Friday, 13 January 2012

ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်ကို ဦးခင်ညွန့် ကြိုဆို

ယနေ့လွတ်မြောက်လာသည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်
အား ကြိုဆိုကြောင်း ပြောဆိုလိုက်သည်။
ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး သတင်းထောက်များနှင့် စကားပြောနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေကိုလည်း ကြိုဆိုပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်သွားလို့ရှိ ရင်လည်း ပြောနိုင်ဆိုနိုင်၊ ပြောရဲဆိုရဲတဲ့သူ တယောက်ဖြစ်တဲ့အတွက် ဒီထက်ပိုပြီး ကောင်းမွန်လာမှာပါ” ဟု ဗိုလ်ချုပ်ကြီး
ဟောင်း ဦးခင်ညွန့်က ၎င်း၏နေအိမ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ယခုလက်ရှိ နိုင်ငံရေးအခြေအနေမှာ ကောင်းမွန်သည်ဟု မြင်သော်လည်း အသေးစိတ် လေ့လာ ကြည့်ရဦးမည်ဖြစ်ကြောင်း၊ လမ်းပြမြေပုံ ၇ ချက် ပြီးသွားပြီ ဖြစ်သောကြောင့် တိုင်းပြည်အတွက် လုပ်စရာရှိသည်များကို ဆက်လက်  အကောင်အထည် ဖော်ရန် လိုကြောင်း သူက ပြောသည်။
“သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကြတယ်ဆိုတာ သိပ်ကောင်းတဲ့ လက္ခဏာပဲ။ နောက်ပြီး နိုင်ငံတကာကနေ လာကြတယ်ဆိုတာလည်း သိပ်ကောင်းပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ် ကောင်းရာ ကောင်းကျိုးအတွက်၊ တိုင်းပြည် တိုးတက်မယ် လို့ပဲ မြင်ပါတယ်” ဟု ဦးခင်ညွန့်က ဆိုသည်။
ဆက်လက်၍ ၎င်းက ရှေ့ဆက် လုပ်ဆောင်ရန် ကိစ္စများကို မစဉ်းစားသေးကြောင်း၊ အပြင်လောက ပတ်ဝန်းကျင်နှင့်လည်း အဆက်အသွယ် မရှိသေးကြောင်း၊ အပြင်ကို လေ့လာပြီးမှ ဆုံးဖြတ်မည်ဖြစ်သော်လည်း နိုင်ငံရေးလုပ်ရန် အစီအစဉ် မရှိကြောင်း၊ တိုင်းပြည် ကောင်းရာကောင်းကျိုး၊ ပြည်သူလူထု ကောင်းရာ ကောင်းကျိုး ကိစ္စများသာ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ မိသားစု စားဝတ်နေရေးအတွက် စီစဉ်လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်းလည်း ပြောသည်။
“မီဒီယာတွေ လွတ်လပ်ခွင့် ဒီထက်ပိုရရင် ကောင်းမယ်။ အဲဒါမှ တိုင်းပြည် ကောင်းရာကောင်းကျိုးအတွက် ပြောချင်ရင်  မီဒီယာကနေ တဆင့်ပြောမယ်” ဟု သူက ဆိုသည်။
ယခင် နအဖ စစ်အစိုးရ လက်ထက် နိုင်ငံတော် ၀န်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် မိသားစု ၀င်များမှာ ယနေ့တွင် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်ခဲ့ကြခြင်း ဖြစ်သည်။
“ဦးခင်ညွန့်နဲ့ ဇနီး၊ သားမက်၊ သားတွေနဲ့ ထောက်လှမ်းရေးအဖွဲ့ တချို့လွတ်မြောက်ကြတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့ အတွက်လည်း အများကြီး ၀မ်းသာပါတယ်” ဟု ဦးခင်ညွန့်၏ ယောက်ဖ တော်စပ်သူ NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ဧရာဝတီကို ပြောသည်။
ဦးခင်ညွန့်နှင့်အတူ ပြန်လည်လွတ်မြောက်လာကြသည့် ထောက်လှမ်းရေးအဖွဲ့ဝင်တချို့မှာ အာဏာအလွဲသုံးစား မှုဖြင့် သရက်ထောင်တွင် အနှစ် ၄၀ ကျော် ထောင်ဒဏ်ကျခံနေရသော ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်၊ ရွှေဘိုထောင်မှ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်အောင်နှင့် ထောက်လှမ်းရေး အဖွဲ့ဝင် အများစုပါဝင်ကြောင်း သိရသည်။ လွတ်မြောက်လာသူများအထဲတွင် ဒေါက်တာသန်းငြိမ်း၏ တူတော်စပ်သူ ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း တဦးနှင့် ထောက်လှမ်းရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဟောင်း ဦးမြင့်ဇော်လည်း ပါဝင်သည်။
“ဘာပဲပြောပြော ဦးခင်ညွန့်တို့ကိုလည်း နိုင်ငံရေးအကျဉ်းသားလို့ ပြောလို့ရပါတယ်၊ ကျန်နေသေးတဲ့သူတွေကိုလည်း လွှတ်ပေး လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု  ၎င်းက ဆက် ပြောသည်။
ဦးခင်ညွန့် မိသားစုနှင့်တိုက်ရိုက် အဆက်အသွယ် မရသေးသော်လည်း မိသားစုဝင်များဖြစ်သည့်အတွက် တွေ့ဆုံရန် အစီ အစဉ် ရှိကြောင်း ဒေါက်တာ သန်းငြိမ်းက ဆိုသည်။ ၎င်းသည် ဦးခင်ညွန့်၏ ဇနီးဒေါ်ခင်ဝင်းရွှေ၏ အစ်ကိုဖြစ်သည်။
ယခု လွတ်မြောက်လာသည့် ကိစ္စနှင့် ပတ်သက်၍ မည်သူနှင့်မှ ညှိနှိုင်းထားခြင်း မရှိကြောင်း၊ သမ္မတက လွှတ်သင့် လွှတ်ထိုက် သူများကို လွှတ်လိုက်ခြင်းသာ ဖြစ်ကြောင်း ဦးခင်ညွန့်က ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အား ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က အဂတိလိုက်စားမှု အကြောင်းပြချက်ဖြင့် တရားစွဲဆိုကာ ဆိုင်ငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ပြီး နေအိမ်အကျယ်ချုပ် ချခဲ့သည်။
ဦးခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး အရာရှိ ၃၈ ဦးတို့သည် လာဘ်ပေးလာဘ်ယူမှု၊ အာဏာ အလွဲသုံးစားလုပ်မှုတို့ဖြင့် ထောင် ဒဏ် ၂၀ နှစ်မှ ထောင်ဒဏ် ၁၆၀ နှစ်အထိ ချမှတ်ခံခဲ့ရပြီး တန်ပြန် ထောက်လှမ်းရေး တာဝန်ခံ ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်း သည် ထောင်ဒဏ် နှစ်ပေါင်း ၁၆၀ ချမှတ်ခံခဲ့ရသည်။
ဦးခင်ညွန့်၏ သားသမက်ဖြစ်သူ ဦးတင်ထွဋ်သည် စီးပွားရေးပုဒ်မများဖြင့် ထောင်ဒဏ် ၁၄၈ နှစ် ကျော် ချမှတ်ခံထားရာမှ လွတ်မြောက်လာခြင်း ဖြစ်သည်။ ဦးခင်ညွန့်၏ သားဖြစ်သူ ဗိုလ်မှူးဟောင်း ဇော်နိုင်ဦးနှင့် ဦးရဲနိုင်ဝင်းတို့လည်း လွတ်မြောက် လာသည်ဟု သိရသည်။
လွတ်မြောက်လာချိန်တွင် ဦးခင်ညွန့်သည် အစိုးရက တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည်ကို ကြိုဆိုကြောင်း၊ တနိုင်ငံလုံးငြိမ်းချမ်းရေးကို လိုလားကြောင်း ပြောသည်။
“တိုင်းပြည် လွတ်လပ်ရေး ရပြီးကတည်းက ငြိမ်းချမ်းရေးက အဓိကပဲ။ တိုင်းပြည် အေးချမ်းမှသာလျှင် ဖွံ့ဖြိုးတိုးတက်မယ်။ စီးပွားရေးလည်း အဲဒီအပေါ်မှာ အခြေခံတာပဲ။ သိပ်ကောင်းပါတယ်။ အောင်မြင်မယ်လို့ ယူဆပါတယ်။ အောင်မြင်ပါစေ လို့လည်း ဆုတောင်း ပါတယ်” ဟု သူက ဆိုသည်။
ယမန်နေ့က သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ယနေ့ စတင်လွတ်မြောက်လာသူ များထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ အပြင် ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းများနှင့် နိုင်ငံတော် ပုန်ကန်မှုဖြင့် ထောင်ဒဏ်ကျခံနေရသော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း၏ မြေးများဖြစ်သည့် ဇွဲနေဝင်း၊ ကျော်နေဝင်းတို့လည်း ပါဝင်ကြောင်း သိရသည်။

“တကယ်ငြိမ်းချမ်းရေးရချင်ရင် အားလုံးနဲ့ စကားပြော”

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ယနေ့ လွတ်မြောက်လာသူထဲတွင် ရှမ်း အမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ခေါင်းဆောင်ဦးခွန်ထွန်းဦးလည်း အပါအဝင်ဖြစ်သည်။ ၎င်းသည် အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်၍ ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရသူဖြစ်သည်။ တောင်ငူအကျဉ်းထောင်မှ ယနေ့နံနက် ၁၀ နာရီခွဲတွင် လွတ်မြောက်လာသည့် ဦးခွန်ထွန်းဦးကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်းထားသည်။
SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး
မေး။    ။ ဦးခွန်ထွန်းဦး အနေနဲ့ ရှေ့ကို ဘာဆက်လုပ်ဖို့ အတွက် ရည်ရွယ်ထားပါသလဲ။
ဖြေ။     ။ ကျနော်က နိုင်ငံရေး လုပ်တဲ့ လူဆိုတော့ နိုင်ငံရေးပဲ ဆက်လုပ်ရမှာပေါ့။
မေး။     ။ အခုလွတ်မယ် ဆိုတာကို ကြိုသိသလား။
ဖြေ။     ။ မှန်းလို့တော့ ရတယ်။ ပူတာအိုက ပြောင်းလာရင်း မှန်းလို့တော့ ရတယ်။ ဒီနေ့ ဒီအခါတော့ ကြိုပြီး မသိဘူး။ နီးပြီဆိုတာ သိတယ်။ International Interest ကသိပ်များတော့ နီးစပ်မှု ရှိတယ်ဆိုတာ မှန်းလို့ ရတယ်။
မေး။     ။ အစိုးရက ပြုပြင်ပြောင်းလဲရေးတွေကို ဆက်တိုက် မြန်မြန်ဆန်ဆန် ပြုလုပ်တာတွေကို ထောင်ထဲကနေ ကြားရ ပါသလား။
ဖြေ။     ။ ကြားရတယ်၊ ကျနော်တို့ ဂျာနယ်တွေ ဖတ်နေတာပဲ။ တော်တော်လေးကို အပြောင်းအလဲက ရှိတယ်ဆိုတော့ ၀မ်းသာပါတယ်။ မှန်ကန်တဲ့ ပြောင်းလဲမှုဖြစ်မယ်၊ နောက်ပြီးတော့ ရှေ့ကသွားမယ့် လမ်းက ရဲရဲတင်းတင်း မှန်မှန်ကန်ကန်နဲ့ သွားမယ် ဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ ကျနော် ၀မ်းလည်း သာတယ်၊ ကောင်းဖို့လည်း မျှော်လင့်ပါတယ်။
မေး။     ။ ဦးခွန်ထွန်းဦးတို့ လွတ်ပြီးတဲ့အချိန်မှာ တခြား နိုင်ငံရေး အကျဉ်းသားတွေကော ကျန်နေခဲ့သေးလား။
ဖြေ။     ။ ဥပမာ သဘောပြောပြမယ်။ လွှတ်မယ်လို့ ပြောတဲ့ လွတ်လပ်ရေးနေ့ မတိုင်ခင် စာရင်းကောက်တော့ သဘောက လွတ်ရန် ၆၀ ရှိတယ်ပေါ့။ လွတ်လပ်ရေးနေ့မှာ တချို့လွတ်သွားပြီ၊ ဒီနေ့လည်း တချို့လွတ်တယ် ဆိုတော့ နိုင်ငံရေး အကျဉ်းသားက ဘယ်နည်းနဲ့ မဆို ကျန်သေးတယ်။ မလွတ်သေးဘဲ ကျနော်တို့ကို လာနှုတ်ဆက်တဲ့ သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါနေပါသေးတယ်။
မေး။     ။ ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ကော ဆက်လက် လုပ်ဆောင်မှာလား။
ဖြေ။     ။ ကျနော်တို့ ဆက်လုပ်ရမှာပေါ့ဗျာ။ ကျနော် လွတ်မြောက်ဖို့ကို အရင်က နောင်တော်တွေက လုပ်သွားပြီးပြီပဲ။ ကျနော်က ဒီအတိုင်း ပစ်ထားပြီး ငါလွတ်ရင်ပြီးရော ဘယ်ဟုတ်မလဲ။ ဒါ သမိုင်းပေးတာဝန်ပဲ ဆက်လုပ်ရမှာပေါ့။
မေး။     ။ အခု ကချင်ဒေသမှာ တိုက်ပွဲတွေဖြစ်နေတယ်၊ KNU နဲ့ကျတော့ မနေ့ကပဲ  ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး ခဲ့တယ်။ တခြားဒေသတွေမှာလည်း တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်နေတာ တွေ့ရတယ်။ တိုင်းရင်းသား အရေးနဲ့ ပတ်သက်လို့ ဦးခွန်ထွန်းဦး အနေနဲ့ ဘာပြောချင်ပါသလဲ။
ဖြေ။     ။ ဒါကတော့ မဖြစ်သင့်တဲ့ အရာပဲ။ အမှန်ဆိုရင်တော့ တကယ်ငြိမ်းချမ်းရေး ရချင်တယ် ဆိုရင်၊ အားလုံးနဲ့ စကား ပြောချင်ရင် ပြော၊ ဒီ တဖွဲ့နဲ့ စကားပြောမယ်၊ တဖွဲ့နဲ့ စစ်တိုက်နေမယ် ဆိုရင် မဖြစ်ဘူး။ အကောင်းဆုံး နည်းလမ်းကတော့ ဒီလက်နက်ကိုင် တိုင်းရင်းသားတွေအပေါ်မှာ အပစ်အခတ် ရပ်စဲရေး ကြေညာပြီးတော့ ဆွေးနွေးတာ ကောင်းတာပေါ့။ ကချင်ကိုလည်း တိုက်နေမယ့်အစား တခြားတိုင်းရင်းသားတွေလိုပဲ စကားပြောရင် ရမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အခု အလားအလာ တော်တော်လေးကို ကောင်းနေပြီပဲ။
မေး။     ။ ဦးခွန်ထွန်းဦး အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ ဘယ်အခန်းကဏ္ဍကနေ လုပ်ဆောင်မယ်လို့ ရည်ရွယ်ထားလဲ။
ဖြေ။     ။ ကျနော်ကတော့ တိုင်းရင်းသား ဘက်ကနေ ပြောရရင် ငြိမ်းချမ်းရေးကို မရမနေ ပြောသွားရမယ်၊ လုပ်ဆောင် သွားမယ်လို့ ရည်ရွယ်ထားတယ်။
မေး။     ။ ဦးခွန်ထွန်းဦးတို့ အနေနဲ့ ငြိမ်းချမ်းရေး ကိစ္စအတွက် လုပ်ဆောင်ရင်းနဲ့ အဖမ်းခံရတယ်လို့ သိရတယ်။ ဟုတ်ပါသလား။
ဖြေ။     ။ ကျနော့်ကို ဖမ်းတာက ဘာ နိုင်ငံတော်ပုန်ကန်မှုမှ လုံးဝမရှိဘူး။ သက်သေလည်း တယောက်မှ မရှိဘူး။ ကျနော့် စကားကို ကျနော် တာဝန်ယူတယ်။ ကျနော် ပြောတာမှားတယ်၊ သက်သေပြစရာ ရှိတယ်ဆိုရင် ကျနော့်ကို ပစ်သတ်လိုက်ရုံပဲ ရှိတော့တယ်။ ကျနော် လုံးဝ မမှားခဲ့ဘူး၊ လုပ်လည်း မလုပ်ဘူး။ ကျနော့်လို တာဝန်တွေ အများကြီး ထမ်းဆောင်ထားပြီးတော့ ဒီလို အလုပ်မျိုးတော့ ကျနော် ဘယ်လုပ်မလဲဗျာ။ ကျနော်က လွှတ်တော် ကိုယ်စားလှယ်တယောက်ပဲ။ ဥပဒေ ပြုရမယ့်သူက ဘာလို့ ဥပဒေကို ဖောက်ဖျက်ရမှာလဲ။ နောက်ပြီးတော့ ပါတီဥက္ကဋ္ဌ တယောက် ဆိုတဲ့ မျက်နှာတွေကို ထောက်ထားရမှာပေါ့။ မလုပ်သင့် မလုပ်ထိုက်တဲ့ ဟာတွေပါ။ ကျနော် ဒီဟာ လုပ်လဲမလုပ်ခဲ့ဘူး။ လုပ်ခဲ့တယ်လို့ စွပ်စွဲတယ်ဆိုတာလဲ ကျနော့်ကို နှစ်ရှည် ထောင်ဒဏ် ချချင်လို့ပဲ။
မေး။     ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေကို ဦးခွန်ထွန်းဦး အနေနဲ့ ဘယ်လို မြင်ပါသလဲ။
ဖြေ။     ။ ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တို့က ကျနော်တို့နဲ့ ဟိုတုန်းကတည်းက စည်းရုံးရေး ထွက်ရင်း အတူတူလုပ်လာ ကြတာချည်းပဲ။ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတာ မှန်ကန်တယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထောက်ခံချက် တွေကို ကျနော်တို့ ထောက်ခံရမှာပေါ့။ ကျနော်ကတော့ ဗဟိုကော်မတီနဲ့ တိုင်ပင်ပြီး ဆက်လုပ်သွားမှာပါ။ ကျနော်တို့ ဗဟို ကော်မတီကို ပြန်သွားမယ်၊ ပါတီကို ပြန်ဖွဲ့မယ်။ ကျနော်တို့ စုပေါင်းဆုံးဖြတ်ချက်နဲ့ လုပ်ကြပါမယ်။
မေး။     ။ တိုင်းရင်းသားတွေအားလုံးကလည်း ဦးခွန်ထွန်းဦးကို မျှော်လင့်နေကြတာဆိုတော့ တိုင်းရင်းသား ကိုယ်စားလှယ် တွေနဲ့ တိုင်းရင်းသားတွေကို ဘာပြောချင်ပါသလဲ။
ဖြေ။     ။ ဒါကတော့ဗျာ၊ သူတို့မျှော်လင့်သလို ကျနော် ကတော့ လုပ်ပေးရမှာပဲ။ နဂိုကလည်း တိုင်းရင်းသား အလုပ် လုပ်တာပဲ။ အမြင်လွဲမှားပြီးတော့ ကျနော်တို့ကို ထောင်ထဲ ထည့်ခဲ့ပြီပဲဗျာ။ ဒါပေမယ့် ဒါကြီးက ကျနော်တို့ အတွက် အနှောက်အယှက် မဖြစ်ဘူး၊ စိတ်ဓာတ်မကျပါဘူး။ လုပ်ရမယ့် ကိစ္စကို ကျနော်တို့ ဆက်လုပ်ရမှာပဲ။
တိုင်းရင်းသားတွေ ကိုလည်း ခပ်ရှင်းရှင်းပြောရရင် အခုမှ ကျနော်က ထွက်ခါစ၊ အချိန်ယူပြီးတော့ ကျနော့်ရဲ့ ဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ကျနော် ရှင်းရမှာပေါ့။ အခုဟာက မရှိတဲ့ အမှုကို ရှိအောင်လုပ်တာ၊ ကျနော့် အပြစ်တွေ ရှင်းအောင် လုပ်ရမယ့် တာဝန်တွေက အများကြီးပဲ။ မရှင်းလို့လည်း မရဘူးဗျ။ ကျနော့် Personal လည်း ထိခိုက်တယ်။ ကျနော်တို့ ရှမ်းလူမျိုးတွေကိုလည်း ထိခိုက်တာပဲဗျ။ ဒီတော့ အချိန်ယူပြီး ဒီကိစ္စကို ကျနော် လုပ်မယ်။
မေး။     ။ အခု သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ဒုတိယ သမ္မတအဖြစ်နဲ့ ဒေါက်တာစိုင်းမောက်ခမ်း ဆိုတဲ့ ရှမ်း တိုင်းရင်းသား တယောက် ရွေးချယ် တင်မြှောက် ခံရတဲ့ အပေါ်မှာ ဦးခွန်ထွန်းဦး ဘာပြောချင်ပါသလဲ။
ခွန်ထွန်းဦး။     ။ အဲဒါတော့ ကျနော် မှတ်ချက် မပေးလိုပါဘူး။
Khun Tun Oo Interview by dvbradio

“ဘယ်လို Feeling မှ မဖြစ်ပါဘူး။ ဝမ်းလည်း မသာပါဘူး”

(ဦးခွန်ထွန်းဦး နှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။         ။ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦးက သူ့ကို စွဲချက် တင်ခဲ့သည့် နိုင်ငံတော်ပုန်ကန်မှုနှင့် ပတ်သက်၍ သူသည် နိုင်ငံတော် ပုန်ကန်သူ တဦး မဟုတ်ဟု ငြင်းဆိုလိုက်ပြီး မိမိ နိုင်ငံတော် ပုန်ကန်သည်မှာ မှန်ကန်ပါက ဖမ်းသည့်နေရာတွင်ပင် ပစ်သတ်ကာ အပြစ်ပေး၍ရကြောင်း မဇ္ဈိမကို ပြောသည်။

ကြာသပတေးနေ့က နိုင်ငံသမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် အကျဉ်းသား ၆၅၁ ဦးကို လွှတ်ပေးခဲ့ရာ ဦးခွန်ထွန်းဦး အပါအဝင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသားများ သောကြာနေ့က ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။

အသက် ၆၇ နှစ်ရှိ ဦးခွန်ထွန်းဦးကို လွတ်မြောက်လာမှုအပေါ်အမြင်၊ လက်ရှိ အစိုးရအပေါ်သဘောထား၊ တိုင်းရင်းသားအရေး၊ SNLD ရှေ့ဆက်လုပ်ဆောင်သွားမည့် အပေါ်သုံးသပ်ချက်များ၊ အဖမ်းခံရမှုနှင့်ပတ်သက်၍ သူ၏ ခံစားမှု စသည်တို့ကို မဇ္ဈိမသတင်းထောက် မျိုးသန့် က မေးမြန်းထားခြင်းဖြစ်သည်။

၂ဝ၁ဝ ခုနှစ်အတွင်း ဖျက်သိမ်းခံရသည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးမှာ ရှမ်းလူမျိုး အတိုက်အခံများကို စုစည်းပေးမည့် ရှမ်းပြည်အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းခြင်းကြောင့် ၂ဝဝ၅ ခုနှစ်
နိုဝင်ဘာလအတွင်းက ဖမ်းဆီခံခဲ့ရပြီး နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၉၃ နှစ်ကျခံရန် အပြစ်ပေးခြင်း ခံခဲ့ရသူဖြစ်သည်။


ပထမဆုံး မေးချင်တာက အန်ကယ်တို့ လွတ်လာမယ်ဆိုတာ ကြိုပြီးတော့ ပြောတာရှိလား။ ကြိုပြီး သိရသလားခင်ဗျ။

"ကြိုပြောတာတော့ မရှိဘူး။ ဒါပေမယ့် ညနေပိုင်း သတင်းတော့ကြားတယ်။ ထူးတယ်ထူးတယ်ပေါ့။ ည ရှစ်နာရီ ခွဲလောက်ကျတော့ ထောင်ဝန်ထမ်းလေးတွေက ကျနော်ပါတဲ့အကြောင်း လာပြောတော့ သိရတာပါ။"


လွှတ်ပေးလိုက်တာမှာ ခံဝန်ချက်တို့ လက်မှတ်စုံတရာ ထိုးခဲ့ရတာရှိလား ခင်ဗျာ။

“ကျနော် ဘာမှ မထိုးခဲ့ရပါဘူး။”


အခုလို လွတ်လာတဲ့အပေါ်မှာကော ဘယ်လိုခံစားမှုဖြစ်လဲ။

"ကျနော် ဘယ်လို Feeling မှ မဖြစ်ပါဘူး။ ဝမ်းလည်း မသာပါဘူး။ ကျနော်တို့ကို အပြစ်မရှိဘဲ ဖမ်းဆီး ထောင်ချ ထားတာလို့ပဲ မြင်ပါတယ်။"


ဟုတ်ကဲ့ အန်ကယ့်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ဖမ်းတယ်လို့လည်း သိရတယ်၊ တကယ်ကော နိုင်ငံတော် ပုန်ကန်မှု မြောက်ရဲ့လား။

"ကျနော်တို့ကို အပြစ်မရှိဘဲ ဖမ်းသွားတာသာ ဖြစ်ပါတယ်။ ကျနော့်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ဖမ်းတယ်။ ကျနော် SNLD ဥက္ကဋ္ဌ တယောက်အနေနဲ့ ဒီလိုမျိုး လုပ်မလားဗျာ၊ ပြောတာတော့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမိန့်နဲ့ ကျနော့်ကို ဖမ်းတယ်လို့ပြောတယ်။ ကျနော် တကယ်သာ နိုင်ငံတော်ပုန်ကန်တာ မှန်ခဲ့ရင် ဖမ်းစရာမလိုဘူး၊ တခါတည်း ပစ်သတ်လိုက်ပါ။ နောက်တခုက ရှမ်းပြည်အတိုင်ပင်ခံ အဖွဲ့ဖွဲ့လို့ ဖမ်းတယ်လို့ပြောတယ်။ တခြားသူတွေလည်း ဖွဲ့တာပဲ ကျနော်တို့ ရှမ်းတွေကိုမှ ဖမ်းတယ်ဗျာ။"


အစိုးရက အခုလွှတ်ပေးတာဆိုရင် လေးကြိမ်မြောက်လွှတ်ပေးတာပေါ့။ အဲဒီလို တဖြည်းဖြည်း လွှတ်နေရင်းက အန်ကယ်တို့လို နိုင်ငံရေးအကျဉ်းသားတွေ ပါလာတယ်။ ဒီလွှတ်ပေးမှု အပေါ်မှာ ဘယ်လို သဘောထားပါသလဲ။

"မစ္စကလင်တန်ကိုလည်း ကတိပေးလိုက်ပြီ၊ အာဆီယံ ဥက္ကဋ္ဌ ရာထူးကိုလည်း ယူမယ်ဆိုတော့ သူတို့အနေနဲ့ ဒီဟာကို နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးလို့ မရတော့တဲ့ အနေအထားပေါ့။ အဲဒါကြောင့် ကျနော်တို့ကို ဆက်ထားလို့ မဖြစ်တော့လို့ လွှတ်ပေးလိုက်တယ်လို့ ထင်ပါတယ်။ အစိုးရက လမ်းကြောင်း ပြောင်းလာပြီ ဒီမိုကရေစီ လမ်းကြောင်းကို သွားမှဖြစ်တော့မယ်။"


သမ္မတရဲ့ ဒီလွတ်ငြိမ်းချမ်းသာခွင့်အရ ထာဝရ ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် လွှတ်ပေးတယ်ပေါ့။ တကယ်ကော ဒီရည်ရွယ်ချက်တွေ ဆန္ဒတွေနဲ့ လွှတ်ပေးတယ်လို့ အန်ကယ်ထင်သလား။

"ကျနော် ဒီအပေါ်မှာတော့ ၅၅ ရာခိုင်နှုန်းပဲ ယုံကြည်ပါတယ်။ ရာနှုန်းပြည့်တော့ မပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မနေ့ကပဲ ကရင်နဲ့ လက်မှတ်ထိုးလိုက်တယ်။ ကချင်ဘက်မှာတော့ စစ်ဖြစ်နေတုန်းဆိုတော့ ကျနော် အပြည့်အဝ ယုံကြည်လို့ မရသေးပါဘူး။"


အန်ကယ် ထောင်ကျခံရတဲ့ကာလတုန်းကတော့ စစ်အုပ်ချုပ်ရေးပေါ့၊ ခုတော့ အရပ်သား အစိုးရတော့
ပေါ်လာပြီလို့ ဆိုကြတယ်။ ဆိုတော့ ထောင်က ထွက်ထွက်ချင်း ထူးခြားတဲ့ ပြောင်းလဲမှုတခု ဘာမြင်ရ သလဲ။


"တော်တော်တော့ ပြောင်းလဲ တိုးတက်တယ်လို့ ကျနော် မပြောနိုင်ပါဘူး၊ ဒါပေမယ့် ထူးခြားတာကတော့ မီဒီယာသမားလေးတွေ တော်တော်လေး များလာတာ တွေ့ရပါတယ်။ အဲဒါကလည်း တိုးတက်ပြောင်းလဲမှုလို့ ထင်ပါတယ်။"


မီဒီယာသမားတွေ များလာတာကို တိုးတက်မှုလို့ ဘာ့ကြောင့်ပြောနိုင်တာလဲခင်ဗျာ့။

"မီဒီယာဆိုတာ ခင်ဗျားလည်းသိပါတယ်၊ ကျနော်တို့ ထောင်ထဲမှာနေရတာက “ဟင်းကိုမလို သတင်းသာ လိုတယ်” လို့ ပြောကြတာကိုး။ အပြင်မှာ ဖြစ်ပျက်နေတာတွေကို ကျနော်တို့ မီဒီယာတွေကတဆင့် သိရတာ ဖြစ်ပါတယ်။ ဒီလို မီဒီယာက တိုးတက်လာတာကို ကျနော် တော်တော်လေး အားရပါတယ်။"


အစိုးရသစ် တက်လာအပြီးမှာကော ထောင်တွင်း ပြောင်းလဲမှု အခြေအနေတွေ ဘယ်လိုရှိပါသလဲ။

"ကျနော်တို့ ဂျာနယ်တွေ ထွက်သမျှ ဖတ်ခွင့်ရပါတယ်၊ TV လည်းကြည့်လို့ ရတယ်။ ရေဒီယိုလည်း ခိုးနားထောင်လို့ ရတယ်ပေါ့။ နောက် ထောင်ဝန်ထမ်းတွေ ကျနော်တို့ အပေါ်မှာ ဆက်ဆံတာတွေလည်း ညင်ညင်သာသာ ရှိပါ တယ်။ ဒီ ၂ဝ၁ဝ အတွင်းမှာတော့ ထောင်တွင်းမှာ ပြောင်းလဲလာပါတယ်။"


ပြောင်းလဲမှုလို့ ပြောလို့ရနိုင်တဲ့ အခြားတချက်လည်း ရှိပါသေးတယ် NLD ရွေးကောက်ပွဲ ဝင်တဲ့ အချက်
ပေါ့။ အဲဒီအပေါ်မှာကော အန်ကယ် ဘယ်လိုသဘောထားပါသလဲ။


"NLD ရွေးကောက်ပွဲဝင်တဲ့ အပေါ်မှာတော့ ကျနော်သဘောထား မပေးလိုပါဘူး။ ဒါပေမယ့် NLD ဟာ ပြည်သူ လူထု ရှေ့က ရပ်တည်ဖို့ အတွက် ရွေးကောက်ပွဲ ဝင်တယ်လို့ ထင်ပါတယ်။ ပြည်သူရှေ့က မားမားမတ်မတ် ရပ်တည်နိုင်မယ်လို့လည်း ယူဆပါတယ်။"


အန့်ကယ့်ရဲ့ ပါတီဖြစ်တဲ့ SNLD ဟာလည်း NLD နဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ညီနောင်ပါတီလို့ ပြောရင် ရတယ်ပေါ့။ ဒီ ညီနောင်ပါတီတခုဖြစ်တဲ့ NLD က ရွေးကောက်ပွဲဝင်သွားပြီဆိုတော့ SNLD ရဲ့ အလား အလာကကော အန်ကယ့် တဦးတည်း သဘောထားကို ပြောပြပေးပါ။

"ကျနော့်တဦးတည်းအမြင်ကတော့ SNLD တရားဝင်ပါတီမဖြစ်ရင်၊ ကျနော်တို့ စာရွက်စာတမ်းတွေအကစ ထုတ်လို့ မရနိုင်ဘူး၊ SNLD မှတ်ပုံတင်ကောင်းတင်မယ်။ ရွေးကောက်ပွဲတော့ ဝင်ဖို့ အချိန်မရတော့ဘူးပေါ့။ တရားဝင်ပါတီ တခုဖြစ်မှသာ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်နိုင်မှာဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကတော့ ကျနော့် တဦးတည်းရဲ့ သဘောထားပါ။ ဒီကိစ္စတွေ ကျနော့်ပါတီဝင်တွေနဲ့ ဆွေးနွေးရဦးမှာပါ။"


နောက်ချက်ကတော့ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ လုံးပန်းနေတာရှိတယ်။ ဒီလိုမျိုး လုပ်နေတာတွေ အောင်မြင်ဖို့ အလားအလာ ဘယ်လို မြင်ပါ သလဲ။

"ငြိမ်းချမ်းရေး လက်မှတ်ထိုးတဲ့ကိစ္စတွေကတော့ ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တာ တန်းတူရေးနဲ့ ကိုယ်ပိုင်
ပြဋ္ဌာန်းခွင့်ပါ ပြည်ထောင်စုက ခွဲထွက်ဖို့မဟုတ်ပါဘူး။ ဒီကိစ္စဟာ အနာလည်းသိ ဆေးလည်းရှိပြီး ဖြစ်ပါတယ်။ အဲဒီ ကိစ္စကို ပြေလည်အောင်လုပ်ပေးဖို့ လိုပါတယ်။"


ဒီကိစ္စတွေကိုကော အစိုးရက လုပ်ပေးလာမယ်လို့ ယူဆလို့ရမလား။

“ခုဏ ကျနော် ပြောသလိုပဲ ကျနော် ၅၅ ရာခိုင်နှုန်းပဲ အခု အစိုးရကို အမှတ်ပေးထားပါတယ်။”


လွတ်လာပြီဆိုတော့ ဘာဆက်လုပ်မလဲ။

"လောလောဆယ်တော့ ကျနော်ဘာမှ မစဉ်းစားရသေးပါဘူး။ SNLD ကိစ္စတော့ ကျနော့် ဗဟိုကော်မတီဝင်တွေနဲ့
ဆွေးနွေးတိုင်ပင်ရပါဦးမယ်။"

ဒီမိုကရေစီ လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်နောက် ဒုတိယအထင်ရှားဆုံး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား သရက်နှင့်အောင်လံရှိ ထောင်နှင့်ချီသော ပြည်သူများက ကြိုဆိုကြ

mkn
သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ကိုမင်းကိုနိုင်အား တွေ့ရစဉ်
kmko2
သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ကိုမင်းကိုနိုင်အား တွေ့ရစဉ်

ဒီမိုကရေစီလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်နောက် ဒုတိယအထင်ရှားဆုံး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား သရက်နှင့်အောင်လံရှိ ထောင်နှင့်ချီသောပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ယနေ့ နံနက်ပိုင်းတွင် သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်မြို့မှ ဧရာဝတီမြစ်ကို ကူးကာ အောင်လံမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လာနေကြောင်း သတင်းရရှိပါသည်။ သရက်မြို့မှ ထွက်ခွာလာသော ကိုမင်းကိုနိုင်အား ဧရာဝတီမြစ်ကမ်းဘေးတွင် ထောင်နှင့်ချီသော ပြည်သူများက ကမ်းလုံးပြည့်မျှ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ ထို့အပြင် ပြည်သူအချို့သည် ဧရာဝတီမြစ်အတွင်း စက်လှေများဖြင့် ကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ တိုင်းပြည်မှာ အခြေအနေတွေအများကြီး ပြောင်းလဲလာပြီး လူတွေ ပျော်ပျော်ရွှင်ရွှင် ရဲရဲဝင့်ဝင့်နဲ့ ကြိုဆိုနေကြတာကို တွေ့ရပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ တိုင်းပြည်အတွက် အများကြီး လုပ်နိုင်မှာပါ” ဟု ထောင်ချီသော ပြည်သူများ၏ ကြိုဆိုမှုကို မြင်တွေ့ရပြီးနောက် ကိုမင်းကိုနိုင်က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်ထောင်မှ လွတ်မြောက်ပြီး မီဒီယာများနှင့် တွေ့ဆုံစဉ်ကလည်း "ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော်ဝိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲဆောင်ရွက်ကြဖို့ပါပဲ။ ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်း ရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံးရေးခဲ့ပြီ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။ ရှေ့ဆက်ပြီး ဒီမိုကရေစီ အရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခု ကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော်မစဉ်စားထားပါဘူး၊ သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေး လုပ်တာမဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်ကလုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့ အစီအစဉ်မရှိဘူး။သို့သော် ဒီမိုကရေစီ အရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။ ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရော ပါလားမသိဘူး။ ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulation လုပ်လိုက်ပါနော်။  Appreciate လုပ်ပါတယ်လို့ " ဟု ပြောကြားခဲ့ပါသည်။
သရက်မြို့မှ ပြန်လည်ထွက်ခွာလာသော ကိုမင်းကိုနိုင်သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ နေအိမ်(အမှတ်-၄၇၂/ခ၊ ဇာနည် (၁၃) လမ်းအထက်၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်)သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်းသိရသည်။ ကိုမင်းကိုနိုင်လွတ်မြောက်မှုကို စောင့်မျှော်ခဲ့ကြသော ပြည်သူများနှင့် မိတ်ဆွေများသည်  ၎င်း၏နေအိမ်ရှေ့တွင် သွားရောက်စောင့်ဆိုင်း ကြိုဆိုကြရန် ပြင်ဆင်နေကြကြောင်းလည်း သိရှိရသည်။
Ref:EMG

လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ယနေ့ ပြန်လည် လွတ်မြောက်လာသူများ၏ နောက်ဆုံးရ သတင်းများ

8:00 Am

သရက်အကျဉ်းထောင်မှ ဝန်ထမ်းများ၏ ပြောကြားချက်အရ လွတ်မြောက်မည့်သူ များထဲတွင် ကိုမင်းကိုနိုင် ပါဝင်နိုင်သည်ဟု သိရှိရသည်။ သတင်းရယူရန် စောင့်စားနေသည့် သတင်းထောက်များ ၁၂ ယောက် ဝန်းကျင်ခန့်ရှိပြီး အတည်မပြု နိုင်သေးသည့် သတင်းများအရ ကိုမင်းကိုနိုင်အား နံနက် ၈နာရီခွဲတွင် လွှတ်ပေးမည်ဟု သိရှိရသည်။

8:10 Am
သရက်အကျဉ်းထောင်မှ အကျဉ်းသားစုစုပေါင်း ၂၇ ယောက် လွတ်မြောက်မည်ဟု သတင်းရရှိပါသည်။
8:40 Am
စစ်တွေအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၁၀ ဦး အနက် ၉ ဦး နှင့် ဘူးသီးတောင် အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၁၀ ဦးအနက် ၉ ဦး လွတ်မြောက်မည်ဖြစ်ပြီး ဘူးသီးတောင် အကျဉ်းထောင်မှ ကိုဌေးကြွယ်၊ ဦးထွန်းညို၊ ဦးပြည်ကျော် တို့ပါဝင်ကြောင်း သတင်းရရှိသည်။ ထို့အတူ စစ်တွေထောင်မှ ဒေါက်တာသက်လွင်၊ ကိုသန်းတင်(ခ) ကိုကြီးသန်း၊ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်(ဧရာဝတီ)၊ ဇေယျာဦး(ဧရာဝတီ)၊ ဦးပုရစ် တို့လည်း လွတ်မြောက်မည်ဟု သိရှိရသည်။
9:30 Am
စစ်တွေ အကျဉ်းထောင်မှ နံနက် ၉ နာရီ ၂၀ မိနစ်တွင် အကျဉ်သား စုစုပေါင်း (၁၇) ဦးလွတ်မြောက်ပြီး ထိုအထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ (၈) ဦးပါဝင်ကြောင်း သိရပါသည်။ အဆိုပါ (၈) ဦးမှာ ဒေါက်တာသက်လွင်၊ ကိုသန်းတင်(ခ)ကိုကြီးသန်း၊ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်(ဧရာဝတီ)၊ ဇေယျာဦး(ဧရာဝတီ)၊ ဦးပုရစ်၊ ကျော်ဇင်ဝင်း၊ ဒေါပုံနေနေ တို့ဖြစ်ကြောင်း သိရပါသည်။
9:35 Am
ဘူးသီတောင် အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဖြစ်ကြသည့် ကိုစည်သူမောင်၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်မင်း၊ ကိုထွန်းညို၊ ကိုဌေးကြွယ်၊ ကိုအောင်ဇော်ဦး၊ ကိုပြေကျော်၊ ကိုဝဏ္ဏပံသ၊ ကိုကျော်ဝင်းဆန်း၊ ကိုမောင်မောင်လတ် တို့သည် ယနေ့နံနက် ၇ နာရီတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။
9:40 Am
အရှင်ဂမ္ဘီရ မြောင်းမြထောင်မှ လွတ်မြောက်လာပြီးပါက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတွင် ရဟန်းခံမည်ဖြစ်ကြောင်း အရှင်ဂမ္ဘီရ၏မိခင် ဒေါ်ရေးက ပြောကြားခဲ့ပါသည်။ အရှင်ဂမ္ဘီရ ၂၀၀၇ နိုဝင်ဘာ (၄) တွင် အဖမ်းခံရပြီး ပုဒ်မ (၁၇)ခုဖြင့် ထောင်ဒဏ် (၆၈)နှစ် ကျခံထားရသူဖြစ်သည်။

"ယခုလို သတင်းကြားရတာ အများကြီး ၀မ်းသာပါတယ်။ အဖွားအသက်က (၆၂)နှစ် ပြည့်တာ့မယ်။ ထောင်ဝင်စာ တွေ့ခဲ့ရတဲ့ အကြိမ်တွေက အသက်ထက် မကတော့ပါဘူး။ အခု အဖွားရဲ့ သားနှစ်ယောက်တင်မက နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးလိုက်ပြီ ဆိုလို့ လှိုက်လှိုက်လှဲလှဲ ၀မ်းသာပါတယ်။ အခုလို လွှတ်ပေးတာ တစ်ကယ့် ဒီမိုကရေစီ ခြေလှမ်းကို စလှမ်းလိုက်ပြီလို့ ယုံကြည်ပါတယ်။" ဟု အရှင်ဂမ္ဘီရ၏ မိခင် ဒေါ်ရေးမှ ပြောကြားခဲ့ပါသည်။

အရှင်ဂမ္ဘီရ၏ အကို ဖြစ်သူ ဦးကျော်အောင်သည်လည်း တောင်ကြီးထောင်မှ လွတ်မြောက်မည်ဟု သိရသည်။
9:43 Am
မြင်းခြံထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မထက်ထက်အောင် အပါအ၀င် ၁၂ ဦး လွတ်မြောက်လာသည်ဟု သိရသည်။
9:52 Am
ဦးခွန်ထွန်းဦးနှင့် ဦးဝင်းကိုတို့ တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်လာပြီဟု သတင်းရရှိပါသည်။
9:59 Am
ယခုအကြိမ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့် ပေးခြင်းဖြစ်သည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်ကြေငြာစာပါ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ သိရသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) တွင် ဆိုထားသည်မှာ ' ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မထားဘဲဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၄င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့) ၄င်းကို စီရင်သည့် ပြစ်ဒဏ်အားလုံး (သို့) အစိတ် အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်' ဟု ဖြစ်ပါသည်။ အကယ်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (ခ) အရ ပေးရမည်ဖြစ်ပြီး ယင်းပုဒ်မ မပါရှိသောကြောင့်  သမ္မတကြီး၏ သဘောဆန္ဒဖြင့် ပေးခြင်းဖြစ်သည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၂၀၄ (ခ)မှာ ဆိုထားသည်မှာ '' အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်'' ဟူ၍ဖြစ်ပါသည်။
10:10 Am
သရက်ထောင်မှ ကိုမင်းကိုနိုင် အပါအ၀င် (၇)ဦး လွတ်မြောက်လာသည်ဟု သိရှိရသည်။
10:20 Am

မုံရွာအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၅ ဦးအား နံနက် ၁၁ နာရီတွင် လွှတ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့မှာ ဦးလှထွေး(ခ) ဦးဝိလာသက္က၊ လာရန်းကျွရ်၊ ကိုကိုနိုင်(ခ) စူးရှ၊ ဒီငြိမ်းလင်းနှင့် နိုဘယ်လ်အေးတို့ ဖြစ်ကြောင်း သိရသည်။
10:30 Am
လာရှိုးအကျဉ်းထောင်မှ ကိုမင်းဇေယျ၊ ကိုဇာနည်အောင်၊ ကိုနိုင်ဦး(ခ) ဦးနန္ဒ၀ံသ(မြင်းခြံစွန်းလွန်း)၊ ဦးမြင့်နိုင်၊ ကိုအောင်သန်းမြင့်(ခ) မဂ္ဂင်ဆရာတော် ဥူးက္ကန္ဒက၊ ကိုငွေစိုးလင်း၊ ကိုမင်းထွန်း၊ ကိုမြတ်လင်းထွဋ် နှင့် မဟန်နီဦးတို့ ယနေ့ ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။
10:30 Am
ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) လွတ်မြောက်ကြောင်း သိရှိပါသည်။ ၄င်းနှင့်အတူ ဦးမြင့်ဇော်(ဗိုလ်မှုးချုပ်ဟောင်း) လည်း လွတ်မြောက်ကြောင်း သိရှိရပါသည်။
10:37 Am

ဟင်္သာတ အကျဉ်းထောင်မှ ကိုစည်သူဇေယျနှင့် ဦးကိုကိုလေး အပါအ၀င် ၄ ဦး လွတ်မြောက်လာကြောင်း သိရသည်။
10:53 Am
ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) ၏ သားဖြစ်သူ ဦးဇော်နိုင်ဦး(ဗိုလ်မှုးဟောင်း) လွတ်မြောက်ကြောင်း သိရသည်။
11:07Am

ဟင်္သာတ အကျဉ်းထောင်မှ ဦးဟန်ဇော် နှင့် ဦးသက်ဟန်စိုး (ဗိုလ်မှုးဟောင်း) လည်း လွတ်မြောက်လာကြောင်း သိရှိရပါသည်။

11:11 Am

တောင်ငူ အကျဉ်းထောင်မှ ၂၄ ဦး လွတ်မြောက်ခဲ့ပြီး လွတ်မြောက်သူများထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများဖြစ်သည့် ဦးခွန်ထွန်းဦး (SNLD)၊ ဦးဝင်းကို (NKD)၊ ဇော်ဇော်မင်း (၈၈)၊ ဦးဝတုတ်၊ ဘီဘီဇီငြိမ်း၊ ဦးသန်းထိုက်အောင်၊ ကိုရဲကျော်သူ၊ ကိုမျိုးအောင်၊ ဖြိုးဇော်လတ်၊ ဒေါ်နော်လှ၊ ဒေါ်နော်ဆေး တို့ ပါဝင်ကြောင်း သိရသည်။

ဦးခွန်ထွန်းဦးမှ "နိုင်ငံတော် အစိုးရအနေနဲ့ ပြောင်းလဲချင်စိတ်ရှိလို့ ပြောင်းလဲလာတာ။ ကမ္ဘာမှာ ဒီမိုကရေစီစနစ်က စက်ဝိုင်းလို လည်နေတယ်။ အဲဒီ အပြောင်းအလဲ မြန်မာနိုင်ငံကို ရောက်လာတဲ့အတွက် ပြောင်းလဲလာတယ်လို့ မြင်တယ်။ နိုင်ငံအနေနဲ့ အရမ်းကြီး ကံဆိုးမှသာ ရှေ့ဆက်ဆိုးသွားနိုင်တယ်။ အခုလို အနေအထား အတိုင်းဆိုရင်တော့ ကောင်းလာမှာပါ။ ကျွန်တော့် အနေနဲ့ကတော့ ကျွန်တော့်ပါတီက ဗဟိုကော်မတီနဲ့ တွေ့ပြီးတော့ ဆွေးနွေးပြီးတော့မှ ရှေ့ဆက် ဘာတွေ ဆက်လုပ်မယ်ဆိုတာ ပြောပါမယ်။ နိုင်ငံရေးကတော့ မပြီးသေးတဲ့အတွက် ဆက်လုပ်ရမှာပါပဲ။ နိုင်ငံရေးအကျဉ်းသား နည်းနည်းတော့ ကျန်နေသေးတယ်။  ဒါကိုအစိုးရအနေနဲ့ ဘယ်လိုဆက်လုပ်မယ်ဆိုတာတော့ မသိသေးဘူး" ဟုပြောကြားခဲ့သည်။
11:33 Am
ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံကြောင်း ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) က ပြောကြားခဲ့သည်။
11:10 AM
" ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော်ဝိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲဆောင်ရွက်ကြဖို့ပါပဲ။ ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်း ရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံးရေးခဲ့ပြီ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။ ရှေ့ဆက်ပြီး ဒီမိုကရေစီ အရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခု ကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော်မစဉ်စားထားပါဘူး၊ သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေး လုပ်တာမဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်ကလုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့ အစီအစဉ်မရှိဘူး။သို့သော် ဒီမိုကရေစီ အရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။ ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရော ပါလားမသိဘူး။ ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulation လုပ်လိုက်ပါနော်။  Appreciate လုပ်ပါတယ်လို့ " ဟု သရက်ထောင်မှ လွတ်မြောက်လာသော ကိုမင်းကိုနိုင်မှ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

11:41 AM
တောင်ကြီးထောင်မှ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုဇော်သက်ထွေး၊ ကိုကျော်ကိုကို၊ ကိုမောင်ကံ၊ ကိုဇော်မင်းဦး၊ ကိုဇော်ဝင်းလေး၊ ကိုအောင်ကျော်ကျော်၊ ကိုသူရစိုး၊ ကိုမန်းဇော်ထွေးတို့ ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရပါသည်။
11:59 AM
Khin-Nyunt-1
Khin-Nyunt-2

12:13 PM

" နေကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ ပျော်တော့ပျော်တာပေါ့။ မိသားစုလည်းပျော်တယ်၊ လွတ်ပေမယ့်လည်း ကျန်တဲ့ တပည့်တွေရှိနေသေးတယ်။ ဟိုမှာ မလွတ်သေးတာပေါ့ကွယ်။ ကျန်တဲ့ တချို့လွတ်သင့်လွတ်ထိုက်တဲ့လူတွေလည်း ရှိနေသေးတယ်။ အားလုံးလွတ်ရင်တော့ ပိုကောင်းတာပေါ့။ အားလုံးမိသားစုတွေနဲ့ဆုံကြတဲ့အချိန်မှာ ပိုကောင်းတာပေါ့။ သူတို့ကြီးပဲ ဒီလို လွတ်မြောက်လာတာ တစ်ကိုယ်ကောင်းဆန်တယ်လို့တော့ စိတ်ထဲမှာ ဖြစ်မိတယ်။ အားလုံးလွတ်ရင်ကောင်းမယ်။ လွတ်ပါစေလို့ပဲ ဆုတောင်းတယ်။ အချိန်ကာလတစ်ခုမှာ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေမှာဆိုတော့ လွတ်လိမ့်မယ်လို့ထင်ပါတယ်" ဟု  ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ပြောကြားခဲ့သည်။
12:14 PM
"လက်ရှိအစိုးရကကောင်းတယ်လေ။ ကောင်းတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ လက်ရှိသမ္မကြီးရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ ၊ နှစ်ဦးစလုံးရဲ့ဆောင်ရွက်မှုတွေဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းမယ်လို့ မြင်ပါတယ်" ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ဆက်လက်ပြောကြားခဲ့သည်။

12: 15 PM
ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသာ (၁၆)ဦး လွတ်မြောက်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ (၄)ဦး ပါဝင်ကြောင်းသိရသည်။ ၄င်းတိုမှာ ကိုဇော်လတ် (ဘီလူးကျွန်း)၊ ကိုသန်းထွဋ်အေး (တောင်ဥက္ကလာ)၊ ကမ်ခန့်ခွာ(ရန်ကုန်)၊ မခိုင်မာစိုး (ဖြူးမြို့)တို့ ဖြစ်ကြောင်း သိရပါသည်။
12:26 PM
နိုင်ငံရေးသို့ ၀င်ရောက်ဖွယ် ရှိ၊ မရှိနှင့် ပတ်သက်၍ "အခုထိတော့မစဥ်းစားရသေးဘူး။ အသက်လည်းကြီးပြီကွယ့်"ဟု  ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က ပြောကြားခဲ့သည်။ အနာဂတ်အစီအစဉ်များနှင့်ပတ်သက်၍ ၄င်းက "အဘက အိမ်မှာပဲ မိသားစုတွေနဲ့ အေးအေးဆေးဆေး နေချင်သေးတယ်။ မိသားစုတွေနဲ့ မနေရတာ (၇) နှစ်ကျော်ပြီ။ သားတွေနဲ့လည်း အခုမှ တွေ့ရတာ။ သားက အခုမှရောက်တာ။"ဟု ပြောကြားခဲ့ပါသည်။
1:45 PM
"အခုလွတ်တာနဲ့ ပတ်သက်ပြီး ၀မ်းသာပါတယ်။ ကိုပေါ်ဦး(ကိုမင်းကိုနိုင်)တို့ လွတ်တယ်ကြားလို့ ၀မ်းသာပါတယ်။ မိသာစုဝင်တွေအားလုံး ကြိုဆိုပါတယ်။ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်လာတယ်ဆိုပြီးတော့ ဖတ်ပြပါတယ်။ Blogger အနေဖြင့်ဆက်ရပ်တည်မယ်။ Facebook ကိုလည်း သုံးသွားမယ်။ စာရေးဆရာတစ်ဦးအနေဖြင့် ရပ်တည်သွားဖို့ ဆန္ဒရှိပါတယ်" ဟု ဘားအံအကျဉ်းထောင်မှ လွတ်မြောက်လာသူ Blogger ကိုနေဘုန်းလတ်မှ Eleven Media Group သို့ပြောပါသည်။
2:18 PM
၈၈ ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်လွတ်မြောက်လည်သည့် နည်းတူ ကိုကိုကြီးလည်း မိုင်းဆတ်အကျဉ်းထောင်မှ လွတ်မြောက် လာကြောင်း သိရှိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ လွတ်မြောက်သူ (၆၅၁)ဦးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ (၅၉၁)ဦး နှင့် ကျန် (၆၀) ဦးတွင် ယခင် စစ်ထောက်လှမ်းရေးနှင့် အကောက်ခွန်မှ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြပါသည်။ ယနေ့ နေ့လည်ပိုင်းမှ စတင်ပြီး နယ်ထောင်များမှ လွတ်မြောက်လာသူ အချို့သည် လေကြောင်းဖြင့် ရန်ကုန်သို့ပြန်လာနေသည့် အတွက် ရန်ကုန်လေဆိပ်တွင် စောင့်ဆိုင်းနေကြကြောင်း သိရပါသည်။
3:21 PM
 ဦနေ၀င်း (ဗိုလ်ချုပ်ကြီးဟောင်း ကွယ်လွန်) ၏ သားမက် ဦးအေးဇော်ဝင်း နှင့် မြေးဖြစ်သူ ဇွဲနေ၀င်းတို့ လွတ်မြောက်ကြောင်း သိရပါသည်။
3:30 PM

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီး ရန်ကုန်လေဆိပ်သို့ ရောက်ရှိပြီ ဖြစ်ကြောင်း သိရှိရပါသည်။
3:38 PM
ကျောက်ဖြူအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူ ၁၀ ဦးနှင့် စစ်ထောက်လှမ်းဟောင်း ၃ ဦးအား နံနက် ၈ နာရီအချိန်တွင် လွှတ်ပေးခဲ့ကြောင်းသိရသည်။

ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ ၁၀ ဦးမှာ ရွှေမောင်(ခ)ဆံရှည်၊ ဖြိုးမောင်မောင်စိုး(ခ)ဖြိုးကြီး၊ ၀င်းမော်(ခ)မော်ကြီး၊ ဇော်မင်း(ခ)ဘောင်းဘောင်း၊ အောင်ကျော်ကျော်(ခ)ဘောကြီး၊ မျိုးမင်း၊ ကရင်လေး၊ တင်အောင်စိုး(ခ) စိုးစိုး၊ စိုင်းလတ်အောင်နှင့် ခင်မောင်အေးတို့ဖြစ်ကြပြီး စစ်ထောက်လှမ်းရေးဟောင်း ၃ ဦးမှာ စိုးညွန့်၊ မောင်မောင်နိုင်နှင့် ဝေထွန်းဦးတို့ဖြစ်ကြသည်။
4: 45 PM
NMZ
ယနေ့ လွတ်မြောက်မှုတွင် ပါဝင်လာသော ကိုနေမျိုးဇင် (ဗိုလ်ကြီးဟောင်း) အား တွေ့ရစဉ်
Ref:EMG

Thursday, 12 January 2012

လွတ်ငြိမ်း ၆၅၁ ဦးထဲမှာ နိုင်/ကျဉ်း အများစု ပါမယ်လို့ မျှော်လင့်ကြ

နယူးဒေလီ (မဇ္ဈိမ) ။ ။ သမ္မတ၏ “လွတ်ငြိမ်းချမ်းသာခွင့်” ကြေညာချက်အရ သောကြာနေ့တွင် လွတ်မြောက် လာမည့် အကျဉ်းသား/ အကျဉ်းသူ ၆၅၁ ဦးထဲတွင် နိုင်ငံရေးအကျဉ်းသား အများစု လွတ်မြောက်လာမည်ဟု
မျှော်လင့်ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ၈၈ မျိုးဆက်ကျောင်းသားများက ယူဆကြသည်။

“ကျနော့်ထင်မြင်ချက်ပြောရရင် အခုလွှတ်တာ နိုင်ငံရေးအကျဉ်းသား တော်တော်အများစုပါမယ်လို့ မျှော်လင့် ထားတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ဆိုတာကတော့ ပုဒ်မခွဲ ၁ နဲ့ ၂ ရှိတယ်။ ၁ ကတော့ အပြီးအပိုင် လွတ်ငြိမ်းခွင့် ပေးလိုက်တာ။ အဲလိုပြောတဲ့အတိုင်းဆို အဲလိုပဲ ယူဆတယ်။ (NLD ပြုစုစာရင်းနဲ့) တရာလောက်တော့ ကွာတာပေါ့။ နီးစပ်တယ်လို့ပြောရရင် ရပါတယ်” ဟု ပြောခွင့်ရ ဦးဉာဏ်ဝင်း က မဇ္ဈိမကို ပြောသည်။

ကြာသပတေး ညနေပိုင်းက အစိုးရပိုင် ရုပ်မြင်သံကြားဌာနမှ ထုတ်လွှင့်ကြေညာသွားသော “လွတ်ငြိမ်းချမ်းသာခွင့်” တွင် “အကျဉ်းသားအကျဉ်းသူ ၆၅၁ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်
ပြုခြင်း”ဟု ဖော်ပြ ပါရှိသည်။

သမ္မတ အနေဖြင့် အဆိုပါ အကျဉ်းသားများအနေဖြင့် “နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်
ရေး အတွက် လည်းကောင်း၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း” စသည့်ရည်ရွယ်ချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်းလည်း ဖော်ပြပါရှိသည်။

ထို့ကြောင့် ဤလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၈၈ မျိုးဆက်ကျောင်းသားများလည်း ပြန်လည် လွတ်မြောက်လာနိုင်ဖွယ် ရှိကြောင်း ၈၈ မျိုးဆက်တဦးဖြစ်သည့် မနု က ယူဆသည်။ “ကျမတို့ သူငယ်ချင်းတွေ တော်တော်များများ ပါမယ် လို့တော့ ထင်တယ်။ စာရင်းက သေချာမထွက်လာသေးဘူး။ နိုင်ငံရေးအကျဉ်းသား အများစု လွတ်လာမယ်လို့ ထင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

လွတ်မြောက်လာမည့် နိုင်ငံရေး အကျဉ်းသားများထဲတွင် ထောင်ဒဏ် အသက် ၃၂ နှစ်ရှိ ဘလော့ဂါ နေဘုန်းလတ်
နှင့် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့လည်း ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သမ္မတ အနေဖြင့် “လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း” ကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (အကလ)၏ သဘောတူညီချက်ဖြင့်သာ ပေးနိုင်သည်။ ယခု လွတ်ငြိမ်းချမ်းသာခွင့် ကြေညာစဉ်တွင် အကလ အဖွဲ့ဝင် ၁၁ ဦး အနက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည်။

ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သော ပြစ်ဒဏ်လျှော့ပေါ့ခြင်းကြောင့် လွတ်မြောက်လာသော အကျဉ်းသား ၁၄၀၀ ကျော်ထဲတွင် နိုင်ငံရေး အကျဉ်းသား ၃၄ ဦး ပါဝင်ခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နောက်ထပ် အကျဉ်းသား ၆၅၀ ကျော်လွှတ်ဖို့ မြန်မာအစိုးရကြေညာ

မြန်မာနိုင်ငံထဲရှိ အကျဉ်းထောင်တွေအတွင်းကနေ   အကျဉ်းသား ၆၅၁ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးမယ်လို့ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်  ကြာသာပတေးနေ့ ညနေ ၆နာရီမှာ မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်ကနေ ထုတ်ပြန်ကြေညာသွားပါတယ်။ မနက်ြဖန် ဇန်နဝါရီ ၁၃ ရက်နေ့ စတင်လွှတ်ပေးမယ့် အကျဉ်းသား ၆၀၀ ကျော်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ ပါမပါဆိုတာ မသိရသေးသလို ဘယ်ထောင်တွေကနေ လွှတ်ပေးမလဲဆိုတာလည်း အတိအကျမသိရသေးပါဘူး။


အမေရိကန်သံများ ဒေါ်စုနှင့် တွေ့

ဒဲရစ်မစ်ချယ်၊ ဒေါ်အောင်ဆန်းစုကြည် နှင့် Luis CdeBaca (ဓာတ်ပုံ-Reuters)
ရန်ကုန်မြို့တော်တွင် ရောက်နေသော အမေရိကန် သံတမန်ကြီးများ ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
၎င်းတို့မှာ အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်၊
လူကုန်ကူးမှုဆိုင်ရာ သံတမန် Luis CdeBaca တို့ဖြစ်သည်။
၎င်းတို့ ၂ ဦး မြန်မာနိုင်ငံသို့ တနင်္လာနေ့က ရောက်ရှိနေခြင်း ဖြစ်ပြီး နေပြည်တော်တွင် အရေးပါသည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ကရင်ဒေသ အပစ်ရပ်ရန် သဘောတူ

အစိုးရ နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ ဘားအံမြို့တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရန် အတွက်သဘောတူ လိုက်ကြသည်။
ယမန်နေ့က ဘားအံမြို့တွင် တွေ့ရသော အစိုးရ၏ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်များ နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်များ၏ ညစာစားပွဲ မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

သဘောတူညီချက်များတွင် ဆက်ဆံရေးရုံးများ ဖွင့်ရန်၊ ထိန်းချုပ်နယ်မြေတွင် ဖြတ်သန်းသွားလာသည့်အခါ လက်နက် ကိုင်ဆောင်ခြင်း မပြုရန်တို့လည်း ပါဝင်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးငွေစိုးက ဧရာဝတီသို့ ပြောသည်။
မြန်မာပြည်အနှံ့ အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး၊ အကျဉ်းသားများ လွှတ်ပေးရေး၊  လုပ်အားပေး စေခိုင်းခြင်း မပြုလုပ်ရန် စသဖြင့် အချက် ၁၁ ချက်ကိုလည်း KNU က တောင်းဆိုထားသည်။
“ဆက်လက် ဆွေးနွေးဖို့ ရှိသေးတယ်၊ အဲဒီ ၁၁ ချက်မှာ ပါတဲ့ မူဝါဒတွေ၊ ဒါတွေ အကုန်လုံးကို ပြည်ထောင်စု အဆင့်မှာ တခုစီ ဖြေရှင်းသွားမယ်” ဟု Dawei Princess ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးငွေစိုးကဆိုသည်။
ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို ၄၅ ရက် အတွင်း ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
KNU မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် တချို့နှင့် ပြည်ထောင်စု ၀န်ကြီး အဆင့် ရထား ၀န်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့က လက်မှတ်ရေးထိုးကြကြောင်း ဦးငွေစိုးက ပြောသည်။
ယမန်နေ့ညက ဘားအံမြို့ ဇွဲကပင်ဟိုတယ်တွင် နှစ်ဘက်ကိုယ်စားလှယ်တို့ တွေ့ဆုံပြီး ညစာစားခဲ့ကြသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ၀န်ကြီး ဦးအောင်မင်းက KNU တပ်ဖွဲ့မှ ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း KNU ကလည်း တွေ့ဆုံရန် ပြင်ဆင်ထားခဲ့သည်။
နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တနေရာ၌   ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့်  KNU ခေါင်းဆောင်တချို့ အလွတ်သဘော ညှိနှိုင်းခဲ့ကြောင်း သိရသည်။
KNU သည် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးတို့ အတွက် အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီ ဖြစ်သည်။
KNU လှုပ်ရှားသည့် ထိုင်းမြန်မာနယ်စပ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မြန်မာပြည်မြောက်ပိုင်း ကချင် လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်သည့် နေရာများတွင် တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပွားနေသည်မှာ ၇ လ ကြာပြီ ဖြစ်သည်။
Ref: ဧရာဝတီ 

အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက်

အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် အစိုးရကိုယ်စားလှယ်များနှင့် KNU ကိုယ်စားလှယ်အဖွဲ့ဝင်များ အပြန်အလှန် လက်ဆွဲနှုတ်ဆက်နေကြသည်ကို ဇန်နဝါရီလ ၁၂ ရက် ၂ဝ၁၂ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ မဇ္ဈိမ)

မြန်မာလူကုန်ကူးမှု ကလေး ၂၅ %၊ အမျိုးသမီး ၇၀%

ချင်းမိုင် (မဇ္ဈိမ)။   ။ ၂၀၁၁ ခုတွင် လူကုန်ကူးမှုပေါင်း ၁၃၆ ခုဖြစ်ပြီး တရားခံ ၃၅၁ ဦးကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကာ လူပေါင်း ၂၆၅ ဦး ကယ်တင်နိုင်ခဲ့သည်။ ကယ်တင်နိုင်ခဲ့သူများထဲမှာ ၂၅ ရာခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်၍ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြောင်း နေပြည်တော် အခြေစိုက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ အဖွဲ့မှူး ဒုရဲမှူးကြီး ညွန့်လှိုင်က မဇ္ဈိမကို ပြောသည်။

အမေရိကန်နိုင်ငံ လူကုန်ကူးမှု တားဆီးရေး သံတမန် မစ္စတာ လူးဝိ ဆီဒါဘက်ကာ ရောက်ရှိနေစဉ် မြန်မာနိုင်ငံ၏ လူကုန်ကူးမှုအခြေအနေကို သိရှိနိုင်ရန် မေးမြန်းထားခြင်းဖြစ်သည်။

မဲဆောက်အခြေစိုက် Social Action for Women-SAW အမျိုးသမီးအဖွဲ့ကမူ ၂၀၀၈ ခုမှ ၂၀၁၁ ကုန်အထိ လူကုန်ကူးခံရသူ ၂၀၀ ခန့်ကို ကူညီပေးခဲ့သည်ဟု ဆိုသည်။ ကချင်အမျိုးသမီးအဖွဲ့ KWAT ကမူ ၂၀၁၁ ခုအတွင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် ကချင်အမျိုးသမီး ၁၃၀ ဦး ကျော်ကို တွေ့ဆုံမေးမြန်းနိုင်ခဲ့သည်ဟု ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၀၄ ခု မတ်လတွင် နိုင်ငံတကာ လူကုန်ကူးမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၅ ခုတွင် လူကုန်ကူးမှု တားဆီးရေးဥပဒေကို ထုတ်ပြန်ခဲ့သည်။

ဒုရဲမှူးကြီးညွန့်လှိုင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာန လက်အောက်တွင် လူကုန်ကူးမှု တားဆီးရေး အထူးအဖွဲ့ ၂၄ ခု ရှိသည်ဟု မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသွားသည်။

လူကုန်ကူးမှုကို တိုက်ဖျက်တဲ့နေရာမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကယ်တင်နိုင်ခဲ့တဲ့ လူဦးရေက ၂၀၁၁ ခုမှာ ဘယ်လောက်ရှိပါသလဲ။

“ဒီမှာ အန်ကယ်တို့ လောလောဆယ် စာရင်းချုပ်ထားတာရှိတယ်။ မနှစ်က လူကုန်ကူးမှု အရေးယူတဲ့အမှုပေါင်းက ၁၃၆ မှု ရှိတယ်။ ဖော်ထုတ်တဲ့ လူကုန်ကူးသူ တရားခံပေါင်း ၃၅၁ ဦး ရှိတယ်။ ကယ်တင်တဲ့ Victim ပေါင်းက ၂၆၅ ယောက်။ ဒါက ကယ်တင်တာပေါ့။ လူကုန်ကူး မခံရမီပေါ့။ အဲဒီမှာ ယောက်ကျားလေးက ၄၅ ယောက်၊ အမျိုးသမီးက ၂၂၀။”

အမျိုးသမီးက ပိုများနေတယ်နော်။

“လူကုန်ကူးမှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းက မိန်းမတွေကို တရုတ်ပြည်ပို့တာ ဖြစ်နေတာကိုး။ တရုတ် အမျိုးသားတွေနဲ့
ပေးစားတာပေါ့။”

အဲဒီ ၂၆၅ ယောက်က တရုတ်ကိုပဲလား ခင်ဗျ။

“ဒီအမှုတွေအားလုံးက တရုတ်တော့ မဟုတ်ဘူး။ ဒီထဲမှာ ထိုင်းဘက်ကို ပြည့်တန်ဆာအဖြစ် အပို့ခံရတဲ့ ကလေးတွေ၊ ထိုင်းဘက်မှာ အဓမ္မလုပ်အားခိုင်းတဲ့ ကလေးတွေလည်း ပါတယ်။ နောက် ပြည်တွင်းမှာကတော့ ကလေးမလေးတွေ ကို အလုပ်ရမယ်လို့ ခေါ်သွားပြီးတော့ ပြည့်တန်ဆာအဖြစ် ခိုင်းတာ။ ပြည်တွင်း အမှုတွေကတော့ ပြည့်တန်ဆာ အဖြစ် ခိုင်းတဲ့အမှုတွေ ပါတယ်။ ဒါက ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတာပါ။ ထိုင်းဘက်မှာကတော့ အနည်းဆုံး ၁၅ ကနေ ၁၇ ရာခိုင်နှုန်းလောက် ရှိတယ်။”

“ထိုင်းဘက်မှာ အမျိုးသားတွေပါတယ်။ အမျိုးသားတွေက ငါးဖမ်းလှေပေါ်မှာ အဓမ္မ ခိုင်းစေခံရတာ။ လုပ်အားခ မပေးဘဲ ခိုင်းတာတွေပေါ့။ အမျိုးသားတွေကတော့ အဲဒါမျိုးတွေ များတယ်။ အမျိုးသမီးကတော့ တရုတ်ပြည်ဖက် ကို ရောင်းစားခံရတာ ၇၀ ရာခိုင်နှုန်းကျော် ရှိတယ်။ ထိုင်းဘက်မှာလည်း ၁၀ ရာခိုင်နှုန်းလောက် ရှိမယ်။ ကျန်တဲ့ ၉ ရာခိုင်နှုန်းလောက်က ပြည်တွင်းမှာဖြစ်တဲ့ လူကုန်ကူးမှု၊ အထူးသဖြင့်တော့ အများဆုံး အန်ကယ်တို့ ဖော်ထုတ် တာ ပြည့်တန်ဆာအဖြစ် ခိုင်းတဲ့ ကလေးမလေးတွေကို ကယ်တယ်။ သူတို့ကို ခိုင်းတဲ့လူကို တရားစွဲတယ်ပေါ့နော်။ အဲဒီမှာ ဧရာဝတီတိုင်းတို့၊ ရန်ကုန်တိုင်းတို့က ပိုများတာပေါ့။ နောက် မန္တလေးတိုင်း၊ မြဝတီဘက်မှာလည်း ရှိတယ်။ အဲဒီလို case မျိုးတွေ။”

အဲဒီ ၂၆၅ ဦးမှာ ကလေးတွေ ဘယ်နှစ်ယောက်ပါတယ်လို့ ပြောလို့ရလား ခင်ဗျ။

“ကလေးသူငယ်ဆိုတာ ဥပဒေအရ စကားပြောရရင် ပြည်တွင်း ဥပဒေအရ ၁၆ နှစ်အောက်ကို ကလေးသူငယ်ခေါ် တယ်။ နိုင်ငံတကာမှာတော့ ၁၈ နှစ်အောက်ကို ကလေးသူငယ်ခေါ်တယ်။ အဲဒီတော့ ကလေးသူငယ်ပါဝင်မှုဟာ စုစုပေါင်း ၆၁ ယောက်ရှိတယ်။ ၂၆၅ မှာ ၆၁ ဆိုတော့ ၂၅ ရာခိုင်နှုန်းလောက်ရှိတာပေါ့။ အဲဒီမှာ တချို့ မိန်းကလေးတွေကျတော့၊ ငါတို့က ဒီမှာ ကလေးသူငယ်ဆိုတာ ၁၈ နှစ်အောက်ကို တွက်ထားတာ။ နိုင်ငံတကာ ဥပဒေအရလေ။”

တအားငယ်တဲ့ ကလေးတွေလည်း ပါမှာပေါ့နော်။

“တအားငယ်တဲ့ ကလေးတွေက များသောအားဖြင့်တော့ မွေးစားဖို့ တရုတ်ဘက်ကို ရောင်းစားခံရတာမျိုး ရှိတယ်။
နောက် ပြည်တွင်းမှာဖြစ်တဲ့ force prostitution လို့ခေါ်တဲ့ အဓမ္မ ပြည့်တန်ဆာ ပြုမှုတွေမှာ အရပ်စကားနဲ့ ပြောရင်
တော့ ‘ပါကင်’ ပေါ့နော်။ ‘ပါကင်’ပို့တဲ့ ကလေးတွေကျတော့ ၁၈ နှစ်အောက်တွေ ဖြစ်တာကိုး။ ၁၆ နှစ်၊ ၁၄ နှစ်၊ ၁၅ နှစ်။ အဲဒီအရွယ်လေးတွေ အရွယ်ဖွံ့ဖြိုးတဲ့ အခါကျတော့ ဒီကလေးလေးတွေကို ပို့တာရှိတယ်။ အဲဒါမျိုးကိုတော့ အန်ကယ်တို့က လူကုန်ကူးအဖြစ်နဲ့ တရားစွဲတဲ့အခါ သူတို့ကလည်း ဒီကလေးသူငယ်မှာ ပါသွားတာပေါ့နော်။ prostitution တော့ မှန်တယ်။ ၁၅ နှစ်နဲ့ ၁၆ ကြားဖြစ်နေခဲ့ရင် ကလေးသူငယ် ဖြစ်သွားမယ်။ Child abuse လည်း
ဖြစ်သလို အဓမ္မခိုင်းတယ်၊ အဲဒီအပေါ်မှာ ခေါင်းပုံဖြတ်တာ ပေါ်ပေါက်ရင် လူကုန်ကူးမှု ဖြစ်သွားတာပေါ့။ အသေးစိတ် ပြောရင်တော့ တော်တော်ခက်သွားမယ်။ မေးခွန်းလေးတွေ ရေးချလိုက်ရင် case တွေ ပြန်လှန်ရမယ်။”

၂၀၁၁ ခုမှာ အဲဒီလောက်ဆိုတော့ ၂၀၁၀ နဲ့ယှဉ်ရင် ပိုပြီးတော့ လုပ်ဆောင်လာနိုင်လားခင်ဗျ။

“ခါတိုင်းနှစ်တွေက အမှုတွေ ပိုပိုများလာတယ်။ ဒီနှစ်တော့ အမှုကျသွားတယ်။ မနှစ်က တရားခံ ၅၀၀ ကျော်
လောက် ဖော်ထုတ်နိုင်တယ်။ ဒီနှစ် အမှုက ၃၀ ကျော်လောက် လျော့သွားတာပေါ့။ တစ်ကတော့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့တွေရော၊ တားဆီးကာကွယ်ရေးအဖွဲ့တွေ တားဆီးကာကွယ်ရေးဆိုတာက အရပ်ဖက် အဖွဲ့တွေပါတဲ့ မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ်အဆင့် ဖွဲ့ထားတဲ့ အဖွဲ့တွေ ရှိတယ်။ အဲဒီအဖွဲ့တွေနဲ့ NGO တွေရယ်၊ UN အေဂျင်စီတွေပေါင်းပြီးတော့ အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်တယ်။ လူကုန်ကူးမှု အထူးအဖွဲ့တွေ ကလည်း INGO ဖြစ်တဲ့ World Vision ၊ Save the Children ၊ UNIP ၊ UNICEF တို့နဲ့ပေါင်းပြီး ပညာပေးတွေ လုပ်တယ်။ နောက် ပြည်တွင်းလူမှုအဖွဲ့ဖြစ်တဲ့ အမျိုးသမီးတွေက မိခင်/ကလေးနဲ့ ပေါင်းလုပ်တယ်။ ကရင်၊ ကချင်ပြည်နယ်တို့မှာဆိုရင် ခရစ်ယာန်ဘာသာရေးအသင်းတွေနဲ့ ပေါင်းလုပ်တယ်။ ရန်ကုန်မှာလည်း ကရင် အမျိုးသမီးအသင်းတွေနဲ့ပေါင်းပြီး အသိပညာပေးလုပ်တယ်။ ဒီအမှု လျော့ကျသွားခြင်းရဲ့ အကြောင်းရင်းထဲမှာ အသိပညာပေးမှုသည် ကြိုတင်ကာကွယ်ရေးမှာ အရေးပါတဲ့ အကြောင်းတခုဖြစ်တယ်။ ဒါကြောင့် အသိပညာပေးမှုကြောင့် လူတွေဟာ အသိပညာရှိတာကြောင့် လူကုန်ကူးခံရမှု လျော့ကျသွားတယ်လို့ ပြောလို့ရတယ်။ ဒါကတပိုင်းပေါ့နော်။”

“နောက်တခါ လူကုန်ကူးမှုဖြစ်ပွားခြင်းမှာ ဦးတည်တဲ့ နိုင်ငံတွေကိုပြောရင် ပြည်ပကို တရုတ်နဲ့ ထိုင်းက အဓိကပေါ့နော်။ တရုတ်ဘက်ခြမ်းမှာ ဖြစ်ပွားတဲ့ လူကုန်ကူးမှုက အဓိကက တရုတ်အမျိုးသားတွေက အိမ်ထောင်ပြုဖို့ အမျိုးသမီးတွေ အခက်အခဲရှိတာကြောင့် ပြည်တွင်းက ငါတို့ရဲ့ အမျိုးသမီးတွေကို pull factor လို့ခေါ်ရမယ့် လူတွေ ကို လှမ်းဝယ်နေတဲ့ ဝယ်လက် ရှိနေတယ်။ အဲဒီမှာ ဈေးကွက်ရှိတာပေါ့ကွာ။ အဲဒီဈေးကွက်ကြီး ရှိတာကြောင့်မိုလို့ ဒီဘက်က push factor ဖြစ်တဲ့ အလုပ်လက်မဲ့ဖြစ်တဲ့ ကလေးတွေ၊ တချို့မသိနားမလည်တဲ့ကလေးတွေ ကျေးလက်၊ ရှမ်းပြည်မြောက်ပိုင်းကဆိုရင်လည်း ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုမယ်ဆို မိဘတွေ က အလွယ်တကူပဲ သဘောတူ လိုက်တယ်။ ဒါပေမယ့် သူ့သမီးကို ရောင်းစားတာ သူတို့မသိဘူး။ ဒါမျိုးတွေ ရှိတာကိုး။ ဒီဘက်က push factor လည်းရှိတယ်။ ဟိုဘက်က pull factor လည်းရှိ တယ်။ အဲဒီနှစ်ခုကြားမှာ တို့ဘက်ကလည်း တားဆီးတာတွေ အကြီးအကျယ်လုပ်တယ်။ မန္တလေး လောက်က စပြီးတော့ အကြီးအကျယ်စစ်တယ်။ မန္တလေးလောက်မှာပဲ အရေးယူတယ်။ နောက် လားရှိုးမှာ၊ မူဆယ်အပေါက်ဝကနေ ပိတ်ပင်တားဆီးတယ်။ ဒါကတပိုင်း။”

“နောက် တရုတ်ဘက်ကလည်း ငါတို့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်လာတာ ဒါ ပထမ ၅ နှစ် စီမံကိန်းတောင် ပြီးသွားပြီ။ ၂၀၀၇-၂၀၁၁ ပေါ့ အဲဒီကာလအတွင်းမှာ တရုတ်ဘက်ကလည်း သူ့နိုင်ငံအတွင်းမှာ တရားမဝင် လာရောက်ပြီးတော့ နေထိုင်ပြီးတော့ အဓမ္မခံရသူတွေကို သူလည်းပဲ ကယ်တယ်။ သူ့လူတွေကိုလည်း အပစ်ပေး တာတွေ လုပ်တယ်။ နှစ်နိုင်ငံ တက်ညီလက်ညီ လုပ်တာတွေ ပါတယ်။ ပြီးတော့ နှစ်နိုင်ငံကြားထဲမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး နယ်စပ်ဆက်ဆံရေး အရာရှိရုံး နှစ်ရုံးဖွင့်ထားပြီးတော့ အခုသတင်းရရင် အခုချက်ချင်း ဝင်ပြီးတော့မှ အဲဒီရဲတပ်ဖွဲ့ ရွှေလီထဲကို အကြောင်းကြားပြီး ဝင်ရှာ၊ ဝင်ဖမ်းလို့ရတယ်။ အဲဒီ co-operation တွေ ကောင်းတာ တကြောင်းပေါ့။”

“ထိုနည်းလည်းကောင်းပဲ ထိုင်းဘက်မှာလည်း ကြားတဲ့အတိုင်းပဲ ထိုင်းမှာရောက်နေတဲ့ undocumented လို့ခေါ်တဲ့ အထောက်အထားမဲ့ အလုပ်သမားတွေကို အထောက်အထားတွေ ရဖို့လုပ်တာ အခုဆိုရင် ယာယီပတ်စ် ၇ သိန်းလောက်တောင် ထုတ်ပေးပြီးသွားပြီ။ အဲဒီဟာကို လုပ်နေခြင်းအားဖြင့် ထိုင်းမှာနေထိုင်ခြင်းဟာ တရားဝင်ဖြစ်လာတယ်။ တရားဝင် အထောက် အထား ရှိတာကြောင့် လူကုန်ကူးခံရမှုဟာ လျော့နည်းသွားမယ်။”

အဓိက အခြေခံအားဖြင့် လူကုန်ကူးလုပ်ငန်းတွေ၊ ဒါတွေက ဘာကြောင့် ဖြစ်ပေါ်နေတာလဲခင်ဗျ။

“အသိပညာနည်းပါးခြင်း၊ ဗဟုသုတ မရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်း၊ ပြည်ပကို အထင်ကြီးခြင်း၊ ရပ်တည်ရန်ခက်ခဲတဲ့အနေအထားမျိုးမှာ ရောက်နေမယ် ဥပမာအားဖြင့် တရုတ်ပြည်ကို လူကုန်ကူးခံရတဲ့ ကလေးမလေးဟာ အိမ်မှာ အဖေကွဲအမေကွဲ၊ မိထွေး ပထွေးနဲ့ နေရတဲ့အခါ သူက အိမ်မှာ အညှဉ်းဆဲခံရလို့ အပြင်ထွက်မယ်၊ အဲဒါနဲ့ ပွဲစားက တွေ့မယ်၊ မင်းဘယ်မှာ အလုပ်လုပ်မလဲ။ တချို့ကလေးတွေ ဗဟုသုတမရှိဘူး မူဆယ်မှာ မားမီးခေါက်ဆွဲစက်ရုံရှိတယ် အဲဒီမှာ အလုပ်လုပ်ရမယ်ပြောတာကို ယုံတယ်။ မားမီးခေါက်ဆွဲစက်ရုံ ဘယ်မှာရှိမှန်းတောင် မသိတဲ့သူတွေရှိတယ်။ နောက် စီးပွားရေးအခွင့်အလမ်းတွေ ရလိမ့်မယ်လို့ ယူဆတာတွေ အဲဒီလူတွေကို လူကုန်ကူးတဲ့ ပွဲစားတွေက အလုပ်ရမယ်၊ လစာရမယ်နည်းနဲ့ စည်းရုံးကြတာပေါ့။ ဟိုကျမှ လက်ညှိုး ထိုးပြီး ရောင်းစားတာကော။”

Wednesday, 11 January 2012

ပြည်ပ၌ အလုပ်လုပ်ကိုင်နေသူများအား မော်တော်ကားစီးရေ ၅၀၀၀ အထိ တင်သွင်းခွင့်ပြုပေးသွားမည်

ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား မော်တော်ယာဉ်တင်သွင်းခွင့်ကို အလုပ်သမားဝန်ကြီးဌာနမှ ခွင့်ပြုပေးခဲ့ပြီး သတ်မှတ်ထားသည့် အချက်အလက်များပြည့်စုံပါက ကားအစီးရေ ၅၀၀၀ အထိ တင်သွင်းခွင့်ပေးသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရှိရသည်။ 
လတ်တလော လျာထားချက်အနေဖြင့် ကားအစီးရေ ၃၀၀၀ သတ်မှတ်ထားပြီး၊ လျှောက်လွှာ ၃၀၀၀ ပြည့်ပါက ချိတ်ပိတ်မည်ဖြစ်ကြောင်း၊ သို့သော် ထပ်မံတင်ပြသည့် လျောက်လွှာများ၌ အချက်အ လက်ပြည့်စုံပါက ကားအစီးရေ ၅၀၀၀ အထိ ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
''လောလောဆယ် ကားအစီးရေ ၃၀၀၀ တင်သွင်းခွင့်ပေးဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ အချက်အလက်စုံရင်တော့ စုံသလို ကားအစီးရေ ၅၀၀၀ အထိ ချထားပေးသွားမှာ ဖြစ်ပါတယ်။ တင်ပြတဲ့ အချက်အလက်မစုံရင်တော့ မော်တော်ကားတင်သွင်းခွင့်ကို ရရှိမှာမဟုတ်ပါဘူး''ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။  ပြည်ပ၌ အလုပ်လုပ်ကိုင်နေသူများ၏ ကားသွင်းခွင့်လျောက်လွှာများကို အလုပ်သမားဝန်ကြီးဌာန၊ မော်တော်ယာဉ်တင်သွင်းခွင့် စိစစ်ရေးကော်မတီမှ စိစစ်ထောက်ခံတင်ပြပေးမည်ဖြစ်ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၊ မရမ်းကုန်းမြို့နယ် ၀၁-၆၆၇၇၅၄ သို့ လျှောက်လွှာများ လျှောက်ထားနိုင်ကြောင်း သိရသည်။
Ref: EMG

Tuesday, 10 January 2012

တယ်လီဖုန်း ဆင်းမ်ကတ် တစ်ခု ၅၀၀၀ ကျပ် သတင်း မဖြစ်နိုင်ဟု ဆက်သွယ်ရေးငြင်း

တယ်လီဖုန်းဆင်းမ်ကတ်တစ်ခု ကျပ် ၅၀၀၀ နဲ့ရောင်းချပေးမယ်လို့ ကုမ္ဗဏီတစ်ခုက ပြောကြားခဲ့ပြီး၊ တပတ်အကြာမှာပဲ သက်ဆိုင်ရာက ဒီကိစ္စမဖြစ်နိုင်ဘူးလို့ ငြင်းချက်ထုတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃ ရက်နေ့က ရွှေပြည်တံခွန်ကုမ္ဗဏီကနေ ဖုန်းဆင်းမ်ကတ်တစ်ခု ငွေကျပ် ၅၀၀၀ နှင့် မကြာမီ ရောင်းချပေးမယ်လို့ စာနယ်ဇင်း ရှင်းလင်းပွဲလုပ်ပြီး အသိပေးခဲ့ပါတယ်။ ဒီသတင်းကို ပြည်တွင်းပြည်ပ သတင်းဌာနတွေနှင့်ပြည်တွင်းထုတ်သတင်းဂျာနယ် တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် သတင်းဖော်ပြခဲ့ကြပါတယ်။
ဒီသတင်းဟာ ဆင်းမ်ကတ်တစ်ခု ကျပ်ငါးသိန်း အနိမ့်ဆုံးသုံးစွဲနေရတဲ့ မြန်မာပြည်သားတွေ အဖို့ ဆင်းရဲသားတွေပါမကျန် လက်ကိုင်ဖုန်းကိုင်နိုင်တော့မယ်ဆိုပြီး ပျော်တပြုံးပြုံး ဖြစ်ခဲ့ရပါတယ်။
ဇန်န၀ါရီ ၉  ရက်နေ့မှာတော့ မြန်မာ့ဆက်သွယ်ရေးအင်ဂျင်နီယာချုပ်က ဖုန်းဆင်းမ်ကတ် တစ်ခု ကျပ် ၅၀၀၀ နှင့် ရောင်းမယ်ဆိုတာဟာ ဥပဒေအရရော နည်းဥပဒေအရပါ မဖြစ်နိုင် ဘူးလို့ သတင်းသမားတွေကို ရှင်းလင်းပြောကြားခဲ့ပြန်ပါတယ်။
ရွှေပြည်တံခွန်ကုမ္ဗဏီက ကျပ် ၅၀၀၀ နှင့်ရောင်းချဖို့ သမ္မတရုံးကိုတင်ပြထားတယ်လို့ ပြောခဲ့ပြီး၊ ဆက်သွယ်ရေးကတော့ သူတို့နှင့်မပူးပေါင်းဘဲ အခုလိုလုပ်လို့မရဘူးလို့ ဆိုပါတယ်။
ကျပ် ၅၀၀၀ ဖုန်းဆင်းမ်ကတ်နှင့်ပတ်သက်ပြီး ပြည်သူတွေအကြား သို့လောသို့လော ဖြစ်နေကြတာမို့ ရွှေပြည်တံခွန်က ကုမ္ဗဏီသတင်းစာ ရှင်းလင်းခဲ့သူ မန်နေးဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးကို ဆက်သွယ်မေးမြန်းကြည့်တော့ မကြာခင် သတင်းထုတ်ပြန်ဖို့ရှိတယ်ဆိုပြီး ပြောပါတယ်။
ကုမ္ဗဏီက ကျပ် ၅၀၀၀ တန်ဖိုးဆင်းမ်ကတ် ရောင်းပေးမယ်ဆိုတာ ထုတ်ဖော်ပြောဆို တုန်းက ၀န်ထမ်းတွေနှင့် အများပြည်သူတွေဖုန်းသုံးနိုင်အောင်၊ ဆင်းရဲမွဲတေမှု တိုက်ဖျက် ရေးမှာ တတပ်တအားပါဝင်ဆောင်ရွက်တာပါလို့ ပြောခဲ့ပါတယ်။
သူက မြန်မာနိုင်ငံမှာ ဖုန်းခေါ်ဆိုခ တမိနစ် ၂၅ ကျပ်ဆိုတာကိုက များလွန်းနေပြီး တကယ်ဆို ငါးကျပ်လောက်ပဲ ကျသင့်ရမှာဖြစ်သလို တယ်လီဖုန်းဟာ ဇိမ်ခံပစ္စည်းမဟုတ် ပါဘူးလို့ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
မန်နေးဂျင်းဒါရိုက်တာရဲ့ သတင်းစာရှင်းလင်းပွဲကြောင့် လက်ကိုက်တယ်လီဖုန်းတစ်လုံးဟာ ကျပ်ငွေ ၃၀၀၀၀ လောက်ရှိရင် လူတိုင်းကိုင်နိုင်တဲ့အဆင့်ဖြစ်တာကြောင့် ယခင်အစိုးရ လက်ထက်တုန်းက ဖုန်းတစ်လုံးကိုင်နိုင်ဖို့ သိန်းပေါင်းများစွာ ကုန်ကျခဲ့ရတဲ့အခြေအနေ တွေကို လူတွေက မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။
မြန်မာအိမ်နီးချင်း ထို်င်းနိုင်ငံမှာ ဖုန်းဆင်းမ်ကတ်တစ်ခုကို အလကားပေးတာမျိုးရှိပြီး၊ ၀ယ်သုံးရင်လဲ ဘတ်ငွေ ၅၀ ကနေ ၁၀၀ ကြားပဲရှိတာမို့ ကျပ် ၅၀၀၀နှင့်ရောင်းပေးဖို့ဆိုတာ မဖြစ်နိုင်စရာမရှိဘူးလို့ ဘန်ကောက်က ဖုန်းဆင်းမ်ကတ်ကိုယ်စားလှယ် မြန်မာတဦးက ပြောပါတယ်။
အခုလိုဖြစ်နေတဲ့အပေါ် ပြည်တွင်းစီးပွားရေးသတင်းအယ်ဒီတာတဦးက သံသယဖြစ် မိကြောင်း အခုလို သုံးသပ်ပြောကြားပါတယ်။
”အစိုးရဘက်က ဒါကိုထုတ်ပြန်ထားတာမရှိဘူး။ အစိုးရ၀န်ကြီးကလည်း မသိဘူး။ လောလောဆည် တရားဝင်လုပ်ကိုနေတဲ့ ဆက်သွယ်ရေးနှင့်ပတ်သက်တဲ့ ကုမ္ဗဏီတွေ ကလည်း မသိဘူး။ အဲတော့ ကျနော်တို့က ဒီဟာကို ဘာလို့အခုလို ရုတ်တရက်ကြီး ထဖြစ် ရတာလဲ။ ထပြောရတာလဲ။ အခုကျတော့လည်း ဒီကိစ္စနှင့်ပတ်သက်ပြီး သတင်းသမားတွေ ကြားမှာ လှုပ်ခတ်သွားပေမယ့် သူတို့ဘက်က ဆက်ပြီး ထုတ်ပြန်တာတွေ၊ ပြောဆိုတာတွေ ဘာမှမပြောဘူးဖြစ်နေတာပေါ့။ ကျနော်က ဒါက တစုံတရာ မှားယွင်းတာလား။ တစုံတရာ လုပ်ကြံဖန်တီးတာလားဆိုတာ ကျနော် သံသယရှိတယ်။”
 Ref: DVB

Monday, 9 January 2012

ယခင်အစိုးရလက်ထက် အမှုဟောင်းများ တိုင်ကြားနိုင်

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ အပါအ၀င် ယခင်အစိုးရ လက်ထက်က မည်သည့်အမှုဟောင်းများကို မဆို မိမိပြစ်ဒဏ် ကျခဲ့စဉ်က မမှန်ကန်၊ မမျှတခဲ့ကြောင်း၊ အဂတိ တရားများရှိခဲ့ကြောင်း အထောက်အထားခိုင်လုံစွာ တိုင်ကြားလာပါက ပြည်သူ့ လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက သက်ဆိုင်ရာ တရားလွှတ် တော်ရုံးများသို့ လွှဲအပ်ပြီး ပြန်လည် စိစစ် စေမည်ဟု ၎င်းကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဒီဇင်ဘာလ ၂၉ ရက် နေ့က မီဒီယာများကို ပြောသည်။
"အခုဆိုရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်း သားတွေလည်း ပြန်လွတ်လာတော့မှာပါ။ မှန်ကန်ပါလျက်နဲ့ နစ်နာမှုတွေရှိခဲ့တဲ့ အမှုဟောင်းတွေကို ကျွန်တော်တို့ဆီကို ပြန်တင်ပေးပါ။ ဆက်ပြီးတော့ ဆောင်ရွက်ပေးပါမယ်။ အဲဒီအမှု ဟောင်း တွေဟာ ငါးနှစ်ပဲကြာကြာ၊ ၁၀ နှစ်ပဲကြာကြာ ပြန်တင်ပေးပါ။ တစ်ခုတော့ရှိပါတယ်။ ကာလစည်းကမ်း သတ်မှတ်ချက်ရှိတဲ့ တရားမ မှုမျိုး၊ စည်ပင်သာယာ အက်ဥပဒေနဲ့ဆိုင်တဲ့ ဥပမာ-လမ်းပိတ်ဆို့မှုမျိုး စတာတွေကလွဲရင် ဘယ်အမှုဟောင်းတွေပဲဖြစ်ဖြစ် တင်ပေး လာရင် ဆောင်ရွက်ပေးပါမယ်"ဟု ၎င်းက ပြောသည်။
ထိုသို့ တိုင်ကြားစာများ၊ အသနားခံ စာများ ပေးပို့လိုပါက 'တရားစီရင်ရေး နှင့် ဥပဒေရေးရာကော်မတီ၊ ပြည်သူ့ လွှတ်တော်၊ နေပြည် တော်'ဟု လိပ်မူ၍ လည်းကောင်း၊ 'ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်' ဟု လိပ်မူ၍လည်းကောင်း၊ သို့ တည်း မဟုတ် နှစ်ခုစလုံးသို့ လည်းကောင်း ပေးပို့နိုင်ကြောင်း ၎င်းက ပြောသည်။
"ဒီနေ့အထိ တိုင်ကြားလာတဲ့ အမှု ပေါင်း ၁၀၀ ခန့် ရှိပါတယ်။ အထောက် အထား အချက်အလက်ခိုင်လုံတဲ့ အမှု က ၆၉ ခုရှိပါတယ်။ ကော်မတီအနေနဲ့ တရားမျှတမှုနဲ့ ပြည်သူ့မျက်နှာကိုပဲ ကြည့်ပြီး ဆောင်ရွက်နေပါတယ်"ဟု ၎င်းကော်မတီအဖွဲ့ဝင်တစ်ဦးက ပြော ကြားသည်။
Ref: MMTimes

မဲဆောက် တောရဘုန်းတော်ကြီးကျောင်းကို ထိုင်းအာဏာပိုင်များ ထိန်းသိမ်းထား

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တောရဘုန်းတော်ကြီးကျောင်း  တွင် မြန်မာဘုန်းတော်ကြီးများအကြား ဖြစ်ပွားနေသည့် ကျောင်းတိုက်ဆိုင်ရာ ပြဿနာများကို ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် ထိန်းသိမ်းထားလိုက်ပြီး ဖြစ်သည်။
Thai-police-in-Watparmai-temple
မဲဆောက် တောရဘုန်းတော်ကြီးကျောင်းကို ထိုင်းအာဏာပိုင်များ ထိန်းသိမ်းထား
မဲဆောက်တွင် သက်တမ်း ၁၁၁နှစ်ရှိ တောရမြန်မာဘုန်းတော်ကြီးကျောင်းမှ မြန်မာဘုန်းတော်ကြီးများ အကြား ၂လကျော်ကြာ ဖြစ်ပွားနေသည့် ကျောင်းတိုက်နေရာ လုယူမှုပဋိပက္ခကို မဲဆောက်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က လာရောက်ထိန်း သိမ်းလိုက်သည့်အတွက် ရှုတ်ထွေးနေသည့် အခြေအနေများ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

သက်တော် ၆၅နှစ် ၀ါတော် ၄၅၀ါရှိ လက်ရှိ ကျောင်းထိုင်ဆရာတော် အရှင်မဟိန္ဒ၏ အုပ်ချုပ်မှုကို လက်မခံနိုင်သည့်အတွက် ကျောင်းတိုက်ဝင်းအတွင်း သီးသန့်သီတင်းသုံးနေထိုင်သည့် အရှင်ခေမာ၊ သက်တော် ၇၄နှစ် ၀ါတော် ၅၄၀ါက လက်ရှိဆရာ တော်အား ကျောင်းတိုက်အတွင်းမှ ဖယ်ရှားရန် ကြိုးစားရာမှ ပြဿနာများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကျောင်းဂေါပက အဖွဲ့ဝင် တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တန်ဆောင်မုန်းလဆန်း ၈ရက်နေ့ကစပြီးဖြစ်တာ အဲဒီနေ့မှာ လက်ရှိ ဆရာတော်ဦးမဟိန္ဒက ကထိန်ခင်းတာကို ဦးခေမာက ဘုန်းကြီးကျောင်းတခုထဲမှာ ကထိန်နှစ်ခါ ခင်းလို့မရဘူးဆိုပြီး ထိုင်းပုလိပ်နဲ့ သွားတိုင်လို့ ကထိန်ပွဲပျက်သွားတယ်။ အဲဒါအပြင် ဘန်ကောက်က ထိုင်းသတင်းစာတိုက်တခုရဲ့ အကူအညီနဲ့ လက်ရှိဆရာတော်ကို မောင်းထုတ်ပြီး သူ့နေရာမှာ အခြားထိုင်းဘုန်းတော်ကြီးတစ်ပါးနဲ့ အစားထိုးဘို့ စီစဉ်တာကို ကျောင်းဂေါပကနဲ့ ကျောင်းဒကာတွေက မကျေနပ်ရာကနေ စခဲ့ တာပဲ။”ဟု ပြောသည်။

နှစ်ဘက် ဆရာတော်များအကြားမှ မကျေလည်မှု ပြဿနာများကြောင့် နှစ်ဘက်ဒကာများအကြားတွင် အဓိကရုဏ်းဖြစ်မည့် အနေအထားသို့ ရောက်ရှိလာခဲ့သည့်အတွက် ယမန်နေ့က မဲဆောက်အုပ်ချုပ်ရေးတာဝန်ရှိသူများ လာရောက်ထိန်းသိမ်းပေးခဲ့ ပြီး ဘုန်းတော်ကြီးအရှင်ခေမာမှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ မလာရောက်မီ ကျောင်းတော်မှ တရက်ကြို၍ ထွက်ခွာသွားခဲ့ပြီး မဲဆောက်မြို့ပြင်ရှိ ဘွဲကလားကျေးရွာ ထိုင်းဘုန်းတော်ကြီးတွင် ရောက်ရှိနေသည်ဟုသာ သိရသည်။

ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ အရှင်ခေမာကို မေးမြန်းရန် ကြိုးစားဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။ ထို့အပြင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် ကျောင်းဝင်းအတွင်းမှ တင်းမာမှုကြောင့် ကျောင်းပြင်ပတွင် ထိုင်းရဲအချို့နှင့် အချုပ်ကားများ နေရာယူထားကာ ဘုန်းတော်ကြီးအရှင်ခေမာ၏ အစီအစဉ်နှင့် ကျောင်းဝင်းထဲ ရောက်ရှိနေသည့် ဘန်ကောက်သတင်းစာတိုက်တခုမှ ခေါင်း ဆောင်နှင့်အဖွဲ့ဝင်များကို မဲဆောက်ရှိ ထိုင်းရဲများက ကျောင်းတိုက်အတွင်းမှ ထွက်ခွာစေခဲ့သည်။

တောရကျောင်း ဂေါပကအဖွဲ့ဝင်ကိုသိန်းက “ဒီကိစ္စ ဒီလိုဖြစ်ရတာ မြန်မာနိုင်ငံသားတွေအတွက် သိက္ခာအကြီးအကျယ်ကျရသ လို ဒေသခံတွေကြားမှာလည်း တကယ်အရှက်ရဘို့ ကောင်းတယ်။”ဟု ဆိုသည်။

လက်ရှိတွင်တောရကျောင်းပြဿနာနှင့်ပတ်သက်၍ မဲဆောက်အုပ်ချုပ်ရေးရုံးက ကိုင်တွယ်လျှက်ရှိပြီး ကျောင်းကို မဲဆောက် မြို့ရှိ ၀ပ်ဒွန်းချိုင်း ဘုန်းတော်ကြီးကျောင်းမှ ထိုင်းဆရာတော်က ယာယီ တာဝန်ယူထိန်းသိမ်းထားသည်ဟု သိရသည်။

မဲဆောက်မြို့နယ်တွင် ကျောင်းကြီးဘုန်းတော်ကြီးကျောင်း(၀ပ်နဒါ)၊ တောရကျောင်း (၀ပ်ပါကောင်)၊ မယ်တော်ကျောင်း (၀ပ် ထိုင်းဝထနားလမ်း)၊ တောရကျောင်းသစ်(၀ပ်ပါမိုင်)၊ ထာ့အာကျောင်း အပါအ၀င် မြန်မာဘုန်းတော်ကြီးကျောင်း ၅ကျောင်းရှိပြီး ၎င်းတောရဘုန်းတော်ကြီးကျောင်းတွင် ကျောင်းစတည်ရှိချိန်မှစ၍ လက်ရှိဆရာတော်အရှင်မဟိန္ဒ အပါအ၀င် မြန်မာဘုန်းတော် ကြီး ၅ပါး ကျောင်းထိုင်လာခဲ့သည်ဟု ကျောင်း၏ နှစ် ၁၀၀ပြည့် အထိမ်းအမှတ်စာအုပ်တွင် ဖော်ပြထားသည်။

နောက်ဆုံးရရှိသည့်သတင်းအရ တောရကျောင်းတွင် ဖြစ်ပွားခဲ့သည့်ပဋိပက္ခသည် ထိုင်းတရားရုံးသို့ ရောက်ရှိသွားပြီးဖြစ်သည် ဟု တောရကျောင်းဆရာတော်အရှင်မဟိန္ဒက ပြောသည်။

၎င်းက “ဒီနေ့မနက် ဘုန်းကြီး မဲဆောက်တရားရုံးကိုသွားပြီး လက်မှတ်သွားထိုးရတယ်။ တရားရုံးက မေးတယ်။ ဘုန်းကြီး မဲဆောက်မှာနေတာ ဘယ်လောက်ကြာပြီလဲဆိုတော့ နှစ် ၄၀ရှိပြီးလို့ ပြန်ပြောလိုက်တယ်။ ဒီလောက်ပါပဲ။ အခြားတော့ ဘာမှ မမေးဘူး။”ဟု မိန့်ကြားသည်။

ထိုင်းရှေ့နေတဦးက ထိုင်းတရားရုံးသို့ အမှုရောက်ရှိသွားသည့်အတွက် တောရကျောင်းနှင့် လက်ရှိဆရာတော်၏ အခြေအနေ မည်သို့ဖြစ်လာမည်ကို တပ်အပ် မခန့်မှန်းနိုင်ကြောင်း၊ အကယ်၍ ထိုင်းတရားရုံးက ထိုင်းတွင် နှစ် ၄၀ကြာ နေထိုင်ခဲ့ခြင်းကို စာနာစဉ်းစားပေးပါက မျှော်လင့်ချက်ရှိနိုင်သည်ဟု ပြောသည်။

ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ သာသနာရေးဦးစီးဌာန၏ သတ်မှတ်ချက်အရ ထိုင်းနိုင်ငံတွင် ကျောင်းထိုင် ဘုန်းကြီးသည် ထိုင်းနိုင်ငံသားဖြစ်ရမည်ဟု တရားဝင် သတ်မှတ်ထားသည်။Ref: BNI

Tipco နာနတ်သီးစက်ရုံမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ခြိမ်းခြောက်ခံရ

20120109b
ထိုင်းနိုင်ငံ၊ ပကျွတ်ခရိုင်၊ Tipco နာနတ်သီးစက်ရုံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား (၅၇၀) ကျော်သည် ဒေသခံ ထိုင်းလူမျိုးများနှင့် ထိုင်းလူမျိုး လုပ်ငန်းကြီးကြပ်သူများ၏ ခြိမ်းခြောက် အနိုင်ကျင့်မှုများကြောင့် အလုပ်မှ နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

(၂၊ ၀၁၊ ၂၀၁၂)ရက်နေ့ ည(၉)နာရီခန့်၌ မိမိတို့၏ အလုပ်သမား တန်းလျားတွင် ထမင်းစားနေသော မြန်မာရွှေ့ပြောင်း အလုပ်သမား(၄)ဦးကို ထိုင်းလူမျိုးများက ဝင်ရောက် ရိုက်နှက်ခဲ့ရာမှ အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“မြန်မာ အလုပ်သမားလူငယ်(၄) ယောက် ထမင်းစားနေတာကို ထိုင်းလူမျိုးတွေက ဝင်ရိုက်တာကို မခံနိုင်လို့ အခြား မြန်မာ အလုပ်သမားတွေက ဝင်ရိုက်တာ ထိုင်းလူမျိုး(၃) ယောက် ဒဏ်ရာ ရခဲ့တယ်။ ဒဏ်ရာရတဲ့ ထိုင်းတွေကို ဆေးကုသဖို့ တစ်ယောက်ကို ဘတ်ငွေ(၁၀၀၀၀) ပေးရမယ်ဆိုလို့ အလုပ်သမား ခေါင်းဆောင်တွေက ဝင်ညှိပေးလို့ ကျနော်တို့က နောင်ပြဿနာ မဖြစ်အောင်ဆိုပြီး ပေးလိုက်တယ်။ ဒါပေမယ့် တစ်ချို့ထိုင်း တွေက အဲဒါကို မကျေမနပ်ဘဲ ဝိုင်းရိုက် လိုက်တဲ့ မြန်မာအလုပ်သမား (၁၇)ယောက်ကို စက်ရုံထဲမှာ မထားဘဲ အပြင်မှာ နေခိုင်းရမယ် ဆိုတာနဲ့ ကျနော်တို့ အားလုံး ထွက်လာကြတာပါ”ဟု အလုပ်သမား ခေါင်းဆောင် ကိုမောင်က ပြောသည်။
“ရန်ဖြစ်လို့ ဝိုင်းရိုက်လိုက်တဲ့ မြန်မာ အလုပ်သမားတွေကို အပြင်မှာ နေခိုင်းမယ်ဆိုရင် သူတို့ကို သတ်လိုက်တာနဲ့ အတူတူဘဲ။ အဲဒါကြောင့် ကျနော်တို့က အလုပ်သမားတွေကို စက်ရုံအပြင်မှာ မနေခိုင်းနိုင်ဘူး။ ရန်ဖြစ်တဲ့ နေ့ကလည်း ကားတစ်စီးနဲ့ ထိုင်းတွေဝင်လာပြီး ကျနော်တို့ မြန်မာအလုပ်သမား အခန်းတွေကို သေနတ်တွေနဲ့ ပစ်တယ်”ဟု ၎င်းက ဆက်ပြောသည်။
စက်ရုံ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများမှ ညှိနှိုင်းပေးရာတွင် မြန်မာအလုပ်သမားများ အနေဖြင့် ဒေသခံ လူမိုက်များအား လစဉ်ကြေးပေးပြီး နေထိုင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာ အလုပ်သမားများ အနေဖြင့် ဆိုင်ကယ်မောင်းခွင့် အတွက်လည်း လစဉ်ကြေး ပေးနေရသည့်အပြင် အထက်ဖော်ပြပါ ခြိမ်းခြောက်မှုများကြောင့် အလုပ်မှ ထွက်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ပြဿနာနှင့် ပတ်သက်ပြီး ဝင်ရောက် ညှိနှိုင်းပေးနေသူ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “အလုပ်သမားတွေ စက်ရုံ တစ်ရုံလုံးနီးပါး ထွက်သွားတာနဲ့ ပတ်သက်ပြီး  အဲဒီကုမ္ပဏီရဲ့ အကြီးတန်း အရာရှိတစ်ဦးနဲ့ နီးစပ်တဲ့ နော်ဝေက မိတ်ဆွေတစ်ယောက်က ကျနော့်ကို အကြောင်း ကြားလာတယ်။ စက်ရုံမှာ ဖြစ်နေတာကို သူတို့ အပေါ်က လူတွေအနေနဲ့ တိတိကျကျ သိချင်တယ် ဆိုတာနဲ့ ကျနော်က အလုပ်သမားတွေကို ဆက်သွယ်ပြီး အခြေအနေမှန်ကို တင်ပြနိုင်ဖို့ ပြင်ဆင်နေတာပါ။ အခုလို ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို နိုင့်ထက်စီးနင်း မတရားလုပ်နေတာ အဲဒီစက်ရုံ တစ်ရုံထဲ မဟုတ်ပါဘူး။ အလားတူ ပြဿနာတွေ ထိုင်းနိုင်ငံမှာ အမြဲတမ်းလို ဖြစ်နေပါတယ်”ဟု ပြောသည်။
အဆိုပါ စက်ရုံမှ အလုပ်ထွက်သွားသူ ဦးရေ မြန်မာအလုပ်သမား (၅၇၀)ကျော်ရှိရာ၊ အမျိုးသမီး (၄၀၀)ကျော် ပါဝင်ပြီး အလုပ်သမား အားလုံးတွင် တရားဝင် အလုပ်သမား လက်မှတ်၊ ယာယီနိုင်ငံကူး လက်မှတ်များ ကိုင်ဆောင်ထားသည်ဟု သိရသည်။

Ref; GHR

မြန်မာသံရုံးသွားသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို မဟာချိုင်ရဲက ဖမ်းဆီး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မဟာချိုင်မြို့ခံရဲက ယာယီနိုင်ငံကူးလက်မှတ် ကွန်ပျူတာ လက်ဗွေနှိပ်ရန် မြန်မာသံရုံးကိုသွားတဲ့ မြန်မာအလုပ်သမား ၂၀ ကျော်ကို သောကြာနေ့က လမ်းခုလတ်မှာ ဖမ်းဆီးခဲ့ပါတယ်။
အီလက်ထရွန်းနစ် နည်းပညာသုံး ခရမ်းရောင် ယာယီနိုင်ငံကူးလက်မှတ်အသစ် အစီအစဉ်ကို ထိုင်းနှင့် မြန်မာအစိုးအရတို့ပူးတွဲစီစဉ်ဆောင်ရွက်နေတာဖြစ်ပေမယ့် အောက်ခြေက အာဏာပိုင်တွေက ယခင်ဥပဒေအရ အလုပ်သမားတွေအနေနှင့် နယ်ကျော် လုပ်ကိုင်သွားလာခွင့် မရှိတာကို အကြောင်းပြပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဖမ်းခံရတဲ့ အလုပ်သမားတွေထဲက ၂ ယောက်ကို နယ်ကျော်အမှုအဖြင့် ဘတ်ငွေ ၂ သောင်း တောင်းခံခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ဗဏီပွဲစားကတော့ ဘတ်ငွေ တစ်သောင်းဘဲ ပေးလိုက်ရတယ်လို့ ပြောပါတယ်။ ငွေပေးလိုက်ရတဲ့ အလုပ်သမား ၂ယောက်ဟာ ယခင်က ဘန်ကောက်မှာ နေထိုင်ခွင့်အလုပ်သမားလက်မှတ်လုပ်ထားပြီး မဟာချိုင်ကို ပြောင်းလာတဲ့ အလုပ်သမားတွေဖြစ်ပါတယ်။ သူတို့ အဖမ်းခံနေရတုန်း ကားပေါ်မှာ အတူပါလာတဲ့ မြန်မာတစ်ဦးက သံရုံးကို အကူအညီတောင်းဖို့ ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းမကိုင်ဘူးလို့ပြောပါတယ်။
ထိုင်းနှင့် မြန်မာအစိုးရတို့က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက နိုင်ငံအတွင်းမှာ ယာယီပတ်စ်ပို့ ထုတ်ပေးဖို့အတွက် ဘန်ကောက်၊ မဟာချိုင်၊ စမုပါရာကန်၊ ထိုင်းတောင်နိုင်ငံတောင်ပိုင်း စူရဌာနီနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့စတဲ့ ၅ နေရာမှာ သတ်မှတ်ခဲ့ပါတယ်။ 
Ref: DVB 


Ref: ဧရာဝတီ

ယာယီမြန်မာနိုင်ငံကူး လက်မှတ်များ ပြောင်းလဲပေးမည်

ယခင်မြ၀တီမြို့၌ ထုတ်ပေးသော လက်ရေးဖြင့် ရေးထားသည့် ယာယီနိုင်ငံကူး လက်မှတ်ကို ယခု  Computerized Temporary Passport စာများဖြင့် ယနေ့မှစ၍ ပြောင်းလဲ ထုတ်ပေးတော့မည်ဟု မြ၀တီရှိ နိုင်ငံကူး လက်မှတ်လုပ်ရေးတွင် ပါဝင်ကူညီနေသူတဦးက ပြောပါသည်။
“ ဒီလိုလုပ်မယ်ဆိုတာ နှစ်ဆန်းကတည်းက ကြားနေရတယ်လေ အခုမှမြ၀တီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးကနေ ထုတ်ပေးနေပြီးလေ။ အထွေအထူးတော့ မဟုတ်ပါဘူး လက်မှတ်က ပိုသန့်တာပေါ့ဗျာ။ အရင်က လက်ရေးနဲ့ဆိုတော့ ကြည့်လို့ မကောင်းဘူးပေါ့ ဒါပါဘဲ”
ယာယီမြန်မာနိုင်ငံ ကူးလက်မှတ် ထိုင်း-မြန်မာအစိုးရတို့၏ အစီစဉ်ဖြင့် ခွင့်ပြုနေပြီး အလုပ်သမားရှာဖွေရေးအတွက် အဓိက ရည်ရွယ်ထားပါသည်။ ထိုင်းနိုင်ငံအတွင်း မည်သည့် ဒေသမဆို အလုပ်လုပ်ကိုင်ခွင့်ရှိပြီး  စစ်ဆေးတားမြစ်မှု မခံရဘဲသွား ရောက်နိုင်ပါသည်၊၊
နေထိုင်ခွင့် ဗီဇာသက်တမ်း နှစ်နှစ်ရမည်ဖြစ်ပြီး ပတ်စ်ပို့သက်တမ်း ခြောက်နှစ်ရှိမည်ဖြစ်ကြောင်း၊ ထိုင်းအလုပ်သမား ဥပဒေ ပါ ခံစားမှုများ တန်းတူ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း၊ အခွန်ကောက်ခံခြင်း၊ တားဆီးစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ လုံးဝမရှိ ကြောင်း သိရသည်။
အလားတူ မြ၀တီနယ်စပ်မြို့အပြင်  ကော့သောင်းမြို့၊ တာချီလိတ်မြို့များတွင်လည်း ကွန်ပျူတာစနစ်သုံး ယာယီမြန်မာနိုင်ငံ ကူးလက်မှတ်များကို နေ့ချင်းပြီးပြုလုပ်ပေးနေကြောင်းသိရပါသည်။  
Ref: ရွှေဟင်္သာသတင်းဌာန

ပြည်ပအလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင်လိုင်စင် မရှိဘဲ ပြည်ပနိုင်ငံများရှိ စက်ရုံများတွင် အလုပ်လုပ်ရမည်ဟု ၀န်ဆောင်မှုပေးနေသူများကို အမှုဖွင့် စစ်ဆေးလျက်ရှိ

71510
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြည်ပထွက်ခွာ အတွင်းပိုင်း တစ်နေရာ
ရန်ကုန်တိုင်းဒေသကြီးအတွင်း  ပြည်ပအလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင်လိုင်စင် မရှိဘဲပြည်ပနိုင်ငံ များရှိ စက်ရုံ၊ အလုပ်ရုံများနှင့် အခြားလုပ်ငန်းများတွင် အလုပ်လုပ် ကိုင်ရမည်ဟု အကြောင်းပြချက်ဖြင့် ပြည်ပနိုင်ငံများသို့ အလုပ်သမားများ တရားမ၀င် ပို့ဆောင်နေသူများကို အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် ဒီဇင် ဘာလ ၂၇ ရက်နေ့တွင် တာဝန်ရှိ အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် အောင် မင်္ဂလာအဝေးပြေးဝင်း၊ အောင်စစ်သည် ကားဂိတ်ခရီးသည်တင် ယာဉ်လိုင်း၊ ရန်ကုန်မှ ကော့ကရိတ်သို့ သွားမည့် ယာဉ်အမှတ် ၄ ခ/၇၈၇၂ ဖြင့် လိုက်ပါစီးနင်းမည့် ကိုဦး(၂၇) နှစ်၊ မကွေးတိုင်းဒေသကြီး နေသူပါ ၁၀ ဦးအား စစ်ဆေးရာ ကိုဦးသည် မကွေးတိုင်းဒေသကြီး မင်းလှမြို့ နယ်အတွင်းရှိ ကျေးရွာများမှ ကို ကြည်လှိုင် ၃၉ နှစ်၊ တောင်သူပါ ကျားခြောက်ဦး၊ မ သုံးဦးထံမှ တစ်ဦး လျှင် ငွေကျပ် ၅၀၀၀၀ ကျပ်စီရယူပြီး ထိုင်းနိုင်ငံ၊ မဟာချိုင်ရှိငါးပုစွန် လုပ်ငန်းစက်ရုံ၌ အလုပ်သွင်းပေးရန် ခေါ်လာခြင်းဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ကိုဦးအပေါ် အရေးယူရန်အတွက် တိုင်တန်းမှုအား မင်္ဂလာဒုံရဲစခန်း(ပ) ၇၃၂/၂၀၁၁၊ ပုဒ် မ-ပြည်ပ-၂၆ဖြင့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အမှုဖွင့်ပြီး တရားခံအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ လှိုင်သာယာစက်မှုဇုန် (၄)ရှိ SY(SHWE  YIM) အအေးခန်း စက်ရုံမှမန်နေဂျာ ဒေါ်စိုးစိုးမိုး(၄၄) နှစ်သည် ၎င်းင်းစက်ရုံမှ အလုပ်သမား ဖြစ်သည့် သန့်ဇင်ဦးပါ ၁၁ ဦးအား ၂၀၁၁ခုနှစ်မတ်လတွင် လည်းကောင်း၊ ချိုလင်း၊ အောင်ကိုဦး၊ မောင်မောင် ထွန်းပါ ကိုးဦးတို့အား ၂၀၁၁ခုနှစ် ဇူလိုင်လ တွင်လည်းကောင်း၊ ၎င်းတို့၏ လက်ရှိအအေးခန်းစက်ရုံမှ လစာဝင်ငွေထက် ပိုမိုများပြားသည့် လစာဝင် ငွေရရှိကြောင်း အကြောင်းပြချက်ဖြင့် ခြောက်လ စာချုပ်ချုပ်ဆို၍ စက်ရုံအစီအစဉ်ဖြင့် တရုတ်နိုင်ငံ ကျန်းဖုန်း မြို့အနီး အုတ်စက်ရုံသို့ စေလွှတ်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့သို့ပို့ဆောင်စဉ် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် လိုင်စင်ရယူထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စက်ရုံမန်နေဂျာဖြစ်သူ ဒေါ်စိုးစိုးမိုးနှင့် ဒါရိုက်တာ ဦးထန်ချိန်ချီတို့နှစ်ဦးကို လှိုင်သာယာ ရဲစခန်း(ပ)၁၉၂၃/၂၀၁၁၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ပုဒ်မ-၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရပါသည်။
အလားတူ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာနှင့် ၂၀၁၁ ခုနှစ် ဇန်န၀ါရီ လအတွင်း  သန့်ဇင်အောင် (၃၁)နှစ် ကျောက်ပန်းတောင်း မြို့နယ်နေသူ နှင့်မြင့်ကျော်၊ ဖြိုးသူ၊ မင်းသူ၊ ၀င်းနိုင်စိုးငါးဦးတို့အား မောင်မောင် လမ်း(၃၀)၊ (၈)ရပ်ကွက် ပန်းဘဲတန်း မြို့နယ်နေသူမှ မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်နိုင်ရေး ဆောင်ရွက်ပေးမည်ဟု ပြောဆိုကာ တစ်ဦးလျှင် ငွေကျပ်ကိုးသိန်းဖြင့် စုစုပေါင်း ၄၅ သိန်းရယူပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သော်လည်း အလုပ်အကိုင်ရှာဖွေ စီစဉ်မပေးဘဲ မလေးရှားနိုင်ငံရှိ တိုက်ခန်း တစ်ခုတွင် တစ်လခန့်ထားရှိပြီး ဒုက္ခမျိုးစုံခံရကာ မြန်မာနိုင်ငံသို့ မိမိအစီအစဉ်ဖြင့် ပြန်လာခဲ့ရသောကြောင့် မောင်မောင်အပေါ် အရေးယူပေးရန် တိုင်တန်းမှုအား ပန်းဘဲတန်း ရဲစခန်း(ပ)၄၂၆/၂၀၁၁၊ ပြည်ပအလုပ်အကိုင် အက်ပုဒ်မ ၂၆ ဖြင့် ဒီဇင်ဘာ လ ၂၈ ရက်နေ့တွင်  အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Ref; EMG

NLD ခေါင်းဆောင်မှု ပုံသဏ္ဍာန် ပြောင်းလဲဖွဲ့စည်း

ချင်းမိုင်(မဇ္စျိမ) ။         ။ ဒေါ်အောင်ဆန်းစုကြည် အား CEC ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဦးတင်ဦး အား သဘာပတိ အဖွဲ့၏ နာယက အဖြစ်လည်းကောင်း ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC ပုံမှန်အစည်းအဝေးမှ ဆုံးဖြတ်လိုက်သည်။

တနင်္လာနေ့က ၂ နာရီခန့်ကြာ ပြုလုပ်သည့် CEC အစည်းအဝေးမှ ဆုံးဖြတ်ချက်အရ CEC အဖွဲ့ဝင်များအဖြစ် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးဝင်းမြင့်နှင့် ဒေါ်မေဝင်းမြင့်တို့ ပါဝင်ပြီး သဘာပတိ အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေနှင့် ဦးလှဖေတို့ ပါဝင်သည်။
opening-ceremony-of-nld-new-signboard-3
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးနှင့် အန်အယ်လ်ဒီပါတီဝင်များကို ပါတီဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးရှေ့တွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီကို မှတ်ပုံတင်တဲ့အခါမှာ ပါတီရဲ့ ဖွဲ့စည်းပုံကို ကျနော်တို့ တင်ရတယ်။ သဘာပတိရှိမယ်။ CEC ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပြန်လည် ဖွဲ့စည်းပါတယ်။ လက်ရှိ အခြေအနေအရ ပါတီရဲ့ အုပ်ချုပ်မှုအတွက် ပထပမဆုံး ပြန်လည် အတည်ပြု ဖွဲ့စည်းတဲ့ သဘောပါ”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခင် ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေမှာ ကျန်းမာရေးအရ အနားယူထားသည်မှာ ကြာပြီဖြစ်ကြောင်း ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ အသက် ၈၀ ကျော်အရွယ်တွေက ကျန်တဲ့လူတွေကို နေရာဖယ်ပေးလို့ ရအောင်၊ တခြားအခန်းကဏ္ဍတွေ လုပ်နိုင်အောင် ပါတီရဲ့ သဘာသပတိအဖွဲ့ လုပ်မယ်။ လူသစ်တွေတော့ မရွေးရသေးဘူး”ဟု ပြောသည်။

NLD ပါတီမှာ ၁၉၈၈ စက်တင်္ဘာလအတွင်း စတင်ဖွဲ့စည်းခဲ့ပြီး ယခုကာလအထိ ပါတီညီလာခံ ကျင်းပနိုင်ခဲ့ခြင်း မရှိသေးပေ။ ယခုခေါင်းဆောင်မှု ပုံစံသစ်အားလည်း CEC အဖွဲ့ဝင်များကသာ ပြောင်းလဲ ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

CEC အဖွဲ့ဝင်များကို ထပ်မံ ရွေးချယ်သွားမည် ဖြစ်ပြီး ပါတီဝင် လျှောက်လွှာများကို တိုင်းနှင့် ပြည်နယ်အလိုက်
ဖြန့်ဝေလိုက်ပြီ ဖြစ်သည်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်သည့်နေရာ ၄၈ နေရာလုံးတွင် NLD က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ နေပြည်တော် လေးနေရာတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး တနင်္လာနေ့တွင်ပင် ရန်ကုန်မြို့ ဗဟိုအောင်နိုင်ရေးအဖွဲ့များနှင့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု မန္တလေးတိုင်း
အောင်နိုင်ရေး အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် ဒီမိုကရေစီရေးအပေါ် သစ္စာစောင့်သိသူ၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင် အတွေ့အကြုံ ရှိသူ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များကို ဦးစားပေးမည်ဟု ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် သုံးနေရာတွင် NLD ကိုယ်စားလှယ်လောင်းအဖြစ် ဖားကန့်မြို့နယ်တွင် ဦးဒါ့ရှီလဆိုင်း၊ မိုးကောင်းမြို့နယ် မဲဆန္ဒနယ်တွင် ၁၉၉၀ အနိုင်ရအမတ် ဦးထွန်းကြည်နှင့် ဗန်းမော်မြို့နယ်တွင်
ပြည်နယ် စည်းရုံးရေး တာဝန်ခံ ဦးဘမြင့်ကို ရွေးချယ်ထားသည်ဟု သိရသည်။

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ကိုယ်စားလှယ်လောင်းအဖြစ် စည်းကော်မတီ ဥက္ကဋ္ဌ ဦလှိုင်အေး၊ စစ်ကိုင်းတိုင်း ပုလဲမြိုကနယ်တွင် ဦးအောင်ရှင်၊ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ကိုယ်စားလှယ်လောင်း အဖြစ် ဗဟိုတရားရုံးရှေ့နေ ဦးခင်မောင်လတ်၏ အမည်စာရင်းကို တင်သွင်းထားသည်ဟု သိရသည်။

နာယက အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ဦးစီး၍ “ဒီလှိုင်း” “D-Wave”စာစောင်ကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပထမဆုံးစာစောင်အဖြစ် ဖြန်ဝေသွားရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တွင်းပြည်ပ ဆောင်းပါးရှင်များ၏ ဆောင်းပါးများ၊ ပါတီမူဝါဒနှင့် လှုပ်ရှားမှု သတင်းများ ထည့်သွင်းဖော်ပြသွားရန် စီစဉ်နေသည်ဟု ဦးဝင်းတင်က ပြောသည်။

ထားဝယ် ရေနက် စီမံကိန်းတွင်ပါဝင်မည့် မဂ္ဂါဝပ် ၄၀၀၀ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ထားဝယ်ရေနက်စီမံကိန်းတွင်ပါဝင်မည့် မဂ္ဂါဝပ် ၄၀၀၀ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဇန်န၀ါရီလ ၉ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 'အမှန်အတိုင်းပြောရရင် ကျွန်တော်တို့လည်း မီဒီယာတွေရဲ့ စကားကို နားထောင်တယ်။ လေ့လာတယ်။ သတင်းဂျာနယ်အားလုံးက ကျောက်မီးသွေးလုပ်ရင် ဘာဖြစ်မယ်ဆိုတာ ဖော်ပြကြတယ်။ ဒါတွေအကုန်လုံးဖတ်ပြီးတော့ ဒီလိုဆိုလို့ရှိရင် ကျောက်မီးသွေးမလုပ်သင့်ဘူး။ ၄၀၀ မဂ္ဂါဝပ်ထွက်မယ့် စက်ရုံကိုတော့ ပြန်ဆွေးနွေး၊ ၄၀၀၀ မဂ္ဂါဝပ်ကိုတော့ မလုပ်တော့ဘူးလို့ အားလုံးဝိုင်းပြီး ဆုံးဖြတ်လိုက်တာပါ' ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေး အဖွဲ့အစည်းအဝေးခန်းမတွင် ဇန်န၀ါရီလ ၉ ရက်နေ့ နံနက်ပိုင်းကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထားဝယ်ခရိုင်အတွင်း ပြုလုပ်မည့် ထားဝယ်ရေနက်စီမံကိန်းနှင့် အထူးစက်မှုဇုန် အကောင်အထည်ဖော်ရာတွင် ကျောက်မီးသွေးသုံး လျပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံ တည်ဆောက်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမည့် စက်ရုံစီမံကိန်းအား ရပ်ဆိုင်းခြင်းနှင့် မဂ္ဂါဝပ် ၄၀၀ ထွက်ရှိမည့် စက်ရုံစီမံကိန်းအား ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့ခြင်းဖြစ် ပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအချို့ကို တည်ဆောက်ရန် စီစဉ်မှုများရှိခဲ့သော်လည်း ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်သဖြင့်  အဆိုပါစီမံကိန်းများကိုလည်း ဆက်လက်ဆောင်ရွက်တော့မည်မဟုတ်ကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
Ref: EMG

အင်္ဂလန်နိုင်ငံမှ Standard Chartered ဘဏ်အပါအ၀င် ဥရောပနှင့် အမေရိကန်ဘဏ် အချို့ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း ဆောင်ရွက်ရန် ပြင်ဆင်

7154
Standard Chartered ဘဏ်ခွဲတစ်ခုကို တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် တွေ့ရစဉ်
အင်္ဂလန်နိုင်ငံမှ Standard Chartered ဘဏ်အပါအ၀င် ဥရောပနှင့် အမေရိကန်ဘဏ်အချို့ မြန်မာနိုင်ငံ တွင် ဘဏ်လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့် ပြည်တွင်းဘဏ် လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်း ရရှိပါသည်။
“Standard Chartered ဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ ဟိုးအရင်ကတည်းက ဘဏ်လုပ်ငန်းဆောင်ရွက် ဖူးပါတယ်။ တကယ်လို့သာ အဲဒီမှာပြန်ပြီး လုပ်ခွင့်ရမယ်ဆိုရင် အလွန် ကို ၀မ်းမြောက်ဝမ်းသာ ဖြစ်စရာပါ” ဟုStandard Charteredဘဏ် ၏ အာရှဒေသဆိုင်ရာ စီအီးအို Mr Jaspal Bindra  က ဟောင်ကောင် ဂျာနယ်လစ်များနှင့် တွေ့ဆုံပွဲတွင်ထည့်သွင်းပြောကြားခဲ့ပြီး Bloomberg သတင်းတွင်ဖော်ပြခဲ့ပါသည်။
Mr Jaspal Bindra  က မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းဆောင်ရွက်ရန် အတွက် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပေးမှုအပေါ် မူတည်ကြောင်း ထည့်သွင်းပြောကြားပါသည်။ “ကျွန်တော် တစ်ဦးတည်းရဲ့အမြင်ကိုပြောရမယ်ဆိုရင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုက ၂၀၁၂ အတွင်းမှာ ရုပ်သိမ်းပေးမယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားပါသည်။
Standard Chartered ဘဏ်အနေဖြင့် မြန်မာနှင့်မြောက်ကိုရီးယားနိုင်ငံတို့မှလွဲ၍ အာရှနိုင်ငံများတွင် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေပြီး အမြတ်ငွေ၏ သုံးပုံနှစ်ပုံကို အာရှဒေသ မှ ရရှိနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တွင် ပါလီမန်ခေတ်က ဘဏ်ခွဲလာရောက် ဖွင့်လှစ်ခဲ့ဖူးပြီး ယခင်အစိုးရ လက်ထက် ၁၉၉၄ ခုနှစ်တွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခဲ့ဖူးပြီး ၂၀၀၂ ခုနှစ်နောက်ပိုင်း ပြန်လည် ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်း ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်ထားသော ဘဏ်များသည် အာရှအခြေစိုက်ဘဏ်များသာ ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၊ အင်္ဂလန် နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဒိန်းမတ်နိုင်ငံစသည့် အမေရိကနှင့် ဥရောပဒေသမှ ထိပ်ပိုင်းအဆင့်တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံကဲ့သို့ စီးပွားရေး အင်အားကြီးနိုင်ငံမှ ထိပ်ပိုင်းအဆင့် တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ တရားဝင် ရောက်ရှိခဲ့ခြင်းကြောင့် ပိတ်ဆို့မှုရုပ်သိမ်းပါက မြန်မာနိုင်ငံတွင် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန် စိတ်ဝင်တစား ပြင်ဆင်နေကြကြောင်း သတင်းရရှိပါသည်။
နိုင်ငံခြားဘဏ်တစ်ခု၏ ကိုယ်စားလှယ် ရုံးခွဲတာဝန်ခံတစ်ဦးကလည်း “မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းလုပ်ချင်တဲ့ နိုင်ငံတကာဘဏ်တွေ အများကြီးပါ။ အခုအာရှဘဏ်တွေအပြင် အမေရိကန်၊ ဂျပန်နဲ့ဥရောပတွေပါ ပြင်ဆင်လာကြတာ တွေ့ရတယ်။ ဘဏ်အချင်းချင်းလည်း ချိတ်ဆက်ပြီး လှမ်းမေးကြတာရှိတယ်။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းရင် အများကြီး ၀င်လာနိုင်တယ်။ ဒီမှာတော့ အခုထိ ကိုယ်စားလှယ်ရုံးခွဲ အထိပဲ နိုင်ငံတကာ ဘဏ်တွေကို ဖွင့်ခွင့်ပေးထားတော့ ဘဏ်ခွဲအဆင့်ဖွင့်လို့ရအောင် စောင့်နေရဆဲ အခြေအနေမှာပဲ ရှိသေးတယ်”ဟု ရှင်းပြပါသည်။
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံသို့ နိုင်ငံတကာဘဏ်  ၃၀ ၀န်းကျင် ကိုယ်စားလှယ်ရုံး လာရောက် ဖွင့်လှစ်ထားကြောင်း၊ အခြား  တစ်ဖက်တွင်လည်း တာဝန်ရှိသူများ က နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရသော ပြည်တွင်းဘဏ်များ နိုင်ငံတကာအဆင့် လည်ပတ်နိုင်မှသာ နိုင်ငံခြားဘဏ်များကို ဘဏ်ခွဲအဖြစ် ဖွင့်လှစ်ခွင့်ပြုမည်ဟု မူဝါဒချမှတ်ထားကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရပါသည်။
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းဆောင်ရွက်မှု အများဆုံး ဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်မှ ဒုဥက္ကဋ္ဌ ဦးသန်းလွင်က “ StandardChartered ဘဏ်ဆိုတာက ကမ္ဘာ့အင်အားကြီး ဘဏ်တစ်ခုပါ။ စူပါဘဏ်လို့ခေါ်  ရတဲ့ဘဏ်ကြီးပါ။ အရင်ကလည်း မြန်မာပြည်ကို လာဖူးတဲ့ဘဏ်ပါ။ အခုလိုပြန်လာမယ်ဆိုတာ ၀မ်းသာစရာပါ။ မြန်မာနိုင်ငံကို အကောင်း ပြန်မြင်လာတဲ့ သဘောလို့ယူဆပါတယ်။ ဒီလို ကမ္ဘာ့အဆင့်ဘဏ်ကြီး တွေပြန်ဝင်လာရင် မြန်မာဘဏ် လုပ်ငန်းဝန်းကျင် ပိုတိုးတက်လာနိုင်သလို တစ်ဖက်ကလည်း မြန်မာဘဏ်တွေ ရဲ့အရည်အချင်းကို နိုင်ငံတကာအဆင့် သွားနိုင်အောင် ပိုကြိုးစားဖို့လိုပါတယ်” ဟု သုံးသပ်ပါသည်။
Ref: EMG

၂၀၁၂မှာ လည်ပတ်ရန်အသင့်ဆုံးတိုင်းပြည် မြန်မာပြည် တတိယချိတ်

 နယူးယောက်တိုင်းမ်စ်သတင်းကောက်နုတ်ချက်
ဇန်န၀ါရီ ၉ ၊ ၂၀၁၂
ဇန်န၀ါရီ ၆ ရက်နေ့စွဲ နယူးယောက်တိုင်းသတင်းစာ၊ ခရီးသွားဆောင်းပါးကဏ္ဍမှာ သတင်းစာအဖွဲ့ရဲ့ အညွှန်းအဖြစ် ၂၀၁၂ အတွင်း လည်ပတ်ရန်သင့်တဲ့ နေရာ ၄၅ နေရာ ထုတ်ပြန်ရာမှာ မြန်မာပြည်က တတိယနေရာချိတ်ပါတယ်။ 
ပထမအဖြစ် ပနားမား၊ ဒုတိယက ဖင်လန်နှင့် တတိယလိုက်သူကတော့ မြန်မာပြည်ပဲ ဖြစ်ပါတယ်။
မြန်မာပြည်နောက်မှာ နံပါတ် ၄ က လန်ဒန်၊ နံပါတ် ၅ က ကယ်လီဖိုးနီးယား၊ ဆန်ဖရန်ဘေးဧရိယာက ဥက္ကလံမြို့ ဖြစ်တာကို တွေ့ရပါတယ်။
ပနားမားကို သူရဲ့ လှပတဲ့ တူးမြောင်းတွေအတွက် ရွေးတယ်။ ဖင်လန်ပြည်က ဟယ်ဆင်ကီမြို့ကတော့ စားသောက်ဆိုင်တွေနဲ့ မြို့ဒီဇိုင်းကောင်းပုံတွေလို့ ပြောပါတယ်။ မြန်မာပြည်ကတော့ အနှစ်နှစ် အလလက ကမ္ဘာနဲ့အဆက်ပြတ်နေရာကနေ အခုချိန်မှာ ခရီးသွားတွေအတွက် မြေပုံအသစ်ပဲလို့ ရေးသားထားပါတယ်။
နောက်ကလိုက်တဲ့ လန်ဒန်ကိုတော့ အိုလံပစ်မြို့တော်အဖြစ် ပြီးတော့ ဘေးဧရိယာက ဥက္ကလံမြို့ကိုတော့ ပဋိပက္ခတွေကြားထဲက စားသောက်လည်ပတ်ခြေဆန့်စရာမြို့တော်လို့ ပြောထားပါတယ်။ မကြာသေးမီက အမေရိကန်ပြည်သားတွေရဲ့ Occupy Movementတွေအနက် ဥက္ကလံအဓိကရုဏ်းကြောင့် ကျောင်းသားလူငယ်တွေ ဒဏ်ရာရရှိခဲ့တာတွေကို ပဋိပက္ခကြားထဲက လို့ ညွှန်းတာဖြစ်ပါတယ်။

အမေရိကန် ကိုယ်စားလှယ်နှစ်ဦး ထပ်မံရောက်ရှိ

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံအတွက် အမေရိကန်မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချဲနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အမေရိကန် အထူးသံ လူးဝစ်ဆီဒါဘက်ကာတို့နှစ်ဦး နေပြည်တော်သို့ တနင်္လာနေ့က ရောက်ရှိ လာကြောင်း AFP သတင်းတပုဒ်တွင် ဖော်ပြသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ ၂ဝ၁၁ ခု ဒီဇင်ဘာတွင် အတူပါလာခဲ့ဖူးသည့် ဒဲရစ်မစ်ချဲ အတွက် ခရီးစဉ်အပြီး တလ မပြည့်မီ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပြီး လူးဝစ်ဆီဒါဘက်ကာ အတွက် မူ ပထမဆုံး အကြိမ်ဖြစ်သည်။

လူးဝစ်ဆီဒါဘက်ကာသည် သူ၏ သုံးရက်ကြာ ခရီးစဉ်အတွင်း အစိုးရက ဖွဲ့စည်းထားသည့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့်လည်း တွေ့ဆုံမည်ဟု ဆိုထားသော်လည်း ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ကမူ တရားဝင် အကြောင်းကြားချက် မရရှိသေးဟု မဇ္ဈိမကို ပြောသည်။
dasskanddelmischel1
မြန်မာနိုင်ငံအတွက် အမေရိကန်မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချဲ (ဓါတ်ပုံ မဇ္ဈိမ)
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်ကလည်း လူးဝစ်ဆီဒါဘက်ကာနှင့်
ဒေါ်အောင်ဆန်းစုကြည်တွေ့ရန် မရှိကြောင်း သိထားသော်လည်း ဒဲရစ်မစ်ချဲနှင့် တွေ့မတွေ့ကိုမူ အတိအကျ မပြောနိုင်သေးကြောင်း မဇ္ဈိမကို ပြောသည်။

ဒဲရစ်မစ်ချဲသည် မြန်မာနိုင်ငံတွင် ရှိနေစဉ် အမေရိကန်နိုင်ငံတကာဖွံဖြိုးရေးရန်ပုံငွေ USAID က ဆောင်ရွက်နေသည့် အထက်မြန်မာပြည် အပူပိုင်းဒေသ အသေးစားငွေချေးမှု လုပ်ငန်းများကို လည်း သွားရောက်လေ့လာမည်ဟု သိရသည်။

မစ္စတာမစ်ချဲသည် သူ၏ သုံးရက်ကြာ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းသို့လည်း သွားရောက်မည်ဖြစ်ပြီး အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ထိုင်း အာဏာပိုင်များနှင့်လည်း တွေ့ဆုံမည်
ဖြစ်ကြောင်း ဗီအိုအေ သတင်းတရပ်တွင် ဖော်ပြထားသည်။

အစိုးရအသစ် တက်ပြီးနောက်ပိုင်း ဥရောပနှင့် အနောက်နိုင်ငံမှ သံတမန်များ ဆက်တိုက် လာရောက်လျက်ရှိရာ ဒိန်းမတ်နိုင်ငံဖွံ့ဖြိုးမှုဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့လည်း ဇန်နဝါရီလ ၆ ရက်နေ့ ရောက်ရှိနေပြီး  UNICEF ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ကို မြန်မာနိုင်ငံ ပညာရေးလုပ်ငန်းများတွင် သုံးစွဲရန် အမေရိကန်ဒေါ်လာ ၄ သန်းခွဲ လှူဒါန်းခဲ့သည်။

သူသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ဇန်နဝါရီ ၆ ရက်နေ့ ညနေက တွေ့ဆုံခဲ့ပြီးနောက် ပြည်တွင်း NGO လေးခုနှင့်တွေ့ဆုံစဉ် အကူအညီများ နှစ်ဆ ပိုပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း မင်္ဂလာမြန်မာ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ပြောသည်။

ဒိန်းမက် ဝန်ကြီးသည် ဦးမောင်မောင်စိုးတင် (နယ်စပ်ဒေသဖွံ့ဖြိုးရေးအဖွဲ့)၊ ဦးငွေသိန်း (လူ့စွမ်းအားဖွံ့ဖြိုးရေးအဖွဲ့)၊ ဦးဘော်ဘီ (နာဂစ်အက်ရှင်) နှင့် ဒေါက်တာဖုန်းဝင်း (မင်္ဂလာမြန်မာအဖွဲ့) တို့နှင့် တွေ့ခဲ့ပြီး တနင်္လာနေ့ညနေတွင်ပြန်မည် ဖြစ်သည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes