Tuesday 5 July 2011

 ၁၉၉၄ ခုနှစ်မှ စတင်၍ တရားဝင်တင်သွင်းခွင့် ပိတ်ထားသည့် အချိုမှုန့်အပါအ၀င် စားသောက်ကုန်အချို့၊ စီးကရက်နှင့် အရက်ဘီယာများ တရားဝင်ပြန်လည် တင်သွင်းခွင့်ပြုမည်

 

6407a
ကုန်ပစ္စည်းများကို ရေကြောင်းမှ သယ်ဆောင်လာစဉ်
၁၉၉၄ ခုနှစ်မှစ၍ အကြောင်း အမျိုးမျိုးကြောင့် ပိတ်ပင်ထားသည့် အချိုမှုန့်၊ အရက်၊ စီးကရက်၊ ဘီယာ၊ အချိုရည်၊ ခေါက်ဆွဲခြောက်၊  စည်သွတ်ဘူး၊ သစ်သီးအစို စသည်ဖြင့် ကုန်စည်များအား တရားဝင်ပြန်လည် တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ယခုအခါတွင် အချိုမှုန့်၊ စည်သွတ်ဘူး၊ အရက်၊ စီးကရက်၊ ခေါက်ဆွဲခြောက် အပါအ၀င် ၁၉၉၄ ခုနှစ် က ပိတ်ထားခဲ့သော ကုန်စည်အချို့ ကို တရားမ၀င် တင်သွင်းရောင်းချနေခြင်းမျိုးဖြစ်ပြီး အခွန်မဲ့တင်သွင်း သည့် အနေအထားဖြစ်ကြောင်း သိရသည်။
တင်သွင်းခွင့်ပြုသည့်အတွက် ပြည်တွင်း အသေးစား အလတ်စား လုပ်ငန်းရှင်များ၏ ဈေးကွက်ဝေစု လျော့ကျပြီး အသေးစား အလတ်စားလုပ်ငန်းများ ထိခိုက်နိုင်သည်ဟု ဆိုသော်လည်း အထိန်းအကွပ်မဲ့ တင်သွင်းခြင်းမျိုး ခွင့်မပြုဘဲ အကန့်အသတ် စည်းကမ်းချက်များဖြင့်သာ တင်သွင်း ခွင့်ပေးမည့် ပုံစံဖြစ်ကြောင်း သိရသည်။
စားသောက်ကုန်ဆိုပါက မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနမှ စိစစ်ခွင့်ပြုသည့် ကုန်စည်များကိုသာ တင်သွင်းခွင့်ပြု ရန်စည်းကမ်းချက် ထားရှိခြင်းမျိုးဖြင့် ကန့်သတ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။


အထိန်းအကွပ်မဲ့ တင်သွင်းခြင်းမျိုး ခွင့်မပြုဘဲ အကန့်အသတ် စည်းကမ်းချက်များဖြင့်သာ တင်သွင်းခွင့်ပေးမည့် ပုံစံဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအသေးစား အလတ်စားလုပ်ငန်းများအပေါ် ထိခိုက်မှု ရှိမလာစေရန်အတွက် အသေးစား အလတ်စားလုပ်ငန်းများကိုလည်း အရည်အသွေးကောင်း၊ ဈေးနှုန်း သင့်တင့်သည့် ကုန်စည်များ ထုတ်လုပ်လာနိုင်ပြီး ဈေးကွက်လျော့ကျမှု မရှိစေရန် ထောက်ပံ့မှု၊ ပံ့ပိုးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်း အရေအတွက် စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းမှာ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သည့် စက်မှုလုပ်ငန်းများ ဖြစ်ကြောင်း၊ ထို့အတွက် စားသောက်ကုန်လုပ်ငန်းများ ရှင်သန်နိုင်ရန် အတွက်လည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြပါသည်။
6407
ရန်ကုန်မြို့ရှိ စူပါမားကတ်တစ်ခုတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်း အချို့ကိုတွေ့ရစဉ်
“အချိုမှုန့်၊ စည်သွတ်ဘူး၊ ဘီစကွတ်၊ သစ်သီး၊ အရက်၊ ဘီယာ၊ အချိုရည်မျိုးစုံ၊ စီးကရက်နဲ့ ပီကေ လို အစားအသောက် ကုန်စည် စုစု ပေါင်း ၁၄မျိုး၊ ၁၅ မျိုးလောက်ကို တရားဝင်တင်သွင်းခွင့်ပြုဖို့ ဆုံးဖြတ် ထားတာရှိတယ်။ ဒါပေမယ့် အရက်နဲ့စီးကရက်ကတော့ ပါချင်လည်းပါမယ်နောက်မှ ဖြစ်ရင်လည်းဖြစ်မယ်။ အချိုမှုန့်နဲ့ စားသောက်ကုန်တွေကတော့ တင်သွင်းခွင့်ပေးမှာပေါ့။ ကိတ်မုန့်လည်း တင်သွင်းပေးမယ့် အထဲ မှာပါတယ်” ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
“လက်ရှိမှာ ဒေါ်လာဈေးကျလို့ ပို့ကုန်က နှေးသွားတယ်။ အခြေခံ ကုန်စည်ဖြစ်တဲ့ စပါး၊ ပဲ၊ ငါး ဈေး တွေလည်း ကျတယ်။ အလုပ်က မတွင်တော့ဘူး။ ဒေါ်လာဈေးပြန် တက်မှဖြစ်မယ်။ ဒီလိုတင်သွင်းခွင့် ပေးလိုက်ရင်တော့ ဒေါ်လာဈေးက အနည်းနဲ့အများတော့ ပြန်တက်နိုင်သလို ပို့ကုန်လည်းပြန်ပြီး အသက်ဝင်လာမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ အခုလည်း ပြည်တွင်းမှာ ပြည်ပက စည်သွတ်ဘူး၊ အချိုမှုန့်၊ ခေါက်ဆွဲခြောက်တွေ ရောင်းနေတာပဲ။ ဒါတွေက တရားမ၀င်တင်သွင်းပြီး ရောင်းနေတာ။ အောက်လမ်းကသွင်းရင် အခွန် မဆောင်ရသလို အရည်အသွေးညံ့တာပဲ ဖြစ်ဖြစ်၊ သက်တမ်းလွန်ခါနီးဖြစ် ဖြစ် စားသောက်ကုန်တွေကို တစ်ဖက်ကဈေးပေါပေါနဲ့ တင်သွင်း ရောင်းချလို့ရတဲ့အတွက် အကျိုးအမြတ် များကြတယ်။ အခု တရားဝင်တင်သွင်းခွင့် ပေးတယ်ဆိုပေမယ့် အခွန် ပေးရမယ်၊ အန္တရာယ်ကင်းရှင်းကြောင်း အစစ်ခံရမယ်ဆိုရင် ကုန်ကျစရိတ် များမယ်။ ပြည်ပကနေ ဈေးမြင့်တဲ့ အရည်အသွေးရှိတဲ့ စားသောက်ကုန်ပဲ သွင်းရတော့မယ်ဆိုရင် အကျိုးအမြတ် နည်းသွားမှာလေ။ ဒီတော့တရားဝင် တင်သွင်းခွင့်ပေးပေမယ့် တရားဝင် တင်သွင်းမှုမပြုဘဲ ဒီလိုပဲ အောက်လမ်းက ဆက်သွင်းနေနိုင်သေးတယ်။ တရားမ၀င် တင်သွင်းတာတွေကို တစ်ကယ်ပိတ်နိုင်ပြီး လုပ်မယ်ဆိုရင်တော့ ပိုကောင်းတယ်။ ဒီလိုခွင့်ပြုပေးတာတွေ အတွက်တော့ ကြိုဆိုပါတယ်”ဟု စားသောက်ကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
“ကောင်းကျိုးကဘာလဲ။ ဆိုးကျိုးဘာရှိလာနိုင်သလဲ ဒါကိုပဲတွက်ရမယ်လို့ ပြောချင်ပါတယ်။ ကောင်းကျိုးက ဒါတွေကို တရားဝင် တင်သွင်းခွင့် ပေးလိုက်တဲ့အတွက် ပြည်ပ ပို့ကုန်ကရတဲ့ ငွေဈေး earning လိုအပ်ချက်မြင့်တက်လာပြီး အနည်းနဲ့ အများ တန်ဖိုးတက်လာနိုင်တယ်။  နောက်တစ်ချက်က ပြည်ပကသွင်း တဲ့ ကုန်စည်နဲ့ ပြည်တွင်းကထုတ်လုပ်တဲ့ ကုန်စည်ပြိုင်ဆိုင် လုပ်ကိုင်ရောင်းချခြင်းရဲ့ အကျိုးဆက် အဖြစ် ပြည်တွင်းထုတ်ကုန်တွေ အဆင့်အတန်း မြင့်လာနိုင်တယ်။ ကောင်းကျိုး ကဒါရှိတယ်။ ထိခိုက်နိုင်တာ ဘာရှိလဲဆိုရင်တော့ အောက်လမ်းကပဲ ဆက်သွင်းမယ်၊ နည်းနည်းကိုပဲ တရားဝင် တင်သွင်းတာပြပြီး ကျန်တာကို အောက်လမ်းကပဲ သွင်းမယ်ဆိုရင် earning ဈေးလည်း တက်မလာ၊ နိုင်ငံတော်အခွန်လည်း မရတဲ့အပြင် ပြည်တွင်းက အသေးစား အလတ်စား လုပ်ငန်းရှင်တွေလည်း ဈေးကွက် မယှဉ်ပြိုင်နိုင်တဲ့အတွက် လဲပြိုကုန်လိမ့်မယ်။ ဒါကိုချိန်ဆဖို့တော့ လိုပါတယ်”ဟု စားသောက်ကုန် ထုတ်လုပ်သူ လုပ်ငန်းရှင်တစ်ဦးကလည်း ရှင်းပြခဲ့သည်။
“တရားမ၀င် တင်သွင်းနေတာ တွေကို တကယ်တားဆီးနိုင်ရင် ကောင်းပါတယ်။ တရားမ၀င် တင်သွင်းလာတဲ့ ကုန်စည်နဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင်တော့ အခုလည်း ပြည်ပ က ဈေးပေါပေါ စားသောက်ကုန်တွေ ပဲဈေးကွက်ဝေစု ရထားတာလေ။ တရားဝင်ခွင့် ပြုလိုက်ရင် တရားဝင် ကုန်စည်ဖြစ်သွားပြီး နာမည်အရ တရားဝင်ကုန်စည်၊ သွင်းလာတာကျတော့ အောက်လမ်းက ဆိုရင်တော့  ပြည်တွင်း ကုန်ထုတ်လုပ်သူတွေ ဘယ်လိုမှယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ပြည်တွင်း ကုန်ထုတ်လုပ်သူတွေက  အခွန်အမျိုးမျိုးပေးဆောင်ပြီး လုပ်ကိုင်ရတာပါ” ဟု စားသောက်ကုန် ထုတ်လုပ်သူ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။
မြန်မာနိုင်ငံတွင် စားသောက်ကုန် ထုတ်လုပ်နေသည့် လုပ်ငန်းပေါင်းမှာ မှတ်ပုံတင်ထားသည့် အရေအတွက်အရပင် ၂၆၀၀၀ နီးပါးရှိပြီး အဆိုပါ စားသောက်ကုန်လုပ်ငန်း ၂၆၀၀၀ တွင် ၂၄၀၀၀ ၀န်းကျင်မှာ အသေးစားနှင့် အလတ်စားလုပ်ငန်း များဖြစ်ကြောင်း သိရသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes