Wednesday 2 May 2012

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ မြန်မာနိုင်ငံသို့ လာရောက်သည့် သုံးရက်ကြာ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ မြန်မာနိုင်ငံ အနာဂတ်အတွက် အရေးကြီးချိန်ဖြစ်သဖြင့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရန် ဘန်ကီမွန် တိုက်တွန်း

bankimon


ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဘန်ကီမွန်းသည် ဧပြီလ ၃၀ ရက်နေ့တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် ''ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကြီးမှာ မိန့်ခွန်းပြောခွင့်ရသော ပထမဆုံး ဧည့်သည်ဖြစ်ရတဲ့အတွက် အထူးပင် ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်ကို အဆွေတော်ရဲ့ အမျှော်အမြင် ရှိခြင်း၊ သတ္တိရှိခြင်းတို့ကို ချီးမွမ်းလိုပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ခြင်းဖြင့် နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တခြားပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို ကျွန်တော် ဂုဏ်ပြုလိုပါတယ်။ မြန်မာနိုင်ငံဟာ ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးမှုတို့ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဆွေတော်တို့ရဲ့ စိတ်ဓာတ်ခိုင်မာခြင်းနှင့် တူညီစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းတိ့ လိုအပ်ပါတယ်။ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းဟာ သိမ်မွေ့ပြီး ရေရာခြင်း မရှိပါ။ ဤလမ်းကြောင်းဟာ ကျဉ်းမြောင်းသည့်အတွက် ပြန်လည်နောက် ဆုတ်နိုင်ခြင်းမရှိပါ။ မတူကွဲပြားမှုတွေ ကြုံကြိုက်တဲ့အခါမှာ ထားရှိရန် လိုအပ်တဲ့ အပြုသဘောရှိသော ဆန္ဒဖြစ်ပါတယ်။ အဖွဲ့အစည်းများအကြားမှာ မတူကွဲပြားမှုများ ရှိကြမည်ဆိုတာ ထူးဆန်းသည့် ကိစ္စမဟုတ်ပါ။ အဲဒီလို မတူကွဲပြားမှုများဟာ ကြီးမားနိုင်သလို အသေးအမွှားလည်း ဖြစ်နိုင်ပါတယ်။ အခု ကျမ်းသစ္စာကျိန်ဆိုမှုနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေသလိုပါပဲ။ အဲဒီကိစ္စတွေကိုလည်း ပြည်သူ့အကျိုး အလေးထားပြီး လူကြီးမင်းတို့ ဖြေရှင်းသွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဤလွှတ်တော်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အကူးအပြောင်းရဲ့ ဗဟိုချက်ဖြစ်ပါတယ်။ ဒီနေရာမှာ ပါတီပေါင်းစုံတို့က လက်တွဲပြီး ပြောင်း လဲမှုအတွက် အားလုံးပါဝင်တဲ့ အမျိုးသားလုပ်ငန်းစဉ် ရေးဆွဲကြရမှာ ဖြစ်ပါတယ်။ ၂၀၁၄ တွင် မြန်မာနိုင်ငံဟာ အာဆီယံရဲ့ ဥက္ကဋ္ဌနေရာယူခြင်းနှင့်အတူ ဒေသတွင်း ခေါင်းဆောင်မှုနှင့်ပါလာသော ၀တ္တရားများအပေါ် မျှော်လင့်ချက်များ ရှိလာပါတယ်။၂၀၁၅ မှာ ရွေးကောက်ပွဲ ထပ်မံကျင်းပဦးမှာ ဖြစ်ပါတယ်။ ဤအရေးပါတဲ့ အချိန်တွေမှာ မြန်မာနိုင်ငံနဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းတို့ အလုပ်တွဲလုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီကနေ ကျွန်တော်က အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းကို ပိတ်ဆို့မှုအပေါင်းကို ဖယ်ရှားခြင်း၊ လျော့ပေါ့ ဆိုင်းငံ့ခြင်းတို့ကို ပိုမိုဆောင်ရွက်ကြပါရန် တောင်းဆိုလိုပါတယ်''ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ဘန်ကီမွန်က ''နောက်တစ်ချက်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အပြည့်အ၀ ဖော်ဆောင်ရန်ဖြစ်ပါတယ်။ ဒီခက်ခဲတဲ့ကိစ္စတချို့မှာ တိုးတက်မှု လိုနေပါတယ်။ ဥပမာ ရွှေ့ပြောင်းခံရသော လူထုများ၊ တိုင်းရင်းသားလူမျိုးစုနှင့် နိုင်ငံရေးအဖွဲ့များအတွက် လုံခြုံရေး အာမခံခြင်း၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးတို့ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေမှာ အပစ်အခတ်ရပ်စဲရေးနှင့် ကွာဟလျက်ရှိပါတယ်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဖော်ဆောင်စေမယ့် အပစ်အခတ်ရပ်စဲမှုနဲ့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက် အခွင့်အလမ်းကို ကချင်လူမျိုးတွေက မဆုံးရှုံးသင့်ပါ။ လူသားချင်းဆိုင်ရာ အကူအညီများ ပေးနိုင်ဖို့အတွက် ကချင်ပြည်နယ်ကို ၀င်ရောက်သွားလာခွင့်ပေးခြင်းကို ကျွန်တော်တို့ အသိအမှတ်ပြု လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုမှာ အရေးပါ အရာရောက်စေမည့် သဘောရှိပြီး နှစ် ၃၀ အတွင်း ပထမဦးဆုံးသော သန်းခေါင်စာရင်း ကောက်ခံမှု တွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂလုပ်ငန်းများသည် အမြဲအသင့်ရှိနေဖို့ ကျွန်တော် ဆောင်ရွက်ပါမယ်။ ဤခေတ်အခါရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ မြန်မာရဲ့ ပါဝင်မှု လိုနေပါတယ်။ ဒီတောင်းဆိုချက်ကို ဖြည့်ဆည်းဖို့ အဆွေတော်တို့ လက်ထဲမှာ ရှိနေပါတယ်''ဟု ပြည်ထောင်စု လွှတ်တော်သို့ ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ၎င်းသည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ အုတ်ဂူသို့ သွားရောက် ဂါရ၀ပြုခဲ့သည်။  ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ဘန်ကီမွန်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လုပ်ငန်းစဉ်အောင် မြင်နေမှုများကို အားပေးလို၍ လာရောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများတွင် နိုင်ငံတကာနှင့် ပိုမိုထိတွေ့ဆက်ဆံနိုင်ရန် အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် နံနက် ၁၀ နာရီခွဲခန့်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်လည်းကောင်း၊ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်လည်းကောင်း အသီးသီး တွေ့ဆုံခဲ့ပြီး လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခဲ့သည်။ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်မှ ရှမ်းပြည်နယ် ဟဲဟိုးမြို့သို့ သွားရောက်ခဲ့ပြီး ဟိုပုံးမြို့နယ် ကျောက်ကချားကျေးရွာရှိ UNODC နှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးစီမံကိန်းသို့ သွားရောက်ခဲ့သည်။

ဘန်ကီမွန်သည် မေလ ၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံခဲ့သည်။ မေလ ၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ White Rice စားသောက်ဆိုင်တွင် မီဒီယာများနှင့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါရှင်းလင်းပွဲတွင် မစ္စတာဘန်ကီမွန်က ''ကျွန်တော်ကတော့ အကောင်းမြင်ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း မြန်မာအစိုးရကို ယုံကြည်မှုတွေ ပြနေပါတယ်။ မြန်မာနိုင်ငံဟာ စစ်အစိုးရ အုပ်ချုပ်ရေးကာလနဲ့ အချိန်နှစ် ၄၀ တောင်ဖြုန်းပြီးပါပြီ အချိန်ထပ် ဖြုန်းစရာ မကျန်တော့ပါဘူး။ ပါတီတွေအားလုံးရော၊ လူမှုအဖွဲ့အစည်းတွေ အားလုံးရော၊ အစိုးရခေါင်းဆောင်တွေပါ စည်းလုံးသင့်ပါတယ်။ အခုက မြန်မာနိုင်ငံရဲ့ အနာဂတ် အတွက် အရမ်းအရေးကြီးတဲ့ အချိန်ပါ။ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပါ။ ဒါက ကျွန်တော်ပေးချင်တဲ့ Message ပါပဲ''ဟု ပြောကြားခဲ့သည်။ ဘန်ကီမွန်နှင့် အဖွဲ့ဝင်များသည် မေလ ၁ ရက်နေ့ ညနေတွင် ပြန်လည်ထွက်ခွာခဲ့သည်။   

သတင်းအယ်ဒီတာအဖွဲ့
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes