Tuesday 5 July 2011

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ဗီစာ နှစ်ဆ သက်တမ်းတိုး

မြန်မာအလုပ်သမား ယာယီနိုင်ငံကူးလက်မှတ်တွေကို သက်တမ်းနှစ်ဆတိုးပေးဖို့ မြန်မာ-ထိုင်း နှစ်ဘက်အာဏာပိုင်တွေ စတင်ဆောင်ရွက်နေပြီလို့ HRDF ခေါ် လူ့အခွင့်အရေးနဲ့ ဖွင့်ဖြိုးရေး ဖောင်ဒေးရှင်းက အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ မစ္စတာ အန်ဒီဟောလ်က ပြောပါတယ်။

မြန်မာအလုပ်သမားတွေအတွက် ကိစ္စကို HRDF က ထိုင်းနဲ့မြန်မာအစိုးရတို့ဆီကို တောင်းဆိုချက်တင်သွင်းခဲ့တာဟာ ၂၀၀၉ ထဲက ကျနော်တို့စခဲ့တာပါ။ အဲဒီတုန်းကတော့ နိုင်ငံသားစိစစ်ရေးကိစ္စက အထမြောက်ခဲ့ပါတယ်။ ယာယီနိုင်ငံကူးလက်မှတ်တွေကို သက်တမ်းနှစ်ဆ တိုးပေးဖို့နဲ့ ထိုင်းအစိုးရဘက်ကလဲ ဗီစာသက်တမ်း နှစ်ဆတိုးပေးဖို့ကိစ္စ တောင်းဆိုတာကတော့ တနှစ်လောက်ရှိပါပြီ။ အခုမှ ဆိုင်ရာအစိုးရတွေက တုံ့ပြန်လာကြတာပါ။


ဒါဟာ မြန်မာ အလုပ်သမားအတွက်တင်မက မြန်မာရော ထိုင်းနိုင်ငံအတွက်ပါ အကျိုးအမြတ်ဖြစ်တယ်။ ထိုင်းမှာ မြန်မာအလုပ်သမား နှစ်သန်းကျော်ရှိနေပြီး ပြည်တွင်းမှာကျန်ခဲ့တဲ့ သူတို့ရဲ့မိသားစု လေးငါးသန်းလောက်ကို လစဉ် ထောက်ပံ့ငွေတွေ ပို့ပေးနေကြပါတယ်။

ထိုင်းအလုပ်ရှင်တွေကလည်း ထိုင်းအလုပ်သမားထက် လုပ်အားခဈေးချိုတဲ့ မြန်မာအလုပ်သမားတွေကြောင့် အမြတ်အစွမ်းတွေ အများကြီးရှိနေတဲ့အတွက် နှစ်ဖက်အစိုးရတွေအနေနဲ့ မြန်မာအလုပ်သမားတွေကို ကြည့်ရှုစောင့်ရှောက်ရမယ့်တာဝန်ရှိပါတယ်လို့လည်း မစ္စတာအန်ဒီဟောလ်က ပြောပါတယ်။

အခုလို နိုင်ငံကူးလက်မှတ်ရော ဗီဇာသက်တမ်းပါ နှစ်ဆတိုးလိုက်အတွက် မြန်မာအလုပ်သမားတွေဟာ ဒီကိစ္စအတွက် ကုန်ကျစရိတ် တ၀က်လျော့ကျသွားမှာဖြစ်တယ်လို့ ဘန်ကောက် အခြေစိုက် BAT ခေါ် ထိုင်း-မြန်မာအသင်းတာဝန်ခံ ဦးကျော်သောင်းက ပြောပါတယ်။

“ယာယီပတ်စပို့လုပ်တာက ၈ ထောင် ၉ ထောင်၊ ၁ သောင်းကုန်ပြီး ၀ပ်ပါမစ်ကလည်း ၆ ထောင်ကနေ ၈ ထောင်ဝန်းကျင်ကုန်တယ်။ ဆိုတော့ ဒီပိုက်ဆန်ကို အလုပ်သမား လူတန်းစားတစ်ရပ်အနေနဲ့ မလွယ်ဘူး။ မလုပ်မနေရလို့သာ လုပ်နေရတာ။ သက်တမ်းကို များများတိုးပေးတာ အလုပ်သမားတွေအတွက် သက်သာစေတာပေါ့။”

ထိုင်းနိုင်ငံမှာ ဥပဒေအပြင်ပက အလုပ်လုပ်နေရတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းအစိုးရက ဇွန်လ ၁၅ ရက်ကစပြီး အလုပ်သမားမှတ်ပုံတင်တွေ စတင်လုပ်ပေးနေပြီး ဇူလိုင်လ ၄ ရက်နေ့အထိ မှတ်ပုံတင်လုပ်သူပေါင်း ၅ သိန်းကျော်ရှိပြီဖြစ်ပါတယ်။

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ မြန်မာနိုင်ငံသား  သုံးသိန်းငါးသောင်းရှိပြီး လာအိုက ငါသောင်းနဲ့ ကမ္ဘောဒီးယား တသိန်းတသောင်းရှိတယ်လို့ ထိုင်းအလုပ်သမားရှာဖွေရေးရုံးတာဝန်ခံ တဦးက ပြောပါတယ်။

အလုပ်သမားတွေကိုယ်စား အလုပ်သမားတွေကို မှတ်ပုံလာတင်ပေးတဲ့ အလုပ်ရှင်ပေါင်းက ရှစ်သောင်းလောက် ရှိတယ်လို့သိရပါတယ်။ 

အလုပ်သမားမှတ်ပုံတင် နောက်ဆုံးရက်ဖြစ်တဲ့ ဇူလိုင် ၁၄ ရက်အထိ အလုပ်သမားတစ်သန်းလောက်ကို မှတ်ပုံတင်လုပ်ပေးနိုင်မယ်လို့ ခန့်မှန်းရပြီး ခုလို ဗီဇာသက်တမ်း ထပ်တိုးလိုက်မယ်ဆိုရင်တော့ အလုပ်သမားလက်မှတ်တွေကို တိုးလုပ်လာကြမယ်လို့လည်း ထိုင်းအလုပ်သမား ရှာဖွေရေးရုံး တာဝန်ခံက ခန့်မှန်းပါတယ်။

Source : DVB 

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes