Monday 18 June 2012

 ပို့ကုန် သွင်းကုန်လိုင်စင် လျှောက်ထားရာ၌ Automatic Licencing System စတင် ကျင့်သုံးတော့မည်

ပို့ကုန် သွင်းကုန်လိုင်စင်များ လျှောက်ထားရာ၌ အလိုအလျောက် လိုင်စင်ထုတ်ပေးသည့်စနစ် Automatic Licencing System စတင် ကျင့်သုံးတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

လတ်တလောတွင် Automatic Licencing System ကို ကုန်စည် အချို့အတွက် စတင်ကျင့်သုံး ဆောင်ရွက်တော့မည်ဖြစ်ကြောင်းနှင့် မည်သည့်ကုန်စည်များကို စတင်ထုတ်ပေးသွားမည်ကိုမူ ထုတ်ပြန်ခြင်းမရှိ သေးကြောင်းလည်း သိရှိရသည်။

''ပို့ကုန် သွင်းကုန်လုပ်ငန်းတွေ ပိုမိုမြန်ဆန်လာစေဖို့အတွက် ပို့ကုန် သွင်းကုန်လိုင်စင်ထုတ်ပေးရာမှာ Automatic Licencing System တစ်နည်းအားဖြင့် အလိုအလျောက် လိုင်စင်ထုတ်လို့ရတဲ့စနစ်ကို စတင်တော့မယ်။ e-Licencing စနစ်ပေါ့။ အခုအချိန်မှာ ကုန်စည်အချို့ ဆိုပေမယ့် နောက်ပိုင်းမှာ အများစုအတွက် ဖြစ်လာမှာပါ။ နိုင်ငံတကာနဲ့ inline ဖြစ်အောင်၊ Transaction Cost တွေ လျော့သွားအောင်နဲ့ အချိန်ကုန်လည်း သက်သာသွားမှာပါ''ဟုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''ပို့ကုန်သွင်းကုန် လိုင်စင် ထုတ်ပေးတာနဲ့ပတ်သက်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကလည်း ဖြေလျော့ပေးလို့ရတာတွေ အကုန်လုပ်ပေးနေပါတယ်။ အခု မကြာခင်မှာ Automatic Licencing System သုံးတော့မယ်ဆိုတော့ ကိုယ့် ရုံးကနေ လိုင်စင်လှမ်းယူလို့ ရသွားပြီပေါ့။ ဒါဆိုရင် အရင်ကထက် လိုင်စင်ထုတ်ရာမှာ တစ်ရက် နှစ်ရက်လောက် သက်သာသွားတယ်။ ကုန်သွယ်မှု လုပ်ငန်းတွေမှာလည်းသွက်လက်လာမှာပါ ဖြစ်ပါတယ်''ဟုလည်း မြန်မာပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားခဲ့သည်။

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes