ထိုင်းနိုင်ငံခုံရုံးတခုက ထိုင်းဘုရင်စံနစ်ကို စော်ကားတဲ့ပြစ်မှုနဲ့ အမေရိကန်နိုင်ငံသား ထိုင်းနွယ်ဖွား တဦးကို  လပေါင်း ၃၀ ထောင်ဒဏ် အပြစ်ပေးလိုက်ပါတယ်။ အသက် ၅၅ နှစ်ရှိ ထိုင်းနိုင်ငံမှာ မွေးပြီး အမေရိကန်နိုင်ငံသားဖြစ်လာသူ Joe Gorden ဟာ ထိုင်းဘုရင့်မိသားစုကို သိက္ခာကျစေမယ့် စာအုပ်တခုကို သူရဲ့ အင်တာနက်ဘလော့ပေါ်မှာ တင်ခဲ့တဲ့အပေါ် အခုလို အပြစ်ပေးလိုက်တာပါ။
မစ္စတာ Gorden က နိုင်ငံအတွင်းမှာ ပိတ်ပင်ထားတဲ့ ထိုင်းဘုရင် (Bhumibol Adulyadej) ရဲ့ ကိုယ်ရေးရာဇ၀င်စာအုပ်ကို အင်္ဂလိပ်လိုစာအုပ်ကို ထိုင်းလိုဘာသာပြန်ပြီး အမေရိကန်မှာရှိနေစဉ် အခုလို သူရဲ့ ဘလော့မှာ တင်ထားခဲ့တာဖြစ်ပါတယ်။
အမေရိကန်အနောက်အလယ်ပိုင်းက ကော်လိုရာဒို ပြည်နယ်မှာ နေခဲ့တဲ့ Gorden ဟာ ထိုင်းနိုင်ငံကို မေလမှာ သွားလည်စဉ် အခုလို အဖမ်းခံခဲ့ရတာပါ၊ အစပိုင်းတုန်းကတော့ ဘန်ကောက်မြို့က ပြစ်မှုဆိုင်ရာခုံရုံးတခုက သူကို ( ၅) နှစ်ထောင်ဒဏ်အပြစ်ချမှတ်ခဲ့ပေမယ့် အောက်တိုဘာလမှာ သူက အပြစ်ရှိကြောင်း ၀န်ခံခဲ့တဲ့အတွက် ဒီပြစ်မှုကို လျော့ပေးလာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန် ကောင်စစ်ဝန်ချုပ် Elizabeth Pratt ကတော့ဒီပြစ်မှုအပြစ်ပေးတာ ကြီးမားလွန်းတယ်လို့ ဆိုပါတယ်။
 Ref: VOA