Sunday 17 June 2012

နိုဗဲလ်ဆုဟာ သူ့နှလုံးသားကို ဆွဲဖွင့်တဲ့ တံခါးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကျမက အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်မှာ ဘယ်လိုနေရာကမဆို ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ခန်းမမှာ ကျင်းပတဲ့ နိုဗဲလ်ဆုကော်မတီက ကြီးမှူးပြီး နော်ဝေဘုရင်၊ မိဖုရား၊ အိမ်ရှေ့မင်းသားတို့ အပါအဝင် လူတထောင်လောက် တက်ရောက်တဲ့ ဇွန်လ ၁၆ ရက် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ပြည်တွင်းက အင်အားစုအားလုံးရဲ့ ဉာဏ်ပညာနဲ့ယှဉ်တဲ့ ပူးပေါင်းမှုနဲ့မှ ရေရှည်ခံမယ်။ တပ်မတော်၊ တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ စီးပွားရေးသမားတွေနဲ့ အရေးအကြီးဆုံး ဖြစ်တဲ့ ပြည်သူလူထုက တက်ညီလက်ညီ ပူးပေါင်းလုပ်ဖို့ လိုကြောင်း မြန်မာ့နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင်က ပြောဆိုလိုက်ပါတယ်။

ပြည်သူလူထုဘဝတိုးတက်မှ ပြုပြင်ပြောင်းလဲရေးဟာ ထိရောက်မှာမို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အခန်းကဏ္ဍကလည်း အရေးပါတယ်လို့ ဆိုပါတယ်။

“ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့၊ နှစ်နိုင်ငံအကြား သဘောတူညီချက်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အပြန်အလှန် အကျိုးပြုစေသင့်တယ်။ ဟန်ချက်ညီပြီး ရေရှည်ခံမယ့် စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးတွေကို အထောက်အပံ့ ပြုစေသင့်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဇွန်လ ၁၅ ရက် နော်ဝေ ဝန်ကြီးချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နော်ဝေဝန်ကြီးချုပ် မစ္စတာ ဂျန်စတိုလ်တဲန်းဘဂ်က နော်ဝေစီးပွားရေး ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြဖို့ ဆော်ဩခဲ့ပါသေးတယ်။

လတ်တလော လူ ၅၀ သေကြေခဲ့ရတဲ့ ရခိုင်ပြည် အကြမ်းဖက်မှု၊ သေနတ်သံ မဆဲသေးတဲ့ ကချင်ပြည် စစ်ပွဲများနဲ့ ပတ်သက်ပြီးလည်း ငြိမ်းချမ်းရေးကို ပျက်ပြားစေတဲ့အပေါ် စိုးရိမ်မကင်းရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ခြောက်ခြားဖွယ်သတင်းတွေက ကမ္ဘာမြေ တခြားတဘက်ထိအောင် ရောက်နေပြီ။ ဆာလောင်ငတ်မွတ်မှု၊ ရောဂါဘယ၊ နေရပ်ပျောက်ဆုံးမှု၊ အလုပ်လက်မဲ့၊ ဆင်းရဲမွဲတေမှု၊ မတရားမှု၊ ခွဲခြားကန့်သတ်ခံရမှု၊ အယူအစွဲအမှားတွေ၊ အမုန်းကြီးမှုတွေက ကျမတို့ရဲ့ နေ့စဉ်ဘဝတွေ ဖြစ်နေရတယ်။ နေရာတိုင်းမှာ မကောင်းဆိုးဝါးတွေက ငြိမ်းချမ်းရေးရဲ့ အခြေခံတွေကို ဝါးမြိုပစ်နေတယ်။ ကမ္ဘာကြီးမှာ ပျော်စရာတွေနဲ့ အချင်းချင်း လိုက်လျောညီထွေဖြစ်မှုကို ထိန်းသိမ်းဖို့ လိုအပ်တဲ့ လူ့အရင်းအမြစ်နဲ့ ရုပ်ဝတ္ထုတွေကို အဆင်ခြင်မဲ့ အလဟသတ် နေရာတိုင်းမှာ လုပ်နေကြတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Ref: ဧရာဝတီ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes