Friday 16 September 2011

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်တော့မည်ဟု မိသားစုများအကြား သတင်းထွက်

(၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့) စစ်အစိုးရအာဏာသိမ်းနှစ်ပတ်လည် နီးလာသည်နှင့်အမျှ နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်လာမည်ဆိုတဲ့ သတင်းများ ၎င်းမိသားစုများအသိုင်းအ၀ိုင်းတွင် ပေါ်ပေါက်လျှက်ရှိကြောင်း သိရသည်။ ထိုသို့နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်မည်ဟု သတင်းများမှာ လွန်ခဲ့သောနှစ်ရက်ခန့်က စတင်ပေါ်ပေါက်ခဲ့ပြီး စစ်အစိုးရအာဏာလွှဲ လက်ရှိကြံဖွံ့အစိုးရ ဆင်နွှဲနေသည့် ဒီမိုကရေစီနေ့ ၁၅ ရက်နေ့နှင့် အာဏာသိမ်းနှစ်ပတ်လည် မတိုင်မီ ၁၈ ရက် အတွင်း ထူးခြားမည်ဟု သတင်းများ ပေါ်ထွက်လာခြင်းဖြစ်သည်။
“ ၁၅ရက်နေ့ ဆိုတာတော့ မကြားမိဘူး။ ကျွန်မထင်တာတော့ ၁၈ရက်နေ့လို့ ကြားတာ။ အာဏာသိမ်းနှစ်ပတ်လည်လဲ ဖြစ်တော့လေ”
လို့ နိုင်ငံရေး အကျဉ်းသူဟောင်း တစ်ဦးက ပြောပြသည်။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မည့်သတင်းများ ထွက်ပေါ်လာသော်လည်း မိသားစုဝင်များကို ခေါ်ယူအကြောင်းကြားမှုများ မရှိသဖြင့် ဌင်းသတင်းမှာ အတည်ပြုရန်ခက်ခဲသည်ဟု မိသားစုဝင်တစ်ချို့က ဆိုသည်။
“ လွှတ်မယ်ဆိုတဲ့ အသံက ကြားနေရတာကြာပါပီ။ ဖြစ်ပါစေ ဆုတောင်းတယ်။ ဘုန်းကြီးတွေကိုလဲ လွတ်စေချင်လှပြီ။ ရဟန်းသဃာနဲ့ မအပ်စပ်တဲ့ နေရာကို ရောက်နေတော့ ကျွန်မတို့အနေနဲ့ မခံစားနိုင်ဘူး။”
လို့ ရွှေဝါရောင်အရေးအခင်းမှ ထောင်ဒဏ်ကျခံနေရသော ဘုန်းကြီးများကို ထောင်ဝင်စာပို့နေသူ ဒေါ်ရှုက ပြောပြသည်။
“ ဒီလိုပဲ မနေ့က သတင်းထွက်လာတယ်။ ဒါပေမဲ့ မဟုတ်ပါဘူး။ စောင့်တယ်ဆိုပေမဲ့ မမျှော်တော့ဘူး။ နှစ်ရှည်သမားတွေ လွှတ်မယ်မထင်ဘူး။ ”
လို့  ထောင်ဒဏ်နှစ်ရှည် အကျခံနေရသူနိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိခင်က ပြောပြသည်။
(Photos - File, Rangoon, Monthly Prayer Service for Political Prisoners by their family members, MoeMaKa, 2011) 
ခင်နှင်းလွင်၊ စက်တင်ဘာ ၁၆၊ ၂၀၁၁

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes