Monday 2 May 2011

ဘင်လာဒင် အမေရိကန် အသေဖမ်းဆီးရမိ

အယ်လခိုင်းဒါးအဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် သေဆုံးသွားကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။
၁၉၉၈ ခုနှစ်က အာဖဂနစ္စတန်နိုင်ငံ တနေရာကနေ အိုစမာ ဘင်လာဒင် မိန့်ခွန်းပြောကြားစဉ်
ထပ်ဆင့် ဖြန့်ဝေရန် ပါကစ္စတန်နိုင်ငံ အတွင်းပိုင်းက သတင်းရထားတဲ့ နေရာတခုမှာ အမေရိကန် မြေပြင်တပ်တွေရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကမ္ဘာပေါ်မှာ အလိုအရှိဆုံးအကြမ်းဖက်သမား အယ်လခိုင်းဒါးအဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) သေဆုံးသွားပြီလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြေညာလိုက်ပါတယ်။ တနင်္ဂနွေနေ့ ညဘက်မှာ အိမ်ဖြူတော်ကနေ တနိုင်ငံလုံးကို သမ္မတ အိုဘားမားက ရုပ်မြင်သံကြားပေါ်ကနေ ဘင်လာဒင်ကို သုတ်သင်နိုင်ခဲ့တဲ့အကြောင်း မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ လူတွေ ထောင်နဲ့ချီသေဆုံးခဲ့ရတဲ့ အယ်လ်ခိုင်းဒါး အဖွဲ့ရဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရအပြီး (၁၀) နှစ်နီးပါးအကြာမှာ အဖွဲ့ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်မြေပေါ်မှာ တိုက်ခိုက်ခံရပြီးကတည်းက အမေရိကန်တပ်တွေက ဘင်လာဒင် ကို လိုက်လံရှာဖွေနေခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ကတော့ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်အစွန် ဟာဇရာ (Hazara) ဒေသထဲက အဘော့တဘတ် (Abbotabad) မြို့မှာ အမေရိကန် တပ်တွေရဲ့ စစ်ဆင်ရေးအတွင်းမှာ သူ့ကို အသေဖမ်းမိတာ ဖြစ်ပါတယ်။

ဘင်လာဒင် ဟာ မူဆလင် ခေါင်းဆောင်တယောက် မဟုတ်ပေမဲ့ သူဟာ မူဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သူဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။ ပါကစ္စတန် ထောက်လှမ်းရေးတွေရဲ့ အကူအညီနဲ့ ဘင်လာဒင် ဘယ်မှာရှိတယ်ဆိုတာကို ဖေါ်ထုတ်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း သမ္မတက ဆိုပါတယ်။ အယ်လ်ခိုင်းဒါး အဖွဲ့ကို နှိမ်နှင်းတဲ့ စစ်ဆင်ရေးထဲမှာ ဒီတခါစစ်ဆင်ရေးဟာ အထူးခြားဆုံး ဖြစ်တယ်လို့လည်း သမ္မတက ဖော်ပြပြောဆိုပြီး ငြိမ်းချမ်းရေးနဲ့ ဂုဏ်သိက္ခာကိုယုံကြည်လေးစားသူတိုင်းက ဘင်လာဒင် ရဲ့ ကျဆုံးမှုကို ကြိုဆိုကြမှာဖြစ်တယ်လို့လဲ မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ တရားမျှတမှုနဲ့အညီ အရေးယူနိုင်ခဲ့ပြီလို့လဲ အမေရိကန်သမ္မတက ပြောသွားပါတယ်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes