Monday 28 May 2012

ချစ်သူ မိန်းကလေးအား ဓာတ်ဆီလောင်းကာ မီးရှို့

ရန်ကုန် (မဇ္ဈိမ) ။       ။ ချစ်သူ မိန်းကလေး သူငယ်ချင်းနှင့် စကားများ ရန်ဖြစ်ပြီး အိမ်ရော လူပါ ဓာတ်ဆီလောင်း မီးရှို့ခဲ့သော ဖြစ်ရပ်တခု ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်အတွင်း မေလ ၂၇ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရသည်။

စမ်းချောင်းမြို့နယ်၊ လင်းလွန်း တောင်ရပ်ကွက်၊ သရ၀ဏ် ၂ လမ်း၊ အမှတ် ၂၄ (2B)နေ၊ အသက် ၂၅ နှစ် အရွယ် ကိုလွင်ဦးမှာ မိန်းကလေး သူငယ်ချင်းဖြစ်သူ မ---------- နှင့် စကားများပြီးနောက် ဓာတ်ဆီဖြင့် နေအိမ်နှင့် မ-------ကို ပက်ဖြန်းပြီး မီးရှို့ခဲ့ကြောင်း ကမာရွတ် ရဲစခန်း အမှုစစ်ထံမှ သိရသည်။

“မိန်းကလေး အော်သံကြောင့် ရပ်ကွက်ထဲကလူတွေက ထွက်ကြည့်ရင်း မီးလောင်မှန်း သိလို့ မီးသတ်ရယ်၊ ရဲစခန်း ရယ်ကို ခေါ်ပြီး မီးလောင်နေတဲ့ ကောင်မလေးကိုကယ်ဆယ်ခဲ့ရပါတယ်။
 ကောင်မလေးက တော်တော်ကို ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်” ဟု ကမာရွတ်မြို့နယ်နေ မျက်မြင်သက်သေတဦးက မဇ္ဈိမကို ပြောသည်။

မီးလောင်မှုကြောင့် မ---------၏ ခန္ဒာကိုယ်အနှံ့ မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ပြီး ကူညီမီးငြှိမ်းပေးခဲ့သော ညီမဖြစ်သူလည်း ဝဲ၊ ယာ ခြေထောက်များတွင် ဒဏ်ရာများရရှိခဲ့၍ ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဌာနတွင် ဆေးကုသမှု များခံယူလျက်ရှိကြောင်း သိရသည်။

“အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် မီးလောင်တဲ့ဒဏ်ရာတွေကို ကုသမှုခံယူရဦးမှာပါ” ဟု အရေးပေါ်ဌာန တာဝန်ကျ ဆရာဝန်တဦးက မဇ္ဈိမကို ဖြေကြားသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ကိုလွင်ဦးအား နေအိမ်မီးရှို့မှု၊ အပြင်းအထန် ထိခိုက် နာကျင်စေမှုတို့ဖြင့် ကမာရွတ် ရဲစခန်းက (ပ)၂၃၀/၂၀၁၂ ပုဒ်မ ၄၃၀/၃၂၀ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါရဲစခန်းမှ စုံစမ်းသိရသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes