Thursday 15 September 2011

နိုင်ငံခြားသား မောင်းနှင်သည့်ကား တိုက်မိသဖြင့် မြန်မာ အလုပ်သမားတစ်ဦးသေဆုံး

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့တွင် နိုင်ငံခြားသား တစ်ဦး မောင်းနှင်လာသည့် ကားတိုက်မိသဖြင့်လုပ်ငန်းခွင်သို့ လမ်လျှောက် သွားနေသော မြန်မာအလုပ်သမား တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိသွားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၂)ရက်နေ့က ဖူးခက်မြို့၊ ပါသောင် ကမ်းခြေရှိ ပန်းရံ လုပ်ငန်းခွင့်သို့ အလုပ်သမား ကိုကျော်လှထွန်း၊ ကိုထွန်မြင့်နှင့် ကိုမောင်ဝင်းတို့ (၃)ဦး လမ်းလျှောက်ပြီး အလုပ်ဆင်းလာကြစဉ် နိုင်ငံခြားသား တစ်ဦး မောင်နှင် လာသည့် အဖြူရောင် ကားတစ်စီမှ မျက်နှာချင်းဆိုင်မှ ၀င်တိုက်မိခြင်း ဖြစ်သည်။
ဆေးရုံသို့ ရောက်ပြီးမှ သေဆုံးသွားသည့် အသက် (၃၀)အရွယ် ကိုမောင်ဝင်းမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သခွပ်ပင် ကျေးရွာမှ ဖြစ်သည်။

ကားတိုက်ခံခဲ့ရပြီး အတွင်းလူနာအဖြစ် နှစ်ရက်ကြာ ဆေးကုသခဲ့ရသူမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်ပုတ်ကေ ကျေးရွာမှ ကိုသန်းမြင့် ဖြစ်သည်။
၎င်းက “ကျနော် နံရိုးနာသွားတယ်။ လက်တွေ ခေါင်းတွေလည်း နာသွားတယ်။ ကျနော့်သူငယ်ချင်း ကတော့ ကံမကောင်းဘူးဗျာ။ ဆုံးရှာပြီ’’ဟု ပြောသည်။
အန္တရာယ် မဖြစ်ခဲ့သော မျက်မြင်သက်သေ ကိုကျော်လှထွန်းက “မျက်နှာချင်းဆိုင်က ၀င်တိုက်တာပါ။ ကျနော်တို့ လမ်းအောက်က ဆင်းပြီး သွားနေတာပါ။ ကျနော့်ကို ပွတ်သွားပါတယ်။ ဒုန်းဆို နောက်က နှစ်ယောက်ကို ၀င်တိုက် သွားပါတယ်။ တစ်ယောက်က ဆေးရုံရောက်မှ ဆုံးတာပါ’’ဟုပြောပြသည်။
တိုက်မိသည့် ကားမှာ ထိုနေရာတွင် ပြုတ်ကျ ကျန်နေခဲ့သည့် နံပတ်ပြားအရ ထိုင်းအက္ခရာ ကိုတို-8316 ဖြစ်သည်။
အဆိုပါ ယာဉ်တိုက် သေဆုံးမှုအတွက် ဖူးခက်အခြေစိုက် လေးဝတီ ရခိုင် လူမှုရေးအသင်း၊ ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့နှင့် ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့များက သေဆုံးသွားသည့် အလုပ်သမားနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အလုပ်သမား နှစ်ဦးအတွက် ရသင့် ရထိုက်သည့် အခွင့်အရေးများ ရရှိနိုင်ရန် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း FEDမှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

Source: Grassroots Human Rights

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes