Thursday 5 April 2012

ဒဏ်ခပ် ပိတ်ဆို့မှု ကန်ပြန်ရုပ်


မြန်မာအစိုးရကို ဒဏ်ခပ်ပိတ်ဆို့ထားမှုတချို့ကို အမေရိကန်အစိုးရက ရုပ်သိမ်းပေးလိုက်ပြီ။

ကျန်ရှိနေသေးတဲ့ ပိတ်ဆို့မှုတွေကိုလည်း မြန်မာအစိုးရရဲ့ လုပ်ဆောင်ပုံတွေကိုကြည့်ပြီး တဆင့်ချင်း ရုပ်သိမ်းပေးသွားဖို့ ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြိး ဟီလာရီကလင်တန်က ကြေညာသွားပါတယ်။

မြန်မာနိုင်ငံထဲက ပြုပြင်ပြောင်းလဲမှု ခြေလှမ်းတွေကို ဆက်စောင့်ကြည့်နေမှာဖြစ်ပြီး အထဲမှာကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွတ်လာရေး၊လက်ရှိပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်ရှိနေသေးတဲ့ ထောင်ဒဏ်တွေကို ပယ်ဖျက်ပေးဖို့ အပါအ၀င် တခြား လူ့အခွင့်အရေးကိစ္စရပ်တွေမှာ တိုးတက်မှုရှိမရှိကို စောင့်ကြည့်နေမှာဖြစ်တယ်လို့ ပြောပါတယ်။

နောက်တစ်ခါ အထဲမှာ စီးဗီးလ် ဆိုဆိုင်ယက်တီခေါ်တဲ့ လူမူအဖွဲ့အစည်းတွေပေါ်လာဖို့ကို တွန်းအားပေးမှာဖြစ်သလို မြန်မာအစိုးရရဲ့ မြောက်ကိုးရီးယားအစိုးရတို့ စစ်ဘက်ဆက်ဆံရေး ဖြတ်ဖို့ကို ဆက်လက်တွန်းအားပေးသွားမယ်လို့ ဟီလာရီကလင်တန်က ကြေညာသွားပါတယ်။

ဒဏ်ခပ် ပိတ်ဆို့မှု အတော်များများကို ပြန်ရုပ်သိမ်းလိုက်ပြီဆိုပေမယ့် ခု သမိုင်းဝင်ပြုပြင်ပြောင်းလဲရေး ကြိုးပန်းမှုတွေမှာ သူ့အခေါ် မှားယွင်းတဲ့ ဘက်ကို ရောက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကိုတော့ ဒဏ်ခပ် ပိတ်ဆို့မှုတွေ ဆက်ထားမယ်လို့ ဟီလာရီကလင်တန်က ပြောသွားပါတယ်။

ကလင်တန် ကြေညာတဲ့ အချက် ငါးချက်

အမေရိကန်နဲ့ မြန်မာ အစိုးရတို့ ဆက်ဆံရေး အဆင့် တိုးမြှင့်မှုရဲ့ တစိတ်တဒေသ အဖြစ် ဒဏ်ခပ် ပိတ်ဆို့မှု တချို့ကို ဖယ်ရှားပေးခဲ့တာ ဖြစ်ပြီး မနေ့က ဟီလာရီ ကလင်တန် ကြေညာသွားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန် အစိုးရရဲ့ ပေါ်လစီသစ်မှာ ခုပြောမယ့် အချက်တွေ ပါဝင်ပါတယ်။

ပထမတချက်အနေနဲ့ မြန်မာနိုင်ငံမှာ အမေရိကန် သံအမတ် ထားရှိဖို့ ကိစ္စသဘောတူညီမှု ရယူမှာ ဖြစ်ပြီး သဘောတူညီမှု ရပြိး ရက်ပိုင်းအတွင်းမှာ အမေရိကန် သံအမတ်အဖြစ် ဘယ်သူ့ကို ခန့်မလဲဆိုတာ ကြေညာမယ်။

ဒုတိယ တချက်အနေနဲ့ မြန်မာနိုင်ငံထဲမှာ အမေရိကန်ပြည်ပဖွံ့ဖြိုးရေး အထောက်အပံ့ပေးတဲ့ USAID ရုံးဖွင်လှစ်ဖို့၊ တတိယ တချက်အနေနဲ့ အမေရိကန်နိုင်ငံထဲက ပုဂ္ဂလိက အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံထဲက ဒီမိုကရေစီ တည်ဆောက်ရေးကနေ ကျန်းမာရေး၊ ပညာရေးလို ကဏ္ဍတွေမှာ ၀င်ရောက်လုပ်ဆောင် ပေးနိုင်အောင် ကူညီထောက်ပံ့ဖို့၊ စတုတ္ထတချက် အနေနဲ့ မြန်မာနိုင်ငံထဲက အမေရိကန်သဘောတူတဲ့ လွှတ်တော်အမတ်တွေနဲ့ အစိုးရအဖွဲ့တွေကို အမေရိကန်နိုင်ငံ သွားလာနိုင်အောင် စီစဉ်လုပ်ဆောင်ပေးမှာဖြစ်ပြီး၊ နောက်ဆုံး ပဉ္စမအချက်အနေနဲ့ အစောပိုင်းက မြန်မာနိုင်ငံက ကုန်ပစ္စည်းတင်ပို့မှု ပိတ်ပင်ထားမှုကို တဖြည်းဖြည်းချင်း ပြန်ဖွင့်ပေးဖို့နဲ့  အမေရိကန်က ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှတ်နှံမှု လုပ်ငန်းတွေ မြန်မာနိုင်ငံထဲ ရင်းနှီးမြှတ်နှံမှုတွေ ပိတ်ထားတာ ရုပ်သိမ်းပေးရေးတွေ ပါဝင်ပါတယ်။

ဒါပေမယ့် တချို့ဒဏ်ခပ်ပိတ်ဆို့မှုတွေတော့ ဆက်ဆလက်ထားရှိမှာ ဖြစ်ပြီး ဒီထဲမှာ မြန်မာနိုင်ငံက ကျောက်မျက်တင်ပို့မှုကိုတော့ ဆက်ပိတ်ပင်ထားအုံးမယ်လို့ သတင်းရရှိပါတယ်။

တကယ်တော့ ဧပြီကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီ အမတ်နေရာ အပြည့်နီးပါး ၀င်ပြိုင်ပြီး ၀င်ပြိုင်တဲ့နေရာအားလုံးနီးပါး အနိုင်ရပြီးနောက်မှာ နိုင်ငံတကာ ဒဏ်ခပ်ပိတ်ဆို့မှုတွေကို အနှေးနဲ့အမြန် ရုပ်သိမ်းတော့မယ်လို့ မြန်မာ့အရေးလော့လာသုံးသပ်သူအားလုံးနီးပါးက ခန့်မှန်းထားကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေကို အမေရိကန်အစိုးရက အပြည့်အ၀ အသိအမှတ်ပြု လက်ခံကြိုဆိုတယ်လို့ ဟီလာရီကလင်တန်က ပြောပါတယ်။

ဒါ့အပြင် မြန်မာအစိုးရခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တကယ်နားလည်သဘောပေါက်မှုရှိတာကို ပြသခဲ့သလို နောင်လည်း ဆက်လက်နားလည် သဘောပေါက်နေမယ်လို့ မျှော်လင့်ကြောင်း ဟီလာရီကလင်တန်က ပြောခဲ့ပါတယ်။ 

Ref: BBC

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes