ရထားက ထွက်ခဲပါဘိခြင်း။
သင်္ကြန်ပြီးစဖြစ်၍ ခရီးသည်တွေ များလှသည်။ ရှမ်းပြည်သို့ အပန်းဖြေခရီး ထွက်သူတွေက သည်ရက်မှာမှ အိမ်ပြန်ကြသည်။ ရွှေညောင်ရထားပေါ်တွင် ခြေချစရာပင် မရှိတော့။ သွားနေကျ လာနေကျ လူများလည်း နေရာမရတော့။ ပြီးတော့ ကျွန်မတို့မှာ လက်မှတ်ကို မှောင်ခိုမ၀ယ်နိုင်။ ခုံနံပါတ်ရအောင်လည်း ရုံပိုင်ကြီးကို ၀င်ပြောနိုင်သည့် အဆင့်အတန်းမျိုး မဟုတ်။ ပျံကျဈေးသည် ဘ၀မျိုး။ ယောက်ျားနှင့် ယောက္ခမများက ရွှေညောင်တွင် ရှိသည်။ မိဘများက ရန်ကုန် သာကေတတွင် နေသည်။ သည်တော့မှ ကျွန်မသည် ရွှေညောင်နှင့် ရန်ကုန်ကို အလိုလို ကုန်ကူးဖြစ်၏။
ယခင်ကတော့ သည်ရထားပေါ်တွင် မှောင်ခိုပစ္စည်းတို့ဖြင့် ပြည့်နှက်နေမြဲဖြစ်သည်။ ယခုတော့ တောင်ကြီးတွင် မှောင်ခိုပစ္စည်း အ၀င်နည်းသွားပြီ။ မော်လမြိုင်ပစ္စည်းကို တောင်ကြီးသို့ ပြန်သယ်နေရသည်။ ရန်ကုန်မှ အတက်တွင် မော်လမြိုင် ပစ္စည်းကို သယ်သွားမည်။ အပြန်တွင်တော့ တောင်ကြီးမှ ပစ္စည်း နည်းနည်းပါးပါးနှင့် ရှမ်းပြည်ထွက် စားသောက်ကုန်များကို သယ်ရ၏။ ယခုတစ်ပတ် ဈေးဝယ်၍ မကောင်း။ ထို့ကြောင့် ကြက်သွန်ဖြူ၊ ပဲပုပ်နှင့် ရော်ဘာဖိနပ်အချို့ ၀ယ်ခဲ့သည်။ သိပ်များများစားစား မဟုတ်။ တောင်းတစ်လုံးစာသာ ရှိ၏။ သို့သော် ထိုတောင်းတစ်လုံးကိုပင် ချစရာ နေရာမရှိ ဖြစ်နေလေသည်။
တကယ်တော့ ကျွန်မတို့ နှစ်ယောက်သည် မျက်မှန်းတန်းမိပြီးသား။ ဘ၀တူ ဈေးသည်များသာ ဖြစ်၏။ သူ့ထက်စာလျှင်တော့ ကျွန်မက သားသားနားနား ရှိသည်ဟု ကျွန်မကိုယ် ကျွန်မ ထင်သည်။ ကျွန်မသည် ကုန်ကူးနေသော်လည်း နောက်ပိုင်းတွင် မိဘများနှင့် ယောက်ျားအခြေအနေကလည်း မဆိုး၍ သူ့လောက် စုတ်စုတ်ပြတ်ပြတ် ပြိုးပြိုးပျာပျာ မဖြစ်။ သူ့မှာတော့ အမြဲလို ထဘီအနွမ်းနှင့်။ အင်္ကျီကြယ်သီးပြုတ်နှင့်၊ မျက်နှာတွင် သနပ်ခါးမရှိ။ သူ တက်လာလျှင် အမြဲတမ်း ယောက်ယက်ခတ်ကာ ရထားတစ်တွဲလုံး ဗရုတ်သုတ်ခ ဖြစ်ကုန်တော့သည်။ ခရီးသည်များလည်း ကသိကအောက် ဖြစ်ကုန်ကြရသည်။
ယခုလည်းကြည့်။ ရထားပေါ် ရောက်သည်နှင့် ကလေးသော၊ လူကြီးသော၊ ဘုန်းကြီးသော ဘာမှ မရှောင်။ အတင်း ကျော်လွှား ဖိနင်းကာ တိုးဝှေ့လာခဲ့သည်။ ဆဲသူ ဆဲ၊ အော်သူ အော်၊ နှာခေါင်း ရှုံ့သူ ရှုံ့၊ သူဘာမှ ဂရုမစိုက်။ ကြက်မ တစ်ဝပ်စာမျှသော နေရာကို တွေ့သည်နှင့် သူ့ ပန်းစည်းကို ၀ုန်းကနဲ ပစ်ချလိုက်သည်။
သည်တွင် ကျွန်မနှင့် ပြဿနာ ပေါ်ရ၏။ ထိုနေရာသည် ကျွန်မအတွက် ထိုင်စရာ နေရာအဖြစ် ဦးထားသော နေရာ။ ရထား မထွက်သေး၍ အတက်အဆင်း အရွှေ့အပြောင်းတွေလည်း ရှိနေသေး၍ ခေတ္တ မတ်တပ်ရပ်နေခြင်း ဖြစ်သည်။
ကျွန်မ ခြေရင်းသို့ သူ့ပန်းစည်းကြီး ဘုတ်ကနဲ ကျလာသောအခါ ဖျတ်ခနဲ သူ့ကို ကြည့်မိ၏။ သူကမူ ဘာမျှ ဂရုမစိုက်။ ဘေးလူများပေါ်မှ ကိုယ်ကို ကုန်း၍ ပြတင်းပေါက်မှ ခေါင်းပြူထွက်ပြီး အပြင်ကို လှမ်းအော်နေသည်။ သူကိုယ်မှ အနံ့အသက်ကို မခံနိုင်သည့်အလား ခုံပေါ်တွင် ထိုင်နေသူများက ဘေးသို့ ကပျာကယာ ယိမ်းလိုက်ကြသည်။
“အစ်မရေ၊ ပေးဦး ပန်းစည်းတွေ ပေး၊ ဒီမှာ နေရာရပြီ၊ မြန်မြန်လာ”
နောက်ထပ် သူ့ ပစ္စည်းတွေ လှေတစ်စင်းစာလောက် ရောက်လာဦးမည်ကို ကျွန်မ သိနေ၏။ ထို့ကြောင့် သူ့ခါးကို ဖမ်းဆွဲလိုက်ရသည်။
“ဒီမှာ ဒီမှာ၊ ဒီနေရာက ငါထိုင်ဖို့ ဦးထားတာ၊ ညည်း ပန်းစည်းတွေကို ရွှေ့ပါဦး၊ အောက်မှာ ခင်းထားတဲ့ စက္ကူတောင် ပေကုန်ပြီ”
သို့သော် သူသည် လှည့်မကြည့်။ တစ်ချိန်တည်းမှာပင် နောက်ထပ် ပန်းခြောက်တစ်စည်း ပြတင်းပေါက်မှ ဖျတ်ခနဲ ကျလာပြန်သည်။ သူ ဖမ်းဆွဲသော်လည်း မမီလိုက်။ ထိုင်ခုံပေါ်မှ လူများ၏ ပေါင်ပေါ်သို့ ကျကုန်သည်။ ၀တ်ကောင်းစားလှ ၀တ်ထားသူများအဖို့ ကပျာကယာ ဖယ်ပစ်ကြသည်။ သူကမူ လှည့်မကြည့်။ နောက်ထပ် ပန်းစည်းများကို လှမ်းယူကာ တွဲထဲသို့ ကျလိုရာကျ၊ ရောက်လိုရာရောက် ပစ်ချသည်။ သူ့ပန်းတွေက ပန်းခြောက်တွေ ဖြစ်၍ တော်ရုံနှင့် မပျက်စီးနိုင်။ မနွမ်းနိုင်။ သူ့ပန်းတွေ ရထားပေါ် ပါလာဖို့သာ အရေးကြီး၏။ ကျန်တာက နောက်မှ ကြည့်ရှင်းမည်။ သူလိုသလောက် တင်ပြီးမှ ခန္ဓာကိုယ်ကို တွဲထဲ ပြန်လှည့်သည်။ ထိုင်ခုံပေါ်မှ လူများကို ဖင်နှင့် ပေါက်ခဲ့သေးသည်။
ယခုအချိန်ထိ ကျွန်မမှာ မတ်တပ်ရပ်နေရဆဲ။ ရထားက ထွက်တော့မည်။ အားလုံး ကျပ်ကျပ်တည်းတည်း ကြားမှာပင် နေသားတကျ ဖြစ်နေကြပြီ။ သူတစ်ယောက်မူ ယောက်ယက်ခတ်ဆဲ ဖြစ်၏။ ရထားထွက်ရန် ဥသြဆွဲပေပြီ။ သူ အပြင်သို့ လှမ်းအော်ပြန်သည်။
“အစ်မရေ၊ ရထားထွက်တော့မယ်၊ အိမ်သာပေါက်က တက်ခဲ့ပေတော့”
အမေဖြစ်ဟန်တူသော မိန်းမကြီးကို သူက လှမ်းသတိပေးလိုက်သည်။ ရထားတွဲ၏ အိမ်သာခန်းမှ ပြတင်းပေါက်မှာ တံခါးမရှိ။ လူတစ်ယောက် အလွယ်တကူ တက်နိုင် ဆင်းနိုင်သည်။
ရထားသည် ထွက်စပြုလေသည်။ သည်နားတစ်ဝိုက်မှ ခရီးသည်များမှာမူ တည်တည်ငြိမ်ငြိမ် မနေနိုင်သေး။ သူ ပစ်ချထားသော ပန်းစည်းများကို ဖယ်ရှားနေရသည်။ သူက လှည့်လည်း မကြည့်၊ လှမ်းလည်း မယူသဖြင့် လွတ်ရာ ကျွတ်ရာကို ကိုယ့်ဘာသာ ဖယ်ချ နေကြရသည်။
သူသည် မောပန်းဟန်ဖြင့် ပုဆိုးစုတ်တစ်ထည်ဖြင့် မျက်နှာသုတ်လိုက်သည်။ ပြီးတော့ ကျွန်မ ခြေရင်းမှ ပန်းစည်းများကို မကာ ဘေးထိုင်ခုံ တစ်ခုအောက်သို့ ထိုးသွင်းလိုက်သည်။ ကျွန်မက ထိုင်မည်ပြုစဉ် သူက ဦးစွာ ထိုင်ချလိုက်သည်။
“အလိုတော်၊ ဘယ့်နှယ် သူများနေရာ ပန်းတွေလဲ ချသေးရဲ့၊ သူက ဦးအောင် ထိုင်ပြန်ပြီ၊ ဖယ်ပါ၊ ဒီမှာ စက္ကူခင်းထားတာ မမြင်ဘူးလား”
“အိုး၊ ဒီလိုပဲ ကျပ်ကျပ်သပ်သပ် ထိုင်ပေါ့”
ပထမဆုံးအကြိမ် သူက အဖက်လုပ်၍ စကားပြန်ပြောခြင်း ဖြစ်၏။ ထိုင်ပေါ့ ဆိုသော်လေည်း ထိုင်စရာနေရာ မရှိတော့။
“ဘယ်ဖြစ်မလဲ၊ ထပါ၊ ထိုင်လို့မှ မရတာ”
ယခုထိ သူသည် တစ်ဖက်သားကို စေ့စေ့မကြည့်သေး။ ပါးစပ်ကသာ စကားပြောသည်။ မျက်နှာက တစ်ဘက်သို့ လွှဲထား၏။
“အို ဒီလိုပဲ ထိုင်ပေါ့”
သူသည် ဒူးခေါင်းကို တစ်လက်မစာမျှ ရွှေ့ပေးသည်။ သူ့ဘေးမှ ပန်းစည်းတချို့ကို မကာ ထားရမည့် နေရာကို ရှာ၏။ ပြီး ကျွန်မ တောင်းပေါ်သို့ ပစ်တင်လိုက်ကာ “ကဲ ထိုင်” ဟူသော သဘောဖြင့် သူ့ကိုယ်ကို ထပ်ရွှေ့ပေးသည်။
“ညည်း ပန်းတွေ ဒီပေါ်တော့ မတင်ပါနဲ့အေ၊ အောက်မှာ စားစရာတွေပါတယ်။ စိုကုန်မယ်”
သူသည် ကျွန်မကို စိတ်မရှည်စွာ မော်ကြည့်လေတော့သည်။
“ရထားပေါ်မှာ ဒီလိုပဲပေါ့၊ ကိုယ့်အိမ်မှ မဟုတ်တာ”
သူက တစ်ခွန်းပြောပြီး တစ်ဘက် ပြန်လှည့်သွားပြန်သည်။
“ကိုယ့်အိမ် မဟုတ်မှန်းတော့ သိတာပေါ့၊ ညည်းဟာက လွန်လွန်းတယ်၊ ရထားတစ်စင်းလုံးလဲ သူ့ပန်းတွေချည်းပဲ”
ကျွန်မက မကျေမနပ်ပြောကာ ထိုင်ချလိုက်၏။ သူ့ကိုယ်မှ ညှီစို့စို့ ချွေးနံ့ကြောင့် စိတ်ညစ်ရပြန်သည်။
“မရှိလို့ ထမင်းရှာစားရတာပဲ။ ဘယ်သူက လုပ်ချင်ပါ့မလဲ၊ ဖြစ်နေလိုက်တာ သောက်ကျိုးနဲ”
“ဘေးလူတွေလဲ နည်းနည်းပါးပါး အားနာဦးမှပေါ့”
“ဒီတစ်ခေါက်မှ ရထားကလဲ ကျပ်လွန်းလို့ပါတော်၊ ခါတိုင်း ဒီလောက် စကား မပြောရပါဘူး”
ကျွန်မတို့ နှစ်ယောက်သည် ကျောချင်းကပ်ကာ ရန်ထောင်ရင်း လိုက်ပါလာရပါသည်။ ဘေးလူတွေမှာလည်း မပြောသာလို့သာ နေရသည်၊ သူ့ကို မကျေမနပ် ဖြစ်နေကြ၏။ သူ့ ပန်းစည်းများမှာ ထိုင်ခုံအောက်၊ ခြေထောက်အောက် နေရာအတော်များများတွင် ပြန့်ကျဲနေသဖြင့် ခြေထောက်ပင် ချစရာ မရှိတော့။ သူကမူ မည်သူ့မျှ ဂရုစိုက်ဟန်မပြဘဲ ဆေးပေါ့လိပ် တစ်လိပ်ကို ထုတ်၍ ဖွာလေတော့၏။
ရထားသည် တရွေ့ရွေ့ ဆင်းလာလေသည်။ လူများသည်ကား အေးအေးဆေးဆေး ငိုက်မျဉ်းခြင်းပင် မပြုနိုင်။ အနေအထိုင် ကျဉ်းကျပ်လွန်းသဖြင့် ခြေလက်ပင် မဆန့်သာဘဲ စိတ်ပျက်နွမ်းနယ်သည့် အမူအရာများဖြင့် လိုက်ပါလာကြရသည်။ ရထားခေါင်မိုးပေါ်တွင်လည်း လူများ တက်စီးလာကြသည်။ သည်မျှ ကျပ်သည့်ကြားမှပင် ဈေးရောင်းသူတွေကလည်း ရအောင် ရောင်းသည်။ မုန့်သည်များ၊ ၀ိုင်အရက် ရောင်းသူများ၊ နေကြာစေ့၊ လက်ဖက်ခြောက်ရောင်းသူများ၊ ဆေးရောင်းသူများသည် ထိုင်ခုံ လက်တန်းများမှ နေ၍ ဟိုဟိုသည်သည် ကူးနေကြလေသည်။
ရထားသည် ဟဲဟိုးဘူတာသို့ ၀င်လာ၏။
မပန်းသည် တစ်စခန်း ထပြန်သည်။
“အစ်မရေ ဒေစီပန်းက နှစ်စည်း၊ ဟောဟို သစ်ခွတွေလဲ အကုန်ဆွဲလိုက်”
အိမ်သာတံခါးပေါက်မှ ဆင်းသွားဟန်တူသော သူ့အမေကို လှမ်းအော်ပြန်သည်။ ဘေးလူများ မျက်လုံးပြူးကုန်ကြ၏။ ပြတင်းပေါက်မှ ပန်းစည်းများ ပစ်သွင်းလိုက်ပြန်သည်။
“ဟဲ့ ဟဲ့၊ အို ဘယ်နှယ့်ဟာလဲ၊ ဒီပေါ်တင်လို့ မရဘူး။ အောက်မှာ လက်ဖက်ခြောက်တွေ ပါတယ်၊ အို ဒီနားမှာ ဘယ်ဖြစ်မလဲ၊ ကလေးအိပ်နေတာ မမြင်ဘူးလား”
သည်တစ်ခါတော့ အားလုံးက သည်းမခံနိုင်ပြီဖြစ်၍ ၀ိုင်းအော်ကြလေသည်။ နေသားတကျ ရှိပြီးသူများလည်း ဖရိုဖရဲ ဖြစ်ကြရပြန်သည်။ သူကမူ ထဘီကို ဘေးလူများ မျက်နှာပေါ် ၀ဲသွားသည်အထိ ဖြန့်ဝတ်လိုက်ကာ ပန်းစည်းများကို မ၍ သွင်းပြန်သည်။ ပြီးလျှင် ထုံးစံအတိုင်း သူများ ပစ္စည်းတွေအပေါ် ဖျတ်ခနဲ ဖျတ်ခနဲ ပစ်ချလိုက်သည်။ ကျောင်းသူ ဖြစ်ဟန်တူသော မိန်းကလေးတစ်ယောက်သည် သေတ္တာတစ်လုံးပေါ်တွင် သားရေအိတ်ကလေးပိုက်ကာ ထိုင်နေရာမှ ရင်ဝသို့ ပန်းစည်းဖြင့် အပေါက်ခံလိုက်ရသဖြင့် မျက်စိ မျက်နှာပျက်သွားသည်။ မျက်နှာလည်း ရဲကနဲ ဖြစ်သွားသည်။
“အို ရှင် ဘယ်လိုလဲ၊ လူတစ်ယောက်လုံး ထိုင်နေတာ မမြင်ဘူးလား”
သူ ပြန်မပြောအားသေး။ သစ်ခွတစ်ခိုင်ကို ဘေးမှ သံဆန်ခါတန်းပေါ် ပူးချည်နေသည်။ သူ သည်ဘက် လှည့်လာသောအခါ သစ်ခွခိုင်သည် ထိုင်နေသော လူကြီးတစ်ဦး၏ ခေါင်းကို ယိမ်းထိုး၍ သွားသွားခေါက်နေသည်။
“ဟေ့ သူငယ်မ၊ မင်း ပန်းခိုင် ဒီမှာ ချည်လို့ ဘယ်ဖြစ်မလဲ၊ ဒီမှာ ခေါင်းနဲ့ မလွတ်ဘူး”
သူသည် ပြန်လှည့်သွားကာ အနည်းငယ် မြှင့်၍ ပြင်ချည်လိုက်သည်။ သည်တစ်ခါတော့ ဘာဖြစ်ဖြစ်ဟူသော သဘောဖြင့် အပြီးအပိုင် ပြန်လှည့်လာသည်။ ရင်ဝကို ပန်းစည်းဖြင့် အပေါက်ခံရသူ မိန်းကလေးက သူ့ကို စိတ်ဆိုးမာန်ဆိုး ကြည့်နေသည်။ သူ့ ပန်းစည်းကိုလည်း သူထိုင်မည့် နေရာပေါ် ပစ်ချထားသည်။ ကျွန်မမူ နေရာမှ ထ၍ မရတော့။ ထလိုက်လျှင် သူ့ပန်းစည်းက ချက်ချင်း ရောက်လာမည်။
သူသည် သူ ထိုင်မည့်နေရာမှ ပန်းစည်းကို ကောက်ယူပြီး ကျွန်မ တောင်းပေါ်သို့ ပစ်တင်လိုက်ပြန်သည်။ သည်တစ်ခါတော့ ကျွန်မ သည်းမခံနိုင်တော့။ သူ့ ပန်းစည်းကိုယူ၍ သူ့ပေါင်ပေါ် ဖုတ်ခနဲ ပစ်ချလိုက်သည်။ ထိုအချိန်မှစ၍ သူသည် အားလုံးကို စောင်းမြောင်းကာ ကက်ကက်လန်အောင် ရန်တွေ့လေတော့၏။
“ခါတိုင်း ဒီလိုပဲ သွားနေတာ ဘာမှ မဖြစ်ဘူး။ ဒီတစ်ခေါက်မှ ရထားက ကျပ်လွန်းလို့ဟာကို၊ တကထဲ ဖြစ်နေလိုက်ကြတာ၊ ဘယ်သူက အလကားနေရင်း သွားချင်မှာလဲ၊ မလွှဲသာလို့ သွားရတာ၊ ခရီးသွားချင်း ကိုယ်ချင်းစာမှပေါ့”
သူကပင် တဖျစ်တောက်တောက် ပြောနေလေတော့သည်။ ပြီးတော့ သူ့ပေါင်ပေါ်မှ ပန်းစည်း ကျွန်မ တောင်းပေါ်တင်ပြန်သည်။ ကျွန်မကလည်း စိတ်ပေါက်ပေါက်နှင့် ပြန်ဖယ်ချလိုက်သည်။ ကျွန်မတို့ နှစ်ယောက် အခြေအနေမှာ ထ၍ နပန်းလုံးတော့မလောက် ဖြစ်လာသည်။ ကျွန်မလည်း ဒေါသကြောင့် တဆတ်ဆတ် တုန်နေပြီ၊ သူ့ မျက်လုံးကလည်း မီးဝင်းဝင်းတောက်တော့မည်။
“မတင်ပါနဲ့လို့ ဘယ်နှစ်ခါ ပြောရမလဲ၊ အောက်မှာ စားစရာတွေပါတယ်။ ထိုင်တော့လဲ သူများနေရာကို အတင်းတိုးထိုင်၊ ပြီးတော့ သူ့ပစ္စည်းတွေ သူများပေါ် လျှောက်တင်၊ နည်းနည်းမှ အလိုက်ကန်းဆိုး မသိဘူး”
“ဘယ်သူက တင်ချင်ပါ့မလဲ၊ ထားစရာမရှိလို့ တင်တာကို”
“ထားစရာမရှိရင် ဘာလို့ ထပ်ထပ်ပြီး ၀ယ်နေသေးလဲ၊ အားလုံး ကျပ်ကျပ်တည်းတည်း ဖြစ်နေတာ မမြင်ဘူးလား”
“အိုး၊ ဘယ်သူက အလကားနေရင်း ၀ယ်နေမလဲ၊ မရှိလို့ လုပ်စားတာကို၊ အားအားလျားလျား အပျော်ခရီး ထွက်လာတာ မဟုတ်ဘူးတော့”
သူသည် သူ့ဘက်မှ အခိုင်အမာ ရပ်တည်ကာ အလျှော့မပေးတမ်း ပြောနေလေသည်။ ခရီးသည်များကလည်း သူ့ကို ၀ိုင်းကြည့်နေကြသည်။ သူ့ကို အပြောရခက်၊ အခံရခက် ဖြစ်နေကြသည်။ နောက်ဆုံး သူသည် သူ့ပန်းစည်းကို ကျွန်မ တောင်းပေါ် တင်မြဲ ပြန်တင်ကာ နေရာကို အတင်းတိုးထိုင်ပြီး တစ်လောကလုံးကို ဂရုမစိုက်ဟန်ဖြင့် ဆေးပေါ့လိပ်ကို ဖွာနေပြန်လေသည်။ အားလုံးသည် မခံချိ မခံသာဖြစ်ကာ သူ့ကို မျက်နှာလွှဲနေကြရလေသည်။
ရထားကြီးကား ကုန်းမြေမြင့်မှ ဖြည်းဖြည်းမှန်မှန် ဆင်းလျက်ရှိလေသည်။
………………………………………….
နောက်ဘူတာများတွင်တော့ သူ ပန်းဝယ်ခွင့် မရတော့၊ ပြတင်းပေါက်နားက လူများက သူ့ကို ကာဆီး ပိတ်ဆို့ထားကြသည်။ ဘေးမှ ထိုင်နေသူများကလည်း ခဏတဖြုတ်ပင် ဖယ်မပေးတော့၊ သူ ကုန်း၍ ထသော်လည်း ခြေလှမ်း ရွှေ့၍မရ။
ထို့ကြောင့် သူသည် ပါးစပ်မှ ဖျစ်တောက်ဖျစ်တောက် ပြောကာ ထိုင်နေရသည်။ အိမ်သာ အ၀င်ဝတွင် ထိုင်နေသော သူ့အမေက လှမ်းကြည့်သေးသည်။ သူက ခေါင်းခါ၍ ပြလိုက်၏။ ထို့နောက် သူသည် လမ်းတလျှောက်လုံး ဆေးလိပ်ဖွာလိုက်၊ ဘေးခုံမှ သူများ ဒူးခေါင်းတွေကို မှီ၍ ငိုက်လိုက်ဖြင့် လိုက်ပါလာလေသည်။ သူများတွေ ထမင်းစားသည်ကို မြင်သောအခါ သူသည် ပါလာသော ချိုင့်ထဲမှ ထမင်းကို ဖွင့်၍ စား၏။ ပြီးတော့ မျက်နှာသုတ်သော ပုဆိုးပိုင်းဖြင့် လက်သုတ်ကာ ဆေးလိပ်ဖွာသည်။ သည့်နောက်တွင်တော့ လမ်းတလျှောက်လုံး သူ့အသံ မကြားရတော့။ တစ်လမ်းလုံး ငိုက်၍ ပါလာလေသည်။ ရန်ကုန်ဘူတာကြီး ရောက်သောအခါ သူများတွေ လှုပ်လှုပ်ရှားရှား ပြင်ဆင်နေချိန်တွင် သူသည် အေးအေးဆေးဆေး ထိုင်နေ၏။ လူအားလုံး ဆင်းသွားမှပင် နေရာအနှံ့ရောက်နေသော သူ့ပန်းစည်းများကို ယူ၍ ရပေမည်။ ယခုတော့ သူသည် ပကတိ အေးဆေးငြိမ်သက်လျက် ရှိလေသည်။
…………………………………………………..
တစ်နေ့က ကျွန်မ ၃၈ လမ်းဈေးသို့ ရောက်၏။
ရောင်းစရာ ရှိတာ ရောင်း၍ ၀ယ်စရာ ရှိတာ ၀ယ်ပြီး ပြန်လာခိုက် သူ့ကို တွေ့ရလေသည်။ သူသည် မြူနီစပယ်ကား အလာကို ကျီးလန့်စာစား ကြည့်နေကြသော ဈေးသည်များ အကြားတွင် ပန်းစည်းဗန်းကို ရှေ့ချကာ စိတ်ပျက်လက်ပျက် ထိုင်နေလေသည်။
ကျွန်မကို တွေ့လိုက်သောအခါ မိတ်ဟောင်းကျွမ်းဟောင်းကို တွေ့လိုက်သည့်အလား သူ့မျက်နှာ ၀င်းထိန်၍ သွားသည်။ ရထားပေါ်မှာတုန်းကလို တစ်လောကလုံးကို ဂရုမစိုက်သည့် အသွင်၊ စိန်ခေါ်သည့် အသွင်မျိုး သူ့တွင် မတွေ့ရတော့။ ယခုတော့ သူသည် အဆိပ်မရှိသော မြွေပမာ ငြိမ်သက်၍ နေလေသည်။ သူက ကျွန်မကို စ၍ ပြုံးပြီး နှုတ်ဆက်ဟန် ပြုသဖြင့် ကျွန်မလည်း ပြုံးလိုက်ရသည်။
“အစ်မ၊ ဈေးလာတာလား၊ ပန်းဝယ်ပါဦး အစ်မရယ်”
ယခုတော့ ကျွန်မနှင့် ရထားပေါ်မှာ ရန်ဖြစ်ခဲ့သည်ကို သူ မေ့သွားဟန် တူလေသည်။ သို့မဟုတ်ပါကလည်း သူသည် ရထားပေါ်မှာ တစ်ယောက်မဟုတ် တစ်ယောက်နှင့် ရန်ဖြစ်မြဲ ဖြစ်ဟန်တူလေသည်။ သူက ဖော်ဖော်ရွေရွေ နှုတ်ဆက်၍ ကျွန်မကလည်း ကောင်းကောင်းမွန်မွန် ပြန်နှုတ်ဆက်ရ၏။
“ဟုတ်တယ်၊ ဈေးလာတာ၊ ပန်းတွေတော့ အိမ်မှာ ရှိသေးလို့ မ၀ယ်တော့ဘူး”
“၀ယ်သွားပါဦး အစ်မရယ်၊ ရောင်းမကောင်းလို့ပါ၊ ကျွန်မ ခါတိုင်း ဒီလို ချမရောင်းဘူး။ ကီလီမှာ အကုန်သွင်းလိုက်တာပဲ၊ ဒီတစ်ပတ် ဈေးမရလွန်းလို့ ချရောင်းနေတာ၊ ၀ယ်ပါဦး အစ်မရဲ့”
သူ၏ ချိုသာ ကျိုးနွံသော အပြောကြောင့် ကျွန်မ ပန်းတစ်စည်း ၀ယ်ဖြစ်သည်။ သူက ပိုပိုသာသာ အစည်းတစ်ဝက်ခန့် အဆစ်ထည့်ပေးနေသည်။ နေပါစေဆိုသော်လည်း မရ။ ယခုတော့ သူသည် စေတနာရှင်မလေး ဖြစ်နေပြန်လေသည်။
“ဒီတစ်ခေါက် ရှမ်းပြည် တက်သေးလား”
ကျွန်မက အာလာပသလ္လာပ ပြောလိုက်ရသေးသည်။
“တက်တယ် အစ်မရေ၊ မသွားလို့ မဖြစ်ဘူးလေ။ တစ်ခေါက်သွားမှ တစ်ခေါက် စားရတာ၊ ဒီမှာလဲ တခြားဟာ ရောင်းမစားတတ်ဘူးလေ၊ ငွေရင်းလဲ မရှိဘူး မဟုတ်လား၊ ဟိုမှာတော့ ပန်းက အရင်းအနှီးမှ သိပ်မလိုတာ၊ ဒါကြောင့် အပင်ပန်းခံပြီး သွားနေရတာ အစ်မရဲ့”
အင်း ဟုတ်ပါရဲ့။ သူ့အတွက်လည်း ခရီးစရိတ် စားစရိတ် ကျေအောင်က ပန်းများများ သယ်နိုင်မှ ဖြစ်မည်။ ထို့ကြောင့်လည်း သူသည် အများတကာ အငြိုငြင်ကိုခံကာ သူ့ဝမ်းရေးအတွက် လုံးပန်းရပေသည်။ သူသည် အတွေ့အကြုံအရ အားလုံးကို ဥပေက္ခာ ပြုနိုင်မှ သူ့အတွက် ရနိုင်မည်ကို သဘောပေါက် နားလည်ထားကာ ခိုင်ခိုင်မာမာ ကျင့်သုံးခဲ့ရဟန် တူ၏။ ယခုတော့လည်း သူ့ပင်ကို စိတ်ရင်းမှာ မဆိုးလှ။ ရန်ဖြစ်ခဲ့ဖူးသော်လည်း တကယ်တမ်း ရန်သူတွေ မဟုတ်ကြသည်ကို သူ နားလည်၏။ ထို့ကြောင့်လည်း သူသည် မိတ်ဟောင်း၊ ဆွေဟောင်းပမာ ရင်းနှီးပျူငှာစွာ ဆက်ဆံလေသည်။ ယခုတော့ ကျွန်မလည်း နားလည်ခဲ့ရပြီ။
သူက သူ့ဝမ်းရေးအတွက် အားလုံးကို ရန်သူလို မာန်ဖီခဲ့ရသလို၊ ကျွန်မတို့ကလည်း ကျွန်မတို့ တစ်နေရာစာအတွက် သူ့ကို မကျေမနပ်ဖြစ်ကာ ငြူစူခဲ့ရသည်။
လူတို့သည် ကိုယ့်တစ်နေရာစာ ရပ်တည်နိုင်ရေးအတွက် အရေးကြုံလာသောအခါ မူလစိတ်ရင်းဖြစ်သော မေတ္တာ အကြင်နာလေးများသည် တဒင်္ဂအားဖြင့် ကွယ်ပျောက်သွားတတ်ကြလေသည်တကား။
မိုးမိုး (အင်းလျား)
(စစ်ပြန်၊ ဇူလိုင် ၁၉၇၇)
ဤနေရာမှ တဆင့်ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment