Friday 16 March 2012

ထားဝယ်ဒေသခံများစုစည်းပြီး အများပိုင်ကုမ္ပဏီ တည်ထောင်ရန် စီစဉ်


ထားဝယ်တွင် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအပါအ၀င် ထားဝယ်သူ၊ ထားဝယ်သားများ စုပေါင်းကာ အများပိုင်ကုမ္ပဏီတစ်ခု တည် ထောင်ရန်စီစဉ်လျှက်ရှိကြောင်း ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် ထားဝယ်အသင်းဥက္ကဌမှ ပြောကြားသည်။

ထားဝယ်ဒေသခံများစုပေါင်း၍ ယခုကဲ့သို့ အများပိုင်ကုမ္ပဏီအဖြစ် တည်ထောင်ရန်စီစဉ်ခြင်းမှာ “ ယခုအချိန်မှာ တစ်ဦး တစ်ယောက်တည်း လုပ်ရမယ့်အချိန်မဟုတ်တော့ဘူး၊ ပူးပေါင်းပြီးလုပ်ရမဲ့အချိန်ဖြစ်နေပြီ ” ဟု ကမကထပြုစီစဉ်သူ ထားဝယ်အသင်း ဥက္ကဋ္ဌက ပြောသည်။

ထားဝယ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် အခြားစိတ်ပါဝင်စားသူများပါဝင်ခဲ့သော ယမန်နေ့ညနေ အစည်းအဝေးတွင် ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (Dawei Development Public Co.ltd) အမည်ကို ပဏာမ ရွေးချယ်ခဲ့ကြ ကြောင်း တက်ရောက်သူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ကုမ္ပဏီဖွဲ့စည်းခွင့်နှင့်လုပ်ငန်းလုပ်ကိုင်ခွင့်ရရခြင်း ဟိုတယ်နှင့်ခရီးသွားလာရေး၊ Shopping Mall ကဲ့သို့ ၀န်ဆောင်မှု လုပ်ငန်းများ စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ယခုအများပိုင်ကုမ္ပဏီမှာ ထားဝယ်ဒေသအထူးပြုဟုဆိုသော်လည်း နိုင်ငံတကာကပါ အစုရှယ်ယာများဝယ်ယူနိုင်အောင် စီစဉ်သွားမည်ဖြစ်သည်ဟုဆိုသည်။

ပထမဦးစားပေးအနေဖြင့် ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒုတိယအဆင့်အနေဖြင့် တစ်နိုင်ငံလုံးနှင့် နိုင်ငံတကာအထိ တိုးချဲ့နိုင်ရန် ရည်ရွယ်ထားကြောင်း ထားဝယ်အသင်း ဥက္ကဋ္ဌက ရှင်းပြသည်။

ထားဝယ်ဒေသခံလုပ်ငန်းရှင် ဦးကျော်ဦးက “ အဓိကကတော့ ဒီလိုအများနဲ့စုပေါင်းပြီး အောင်အောင်မြင်မြင် တည်ထောင်နိုင်ခဲ့ရင် ဒီဒေသမှာ တိုးတက်လာတဲ့ စီးပွားရေးကဏ္ဍနဲ့အတူ ပညာရေး၊ လူမှုရေးကဏ္ဍများကိုပါ တိုးတက်လာအောင် လုပ်ပေးလာနိုင်မယ်။ အလုပ်အကိုင် အခွင့်အလမ်းလည်း ပိုပြီးဖန်တီးပေးလာနိုင်မယ်” ဟု ၎င်းထင်မြင်ချက်ကိုပြောသည်။

အစုရှယ်ယာတစ်စုကို ကျပ်တစ်သိန်းသတ်မှတ်ထားပြီး စိတ်ပါဝင်စားသူများပြားသဖြင့် အစုရှယ်ယာပေါင်း ခြောက်သောင်းဖြင့် ဖွဲ့စည်းမည်ဟု ဦးဆောင် စီစဉ်သူများကပြောသည်။ အစုရှယ်ယာပေါင်း ခြောက်သောင်းတွင် ထားဝယ်ဒေသရှိ လုပ်ငန်းရှင်များ၊ ဒေသခံများမှ ရှယ်ယာ လေးသောင်းခွဲထည့်ဝင်ကာ ရန်ကုန် နှင့် အခြားဒေသရှိ ထားဝယ်သားလုပ်ငန်းရှင်များမှ ရှယ်ယာ တစ်သောင်းခွဲ ပါဝင်မည်ဖြစ်သည်။

“ မကြာတော့မဲ့ အချိန်မှာပဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်ရောက်လာတဲ့ အချိန်မှာ ဒေသအနေနဲ့ စီးပွားရေး အင်အားစု တစ်ခု ရှိနေဖို့လိုအပ်ပါတယ် ”  ဟု ဒေသခံလူငယ်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။


အရှေ့တောင်အာရှ၏ ကုန်သွယ်ရေး နှင့် သယ်ယူပို့ဆောင်ရေးအတွင် အချက်အခြာကျသော နေရာဖြစ်လာစေရန်ဟု ရည်ရွယ်ထားသော ထားဝယ်အထူးစီးပွားရေးဇုန်ကြောင့် စီးပွားရေးအခွင့်အလမ်းများပိုမို ဖြစ်ထွန်းလာပြီး အခြားစီးပွားရေးကဏ္ဍများပါ ဖွံ့ဖြိုးသွား နိုင်ကြောင်း စီးပွားရေးပညာရှင်များက လေ့လာသုံးသပ်မှုပြုကြသည်။

ယခုနှစ်ပိုင်းအတွင်း တိုင်းအစိုးရဌာနများ ပြန်လည်အခြေစိုက်မှု၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကဲ့သို့ စီမံကိန်းကြီးများနှင့် အတူ စီးပွားရေးအရ အချက်အခြာနေရာဖြစ်နိုင်ဖွယ်ရှိသော ထားဝယ်သည် ရင်းနှီးမြုပ်နှံရန် အထူး စိတ်ဝင်စားခြင်းခံရသောနေရာ ဖြစ်လာသည်။

၁၉၄၂ ကဖွဲ့စည်းခဲ့သော ထားဝယ်ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီလီမိတက်ပြီးနောက် ယခုစီစဉ်လျှက်ရှိသော အများပိုင်ကုမ္ပဏီ သည် နှစ်ပေါင်း ၇၀ ကျော်အတွင်း ထားဝယ်ဒေသခံများစုစည်းဖွဲ့စည်းသော ဒုတိယမြောက်ကုမ္ပဏီဖြစ်လာမည်ဖြစ်သည်။      ။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes