တကယ်တော့ ကိုယ်ဒုက္ခ ကိုယ်ရှာတဲ့ ကိစ္စတွေထဲမှာ အိမ်ထောင်ပြုခြင်းက ထိပ်ဆုံးက ပါနေတယ်။ အဲဒီ အချက်ကို အသေအချာ ဆုပ်ကိုင်ထားရင်း ဘ၀ကို အေးချမ်းစွာ တစ်ကိုယ်တော် ဖြတ်သန်းနေတဲ့ ကျွန်တော့်လို လူကိုမှ လူပါးပုလင်း ထိတာလား။ အိမ်ထောင် တစ်ခုကို တာဝန်ယူ တည်ဆောက်ဖို့ ဘယ်လောက် ခက်ခဲတယ် ဆိုတာ အစောကြီးကတည်းက သိနေတဲ့ ကျွန်တော့်ကိုမှ လက်တွေ့ သင်ခန်းစာတွေ လာပေးတာ ဖြစ်မှာပဲ။ အေးပေါ့လေ မလွှဲမရှောင်သာတဲ့ ကိစ္စဆိုတော့လည်း လက်ခံလိုက် ရတာပေါ့။ ကျွန်တော့် ညီက မွေးထားတာ ဆိုပေမယ့်လည်း ကျွန်တော့် သားသမီးတွေ ဆိုလည်း မမှားဘူးမို့လား။
တကယ်တမ်း ပြောရရင် အရွယ်လေးတွေ ရလာတဲ့ ကလေးတွေ ကိုယ်တိုင်ရဲ့ ရွေးချယ်မှုဆိုရင် ပိုမှန်ပါလိမ့်မယ်။ တစ်နေ့တခြား စီးပွားရေး အခြေအနေ မပြေမလည် ဖြစ်လာတဲ့ အနေအထားမှာ အသောက်အစားလေးဖက်တဲ့ ဖအေနဲ့ အတူ မနေချင်တော့တာ ကလေးတွေရဲ့အပြစ်တော့လည်း မဟုတ်ပါ။ ကိုးတန်း ကျောင်းသားအရွယ် သားလူပျိုပေါက်ဟာ ဘယ်လိုလုပ်ပြီးများ ဖအေ့အတွက် နေ့တိုင်း အရက်ထွက် ၀ယ်ပေးချင်မှာလဲ။ သောက်ပြီး အေးအေး မနေ၊ မိန်းမနဲ့ သားသမီးတွေကို တပူပူ တဆူဆူ ရမ်းကား နေတတ်တဲ့ အဖေနဲ့ ခုနစ်တန်း ကျောင်းသူ သမီးလေးကရော အတူ နေချင်ပါ့ မလား။ နေ့စဉ်နဲ့ အမျှ စိတ်ညစ်ကြမှာပေါ့။
“သားတို့ သမီးတို့ အဘွားနဲ့ ဖေကြီးနဲ့ပဲ အတူနေပါရစေ” ဆိုတဲ့ သူတို့လေးတွေရဲ့ တောင်းဆိုချက်ကို ကျွန်တော်ကရော ဘယ်လို နှလုံးသားနဲ့များ ခေါင်းခါ ရက်မှလဲလေ။ သူတို့ အဘွားဖြစ်သူ အမေကတော့ ဒီမြေးတွေ ရောက်လာပါပြီ ဆိုကတည်းက ပြုံးနေတော့တယ်။ အဖေသာ ရှိနေသေးရင်လည်း အမေ့လိုပဲ ပြုံးနေမယ်ဆိုတာ သေချာပါတယ်။ သားအချစ် မြေးအနှစ်ဆိုတဲ့ စကားဟာ အဓိပ္ပာယ်မရှိ ပြောခဲ့တာမှ မဟုတ်ဘဲ။ အဖေ ဆုံးပြီးတဲ့ နောက်ပိုင်း အမေရယ်၊ ကျွန် တော့် ညီမလေး သားအမိရယ်၊ ကျွန်တော်ရယ် လေးယောက်သာ ရှိခဲ့တဲ့ အိမ်လေးဟာ ခုတော့ နောက်တိုးကလေး နှစ်ယောက်နဲ့ ဝေစည်လို့။ အထူးသဖြင့် အမေက တွတ်တီး တွတ်တာ ပြောတတ်တဲ့ မြေးမလေးနဲ့ အဖော်ရကာ အပျင်းကို ပြေလို့ပေါ့။ သားအကြီးဆုံး ဖြစ်တဲ့ ကျွန်တော့် သဘော ကျွန်တော့် ဆုံးဖြတ်ချက်အတိုင်း ဆိုပေမယ့်လည်း အမေ့ရဲ့ ရင်ထဲက ဆန္ဒအမှန်ကို သိနေတဲ့ သားတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ အမေ့ ဆန္ဒအတိုင်း ဖြစ်ရမှာပဲလေ။ ဟုတ်တယ်မို့လား။
အရင်က မိသားစုလေးယောက် အပူအပင်မရှိ အေးချမ်းစွာ နေနေရာက အခုတော့ ခေါင်းထဲမှာ ထည့်စရာ ကိစ္စတွေက အစီအရီ ၀င်လာခဲ့ပြီ။ ကျွန်တော်တို့ မောင်နှမနှစ်ယောက် ၀င်ငွေနဲ့ မိသားစု ခြောက်ယောက်ရဲ့ စားဝတ်နေရေး တစ်လနဲ့ တစ်လ အဆင်မှ ပြေပါ့မလား။ ပါးစပ်နှစ်ပေါက် တိုးလာတဲ့ ကိစ္စဟာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါ။ စားရေး၊ သောက်ရေးတင် မကတော့။
“ဖေကြီးသား ဟိုဟာ လိုချင်တယ်။ သမီးက ဒီဟာလေး” ဒါမျိုးလေးတွေက အစ ကျွန်တော့် တာဝန်လုံးလုံး ဖြစ်လာပြီမို့လား။ မနီးမဝေး နယ်မြို့လေး တစ်မြို့က ညီတော်မောင် ဇနီး မောင်နှံကတော့ မူးပြီး လင်မယား ရန်ဖြစ်ချိန်က လွဲလို့ အခုအချိန်မှာ အေးအေးဆေးဆေး ဖြစ်နေကြလောက်ပြီ။ ကျွန်တော့်မှာသာ။ ကဲပါလေ။
ဥာတကာနဉ္စ သင်္ဂဟောလို့တောင် မြတ်စွာ ဘုရားသခင်က ဟောထားခဲ့သေးတာပဲ။ ကျွန်တော်လည်း အမေ့လိုပဲ ပျော်ပါတယ်လို့ပဲ ပြောရတော့မှာပေါ့။ ဘုမသိ ဘမသိ အရမ်းကာရော ပျော်နေတဲ့သူ တစ်ယောက်ကလည်း ရှိနေသေးတယ်။ အမေ့ရဲ့ မြေး အငယ်ဆုံး။ ဖတဆိုး သားလေးရယ်လို့ အမေရော ကျွန်တော်ပါ အသနား ပိုခဲ့ရတဲ့ ကောင်။ သူသုံးနှစ်သားလောက် ကတည်းက သူ့အဖေ ဆုံးပါးသွားတာမို့ ကျွန်တော့်ကိုပဲ ဖေကြီး ဖေကြီးနဲ့ တွယ်ကပ်နေတော့ ကျန်တဲ့နှစ် ယောက်ကပါ အားကျမခံ ဖေကြီး ဖြစ်ကုန်တော့တယ်။ အငယ်ဆုံးကောင် တစ်ယောက်တည်းတုန်းက တာဝန်သိပ်မကြီးပါ။ သူ့အမေကို ပူဆာလို့ မရတဲ့ ကိစ္စလောက်ပဲ ကျွန်တော့်ကို အပူကပ်တာမို့လား။ အခု ဟိုမောင်နှမ ရောက်လာတော့ သုံးယောက်သားဟာ တစ်ယောက်နဲ့ တစ်ယောက် စောင့်ကြည့်ပြီး အပြိုင်အဆိုင်ဆိုတော့ တကယ့်ကို မချောင်တော့ပါ။ တစ်ယောက်က ဖတဆိုးလေး ဖြစ်နေသလို ကျန်မောင်နှမနှစ်ယောက်ကလည်း မိဝေးဖဝေး ဆိုတော့ ဘယ်သူ့ကိုမှ မျက်နှာလိုက်လို့မဖြစ်ပါ။
အဲဒီလိုနဲ့ပဲ အိမ်ထောင် တစ်ခုရဲ့ တာဝန်ကို သက်သောင့်သက်သာ ထမ်းလာရတဲ့ အခြေအနေကနေ ကျောင်းတွေ ဖွင့်လည်းဖွင့်ရော အိမ်ထောင့် တာဝန်ဆိုတာ တော် တော်လေးပါလားလို့ အလန့်တကြား သိလိုက်ရတော့တယ်။ အကြီးကောင်က ဆယ်တန်း၊ အငယ်မက ရှစ်တန်း။ ကျောင်းထားပေးရုံ သာမက သူများ နည်းတူ ကျူရှင်တက်ချင် ပါတယ်လို့ မျက်နှာငယ်လေးတွေနဲ့ တောင်းဆိုလာတော့လည်း “ကဲ…အမေ။ အမေ့အထုပ် ကြီးတော့ ဖြေချိန် တန်ပြီ” အသက်ရှစ်ဆယ်ကျော် အမေဟာ ခါတိုင်းထက်ကို သွက်လက် ဖျတ်လတ်လို့။ ဒါတောင် နာမည်ကြီး ကျူရှင်တွေ မဟုတ်ပါ။ သူ့အိုးနဲ့ သူ့ဆန် တန်ရုံလောက်ကိုပဲ နည်းတဲ့ ကုန်ကျစရိတ်မဟုတ်။ အမေကလည်း မြေးတွေ အတွက် အထုပ်ဖြေဖို့ တပြင်ပြင်နဲ့။ ဒီအချိန်မှာ သူတို့ မိဘတွေဆီကလည်း ဘာတစ်ခုမှ မျှော်ကိုး မနေချင်တော့ပါ။
မျှော်ကိုးစရာ အကြောင်းကလည်း မရှိတော့ဘူးလေ။ အရက်ဖြတ်ရင်း ရဟန်းဝတ်နေတဲ့ ညီတော်မောင်က ရဟန်းဝါလေး၊ ငါးလတောင် ရနေပြီ ဆိုတော့ လောကီ ကိစ္စတွေကို ဘာတစ်ခုမှ ခေါင်းထဲ ထည့်တော့ပုံ မပေါ်ပါ။ ပျော်ရင် တစ်သက်လုံး ၀တ်မယ်ဆိုတဲ့ သားအငယ်ဆုံးရဲ့ စကားကို အမေကတော့ ပီတိတွေ ဖြာလို့ပေါ့။ ကျွန်တော့်မှာသာ ဒီကလေးတွေ လူတစ်လုံး၊ သူတစ်လုံး ဖြစ်အောင် ပြုစုပျိုးထောင် ရဦးမှာပါလားလို့ သက်ပြင်းမောကိုသာချမိတော့တယ်။
“နင့်ညီက တော်တော် တာဝန်မဲ့တာပဲ”
သူငယ်ချင်း လူပျိုကြီးကို သူကတော့ အဲဒီလိုပဲ အားပေးလိုက်ပါတယ်။ ဟုတ်တယ်လေ။ ကိုယ်မွေးထားတဲ့ ကိုယ့်သားသမီး ကိုယ်ပဲ အစအဆုံး တာဝန် ယူရမှာပေါ့။ ခုတော့ ကြည့်ဦး။ ပညာ တစ်ပိုင်း တစ်စနဲ့ သားသမီးတွေ ကိစ္စ ဘာတစ်ခုမှ ပြောဖော်မရဘဲ နေနိုင်တဲ့ မိဘတွေကိုလည်း သူကတော့ အံ့သြမိတယ်။ မိန်းမ လုပ်သူကတော့ ထားပါတော့။ယောက်ျားက ရဟန်း ၀တ်နေမှတော့ သူ့ဘာသာ သူတောင် မနည်း ရုန်းနေရမှာ။ ထားပါတော့လေ။ တစ်ဖက်က လူပျိုကြီး ဖြစ်နေလို့လည်း ရဲရဲတင်းတင်း ဒီလို နေရဲကြတာပေါ့။
အိမ်ထောင်သည် အစ်ကိုကြီးဆိုရင်လည်း ဘယ်ဒီလို လုပ်ရဲမှာလဲ။ လုပ်လည်း ဘယ်လက်ခံနိုင်မှာလဲလေ။ ကိုယ့်မိသားစုနဲ့ ကိုယ်မှ လုံးချာလိုက်နေကြတာမို့လား။ ဘာပဲဖြစ်ဖြစ် သူ့အမြင်ကတော့ ကိုယ့်သားသမီး တာဝန် ကိုယ်ပဲ ယူသင့်တယ်လေ။ ကလေးတွေ ကျောင်းပြီးလို့ လက်လွှတ်ရ ပြီဆိုရင် ၀တ်စမ်းပလေ့။ ရဟန်းဝတ်တာ ကောင်းတဲ့ အလုပ်ပဲ။ တစ်သက်လုံး မကလို့ နောက်ဘ၀ထိပဲ ၀တ်ဝတ်ပေါ့။ ဘာပြောစရာ လိုလဲ။ ခုဟာက ကလေးတွေ မတီမတာနဲ့များ ရဟန်းဝတ် သွားတာကတော့ လွန်လွန်းတယ်လို့ပဲ သူကတော့ မြင်တယ်။
ဒါကြောင့် တာဝန်မဲ့တယ် ပြောတာ သူလွန်ပါသလား။ အိမ်ထောင် တစ်ခုကို ထူထောင်ပြီးမှတော့ အစ အဆုံး တာဝန်ယူ သင့်တယ်။ ဘယ်သူ့ကိုမှ ဒုက္ခပေးဖို့ မကောင်း။ အဲ…ပြောလို့သာ ပြောနေရတယ်။ အိမ်မှာလည်း တစ်ကောင်ရှိသေးတယ်။ ဘယ်သူ ဖြစ်ရဦးမှာလဲ။ သူ့မောင် အငယ်ဆုံးပဲပေါ့။
အဲဒီကောင် တာဝန်မဲ့ပုံ မဲ့နည်းက တစ်မျိုး။ သူ့မောင်ရဲ့ မိန်းမမှာ ဦးလေး လူပျိုကြီး တစ်ဦးရှိတယ်။ လူပျိုကြီးများလည်း တစ်ဒုက္ခ။ ကိုယ်ပိုင် မဟုတ်တဲ့ အငှားပစ္စည်းတွေနဲ့ သည်းနေကြတာ။ ကိုယ်ပိုင် အိမ်ရာ မထူထောင်ခဲ့ဘဲ တူမက မွေးတဲ့ မြေးတွေကို သည်းသည်း လှုပ်နေတာ ကြည့်ရတာ မျက်စိနောက်ဖို့တောင် ကောင်းတယ်။ ကလေးတွေကလည်း တော်တော် အံ့ပါတယ်။ အဖေနဲ့ အမေကို မပူဆာရဲတဲ့ ကိစ္စမှန်သမျှ ဘဘပဲ။ ကုလားဟင်း စားချင်လည်း ဘဘ၊ တရုတ်ဟင်း စားချင်လည်း ဘဘ၊ ဟိုဟာ လုပ်ချင်လည်း ဘဘ၊ ဒီဟာ လုပ်ချင်လည်း ဘဘ။ တစ်ဘတည်း ဘနေကြတော့ ကြားထဲက သူတောင် အားနာလာတယ်။
ဒါလောက်နဲ့ ဘယ်ပြီးဦးမှာလဲ။ မြေးယောက်ျားလေး နှစ်ယောက်ရဲ့ ကျောင်းပို့ ကျောင်းကြို ကိစ္စကိုလည်း အဲဒီ အဘကပဲ အမြဲလိုလို တာဝန် ယူရတယ်။ ကျူရှင်အပို့အကြို ကိစ္စကိုလည်း အဲဒီ အဘကပဲ တာဝန်ယူရတယ်။ တကယ်ဆို ကိုယ်မွေးထားတဲ့ ကိုယ့်သားလေးတွေပဲ။ ဘယ်လောက်ပဲ အလုပ်များ နေပါစေ။ ကျောင်းချိန်၊ ကျူရှင်ချိန်လေးတွေမှာတော့ အချိန်ပေးပြီး လုပ်သင့်တာပေါ့။ လုံးလုံးကို မအားတဲ့ အခါမျိုး။ ဥပမာ – ကားတစ်စီး ဈေးဆိုင်နေတဲ့ အခါတို့၊ ဈေးတည့်လို့ ငွေချေနေတဲ့ အခါတို့၊ တော်တော် ဝေးဝေးမှာ ကားတစ်စီးကို ကြည့်နေရတဲ့ အခါတို့၊ အဲဒီလိုမျိုးဆိုရင်တော့ တစ်ခါတလေ လူကြီးကို အကူအညီ တောင်းပါ။ တကယ့်ကို မအားတဲ့ အခါ မျိုးတွေမှာပေါ့။ ဟုတ်တယ် မို့လား။
ခုတော့ ဆောင်းရာသီ မနက်ခင်း ၅း၃၀ အချိန် နှင်းတွေ ပိန်းပိတ်အောင်ကျပြီး အေးခဲ မှောင်မည်းနေလည်း သူ့မောင်လေးက စောင်ခြုံထဲက မထွက်ဘဲ ဒီဘဘကပဲ လူကြီးတန်မဲ့ ကျူရှင်ပို့ပေး ရတယ်။ နွေရာသီ နေ့လယ် နေ့ခင်း တစ်နာရီ၊ နှစ်နာရီ အချိန်ဆိုတာ တကယ့်ကို အပူပြင်းတဲ့ အချိန်။ အဲဒီ နေကျဲကျဲပူတဲ့ အချိန်မှာလည်း ဒီဘဘကပဲ ပို့ရကြိုရတယ်။ ကိုးတန်းနဲ့ ငါးတန်း ကျောင်းသား နှစ်ယောက်ကို ကျောင်းပို့ ကျောင်းကြိုက ထားပါတော့။ ကျူရှင်တွေက အချိန်လည်း မတူ၊ နေရာ လည်း မတူ။ အကြီးကောင်ပြီး အငယ်ကောင်။ အငယ်ကောင်ပြီး အကြီး။ အဲဒီ ဘဘခမျာ ဆိုင်ကယ်လေးပေါ်က ဆင်းရတယ်လို့ကို မရှိတော့။ ကြုံတောင့်ကြုံခဲ အဖေလုပ်သူကများ ကားနဲ့ အပို့အကြိုလုပ်ရင် ကလေးလေးတွေမှာ ကားမစီးဖူးတဲ့ ကလေးလေးတွေ အလား ပျော်နေလိုက်ကြတာ။
သူကတော့ ကြည့်ပြီး စိတ်မကောင်းတွေ ဖြစ်မိတယ်။ မွေးထားတဲ့ အဖေကရော အဲဒီလို မခံစားရဘူးလား။ အမေကရော ဦးလေးဖြစ်သူကို နည်းနည်း ကလေးမှ အားမနာဘူးလား။ ဒါဟာ အားမှကြုံမှ လုပ်ရမယ့် ကိစ္စ မဟုတ်ဘူးလေ။ အလုပ် တစ်ခုရယ်လို့ သတ်သတ်မှတ်မှတ် လုပ်ကို လုပ်ရမယ့် ကိစ္စ။ ဖခင် တစ်ယောက်ရဲ့ တာဝန်ဟာ ငွေရှာရုံ တစ်ခုတည်းမှ မဟုတ်တာ။ ဒါတွေကို အစ်မကြီး အနေနဲ့ သူပြောလည်း သူ့ မောင်လေးက အရေးမလုပ်။ ပြောတဲ့ လူကရော တစ်ခါက နှစ်ခါ၊ နှစ်ခါက သုံးခါ ပြောချင်မှာလား။ နေစမ်းဟာ။ အေးအေးဆေးဆေး နေချင်လို့မှ ဒီမှာ တစ်ယောက်တည်း နေနေပါတယ်ဆို၊ နေရာတကာ လိုက်ပြောပြီး မောင်နှမချင်းလည်း ခဏခဏ ရန်ဖြစ်မနေချင်တော့ပါ။ အဲဒီ လိုနဲ့ပဲ ကလေးတွေနဲ့ သူတို့ ဘဘဟာ လုံးလားထွေးလား။
ဘဘအိမ်နဲ့ မြေးတွေအိမ်နီးလို့သာ တော်တော့တယ်။ တော်တော် တာဝန်မဲ့တဲ့ ကောင်ပဲလို့ သူ့မောင်လေး သူစိတ်ထဲက ဒေါသတွေ ထွက်ရင်း သူလည်းဘာမှ မတတ်နိုင် ဘူးမို့လား။
“ဟာ..။ အဲဒီလောက်ကတော့ ပျင်းတယ်”
ဟုတ်ပါတယ်။ အဲဒီနေ့က ဘယ်လိုက ဘယ်လို စကားစပ်မိ သွားမှန်းမသိ။ ထုံးစံအတိုင်း သူငယ်ချင်း သုံးယောက်သား ရောက်တတ် ရာရာ ထိုင်စကား ပြောကြရင်း တစ်ယောက်က သူ့ညီအကြောင်း၊ တစ်ယောက်က သူ့မောင် အကြောင်းတဲ့။ အဓိကကတော့ အိမ်ထောင်သည် လုပ်ပြီး ယောက်ျားတွေ တာဝန်မကျေတဲ့ အကြောင်းပေါ့လေ။ ဒါများ ထူးဆန်းလို့လားတဲ့။ ဒီတစ်ခါ ကိုယ့်အလှည့်။
ကိုယ်ပြောမယ့် အကြောင်းအရာကျခါမှ ယုံတောင် ယုံကြပါ့မလား မသိ။ တကယ့်ကို ကိုယ့်တူ တစ်ဝမ်းကွဲလေး တစ်ယောက် အကြောင်းပါ။ ဒီကောင်လေးက အရွယ်နဲ့ မလိုက်အောင်ကိုပဲ ဆိုးသွမ်းခဲ့တယ်။ လူပျိုပေါက် အရွယ် ကိုးတန်း ကျောင်းသား ဘ၀မှာကတည်းက အပေါင်းအသင်းစုံကာ စာမေးပွဲ ကျခဲ့တဲ့ ကောင်ပေါ့။ အဖေနဲ့ အမေကလည်း အဲဒီတော့မှ မျက်လုံး ပြူးကုန်ကြသည်။ ကြပ်ကြပ်မတ်မတ်နဲ့ နောက်နှစ်မှာ ကိုးတန်းကိုတော့ အောင်သွားပါရဲ့။ စတာကတော့ ဆေးလိပ်နဲ့ ဘီယာ ပါပဲ။ နောက်တော့ အတတ် ပေါင်းစုံတတ်ကာ ကျောင်းသား တစ်ယောက်နဲ့တောင် မတူချင်တော့။ အဖေက ဘယ်လောက်ပဲ ရိုက်ရိုက်၊ အမေက ဘယ်လောက်ပဲ ဆူဆူ။ အဲဒီ ကောင်လေးကတော့ အိမ်ကိုတောင် ပြန်ချင်တဲ့ အခါမှ ပြန်တော့တယ်။
ပထမတော့ မိဘတွေက စိတ်ပူတာပေါ့။ နောက်တော့လည်း အိမ်ပြန်ချိန် ညဆယ့်နှစ်နာရီ၊ တစ်ချက်ထက်စာရင် လုံးလုံး ပြန်မလာတာကမှ တော်သေးတယ်လို့ပဲ အောက်မေ့ရတော့တယ်။
ဟုတ်တယ်လေ။ အချိန်မတော် ပြန်လာတော့ ရော၊ ပြောဆို ဆုံးမတဲ့ အဖေနဲ့ အမေကိုတောင် သူကပြန်ပြီး ရန်မူချင်တဲ့ အချိုးတွေကြောင့်ပဲ သူ့မိဘတွေလည်း သူ့ကို သိပ်ပြီး ရိုက်မောင်း၊ ပုတ်မောင်း မဆုံးမရဲတော့။ မဆုံးမရဲဘူးဆိုတာ တကယ်တော့ မဖြစ်သင့်တာတွေ ဖြစ်မှာစိုးလို့ လူကြီးက အလျှော့ပေး လိုက်ရတာပဲ ဖြစ်တယ်။ ရှက်စရာလည်းကောင်း၊ လူကြား လို့လည်း မတော်ဘူးမို့လား။ သားတစ်ယောက်က အဖေကို ပြန်ခံသတ်တယ်ဆိုရင် ကျော်မကောင်း ကြားမကောင်းလေ။ ဒီအဖေက စိတ်ဆိုး ဒေါသထွက်လွန်း အားကြီးလို့ ကိုယ့်သားကို တစ်ဆုံးတစ်စ လုပ်လိုက်မိလို့ ခြေလွန် လက်လွန် ဖြစ်ကုန်ရင်ရော။ မိဘပဲ ရင်ကျိုးရမှာ။
အဲဒီလို မိဘက သူ့ကို အရေး မလုပ်တော့တဲ့ အချိန်မှာ သူ့ဘာသာသူ အသိတရားများ ရသွားသလား မသိ။ သိပ်မသောင်းကျန်းတော့ဘဲ ဆယ်တန်းကိုတောင် လေးငါးခါဖြေပြီး အောင်သွားတယ်ဆိုတော့ ယုံတောင် မယုံကြဘူးလေ။ သောက်သောက်စားစား လူ့မင်းသားလေးက ဘွဲ့လေးတစ်ခု ရသွားပြန်တော့လည်း မိဘတွေမှာ ကျေနပ်ရပြန်ရော။ အမြဲတမ်း မူးနေတတ်ပေမယ့် အရင်လို မမိုက်ရိုင်းတော့တာကိုလည်း ကျေးဇူးတင်ရသေးတယ်။ သူ့အဖေရဲ့ မိတ်ဆွေတစ်ယောက်ပိုင် ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်ရင်း တက္ကသိုလ် အတူတက်ခဲ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ လက်ထပ် တော့မယ်ဆိုတော့ မိဘတွေ မှာ နယ်မြို့လေးက ကောင်မလေးဆီ လိုက်သွားရင်း သားတော်မောင် အကြောင်း ပြောပြရသေးတယ်။ မိန်းမ မရခင်ကတည်းက အသောက်အစား ဖက်နေတဲ့ ယောက်ျားမျိုးကို ဖြစ်နိုင်ရင်တော့ ရှောင်ဖို့ပေါ့။ အကြောင်းစုံ သိပြီးသားမို့ ကိစ္စမရှိပါဆိုတော့လည်း မိဘ ၀တ္တရားနှင့် အညီ ဆောင်ရွက် ပေးလိုက်ရ တော့တယ်။
အဲဒီ ကိစ္စမရှိပါဘူးဆိုတဲ့ ကောင်မလေး။ ကိုယ်ဝန် အရင့်အမာကြီးနဲ့ ငိုကာယိုကာ ရောက်လာတော့ ယောက္ခမတွေလည်း ပျာကုန်ကြတယ်။ နေ့စေ့လစေ့ မီးဖွားတော့မယ်။ မိန်းမကို ခေါင်းမထူနိုင်အောင် မူးနေတဲ့ လင်တော်မောင်က ဘယ်နည်းနဲ့မှ ဆေးခန်းကို လိုက်မပို့နိုင်လို့ လမ်းထိပ်က လေးဘီးဆရာ ဖိုးရှမ်း ခေါ်သွားဆိုပြီး လွှတ်လိုက်တာ ဆိုပါလား။ သားဦးမို့ ခြေမကိုင်မိ လက်မကိုင်မိ ပျာယာခတ်နေကြသော ယောက်ျာများ လဲသေလိုက်ဖို့ပဲ ကောင်းတော့တယ်။
ဒီလိုနဲ့ပဲ ကလေးလေးယောက်စလုံး လေးဘီး ဆရာ ဖိုးရှမ်းရဲ့ အကူအညီနဲ့ပဲ မွေးခဲ့ရပါတယ် ဆိုရင် ယုံကြပါ့မလားတောင် မသိ။
“ဒုတိယ ကလေးမွေးတော့လည်း ဖိုးရှမ်းနဲ့ပဲ သွားဆိုတော့ နောက်ကလေးတွေကျ သူ့လဲ ပြောမနေတော့ဘူး။ ကိုဖိုးရှမ်းပဲ ခေါ်သွားလိုက်တော့တယ်။ အေးရော”
အံ့ဘွယ်ယောက်ျား ငါ့တူလေးပါတကားလို့သာ အော်လိုက်ချင်တော့တယ်။ အဲဒီကောင်ကို စိတ်မပျက်ဘူးလား ဆိုတော့ “သူက အချိန်ပြည့်သာ မူးနေတာ။ ရတဲ့လခကျ အရက်ဖိုးနုတ်ပြီး အကုန်အပ်တယ် အန်တီရဲ့။ ပြီးတော့ သူက သမီးကို ခုချိန်ထိ လက်ဖျားနဲ့တောင် မထိဖူးသေးဘူး” အဲဒီလို ကောင်းကွက် လေးတွေ ထုတ်ကြည့်တော့လည်း ဟုတ်မှာပဲ။ တချို့ ယောက်ျားတွေ မမူးဘဲနဲ့တောင် သူတို့ မိန်းမတွေကို တိရိစ္ဆာန် ရိုက်သလို ရိုက်တတ်ကြတာ မြင်ဖူးနေတာပဲ။ ကိုယ်တိုင် တိရိစ္ဆာန်စိတ် ပေါက်နေတဲ့ ယောက်ျားတွေလေ။ “အန်တီ့တူက ကလေးတွေကို သမီး ရိုက်ရင်တောင် မကြိုက်ဘူး” ဆိုတော့လည်း ကိုယ့်တူမလေး စိတ်မပျက်တာ သေချာပါတယ်။ တော်ပါသေးရဲ့။ မိဘတွေ လက်ထဲမှာတုန်းက မိုက်ရိုင်း ဆိုးသွမ်းခဲ့သလိုမျိုး မိန်းမ လက်ထက်မှာ မဖြစ်တော့လို့ ကလေးမွေးတဲ့ အချိန်လေး တစ်ချိန်ပဲ မိန်းမကို ဆေးခန်း လိုက်မပို့တာကတော့။ အင်း။ အဲဒါကတော့ တစ်လောကလုံးမှာ သူတစ်ယောက်ပဲ ရှိမယ် ထင်ပါတယ်။
“ဟုတ်ရဲ့လားဟာ။ နင်ကလည်း”
တွေ့တယ်မို့လား။ လူပျိုကြီးက မယုံမကြည် ဖြစ်နေတာလေ။ သူတို့ ယောက်ျားတွေ အဲဒီလောက်ဆိုးမှန်း သူမသိဘူး ထင်ပါရဲ့။
“အေးလေ။ တစ်ယောက်တလေတော့ လိုက်ပို့မှာပါဟယ်။ လေးယောက်စလုံးတော့ မဖြစ်နိုင်ဘူး ထင်တယ်နော်”
ဒီအပျိုကြီးကလည်း မယုံသင်္ကာနဲ့။ ကိုယ်က အဲဒီ အိမ်ရောက်တိုင်း ကလေးတွေကို“ဖိုးရှမ်းသားလေးတွေ သမီးလေးတွေ”လို့ အမြဲ ခေါ်နေကျ။ “နောက်တစ်ခါ သားကိုယ်တိုင် လိုက်ပို့မှာပါ အန်တီရာ”လို့ ကိုယ့်တူလေးကလည်း ရယ်ကျဲကျဲ မူးဝေေ၀နဲ့ ပြန်ပြောနေကျ။ ကိုယ့်တူမလေးကလည်း “အမလေး တော်ပါပြီ။ နောက်တစ်ယောက်လည်း ကိုဖိုးရှမ်းနဲ့ပဲ သွားမွေးမှာ စိတ်ချ”လို့ ပြန်ပြောနေကျ။ ဒါကိုက မရိုးနိုင်တဲ့ပြက်လုံးလေးတစ်ခု ပဲမို့လား။
မယုံနိုင်စရာ အကြောင်းအရာ တစ်ခုကို မယုံတာကိုလည်း မယုံတဲ့ သူတွေကို အပြစ်တင်လို့ မရပါ။ တော်သေးတာပေါ့။ အိမ်ထောင်ပြု ဖြစ်ခဲ့လို့များ အဲဒီလို တာဝန်မဲ့ ယောက်ျားတွေနဲ့များ တွေ့ခဲ့ရလို့ကတော့ ကိုယ်ကဖြင့် ဘယ်လို အကြောင်းနဲ့မှ သည်းခံဖြစ်မယ် မထင်ပါ။ ယောက်ျားတိုင်းလို့ မပြောနိုင်ပေမယ့် လောကကြီးထဲမှာ ရှိနေတဲ့ သုံးပုံ နှစ်ပုံလောက်သော ယောက်ျားများကတော့ သေချာနေတာ သေချာတယ် မို့လား။ အခုကိုပဲ သုံးယောက် ထိုင်စကား ပြောနေတာ သုံးယောက် ထွက်လာပြီ။ အတိအကျသာ စာရင်း ပြုစုရရင် သုံးပုံနှစ်ပုံတောင် ကပါ့မလား။ တာဝန်မဲ့ပုံ မဲ့နည်းချင်းကတော့ တစ်ယောက်နဲ့ တစ်ယောက် ကွဲတော့ ကွဲပြားကြမှာပေါ့လေ။ အားရင်ကြုံရင်တော့ စာရင်းပြုစု ကြည့်ချင်ပါသေးသည်။
“မမကြီး”
“သြော်။ အေး။ ဘယ်လဲ ညီမလေး”
“ဘဏ်ကို သွားမလို့။ သွားမယ်နော် မမကြီး”
“အေး အေး။ ညီမ လေး”
အင်း…သူ့ယောက်ျားက ငွေလွှဲတယ် ထင်ပါရဲ့။ ဒီ ကောင်မလေးလည်း ဒုက္ခ။ အသက်က သုံးဆယ်တောင် မပြည့်ချင်သေး။ တစ်ခုလပ် ဖြစ်နေပြီ။ ကျောင်းတောင် မနေရသေးတဲ့ အရွယ် မတီမတာ ချစ်စရာကလေးလေး နှစ်ယောက်နဲ့ သူ့ကို ထားခဲ့ပြီး သူ့ထက်ငယ်တဲ့ သူ့ယောက်ျားကောင်လေးက နောက်မိန်းမ ယူသွားတာတဲ့လေ။ ဘယ်လောက်များ မိုက်ရိုင်းလိုက်သလဲ။ ကမ်းကို ကုန်ရော။ သူငယ်ချင်း စာရေးဆရာမလေးရဲ့ ချွေးမလေးမို့ သူငယ်ချင်းနဲ့ ပတ်သက်ပြီး ခင်မင်နေရာက ခုတော့ တွေ့တိုင်း မျက်နှာပူပြီး စိတ်မကောင်း ဖြစ်နေရပြီ။
ကြည့်စမ်း။ ထိုင်ရာကတောင် မထရသေး။ အသုံး မကျတဲ့ ယုတ်မာ စုတ်ပဲ့တဲ့ ယောက်ျား တစ်ယောက်က ထပ်တိုးလာပြန်ပြီ။ တကယ် အတိအကျသာ စစ်တမ်း ကောက်ကြည့်လိုက်ရလို့ကတော့ အာကာကို လွှာပုံပြု မေယု စုတ်တံချီရရင်တောင် စာရင်းက လောက်ပါ့မလား မသိ။
မေမောင်
ဤနေရာမှ တဆင့် ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment