Monday 12 December 2011

ဥပဒေများပီပြင်မှ လွှတ်တော်လုပ်ငန်းများ ပီပြင်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

7111
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ရစဉ်
လွှတ်တော်၏ အဓိကတာဝန် မှာ ဥပဒေပြုရေးသာ ဖြစ်ပြီး ဥပဒေများ ပီပြင်ပြည့်စုံစွာပြုနိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ ပီပြင်မှသာ လွှတ်တော်လုပ်ငန်း တာဝန်များကို ပီပြင်စွာ ဆောင်ရွက်နိုင်မည်ဟု ခံယူထားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက် နေ့က ရန်ကုန် မြို့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ရန်ကုန်(ရုံးခွဲ) ဖွင့်လှစ်ပွဲတွင် ပြောကြားခဲ့သည်။
နိုင်ငံရေးစနစ် အပြောင်းအလဲ ဟု ဆိုရာတွင်လည်း ဒီမိုကရေစီဟု ပြောင်းလိုက်ရုံဖြင့် ပြီးသွားသည် မဟုတ်ဘဲ ပြောင်းလဲလိုက်သည့် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီစနစ် ရှင်သန်ရန်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ကာ လူမှုစီးပွားစနစ်ကောင်းမွန်ရန် လိုအပ်ကြောင်းကိုလည်း ပြောကြားသွားခဲ့သည်။
‘‘ကျွန်တော်တို့လွှတ်တော်ဟာ ဥပဒေပြုရမယ့် အဓိကတာဝန်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေ ပညာရှင်များကို ပြည့်စုံအောင်ဖွဲ့စည်းပြီး ဥပဒေများ ပီပြင်စွာပြုနိုင်မှ လွှတ်တော်ရဲ့လုပ်ငန်းတာဝန်ကို ပီပြင်စွာ ဆောင်ရွက်နိုင်ပါမယ်’’ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းမှ ပြောကြားခဲ့ပါသည်။
‘‘လွှတ်တော်များသည် ဥပဒေ ပြဋ္ဌာန်းဖို့အဓိက တာဝန်ရှိပါတယ်။ ဥပဒေပြဋ္ဌာန်းတယ် ဆိုတဲ့နေရာမှာ တည်ဆဲ ဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်၊ ပယ်ဖျက်၊ အသစ် ပြဋ္ဌာန်းနိုင်ရေးတို့ ပါဝင်ပါတယ်။ ဒါဖြင့်ရင် တည်ဆဲဥပဒေများကို ဘယ်လိုပြင်ဆင်မလဲ၊ ဘယ်လိုပယ်ဖျက်မလဲဆိုတာနဲ့ ပတ်သက်ပြီး မေးခွန်းများ မေးလာမယ်ဆိုရင် ဥပဒေပြုတဲ့ နေရာမှာ ဥပဒေကြမ်းကော်မတီကို လွှတ်တော်က သတ်မှတ်ထားတဲ့ စိစစ်ချက် ၁၂ ချက်ရှိပါတယ်။ အဲဒီစိစစ်ချက် ၁၂ ချက်နဲ့ညီညွတ်မှ ဒီဥပဒေကြမ်းအဖြစ် ဆက်လက်ဆွေးနွေးနိုင်ဖို့ သတ်မှတ်ထားတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို မဖြစ်ထွန်းဘူး၊ ကာကွယ်မပေးတော့ဘူး ဆိုရင် ကျွန်တော်တို့ဟာ ဒီဥပဒေတွေကို အလျင်အမြန် ဖျက်သိမ်းပေးရမှာ ဖြစ်ပါတယ်။ အဲဒီ အတိုင်းပဲ ဒီနေ့နိုင်ငံမှာ လိုအပ်ချက်အရ ဥပဒေသစ်တွေ ပြဋ္ဌာန်းပေးဖို့ လိုတယ်ဆိုလို့ရှိရင်လည်း ဒီကော်မရှင်က လွှတ်တော်ကို တင်ပြရမှာ ဖြစ်ပါတယ်။ လိုအပ်မယ်ဆိုလို့ရှိရင် ပြင်ဆင်ဖို့လိုတဲ့ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘယ်ဥပဒေက ဘယ်အပိုင်း ဘယ်အပိုဒ်မှာတော့ ဒီလိုဖြစ်နေတယ် ဒါကိုပြင်ဆင်မှသာလျှင် ဒီနေ့ လက်တွေ့ ဆောင်ရွက်နိုင်မယ်။ ပြီးတဲ့အခါမှာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ ရဲ့ အကျိုးစီးပွားဖြစ်ထွန်းမှာ ဖြစ်တယ်ဆိုတာကိုလည်း ဒီကော်မရှင် က ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း တင်ပြပေးရမှာဖြစ်ပါတယ်’’ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
‘‘ဒီနေ့ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲတွေရှိတယ် မှန်တယ် ကောင်းတယ်၊ အပြောင်းအလဲ ရှိမှလဲ  တိုးတက်မယ် တိုးတက်သော အပြောင်းအလဲအတွက်လည်း ကျွန်တော်တို့ လက်ခံဆောင်ရွက်ရမှာ။ အပြောင်းအလဲလို့ ဆိုတဲ့နေရာမှာ နိုင်ငံရေးစနစ် အပြောင်းအလဲက ဒီမိုကရေစီဆိုပြီး သွားရော။ ဒါပေမယ့် ဒီမိုကရေစီစနစ် ကို ဆက်လက်ရှင်သန်အောင် ဆောင်ရွက်နိုင်ဖို့က စီးပွားရေးအပြောင်းအလဲ တစ်ဆင့်ပြောရမယ် ဆိုလို့ရှိရင် လူမှုစီးပွားရေးစနစ် ကောင်းမွန်လာဖို့ ဒီဟာအရေးကြီးတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရ စနစ်အရ ပြုပြင်ပြောင်းလဲမှု တွေ တော်တော်များများ ဆောင်ရွက် ထားပြီးပြီ။ ဆောင်ရွက်နိုင်ခဲ့ပြီ။ အဲဒီနည်းတူ လွှတ်တော် ဘက်ကလည်း လွှတ်တော်ရေးရာနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ့် ကိစ္စများကို တော်တော်လေး ဆောင်ရွက်ပြီးပြီ။ သို့ရာတွင် နိုင်ငံမှာ ဒီနေ့ တစ်ကယ်လိုအပ်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက်တော့ လုပ်ဖို့ အများကြီး ကျန်သေးတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်ဘဲနဲ့တော့ နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ဖြစ်ထွန်းမှာမဟုတ်ဘူး။ အဲဒီ နည်းတူပဲ လူမှုစီးပွားရေးတိုးတက် ကောင်းမွန်မှာမဟုတ်ဘူး။ ဒါကြောင့် မို့ စီးပွားရေးပြုပြင် ပြောင်းလဲနိုင်ဖို့ အတွက်လည်း လေ့လာပေးပါ။ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ဥပဒေများကို လည်း လေ့လာပေးပါ ဆိုပြီးတော့ ကော်မရှင်ကို တာဝန်ပေးပါတယ်’’ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေ မန်းက ပြောကြားခဲ့သည်။
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes