Thursday 15 September 2011

မြင့်မြတ်တဲ့ခေါင်းဆောင်ဆိုရာဝယ်

အဖေဖြစ်သူက မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့တယ်။ သမီးဖြစ်သူက အဲဒီတပ်မတော်ကို ပြည်ချစ်တပ်မတော် ၊ကမ္ဘာက မော် ကြည့်ရလောက်တောင် တိုးတက်တဲ့တပ်မတော်ဖြစ်စေချင်တယ်။ ဒါပေမယ့်..... ဒီ... “ဒါပေမယ့်” ဆိုတဲ့စကားက မြန်မာ့သမိုင်းမှာ အများ ဆုံးအသုံးခံနေရတဲ့ တစ်ခုတည်းသောစကားတစ်လုံးပါ။ အခုလဲ ထပ်သုံးပါမယ်။ ဒါပေမယ့် အဲဒီတပ်မတော်ကို ပခုံးပြောင်းတာဝန်ယူခွင့် ရခဲ့သူတွေက မြန်မာ့တပ်မတော်ကို ခေတ်မှီအောင် ဖွင့်ဖြိုးအောင် လုပ်ရမယ့်အစား ပြည်သူကလေးစားမြတ်နိုးထားတဲ့ဂုဏ်တွေကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးအတ္တ၊မာနတွေအတွက် တပ်မတော်ကို အသုံးချခဲ့ကြတယ်... ဘာအကြောင်းပြချက်ဘဲ ပေးပေး ဒါ သမိုင်းမှာ ငြင်းမရတော့ပါဘူး။ ပြည်သူတွေငတ်နေချိန်မှာ ဗိုလ်ချုပ်ကြီးဆိုသူတွေ မလှိုင်အဆီတက်နေခဲ့ကြတာဟာ သမိုင်းမှာအထင်းသားပါ။ 
အဲဒီကတဆင့် ကိုယ့်လိပ်ပြာကိုယ်မလုံတော့တဲ့တပ်မတော်ခေါင်းဆောင်ဆိုသူတွေဟာ ဗိုလ်ချူပ်တို့အငွေ့အသက်တွေလွှမ်းမိုးနေတဲ့မဟာရန်ကုန်ကိုစွန့်ပြီး နေပြည်တော်ဆိုတဲ့မြို့တည်ပြီး သမိုင်းသစ်ရေးဖို့ကြိုးစားကြပြန်တယ်....စစ်တပ်ဟာ ပြည်သူ့အကျိုးပြုဖို့ဖြစ်မလာဘဲ...အာဏာရှင်လူတမ်းစား
အသိုင်းအ၀ိုင်းတစ်ခုထက်မပိုခဲ့တဲ့ကာလတွေလို့ပြောလို့ရပါတယ်(သံဃာတွေကို သေနတ်နဲ့ပစ်သတ်တဲ့ အထိပေါ့)။ တိုင်းပြည်ဘဏ္ဍာ ပြည်သူ့ဘဏ္ဍာကို ထင်ရာသုံး လုပ်ချင်ရာလုပ် ဥပဒေမရှိ မိုးမမြင် လေမမြင် သောင်းကြမ်းခဲ့ကြတာသမိုင်းမှာ အထင်းသားကြီးပေါ်လို့။ ဒီတော့ နေပြည်တော် မြို့သစ်မှာ ရာဇ၀င်ထဲက မြန်မာသူရဲကောင်းကြီးတွေကိုဘဲ ရုပ်တုအဖြစ်ထားပြီး မြန်မာ့တပ်မတော်ကို ဗိုလ်ချူပ်လက် ထက်မှာထူထောင်တာမဟုတ်ဘူး ရှေးပဝေသနီ အနော်ရထာ၊ အလောင်းဘုရားစတဲ့သူရဲကောင်းကြီးတွေ ထူထောင်ခဲ့တာလို့ မလုံတဲ့လိပ်ပြာနဲ့ ကိုယ့်ကိုယ်ကိုလှည့်ဖြားဖို့ကျိုးစားခဲ့ကြ တယ်။ မေးပါရစေ... နေပြည်တော်မှာ ဗိုလ်ချုပ်ကြေးရုပ်ရှိပါသလား......? တကယ်လို့ နေပြည်တော်မှာ ဗိုလ်ချုပ်ကြေးရုပ်ရောက်လာရင်ကော ဒီဗိုလ်ချုပ်တွေ ဘယ်မှာ မြို့သစ်တည်ပြီး ဘယ်ကိုပြေးကြဦး မလဲ...။ ဖြစ်စေချင်တာက မြန်မာ့တပ်မတော်ကို ဗိုလ်ချုပ်တို့ထူထောင်ခဲ့တာပါဆိုတာ ကို ငြင်းချင်တယ်ဆိုရင်၊ငြင်းပယ်မယ်ဆိုရင်...ဗိုလ်ချုပ်တို့ဝတ်တဲ့ စစ်ယူနီဖောင်းမျိုး မ၀တ်သင့်ပါဘူး ရှေးသူရဲကောင်းကြီးများဖြစ်တဲ့ အလောင်းဘုရားတို့လက်ထက်က ၀တ်စုံတွေကို ၀တ်သင့်တယ် အဲဒီခေတ်ကလက်နှက်တွေကိုကိုင်သင့်တယ်။ သမ္မတကြီးရုံးခန်းမှာ ဗိုလ်ချုပ်တို့ ဦးနုတို့ပုံတွေချိတ်ထားတာကောလို့ ပြောစရာရှိပါတယ် ဒါက စိန်နားကပ်အရောင်နဲ့ ပါးပြောင်လေမလားဆိုပြီး ကျိုးစားတဲ့သဘောပါ။ အမှန်တကယ်က ဗိုလ်ချုပ်ဆောင်ဆန်းဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာ နိုင်ငံရဲ့ အထင်ကရ အဓိကကျတဲ့နေရာတိုင်းမှာပါမက မြို့တိုင်း နယ်တိုင်း အစိုးရရုံးတိုင်းမှာ သူ့ရုပ်တုတွေ သူ့စကားရပ်တွေ သူ့လမ်းစဉ်တွေနဲ့ သွေးသစ်လောင်းပြီး တိုင်ပြည်ကိုထူထောင်ကြရမှာပါ။ သူဟာ တကယ့် National Hero ပါ။ နောင်လာနောက်သားတွေရဲ့နှလုံးသားမှာ ဒို့တိုင်းပြည်က National Hero ဟာ ဘယ်သူဆိုတာကို အသေအချာလေ့လာခွင့်မရရင် ၊ စစ်တပ်ထဲမှာ စစ်တပ်ကိုထူထောင်တဲ့ ဖခင်ရဲ့စိတ်ထားကို လက်ဆင့်ကမ်း မသယ်ဆောင်နိုင်ရင်၊ မျိုးဆက်တိုင်းမှာ သူခိုးလိုလို၊ ကြမ်းပိုးလိုလိုစိတ်ထားကလွဲလို့ တိုင်းပြည်အတွက် မြင့်မြတ်တဲ့စိတ်ထားရှိသူဆိုတာ မွေးထုတ်နိုင်မှာမဟုတ်ပါဘူး။ အနာဂါတ်မှာ သူခိုးကြမ်းပိုးတပ်မတော်၊ သူခိုးကြမ်းပိုးမျိုးဆက်ဘဲဖြစ်လာလိမ့်မယ်။ 
(မှတ်ချက်။   ။ ရှေးသူရဲကောင်းကြီးများကိုပစ်ပယ်လိုစိတ်နဲ့ရေးတာမဟုတ်ပါ သမိုင်းကို မဖျောက်ဖျက်စေချင်တာပါ သမိုင်းဆိုတာ ဆိုးဆိုး ကောင်းကောင်း ဘယ်လိုမှ ဖျောက်ဖျက်လို့လဲမရပါ။)

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes