Sunday 25 December 2011

လာမည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့နှင့် မြန်မာ နှစ်ဆန်းတစ်ရက် နေ့များတွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများ ထပ်မံ လွှတ်ပေးသွားရန် အစီအစဉ်ရှိကြောင်း သိရ

7131


နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများ ထပ်မံလွှတ်ပေးရန် အစီအစဉ် ရှိကြောင်း၊ လာမည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့နှင့် မြန်မာနှစ်ဆန်း တစ်ရက် နေ့များတွင် စောင့်ကြည့်ပေးရန် လိုကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။
ဒီဇင်ဘာလ တတိယပတ်အတွင်း ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်သည့် မဲဆောက်မြို့တွင် ပြုလုပ်သည့်  ကရင်အမျိုးသားအစည်းအရုံး(KNU)  နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ တွေ့ဆုံ ဆွေးရာတွင် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

လာမယ့်ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့)၊ ပြည်ထောင်စုနေ့၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ စတဲ့ နေ့ထူးနေ့မြတ်တွေမှာ လွတ်ငြိမ်း ချမ်းသာခွင့်ပြုလေ့ရှိပါတယ်။ အဲဒီနေ့တွေမှာ စောင့်ကြည့်ပေးပါ။ မကြာမီလွှတ်ပေးဖို့ စီစဉ်နေကြပါတယ်လို့ ပြောခဲ့ပါတယ်
ရထားပို့ဆောင်ရေး ၀န်ကြီးဌာန မှတာဝန်ရှိသူတစ်ဦးက “ပြည်ထောင်စု ၀န်ကြီးအနေနဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU) နဲ့ ငြိမ်းချမ်းရေး ဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံ တော်သမ္မတကြီးအနေနဲ့ အကျဉ်း သားတွေကို ထပ်မံလွှတ်ပေးဖို့ စီစဉ် နေပါတယ်။ လွှတ်ပေးဖို့အခြေအနေ လည်းရှိပါတယ်။ လာမယ့်ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့)၊ ပြည်ထောင်စုနေ့၊ မြန်မာနှစ်ဆန်း တစ်ရက် နေ့စတဲ့ နေ့ထူးနေ့မြတ်တွေမှာ လွတ်ငြိမ်းချမ်းသာခွင့် ပြုလေ့ရှိပါတယ်။ အဲဒီနေ့တွေမှာ စောင့်ကြည့်ပေးပါ။ မကြာမီလွှတ်ပေးဖို့ စီစဉ်နေကြပါ တယ်လို့ပြောခဲ့ပါတယ်”ဟု ပြောကြား ခဲ့သည်။
ဆက်လက်၍ အဆိုပါ တာဝန် ရှိသူက “ဒီ ၃ ရက်မှာ တစ်ရက်ချင်းစီ လည်း ဖြစ်နိုင်တယ်။ ၃ ရက်စလုံး လည်း ဖြစ်နိုင်တယ်။ ၃ ရက်ထက် လည်းကျော်သွားနိုင်တယ်။ ဒါတွေက သက်ဆိုင်ရာတာဝန်ရှိသူတွေ စိစစ်နေတဲ့ အနေအထားနဲ့ ပတ်သက်ပါတယ်။နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ တိုက်ရိုက်ကိုင်တွယ်ချိန်ဆပြီး ပြုလုပ်တဲ့ကိစ္စဖြစ်တဲ့အတွက် အသေးစိတ် အကြောင်းအရာကိုတော့ ကျွန်တော်တို့ ၀န်ကြီးအနေနဲ့ ပြော ကြားခဲ့ခြင်းမရှိပါဘူး”ဟု ဖြည့်စွက် ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတအမိန့်ဖြင့် လွတ် ငြိမ်းချမ်းသာခွင့် ပြုခြင်းကို နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွှတ်ပေးခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ ခု ရှိ အကျဉ်းသားဦးရေ ၄၀၀၀၀ ကျော်အနက် နေသား ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းရှိ အကျဉ်းသားများကို စိစစ်ကာ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတ၏ ပထမဆုံး လွတ်ငြိမ်းချမ်းသာခွင့်အဖြစ်  မေလ ၁၇ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ ခုတွင် အကျဉ်းသားဦးရေ ၆၀၀၀၀ ၀န်းကျင်ရှိသည့်အနက် ၁၄၆၀၀ ကျော်ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၉ ရက်နေ့ က ပြည်သူ့လွှတ်တော် ဥပဒေရေး ရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်း စစ်သုံးသပ်ရေးကော်မရှင် ရန်ကုန်ရုံးခွဲဖွင့်လှစ်ပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို လွှတ်ပေးရန် နီးကပ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် ဖြစ်စဉ်အချို့
-၁၉၅၆ ခုနှစ် မေလ ဆဋ္ဌမ သံဃာယနာတင်ပွဲနှင့် သာသနာနှစ် ၂၅၀၀ ပြည့်အဖြစ် ၀န်ကြီးချုပ် ဦးနုက အထူးလျှော့ရက်များ ထုတ်ပြန်၍ အကျဉ်းသားများကို လွတ်ငြိမ်းခွင့် ပေးခဲ့။
-၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်အရ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၁၂၀၀၀ ခန့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၃ ဦး၊ သတင်းစာဆရာ ငါးဦး၊ ကျောင်းသား ၁၃ ဦး၊ ကေအင်ဒီအို ငါးဦးနှင့် တရားစွဲဆိုခြင်းခံနေရသူ လေးဦးကို လွှတ်ပေးခဲ့။ လွတ်လာသူများတွင် သခင်စိုး၏ဇနီးဟောင်း ဒေါ်နှင်းမေ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် မစ္စတာရာဂျန်၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီဥက္ကဋ္ဌ မိုးကျော်(ခ)ကျော်နိုင် စသူတို့ ပါဝင်။
-၁၉၇၁ ခုနှစ် ဇွန်လ ၂၇ ရက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ပထမအကြိမ် ညီလာခံ အထိမ်းအမှတ်အဖြစ် ရာဇ၀တ်ပြစ်ဒဏ်များကို လျှော့ပေါ့ခြင်းဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့။
-၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့ ရက်စွဲဖြင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ခဲ့။ ဘိန်းဘုရင် ဦးလော်စစ်ဟန် လွတ်မြောက်ခဲ့ပြီး တစ်နိုင်ငံလုံး အကျဉ်းထောင်အသီးသီးနှင့် ရဲဘက်စခန်းမှ အကျဉ်းသား ၃၉၄၄ ဦးတို့ကို လွှတ်ပေးခဲ့။
-၁၉၈၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ လူထုအုံကြွမှု ဖြစ်ပွားခဲ့သောကြောင့် အကျဉ်းထောင်များမှ အကျဉ်းသားများကို လွှတ်ပေးခဲ့။ အရေးအခင်း ကာလနောက်ပိုင်းတွင် အာဏာ သိမ်းစစ်အစိုးရက ၁၉၈၈ ခုနှစ် ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်း၊ ပြစ်ဒဏ်ကျခံနေရသူ များအား ပြစ်ဒဏ်ပြောင်းလဲ လျှော့ပေါ့ခြင်းနှင့် ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာ အမှုများ ပိတ်သိမ်းခြင်းစသည်တို့ကို ထုတ်ပြန်၍ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့။
-၁၉၉၂ ခုနှစ်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၊ ဖမ်းဆီးခံရသော လွှတ်တော်ကိုယ်စားလှယ် ၃၃ ဦး အပါအ၀င် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၃၀၀ ခန့် ပြန်လည်လွှတ်ပေး။ အမျိုးသားညီလာခံ တက်ရောက်စေရန်နှင့် အမျိုးသားညီလာခံက ချမှတ်မည့် အခြေခံမူများရေးဆွဲရန် ရည်ရွယ်လွှတ်ပေးခဲ့ခြင်းဖြစ်။
-၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမိန့်အမှတ် ၁/၉၃ ဖြင့် ပြစ်ဒဏ်များ ပြောင်းလဲ လျှော့ပေါ့ခြင်းဆိုင်ရာ အမိန့်ကို ထုတ်ပြန်၍ ကန့်သတ်လွတ်ငြိမ်း ချမ်းသာခွင့်ပြုခဲ့။
-၁၉၉၇ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ပြောင်းလဲဖွဲ့စည်းသည့် အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်များ ပြောင်းလဲသတ်မှတ်သည့် ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့။
-၂၀၀၅ ခုနှစ်တွင် ထောက်လှမ်းရေးမှ တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ထားသည့် သူများအတွက် တရားဥပဒေနှင့်အညီ မဟုတ်သော ဖမ်းဆီးထားခြင်း ခံရသူများအား ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပြုသည့်အမိန့်ကို ထုတ်ပြန်ကြေညာခဲ့။

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes