Friday, 27 May 2011

နွေသီး (ရေးသူ - ခင်ခင်ထူး)

(၁)
ကျွန်မ၏ ဇာတိမြို့ကလေးက ကျွန်မ ခွဲခွာလာခဲ့သည်ပင် နှစ်ပေါင်းသုံးဆယ် ရှိခဲ့ပြီ။ သို့သော် ကျွန်မ၏ အိပ်မက်တွေ ထဲမှာတော့ မြို့ကလေးက ကနေ့အထိ ရှိနေဆဲဖြစ်သည်။ အိပ်မက်ထဲက မြို့ကလေး၏ ပုံရိပ်တွေကို ကျွန်မ မှတ်မိနေတတ်တာကလည်း ထူးဆန်းလှပါ၏။ မြို့ကလေး၏ လမ်းကွေ့လမ်းကောက် လမ်းချိုးလမ်းဝိုက်များ၊ အညာအိမ် မည်းမည်းကြီးများ၊ ထရံအိမ်များ၊ တိုက်တာများ၊ ပွဲရုံများ၊ ကျောင်းများ၊ ရုံးများ၊ ဆေးလိပ်ခုံများ…. ပြီးတော့ ဘ၀များ…….
မြို့ကလေးမှာ ကျွန်မကို မွေးခဲ့သည်။ ကျွန်မမှမဟုတ်ပါ။ ကျွန်မတို့ မောင်နှမ ခြောက်ယောက်စလုံး သည်မြို့ကလေးက အိမ်မည်းမည်းကြီးတစ်လုံးထဲမှာ မွေးခဲ့ကြခြင်းဖြစ်၏။ ကျွန်မတို့အိမ်က ကြီးလှသည်တော့ မဟုတ်ပါ။ သို့သော် ခြံကြီးကတော့ ရှည်မျောမျော အလျားဖြင့် ကျယ်လွင့်လှပါသည်။ မြို့ကလေးလို့ ကျွန်မ သုံးရခြင်းမှာ မြို့ကြီးကို ပြောင်းခဲ့ရခြင်းကြောင့်ဖြစ်၏။ ဆယ့်သုံးနှစ်လောက် နေခဲ့ရသော မြို့ကလေးသည် ကျွန်မတို့ နေခဲ့ရစဉ်က ကြီးလွန်းနေသည်ဟုပင် ထင်ခဲ့မိပါ၏။ ပြီးတော့ မြို့ကလေးက စိမ်းစိမ်းစိုစိုလည်း မဟုတ်။ အညာကုန်းခြောက်ခေါင်ခေါင်မှာ တည်ရှိသော အလွန်ပူပြင်းသော မြို့ကလေးဖြစ်သည်။ မြင်နေကျ မြင်ကွင်း၊ မြင်နေကျ အရောင်တွေက နှစ်ပေါင်းများစွာ မပြောင်းမလဲ ငြိမ်သက်နေတတ်သည့် မြို့ကလေးဖြစ်သည်။ သူ့ရင်ဘတ်ပေါ်မှာ ဥဒဟို နင်းဖြတ်နေကြသော ဘ၀များကို နားလည်သည်းခံတတ်သော မြို့ကလေးဖြစ်သည်။ ထိုမြို့ကလေးသည် ကျွန်မ၏ ဇာတိ မြင်းခြံမြို့ကလေးဖြစ်ပါ၏။

ကျွန်မ အာရုံထဲမှာ မြို့ကလေး၏ အနေအထားသည် ဘယ်တုန်းကမှ ပျက်ပြယ်သွားခဲ့သည်မရှိ။ ဇာတိမြို့ဆိုသည့် သံယောဇဉ်သည် ထူးဆန်းလှပါသည်။ သည်မြို့ကလေးကို အမြဲမဟုတ်သည့်တိုင် မကြာခဏဆိုသလိုတော့ ကျွန်မ စိတ်ရောက်ရမြဲ ဖြစ်သည်။ ကျွန်မတို့ နေကြသည့်လမ်းက လမ်းတိုကလေးဖြစ်၍ သည်လမ်းတိုကလေးသည်ပင် ကျွန်မတို့ မောင်နှမများ၏ မြင်းခြံဖြစ်ရသည်။ သူငယ်ချင်းရယ်လို့လည်း များများမရှိ။ မောင်နှမတွေများသော ကျွန်မတို့အတွက် အဖော်ရယ်လို့လည်း သိပ်တော့မလိုခဲ့ပါ။ မောင်နှမတွေ ကျောင်းသွားတော့လည်း အတူတူ၊ ကျောင်းပြန်တော့လည်း အတူတူ၊ ပြန်လာတော့လည်း ခြံဝင်းကျယ်ကြီးထဲ အတူတူ ဆော့ကစားခဲ့ကြသည်။
အမေက မြင်းခြံမြောက်ဈေးထဲမှာ အိုးဆိုင်ဖွင့်ကာ ဈေးရောင်းသည်။ အဖေကတော့ အိမ်မှာ မရှိတာ များသည်။ ဧရာဝတီမြစ်ထဲက ရှေးလှေကြီး တစ်စင်းသည်ပင် အဖေ့အိမ်လို ဖြစ်နေခဲ့ရသည်။ မြင်းခြံဆိပ်ကမ်းကို အဖေ့လှေကြီး ဆိုက်ကပ်ချိန်မှာတော့ မိသားစုထံ အဖေ ရောက်လာတတ်ပါ၏။ အဖေလာလျှင် အိမ်အတွက် ဆန်အိတ်တွေ၊ ငါးခြောက်ငါးခြမ်းတွေ၊ စားသောက်ကုန်တွေ ပါလာတတ်သည်။ မြင်းခြံမြစ်ဆိပ်နှင့် မြို့က လှမ်းတော့ သည်ကုန်တွေ အိမ်ရောက်ဖို့ကပင် လှည်းတွေနှင့် ကဲ့ရသည်။ လှေသားတွေက တစ်ရွက်တစ်ပိုး ထမ်းကြရသည်။ ကျွန်မတို့၏ မသိစိတ်မှာ အားငယ်စိတ်တွေများ ရှိနေရော့သလား မသိ။ အဖေ ရောက်လာလျှင် ကျွန်မတို့အားလုံး ခွန်အားတွေ ပြည့်ဝသွားသလို ခံစားကြရသည်။
အဖေ ရောက်လာသည့်နေ့တွေမှာတော့ မြင်းခြံမြို့ကလေးသည်ပင် ကျွန်မတို့ မောင်နှမများအဖို့ စိမ်းလန်းနေသည် ထင်ရပါသည်။
(၂)
မြင်းခြံမြို့၏ တစ်ခုသော ရပ်ကွက်ဖြစ်သည့် အမှတ် (၆) ကွေ့ကြီးရပ်ရှိ မြူနီစီပါယ် ရေစက်ဝင်း၏ မြောက်ဘက်အစွန်းက ရေနံချေးဝနေသည့် အိမ်သည် ကျွန်မတို့အိမ်ဖြစ်သည်။ အိမ်ကြီးက ကုန်းထိပ်ပေါ်မှာ ရှိသော်လည်း ခြံကြီးက နောက်ကို ရှည်မျောမျော ငိုက်ဆင်းသွားသည့်အတွက် ကျွန်မတို့က အောက်ချိုင်းခေါ်ကြသည်။ လမ်းပေါ်က အိမ်ကို တိုက်ရိုက် ရောက်နိုင်သော်လည်း အိမ်နောက်ဖေးကို ဆင်းလျှင်တော့ အောက်ချိုင်းထဲကို ရောက်ရတော့သည်။ အောက်ချိုင်းထဲမှာလည်း လူနေရပ်ကွက်တွေ ရှိပါသည်။
ကျွန်မတို့သည် ခြံကြီးကို ၀ယ်စဉ်ကတည်းက ပါလာသော သီးပင်တွေထဲမှာ မာလကာပင်တွေက အများဆုံးဖြစ်သည်။ အားလုံး လေးဆယ့်သုံးပင် ပါသဖြင့် မာလကာတောဟုပင် ခေါ်နိုင်ပါ၏။ ကျွန်မတို့ မောင်နှမတွေက မာလကာပင် တစ်ပင်ချင်းကို ဓားဦးချွန်ဖြင့် တစ်၊ နှစ်၊ သုံး၊ လေး ထွင်းထားသဖြင့် အပင်အရေအတွက်ကို သိရခြင်းဖြစ်သည်။ မာလကာပင်တွေ များသလောက် အပင်မျိုးကလည်း စုံလှပါသည်။ ဘူးလည်သိမ်လို မာလကာ၊ ဆုပ်ဆုပ်ပွပွ ထူထူအမ်းအမ်း မာလကာ၊ အရေခွံပါးပါး ပြောင်တင်းတင်း မာလကာ၊ ဖင်ချွန်ခေါင်းပု မာလကာ၊ အူဖြူ အူနီ အူဝါ စသည်ဖြင့် အသီးမျိုးစုံ အသွေးမျိုးစုံ သီးလေ့ရှိကြပါသည်။
သည်မာလကာပင်တွေ ဘာစိတ်ကူးနဲ့များ စိုက်သွားကြတာပါလိမ့်။ ဘယ်သူတွေကများ ဒီလောက်အပင်တွေများများ စိုက်သွားကြတာပါလိမ့်။ နဂို ဒီအိမ်ရှင်က ဘယ်သူလဲ။ အဖေတို့ကို ဘာကြောင့် ရောင်းသွားကြတာလဲ။ ကျွန်မ မူလတန်းအရွယ်လောက်မှာတော့ မာလကာပင်တွေကို ကြည့်ရင်း လျှောက်တွေးနေတတ်ပါပြီ။ မာလကာပွင့်တွေ ဖွေးနေအောင် ပွင့်ကြပြီဆိုလျှင် ကျွန်မတို့ ပျော်ကြသည်။ သိပ်မကြာခင်မှာ သီးကင်းဖူးကလေးတွေ တည်ပြီး သီးဖူးကလေးတွေ မြဲပြီဆိုတော့ အပွင့်တွေ ကြွေကြပါသည်။ အသီးတင်ပြီဆိုလျှင်တော့ မာလကာ တစ်တောလုံး အသီးတွေ အသီးတွေ မရေတွက်နိုက်တော့ပြီ။ မာလကာ လေးဆယ့်သုံးပင်က အသီးတွေဆိုတာ ခဲခဲလှုပ်လို့။ တချို့အပင်တွေက မျိုးရိုးအလိုက် အသီးနောက်ကျတာ စောတာ ရှိတတ်သည့်အတွက် တစ်မိုးလုံး တစ်ဆောင်းလုံး အသီးပြတ်သည် မရှိ။ နွေရာသီ ကြိုင်ကြိုင်ကြီးဆူအောင် ပူပြီဆိုလျှင်တော့ မာလကာပင်တွေ အရွက်ခြွေကြပြီ။ မာလကာ ရွက်ဝါ၀ါတွေက တစ်ခြံလုံး ခြေချစရာပင် မရှိ။
နွေရာသီမှာတော့ မာလကာသီး အလွန်ရှားပါသည်။ သို့သော် နွေသီးကလေးတွေ၊ ရွက်ပုန်းသီးကလေးတွေကို မျက်စိရှင်ရှင်ဖြင့် ရှာနိုင်လျှင် ရတတ်သည်။ ကိုင်းဖျားကိုင်းမြင့်တွေမှာ ဆိုလျှင်တော့ တံချူကိုင်ကြရပြီ။ တံချူကူလို့ မရလျှင်လည်း ကိုင်းဖျား ကိုင်းနားရောက်အောင် တွယ်ကုပ်တက်ကြရသည်။ မိန်းကလေးဆိုသော်လည်း ကျွန်မလည်း မျောက်တစ်ကောင်လို သစ်ပင်ပေါ် ရောက်သွားတတ်သည်။ မီတော့လည်း ခူး၊ မမီတော့လည်း လှုပ်ချ၊ ၀ါးခြမ်းပြားနှင့် ရိုက်ချ။ ရှားပါးချိန်ဆိုတော့ နွေသီးကလေး၊ ပုန်းသီးကလေး တစ်လုံးတလေ ရလိုက်လျှင် အလွန်ဝမ်းသာရပါသည်။
“နင် ဘယ်အပင်က ရတာလဲ”
“အပင်နံပါတ် နှစ်ဆယ့်ခြောက်က”
“အပင်နံပါတ် နှစ်ဆယ့်ခြောက်က အထွတ်သီးကြီးတွေပါဟာ၊ နင် မညာနဲ့”
မောင်နှမချင်း ညာကြသော်လည်း ပေါ်တာများပါ၏။ မာလကာသီးတွေ ခူးမနိုင်၊ ဆွတ်မနိုင်၊ ကြွေမနိုင်၊ ကောက်မနိုင် ဖြစ်ရသည့် ရာသီကတော့ ၀ါဆိုဝါခေါင် တော်သလင်းလများတွင်ဖြစ်သည်။ သီတင်းကျွတ်၊ တန်ဆောင်မုန်းအထိ အသီးတွေ ခူးရတုန်း။
အဖေ ပြန်မလာတာ ကြာလျှင်တော့ အမေ့အိုးဆိုင်က ၀င်ငွေကိုသာ ခြိုးခြိုးခြံခြံ သုံးကြရသည်ဖြစ်၍ အမေ့ဆီက မုန့်ဖိုးရဖို့ ခက်တော့သည်။ ထိုအခါ အမေ့ခမျာလည်း ကသီလင်တ ဖြစ်ရသလို ကျွန်မတို့ မောင်နှမတွေမှာလည်း အမေ့အရိပ်အကဲကို ကြည့်ကြရတော့သည်။ အမေ့ခမျာ မနက်မိုးလင်းသည်နှင့် ချက်ပြုတ်စီမံပြီး ကျွန်မတို့ မောင်နှမတွေအတွက် ကျောင်းမုန့်ဖိုး အကြွေစေ့ကလေးတွေ စီချထားခဲ့ကာ ဈေးထွက်ရသည်။ တစ်ခါတရံ အကြွေချထားခဲ့တာမျိုး မရှိလျှင် အိမ်အခြေအနေကို ကျွန်မတို့ အကဲဖမ်းနိုင်ကြပြီ။
“အမေက ပိုက်ဆံလည်း မထားခဲ့ဘူး၊ ငါတော့ ဈေးထဲလိုက်တောင်းမယ်”
တစ်ယောက်က သည်လိုဆိုတော့ ကျန်မောင်နှမတွေကလည်း ဈေးထဲလိုက်မည် ပြင်ကြတော့သည်။ ကျွန်မကတော့ မလိုက်ပါ။ အမေ့ကို သနား၍ ဖြစ်သည်။
“မရှိလို့ မထားခဲ့တာနေမှာပေါ့ဟဲ့၊ ဈေးထဲလိုက်တောင်းရင် အမေ ဆူမှာပေါ့”
တစ်ခါတစ်ရံ အဖေ့လှေကြီး လနှင့်ချီကြာလျှင် အိမ်အခြေအနေက ပိုဆိုးလာသည်။ သားသမီးခြောက်ယောက် စားအိုးကြီးကို အမေ မနိုင်မနင်း ဖြစ်ရရှာသည်။ မနက်ဈေးထွက်လျှင် နို့ညှာကို လက်ဆွဲ၊ နို့စို့ကို ခါးထစ်ခွင်ကာ အမေ ဖိုသီဖတ်သီ နိုင်ခဲ့တာကိုလည်း ကျွန်မ မမေ့နိုင်။ “သူတကာတွေ မာလကာသီး သရေစာလုပ် ၀ယ်စားရသေးတာပဲကွယ်၊ ကိုယ်က ခြံထွက်ပဲ၊ မုန့်ဖိုး မယူကြပါနဲ့လား” လို့ အမေပြောလျှင် ကျွန်မ ၀မ်းနည်းမိရပါသည်။ မာလကာသီး ပေါ်ချိန်များမှာ ခြံထဲက မာလကာသီးတွေခူးကာ ရုပ်ရှင်ရုံဈေးသည်တွေဆီကို ဖောက်သည်သွင်းကာ အိမ်စားဝတ်နေရေးကို တစ်ဖက်က ထိန်းရသည်။
“မာလကာသီးတွေ အလုံးကြီးတာ အလုံးလှတာ ရွေးကြစမ်း၊ တောင်းတစ်လုံးစီနဲ့ ထည့်ကြ၊ ရုပ်ရှင်ရုံဈေးသည်တွေဆီ အမေ လိုက်သွင်းမယ်”
မာလကာသီးတောင်းတွေကို အမေ တစ်တောင်း ကျွန်မ တစ်တောင်း ရွက်ပြီး ရုပ်ရှင်ရုံတွေရှိရာ မြို့လယ်ကို ထွက်ခဲ့ကြပါသည်။ ကျွန်မတို့ ငယ်ငယ်က မြင်းခြံမှာ ဂုဏ်ရုံ၊ လူငယ်ရုံနှင့် သီရိရုံဟူ၍ ရုပ်ရှင်ရုံ သုံးရုံရှိပါသည်။ ရုပ်ရှင်ရုံ တစ်ရုံချင်းကူးကာ မာလကာသီး ဖောက်သည်ရှာကြရတာကလည်း လွယ်တာတော့မဟုတ်။ ဖောက်သည် မယူမချင်း မာလကာသီးတောင်း ရွက်ရတာက မပင်ပန်းသော်လည်း သည်မာလကာသီးတွေ နေကုန်လို့မှ ရောင်းရပါ့မလားဆိုသည့် စိတ်ဖိစီးမှုက ပင်ပန်းလှပါသည်။
အမေက လမ်းသွားရင်း ဈေးရောင်းတာ သူတစ်ပါးပစ္စည်း ခိုးတာ၊ လိမ်တာ၊ မတော်မတရား ရယူတာမျိုး မဟုတ်ကြောင်း၊ ညည်းအမေကြီး မယ်သန့်က ခံတောင်းထဲ စုံစီနဖာထည့်ကာ ရွာစဉ်လှည့်ဈေးရောင်းခဲ့သူ ဖြစ်ကြောင်း၊ အမေလည်း ဈေးထဲ အိုးရောင်းရတာဖြစ်ကြောင်း၊ တရားသော အသက်မွေးမှုကို မရှက်မကြောက်ရကြောင်း၊ မကောင်းမှု၌သာ ရှက်ရကြောက်ရကြောင်း သွန်သင်ရှာပါ၏။ ၀န်ခံရပါလျှင် အစပိုင်း ရက်တွေတုန်းက ကျွန်မမှာ ရှက်ရွံ့အားငယ်စိတ်တွေ ရှိခဲ့သည်။ ကျောင်းက သူငယ်ချင်းတွေများ တွေ့သွားကြလေမလား၊ အထင်သေး အမြင်သေး ရှိကြလေမလား စသည်ဖြင့် ဟိုကြည့် သည်ကြည့် ထူပူနေတတ်ပါသည်။ အမေ့ကို သနားတာရော၊ မပယ်ရှားဝံ့တာရောကြောင့်သာ ကျွန်မ လိုက်နေခဲ့ရခြင်းဖြစ်သည်။
ရုပ်ရှင်ရုံ တစ်ရုံဝင်တိုင်း ဈေးသည်တွေက ငြင်းလိုက်လျှင် ကျွန်မမှာ စိတ်မောလူမော ဖြစ်ရပါ၏။ မာလကာသီး ပေါ်ချိန်ဆိုတော့ သူတို့မှာလည်း မာလကာသီးတွေက တင်းကျမ်း။ ဖောက်သည်က မယူမချင်း အမေနှင့် ကျွန်မ ရုပ်ရှင်ရုံ တစ်ရုံက တစ်ရုံ ကူးကြရတာနှင့်ပင် ဆေးလိပ်လည်းတို နေလည်းညိုသွားတတ်ပါ၏။
“တစ်လုံး နှစ်လုံး ရွေးမနေပါနဲ့တော့ မလှရယ်၊ ကျုပ်လည်း ဈေးသည်ပါ၊ တွက်ကြည့်မှ တစ်လုံး ဆယ်ပြား မကျချင်ပါဘူး၊ တောင်းပြတ်ယူလိုက်ပါ၊ ပြီးမှ လျှော့တာပေါ့”
“ကျုပ်မှာလည်း များလွန်းလို့ပါတော်၊ လူတွေက မာလကာသီးချည်း စားကြတာ မဟုတ်တော့ ကျုပ်တို့ကလည်း အောင်းရောင်းရတာပါ။ အလုံးအစိတ်လောက်တော့ ခေါင်းရွေးယူလိုက်ပါ့မယ်၊ ဖြစ်ရင်လည်း ထားခဲ့”
မျှမျှတတ စာစာနာနာ ဖောက်သည်ရှိသလို ဒုက္ခလာရှာလေခြင်းဆိုသည့် မျက်နှာဖြင့် ခပ်တင်းတင်း လှန်လွှတ်ကြသူတွေလည်း ရှိသည်။
“အဲသာတော့ နည်းလွန်းပါတယ် မတရုတ်မရယ်၊ ကျုပ်တို့ သားအမိ တောင်းရွက်ခ ရှိတာပါ။ ရုပ်ရှင်ရုံ ကူးရတာ ခြေဆတ်ခေါက်လိုက်နေပါပြီ။ နည်းနည်းတော့ ပိုပက်ပေးဦးမှပေါ့”
“ပြန်သာယူသွားပါ၊ ကျုပ်တို့ အဲသလောက် စကားပြောဖို့ အချိန်မရဘူး”
နောက်ဆုံးတော့ မတန်တဆ ထိုးပေးခဲ့ရတာလည်း အခါခါပင်။ ကြာတော့ ကျွန်မပင် မခံချင်တော့ပါ။ မာလကာသီးက ခြံထွက်ဆိုသော်လည်း ပင်ပေါက်စေ့ ခူးကြရသည်။ ရေဆေးကြရသည်။ ရွေးကြ ဆယ်ကြရသည်။ တောင်းထဲ စီထည့်ကာ ရွက်လာခဲ့ကြရသေးသည်။ ဖောက်သည်ယူပါမည့်အကြောင်း တောင်းပန်ရသေးသည်။ တချို့ ဖောက်သည်က မတန်တဆ ဈေးနှိမ်ကြသည်။ မတော်တရား ရှိကြတာမြင်ရတော့ ကျွန်မ အံ့သြမိရသည်။ ပြီးတော့ ပိုက်ဆံကို လက်ငင်းပေးလိုက်တာ မဟုတ်။ အခေါက်ခေါက် သွားတောင်းရသည်။ ပေးပြန်တော့လည်း မကြည်သာချင်။
“အမေရယ်… မတန်တာ မရောင်းပါနဲ့၊ သမီး ထိုင်ရောင်းပါ့မယ်”
ကျွန်မ စကားကို အမေပင် အံ့သြသွားခဲ့တာ ကျွန်မ မှတ်မိနေပါသည်။ သမီးကလေးကို ရုပ်ရှင်ရုံရှေ့မှာ မာလကာသီး ထိုင်ရောင်းသည့် အဖြစ်မျိုး အမေ မထားရက်နိုင်သော်လည်း တစ်ဖက်တစ်လမ်းက ၀င်ငွေကလည်း လိုနေတာ အမှန်ပဲ မဟုတ်လား။ ဤသို့ဖြင့် မြင်းခြံမြို့၏ ရုပ်ရှင်ရုံ သုံးရုံရှေ့တွင် ကျွန်မ အောက်က မောင်လေးနှင့်အတူ မာလကာသီး ထိုင်ရောင်းခဲ့သည်။ ကျောင်းက အပြန်မှာ အစ်ကိုတွေက မာလကာသီးဆွက်ကာ ကျွန်မတို့ မောင်နှမကို ရုပ်ရှင်ရုံရှေ့ လိုက်ပို့သည်။ အိုးဆိုင်က အပြန် အမေကိုယ်တိုင် လိုက်လာကာ ရုပ်ရှင်ရုံရှေ့ မီးမှိန်မှိန်မှာ သားမိတစ်တွေ ငုတ်တုတ်ထိုင်ရင်း အားလပ်ချိန်ကို စောင့်ရတာလောက် အားငယ်စရာကောင်းတာ မရှိပါ။ ကျွန်မတို့ ငယ်ငယ်က ရုပ်ရှင်ပြလို့ သုံးချိုး နှစ်ချိုးလောက်ကျလျှင် အားလပ်ချိန် ပေးတတ်ပါသည်။ ရုံထဲက အသံတွေကို ကြားရဖန်များတော့ အားလပ်ချိန်ကိုပင် ကျွန်မတို့ ခန့်မှန်းတတ်ခဲ့ပြီ။ လူတွေ ဝေါခနဲ ထွက်လာတော့ ကိုယ့်မာလကာသီးတောင်း ဘယ်သူ မျက်စိရောက်ကြလေမလဲ ကြည့်ရတာကလည်း အသနားခံသလိုများ ဖြစ်နေသလား။
“ညည်းအဖေကလည်း ဒီတစ်ခေါက် ကြာလိုက်တာအေ၊ ကိုသန်းတို့ ပြောတာတော့ မလယ်ဘက် ရောက်နေသတဲ့”
အမေက ရုပ်ရှင်ရုံကအပြန် ကျွန်မကို အားပေးသလိုလိုနှင့် အဖေ့သတင်းကို ပေးတတ်သည်။ မာလကာသီးတွေက တောင်းပြတ်ကုန်ခဲ့တာမျိုး မရှိတော့ အပြန်လည်း အရွက်ပါရသည်သာ။ လမ်းမီးရောင် ကျိုးတိုးကျဲတဲအောက်မှာ ကျွန်မတို့တစ်တွေ စကားတပြောပြော ပြန်လာခဲ့ကြသည်။ အိမ်ရောက်တော့ အိပ်တဲ့ကလေးက အိပ်နေကြပါပြီ။ နို့စို့ မောင်ငယ်ကလေးခမျာ နို့ဆာရှာလွန်းလို့ အမေ့ကို မြင်လိုက်ကတည်းက ထိုးဟပ်တော့၏။ ကျွန်မက ခြေဆေးလက်ဆေး ထမင်းစားပေမယ့် အမေက မစားနိုင်သေး။ မီးတိုင်ခွက် ဘေးချကာ ငွေအကြွေတွေကို ရေတွက်နေရှာတုန်း။
“ဆယ့်နှစ်ကျပ်နဲ့ ပြားခြောက်ဆယ်ရတယ် သမီးရေ”
ဆန်တစ်ပြည် တစ်ကျပ် ငါးမူးဆိုတော့ သည်ငွေသည်လည်း ကျွန်မတို့ မိသားစုအတွက် အားဖြစ်ရပါ၏။ ကျွန်မ အိပ်ရာထဲရောက်သော်လည်း အိပ်မပျော်နိုင်သေး။ ကျွန်မ မျက်စိထဲမှာ မာလကာပင် လေးဆယ့်သုံးပင်ကို မြင်နေရသည်။ ရောင်းကြရော့ဟဲ့ဆိုသည့်ပမာ အသီးတွေက မြင်မကောင်းအောင် သီးပြနေကြသည်။ ကျွန်မမှာတော့ တောင်းထဲက လက်ကျန် မာလကာသီးတွေတောင် မကုန်သေးဘဲနှင့် နောက်ထပ်ခူးဖို့ပင် အားလျော့နေမိရပါ၏။ အိပ်မက်တွေထဲမှာ မာလကာသီးတွေ အရာ အထောင် အသောင်း….။ တစ်ခါများတော့ မာလကာသီးတွေ ကားကြီးနှင့် တစ်စီးတိုက် ရောင်းရသည်ဟု ကျွန်မ အိပ်မက် မက်သည်။ ဈေးကောင်းလည်း ရသည်ဆိုတော့ ပိုက်ဆံတွေ ဖွေးနေအောင် ရလိုက်သည်။
“ငါ့သမီးကို ဆယ့်နှစ်မုခ်ဘုရားပွဲကျရင် ဂါဝန်ကလေး ပြန်ဝယ်ပေးမယ်နော်”
အိပ်မက်ထဲမှပင် ဂါဝန်ကလေး ပြန်ဝယ်ပေးမည်ဆိုတာပါလို့ ၀မ်းသာလိုက်ရတာ။ မနက်မိုးလင်းတော့လည်း ဘာမှမဟုတ်။ အမေလည်း အိုးဆိုင်ကို ပြေးလေပြီ။ ကျွန်မတို့ မောင်နှမတွေအတွက် ကျောင်းမုန့်ဖိုး မတ်စေ့ကလေးတွေ အမေ စီချထားခဲ့ပါ၏။ တစ်ခါ တစ်ခါတော့ ကလေးအတွေးနှင့် တစ်သက်လုံးများ မာလကာသီး ရောင်းရတော့မှာလားလို့ တွေးခဲ့မိရသည်။
(၃)
အငယ်နှစ်ကောင်က ကျောင်းမနေသေးတော့ ကျန်မောင်နှမလေးယောက်အတွက် တစ်ယောက် တစ်မတ်စီ ပေးဦးတော့ တစ်ကျပ်ထွက်ပြီ။ သည်တစ်ကျပ်က ဟင်းဖိုး ကျွေးဖိုးကလေးတော့ ရသေးသည်။ အမေ့ အိုးဆိုင်ကလည်း ကြွေးဟောင်းဆပ် ကြွေးသစ်ယူဆိုတော့ အမြတ်ရယ်လို့ ဆုပ်ဆုပ်ဖွဖွ ကျန်တာမျိုးမဟုတ်။ ပြီးတော့ အိုးသဘာဝ ကွဲတာ ကျေတာက အရှုံး။ သည်တော့ ကျွန်မတို့ ကျောင်းမုန့်ဖိုးသည် မာလကာသီးနှင့် စလုပ်တိုက်ရလေပြီ။ ကိုယ်သယ်နိုင်သလောက် တက်ခူး၊ အလုံးလှလှရွေး၊ ရေဆေးကာ ကျောင်းလွယ်အိတ်ထဲ ထည့်သယ်ကြရသည်။ သူငယ်ချင်းတွေကို ရောင်းလိုက်တော့ ကျောင်းမုန့်ဖိုး ထွက်သည်။
သည်လိုဆိုတော့လည်း အဆင်ပြေသားပဲ မထင်လိုက်ပါနှင့်။ ကျောင်းဈေးသည်တွေက မကြည်သာတာလည်း ရှိသည်။ အချင်းချင်းထဲကလည်း ကုန်းပြေးချောတာ ရှိသည်။ တစ်ခါတော့ ဆရာကြီး ရုံးခန်းကို ရောက်ရလို့ ကျွန်မ ၀မ်းနည်းရပါသည်။ မာလကာသီး ရောင်းမိတာ အပြစ်လား။ ကျွန်မ ဥာဏ်မမီပါ။ ၀မ်းနည်းလှသဖြင့် ကျွန်မ မျက်ရည်ကျမိတာကိုလည်း မှတ်မိနေပါသည်။
“ကျောင်းလာတက်တာ ဈေးမရောင်းရဘူး။ ရောင်းချင်ရင် ကျောင်းချိန် ပြင်ပမှာ ရောင်းရမယ်။ ကျောင်းထဲ နောက်မရောင်းရဘူး။ မှတ်မိတယ်နော်”
ဆရာကြီးက အဲသလောက်သာ ပြောသော်လည်း ကျွန်မမှာ ကြိမ်နှင့် ရိုက်လိုက်တာထက် နာကျင်သွားခဲ့သည်။ ကျွန်မတို့ မောင်နှမတွေအဖို့ ခိုးဝှက်ရောင်းချင်ရောင်း၊ မဟုတ်လျှင် ကိုယ့်မာလကာသီးကိုယ် ကျောင်းသရေစာ လုပ်စားကြရုံသာပင်။
နှစ်စဉ် ကျင်းပမြဲဖြစ်သော မြင်းခြံရှင်ပင်ရေပေါ် ဘုရားပွဲရက်များသည် မာလကာသီး တွင်တွင်လှိုင်သော တော်သလင်းလတွင် ကျရောက်တတ်ပါသည်။ သုံးဆူဘုရားပွဲဟုလည်း ခေါ်ကြပါ၏။ ဘုရားသုံးဆူ စံပယ်ကိန်းဝပ်ရာ ကျောင်းတော်ကြီးရှေ့မှာ ကျွန်မတို့ မောင်နှမ မာလကာသီး ရောင်းခဲ့ကြဖူးသည်။ ဘုရားပွဲ လှည့်ရက်ဆိုလျှင် တစ်မြို့လုံး အုံးအုံးကျွတ်ကျွတ် စည်ကားလှပါ၏။ မြို့ကိုလှည့်ကာ ဒေသစာရီ ကြွချီအပူဇော်ခံပြီဆိုလျှင် မြို့တွင်း မြို့ပြင် ရပ်ကွက်များက ကျောင်းမဏ္ဍပ်များထိုးကာ ပူဇော်ကြသည်။ ယိမ်းအဖွဲ့များက အတီးအမှုတ် အကအခုန်များဖြင့် တစ်မဏ္ဍပ်မှ တစ်မဏ္ဍပ်ကူးကာ ဖြေဖျော်ကြသည့်အတွက် ကြည့်၍မဆုံးနိုင်အောင် ပျော်စရာကောင်းလှပါသည်။ ဗဟိုမဏ္ဍပ်ရှိရာ ကျောင်းတော်ကြီး ရှေ့တရားပွဲများကလည်း တစ်ပတ်၊ ဆယ်ရက် ကျင်းပတတ်သဖြင့် တရားနာပရိသတ်ကို မျှော်ကာ မာလကာသီး ရောင်းကြရပါသည်။ အမေက တောင်းထဲ မာလကာသီးတွေထည့်၊ အပေါ်က ကြွေရည်သုတ်လင်ပန်း တစ်ချပ်ခင်း၊ လင်ပန်းထဲ လိုသလောက်တင်ရောင်း။ တစ်ခါတည်း ဈေးပါသတ်မှတ်ပေးလိုက်သည်။ ညဘက်မှာ ကြာနီကန်ဆရာတော်ဘုရား၊ ဓမ္မကထိက ဆရာကြီးဦးလှသိန်း တရားပွဲများကလည်း တရားနာယူသူများဖြင့် ကျိတ်ကျိတ်တိုး စည်ကားလှသည်။ ပွဲတော်လှည့်ရက်မှာတော့ ယိမ်းတွေ တိုးမပေါက်တော့။
“မမ… ယိမ်းတွေ နင် အရင်သွားကြည့်၊ ငါ ရောင်းထားမယ်၊ နင် ကြည့်လို့ဝရင် ပြန်လာခဲ့၊ ငါ သွားမယ်၊ သိပ်မကြာနဲ့နော်”
ကျွန်မနှင့် မောင်လေးတို့ သဘောတူ ညှိနှိုင်းပြီး ယိမ်းပွဲတွေကို တစ်လှည့်စီ ကြည့်ကြသည်။ ဇာတ်ပွဲ၊ ယိမ်းပွဲတွေကို ၀ါသနာကြီးလှသော ကျွန်မက မာလကာသီးဗန်းကို မောင်လေးနှင့် ထားခဲ့တာ များပါသည်။ မာလကာသီး တစ်တောင်း ကုန်တိုင်း အမေ့ကို မျက်နှာလုပ်ချင်လွန်း၍ အိမ်ကို အပြေးပြန်ကာ အမေ့ကို ပိုက်ဆံအပ်၏။ အမေက “ရောင်းကောင်းသားဟဲ့” ဆိုကာ နောက်တစ်ဗန်း ထည့်ပေးလိုက်ပြန်ပါ၏။ အမေက “ပါးစပ်ကလည်း အော်ရောင်းရတယ်ကွယ့်” လို့ သင်ပေးလိုက်တော့ ကျွန်မ အော်ခဲ့ရသည်။ ဟုတ်တော့လည်း ဟုတ်သား။ အော်ရောင်းတော့ ပိုပြီး အာရုံရှိကြလို့လားမသိ။ ပိုရောင်းရသည်။
“မာလကာသီးတွေနော်၊ ဆယ်ပြား တစ်မတ် ဆယ်ပြား တစ်မတ်”
ပွဲတော်သံတွေကြားမှာ စူးစူးပြာပြာ အော်ခဲ့ရတာကလည်း လည်ချောင်းများပင် နာလှပါသည်။
(၄)
တကယ်တော့ သည်မာလကာပင် လေးဆယ့်သုံးပင်သည်လည်း ကျွန်မတို့ မောင်နှမများ၏ ငယ်ဖော်များ ဖြစ်ကြပါသည်။ ကျွန်မတို့တစ်တွေက မောင်နှများ၏ ငယ်ဖော်များ ဖြစ်ကြပါသည်။ ကျွန်မတို့တစ်တွေက အိမ်ပေါ်မှာ နေကြသည်မရှိဘဲ မာလကာတောထဲမှာ အနေများကြသည်။ အမေက ခိုင်းစရာရှိလို့ခေါ်လျှင် မာလကာတောထဲကို လှမ်းဟစ်ရမြဲ။ ကာတွန်းစာအုပ် တစ်အုပ်လောက်များ ရလိုက်ပြီဆိုလျှင် ချောင်ကျကျ မာလကာပင်ခွဆုံကို တက်ကာ ကျိတ်ဖတ်ရတာ ဇိမ်ကျလှပါ၏။ ကာတွန်းဖတ်ပြီးမှ အပင်ပေါ်က ဆင်းကြသည်။ မာလကာတောကြီးဆိုတော့ တော်ရုံတန်ရုံ သစ်ပင်ပေါ် တက်လိုက်သည်နှင့် ပျောက်သွားတတ်ပေရာ တူတူပုန်းတမ်း ကစားလျှင် မြေပေါ်မှာ ပုန်းကြတာမျိုးမရှိဘဲ သစ်ပင်ပေါ် တက်ပုန်းကြသည်။ ရှာသူက “တူ” တစ်ခွန်းဟေ့ဟု တောင်းဆိုလိုက်လျှင် သစ်ပင်တွေပေါ်ကနေ “တူ” သံတွေ ပေးလိုက်ကြသည်မှာ ချိုးငှက်တွေ ကူကြသည်နှင့်ပင် တူသည်။
စာကျက်ကြတော့လည်း မာလကာပင်ခွဆုံ ကောင်းကောင်းမှာ ထိုင်ကာ ကျက်ကြသည်။ ကိုယ်နှင့် အဆင်ပြေသည့် မာလကာပင်တစ်ပင်ကို ရွေးထားတတ်ကြသည်။ သည်အပင်က စာကျက်ရလွယ်တယ်၊ လဘ်ကီးကောင်းတယ် စသဖြင့် အစွဲအလမ်းထားကြတာမျိုးလည်း ရှိပါ၏။ တစ်ခါတစ်ရံ မာလကာပင်ခြေမှာပင် ဖျာကြမ်းကြီးခင်းကာ ဂဏန်းတွက်ကြသည်။ စာမေးပွဲ နီးလာသည့် ရက်တွေမှာတော့ မာလကာပင်တစ်ပင်စီ ပေါ်ကနေ စာကျက်နေကြသော ကျွန်မတို့ မောင်နှမတွေ၏ စာအော်ကျက်သံက လက်ပံပင် ဆက်ရက်ကျသလို ပွက်ပွက်ညံနေတတ်ပါသည်။ ဧည့်သည်လာလို့ ကလေးတွေကော မေးလာလျှင် အမေက ဧည့်သည်ကို မာလကာတောထဲ ခေါ်လာပြီး ဆင်းခိုင်းရသည်။ သစ်ပင်တွေပေါ်မှာ မျောက်တွေလို တစ်ကိုင်းကနေ တစ်ကိုင်း လွှဲကာ လွှဲကာ ကူးနေကြသည့် ကျွန်မတို့ကို ကြည့်ရင်း အံ့သြသွားတတ်ကြပါ၏။
“ချော်ပြုကျပါဦးမယ် မမြတင်ရယ်၊ မကြားကောင်း ကြားကောင်း”
“ကျုပ်ကလည်း ဈေးတစ်ဖက်နဲ့ဆိုတော့ မကြည့်နိုင်ပါဘူးတော်၊ သူတို့ကိုယ် သူတို့ ထိန်းဖို့ပဲ ဆုံးမ ရတာပဲ”
ဧည့်သည်က စိုးရိမ်သော်လည်း ကျွန်မတို့ မောင်နှမတွေအားလုံး သစ်ပင်ပေါ်က ကျခဲ့သူရယ်လို့မရှိ။ အပင်ချင်းနီးလျှင် တင်ပင့်တစ်ပင် အပင်ပေါ်ကပင် ကူးလိုက်ကြသေး၏။
နွေဝင်ပြီဆိုလျှင် မာလကာပင်တွေ ရွက်ဝါထိုးကြပြီ။ နည်းနည်းရင့်တော့ သံချေးရောင်လိုက်ကြပြီ။ ပြီးလျှင်တော့ အရွက်တွေ ခြွေကြတော့သည်။ ထိုအခါ မာလကာပင်တွေအားလုံး ကမ္မဌာန်းရုပ် ပေါက်လာလေ၏။ အရိုးပြိုင်းပြိုင်းနှင့် ရွက်ကြွေတောကပင် နွေသရုပ်ကို အပီအပြင် ဖော်ကျူးနေကြသယောင် ထင်မိပါသည်။ ဥသြသံလည်း ကြားရပြီ။ ရွက်ခြောက်တွေကို တကျွမ်းကျွမ်းနင်းကာ မာလကာပင်တွေကို မော့ကြည့်ရတာ အမော။ အကျည်းတန်လှသော မာလကာပင်တွေပေါ်မှာ နွေသီးကလေးတွေ ရှားရှားပါးပါး တွေ့ရတတ်သည် မဟုတ်လား။ တချို့က နေလောင်သီးဖြစ်သည်။ နေရောင်တစ်ခြမ်း ထိုးထားသဖြင့် တစ်ဖက်က ၀ါ၊ တစ်ဖက်က စိမ်း။ နွေသီးကတော့ နွေရာသီ ရေဆုတ်ချိန်မှာ ကျစ်တိုးပြီး ဖျစ်ညှစ်တင်ရသော အသီးဖြစ်၍ စားလျှင် အလွန်ချိုတတ်ပါသည်။ နွေရာသီမှာ နွေသီးရှာရတာလည်း အလုပ်တစ်လုပ်ပင်။ ဖြူရော်ရော် မာလကာပင်တွေခမျာ အပူဒဏ်ကြောင့် အရေပြားတွေ လန်သလို အဖတ်တွေ ကွာထွက်လာတော့သည်။
“နွေသီးက ချိုမှာပေါ့ သမီးရဲ့။ အခါရာသီမဟုတ်တဲ့ကြားက ရုန်းကန်သီးရတာ မဟုတ်လား။ နေပူ လေပူ မြေပူကြားက ရသမျှ ရေဓာတ်ကလေးနဲ့ အားယူပြီး အသက်ဆက်ကြရတာ၊ ခဲရာခဲဆစ် ရှားရှားပါးပါး ထသီးရတဲ့အသီး ချိုပြီပေါ့”
အမေ့ကို နွေသီးကလေးရလို့ ဦးဦးဖျားဖျားကျွေးလျှင် အမေက သည်စကားအမြဲပြောတတ်သည်။ အမေက နွေသီးကလေးကို ရေစင်စင်ဆေး၊ လေးစိတ်ခွဲကာ ပန်းကန်ပြားကလေးထဲထည့် ဘုရားကို သစ်သီးဆွမ်းကပ်သည်။
နွေသီး….။ ရုန်းရင်းကန်ရင်း ခဲရာခဲဆစ် ထသီးရတဲ့အသီးဆိုတော့ ချိုပြီပေါ့…..တဲ့။
(၅)
ကျွန်မ ဆယ့်သုံးနှစ်သမီးမှာ မြင်းခြံမြို့ကနေ မန္တလေးမြို့ကို ပြောင်းဖို့ ဖြစ်လာခဲ့သည်။ နွေရာသီ၏ ရက်တစ်ရက် ဖြစ်ပါသည်။ မြင်းခြံကို ကျွန်မတို့ ခွဲရတော့မည်။ မာလကာတောကို ခွဲရတော့မည်။ မိုးသီး နွေသီးတွေကို ထားခဲ့ရတော့မည်။ ကျွန်မ၏ ဇာတိမြို့ကလေးကို နေခဲ့ရစဉ်က စွဲလန်းလှသည် မဟုတ်သော်လည်း ပြောင်းရမည်ဆိုတော့မှ ပိုပြီး ခံစားနေမိရပါ၏။ မြင်းခြံတွင် နေခဲ့ရသည့် နှစ်ကာလတွေမှာ ကျွန်မတို့ မိသားစု အဆင်ပြေလှသည် မဟုတ်ပါ။ ရုန်းရင်းကန်ရင်း ကျစ်ကာတိုးကာ သီးရသည့် နွေသီးတစ်လုံးလို နေခဲ့ရသည့် ရက်တွေသာ ဖြစ်ခဲ့သည်။ ပြောင်းရတော့မည်ဆိုတော့ အလွမ်းရဆုံးက မာလကာပင်တွေပဲ ဖြစ်ပါ၏။ မာလကာပင်တွေကို တစ်ပင်ချင်း လိုက်ကြည့်ကြသည်။ တစ်ပင်ချင်း နှုတ်ဆက်ကြသည်။ ဓားဦးချွန်ဖြင့် ထွင်းထားသော သစ်ပင်နံပါတ်တွေက ကျွန်မတို့ မောင်နှမတစ်တွေကို မျက်ရည်များဖြင့် ကြည့်နေသလို ခံစားကြရသည်။
ထိုနှစ်က ကျွန်မ သတ္တမတန်း စာမေးပွဲ ဖြေပြီးချိန်ဆိုတော့ တပေါင်းလ၊ အရွက်တွေ ခြွေချိန်၊ အရိုးစုတွေလို ပြိုင်းပြိုင်းထချိန်။ ရွက်ဝါတွေ အောက်ချိုင်းထဲမှာ ထူထူသိပ်သိပ် ကြဲပြန့်နေချိန်။ သည်ရက်ထဲမှာ အဖေလည်း ရောက်လာပြီဆိုတော့ အဖေက ချက်ပလက်ကားအိုကြီးတစ်စီး ငှားလာခဲ့သည်။ ရုတ်တရက် ကောက်ကာငင်ကာ ပြောင်းကြရတာကို ကျွန်မ နားမလည်တတ်ခဲ့ပါ။
“မန္တလေးမြစ်ဆိပ်မှာ အဖေ မြေ၀ယ်ထားတယ်။ မန္တလေးမှာ လှေအလုပ်တွေ ပေါတယ် သမီးရဲ့။ အိမ်ကလည်း မြစ်ဆိပ်မှာဆိုတော့ လှေအလုပ်နဲ့ နီးတာပေါ့။ သမီးတို့ကို မန္တလေး တက္ကသိုလ်ကျောင်းကြီး အဖေက ပို့ချင်သေးတာ၊ ဒါကြောင့် အဖေ ရုန်းကန်နေတာပေါ့ သမီးရဲ့”
“သမီး မြင်းခြံကို လွမ်းတယ်၊ မာလကာပင်တွေကိုလည်း လွမ်းတယ်၊ အမေ့ အိုးဆိုင်ကိုလည်း လွမ်းတယ် အဖေ”
“မြင်းခြံကို သတိရတော့ လာတာပေါ့။ မာလကာပင်တွေ မန္တလေးမှာလည်း စိုက်ပေါ့ သမီးရဲ့၊ လူဆိုတာ တော်ရာမှာ နေကြရတာကွယ့်”
ကျွန်မ ရင်ထဲ ခံစားရသည့်အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။ အဖေက အိမ်နီးချင်းတွေကို လိုက်နှုတ်ဆက်သည်။ အမေက အထုပ်အပိုးတွေ ပြင်ရပြီ။ အမေလည်း စိတ်ကောင်းပုံမရပါ။ သားသမီး ခြောက်ယောက်စလုံးကို မွေးဖွားခဲ့ရာ သည်အိမ်ကလေးကို ခွဲချင်ပုံမရ။
“ကျုပ် အလုပ်က ရေထဲဘ၀လုပ်နေရတော့ ကလေးတွေ ပစ်ထားရတာ စိတ်မချမ်းသာလွန်းလို့ ပြောင်းရတာပေါ့ဗှာ၊ မအေကလည်း အိုးဆိုင်တစ်ဖက်နဲ့ဆိုတော့ ကလေးတွေခမျာ အနေဆင်းရဲ အစားဆင်းရဲ မန္တလေးတော့ သားသမီးတွေနဲ့ ကျုပ်အတူတူ နေရကောင်းပါရဲ့ အောက်မေ့သားပဲ၊ အဓိက ကတော့ ကလေးတွေ နောင်ရေးပေါ့”
ကျွန်မတို့ မမွေးခင်က အဖေနှင့် အမေ ရွာမှာ အနေအစား ဆင်းရဲလှသဖြင့် မြင်းခြံကို ပြောင်းခဲ့ကြခြင်းဟု ဆိုပါသည်။ မြင်းခြံမှ မန္တလေးကို ပြောင်းရတော့လည်း အနေအစား ဆင်းရဲလို့ဟု ဆိုပြန်ပါသည်။ မန္တလေး ရောက်ရင်ကော…
ကျွန်မတို့ ပြောင်းကြမည့်မနက်က အဖြစ်ကလေးကို ကျွန်မ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါ။ မာလကာသီးတောင်းရွက်ကာ မာလကာသီးတွေ ရောင်းခဲ့ရတာ သည်အပင်တွေကြောင့်ဆိုသည့် နာကြည်းစိတ်မျိုး ကျွန်မမှာ ဘယ်တုန်းကမှ မရှိ။ သည်အပင်တွေ ရှိလို့သာ ၀င်ငွေကလေး တစ်ဖက်တစ်လမ်းက ရနေတာ၊ တကယ်တော့ သူတို့လည်း ကျေးဇူးရှင်တွေရယ်လို့သာ ကျွန်မ သဘောထားနိုင်ခဲ့သည်။ အဖေတို့တစ်တွေ ကားပေါ်ပစ္စည်းတွေ တင်နေကြတုန်း ကျွန်မတစ်ယောက်တည်း အောက်ချိုင်းထဲက မာလကာတောထဲ ဆင်းလာခဲ့သည်။ တစ်ပင်ချင်း လက်နှင့် လိုက်ထိခဲ့ပါသည်။ ကျွန်မမှာ မျက်ရည်တွေ သွန်ကျနေခဲ့တာလည်း မှတ်မိပါ၏။
“ခင်ထူးရေ… နွေသီးကလေးတော့ လက်ဆောင်ယူသွားပါဦးဟာ၊ နင်တို့က နွေရာသီကြီးပြောင်းတော့ ငါကလည်း နွေသီးကလေးတစ်လုံးလောက်ပဲ ပေးနိုင်တယ်၊ တက်ခူးလိုက်စမ်းပါ နင် စားရတာပေါ့၊ နွေသီးက ချိုတယ်လေ”
မာလကာပင်တွေကို အပင်စေ့ ကျွန်မ လိုက်ကြည့်သည်။ နွေသီးကလေးတစ်လုံးကို ကျွန်မ ရိုးရိုးရိပ်ရိပ် တွေ့လိုက်ရ၏။ မာလကာပင်ကြီးပေါ် ကျွန်မ မရမက ကုတ်ကပ် တွယ်တက်လိုက်သည်။ အပင်နံပါတ် နှစ်ဆယ့်ခုနစ်။ နွေသီးက ၀င်းမှည့်နေ၏။ ကိုင်းမာပေါ်ရပ်ရင်း လက်တစ်ဖက်က အပေါ်ကိုင်းကို ဆွဲထားရသည်။ ကိုယ်ကိုဖော့ကာ နွေသီးကို လက်လှမ်းကာ ခူးဖို့ပြင်လိုက်သည်။
“မထူးရေ… သမီး သွားကြစို့၊ ကားထွက်တော့မယ်၊ သည်ကလေးမ ဘယ်ရောက်သွားပါလိမ့်၊ မထူးရေ”
အမေ့ခေါ်သံ။ ကျွန်မမှာ နွေသီးကလေး ၀ိုင်းစက်စက် ၀ါရွှေရွှေကို မမီနိုင်သေး။ မီလုမီခင်။ ရှေ့တိုး… နည်းနည်းတိုး…. မီတော့မယ်။ ခူးလိုက်စမ်း။ မန္တလေးကို ပါအောင်ယူခဲ့ရမယ့် အသီးလေ။ ကျွန်မ ရှေ့ကို တအားကြီး ငိုက်လိုက်သည်။ မာလကာကိုင်းက ညွှတ်ကျသွားသော်လည်း မကျိုးနိုင်မှန်း အတွေ့အကြုံအရ ကျွန်မ သိနေပါ၏။ နွေသီးကလေးကို ကျွန်မ ဆွတ်လိုက်ချိန်မှာ သစ်ပင်အောက်ကို အမေရောက်နေပြီ။
“အမေ ထင်လို့ လိုက်လာတာ။ ဆင်းခဲ့တော့ သမီး၊ အလို… ကိုင်းဖျားရောက်နေပါပကော၊ ဆင်းဆင်း အသာဆင်း၊ မိန်းကလေးနှယ်တော်”
သစ်ပင်အောက်ရောက်တော့ နွေသီးကလေးကို အမေ့ ပေးလိုက်ပါသည်။ အမေက ကျွန်မ ခေါင်းကို ပွတ်သပ်နေရှာသည်။ နွေသီးကလေးကို ကျွန်မ လက်ထဲ ပြန်ထည့်ပေးလိုက်သည်။
“သမီးပဲ စားလိုက်ပါကွယ်၊ ငါ့သမီး မာလကာသီး ရောင်းရတဲ့ဝဋ်က ကျွတ်ပါပြီ၊ လာ သမီး ကားထွက်တော့မယ်”
မာလကာပင် လေးဆယ့်သုံးပင်ကို ကျွန်မ တစ်ချက်ဝေ့ကြည့်ခဲ့ကာ အောက်ချိုင်းထဲက တက်လာခဲ့သည်။ ကျွန်မတို့ ငှားထားသည့် ကားကြီး ထွက်လာတော့ မာလကာပင်တွေက အရိုးငေါငေါကြီးများကို အားပြုကာ ကျွန်မတို့ကို နှုတ်ဆက်နေကြပါ၏။
“နင်တို့ မာလကာသီး ရောင်းရတဲ့ဘ၀က လွတ်သွားကြပြီပေါ့ဟာ။ တစ်မျိုးတော့လည်း ကောင်းပါရဲ့၊ မန္တလေးမှာ ကျောင်းပိတ်ရင် မြင်းခြံကို လာပြီး နွေသီးကလေးတွေတော့ ရှာခူးလှည့်ကြပါဦး”
မာလကာပင်တွေက လှမ်းအော်နေကြသလို ကျွန်မ ခံစားရပါ၏။ ကျွန်မတို့ သည်ခြံကို ၀ယ်စဉ်က မာလကာပင်တွေပါ ရလိုက်သလို ကျွန်မတို့ ထွက်သွားတော့လည်း မာလကာပင်တွေ ထားခဲ့ရပြန်ပြီ။ တဖြည်းဖြည်းနှင့် ကျွန်မတို့တစ်တွေ မြင်းခြံမြို့ရိပ်နှင့် ဝေးကွာလာခဲ့သည်။
ကျွန်မ လက်ထဲမှာတော့ “နွေသီး” ကလေးတစ်လုံး….။
(၆)
မန္တလေးမြို့သစ်ရှိ ကျွန်မတို့အိမ် ခြံဝင်းထဲမှာ မာလကာပင်သုံးပင် စိုက်ထားပါသည်။ တစ်ပင်က ကီလိုမာလကာမျိုးဖြစ်၍ တစ်ပင်က ပင်လုံးကျွတ်သီးလေ့ရှိသည့် မာလကာရိုးရိုးဖြစ်သည်။ သည်အပင်နှစ်ပင်က အူဖြူ။ တစ်နှစ်သားသာသာရှိသေးသော မာလကာအူနီမျိုးကတော့ အသီးမပြသေးပါ။ ကီလိုမာလကာက အလုံးကြီးသလောက် အသားပါလှသော မျိုးဖြစ်၍ တစ်လုံးပြီးတစ်လုံး ရက်ခြား ဆွတ်စားခဲ့ကြသည်။ မာလကာ ရိုးရိုးကတော့ အပင်ထွားသလောက် အသီးကလည်း အလုံးနှစ်ရာကျော်လောက် သီးပါသည်။ မာလကာသီးတွေကို သီးလုံးပီးလာသည်နှင့် ကျွတ်ကျွတ်အိတ် စွပ်ရသည်။ ကျွန်မတို့နေသော ရပ်ကွက်က သစ်ကြီးဝါးကြီး ပေါတော့ ရှဉ့်တွေလည်း ပေါသည်။ ကျွတ်ကျွတ်အိတ် စွပ်ထားသည့်ကြားက အိတ်ကိုပါ ဖောက်ကိုက်ထားတတ်ကြပါ၏။
မြေပေါ်မှာ ပြန့်ကြဲနေသည့် မာလကာသီးတွေ။ ရှဥ့်ကိုက်ရာတွေလည်း ပါသည်။ အညှာက ကိုက်ဖြတ်ထားတာတွေလည်း ပါသည်။ မှည့်မှည့်ပျော်ပျော် ၀ါဝါ၀င်းဝင်းကြီးတွေလည်း ပါသည်။
“မေမေ … မာလကာသီးတွေ ကြွေကျနေတာ အများကြီးပဲ၊ သည်မှာလည်း တစ်လုံး….”
ကျွန်မ သမီးငယ်က ရှဥ့်ကိုက်ထားသမျှ မာလကာသီးတွေကို လိုက်ကောက်နေလေသည်။ ပြီးတော့ တစ်နေရာတည်းမှာ ပုံထားသည်။ တချို့အသီးတွေက ရှဥ့်ကိုက်ထားသော်လည်း ကွက်လှီးလိုက်လျှင် စားလို့ ရသေးသည်။ ဟိုဘက်အိမ်က ဂူဂူးတို့ မောင်နှမကို ပေးရမည်။
ကျွန်မကတော့ မြင်းခြံက မာလကာတောကြီးဆီ စိတ်ရောက်နေမိသည်။ မြင်းခြံမြို့ အမှတ် (၆) ကွေ့ကြီးရပ်၊ မြူနီစီပါယ်ရေစက်ကြီး မြောက်ဘက်က လမ်းတိုကလေး၊ အောက်ချိုင်းထဲက မာလကာပင် လေးဆယ့်သုံးပင်။ ရုပ်ရှင်ရုံများ၊ မာလကာသီး ဖောက်သည်များ၊ လွယ်အိတ်ထဲက ခိုးကြောင်ခိုးဝှက် မာလကာသီးများ။ ကျောင်းတော်ကြီးရှေ့က ကြွေရည်သုတ် လင်ပန်းကလေးနှင့် မာလကာသီး ထိုင်ရောင်းနေသော မောင်နှမ နှစ်ယောက်။ ချက်ပလက် ကားအိုကြီးနှင့် နွေသီးကလေး တစ်လုံး….။
သည်နှစ်တော့ မြင်းခြံကို ကျွန်မ ရောက်အောင်သွားပါဦးမည်။ ကျွန်မ၏ ဇာတိမြို့ကလေးကို သမီးကလေး ရောက်ဖူးအောင် ပို့ရဦးမည်။ ကျွန်မ၏ ငယ်ဘ၀တွေရှိရာ ခြေရာဟောင်းတွေကို သမီးကလေးမြင်အောင် ပြရဦးမည်။ နေပူ လေပူ မြေပူ ရဲရဲထဲက ကျစ်ကာတိုးကာ သီးရသည့် နွေသီးကလေးတွေအကြောင်း ပြောပြရပါဦးမည်။
ခင်ခင်ထူး
မြင်းခြံမြို့နယ်မဂ္ဂဇင်း၊
၂၀၀၉ ခုနှစ်
(ခင်ခင်ထူး၏ ရက်ကန်းလွန်း ၀တ္ထုတိုများ စာအုပ်မှ ကူးယူဖော်ပြပါသည်။)

ဤနေရာမှ တဆင့် ကူးယူဖေါ်ပြပါသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes