Sunday 29 January 2012

အလုပ်သမားပတ်စ်ပို့ သက်တမ်း လေးနှစ်ပေးပြီး

၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစပြီး ပြည်ပနိုင်ငံများတွင် သွားရောက် လုပ်ကိုင်မည့် အလုပ်သမားများ ပတ်စ်ပို့ သက် တမ်းကို လေးနှစ်ပေးမည်ဟု နိုင်ငံကူးလက်မှတ်ရုံးမှ တာဝန်ရှိသူကပြောသည်။ ယင်းကိစ္စကို ဒီဇင်ဘာ ၂၈ ရက်က နေပြည်တော်တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဘုတ်အဖွဲ့အစည်းကျင်းပကာ ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။
" အလုပ်သမားတွေအပြင် သင်္ဘောသား အသစ်လျှောက်ထားသူတွေအတွက် သင်္ဘောသား ပတ်စ်ပို့တွေပါ မကြာမီ ထုတ်ပေးတော့မှာပါ။ အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ လျှောက်ထားရင် အမြန်ဆုံးဆောင် ရွက်ပေးမှာပါ" ဟု နိုင်ငံကူး လက်မှတ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

" အိမ်နီးချင်းနိုင်ငံတွေမှာ ပတ်စ်ပို့လုပ်ထုံးလုပ်နည်းတွေဟာ ဘယ်လောက်ထိ မြန်မြန်ဆန်ဆန် လုပ်ပေးနေကြလဲ၊ ဘယ်လိုအစီအစဉ်တွေလုပ်ပြီး ဘယ်လောက်ထိ လွယ်ကူတယ်ဆိုတာ အတုယူဖို့ လိုတယ်။ အခုလက်ရှိလဲ နိုင်ငံကူးလက်မှတ်စီစဉ်ဆောင်ရွက်ခြင်းကိစ္စတွေကို အတတ်နိုင်ဆုံး မြန်ဆန်အောင် ဆောင်ရွက် ပေးပါတယ်" ဟု ဒီဇင်ဘာ ၁၉ ရက်က ရန်ကင်း အလုပ်သမား ကျွမ်းကျင်ရေး သင်တန်းကျောင်းရှိ ဆွေးနွေးပွဲတစ် ခုတွင် ရဲမှူးကြီး ၀င်းနိုင်ထွန်းက ပြောသည်။

နိုင်ငံကူး လက်မှတ်သက်တမ်းမှာ သုံးနှစ်ဖြစ်ကာ အလည်အပတ်လျှောက်ရာတွင် သက်တမ်း ခြောက်လ အနည်းဆုံး ကျန်ရမည်ဖြစ်ပြီး အလုပ်သမားများအနေဖြင့် တစ်နှစ်သက်တမ်း ကျန်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အလုပ်သမား ပတ်စ်ပို့ သက်တမ်း ကိစ္စကို ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့သော အလုပ်သမား ၀န်ကြီးဌာနနှင့် ပြည်ပအေဂျင်စီ များတွေ့ ဆုံပွဲတွင် အလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူက အလုပ်သမား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းကို အကြံပြုဆွေးနွေးခဲ့သည်ဟု ပန်းသတင်းဂျာနယ် မှာဖော်ပြထားပါသည်။

By Wai Lin Shein (Citizen journalist)

Ref: PNA

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes