Friday 2 December 2011

SSA တောင်ပိုင်းနှင့် အစိုးရ အပစ်ရပ်ပြီ

အစိုးရ တာဝန်ရှိသူများနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) အဖွဲ့ ကိုယ်စားလှယ်များ အပစ်အခတ် ရပ်စဲရေးအတွက် ယနေ့ သဘောတူ လက်မှတ်ရေးထိုး လိုက်ကြသည်။
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက လွယ်တိုင်းလျန်းဒေသတွင် ကျင်းပသော ရှမ်းပြည်အမျိုးသားနေ့၌ စစ်ရေးပြနေသော ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် SSA-Sမှ ဗိုလ်မှူးချုပ် စိုင်းလူး ဦးဆောင်သော ကိုယ်စားလှယ် ၈ ဦးတို့က အစိုးရ ကိုယ်စားလှယ် များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ တဦးက ဧရာဝတီသို့ ပြောသည်။
“ငြိမ်းချမ်းရေး အဖွဲ့တွေ အနေနဲ့ ပြည်ထောင်စု အစိုးရနဲ့ သေချာဆွေးနွေးဖို့ အတွက် ကိုယ်စားလှယ်အဖွဲ့ကို တရားဝင် သေချာ ဖွဲ့စည်းပြီးတော့ နေ့ရက်၊ အချိန်၊ နေရာတွေကို ညှိနှိုင်းဖို့ သဘောတူတယ်၊ နောက်ပြီးတော့ ဘာပြဿနာပဲ ဖြစ်ဖြစ် ဖြစ်နေတဲ့ ပြဿနာ အားလုံးကို ဆွေးနွေး တိုင်ပင်သွားပြီးတော့ အပြန်အလှန် သဘောတူ လက်မှတ်ရေးထိုးတယ်”ဟု ၎င်းက ဆိုသည်။
အစိုးရဘက်က ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ် ဥပဒေချုပ် ဦးမောင်မောင်၊ စစ်ဦးစီးမှူး ပထမတန်း တြိဂံတိုင်း ဒေသ ဒု ဗိုလ်မှူးကြီး ဇော်ထွန်း၊ SSA-S ဘက်က ဗိုလ်မှူးချုပ် စိုင်းလူး၊ ဗိုလ်မှူးကြီး အောင် မောင်း၊ ဒု ဗိုလ်မှူးကြီး စိုင်းငယ်နှင့် စိုင်းဟန်တို့က သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးအဆင့် အနေဖြင့် ရထားဝန်ကြီး ဦးအောင်မင်းနှင့် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးခင် မောင်စိုးတို့က သက်သေခံအနေနှင့် လက်မှတ်ရေးထိုးပေးကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူက ဆက်ပြောသည်။
“အထူးသဖြင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကိုတော့ ဗဟိုအစိုးရနဲ့ ဆက်ဆွေးနွေးမယ်၊ အဲဒါတွေ အတွက်ကတော့ နေရာသတ်မှတ် ရဦးမယ်၊ အစိုးရဘက်ကတော့ ဒီကိစ္စတွေကို ဆွေးနွေးဖို့အတွက် ၀န်ကြီး ဦးအောင်မင်းပါဝင်တဲ့ အဖွဲ့တွေကို ဖွဲ့စည်းထားပြီ”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်လ ၁၉ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တနေရာ၌ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။
ထိုတွေ့ဆုံပွဲ၌ အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရနှင့် SSA-S ထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက်တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်၍ သွားလာခွင့် မပြုရေး၊ ဗဟိုအစိုးရနှင့်တွေ့ဆုံဆွေးနွေးရေး စသည့် အချက်များကို အစိုးရ ကိုယ်စားလှယ်များက ချပြကြောင်း သိရသည်။
SSA-Sဘက်ကလည်း အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာ ရေး၊ မိမိ ထိန်းချုပ် နယ်မြေတွင် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ လုပ်ဆောင်နိုင်ရေး၊ အစိုးရနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးတိုက် ဖျက်ရေး စသည့် အချက်များကို တောင်းဆိုထားသည်။
သြဂုတ်လဆန်းပိုင်းတွင် အစိုးရက ငြိမ်းချမ်းရေး ဖော်ဆောင်လိုသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရများနှင့် ဆက်သွယ်ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။
ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း SSA-S တပ်ဖွဲ့ဝင်များ အနေနှင့် အစိုးရထံသို့ ငြိမ်းချမ်းရေးဆွေးနွေးရန် အကြောင်း ကြားခဲ့သောကြောင့် ယခုကဲ့သို့ တွေ့ဆုံနိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
SSA-S တပ်က ယခင် မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မယူရသေးသည့် တိုင်းရင်းသားတပ်ဖွဲ့ အနည်းစုတွင် ပါဝင်သည့် လက်နက်ကိုင်အဖွဲ့ တခုဖြစ်သည်။
SSA-S သည် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ်(SURA)မှ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။ SURA သည် ၁၉၉၆ ခုနှစ်တွင် မြန်မာ စစ်အစိုးရထံ လက်နက်ချခဲ့သော ခွန်ဆာဦးဆောင်သည့် မော်ထိုင်း တပ်မတော် (MTA)မှ ခွဲထွက် အဖွဲ့ဖြစ်သည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes