ် ဗျို့ …”
ခါရပေါင် ပြောပြတဲ့ ဇာတ်လမ်း
ထိုင်းလို ခါရပေါင် ဆိုတာက မြန်မာလို ကျွဲလို့ အဓိပ္ပါယ်ရပါတယ်။ ထိုင်းမှာ ခါရပေါင် အမည်နဲ့ နာမည်ကြီး အဆိုတော် အဖွဲ့ထဲက အဆိုတော် တစ်ယောက်နဲ့ တူတာကြောင့် အဲဒီ သူငယ်ချင်းကို ခါရပေါင်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ အခုတော့ ကျောင်းပြီးတဲ့ နောက် ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာ တိုက် တစ်ခုမှာ ဈေးကွက် ဆိုင်ရာ မန်နေဂျာ ဝင်လုပ်နေတယ် လို့ သိရပါတယ်။ သူကလည်း သူ့အတွေ့အကြုံ ဗဟုသုတ ရှိတာလေးကို သူ့ပင်ကိုယ်ဟန် ဆရာကြီး လေသံနဲ့ ဝင်ပြောပါတော့တယ်။
“ငါ့ကိုယ်တွေ့တော့ မဟုတ်ဖူးကွာ၊ သို့သော် ငါက သတင်းစာတိုက်မှာ လုပ်နေတော့ မြန်မာတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ နေ့တိုင်းလိုလို တက်လာတာ ဖတ်ဖြစ်တယ်။ လူသတ်သွား ပြန်ပြီ၊ ၁၀နှစ် အရွယ် ကျောင်းသူမလေးကို မုဒိန်းကျင့် သွားပြန်ပြီ၊ ပစ္စည်းတွေ ခိုးပြီး ယူသွားပြန်ပြီ၊ အမျိုးမျိုးပါဘဲကွာ။ ငါပြောချင်တာက ငါတို့ အနေနဲ့ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုး ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေး နေနေကြတာ ရှေးသမိုင်းမှာ ကတည်းက မြန်မာတွေက ငါတို့ကို လာပြီး ရန်ရှာ၊ ခိုးဆိုး လုယက်၊ တိုက်ခိုက်တယ် ဆိုတာတော့ ရှိပါစေတော့ကွာ။ တို့လည်း မှီတဲ့ ခေတ်မဟုတ်ဖူး။ အခုခေတ် မှာတော့ ငါတို့ ဆီကိုလည်း တရားမဝင် ဝင်လာသေးတယ်၊ ငါတို့ကိုလည်း ဒုက္ခတွေ လာပေးတယ် ဆိုတော့ မင်းဘဲ ငါတို့ ကိုယ်စား စဉ်းစား ကြည့်ပေါ့ သူငယ်ချင်းရာ။ အဲ… တနေ့တော့ ငါတို့ အလုပ်က သတင်းထောက် ကောင်မလေး တစ်ယောက်က သတင်း တပုဒ် တင်လိုက်တယ်။ ငါတို့ ဆီမှာက မင်းသိတဲ့ အတိုင်း ပြည့်တန်ဆာ ဆိုတာ အများအားဖြင့် တောနယ် ဖက်က လာကြပြီး၊ သူတို့ဟာ သူတို့ မိဘတွေ သိပ်ဆင်းရဲရှာလို့ သူတို့ရဲ့ ကိုယ်ခန္ဓာကို ရင်းနှီးပြီး ဒီ ဘန်ကောက်မှာ လာ အလုပ်လုပ် ကြရတာတွေလေ။ ဒီတော့ ငါတို့ဟာ သူတို့ကို ကိုယ့်နှမတွေလို သဘောထားပြီး စာနာ ကြတယ်။ မြန်မာတွေ ကတော့ကွာ ပြည့်တန်ဆာတွေကို ခေါ်ပြီး ရိုက်နှက်တဲ့ အပြင် သူတို့ စုဆောင်း ထားတဲ့ ငွေလေးတွေပါ ယူပြီး ထွက်ပြေးသွား ကြတယ် ဆိုတဲ့ သတင်း တစ်ခုကို အဲဒီ သတင်းထောက် မလေးက ရေးလိုက်တယ်။ အဲဒီမှာတင် ထိုင်းလူမျိုးတွေ အတော်ကို ဒေါသ ထွက်ကုန် ကြတယ်။ ရိုက်နှက်ခံရတဲ့ ကောင်မလေးရဲ့ နယ်ဖက်က ရဲတွေဆိုလည်း မြန်မာမြင်ရင် နဲနဲမှ မညှာချင်တော့ဘဲ မေးမနေဘဲ ရိုက်တော့ တာဘဲ။ တောဖက်က လူတွေဆိုတော့ကွာ သူတို့ နှမ သားချင်းကို ဒီလို လာစော်ကားတယ် ဆိုပြီး တစ်ချို့ဆို မြန်မာ မိန်းကလေး ဖြစ်ရင် ပြီးရော ဝိုင်းမုဒိန်း ကျင့်ပြီး သတ်ပစ်မယ်ကွ ဆိုတာမျိုးတွေ အထိ ဖြစ်ကုန်တယ်။ အဲဒီမှာ မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်နဲ့ အကျင့် စရိုက်ကို ထိုင်းတွေက အတော်ကို ရွံရှာ သွားတော့တယ် သူငယ်ချင်း။ ဒါကြောင့်လဲ တာအိုက မင်းကို မြန်မာလို့ မေးရင် မဖြေတာ ကောင်းတယ် လို့ ပြောတာ မင်းရဲ့ အန္တရာယ်လဲ လုံခြုံ စေဖို့ ငါတို့က စေတနာနဲ့ သတိပေးတာပါကွာ”
ကိုရွှေဗမာ များရဲ့ တခန်းရပ် ဇာတ်လမ်း
ဒီမှာတင် နောက်ကျန်တဲ့ သူငယ်ချင်းတွေက ဆက်ဟဖို့ ပြင်နေတဲ့ ပါးစပ် ပေါက်တွေကို “တော်ပါပြီ” လို့ ပြောလိုက်ရပြီး၊ သက်ပြင်းရှည်ကြီး တစ်ခု ချမိကာ ထိုင်းနိုင်ငံမှာ ၁၀ နှစ်အတွင်း ယဉ်ကျေးမှု သရုပ် ပြသွားကြတဲ့ ကိုရွှေ ဗမာတွေရဲ့ ဇာတ်လမ်းကို တစ်ခန်း ရပ်လိုက် စေရပါ တော့တယ်။ သို့သော်လည်း ထိုင်းနိုင်ငံရောက် ဗမာလေး တစ်ယောက်ရဲ့ ဇာတ်လမ်းကတော့ မပြီးနိုင်သေးပါ။
ဗမာကတော့၊ ဗမာပါဘဲ
မိမိ အနေနဲ့ ဗမာလူမျိုး တစ်ယောက် ဖြစ်တယ် ဆိုတာကို ဗမာ မဟုတ်ပါဖူး၊ တခြား လူမျိုး တစ်ယောက်ပါ လို့ ပြောဖို့ရာမှာ စဉ်းစားလို့ပင် မရတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ မျိုးချစ်စိတ် သိပ်ထက်သန် နေလို့၊ ဦးနေဝင်း သင်ထား သလို အမျိုးဂုဏ် ဇာတိသွေး ဇာတိမာန်တွေ သိပ်တက်ကြွ နေလို့တော့ မဟုတ်ပါဖူး။ လိမ်ညာခြင်းကို မလုပ်လိုတဲ့ ကိုယ်ကျင့် တရား တစ်ခုကြောင့်သာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ထိုင်းနိုင်ငံ ဆိုတာ မိမိ အနေနဲ့ နောင်မှာ အသေအချာ ရောက်လာဦးမဲ့၊ ရောက်ဖြစ်ဦးမဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။ ဒီကို လာတိုင်းမှာ ထိုင်းတွေကလည်း သူတို့ရဲ့ အကျင့်အတိုင်း ဘယ်ကလာတယ်၊ ဘယ်လူမျိုး ဖြစ်တယ် ဆိုတာ မေးကြဦးမှာပါဘဲ။ ဒီလို အခါမျိုးမှာတော့ မိမိ အနေနဲ့ ဗမာကတော့ ဗမာ မဟုတ်ဖူး ဆိုတာ ညာဖို့ စိတ်ကူး မရှိပေမဲ့၊ မိမိ သူငယ်ချင်းများ သတိပေးခဲ့ သလို အန္တရာယ် မဖြစ်အောင် လိမ်မာ ပါးနပ်ဖို့တော့ လိုလာပါပြီ။
တောကို ပိုင်တဲ့ မုဆိုးလို
စကား တစ်ခု ကြားဖူးပါတယ်။ မုဆိုး တစ်ယောက်ဟာ ငယ်ငယ် ကတည်းက တောလိုက်ပြီး တောထဲမှာ ကြီးပြင်းလာရတဲ့ အခါမှာ သူဟာ တောဘယ်လောက် ချောက်ချောက်၊ တောဘယ်လောက် ကြမ်းကြမ်း၊ သူမကြောက်ပါဖူး။ သူ့ကိုယ်သူ ဒီတောကို ပိုင်တဲ့ အရှင်သခင်လို့ ကြွေးကြော်ပြီး တောကို နိုင်ပါတယ်။ ဒီလိုပါဘဲ မိမိ အနေနဲ့လဲ ထိုင်းနိုင်ငံ ဆိုတာ မိမိ ငယ်စဉ်က ကစားခဲ့တဲ့ ကစားကွင်း တစ်ခုလိုပါဘဲ။ ထိုင်းလူမျိုးတွေ ဆိုတာလဲ မိမိနဲ့ ကစားခဲ့ကြတဲ့ ကစားဖော် ကစားဖက်တွေပါဘဲ။ ဒါကြောင့်မို့ သူတို့က ဗမာကို ဘယ်လို မုန်းမုန်း၊ ဘယ်လို ရွံရှာနေ ပါစေ၊ ဒါကိုတော့ မိမိ အနေနဲ့ မစိုးရိမ်ပါဖူး။ သူတို့ရဲ့ ကြင်နာတတ်တဲ့ စိတ်ထားနဲ့ သိမ်မွေ့နုညံ့တဲ့ နှလုံးသား တွေကတော့ ဒီလို ဇာတ်လမ်းတွေကြောင့် လွယ်လွယ်လေး ပျက်စီးသွားမှာ မဟုတ်ဖူးလို့ မိမိ ယုံကြည်ပါတယ်။
ဒါကြောင့်မို့ နောက်တစ်ခေါက် ၅ နှစ်အကြာ၊ ထိုင်းကို မိမိ ပြန်ရောက် လာခဲ့တဲ့ အခါမှာ သူတို့ (ထိုင်းလူမျိုးများ) ဟာ သူတို့ရဲ့ အရင်းခံ ရှိပြီးသား အကြင်နာ၊ စေတနာ၊ မေတ္တာ တွေနဲ့ အရင်ကလိုဘဲ မိမိကို ခင်ခင်မင်မင် ရင်းနှီးစွာ ထွေးပိုက် ကြိုဆိုခဲ့တာကို ပြန်ရခဲ့ ပါတော့တယ်။ ဒီတစ်ခေါက်မှာတော့ ဗမာလို့ ပြောသော်လည်း သူတို့ မျက်နှာ မပျက်ကြတော့ပါဖူး၊ နှာခေါင်းလဲ မရှုံ့ကြတော့ပါဖူး၊ ရွံရှာတဲ့ အမူအယာလည်း မပြကြတော့ပါဖူး။ ဒါကတော့ ဘာကြောင့်လဲ ဆိုရင် …

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes