Friday 7 October 2011

ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ဆွေးနွေး

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ် ရေးချောင်းဖျား ဒေသတွင် အခြေစိုက်သည့် အင်အား သုံးထောင်ရှိ မွန်ပြည်သစ်ပါတီ (NMSP) က ကြာသပတေးနေ့တွင် ပြည်နယ် အစိုးရနှင့် ရေးမြို့ အခြေစိုက် အစိုးရ စစ်တပ်ဝင်းတွင် ငြိမ်းချမ်းရေးအတွက် ပဏာမဆွေးနွေးခဲ့ကြောင်း မွန်အဖွဲ့၏ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံနိုင်ဟံသာပိန်ခိုင်းက ပြောသည်။

မွန်ပြည်နယ် အစိုးရဘက်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် ဦးဆောင်၍ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ထွန်းထွန်းညီ၊ ပြည်နယ် စည်ပင်သာယာရေး အရာရှိ ကိုယ်စားလှယ်များ ပါဝင်ပြီး NMSP ဘက်မှ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီ ဦးဆောင်ကာ ဗဟိုကော်မီတီဝင် နိုင်ဗညားလယ်၊ ဒုဗိုလ်မှူးကြီး ဟံသာတို့ ခြေလျင်တပ်ရင်း ၆၁ ဆွေးနွေးကြခြင်ဟု ဆိုသည်။

တနာရီခန့်ကြာ ဆွေးနွေးပွဲတွင် NMSP ဘက်မှ ယင်းတို့၏ ယခင်ရပ်တည်ခဲ့သည့် မူအတိုင်း ဆွေးနွေးတင်ပြခဲ့
သည်ဟု NMSP အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

“ကျနော်တို့ဘက်က တပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ် ရပ်စဲရေး ကြေညာဖို့နဲ့ နိုင်ငံရေး ပြဿနာကို UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကော်မတီ) နဲ့ ဆွေးနွေးဖို့ တင်ပြတယ်။ ကျနော် ပါတီအနေနဲ့ သီခြားတောင်းဆိုတာ ဘာမှမလုပ်ပါဘူး။ သူတို့ဘက်ကလည်း ကျနော်တို့ တင်ပြတာကို အထက်ကို
ပြန်တင်ပြမယ်လို့ ပြောတယ်” ဟု နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

ယခုဆွေးနွေးမှုသည် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးသည့်နောက် ပထမဆုံးအကြိမ် ဆွေးနွေးခြင်းဖြစ်သည်။

NMSP သည် ၁၉၉၄ ခုနှစ်မှစပြီး ယခင် နဝတအစိုးရနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် လေးကြိမ်တိုင်
ဆွေးနွေး ခဲ့ပြီးနောက် ၁၉၉၅ နှစ်လယ်ခန့်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူချက် ရရှိခဲ့ကာ နယ်ခြားစောင့် တပ်နှင့် ပြည်သူ့စစ် အသွင်ပြောင်းရန် ဗဟိုအစိုးရက ကြိုးစားရာက ၁၅ နှစ်ကျော် ရယူထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူချက် ပျက်ပြယ်ခဲ့သည်။

NMSP နှင့် ဆွေးနွေးရန်အတွက် မွန်ပြည်နယ် ဝန်ကြီးချူပ် ဦးအုန်းမြင့်က ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နိုင်လဝီအောင် (ခေါ်) နိုင်မြင့်ဆွေ  ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို စက်တင်ဘာလတွင် ဖွဲ့စည်းပြီး နေပြည်တော် ဗဟိုအစိုးရသို့ တင်ပြခဲ့သော်လည်း မွန်ပြည်သစ်ပါတီဝင်ဟောင်း အများစုပါဝင်သည့်အတွက် ပယ်ချခံရကြောင်း ပြည်နယ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်များက ပြောသည်။

NMSP နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မွန်ပြည်နယ်အစိုးရက ပြင်ဆင်နေသည်ကို ရည်ညွှန်း၍ နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (OMCC) ကလည်း UNFC  အဖွဲ့ဝင်များ ပါဝင်ခြင်း မရှိဘဲ မွန်ပြည်နယ် အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှု မပြုလုပ်ရန် NMSP ကို အောက်တိုဘာလ ၃ ရက် နေ့စွဲဖြင့်ကြေညာချက်ထုတ်ကာ တိုက်တွန်းခဲ့သည်။

NMSP က အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ပဏာမ ဆွေးနွေးခြင်းကို မိမိအဖွဲ့ဝင်များအား ခွင့်ပြုထားသော်လည်း
အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးကိုဆွေးနွေးပါက တပ်ပေါင်းစုအနေနှင့်သာ ဆွေးနွေးမည်ဟု ဆိုသည်။

သြဂုတ်လ ၁၈ ရက် နေ့စွဲဖြင့် အစိုးရက “ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး “ငြိမ်းချမ်းရေး ဆွေးနွေးလိုသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် ပဏာမအဆင့် အနေဖြင့် တဖွဲ့ချင်းအလိုက် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန်” ဖေါ်ပြထားသည်။

စက်တင်ဘာလ နှောင်းပိုင်းတွင်လည်း UNFC အဖွဲ့ဝင်ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကို ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကရင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးအောင်လွင် ဦးဆောင်သည့်အဖွဲ့ တွေ့ဆုံခဲ့ပြီး KNU က ပြည်နယ်အစိုးရနှင့် မဆွေးနွေးလိုဘဲ ဗဟိုအစိုးရနှင့်သာ ဆွေးနွေးလိုကြောင်း  အကြောင်းပြန်ထားသည်ဟု သိရသည်။

ယင်းအပြင် UNFC တွင် မပါဝင်ခြင်း မရှိသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ကလည်း စက်တင်ဘာ လကုန်ပိုင်းတွင် ရှမ်းပြည်နယ် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ဆွေးနွေးမည့်နေရာနှင့် အချိန်တို့ကိုမူ မသတ်မှတ်ရသေးကြောင်း SSA-S ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလောင်ဆိုင်က မဇ္ဈိမကို ပြောသည်။

ယခုလ ၁ ရက်နေ့က တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ကြံ့ဖွံ့ အတွင်းရေးမှူး ၂ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ခေါင်းဆောင်များ
တွေ့ဆုံဆွေးနွေးခဲ့ရာ ယင်းတို့၏ တောင်းဆိုချက်အချို့ကို သဘောတူညီမှု မရခဲ့သေးကြောင်း သိရသည်။

အလားတူ မြန်မာ အစိုးရနှင့် မိုင်းလားခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA နှင့်လည်း ပြီးခဲ့သည့် လဆန်းပိုင်း ပဏာမ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ရာ ငြိမ်းချမ်းရေးဆွေးနွေးရန် မကြာမီရက်ပိုင်းအတွင်း ထပ်မံ ဆွေးနွေးမည် ဖြစ်ကြောင်းသိရသည်။

UNFC ကို ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၁၂ ဖွဲ့မှ အခြေခံ ၆ ဖွဲ့နှင့် မဟာမိတ် ၆ ဖွဲ့အဖြစ် ဖွဲ့စည်းထားပြီး အစိုးရမှ စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်း၍ ခုခံကာကွယ်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။


0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes