သူတို့ ရပ်ကွက်၏ တေးသံသာ ပေါင်းစုံကို မနက်ခြောက်နာရီ လောက်ကတည်းက စတင် ကြားရတတ်သည်။ သူကတော့ နေဖင်ထိုးမှအိပ်ရာထတတ်သူမို့ အရှေ့ပိုင်း အစီအစဉ် တစ်ချို့ကို မမီတတ်၊ သို့သော်လည်း အသံ လှိုင်းတွေက ပြင်းလွန်းလှ သည်မို့ တော်တော်ဝေးဝေးက လွှင့်လျှင်ပင် နှစ်ထပ်အိမ် အပေါ်ထပ်၏ နောက်ဖေးအခန်း ထဲ၌ ကွေးအိပ်နေတတ်သော သူ၏ မနက်ခင်းပိုင်း အိပ်မက်တွေထဲထိ လာပြီးနှောက်ယှက် တတ်လေသည်။ သူကလည်း ပုံမှန်ထချိန် မဟုတ်လျှင် ဘာအသံပဲ ကြားကြား ထကို မထတတ်။ အဲ .. ညောင်နာနာ အသံကို ဆွဲဆွဲငင်ငင်နှင့် ” နွားနို့ … ကြိုပြီးသားပါတယ် … အစိမ်းပါတယ် … နွားနို့” ဆိုပြီး လမ်းထိပ်ဆီလောက်ကနေ သူ့အိမ်ရှိသည့် လမ်းဆုံးလောက်အထိ ကြားရလောက်သည့် အော်သံကို လေလှိုင်းကြားမှ လွှင့်တင်လိုက်ပြီ ဆိုလျှင်တော့ သိလိုက်ပြီ။ ဒါ ၁၀ နာရီခွဲမှာ လာတတ်သည့် နွားနို့သည် ငပိန်မ၏အသံ။
သူတို့ ရပ်ကွက်ထဲတွင် နွားနို့သည် နှစ်ယောက် လာရောင်းတတ်သည်မို့ မနက်စောစောတွင် လာရောင်းသည့် အသည်ကို နွားနို့သည် မညိုဟု ခေါ်ပြီး မွန်းတည့်ချိန်မှ လာတတ်သည့် အသည်ကိုမူ နွားနို့သည် ငပိန်မဟု ခေါ်ပါသည်။ နွားနို့သည် မညိုကို သူတို့က မညိုဟု ခေါ်သည်က အသားညိုခြင်းကြောင့် မဟုတ်ပါ။ ချိုးစွဲနေသည့် နွားနို့အိုးထဲတွင် နွားနို့ကို အချိန်အကြာကြီး ကျိုသဖြင့် နို့က ဖြူမနေဘဲ ညိုတိုတို ဖြစ်နေသောကြောင့် တစ်ရပ်ကွက်လုံးက ထိုအမည်ကို ကင်ပွန်းတပ်ပေးလိုက်ခြင်း ဖြစ်သည်။ ငပိန်မကတော့ နာမည်နှင့် လိုက်အောင်ကို ပိန်ညောင်သည်။ အသက်ကလည်း လေးဆယ်နား နီးပြီ။ နွားနို့အိုး ရွက်ပြီး လမ်းတကာ ခြေဆန့်နေလိုက်တာ သူ့သမီးပင် အပျိုကြီးဖားဖားဖြစ်လို့။ သူ့ခမျာ အမေလိုပဲ နွားနို့ပုံး တစ်ပုံးရွက်ပြီး ဈေးထွက်ရောင်းရင်း ယောကျာ်းရသဖြင့် အခုဆို ငပိန်မက အဘွားပင်ဖြစ်နေပြီ။ ဗမာအင်္ကျီ ခါးတိုလက်ပြတ်ကို အမြဲဝတ်ပြီး နွားနို့ပုံးကြီးရွက်၊ ပါးစပ်ကလည်း ကွမ်းတစ်ပြစ်ပြစ် ထွေးရင်း အော်သည့်တိုင် သူ့အသံက အောင်သေးသည်။
ဘယ်ဈေးသည်ပဲ လာလာ မနိုးတတ်သည့် သူက ငပိန်မ အသံကြားလျှင်တော့ နိုးပြီ။ သူက ငပိန်မရဲ့ ပင်တိုင်ဖောက်သည်ကိုး။ ရေရောထားမှန်း သိသာသည့် နွားနို့ကို ဘုရား သောက်တော်ရေခွက်သာသာ ကော်ခွက်လေးနှင့် ချိန်ပြီး တစ်ခွက်တစ်ရာ ရောင်းသည်။ ကွမ်းတွေ ပါးစပ်နှင့်အပြည့် ၀ါးရင်း ”မနေ့က မနက်ရော ညရော နည်းနည်းမှ မရလိုက်ပါဘူးအေ” ဟု ညည်းပြလျှင်တော့ သူ့နွားနို့ခွက်က လက်တစ်လုံးလောက် လျော့ချင်ပြီ။ ဒါကြောင့် ငပိန်မဆီက နွားနို့ဝယ်လျှင် နှစ်ရာဖိုးလောက်မှ သူ့အတွက် အာသာပြေရုံ ရှိသည်။ ဒီနေ့လည်း သူပတ်သည့် ဂဏန်းက မထွက်တာကြောင့် နေ့ခင်းထွက်မည့် အချိန်ကိုပင် အားကိုးရတော့မည်ဟု ငပိန်မက ပြောရင်း ဘုန်းကြီး ဆွမ်းခွက်ပုံ ကော်ခွက်ထဲ ထည့်ပေါင်းထားသည့် ပူတင်းနှစ်ဘူး ကျန်နေသည်ကို အတင်းရောင်းသဖြင့် ငြင်းရသေးသည်။
သူက နွားနို့ကို မျက်နှာမသစ်ခင် အရင် သောက်တတ်သည်။ သူ့အဘိုးကတော့ ထိုအကျင့်ကို လုံးဝမကြိုက်။ သူ နွားနို့ ၀ယ်ပြီးပြီးချင်း သောက်တိုင်း ”မျက်နှာလေး ဘာလေး သစ်ပြီးမှ သောက်စမ်းပါ … သူမို့လို့ မရွံမရှာ” လို့ ပြောတတ်သည့် အဘိုး၏ အသံကလည်း သူ့အတွက်တော့ နေ့တိုင်း ကြားနေကျ နံနက်ချိန်ခါ တေးသံသာပင်။
မျက်နှာသစ်ဖို့ အိမ်ရှေ့ကို ထွက်လာချိန်မှာတော့ ဂုတ်ပုတို့ တစ်သိုက်၏ ဆူညံပွက်လောရိုက် နေသံတွေကို ကြားရသည်။ ဂုတ်ပုဆိုတာက သူ့တို့ အိမ်မျက်စောင်းထိုးအိမ်က ငါးနှစ်လောက်သာ ရှိသေးသည့် အကောင်ကလေး၊ လူက ပုတက်တက်နှင့် ခေါင်းနှင့် ပခုံးကကပ်ပြီး လည်ပင်းပျောက်သလို ဖြစ်နေသည်မို့ ဂုတ်ပုဟုပဲ အလွယ်ခေါ်ကြခြင်း ဖြစ်သည်။ အသားဖြူပေမယ့် မျက်လုံးက နည်းနည်း စွေချင်သည်။ သူနှင့် မတော်မတဲ့ တီရှပ်ပွပွကြီးတွေ ၀တ်ပြီး အမြဲတစေ ညစ်ပတ် ပေရေနေတတ်သည်။ သူ့အမေက ယောက်ျားတွေ တစ်ယောက်ပြီး တစ်ယောက်ယူပြီး ကလေးတွေ တန်းစီမွေးထားလိုက်တာ သူတို့မောင်နှချည်းပင် ခြောက်ယောက်လား ခုနှစ်ယောက်လား ရှိသည်။ ဂုတ်ပုအထက်တွင် သူ့ထက် နှစ်နှစ်လောက်သာ အသက်ကြီးသည့် လုံးတုံးနှင့် သူနာမည် မေ့နေသည့် ကလေးမလေးနှစ်ယောက် ရှိသေးသည်။ ထိုကလေးမလေး နှစ်ယောက်ကလည်း အရွယ်ချင်း မတိမ်းမယိမ်း။ ဂုတ်ပုအောက်က ကောင်မလေးကတော့ နာဂစ်မုန်တိုင်း တိုက်သည့်ညမှာမှ မွေးသည်မို့ အရပ်က နာဂစ်ဟုခေါ်သည်။ အသက်နှစ်နှစ်လောက်သာ ရှိသည့် နာဂစ်လေးကို အသက်ခြောက်နှစ်လောက်သာ ရှိသည့် လုံးတုံးမက ခါးတခွင် ချီသွားတိုင်း မြင်ရသူများမှာ အသဲယားရလေသည်။
သူတို့ မောင်နှမတစ်သိုက်က မိုးလင်းလျှင် စတီးပန်းကန်ပြား တစ်ယောက်တစ်ချပ်စီ ဆွဲပြီး လမ်းထိပ်က အသုပ်ဆိုင်တွင် ကြာဇံသုပ် တစ်ရာဖိုးစီ စားမည်။ ဗိုက်ဝပြီဆိုသည်နှင့် တစ်လမ်းလုံး ပတ်ကာ ကစားကြတော့သည်။ တခါတလေ ဟိုခြံဝရပ်၊ ဒီခြံဝရပ်နှင့် သူများအိမ်က တီဗီကိုလည်း ချောင်းကြည့်တတ်သေးသည်။ လမ်းထဲ ဖြတ်သွားဖြတ်လာ ပြုကြသည့် လူများထဲမှ သူတို့နှင့် မျက်နှာမစိမ်းသည့် သူဆိုလျှင် မုန့်ဖိုးပဲဖိုးလေး လိုက်တောင်းတတ်သည်။ သူတို့ အိမ်ရှေ့အိမ်က ဟိုင်းလတ်ကား ရပ်ထားတာမြင်လျှင် လူလစ်သည်နှင့် ကားပေါ် တက်ဆော့ကြ၊ အိမ်ရှင်က ထွက်လာပြီး အော်လိုက်လျှင် ပြေးလိုက်ကြနှင့်။ တခါတလေကျပြန်ရင်လည်း သူများအိမ်ရှေ့က အရွက်တွေ လိုက်ခူးပြီး အသုပ်ရောင်းတမ်း ကစားကြသည်။ သူတို့ ကလေးတစ်သိုက်ထဲမှာ ဂုတ်ပုက သီချင်းအကြိုက်ဆုံးလို့ ဆိုလို့ရသည်။ အေသင်ချိုဆွေကစလို့ မန္တလေးသိန်းဇော်အထိ လမ်းထဲကအိမ်တွေ ဖွင့်သမျှ ဂုတ်ပုက လိုက်ပြီး အော်နိုင်သည်။ အရိပ်ရရာနေရာ တစ်ခုခုရှာပြီး သူကြားမိတာလေးတွေကို မှတ်မိသလောက် ပြန်ဆိုတတ်လေသည်။ တခါတလေ သူသီချင်း ဆိုချင်တာနှင့်ပင် သူ့ညီမနာဂစ်ကို အတင်း ကလို့ကခိုင်း၊ ကလေးက မကချင်ဘဲ အသံပြဲငိုသည့် အသံရော၊ ဂုတ်ပု၏ သီချင်းသံရော ရောစပ်ပေါင်းယှက်ပြီး ကလေးကလည်း အငိုမတိတ်နိုင်၊ ဂုတ်ပုကလည်း ဆိုနိုင်နှင့် နေ့လည်နေ့ခင်း အချိန်မျိုးဆိုရင် လူပူရသည့်အထဲ နားပါပူရသည်။
ခုတလော ဂုတ်ပုက ၀ါတွင်းတုန်းက သူတို့ လမ်းမှ ဆွမ်းချက်ရုံက နေ့ရောညပါ ဖွင့်သည့် သီချင်းတစ်ပုဒ်ကို တော်တော်လေး စွဲစွဲလန်းလန်း ဖြစ်နေပုံရသည်။ မိုးလင်းလည်း ဒီသီချင်း၊ ညလည်း ဒီသီချင်းနှင့်၊ သူတောင်မှ ဂုတ်ပုဆိုတာကို ယောင်ပြီး လိုက်ဆိုမိတတ်သည်။ ခုလည်း မျက်နှာသစ်ဖို့ ထွက်အလာ သူတို့အိမ်ရှေ့ သပြေပင်အောက်က ဂုတ်ပု၏ သီချင်းဆိုသံကို ကြားနေရပြန်ပါပြီ။ သီချင်းကတော့ ထုံးစံအတိုင်း ခုတလော သူအာတွေ့နေသည့် သီချင်း။ ”၀ိုးဟူ ၀ိုးဟူး ၀ိုးအိုးအို … ဘေးဘီ ဘေးဘီ ဘေးဘီ အိုး …” သီချင်းက ဂျက်စတင်ဘီဘာ၏ သီချင်း။ ဂုတ်ပုက သူမရသည့် အင်္ဂလိပ်စာသားတွေဆိုရင်တော့ အသံတိုးတိုးနှင့် ၀ါးချတတ်ပြီး သူရသည့် ဘေးဘီ… ဘေးဘီ အပိုဒ်ကျလျှင်တော့ အသံကုန်ဟစ်နေသည်။
မျက်နှာသစ်နေသည့် သူ့ကိုမြင်တော့ သီချင်းဆိုနေတာကို ရပ်ပြီး သူ့တို့ ခြံဝကနေ လှမ်းမေးသည်။
‘ဘကြီး ရှိဘူးလား’
ဂုတ်ပုက သူ့အဘိုးကို တော်တော်လေး ခင်တွယ်သည်။ ဒါကလည်း အကြောင်းရှိသည်။ သူ့အဘိုးက မုန့်လေးဘာလေး ကျွေးတတ်သည့်အပြင် တစ်ခါတစ်လေ ပိုက်ဆံလေးဘာလေး ပေးတတ်သည်မို့ သူ့အဘိုးကို လာလာရှာတတ်သည်။ အသက် ၈၀ နီးပါးရှိပြီဖြစ်သည့် သူ့အဘိုးကို ငါးနှစ်အရွယ်ကလေးက သူငယ်ချင်းပေါင်း ပေါင်းပြီး ပြောတတ်သည်မို့ သူက သဘောမတွေ့။
‘ဘာလုပ်မလို့လဲ’ ဟု မာဆတ်ဆတ်နှင့် ပြန်မေးတော့ ”မုန့်စားချင်လို့ ဘကြီးကို ၀ယ်ကျွေးစမ်းပါ ပြောမလို့” ဟု ဖြေသည်။ တယ်လာတဲ့ကလေးဟု စိတ်ပေါက်ပေါက် တွေးရင်း အဘိုးရှိရက်နှင့် ”မရှိဘူး” ဟု ပြန်အော်ပစ်လိုက်ရသည်။ သူက မထင်ရင် မထင်သလို အော်လွှတ်တတ်သည်ကို ဂုတ်ပုတို့ ကလေးတစ်သိုက်ပင် မဆိုထားနှင့်၊ လမ်းထဲက စွာကျယ်စွာကျယ် လုပ်တတ်သည့် မုန့်စိမ်းပေါင်းဆိုသည့် ခွေးကပင် သူလာလျှင် အမြီးကုပ်နေတတ်သည်။ ဟိုအိမ်ကပ် သည်အိမ်ကပ် စားသောက်တတ်သော ခေါင်းကအဖြူ၊ ကိုယ်က အညိုရောင်နှင့် သည်ခွေးကို သူတို့တတွေက မုန့်စိမ်းပေါင်းဟု ခေါ်သည်။ မုန့်စိမ်းပေါင်းက စက်ဘီး အတိုက်ခံရဖူးသည်မို့ လမ်းထဲသို့ စက်ဘီး ဖြတ်သွားတိုင်း လိုက်ဟောင်သည်။ တော်တော်နှင့်လည်း မတိတ်။ သူ အော်ငေါက်လိုက်လျှင်တော့ တစ်ခါတည်း ငြိမ်သည်။ ခုလည်း သူ အော်လွှတ်လိုက်တာမို့ ဂုတ်ပုကခမျာလည်း ဂုတ်ကလေးပုပြီး လွတ်ရာသို့ သွားတော့သည်။
မျက်နှာသစ်ပြီးသည်နှင့် မနက်စာနှင့် နေ့လည်စာ ပေါင်းစားဖို့ ကြံတုန်း အပြင်ဘက်ဆီမှ ရုတ်ရုတ် ရုတ်ရုတ် အသံတွေ ကြားရပြန်သည်။ သူ့အဘိုးကလည်း ”ဘာထွက်သလဲမသိဘူး” ဟုပြောရင်း အပြင်သို့ ပြေးထွက်သွားသည်။ ဤသည်မှာ သူတို့ရပ်ကွက်၏ နေ့လည်ခင်းအစီအစဉ်။ သူတို့ ရပ်ကွပ်မှာတော့ ထိုအစီအစဉ်က လူစိတ်ဝင်စားမှု အရှိဆုံး။ အသက်ကြီးကြီး ငယ်ငယ်၊ အပျိုအအို၊ တစ်ခုလပ်၊ မုဆိုးမမရွေး စိတ်ဝင်စားကြသည်။ သူတို့နှင့် အိမ်ချင်းကပ်ရပ်က အဒေါ့်အိမ်ဖြစ်ပြီး အိမ်ရှေ့မှာ ဈေးဆိုင်လည်း တည်ထားသည်မို့ လူစည်သည်။ တစ်ချို့လည်း ဈေးဝယ်ရင်းနှင့် စနည်းနာသည်။ သူတို့လေးအိမ်ကျော်က တရုတ်မလင်မယားဆိုလျှင် ဈေးဆိုင်က ခုံပေါ်မှာ ယပ်တစ်ဖျပ်ဖျပ်ခတ်ရင်း စားမြုံ့ပြန်လို့ မဆုံး။
”မင်းကို ငါပြောသားပဲ ၇ တစ်လုံးက ဘိုင်သေပါလို့”
”ကျုပ်လည်း ရှင်ပြောတဲ့ ၇ နဲ့ ဆရာမလာပေးတဲ့ ဂဏန်းနှစ်လုံကို ကပ်လိုက်တာပဲ ပြန်ဖို့မေးသွားတာ”
”ကျုပ်ကတော့ အာလိုက်မိလို့ အစိတ်ဖိုးလောက်တော့ ရလိုက်တယ်။ ဟိုဘက်လမ်းက အကြီးကောင်တို့များ တစ်ထောင်ဖိုးပေါက်တာတောင် သုံးထောက်လောက် ရှုံးသတဲ့”
”ညနေ ဘာကောင်းလဲ”
”ညည်းအေ .. မေးမနေပါနဲ့။ ပေးပြန်တော့လည်း အစိတ်ဖိုး ငါးဆယ်ဖိုးလောက်သာ ထိုးပြီးတော့ ” “ပေးမှာသာ ပေးစမ်းပါ အစ်မရယ် … မနေ့က အဘမူးလဲထဲက အစ်မ မှန်းပေးတာလေး မနက်ပိုင်းမှာ ယူထိုးလိုက်တာ အဆင်ပြေသွားလို့”
ထိုဂဏန်းအကြောင်းကို ပြောရမည်ဆိုလျှင် စကားသံတွေက တော်တော်နှင့် မစဲတော့။ သည်ဂဏန်း ကိစ္စကလည်း မနက်ကိုးနာရီကျော် တစ်ကြိမ်၊ နေ့ခင်း ၁၁ နာရီ၊ နေ့လည် ၂နာရီနှင့် ညနေ ၄နာရီခွဲတစ်ကြိမ် ပေါင်းပြီး တစ်နေ့ကို လေးကြိမ်လောက် လူအများကို ဒုက္ခပေးတတ်သည်။ သူတို့ကတော့ ဒါကိုဒုက္ခဟုပင် မထင်။ သူတို့တွေက မိုးလင်းလာလျှင် တစ်နေ့တာအတွက် ဂဏန်းရွေးဖို့ ‘အဘမူးလဲ’၊ ‘အောင်နိမိတ်’၊ ‘ရွှေနားတော်’ စသည့် ချိုင်းတွေ ပြေးဝယ်သူက ၀ယ်၊ မနက်စာစားရင်း ဂဏန်းဖလှယ်နှင့်၊ အရိပ်ကောင်းသည့် နေရာရှာပြီး တစ်နေကုန် တစ်နေခမ်း ဂဏန်းစကားပြောကြသည့်သူများ။
ထိုသူများ အော်ဟစ်ကျက်စားနေသည့် နေရာတွင် လွန်ခဲ့သည့် ဆယ်နှစ်ကျော်လောက်က ပိတောက်ပင်ကြီး တစ်ပင် ရှိခဲ့ပါသည်။ နွေဆိုလျှင် အတော်လေး အရိပ်ရသဖြင့် လူတွေအတွက်ရော ကျေးငှက်သာရကာတွေ အတွက်ပါ ခိုနားစရာ နေရာပင်။ ကျေးငှက်တို့၏ ဘာသာဘာဝ အော်မြည်သံနှင့် စည်ကားခဲ့ရသည့် ထိုပိတောက်ပင်ကို သူတို့ လမ်းကြီး ကတ္တရာခင်းရန် ခုတ်လှဲလိုက်ရသည့် အချိန်မှစ၍ ထိုနေရာတွင် ဂဏန်းသံတို့သာ ညံနေတော့သည်။ တစ်ကျော့ထဲလား ဆိုတော့လည်းမဟုတ်ပြန်။ နေ့ခင်းတစ်ခါ၊ ညနေတစ်ခါ။
နေ့လည်နေ့ခင်း တစ်ရေးနိုးလို့ လမ်းထိပ် ထွက်ပြီး မုန့်တီသုတ် စားသည့် အချိန်တွင်လည်း သည်အကြောင်းတွေကိုပဲ ကြားရပြန်သည်။ သို့သော်လည်း လမ်းထိပ် မုန့်တီဆိုင်ကတော့ ဂဏန်းထက် စကားပိုစုံလေသည်။ မုန့်တီကို တစ်မျှင်ချင်း စားရင်းသောက်ရင်း လုပ်နေသည့် အချိန်တွင် သူတို့ပြောကြသည့် အကြောင်းအရာများက လမ်းထဲက ထွက်လာသမျှ၊ ဖြတ်သမျှ လူတစ်ယောက်ချင်းစီအပေါ် လိုက်ပြီး ပြောင်းသွားတတ်သည်။ မုန့်တီသုတ်တစ်ပွဲကို တစ်နာရီလောက် ထိုင်စားပြီးလျှင်တော့ တစ်ရက်တာ အတွင်းရော၊ တစ်ပတ်တာ အတွင်းက သတင်းစုံကိုပါ ခြုံငုံမိပေပြီ။ သူ့အတွက်တော့ မုန့်တီတစ်ပွဲ ပိုက်ဆံ ၂၀၀ ပေးစားရင်း သတင်းနားစွင့်ရသည်မှာ ဂျာနယ် ငါးစောင် ဖတ်ရတာထက်ပင် စုံစုံလင်လင် ကြားရသည်မို့ ဒါက တစ်နေ့တာအတွင်းမှာ သူအကြိုက်ဆုံး အစီအစဉ်။ တစ်ခါတစ်လေ ဂျာနယ်ထဲ မပါတတ်သည့် သတင်းတွေတောင် ကြားရတတ်သေးသည်။
“ဗျစ် .. ဗျစ်” (မုန့်တီသုပ်နယ်နေသံ)
” အပွင့်ကို သိတယ်မဟုတ်လား … မနေ့ကက တော်တော်လေး ညဥ့်နက်မှ အိမ်ပြန်လာတာ။ လိုက်ပို့တဲ့ကားက အကောင်းစားကြီးတော့”
” ဗျစ် ….ဗျစ်”
“ညီမလေး အသုပ်ထဲ ငရုတ်သီးမှုန့်ထည့်မလား”
“မထည့်ဘူးအစ်မ”
“အေးအေး … သူ့အမေမညွန့်စိန်ကတော့ အရပ်ကို လိုက်ကြွားနေတာ … သူ့သမီးအပွင့်ရဲ့ ဘဲက သူဌေးဆိုပဲ … သူမို့လို့ ဒီလိုပြောနေတာ … သူ့သမီးကဖြင့် တင်မရှိ၊ ရင်မရှိပါ မခင်မြရယ်။ … မစန်းပြောတာတော့ သူဌေးက ကောင်မလေးထက် အသက် ၂၀ လောက်ကြီးတယ် ဆိုလားပဲ … ၄၀ ကျော်လောက် ရှိရောပေါ့တဲ့ … ကလပ်မှာ တွေ့ကြတယ်ဆိုလား .. ဘာလားပဲ .. ညီမလေး .. မကျည်းရည်နဲ့ သုပ်မှာလား၊ အချဉ်ရည်နဲ့ သုပ်မှာလား”
” ဗျစ် ….ဗျစ်”
“မန်ကျည်းရည်နဲ့ သုပ်ပေးအစ်မ”
” မသန်းကြည်တို့အိမ်မှာ လူငှားအသစ်တင်တာ ပါလာတဲ့ ကောင်မလေးက မော်ဒယ်ဆိုပဲ …. သူ့အိမ် ဆယ်ပေသာသာကို အပေါ်ထပ် တစ်ထပ်ထဲ ငှားတာ သုံးသောင်းခွဲတဲ့အေ … ပေးနေတဲ့ သူကလည်း ပေးနေတာပဲ … မော်ဒယ်က ဒီလို ရပ်ကွက်ထဲ အိမ်လာငှားနေသတဲ့ … ကြားကြားဖူးဘူး … မနေ့ညနေက လမ်းသလားလို့တော့ တွေ့လိုက်ပါရဲ့အေ … မော်ဒယ်တဲ့ ပိန်ကပ်နေတာများ လက်ဖျံရိုးလေးတွေဆို ငါမီးမွှေးတဲ့ ထင်းရှုးဆီချောင်းလောက်ပဲ ရှိတယ် …. ဒါနဲ့ ညီမလေး နံနံပင်နဲ့ ဆီချက်အပေါ်က တင်မှာလား”
” ဗျစ် ….ဗျစ်”
“နံနံပင်ပဲ ဆီချက်မထည့်ဘူးအစ်မ ”
ပြောလိုက်ဆိုလိုက် ဗျစ်ပြီးရင်း ဗျစ်လိုက်နှင့် အကြောင်းအရာ သုံးလေးမျိုး စုံလျှင်တော့ စိစိညက်ညက်ကျေနေသော မုန့်တီသုပ်တစ်ပွဲ စားရပါသည်။ သတင်းလည်း ကြားရ အစားလည်း စားရမို့ နေ့ခင်းပိုင်း အစီအစဉ်ကို နားဆင်ရန် မုန့်တီဆိုင်တွင် သူ့ပရိသတ်နှင့်သူ စည်ကားနေတတ်ပြန်ပါသည်။
နေသိပ်ပြင်းသည့် နေ့မျိုးဆိုလျှင် အပြင်မထွက်ဘဲ တစ်သည်ပြီး တစ်သည် လာနေသည့် မုန့်သည်များကိုလည်း စောင့်ပြီး ၀ယ်စားနိုင်သေးသည်။ သူတို့ ရပ်ကွက်က သာမန် လက်လုပ် လက်စားကအစ သင်္ဘေားသား၊ အရာရှိစသည့် လူတန်းစားစုံ နေသောအရပ်မို့ တတ်နိုင်သည့် သူရော၊ မတတ်နိုင်သည့် သူတွေပါ စုဝေးနေလေတော့ ကြက်ဥခေါက်မုန့်သည် ကအစ စတော်ဘယ်ရီ၊ မရွေးသည်အထိ ဈေးသည်အစုံ လာရောင်းတတ်ကြသည်။ တကယ်တော့ မုန့်သည်က တစ်နေကုန် တစ်နေခမ်း ပြတ်လပ်သည်မရှိပဲ လာနေကျပါ။ နေ့ခင်းဘက်ကတော့ အဆာပြေ စားသည့်အချိန်မို့ အသည်က ပိုစုံသည်။
စမူဆာသုပ်၊ ဘယာကြော်သုပ်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ မုန့်လက်ကောက်ကြော်၊ မုန့်တို့ဆန်၊ မုန့်ဦးနှောက်၊ သာကူ၊ ငှက်ပျောပေါင်း၊ မုန့်ကြာစိ၊ ထန်းသီးမုန့်၊ ပြာရည်ထုတ်၊ ကောက်လှိုင်းတီမုန့်၊ ဒါတွေက သူတို့ ငယ်ငယ်ကတည်းက ရပ်ကွက်ထဲမှာ မြင်တွေ့နေကြ ဈေးသည်တွေ၊ ခုတလော သူတို့ဆီတွင် ခေတ်စားနေသည်မှာ ဈေးသည်တွေက သူတို့ ရောင်းတာကို ပါးစပ်ကနေ ကိုယ်တိုင် မအော်တော့ဘဲ အသံသွင်းထားသည့် တိတ်ခွေလေးကို ဖွင့်ရောင်းကြသည်။ သရက်သီး၊ ဂွေးသီး၊ ရှောက်သီးကို ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ ငရုတ်သီးမှုန့်၊ သကြား၊ ဆားတို့နှင့် ရောနယ် ရောင်းတတ်သည့် အသည်လေးတွေဆိုလျှင် တစ်နာရီခြား တစ်ခါလောက် လာတတ်သည်။ အစက သူတောင် တစ်သည်တည်းက အခေါက်ခေါက် အခါခါ ဖြတ်ရောင်းနေသည်ဟု ထင်ခဲ့သည်။ မေးကြည့်မှ သူတို့က ဒီတစ်မျိုးတည်းကို လှည်းတွေနှင့် လှည့်ရောင်းကြသည်တဲ့။ သူတို့အလုပ်ကလည်း သူတို့ဟာ သူတို့တော့ ကိုက်သည်။ တစ်နေ့ လှည်းငှားခ ငါးရာပေးပြီး ကျန်သည့် ပစ္စည်းတွေကို အသင့်ရောင်းရုံ ဗူးခွက်ကအစ စီစဉ်ပေးသည့် သူများထံမှ ၀ယ်လို့ရသည်။ လာရောင်းသမျှ ဈေးသည်တွေထဲမှာ သူစိတ်အညစ်ရဆုံးက ရေခဲချောင်းသည်။
ခုလည်း သူ့အိမ်ရှေ့ကနေ တတိမြောက် အသည် ဖြတ်သွားပြန်သည်။ သည်အသည် လာလေတိုင်း တော်တော်လေး နားငြီးရတော့သည်။ ရေခဲချောင်းကို ကလေးအသံသွင်းပြီး လိုက်ရောင်းသည်။ ကလေးက သူ့ရေခဲချောင်းကောင်းပုံကို ကြော်ငြာနေပုံမှာ နည်းနည်းမှ စိတ်ဝင်စားစရာမကောင်း။
“ဆေးသကြား လုံးဝမပါ .. မိုက်ကယ် .. အဆင့်မြင့် .. သဘာဝ … နို့မလိုင်ချောင်း .. စတော်ဘယ်ရီ … ချောကလက်” သည်ကြားထဲ အော်သံကလည်း ပြတ်တောင်း ပြတ်တောင်းနှင့် နေ့လည်နေ့ခင်း တစ်ရေးတစ်မော အိပ်ချိန်မှာ ထိုရေခဲချောင်းသည်ကြောင့် တစ်ခါတရံ အိပ်ရေးပျက်ရသေးသည်။
နေမ၀င့်တ၀င် အပူရှိန်လေး ရှိသေးသည့် အချိန်မျိုးဆိုလျှင် သူတို့ လမ်းထဲမှ လူတစ်ချို့ကတော့ အိမ်ရှေ့ထွက်လို့ တစ်နေ့တာ၏ ဘိတ်ဆုံးအကြိမ်တွင် ထွက်မည့် ဂဏန်းအတွက် ရင်တမမ မျှော်လင့်တကြီး စောင့်နေတတ်သည်။ သူ့အဖို့မှာတော့ ညနေခင်း နေအေးချိန်တွင် စာဖတ်တတ်သည်မို့၊ အိမ်ရှေ့က ရေတိုင်ကီကို ကျောမှီ၊ ဖြတ်သွားဖြတ်လာတွေကို ငေးလိုက် စာဖတ်လိုက်ဖြင့် ဇိမ်ယူရသည်က အတော်လေး နေသာထိုင်သာ ရှိလှသည်။ ထုံးစံအတိုင်း ‘’သုံးရှစ်’’ တဲ့ဟေ့..ဟု လမ်းထိပ်ဆီက အော်သံကြားရပြီ ဆိုလျှင်တော့ တဆက်တည်း ပွတ်လောရိုက်လာ တတ်သည့် အာမေဋ္ဋိတ် အသံများကြောင့် သူ့ စည်းစိမ်ပျက်ရပြန်သည်။
ထို့နောက်တွင်မတော့ သူတို့ ရပ်ကွက်ထဲမှ နှစ်လုံးခင်များ၏ တစ်နေ့တာ ဂဏန်းရီဗျူး အစီအစဉ်ကို ကြားနာရတော့မည်။ နေအေးလျှင် ဟိုအိမ်ဒီအိမ်မှ အလျှိုလျှို ထွက်လာသည့် ကလေးတွေက လမ်းလျှောက်သူ လျှောက်၊ ဆော့သူ ဆော့နှင့် အမေချင်း အတင်းတုတ်နေချိန်တွင် သူတို့က ဗြောင်းဆန်အောင် ပြေးကြလွှားကြပြီ။ ထိုသို့ ဗြောင်းဆန်ကြသည့် အထဲတွင် သူ့မောင်ဝမ်းကွဲ တွေနှင့် ညီမတွေလည်း ပါသေးသည်။ ထုပ်ဆီးတိုး၊ ဘောလုံးကန်၊ ကြက်တောင်ရိုက်နှင့် အရွယ်ချင်းကလည်း မညီကြသည်မို့ ခဏခဏ ငြင်းလိုက်ကြ၊ ရန်ဖြစ်လိုက်ကြနှင့် ညနေဆည်းဆာကို ခံစားလို့ မရအောင် ဆူညံနေကြတော့သည်။
သူတို့ လမ်းထဲမှာ အပ်ကျသံမျှပင် မကြားရလောက်အောင် တိတ်ဆိတ်သွားပြီ ဆိုလျှင်တော့ ပြောစရာမလိုဘဲ အလိုလို သိရမည်က ကိုရီးယားကားပြချိန်ဟု။ တစ်လမ်းလုံး ကလေးရော လူကြီးပါ တညီတညွတ်တည်း ကြိုက်ကြတာဟူ၍ ရုပ်မြင်သံကြားက ပြသည့် ကိုရီးယား ဇာတ်လမ်းတွဲများသာ ရှိသည်။ အပြင်လောကမှ အသံများက အချိန်တန်လျှင် ငြိမ်သက် သွားတတ်သည့်တိုင် အိမ်တွင်းက အသံတွေကိုတော့ မကြားချင်လည်း ကြားရတတ်သည်။ ကိုရီးယားတွေကို ကြိုက်တာချင်း တူသည့်တိုင် အသက်ချင်းမတူ၊ အကြိုက်ချင်း မတူသူတွေကြားမှာ အကြိုက်က ထပ်မံကွဲပြန်သည်။ သူ့အိမ်မှာတော့ သည်အချိန်ဆို အငယ်မက ဗိုလ်အကျဆုံး။ သူက ခပ်ဟော့ဟော့ ပျံတန်တန် လူငယ်ဇာတ်လမ်း ကြည့်ချင်သည်။ အကြီးကောင်က စစ်ကားနောက်ခံ ဇာတ်လမ်းမျိုးမှ ကြိုက်သည်။ အမေနှင့် အဖေကျတော့ မိသားစုဇာတ်လမ်းမှ ဈာန်ဝင်သည်။ သူ့အတွက်တော့ အဆိုပါ ငြင်းခုန်မှုတွင် မပါဝင်ချင်သဖြင့် အပေါ်ထပ်သို့ တက်ပြီး အေးရာအေးကြောင်း စာဖတ်သည်။
သည်လောက်နှင့်ပင် သူ၏ တစ်နေ့တာကို ပတ်ဝန်းကျင်မှ အသံပေါင်းစုံကို မကြားချင်လဲကြား၊ ကြားချင်လည်း ကြားနှင့်ပင် ကုန်ဆုံးနေကျ။ မျက်လွှာချလို့ မအိပ်ခင် အထိတော့ ထိုအသံများနှင့် လွတ်ကင်း၍မရနိုင်။ တစ်နေ့တာ အစီအစဉ်က အိပ်ပျော်မှပင် ပြီးဆုံးသည် မဟုတ်ပါလား။ တခါတလေ ဓာတ်ပြားဟောင်းကြီးကို အဖန်ဖန် ကြားရရင်း၊ တခါတလေတော့ အသစ်အဆန်းလေးများ ကြားရနှင့် သူလည်း နားထောင်ရင်း နားထောင်ရင်း …..။
‘’ဒုန်း’’
“၀ုန်း’’
“ဂလွမ်း’’
“နင်မိုက်ရိုင်းလှချည်လား သောက်ပြီးပြန်လာရင် မိသားစုကို မူးပြီးရမ်းဖို့ပဲသိတယ်’’ “ဖအေပြန်လာတာကို သားသမီးတွေက ထမကြိုဘဲ အိပ်နေကြတာကောင်းသလား။ ဘာမိသားစုလဲ’’
“သေနာရဲ့ နင်ပြန်လာတဲ့အချိန်ကိုလဲကြည့်ဦးလေ … ကလေးတွေကိုသွားမနှိုးနဲ့ မနက်ကျောင်းတက်ရဦးမှာ … တယ် .. ငါပြောနေတယ်နော်.. ကလေးတွေကိုသွားမထိပါနဲ့ဆို’’ “ဟ .. ငါမွေးထားတဲ့သားသမီး ငါထိတာ ဘာဖြစ်လဲ။ နင်လင်ငယ်ထားပြီး မွေးထားတာတွေမို့လား .. ထ.. အခုထကြ..အဖေလာလို့မှ ထမင်းခူးခပ် ကျွေးရကောင်းမှန်း မသိကြဘူး .. ဖအေကတော့ ပင်ပင်ပန်းပန်း တစ်နေကုန်ရှာရတာ’’
“နင်ပြန်လာချိန်က လူပြန်လာချိန်လားဟဲ့ .အကာင်စုတ် ဒုက္ခကိုပေးတယ် … … + -* @ # % $ % & * + ”
ဆူဆူညံညံအသံများကြောင့် သူတို့ ခြေရင်းအိမ်က လင်မယား ရန်ဖြစ်ပြန်ပြီဟု သိလိုက်ရပါသည်။ ထိုလင်မယား၏ သန်းခေါင်ယံ အချစ်စမ်းကြသည့် တေးသံသာက သူတို့အတွက်တော့ တစ်ပတ်မှာ တစ်ခါလောက်သာ ကြားရသည့် စပယ်ရှယ်ပရိုဂရမ်။ သူတို့ ရပ်ကွက်မှာတော့ လူစိတ်ဝင်စားမှု အခံရဆုံးကဏ္ဍများတွင် ဤကဲ့သို့ ရန်ဖြစ်သံများလည်း ပါဝင်သည်။ တစ်ချို့က အိပ်ရာထဲမှ နားထောင်ကြ၊ တစ်ချို့လည်း အိမ်တံခါးတွေ၊ ပြတင်းပေါက်တွေဖွင့်ပြီး အပြင်ပါ ထွက်ကြည့်ကြ၊ နားထောင်ကြ၊ စနည်းနာကြနှင့် ဘယ်တော့မှ မရိုးသည့် အစီအစဉ်ပင်။ အခုလည်း ခြေရင်းအိမ်မှ လင်မယား၏ ဆဲဆိုသံတွေက တစ်လမ်းလုံးကို ဆွဲဆောင်နေပြန်ပါပြီ။
သူ့အသက် ငွေရတုကာလကို ကျော်လာသည့်တိုင် ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းမှ နားဆင်ခဲ့ရသော တေးသံသာနှင့် တွေ့မြင်နေရသော မြင်ကွင်းကား အသွင်ပြောင်းသည့်တိုင် အနှစ်မပြောင်းသွား။ “ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်” ဟု သူ အော်ရမည်လေလား။
ယုပမ်
ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၁
ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၁
ဤနေရာမှ တဆင့်ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment