Friday 16 December 2011

လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများပါသည့် ကော်မရှင်က တည်ဆဲဥပဒေများကို စိစစ်မည်

ရွှေယင်းမာဦး

လွှတ်တော်ဒုတိယပုံမှန် အစည်းအဝေး ပြီးဆုံးခါနီးက ဖွဲ့စည်းခဲ့သည့် ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က စီးပွားရေးပြုပြင်ပြောင်းလဲ မှုကို အကျိုးသက်ရောက်မှုရှိမည့် တည်ဆဲဥပဒေများအား လေ့လာသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီဇင်ဘာလ ၉ ရက် နေ့က ပြောသည်။
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ယုဇန တာဝါတွင် အဆိုပါကော်မရှင်၏ ရန်ကုန် ရုံးခွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ၌ လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အဆိုပါကော်မရှင်တွင် အဖွဲ့ဝင် ၁၅ ဦးရှိသည့် အနက် လွှတ်တော် ကိုယ်စားလှယ် သုံးဦးသာပါဝင်ပြီး ကျန်အဖွဲ့ဝင်များမှာ ဘာသာရပ်အလိုက် ကျွမ်းကျင်သူပညာရှင်များ ဖြစ်ကြ သည်ကို တွေ့ရသည်။

အစိုးရအရာရှိဟောင်းများ အများစု ပါဝင်ပြီး လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ အစိုးရ၀န်ထမ်း သုံးဦးပါဝင်သည့် အနက် တစ်ဦးမှာ စစ်ဥပဒေချုပ်ရုံးမှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်သည်။

ကော်မရှင်၏ တာဝန်များမှာ တည်ဆဲ ဥပဒေများအား လေ့လာဆန်းစစ် သုံးသပ်ပြီး ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်နှင့် အသစ်ပြဋ္ဌာန်းနိုင်ရန် တို့ကို လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြ ရန်ဖြစ်ပြီး အထူးကိစ္စများ ပေါ်ပေါက်လာပါက ယင်းကိစ္စများကို ဥပဒေ အမြင် နှင့် ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ကာ အစီရင်ခံရန်တို့ ပါဝင်သည်။

"ကော်မရှင်ရဲ့တာဝန်ထဲမှာ လုပ်ငန်း လိုအပ်ချက်အရ အကြံဉာဏ်တောင်းခံ သည့်အခါ ကော်မရှင်က အကြံပေးဖို့ ပါတယ်။ လိုအပ်မှ မဟုတ်ပါဘူး။ အကြံ ပေးစရာရှိရင် ပေးဖို့ ပြောထားပါတယ်" ဟု သူရဦးရွှေမန်းက ပြောသည်။

အထူးကိစ္စရပ်များဟုဆိုရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောထားကွဲလွဲခဲ့သည့် ကိစ္စမျိုးတွင်လည်း ကော် မရှင်က ဥပဒေအမြင်နှင့် သုံးသပ်ကာ အစီရင်ခံနိုင်ကြောင်း ၎င်းက ဆိုသည်။

ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာအောင်ထွန်းသက်က လွှတ်တော်ရေးရာကော်မရှင်တစ်ရပ်တွင် လွှတ်တော်ကိုယ်စား လှယ် မဟုတ်သည့် ပညာရှင်များအား ထည့်သွင်းဖွဲ့စည်းခြင်းအား ပညာရှင်တစ်ယောက်အနေဖြင့် ကြိုဆိုကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။

"ပညာရှင်ဆိုတာ တတ်ထားတဲ့၊ လေ့လာထားတဲ့ ဘာသာရပ်အရ ပြောတာဆိုတော့ နှောင်ကြိုးက သိပ်မရှိဘူးလေ။ ရှိတာကို ရှိတဲ့ အတိုင်းပြောရမယ်။ လွတ်လွတ်လပ်လပ် ပြောဆိုတော့ ပြောရမှာပေါ့"ဟု ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

တည်ဆဲဥပဒေများသည် စီးပွားရေး လုပ်ငန်းများအား အဟန့်အတားဖြစ်နေခြင်းထက် ကူညီပံ့ပိုးပေးသည့်ပုံစံဖြစ်စေ ရန်လိုအပ် ကြောင်း ၎င်းက ဆိုသည်။

"ရှိတဲ့ဥပဒေတွေအားလုံးက စီးပွား ရေးလုပ်တာကို လွယ်အောင်၊ သွက်အောင်၊ မြန်အောင် ဘယ်လိုရှိရမလဲ ဆိုတာကို ၀ိုင်းစဉ်းစား ကြမှာ။ "ဥပဒေဆိုတာ လူတွေလုပ်ချင် ကိုင်ချင်စိတ်ရှိအောင် လုပ်တယ်လို့ နားလည်တယ်။ မလုပ်ချင်၊ မကိုင်ချင်အောင် မလုပ်နိုင်၊ မကိုင်နိုင်ဖြစ်အောင် ချုပ်ထားတာ ဥပဒေမဟုတ်ဘူး" ဟု ၎င်းက ပြောသည်။

စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ၏ အတွေ့အကြုံနှင့် အခက်အခဲများအား သုံးသပ်ကာ ဥပဒေများအား ပြင်ဆင်သင့် မသင့် စဉ်းစားရမည်ဖြစ်ပြီး မကြာမီ လွှတ်တော်တွင်း ဆွေးနွေးကြတော့မည့် ဘတ်ဂျက်ကိစ္စများနှင့် ပတ်သက်၍ လိုအပ်သောအကြံ ဉာဏ်များ ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြော ကြားသည်။

"ဥက္ကဋ္ဌကြီးက ပြောတယ်။ အားလုံးအကြံပေးပါဆိုတော့ ဘတ်ဂျက်ကိစ္စလည်း အကြံပေးရမှာပေါ့။ ဘတ်ဂျက်ကို ကိုယ့်နိုင်ငံ တိုးတက်မှု အတွက် ဘယ်လိုသုံးမလဲ စဉ်းစားရမှာပေါ့။ ဘတ်ဂျက်ကို ဘတ်ဂျက်အနေနဲ့မကြည့်ဘဲ ဦးစားပေးမှုအနေနဲ့ ကြည့်ပါတယ်။ နိုင်ငံတော်ရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေရောက်အောင် ဘာတွေကို ဦးစားပေးလဲဆိုတာ ကြည့်ရမှာပေါ့"ဟု ဒေါက်တာအောင် ထွန်းသက်က ပြောသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes