Sunday 11 December 2011

၈၈ မျိုးဆက် ထုတ်ပြန်ချက် သံဃာ့ တပ်ပေါင်းစု ထောက်ခံ

ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသား ဦးဂမ္ဘီရ

ရွှေဝါရောင်လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် သံဃာ့တပ်ပေါင်းစုက ၈၈ မျိုးဆက် ကျောင်းသားများ၏ ဒီဇင်ဘာ ၅ရက်နေ့ ထုတ်ပြန်ချက်ကို သဘောတူကြောင်း ယနေ့ ကြေညာလိုက်သည်။
ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်အောင် လျှောက်လှမ်းနေချိန်တွင် ပြည်တွင်းပြည်ပမှ အင်အားစုများသည် မိမိတို့ သဘောထား ရပ်တည်ချက်ကို နည်းလမ်း ပေါင်းစုံဖြင့် ဖော်ထုတ်ခွင့် ရှိပြီး တဦးနှင့်တဦး ပုတ်ခတ် ပြောဆိုခြင်းမျိုးကို ရှောင်ရှားကာ ဟန်ချက်ညီ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း သံဃာ့တပ်ပေါင်းစုက ဆိုသည်။
ယခုကဲ့သို့ အခြေအနေမျိုးတွင် လွှတ်တော်တွင်း နိုင်ငံရေး တစ်ခုတည်းဖြင့် မြန်မာနိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် မင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများ ၀င်ရောက် ယှဉ်ပြိုင်စေခြင်း များအား ပြုလုပ်မည် မဟုတ်ဟူသော အချက်ကို အပြည့် အ၀ ထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ရေးထားသည်။
ထို့အပြင် ဦးဂမ္ဘီရနှင့်တကွ သံဃာ့ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ လုံးဝ လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများကို ၈၈မျိုးဆက် ကျောင်းသားများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။
“ဒီလို ၀န်းရံလို့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ၈၈တို့၊ သံဃာ့ တပ်ပေါင်းစုတို့ ဆိုတာ လုပ်နိုင်တဲ့လူက ဆက်လုပ်သွားဖို့ အရင်ကတည်းက သဘောတူပြီးသားပါ။ တဗိုလ်ကျ တဗိုလ်တက် စနစ်နဲ့ လုပ်ဖို့ အစောကြီးကတည်းက တာဝန်ရှိမှုနဲ့ တာဝန် ယူကြပါတယ်။ စုပေါင်း ခေါင်းဆောင် စုပေါင်း လုပ်ဆောင်မှုနဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က သွားတာပါ။ ၂၀၀၆ တုန်းက ကိုမင်းကိုနိုင်တို့ အဖမ်းခံရတုန်းက ကိုဂျင်မီတို့၊ ကိုမြအေးတို့ လုပ်ခဲ့တယ်။ အခု အပြင်မှာ ရှိတဲ့၊ ဆက်လုပ်နေတဲ့ လူတွေက အထဲက လူတွေကို တာဝန်ယူတယ်။ အထဲကလူတွေကလဲ အပြင်ကလူတွေလုပ်တာကို မကန့်ကွက်ပါဘူး” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် စမ်းချောင်း ကိုကိုကြီးက ပြောပြခဲ့သည်။

1 comments:

sarpawtun said...

အရင်တုန်းကတော့ ကမ္ဘာအနှံ့ ကိုယ်ထင်ရင် ထင်သလို နာမည်တွေပေး အသင်းတွေထောင် ကမ္ဘာကိုဒို့အသင်းက မြန်မာနိုင်ငံကိုဘဲ ကိုယ်စားပြုသရောင်ရောင်ပေါ့။ အခုတော့ အခြေအနေက အဲလိုမဟုတ်တော့ဘူးလို့မြင်တယ်။ ဒါကြောင့် သံဃာ့တပ်ပေါင်းစုတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုတို့ဆိုနာမည်တွေအပါအ၀င် မြန်မာလူထုကိုကိုယ်စားပြုသရောင်ရောင် အသင်းအဖွဲ့နာမည်တွေဟာ စဉ်စားစရာအချိန်ရောက်လာပါပြီး။ လူလေး လေးငါးရောက်နဲ့စုပြီး အများကိုကိုယ်စားပြုသရောင်နာမည်တွေ ဆက်မသုံးသင့်တော့ပါဘူး။ အကယ်၍ ဆက်သုံးချင်သပဆိုရင် အများဆန္ဒခံယူ စည်းမျဉ်းနဲ့ လုပ်ဆောင်ချက်တွေကို အတိအလင်းကြေငြာ အများဆန္ဒနဲ့ ရွေးချယ် ဒါမျိုးတွေဖြစ်သင့်ပါပြီး။ ၈၈ မျိုးဆက်နာမည်ကိုတော့ပြောစရာမရှိပါဘူး နာမည်ကိုက ၈၈ လို့သီးသန့်သုံးထားလို့ပါ။ အသင်းအဖွဲ့တွေထောင် နိုင်ငံတကာက အကူအညီတွေယူပြီး ကိုယ်ကျိုးအတွက်လုပ်ချင်ရာလုပ်ပစ်ကြတဲ့သူတွေအတွက် မကြာခင် ဝေဒနာမုန်တိုင်းတွေတစ်လုံးပြီးတစ်လုံး မြင်မိပါတယ်။ စေတနာမှန်သူတွေအတွက်ကတော့ ဝေဒနာပူစရာမရှိဘူးပေါ့။ အားလုံး ဖျာလိပ်တဲ့အခါ ကိုယ့်အိပ်ယာကို လိပ်ပြာလုံသူတွေဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes