Tuesday 28 February 2012

ဒုတိယကမ္ဘာစစ်က ဖောက်လုပ်ခဲ့သည့် သေမင်းတမန်ရထားလမ်းကို ပြန်လည်ဖောက်လုပ်တော့မည်

ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သည့် သံဖြူဇရပ်ရှိ မီးရထားလမ်း ဟောင်းအား အသစ်ပြန်လည်ဖောက်လုပ်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါရထားလမ်းသည်  ဖက်ဆစ်ဂျပန်တို့ မြန်မာပြည်သူများကို ချွေးတပ်အဖြစ်ခေါ်ယူကာ ဖောက်လုပ်ခဲ့ပြီး အသက်ပေါင်း များစွာဆုံးရှုံးစေခဲ့သော ကြောင့် ''သေမင်းတမန်ရထားလမ်း''ဟု တင်စားထားသည့်
ရထားလမ်းလည်းဖြစ်ကာ နိုင်ငံခြားခရီးသွားဧည့်သည်များ  စိတ်ဝင်စားမှုများရှိကြောင်းသိရသည်။

''ထိုင်းဘက်ခြမ်းမှာ သေမင်းတမန်ရထားလမ်း ဖောက်လုပ်ပြီးနောက် ခရီးသွားလုပ်ငန်းအောင်မြင်နေပါတယ်။ ဒါကြောင့် ဒီသေမင်းတမန်ရထားလမ်းကို အမြန်ဆုံး အကောင်အထည်ဖော်သွားပါမယ်'' ဟု ဖေဖော်ဝါရီ ၂၄ ရက်တွင် မွန်ပြည်နယ်တွင် ပြုလုပ်သော ဒေသဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
သေမင်းတမန်ရထားလမ်း မြေပုံ

အဆိုပါ ရထားလမ်းကို မွန် ပြည်နယ်ဒေသဖွံ့ဖိုးတိုးတက်ရေးနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန်ရည်ရွယ်ပြီး ပြန်လည် ဖောက်လုပ်ကာ ရထားလမ်း အရှည်မိုင် ၆ဝ ရှိကြောင်း သိရသည်။

''အဓိကတော့ ဂျပန်ခေတ်က ထိုင်းနယ်စပ်ကိုသွားလာနိုင်ဖို့ ဒီရထားလမ်းကို ဖောက်တာပါ။ မြန်မာတွေရဲ့ အသက်ပေါင်းများစွာ စတေးခဲ့တဲ့နေရာပဲ။ ရထားလမ်းဇလီဖားတုံး တစ်ခုစီမှာ အသက်တွေရှိနေတယ်လို့ တင်စားပြီး သေမင်းတမန်  ရထားလမ်းလို့ နာမည်ကြီးပါတယ်'' ဟု မြန်မာ့မီးရထားမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

''ထိုင်းဘက်က ခရီးသည်တွေ ရထားလမ်း ကိုလာကြည့်ကြတယ်။ သံဖြူဇရပ်မှာလဲ ရထားလမ်း နဲ့ပတ်သက်တဲ့ မှတ်တမ်းဓာတ်ပုံနဲ့အတူ ပြတိုက်လဲရှိပါ တယ်'' ဟု ယင်းက ဆက်ပြောသည်။
အဆိုပါ ရထားလမ်းဟောင်း စီမံကိန်းကြီးကို ၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခင်ရထားလမ်း အရှည် သည် ၄၁၅  ကီလိုမီတာရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းမ် 
Ref: သစ်ထူးလွင်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes