Saturday 3 March 2012

BC ကုန်တိုက် သန့်ရှင်းရေး အလုပ်သမား (၆)ဦး လုပ်အားခ ဘတ်ငွေ လေးသောင်းကျော်ရပြီ

20120301a 


ဘန်ကောက်မြို့ ဖလန်းဆောင် နယ်မြေ BC ကုန်တိုက် သန့်ရှင်းရေး  မြန်မာ အလုပ်သမား (၆)ဦးတို့၏ လုပ်အားခ ဘတ်ငွေ လေးသောင်းကျော်အား FEDနှင့် BAT အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ယနေ့ ရရှိပြီးဖြစ်ကြောင်း အလုပ်သမားများ ပြောပြချက်အရ သိရသည်။


မစိုးစိုး၊ မနု၊ မမြင့်ခင်၊ မခင်မျိုးသက်၊ ကိုဝင်းနိုင်နှင့် ကိုကျော်စွာတို့ (၆)ဦး တို့သည် ဘန်ကောက်မြို့ ဖတနာကန် (၃၂)လမ်းတွင်ရှိသော BC ကုန်တိုက် အလုပ်သမားခန့် ထားရေးရုံးတွင် ၂၀၁၁ ခုနှစ် အလုပ် စက်တင်လာလက အလုပ်စတင် ၀င်ရောက်ခဲ့ကြသည်။ တာဝန်အရ ဖလန်ဆောင်နယ်မြေ BCကုန်တိုက်တွင် သန့်ရှင်းရေးအလုပ် လုပ်နေကြစဉ် ယာယီပတ်စ်ပို့ လုပ်ရန်အတွက်ဟုဆိုကာ လုပ်အားခငွေမှ တစ်ဦးလျှင် ဘတ်ငွေ (၂၃၃၄)စီ ဖြတ်တောက်လိုက်သည်။ ယာယီပတ်စ်ပို့လုပ်ခ ဘတ်ငွေ (၈၀၀၀)ဖြတ်တောက်မည် ဖြစ်ကြောင်း BCကုန်တိုက် တာဝန်ရှိသူက ပြောဆိုလာရာ အလုပ်သမားများက ပတ်စ်ပို့ကို အပြင်တွင် ဈေးသက်သာစွာဖြင့် လုပ်၍ ရကြောင်း ပြန်ပြောခဲ့ကြသည်။

အပြင်တွင် လုပ်သည့် ပတ်စ်ပို့ကို လက်မခံကြောင်း အလုပ်ထွက်လိုက ထွက်နိုင်ကြောင်း ကုန်တိုက် တာဝန်ရှိ သူက ပြောသဖြင့် အလုပ်သမားများက အလုပ်ထွက်လာခဲ့ကြခြင်း ဖြစ်သည်။

ကူညီ ဆောင်ရွက်ခဲ့သည့် ထိုင်းနိုင်င်ံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED)မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “ကျနော်တို့ ၂၀၁၂ခုနှစ်ဆန်းက စပြီးတော့ ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (BAT)နဲ့ ပူးပေါင်းပြီးတော့ ဘန်ကောက်နဲ့ အနီးပတ်ဝန်းကျင် နယ်မြေ အချို့တွေမှာ အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက် ခံရမှုတွေကို လုပ်နေတာတွေထဲက အောင်မြင်မှု တစ်ခုဖြစ်ပါတယ်။ အလုပ်သမားတွေ ရသင့် ရထိုက်တာတွေကို ဖြေရှင်းကြတဲ့ နေရာမှာ အလုပ်လုပ်တဲ့ အလုပ်ရုံမှာ မှတ်ပုံတင်ထားတာမျိုးဖြစ်ရင် လုပ်ရကိုင်ရတာ ပိုအဆင်ပြေပါတယ်။ အလုပ်ရုံက လုပ်အားခ ရှင်းပေးတဲ့ စာရွက်စာတမ်းတွေနဲ့ အလုပ်ရုံနဲ့ ပတ်သက်သမျှ ၀တ်စုံက အစ အားလုံးကို သိမ်းဆည်းထားဖို့ လိုပါတယ်”ဟု ပြောသည်။

အလုပ်သမ မစိုးစိုးက “ကျမတို့ကို သူတို့ဆီမှာ ပတ်စ်ပို့ လုပ်ရမယ်ဆိုပြီး ပိုက်ဆံဖြတ်တာ အပြင်မှာ သက်သာတဲ့ နေရာမှာ လုပ်တာကို သူတို့ လက်မခံဘူး။ အလုပ်ထွက်လာတော့ ဖြတ်ထားတာရော လုပ်အားခ ပိုက်ဆံတွေပါ မပေးတော့ဘူး။ ကျမတို့ သန့်ရှင်းရေး အလုပ်ကို လုပ်ကြရတာ။ ကျမတို့ ညဥ့်နက်မှ အလုပ်က ပြန်ရတာ၊ ကျမတို့ စာရွက် စာတမ်းတွေ အလုပ်ခွင် ချိတ်ကဒ်တွေနဲ့ BAT ရုံးမှာ အကူအညီ တောင်းခဲ့တယ်။ ကူညီကြသူ တွေကို ကျေးဇူးတင်ပါတယ်ရှင်”ဟု ပြောသည်။

ထိုင်နိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED)နှင့် ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (BAT)တို့ ပူးပေါင်းလျှက် ဘန်ကောက် မဟာချိုင်နှင့် အနီးပတ်ဝန်းကျင် နယ်မြေများမှ အခွင့်အရေး ချိုးဖောက်ခံနေရသည့် မြန်မာအလုပ်သမား ပြဿနာ အချို့တို့အား ကိုင်တွယ် ဖြေရှင်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

Ref: GHRE

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes