Friday 2 September 2011

မြန်မာလူငယ်တွေ တရားဝင် လူကုန်ကူး ခံနေရပြီ




20110829a
မြန်မာနိုင်ငံ တောင်ပိုင်း ကော့သောင်းမြို့ ဆိပ်ကမ်း
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ကျပ်ငွေ ငါးသိန်းနဲ့အထက် အကုန်အကျခံပြီးတော့ တရားဝင် လာခဲ့ကြပါလျှက် ရန်ကုန်၊ ကော့သောင်းမှာရှိတဲ့ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ပွဲစား ကုမ္ပဏီတွေ၊ ထိုင်း-မြန်မာ နယ်စပ်က မြန်မာနိုင်ငံကူး စာအုပ် ထုတ်ပေးရေး အစိုးရ ၀န်ထမ်းတွေနဲ့ ထိုင်းက ပွဲစားကုမ္ပဏီတွေ ပူးပေါင်းပြီးတော့  တရားဝင် လူကုန်ကူး နေကြတာကို ကိုယ်တိုင် ခံနေကြရတဲ့ မြန်မာ အလုပ်သမားတွေက ပြောပြကြပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်ခွင့် လက်မှတ်တွေ မရှိတဲ့ မြန်မာအလုပ်သမားတွေ လုံခြုံ စိတ်ချမှု မရှိတာကို ကြားဖူးနားဝ ရှိနေပြီ ဖြစ်ကြတဲ့ မြန်မာ အတော်များများဟာ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ အစိုးရတရားဝင် ပို့ဆောင်နေတဲ့ နေရာနဲ့ ပုဂ္ဂလိက ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတွေက လာနေကြပါတယ်။

မြန်မာနိုင်ငံ တောင်ပိုင်း၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်၊ ကနောင်လမ်း အိမ်အမှတ် (၃၃၀)မှာ ဖွင့်လှစ်ထားတဲ့ ရွှေပင်လယ် ကုမ္ပဏီက ဦးသန်းတင်ကို  အလုပ်သမားတွေက တစ်ဦးလျှင် ကျပ်ငွေ သုံးသိန်းမှ လေးသိန်းခွဲ ပေးချေခဲ့ကြပြီး ဖြစ်ပါတယ်။ အလုပ်သမား (၅၇)ယောက်ကို ဒီကုမ္ပဏီက တစ်ဆင့် ကော့သောင်း နိုင်ငံကူးလက် မှတ်ထုတ် ပေးရေးရုံးသို့ ပို့ပေးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်နေ့က ကော့သောင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ၀န်ထမ်းတွေ ဖြစ်ကြတဲ့ လူဝင်မှု ကြီးကြပ်ရေး (လ၀က)မှ အရာရှိ ဦးနေမျိုးဝင်း၊ အလုပ်သမား ၀န်ကြီးဌာန ဦးစီးမှူး ဒေါ်ခင်အေးနဲ့ ရဲအုပ် တစ်ဦးတို့က အဲဒီ အလုပ်သမားတွေကို ထိုင်းက နေရပ်လိပ်စာ မသိတဲ့ PMP  sup construction ထိပ်တန်း ပန်းရံ လုပ်ငန်းဆိုတဲ့ ကုမ္ပဏီနဲ့ စာချုပ် ချုပ်ပြီး ထိုင်းနိုင်ငံသို့ တရားဝင် ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အလုပ်သမားတွေထဲက မအူပင်က အလုပ်သမား တစ်ဦးဖြစ်တဲ့ ကိုမျိုးသီဟထွန်းက “ကျနော်တို့ကို ကော့သောင်း အလုပ်သမား ၀န်ကြီးဌာန ဦးစီးမှူး ဒေါ်ခင်အေးက ထိုင်းဘက်က PMP ကုမ္ပဏီပိုင်ရှင် စံစူဝံ ဆိုသူရှေ့မှာ လိုက်နာရမယ့် စည်းကမ်းတွေ ကျနော်တို့ ပေးဆပ်ရမယ့်ငွေနဲ့ ကျနော်တို့ ရရှိမယ့် လုပ်အားခနဲ့ အလုပ်သမား အခွင့်အရေးတွေကို ဖတ်ပြတယ်။ ဒါပေမယ့် ဒီဘက်ကို ရောက်တဲ့အခါ တခြားစီဖြစ်နေတယ်’’လို့ ပြောပြပါတယ်။
ဦးစီးမှူး ဒေါ်ခင်အေး ဖတ်ပြစဉ်က ထိုင်းဘက်အခြမ်း ၀န်ဆောင်ခ ဘတ်ငွေတစ်သောင်း ပေးရမယ်လို့ ပြောခဲ့ပေမယ့် လုပ်ငန်းခွင်ကို ရောက်တဲ့အခါ ဘတ်ငွေ (၁၈၅၈၀)ဘတ် ပေးဆပ်ရမယ်လို့ ထိုင်းသူဌေးက ပြောနေပြီး တစ်လကို ဘတ်တစ်ထောင်စီ ဖြတ်မယ်လို့ မူလက ပြောခဲ့ပေမယ့် အခုကျတော့ တစ်ယောက်ကို ဘတ်ငွေ (၂၀၀၀)စီ ဖြတ်တောက် ခံနေရတယ်။ တစ်နေ့ လုပ်အားခ ဘတ် (၃၀၀)ရရှိမယ်လို့  ပြောခဲ့ပေမယ့် လက်တွေ့မှာ (၂၁၅)ဘတ်ပဲ ရပါတယ်။ စားစရိတ်နဲ့ အနိုင်နိုင် ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ပြီးတော့ တစ်ပတ်ကို တစ်ရက် နားရမယ်ဆိုတာ လက်တွေ့မှာ နှစ်ပတ်မှ တစ်ရက် နားခွင့်ရတယ်။ ပတ်စ်ပို့ တွေကိုလည်း သိမ်းထားတာမို့ အပြင်ကိုလည်း ထွက်လို့မရပဲ အချိန်ပြည့် အလုပ်လုပ်နေ ကြရတယ်လို့ ဆိုပါတယ်။
ကော့သောင်းရုံးက မြန်မာအစိုးရ တာဝန်ရှိသူတွေက တရားဝင်သလို လုပ်ပေးခဲ့ပေမယ့် ထိုင်းဘက်ကို ရောက်တဲ့အခါ ကော့သောင်း ရုံးမှာ စာချုပ် ချုပ်ဆိုခဲ့တဲ့ PMP ကုမ္ပဏီက လူဆိုတာကို လုံးဝ မတွေ့ရတော့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမား (၅၇)ဦး အနက် (၂၅)ဦးဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့ karon (ကရွန်) လမ်းမကြီး ဘေးမှာရှိတဲ့ katanoi က တနွိုင် All Star ကုမ္ပဏီ ပန်းရံဆိုဒ်မှာ လုပ်ကိုင် နေကြရပါတယ်။
ဒီလို အနေအထားကို သဘောပေါက်လာတဲ့ ကိုမျိုးသီဟထွန်းက “ရွှေပင်လယ် ကုမ္ပဏီနဲ့ ကော့သောင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးက ၀န်ထမ်းတွေနဲ့ PMP ကုမ္ပဏီတို့ ပေါင်းပြီးတော့ ထိုင်းဘက်ကို လူကုန်ကူး လိုက်တာ ဖြစ်တယ်။ PMP ကုမ္ပဏီကတစ်ခါ ထပ်ပြီးတော့ ALL Star ပန်းရံ ကုမ္ပဏီကို ရောင်းစား လိုက်တာ ဖြစ်တယ်’’လို့ ရင်ထုမနာ ပြောပြပါတယ်။
ဒီလူငယ်ဟာ ခေတ်ပညာတတ်သူ တစ်ယောက် ဖြစ်တာကြောင့် ထိုင်းအခြေစိုက် UNIAP အပါအ၀င် အဖွဲ့အစည်း အတော် များများကို ဆက်သွယ် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နောက်ဖြစ်စဉ် တစ်ခုက ရန်ကုန်မြို့ အမှတ် (၁၃၀) ဆူးလေး ဘုရားလမ်း၊ ကျောက်တံတား မြို့နယ်က မန်နေးဂျင်း ဒါရိုက်တာ ဦးမြင့်နိုင်နဲ့ ဒေါ်စန်းစန်းအေး (နိုင်ငံခြား အလုပ်အကိုင် ရှာဖွေရေး ရဲဝံ့နဂါး ကုမ္ပဏီ)က ထိုင်း-မလေးရှား  နယ်စပ် တရံမြိ့ မှာရှိတဲ့ ရာဘာ ထုတ်လုပ်တဲ့ အလုပ်ရုံသို့ မေလ (၂၇)ရက်နေ့က အလုပ်သမား (၃၈)ဦးကို ပို့ဆောင်ခဲ့ပါတယ်။
ရန်ကုန်မြို့၊ ရဲဝံ့နဂါးကုမ္ပဏီမှာ ပြောဆိုခဲ့တဲ့ အလုပ်နဲ့ လုပ်အားခတို့ မဟုတ်ပဲ အနံ့အသက် ဆိုးဝါးပြီး အန္တရာယ်များတဲ့ ရာဘာကြိုတဲ့ အလုပ်၊ ရာဘာထုတ် ထုတ်တဲ့အလုပ် ဖြစ်နေတာကြောင့် အလုပ်သမားတွေက မလုပ်နိုင်ဘူးလို့ ပြောကြပါတယ်။ ဒါကြောင့် ဇွန်လ (၂)ရက်နေ့မှာ အလုပ်သမားတွေရဲ့ ပတ်စ်ပို့တွေကို အလုပ်ရုံက သိမ်းထားလိုက်ပြီး အလုပ်သမားတွေကို မောင်းထုတ်လိုက်ပါတယ်။
ဒီအလုပ်သမားတွေဟာ မလေးရှားကို သွားဖို့အတွက် ရန်ကုန်မြို့ ပန်းဆိုးတန်း လမ်းမှာရှိတဲ့ အစိုးရ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး အနီးမှာရှိတဲ့ “သုခစုစံ” ဆိုတဲ့ ကုမ္ပဏီမှာ ကျပ်တစ်သိန်း ပေးပြီး ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ကတည်းက ပြည်ပ ထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် တင်ထားခဲ့ကြတဲ့ သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မေလ ရောက်လာသည့် တိုင်အောင် အဆင်မပြေတာကြောင့် ကျပ်တစ်သောင်းစီ အဆုံးရှုံးခံကာ ကျန်ငွေကိုပြန်လည် တောင်းခံခဲ့ကြပြီး ရဲဝံ့နဂါး ကုမ္ပဏီသို့ ပြောင်းလာခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီအလုပ်သမားတွေဟာ လပေါင်းများစွာ ရန်ကုန်နဲ့ ကော့သောင်းမှာ ပြည်ပ ထွက်ခွာ အလုပ်လုပ်ရဖို့အတွက် စောင့်ခဲ့ ကြရတာကြောင့် ကျပ်ငွေ ဆယ်သိန်းထက် မနည်း ကုန်ကျခဲ့ကြပြီလို့ ပြောကြပါတယ်။ ဒီငွေကြေးတွေ ရဖို့အတွက် မိဘတွေမှာ ရှိတဲ့ ရွှေနဲ့ လယ်မြေတွေကို ရောင်းချ ပေါင်နှံ ခဲ့ကြရတယ်လို့ ဆိုပါတယ်။
ပြည်ပမှာ တရားဝင် အလုပ်လုပ်ရရင် အဆင်ပြေမှာပဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ လာခဲ့ကြတဲ့ မြန်မာ အလုပ်သမားတွေ အခုတော့ ထိုင်းနိုင်ငံထဲမှာ တရားမ၀င် အလုပ်သမားအဖြစ်နဲ့ ခိုးချောင် ခိုးဝှက်ဘ၀နဲ့ ရရာအလုပ်ကို လုပ်ကိုင် နေကြရတယ်။ အချို့များဆို ငါးဖမ်းလှေပေါ်သို့ ရောင်းစား ခံလိုက်ရသေးတယ်လို့ ကြားသိရတယ်။
မိသားစုမှာ ရှိတာတွေကို ထုခွဲရောင်းချ အရင်းအနှီး ကြီးကြီးမားမား ပေးဆပ်ပြီး လာခဲ့ကြရတဲ့ မြန်မာ အလုပ်သမားတွေ ဒီလို မတရားသဖြင့် ခံနေကြရတာကို ဘယ်သူတွေများ ကယ်တင် ကူညီနိုင်ကြမလဲ။
မြန်မာပြည်မှာ အလုပ်လက်မဲ့ ဘ၀နဲ့ မြန်မာလူငယ်တွေ ဘယ်လောက်ကြာကြာ နေကြရအုံးမလဲ။ နေ့စဉ် နေ့တိုင်း မြန်မာ နယ်စပ်တွေမှာ ဘယ်လောက်အထိ လူကုန်ကူး ခံနေကြရသလဲ ဘယ်လောက်အထိ စိုးရိမ်စရာ ဖြစ်နေပြီလဲ။ ဒီလို လူကုန်ကူး ခံရတဲ့ သံသရာက ဘယ်တော့ လွတ်မြောက် နိုင်မလဲ။ ထိုင်းနိုင်ငံ အတွင်းမှာ မြန်မာတွေ လူကုန်ကူး ခံနေကြတာကို ထိုင်းနဲ့ မြန်မာအစိုးရ၊ ဒါ့အပြင် ကုလသမဂ္ဂတို့က ဘယ်လောက်အထိ ဆက်လက်ပြီး မသိချင်ယောင် ဆောင်နေ ကြဦးမလဲ။ ဒီအဖွဲ့တွေ ထုတ်ပြန်ထားတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေ ဆိုတာကော ဘယ်လို ဟာမျိုး ပါလိမ့် ဆိုပြီး အလုပ်သမားတွေ သိချင် နေကြပါတယ်။
ပြည်ပကို ထွက်ပြီး အလုပ်လုပ်ချင် သူတွေဆီက အကျိုးအမြတ်ကို ရယူထားလိုက်ပြီးတော့ ထိုင်းဘက်ကို ရောင်းကုန်ပစ္စည်း တစ်ခုလို ဖြစ်ချင်ရာဖြစ် ကိုယ်သားသမီး မိသားစု မဟုတ်ဘူး ဆိုတဲ့ စိတ်ထားတွေနဲ့ လုပ်နေကြတဲ့ မြန်မာပြည်က တရားဝင် ကုမ္ပဏီတွေနဲ့ ထိုင်း-မြန်မာ နယ်စပ်က နိုင်ငံဝန်ထမ်းတွေ ပူးပေါင်းပြီး လူကုန်ကူး နေကြတဲ့ လူကုန်ကူးမှု ကွန်ယက်တွေကို မြန်မြန်ဆန်ဆန် ဖော်ထုတ် အရေးယူ နိုင်ပါစေလို့ ဆုတောင်း လိုက်ပါတယ်။

ကျော်သောင်း
၂၀၁၁ သြဂုတ်လ (၂၉)ရက်
Source: Grassroots Human Right

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes