Friday 19 August 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တွေ့ပြီ




နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦသိန်းစိန် တွေ့ဆုံမှုကို မြန်မာ့ရုပ်မြင်သံကြားက ယနေ့ည ၈း၀၀ နာရီတွင် ထုတ်လွှင့်သွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
 နေပြည်တော်တွင် ရောက်ရှိနေသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ ယနေ့ တွေ့ဆုံခဲ့ကြောင်း သတင်းရ ရှိသည်။ယနေ့ နေ့လယ်က နေပြည်တော်သို့ ဆိုက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ မတက်ရောက်ခင် ခေတ္တ တွေ့ဆုံပြီးနောက်တွင် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အတွင်း လှည့်လည် ကြည်ရှုရန် တိုက်တွန်းကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်ရုံဆွေးနွေးပွဲသို့ မတက်ရောက်ဘဲ နေပြည်တော်တွင် အစိုးရ၏ လုံခြုံရေး စောင့်ရှောက်မှုဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။
ညနေ ၄ နာရီတွင် သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိမ်တော်တွင် ထပ်မံ လက်ခံတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံဆွေးနွေးပွဲမှာ ညနေ ၅ နာရီတွင် ပြီးဆုံးခဲ့ပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးကြသည်ကိုမူ မသိရှိရသေးပေ။ အဆိုပါ ဆွေးနွေးပွဲပြီးနောက် သမ္မတကတော်နှင့် အစိုးရတာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ရုံးအဖွဲ့ကို ၁၅ မိနစ်ခန့် တွေ့ဆုံခဲ့သည်။

သမ္မတဦးသိန်းစိန်က ယနေ့ည တည်ခင်းဧည့်ခံမည့် ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ ခန့်ကမှ နေပြည်တော်သို့ ရုတ်တရက် သွားရောက်ခြင်းဖြစ်သည်။ မနက်ဖြန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်ကလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော် သွားရောက်ရခြင်းမှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် တွေ့သင့်တွေ့ထိုက် သူများနှင့် တွေ့ဆုံရန်ဖြစ်သည်ဟု ပြောသည်။

“ညီလာခံတော့ တက်ဖြစ်လိမ့်မယ် မထင်ဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်နေသည့်  Myanmar Egress ၏ အမှုဆောင် တဦးဖြစ်သူ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ စီးပွားရေး လုပ်ငန်းရှင် ဦးလှမောင်ရွှေကမူ မြန်မာနိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်နေသည့် လူများအနေဖြင့် မတူသည်ကို ဘေးဖယ်၊ တူသည်ကို ဝိုင်းဝန်းလုပ်ဆောင်ခြင်းမှာ ကောင်းမွန်ကြောင်း ပြောသည်။

သမ္မတဦးသိန်းစိန် အနေဖြင့် နိုင်ငံစီးပွားရေး တိုးတက်မှုကို လိုလားကြောင်း၊ တိုင်းပြည်စီးပွားရေး ကဏ္ဍတွင်ပါဝင်နေသည့် လုပ်ငန်းရှင်ကြီးများနှင့် အပြန်အလှန် ဆွေးနွေးမှုများလည်း ပြီးခဲ့သည့် အင်္ဂါနေ့ညက ပြောဆိုခဲ့သေးကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမှုရေး နယ်ပယ်မှ အသင်းအဖွဲ့အသီးသီးနှင့် တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်က သဘောထား အမြင်မတူသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ မတူကွဲပြားမှုများကို ဘေးဖယ်ကာ တိုင်းပြည် အတွက် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း  ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသား ခေါင်းဆောင်၊ ပါတီတရပ်၏ ခေါင်းဆောင် ဖြစ်သည့်အတွက် သမ္မတ ဦးသိန်းစိန် အနေဖြင့် စီးပွားရေး ဆွေးနွေးပွဲ ဖိတ်ကြားခြင်းထက် နိုင်ငံရေး စားပွဲဝိုင်းသို့သာ ပိုမိုဖိတ်ကြားသင့်ကြောင်း ထောက်ပြဝေဖန်သည်။

“အခုဆွေးနွေးပွဲက စီးပွားရေး ဆွေးနွေးပွဲလေ။ တတ်သိနားလည်တဲ့ စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေး သမားတွေနဲ့ ပိုသင့် တော်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြုလုပ်ပြီး ဖြေရှင်းစေချင်ကြောင်း ဦးအေးသာအောင်က ပြောသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes