တက်ပုအတွက် မွေးနေ့လက်ဆောင်
(၁)
တစ်ခါသော် ကျွန်ုပ်တို့၏ မြို့ကလေး၌ သက်သတ်လွတ် ယဉ်ကျေးမှု ထွန်းကားခဲ့ဖူးလေ၏။ အရပ်ထဲမှ သိစပ်မြင်နှံ့သူ တတ်ယောင်ကား ပညာရှင်ကြီး အချို့က သက်သတ်လွတ်ဟု သုံးနှုန်းခြင်းသည် သင့်မြတ်ခြင်း မရှိ၊ သားသတ်လွတ်ဟု သုံးနှုန်းရန်သာ သင့်လှပါပေသည်ဟု မိန့်ဆိုကြ၏။ မည်သူတို့ မည်သို့ပင် ဆိုစေကာမူ ထိုယဉ်ကျေးမှုကြီး ရောက်ရှိလာပြီး မကြာမီတွင် တောရကျောင်း ဥပုသ်ဇရပ်၌ သက်သတ်လွတ် ၀ါဒဆိုင်ရာ ငြင်းခုံပွဲကြီး တမုဟုတ်ချင်း ပေါ်ပေါက်လာလေ၏။
အဆို တင်သွင်းသူနှင့် ခုခံ ချေပသူတို့မှာ စကား အပြောအဆို အလွန် လက်ပေါက်ကပ်လှသည်ဟု နာမည်ကြီးသည့် အဘိုးကြီးများဖြစ်သဖြင့် တစ်နေကုန်တစ်နေခန်း အချေအတင် ပြောဆိုငြင်းခုံကြသော်လည်း အနိုင်၊ အရှုံး မပေါ်ချေ။ ငါမှန်လျှင် သူမှားရမည် ဟူသည့် မူဝါဒကို အခြေခံ၍ ဆွေးနွေးကြလေရာ ထိုငြင်းခုံပွဲကြီး၏ အဆုံးတွင် တောရကျောင်း ဒါယကာ၊ ဒါယကာမများ အကြား၌ ဂိုဏ်းဂဏ ကွဲပြားမည့် အကျိုးရလဒ်တို့ ထွက်ပေါ်လာလေ၏။
ထိုကဲ့သို့သော သတင်းထွက်လာသည်ကို ဆရာတော် ကြားသော် နှစ်ဘက်သော ငြင်းခုံသူ တပည့်တပန်းတို့ကို ခေါ်ယူ၍ ဆုံးမစကား ပြောကြားလေ၏။ ခေါင်းမာပြီး မိုက်မဲသည့် နေရာတွင် အတုလံ အတုမရှိ ဖြစ်ပေထသော တပည့်တပန်းတို့သည် ဆရာတော့် ရှေ့မှောက်တွင် “တင်ပါ့ဖျား၊ မှန်ပါ့ဖျား နောင် မမိုက်တော့ပါဘူး ဖျာ့” ဟု အာမဘန္တေခံကြ၏။ သို့သော် ဆရာတော့် မျက်ကွယ်ရာသို့ ရောက်လျှင်မူ တစ်ဦးနှင့် တစ်ဦး မျက်စောင်းထိုး၍ သော်လည်းကောင်း၊ တံတွေးထွေး၍ သော်လည်းကောင်း စောင်းချိတ် ရန်လုပ်ပြီး မိုက်သွေး မိုက်ဂုဏ် ပြိုင်ကြစမြဲပင် ဖြစ်သည်။
သက်သတ်လွတ် ဆန့်ကျင်ရေးဝါဒီတို့က ဆရာတော် ဟောကြားသည့် ဒေ၀ဒတ်က ဂေါတမဗုဒ္ဓကို ရဟန်းများအား သက်သတ်လွတ် စားစေရန် သိက္ခာပုဒ် ပညတ်ခိုင်းသည့်အခါ ဗုဒ္ဓဘုရားရှင်တော်က ငြင်းပယ်တော်မူခဲ့သည့် သာဓက ကျင့်ထုံးကို လက်ကိုင်ပြုပြီး သူတို့ အယူဝါဒ မှန်သောကြောင့်သာ ဆရာတော်က ဤသာဓကဖြင့် ပုံဆောင်၍ နိမိတ်ပြ ဟောကြားခြင်းဖြစ်သည်ဟု ဆို၍ သက်သတ်လွတ်ဝါဒီတို့ကို မှိုချိုး၊ မျှစ်ချိုး နှိပ်နယ်ပြောဆိုကြလေ၏။ ထိုသော် သက်သတ်လွတ်သမားတို့၏ မျက်နှာကလေးများမှာ ဆီးရွက်ခန့်မျှလောက်သာ ကျန်တော့လေ၏။
ထိုသည်ကို ဆရာတော်ကြားရသော် သက်သတ်လွတ်ဝါဒီ တပည့်တပန်းတို့ နှလုံး မသာမယာ မဖြစ်စိမ့်ခြင်းငှာ သားစားကျူးသူ၌ အဘယ်မှာ မေတ္တာရှိပါအံ့နည်း ဟူသော နီတိကျမ်းလာ စကား၊ ကောဓခြံရံကိုလည်း မပွားရာ၊ ဂေါဏမံသံကိုလည်း မစားရာ အစရှိသော ဆုံးမစကား စသည်တို့ဖြင့် ဖျောင်းဖျ ပြောဆိုရပြန်၏။ ဤတွင် သက်သတ်လွတ်သမားတို့ တစ်စခန်း ထလေ၏။ ယင်းတို့သာလျှင် မဟာ့ မဟာ မေတ္တာဝါဒီကြီးများ ဖြစ်သည်ဟုဆိုပြီး လက်ခမောင်းခတ်ကြကုန်၏။ သက်သတ်လွတ် မစားသူတို့ကို မေတ္တာတရား ခေါင်းပါးသူများဟု စွပ်စွဲပုတ်ခတ်ကြလေ၏။
နှစ်ဘက်သော တပည့်တပန်းတို့သည် ဆရာတော် ဆိုလိုသည့် သဘောရင်းကို အလေးအနက်ထားပြီး တွေးတော ဆင်ခြင်ခြင်း မပြုကြပေ။ ဆရာတော့် စကားကို မိမိတို့ လိုရာ အနက်အဓိပ္ပါယ် ကောက်ယူ၍ သူနိုင်၊ ကိုယ်နိုင် စကားစစ်ထိုးကြလေ၏။ ထိုမှစ၍ တောရကျောင်း တပည့်တပန်းများ အတွင်း ဂိုဏ်းနှစ်ဂိုဏ်း အတိအလင်း ကွဲသွားလေသတည်း။
တောရကျောင်းသို့ သက်သတ်လွတ် ၀ါဒီတို့ ဆွမ်းချိုင့်ပို့ရန် သွားသည်ကို သက်သတ်လွတ် ဆန့်ကျင်ရေး ဂိုဏ်းသားတို့မြင်သော် ခူးခပ်ပြီးသား ဆွမ်းခဲဖွယ်၊ ဘောဇဉ် ချိုချဉ်တို့ကို အိုးတွင်းသို့ ပြန်သွန်ထည့်လိုက်ပြီး ဆွမ်းချိုင့် သွားမပို့ဘဲ နေလိုက်ကြ၏။ သက်သတ်လွတ် ဆန့်ကျင်ရေးသမားတို့က ကောင်းနိုးရာရာ အမဲသားငါးတို့ကို ဖွယ်ဖွယ်ရာရာ ကြော်လှော် ချက်ပြုတ်၍ ဆွမ်းချိုင့် ပို့သည့်နေ့တွင် သက်သတ်လွတ်ဝါဒီတို့က ကျောင်းဘက်သို့ ခြေဦး မလှည့်တော့ချေ။ တစ်ခါသော် နှစ်ဘက်သော တပည့်တပန်းများ ထိုကဲ့သို့ သူ ဆွမ်းချိုင့် သွားပို့နိုး၊ ငါ ပို့ရကောင်းနိုးဖြင့် မာနချင်းပြိုင်ဆိုင်ကြရာ လက်လွန်သွားသဖြင့် တပည့်တပန်းတို့ကို အစဉ်သနားပြီး အလွန်တရာ အားနာတတ်သော တောရကျောင်း ဆရာတော်သည် ရဟန်း မစားရသော ဆွမ်းတစ်နပ် ဇာတ်ထုပ်ကို သပိတ် ရေကျင်း သောက်ပြီး တစ်ပါးတည်း ခင်းကျင်း ခဲ့ရဖူးသည်။
ထိုသို့ သက်သတ်လွတ်စားခြင်း၊ မစားခြင်းမှ အစပြု၍ ရန်မီးပွား၍ တောကျောင်း ဒါယိကာ၊ ဒါယိကာမ အရင်းအခြာများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး မခေါ်နိုင်၊ မပြောနိုင် ဖြစ်သွားသည်ကို ကိုအေးကျော်တို့ မိသားစု ကြားခဲ့ပါမူ ဟားတိုက်၍ ရယ်ကြပေလိမ့်မည်။ ထိုမျှ သာမက အလုပ်မရှိ ချစ်တီးခေါင်း သန်းရှာ၊ အရေး မပါသည်ကို အရာပေး၍ ရေးကြီးခွင်ကျယ်လုပ်ကာ အချိန်ဖြုန်းသည်ဟုပင် ဆိုကြလိမ့်မည်ဟု ကျွန်ုပ် ထင်သည်။ ဟုတ်လည်း ဟုတ်၏။ ရန်ပွဲဆင်နွဲသူ အဘိုးကြီးတို့တွင် မြေးများကို အလိုလိုက် အကြိုက်ဆောင်၍ ဖျက်လို ဖျက်ဆီးလုပ်ခြင်း၊ တရားသဘောကို ကိုယ်နှင့်ရင်း၍ ရှာဖွေခြင်း မပြုဘဲ လက်လှမ်းမီရာ စာပေကျမ်းဂန်များကိုသာ ဖတ်ရှု၍ အပြစ်ရှာ ဝေဖန်သုံးသပ်ခြင်း၊ အကွက်ဆိုက်လျှင် တွယ်ထည့်လိုက်မည်ဟူသော ရည်ရွယ်ချက်ဖြင့် သူတစ်ပါးကို နှိပ်နယ်ပြောဆိုရာတွင် အသုံးဝင်မည့် အကိုးအကား အချက်အလက်များကို တစ်နေကုန် တစ်နေခန်း ရှာဖွေ၍ မျဉ်းနီသားပြီး မှတ်သားခြင်း၊ မြောက်လျှင် ဘ၀ဂ်၊ နှိမ့်လျှင် နရက်ဟူသည့်အတိုင်း ယင်းတို့နှင့် အလွမ်းသင့်သူများကို အလွန်အကျူး ချီးမွမ်းခြင်း၊ မနှစ်လိုသူတို့အား အရမ်းကာရော အပြစ်တင် ကဲ့ရဲ့ရှုတ်ချခြင်း စသည့်တို့သာ လုပ်စရာ ရှိသည်။
ကိုအေးကျော်တို့ မိသားစုမူကား ထိုအဘိုးကြီးများကဲ့သို့ လောက အကြောင်း၊ ဓမ္မ အကြောင်းကို အချိန်ကုန်ခံ၍ မဆင်ခြင်နိုင်၊ မဝေဖန်နိုင်။ သက်သတ်လွတ် ဟူသည်ကို အဆန်းတကြယ်လုပ်၍ မဆွေးနွေးနိုင်။ အရုဏ်တက်ချိန်မှ စ၍ တကုပ်ကုပ်နှင့် လုပ်လိုက်ရသည့် အလုပ်၊ နဖူးထက်မှ ယိုစီးကျသည့် ချွေးစက် ချွေးပေါက်တို့မှာ ခြေမသို့ တောက်တောက်ကျသွား ယုံမျှသာမက အောက် မဟာအ၀ိစီ ငရဲသို့ ဆက်လက်၍ ဆင်းသက်သွားလေရာ ငရဲမင်းကြီးသည်ပင်လျှင် ငရဲပြည်၌ မိုးရွာလေပြီဟု အမှတ်မှားပြီး အလန့်တကြား ဖြစ်ခဲ့ရဖူးသည် ဟူသတတ်။
စင်စစ် ကိုအေးကျော်တို့ မိသားစုထက် ပို၍ သက်သတ်လွတ် စားနိုင်သောသူ ဤဇမ္ဗူတွင် ရှိနိုင်ရိုးလား။ မနက်စာမှာ သက်သတ်လွတ် အရသာ ပဲတီချဉ်ဖတ်နှင့် ငါးပိရေကျိုဖြစ်ပြီး ညစာမှာ အိမ်ခေါင်းရင်း ဘူးစင်မှ ရသည့် သက်သတ်လွတ် ဟင်းလျာ ဘူးညွန့်ကြော်ချက် ဖြစ်၏။ ကြော်ချက်ဟု ဆိုသော်ငြား ဆီ ပါလေဟန်မျှသာ ထည့်ထားသောကြောင့် ကြော်သည်ဟုလည်း မဆိုသာ။ ငရုတ်၊ ကြက်သွန် စသည့် ဟင်းခပ်ပစ္စည်းများ မပါသောကြောင့် ချက်သည်ဟုလည်း မပြောသာ။ သို့သော် ထိုဟင်းလျာသည် ကျန်းမာရေးနှင့် ညီညွတ်သည့် အထူးဓာတ်စာ ဟင်းလျာတစ်မျိုးပင်တည်း။ ထိုကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်သော သက်သတ်လွတ် ဟင်းလျာ အထူးဓာတ်စာတို့ကို နေ့ည မပြတ် မှီဝဲလေ့ရှိသော အကြင် ကိုအေးကျော်တို့ မိသားစုအား သက်သတ်လွတ်ဝါဒီ မေတ္တာရှင် မိသားစု ဟု ကင်ပွန်းတပ်ရသော် သင့်နိုးအံ့သည်။
ကိုအေးကျော်တို့ မိသားစုတွင် ဘုစုခရု အတော်ပင် များ၏။ ထိုဘုစုခရုတို့သည် မိုးဦးကျတွင် ထွက်ပေါ်လာသည့် ၀ါးပိုးဝါး မျှစ်စို့ပေါက်ကြီးများနှယ် ထွားကျိုင်းသန်မာ ကြလေ၏။ သူတစ်ဖက်သားကို အခြောက်တိုက် ငြူစူလေ့ရှိသူတို့က ကလေးတစ်သိုက်ဖြင့် လုံးလည်လိုက်နေသော ကိုအေးကျော်ကို “အားတိုင်း ယားတိုင်း ကလေးတွေချည်းပဲ စွတ်ရွတ် မွေးတယ်” ဟု မညှာမတာ ဆိုကြသည်။ အချို့ကမူ “အင်း မင်းတို့ အိမ်မှာ ခြင်တော်တော် ပေါတယ် ထင်ပါရဲ့။ ဒါကြောင့်မို့ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် တိုးလာတာ မှုတ်လား” ဟူ၍ ဖန်တစ်ရာ တေနေပြီဖြစ်သော ဟာသပြက်လုံးဖြင့် ရယ်ပွဲဖွဲ့တတ်ကြသေးသည် တမုံ့။ ထိုအခါမျိုးတွင် ကိုအေးကျော် မျက်နှာပိုး မသေတော့။ စပ်ဖြဲဖြဲ မျက်နှာထားဖြင့် “သားသမီးဆိုတာ ရတနာတွေပဲ မှုတ်လား ဗျာ။ ကျုပ်တို့ မိသားစုမှာ ရွှေငွေရတနာ ၀င်မယ့် ကံ မရှိတော့ ဒီ သားသမီး ရတနာလေးတွေပဲ စုထားဆောင်းထားရတာပေါ့ဗျာ” ဟု ရယ်ကျဲကျဲ ဆိုတတ်သည်။ သို့နှင့် ကိုအေးကျော်၏ အိမ်ဂေဟာတွင် အရွယ်စုံ ရတနာပေါင်း ခညောင်းလာလေ၏။
တစ်ခါသော် ကလေး ဘုစုခရုတို့ဖြင့် ကသီလင်တဖြစ်နေသည့် ကိုအေးကျော်တို့ မိသားစုကို ကြည့်ပြီး ကျွန်ုပ် မနေနိုင် မထိုင်နိုင် ဖြစ်လာသဖြင့် ကိုတတ်ပ လုပ်၍ သားဆက်ခြား သင်တန်း ပို့ချရန် ကြံစည်ခဲ့ဖူးသည်။ သို့သော်လည်း ကျွန်ုပ် သင်တန်း အမှာစကား မြွက်ကြားခြင်း မပြုရသေးမီမှာပင် “ဟာ ငါ့တူကြီး မောင်ကျပ်ခိုးကလည်းကွာ နားရှက်စရာတွေ လာပြောမနေပါနဲ့။ ငါတို့လည်း ငယ်ရာက ကြီးလာတာပါပဲ” ဟူသည့် ကိုအေးကျော်၏ ထောက်ခံစကား၊ “အောင်မလေး ကျပ်ခိုးရယ် နင့်ကပဲ ငါတို့လို အိမ်ထောင်သည်တွေကို လာပြီး ပြောရသေးတယ်လို့။ မိကျောင်းမင်းကို ရေခင်းမပြပါနဲ့” ဟူသော ကိုအေးကျော် ကတော် မစန်း၏ ကောင်းချီးစကားတို့ကြောင့် ကျွန်ုပ်၏ သင်တန်းကြီးမှာ မဖွင့်လှစ် ရသေးမီမှာပင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ရသည်။
ကိုအေးကျော်တို့ မိသားစုတွင် အလုပ်လုပ်နိုင်သူဟူ၍ ကိုအေးကျော်တို့ လင်မယား နှစ်ယောက် အပြင် အပျိုပေါက် အရွယ်ကျော်ခါစ ရည်းစားထားတတ်ခါစ သမီး အကြီးမကလေးတို့သာ ရှိသည်။ ညမနက် ဆန်နှစ်ပြည်ကျော် ကုန်သည့် ဧရာမ စားအိုးကြီး ပွက်ပွက်ဆူအောင် လှုပ်ရှား ရုန်းကန်ရသည်မှာ လွယ်ကူလှသည် မဟုတ်ချေ။ မြူနီစီပယ် လုပ်သားကြီး ကိုအေးကျော်၏ လခ၊ ကုန်စိမ်းသည် ဇနီးချော၏ နေ့စဉ်ဝင်ငွေ၊ ငါးပုစွန် ရွဲဒိုင်တွင် တောက်တိုမယ်ရ လုပ်ရသော သူငယ်မကလေး၏ နေ့စား လုပ်အားခ ဤ အဖြာဖြာသော ငွေစကြေးစ ကလေးများဖြင့် သမုဒ္ဒရာ ၀မ်းတစ်ထွာ ပြည့်မီ ဖို့အရေး စီမံရခြင်း ဖြစ်သည်။ ကိုယ့်ဝမ်းနာသည် ကိုယ်သာ သိသောကြောင့် ထင့်။ “ဟင်းရံကောင်းမှ ထမင်းစားလို့ ကောင်းတာ မဟုတ်ပါဘူးဗျာ။ ဗိုက်ဆာရင် စားကောင်းတာပါပဲ။ ဘာနဲ့ပဲ စားရ စားရ ဗိုက်ပြည့်ဖို့က အရေးကြီးဆုံးပဲ မှုတ်လား” ဟူသည် စကားကို ကိုအေးကျော်တို့ တစ်မိသားစုလုံး ရေလဲသုံးကြ၏။ ထို ဧရာမ စားအိုးကြီးနှင့် ဟင်းကောင်း ကျွေးရံ ကလေးများ တစ်ခါတစ်ရံ ကြုံဆုံသည်ကို ဗြဟ္မပြည်မှ အပ်တစ်စင်းနှင့် လူ့ပြည်မှ အပ်တစ်စင်း တည့်တည့်ကြီး ထိတွေ့သည်ဟူသော ရှေးရိုးရာ ဥပမာ ဥပမေယျတို့ဖြင့် ခိုင်းနှိုင်း တင်စား ပြောဆိုရပေမည်။ ဘာနဲ့ပဲ စားရစားရ ဗိုက်ပြည့်ဖို့က အရေးကြီးဆုံးပဲ ဟု သူတို့ ဆိုကြသော်လည်း ရံဖန်ရံခါတွင်မူ ဟင်းကောင်း ကျွေးရံကလေးများကို ခိုးကြောင်ခိုးဝှက် တောင့်တရှာပေလိမ့်မည်ဟု ကျွန်ုပ် ယူဆမိသည်။
(၂)
ဝေါဟာရတ္တ လီနတ္တကျမ်းပြု မဟာဇေယ သင်္ခယာ၏ အလိုမူကား ခွေး ဟူသော မြန်မာစကားလုံးသည် ပါဠိစကား သုနခေါမှ ရွေ့လျော ဆင်းသက်လာသည် ဟူသတတ်။ မြန်မာစကားမှန်သမျှ ပါဠိနှင့် သက္ကတမှ ဆင်းသက်လာသည်ဟု လှေနံဓားထစ်မှတ်ယူသူတို့အတွက် ထို ချဲ့ထွင် ရှင်းလင်းမှုမှာ ယုတ္တိတန်ပေလိမ့်မည်။ သို့သော်လည်း ဝေါဟာရတ္တ ပကာသနီ ကျမ်းပြု ကျော်အောင်စံထား ဆရာတော်ကမူ ထို သတ္တ၀ါသည် ခွေ၍ ခွေ၍ အိပ်နေတတ်သောကြောင့် ခွေ ခေါ်ဝေါ်ကြသည် ယူရန်ရှိသည်။ ကြိမ်ခွေ သံခွေ စသဖြင့် မြန်မာဘာသာ ခေါ်ရိုးရှိသည်နှင့် ထောက်ရမည်ဟု မှာတော်မူဖူးသည်။ ကျွန်ုပ် အနေဖြင့်မူ ကြေးနီကျောင်း ဆရာတော်၏ ဖွင့်ဆိုချက်ကို ပိုမို၍ နှစ်သက်မိသည်။
လွန်ခဲ့သော ဆယ်နှစ်ခန့်က ကျွန်ုပ်တို့၏ မြို့ကလေးတွင် ခွေခွေကလေး နေတတ်သည့် ခွေးသတ္တ၀ါ အတော်ပင် ပေါ၏။ မြို့သူမြို့သားတို့မှာ ခွေး ချစ်တတ်သောသူများ မဟုတ်ကြသော်လည်း ညရေးညတာ စိတ်ချရစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ခွေးလေခွေးလွင့်များကို ထမင်းကျန်ဟင်းကျန် ကျွေးပြီး ပေါက်လွှတ်ပဲစား မွေးထားရာမှ အစပြု၍ ဖြူသောခွေး၊ မည်းသောခွေး၊ နီသောခွေး၊ ၀ါရွှေသောခွေး၊ ၀ဲစားနေသောခွေး၊ ခြေတစ်ပေါင်ကျိုးနေသောခွေး၊ အမြီးပြတ်နေသောခွေး စသဖြင့် ခွေးလေခွေးလွင့်များ တစ်စထက် တစ်စ ပေါများလာ၏။ သို့နှင့် ကျွန်ုပ်တို့၏ မြို့ကလေးတွင် အက္ခောပဏီ ခွေးတပ်မတော်ကြီး ပေါ်ပေါက်လာလေ၏။
အနှီ ခွေးတပ်မတော်ကြီးသည် မြို့တွင်းရှိ အချက်အခြာကျသော နေရာများဖြစ်သည့် ကမ်းနား ဈေးတန်း၊ သင်္ဘောဆိပ်၊ ဘုရားတန်ဆောင်း၊ ဘုန်းတော်ကြီးကျောင်း စသည့် နေရာများကို ပြောက်ကျား စစ်ဆင်ရေး ဆင်နွဲပြီး တမဟုတ်ချင်း သိမ်းပိုက်လိုက်လေ၏။ ဈေးတန်းထဲတွင်လည်း ခွေး တစီစီ၊ ဘုရားတန်ဆောင်းနားတွင်လည်း ခွေး တအီအီနှင့်၊ လမ်းမများထက်တွင်လည်း ခွေးလမ်းသရဲတို့ စားကျက်လုနေကြသည့် မြင်ကွင်းမှာ ကျွန်ုပ်တို့ မြို့ကလေး၏ ကိုယ်ပိုင်အမှတ်အသား တစ်ခု ဖြစ်လာလေ၏။
လမ်းမကြီးများကို သိမ်းပိုက်ထားသော ခွေးအုပ်ကြီးသည် ယင်းတို့၏ အစာဟောင်းများကို လမ်းပေါ်တွင် သော်လည်းကောင်း၊ လမ်းဘေးတွင် သော်လည်းကောင်း စိတ်ထင်တိုင်း စွန့်ကြကုန်၏။ ထို့နည်းတူ သင်္ဘောဆိပ်ကို အမှီပြု၍ အသက်မွေးသော ခွေးတို့ကလည်း ရေဆင်းတံတားဦးပေါ်တွင် သော်လည်းကောင်း၊ ရေစပ်တွင် သော်လည်းကောင်း စွန့်ကြလေ၏။ ဈေးတန်းတစ်လျှောက်တွင် မင်းမူနေထိုင်ကြကုန်သော ခွေးတို့ကလည်း ဈေးတစ်ခွင်လုံး ခွေးချေးဖုံးစေအံ့ဟူသော ဆောင်ပုဒ်ကို ကိုင်စွဲပြီး ဈေးတန်းတလျှောက်တွင် ခြေချရန် နေရာလပ်မျှပင် မကျန်ရလေအောင် မစင်စွန့်ကြလေ၏။ ထို့ကြောင့် ခပ်သိမ်းသော နေရာတို့တွင် ခွေးဆိုးတို့၏ အစာ အဟောင်းအမြင်းများ ထူထပ်များပြားလာပြီး ခွေးချေး အတိပြီးသော မြို့ကလေး ဖြစ်သွားလေ၏။
ခွေးချေးရှိလျှင် ခွေးချေးနင်းမိသူ ရှိမည်မှာ မချွတ်တည်း။ သို့သော် ဤဖြစ်စဉ်တွင် မစင်စွန့်သူ ခွေးသတ္တ၀ါ နှင့် တက်နင်းသူ လူသတ္တ၀ါ မည်သည့်အရာက မူလဘူတ ဖြစ်သနည်း။ နင်းသူရှိသဖြင့် စွန့်သူပေါ်လာခြင်းပေလော။ သို့တည်းမဟုတ် စွန့်သူရှိသောကြောင့် နင်းမိခြင်း ဖြစ်သလော။ ချေးစွန့်သူ ခွေးသတ္တ၀ါ နှင့် တက်နင်းသူ လူသတ္တ၀ါ တို့အကြားတွင် မည်သို့သော ဆက်သွယ်မှုများ ရှိသနည်း အစရှိသည့် ခွေးချေးဆိုင်ရာ တွေးခေါ်ဆင်ခြင်မှုများလည်း ပေါ်ထွန်းလာလေ၏။ ဟာသဉာဏ်ရွှင်သော မြို့သူမြို့သားတို့သည် ခွေးချေးကို မြေပေါ်မိုင်းဟူ၍ သော်လည်းကောင်း၊ ခွေးချေးနင်းမိခြင်းကို ပါပီမိုင်းထိသည်ဟူ၍ သော်လည်းကောင်း ဝေါဟာရအသစ်အဆန်း တီထွင်၍ သုံးစွဲကြ၏။
ခွေးချေးမိုင်းတောဝါကြောင့် မြို့သူမြို့သားတို့မှာ လမ်းလျှောက်လျှင် ယခင်ကဲ့သို့ ဆောင့်ကြွား ဆောင့်ကြွား မလုပ်ဝံ့တော့ချေ။ ၀ါတော် ခြောက်ဆယ် သက်ရှစ်ဆယ်ရ မထေရ်ကြီးများနှယ် အရှေ့စူးစူး လေးတောင်ခန့်မျှသော အရပ်ကိုသာလျှင် စေ့ငုစွာ ကြည့်ရှုပြီးမှ ခြေလှမ်း ချရသည့် အဖြစ်နှင့် ကြုံရတော့၏။ တခါသော် ကျွန်ုပ်သည် မေးစေ့ကိုပင့် ရင်ကိုဖွင့်၍ ရဲရင့် တည်ကြည်စွာ လမ်းလျှောက်မိခြင်းကြောင့် ပါပီမိုင်းသင့်ပြီး အရှက်ကွဲခဲ့ရဖူး၏။
အများယောင်လျှင် လိုက်ယောင်တတ်သော ကျွန်ုပ်၏ မိခင်ကြီးသည်လည်း အခြားသော မြို့သူမြိ့သားတို့နည်းတူ ခွေးလေ ခွေးလွင့်တစ်ကောင်ကို ဟောင်ဖော် လှောင်ဖော်ရရန် ဟူသော ရည်ရွက်ချက်ဖြင့် ထန်းလျက်ခဲ ချကျွေးပြီး အိမ်သို့ခေါ်ကာ မွေးမြူခဲ့ဖူး၏။ ထန်းလျက်ခဲ သုံးခဲဖိုးမျှ အဖိုးထိုက်တန်သော အမျိုးမှန် အဖိုးတန် ခွေးအိုကြီးသည် အမ အပ်နှင်းထားသည့် အိမ်စောင့်၊ ကျီစောင့် တာဝန် ၀တ္တရားများကို ကျေပွန်စွာ ထမ်းရွက်ခြင်း မပြုချေ။ ခွေးတာဝန် အရေးသုံးပါး ဖြစ်သော အိပ်ခြင်း၊ စားခြင်း၊ ကာမမှီဝဲခြင်း စသည့်တို့ကိုသာ စွမ်းစွမ်းတမံ ထမ်းဆောင်၏။
ထိုခွေးအိုကြီးသည် နေ့အခါတွင် အိမ်အောက်သို့ ၀င်ပြီး တစ်ရေးတစ်မော အိပ်စက် အနားယူ၏။ ပုဂံခွက်ယောက် ဆေးကြောသံ ကြားရလျှင် တအီအီ မြည်သံပေး၍ အစာတောင်း၏။ ညအခါတွင်မူ အခြား ခွေးကာလသားတို့နှင့် ပူးပေါင်း၍ ညမင်းသား လုပ်သည်။ မနက်လင်းအားကြီးချိန်တွင် အိမ်သို့ ပြန်ဝင်ပြီး အိမ်ရှေ့လမ်းမတလျှောက်တွင် ဖြတ်သန်း သွားလာလေ့သည့် ပဲပြုတ်သည်၊ ကုန်စိမ်းသည် စသူတို့ကို ဒေါသတကြီး ထိုး၍ ဟောင်သည်။ ထိုးဟောင်သည်ဟု ဆိုသော်လည်း ရဲရဲဝံ့ဝံ့ ဟောင်ဝံ့သည် မဟုတ်။ ပဲပြုတ်သည်က “သယ် ဒီ ခွေး” ဟု ကြိမ်းလိုက်လျှင် တအီအီ လုပ်ကာ ၀ပ်နေတတ်၏။ ပလပ်စတစ် ကောက်သည့် ကလေးများကိုသာ သူ ၀ံ့ဝံ့စားစား ဟောင်ရဲသည်။ ထိုမျှ သာမကသေး အို့အို့ ဟု ခေါ်ကာမျှ၊ ထန်းလျက်ခဲ ကျွေးကာမျှနှင့်ပင် သူခိုးလမ်းပြ လုပ်တတ်သေးသည်။ အတော်ပင် အသုံးကျသည့် ခွေးလိမ္မာကြီးပါပေ။ သို့သော်လည်း အမသည် သူ၏ ခွေးလိမ္မာကြီးကို မေတ္တာ မပျက်ချေ။ မနက်တိုင်း ဆန်ကွဲနှင့် ငါးစင်ရိုင်း ခေါင်းကျိုးကလေးများကို ကြို၍ တိုက်လေ၏။
(၃)
မိုးလကင်းစင်သည့် တော်သလင်း သီတင်းကျွတ် ကာလသို့ ရောက်ပြီတည့်။ တိမ်ကင်းစင်၍ ကြည်လင်လှစွာသော ပြာလဲ့လဲ့ ကောင်းကင်ကြီး၏ အရှိန်အဟုန်သည် လူသားတို့၏ ဟဒယ နှလုံးအိမ်ကို ကြည်လင် ၀င်းပစေ၏။ ထိုအခိုက်တွင် လုလင်ပျို၊ လုံမပျိုတို့၏ စိတ်နှလုံးသားတို့သည်လည်း ရာသီဥတုအရှိန်ကြောင့် အထူးပင် ကြည်နူးရွှင်လန်း လာသည်ထင့်။ ထို့ကြောင့် အခါတော် ပေးတာက နတ်ရေးငယ် ရွှေစာ ဟူသော မာမာအေး၏ အသံကို နေ့စဉ် လိုလို ကြားရတော့လေသည်။ အခါတော်ပေးသံနောက်တွင် အာဝါဟ ၀ိဝါဟတို့ကြောင့် ငွေကုန်ကြေးကျ များလှသည် ဟူသော မိခင်ကြီး၏ မြည်တွန် တောက်တီးသံ ကပ်လိုက်လာသည်ကိုလည်း မကြာခဏ ကြားရလေ၏။
အမသည် ထိုသို့ မြည်တွန် တောက်တီးသမှု၍ လက်ဖွဲ့ပို့ပြီးလျှင် “ငါကတော့ သူများတကာ သားသမီးတွေအတွက် လက်ဖွဲ့ပို့ရတာ အခါပေါင်း မနည်းတော့ဘူး။ ကုန်လိုက်တဲ့ ပိုက်ဆံ၊ မရှိဘူးဆိုရင် တစ်နှစ်ကို စပါး ငါးဆယ်ဖိုးလောက်တော့ အသာကလေး ကုန်တယ်။ ငါ့အိမ်က လူတွေက အဖြစ်မရှိတော့ ငါ ပြန်ရမယ့် အလှည့် ဒီတစ်သက် ပေါ်မယ် မထင်ဘူး” ဟူသော အနှောင့် အသွား မလွတ်သော စကားဖြင့် ဂေါ်မစွံသူ အကျွန်ုပ်ကို ထိုးနှက် ကျီစယ် တတ်သည်။
ထိုသို့ ၀ါလ ကင်းလွတ်သည့် ကာလ၌ လူသတ္တ၀ါတို့ အာဝါဟ၊ ၀ိဝါဟ မင်္ဂလာ ဆင်နွဲကြသည်ကို ခွေးသတ္တ၀ါတို့ မြင်သော် သင်းတို့ကလည်း အားကျမခံ လူသားတို့နှင့် ဂုဏ်တုဂုဏ်ပြိုင်လုပ်ကာ ဖိုသံမသံ ပေးပြီး သုနခေါ သံဝါသ မင်္ဂလာကို ဆင်ယင်ကြလေ၏။ ခပ်သိမ်းသော ခွေးသတ္တ၀ါတို့အတွက် တဂိန်ဂိန် တအီအီ မြည်သံတို့မှာ သုတိသာယာ နာပျော်ဖွယ်ရာကောင်းသည့် ချစ်တေးသီချင်းများ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော်လည်း ကျွန်ုပ် အဖို့မူကား ထိုအသံတို့သည် နားဝသို့ ကျိုက်ကျိုက်ဆူသည့် သံရည်ပူကို လောင်းချနေသည့် အလားပင်။
ထိုအခိုက်တွင် အမ၏ ခွေးအိုကြီးတွင်လည်း တော်သလင်းရောဂါ စွဲကပ်လာလေ၏။ ယခင်ကဲ့သို့ စားချိန်တန်စား၊ အိပ်ချိန်တန်အိပ်၊ လည်ချိန်တန်လည် နေယုံမျှဖြင့် မကျေနပ်တော့ချေ။ သူ၏ လေးနက်သော ချစ်ခြင်း မေတ္တာတရားကို ဖော်ကျူးအံ့သောငှာ မီးဖိုကျင်းနားတွင် ၀ပ်၍ ဆွဲဆွဲငင်ငင် အော်မြည်ပြီး ဖိုသံပေးကာ ခွေးလုံမကလေးများကို မြူဆွယ်ပြီး ချစ်စခန်းဖွင့်ရန် ကြံလေ၏။ ထိုအသံကြောင့် ကျွန်ုပ် ကောင်းစွာ အိပ်မရတော့ချေ။ ထိုကြောင့် ကျွန်ုပ်သည် ကလေးများထံမှ လောက်စာလုံး ငါးဆယ်ဖိုးတိတိ ၀ယ်ယူပြီး အချစ် ဝေဒနာရှင် ခွေးအိုကြီးကို ကျွဲချို လောက်လေးခွဖြင့် ပစ်ခတ်နှိမ်နှင်းရလေ၏။
ဤတွင် အကြောင်းစပ်လျဉ်းသဖြင့် ခွေးသတ္တ၀ါတို့၏ ချစ်ခြင်းမေတ္တာကြောင့် လူသတ္တ၀ါတို့ အမုန်းမီးပွား၍ ပြဿနာတက်ရပုံကို တင်ပြလိုသေးသည်။
တစ်နေ့သ၌ သက်သတ်လွတ် ဆန့်ကျင်ရေးဝါဒီ တစ်ဦး မွေးမြူထားသည့် ခွေးအိုကြီးတစ်ကောင်သည် သက်သတ်လွတ် ၀ါဒီတစ်ယောက်၏ အိမ်မှ အင်းခွေးမကလေးကို သွေးဆောင် ဖြားယောင်းပြီး ချစ်တင်းနှောလေ၏။ ထိုအချင်းအရာကို အင်းခွေးမကလေး ပိုင်ရှင် သက်သတ်လွတ်ဝါဒီ မေတ္တာရှင်မကြီး မြင်သော် ထဘီကို စွန်တောင်ဆွဲ၍ “ဟဲ့ ပေါက်လွှတ်ပဲစား ခွေးဝဲစားကို ခဲနဲ့ ပစ်စမ်း။ သောက်ကျင့် မကောင်းတဲ့ ခွေးကများ .. ရာရာစစ ငါ့ ခွေးနဲ့ မတန်မရာ။ သူ့အိမ်မှာ ချေးတောင် နပ်မှန်အောင် စားရတာ မဟုတ်ဘူး” ဟု ဆဲဆိုကြိမ်းမောင်းပြီး လေလှိုင်းတိုက်ပွဲကို စတင်လိုက်လေ၏။
သက်သတ်လွတ် ဆန့်ကျင်ရေးဝါဒီ အဒေါ်ကြီးသည် သက်သတ်လွတ်ဝါဒီ အဒေါ်ကြီး၏ တိုက်ပွဲခေါ်သံကို ကြားသော် အိမ်ရှေ့ကွပ်ပျစ်တွင် လှဲလျောင်းနေရာမှ ဗြုန်းခနဲ ကုန်းရုန်း ထလေ၏။ ထို့နောက် ပြေလျော့ကျနေသည့် ဆံပင်ကို ဘီးဆံပတ် တစ်ပတ်လျှို ပတ်လိုက်ပြီး ထဘီကို ခပ်တိုတို ပြင်ဝတ်လိုက်သည်။ ထိုသို့ စစ်အင်္ဂါ ခင်းကျင်းပြီးနောက် “ဟဲ့ ကောင်မ နင် လူက မွေးရင် လူစကား ပြော။ လူဆိုရင် လူလိုသိ။ ခွေးနဲ့ ပေါင်းပြီး ခွေးစကား မပြောနဲ့” ဟု တုံ့ပြန် ခုခံချေပပြီး စစ်ပွဲကို အသက်သွင်း လိုက်လေ၏။
ထို့နောက် ခွေးပိုင်ရှင် အမျိုးသမီးကြီး နှစ်ဦးသည် ထမီ စွန်တောင်ဆွဲ၍ ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနရှိ ပစ္စည်းများနှင့် တိုင်းထွာပြီး ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် မြေလှန်ကာ ဆဲရေးကြသည်။ ခဏကြာသော် နှုတ်ထက်သူ သက်သတ်လွတ်ဝါဒီ အမျိုးသမီးကြီး၏ ပါးပြင်နှင့် လက်သွက်သူ သက်သတ်လွတ် ဆန့်ကျင်ရေး အမျိုးသမီးကြီး၏ လက်ဝါးတို့ သစ္စာနှံလေ၏။ ဖြောင်ခနဲ မြည်သံမှာ အရပ်တစ်ခွင်လုံးကို လာရောက်ကြည့်ရှုကြပါကုန်လော့ဟု တိုက်တွန်း ကြေညာ မောင်းခတ်လိုက်သည့် အလားပင်။ ဒေါသမီး အလျှံ တငြီးငြီး တောက်လောင်နေသည့် အမျိုးသမီးကြီး နှစ်ဦးသည် ၀သုန္ဒရေ နတ်သမီးကို သက်သေပြု၍ နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထ၀ီ မြေကြီးပေါ်တွင် လုံးထွေး သတ်ပုတ်ကြရာ ခါးဝတ် ဗလာ ဖြစ်သွားပြီး ပြည်တော်သာ မုန့်ပေါင်း ပြိုင်ကြခြင်းဖြင့် ရန်ပွဲကြီးကို အောင်မြင်စွာ အဆုံးသတ်လိုက်လေ၏။
ဤသည်ကား ခွေးသတ္တ၀ါတို့ကြောင့် လူသားတို့ ခွေးစိတ် ၀င်သွားခြင်းဟူသည့် ထူးထွေတည့် အံ့ရာသော် ဖြစ်ရပ်များ အနက်မှ တစ်စိတ် တစ်ဒေသမျှသာ ဖြစ်သည်။ ထို့ထက် ပို၍ ခြောက်ခြားဖွယ်၊ တုန်လှုပ်ဖွယ်၊ စက်ဆုပ်ဖွယ်၊ ရွံ့မုန်းဖွယ်ရာ အဖြစ်အပျက် များစွာ ရှိသေးသည်။ ယင်းတို့ကို စိတ်ရှိတိုင်း စာစီကုံးရလျှင် ဆုံးနိုင်တော့မည် မဟုတ်ချေ။
(၄)
သို့နှင့် လက်ပံပွင့်ချိန်သို့ ရောက်ခဲ့လေ၏။ ဘယ်သူ ဘယ်ဝါ့ကို ခွေးရူး ၀င်ကိုက်သွားလို့ ဆေးရုံတက်ပြီး ချက်ပတ်လည် ဆေးထိုးခံနေရတယ်တဲ့ ဟူသော အသံတို့ကို တဖန် ကြားရပြန်လေပြီ။ စင်စစ် ခွေးရူးရောဂါဆိုသည်မှာ ကျွန်ုပ်တို့ မြို့ကလေးတွင် နှစ်တိုင်းလိုလို ပေါ်မြဲပင်ဖြစ်သည်။ အချိန်ကျလျှင် ရောက်လာပြီး တစ်လ ကိုးသီတင်းနေထိုင်၍ မြို့သူမြို့သားတို့ကို ဒုက္ခပေးလေ့ရှိသော အာဂန္တု ရောဂါဆိုးကြီး ဖြစ်၏။ ထိုသို့ ခွေးရူးရောဂါ ထကြွ သောင်းကျန်းလာခြင်းကြောင့် မြို့သူမြို့သားတို့ စည်းရုံး တိုင်ပင်ပြီးလတ်သော် ခွေးရူး ရန်စွယ်ကို မည်သို့ မည်ပုံ နှိမ်နှင်းရမည်နည်း ဟု အကြိတ်အနယ် နဖူးတိုက် ဒူးတိုက် ဆွေးနွေးကြလေရာ လက်ဖက်ခြောက် ငါးဆယ်သားနှင့် ကြံသကာ တစ်ပိဿာခွဲ ကုန်သော ဟူ၏။
စင်စစ် စည်းဝေး တိုင်ပင် ဆွေးနွေးကြသည်ဟု အမည်တပ်ထားသော်လည်း လူစုပြီး အတင်းတုပ်ခြင်းမျှသာ ဖြစ်သည်။ ထို့ကြောင့် မည်သို့ မည်ပုံ ဆောင်ရွက်ရမည် ဟူသော နည်းလမ်း တစ်ခု တစ်လေမျှ ထွက်မလာ။ တင်သွင်းသမျှ အဆိုတို့မှာလည်း သူ့ဘက် ကိုယ့်ဘက် ဂိုဏ်းဖွဲ့၍ သူ့ထက်ငါ လုယက်ကာ တန်ပြန် အဆို တင်သွင်းခြင်း၊ တစ်ဦးနှင့် တစ်ဦး သိပ်ထိုး နှိပ်ထိုး ပြောဆို၍ ကဲ့ရဲ့ လှောင်ပြောင် အပုပ်ချခြင်း စသည့် ၀စီဘေဒ လှိုင်းတံပိုးတို့ အောက်တွင် စုန်းစုန်းမြုပ် သွားလေ၏။
အဆုံးသ၌ သြဇာ အတော်အသင့် ရှိသော မြို့မျက်နှာဖုံး လူကြီး တစ်ဦးက “ဟေ့ ရှည်ရှည်ဝေးဝေးတွေ လျှောက်ပြော မနေနဲ့။ မြူနီစီပါယ်ဌာန ရှိနေတာပဲ။ ဒီတော့ကာ မြူနီစီပါယ်ဌာနမှာ အလုပ်လုပ်နေတဲ့ ကိုကျော်မြ သား အငယ်ကောင်ကို ခေါ်ပြောလိုက်တာ အကောင်းဆုံးပဲ” ဟု ဆိုလိုက်လေ၏။ သူ့အဆိုကို အထူးထူးသော ဂိုဏ်းဂဏတို့ကလည်း တညီတညွတ်တည်း လက်ခံကြ၏။
“ကဲ ဒါဆိုရင် ကိုကျော်မြ သားကလေးကို အခု ချက်ချင်း သွားခေါ်ချေ ဟူသော အမိန့်ပေးသံ ထွက်လာလေ၏။ ထို အမိန့်သံ နောက်တွင် အမေးသာရှိ၍ အဖြေမရှိသော အမေးပုစ္ဆာဖြစ်သည့် ဆိုက္ကားခကို ဘယ်သူက ပေးမှာတုန်း” ဟူသည့် အသံက ထပ်ချပ်မကွာ လိုက်ပါလာ၏။ “ကထိန်ပွဲနဲ့ ပေါ်တော်မူဘုရား ရွှေသင်္ကန်းကပ်ဖို့ အစည်းအဝေး လုပ်တုန်းက ငါတို့ အထက်ပိုင်းသားတွေပဲ အစည်းအဝေး စရိတ် ထည့်ရတယ်။ ဒီတစ်ခါ မင်းတို့ အောက်ပိုင်းသားတွေ ထည့်ရမယ့် အလှည့်ပဲ” ဟု အထက်ပိုင်းသား တစ်ဦးက ကသုတ်ကရက် ၀င်ပြောလိုက်သည်ကိုလည်း ကြားရ၏။
တဖန် အောက်ပိုင်းသား တစ်ဦးက “အောင်မလေး မင်းတို့တွေ အစည်းအဝေး စရိတ်အတွက် ငွေလေး နှစ်ပဲ တစ်ပြားလောက် ထည့်ရတာကို လာပြော မနေနဲ့။ မင်းတို့ မှန်သင်္ကန်း အကပ် ကောင်း၊ အလှူငွေ အကောက် ကောင်း၊ အသုံးစရိတ်ပြတာ၊ ရွှေသင်္ကန်းကပ်တာ ကောင်းလွန် လွန်းလို့ ပေါ်တော်မူ ကိုယ်တော်ကလေး ခမျာမှာ ဖွားဖက်တော် မလုံ့တလုံ့ ဖြစ်နေတာ တိုင်းသိပြေသိပဲ။ ရွှေသင်္ကန်းက ပါးလွန်းလို့ ဆောင်းတွင်းတုန်းကဆိုရင် ဘုရားကလေးခမျာ မေးတဂတ်ဂတ် ရိုက်နေရှာတယ်။ ဘယ်မလဲ တစ်အိမ်ကို တစ်ရာ့ငါးဆယ်ရာနှုန်းနဲ့ ကောက်ထားတဲ့ ရွှေသင်္ကန်းဖိုးတွေ” ဟူသည့် ငယ်ကျိုးငယ်နာဖော်သံ၊ စောဒတက်သံ၊ တွက်ကပ်သံတို့သည် အစည်းအဝေး ခန်းမ တစ်ခုလုံးကို လွှမ်းမိုးလိုက်လေ၏။ ထို့နောက် အထက်ပိုင်း၊ အောက်ပိုင်းသားတို့ အပြန်အလှန် ငြင်းခုံကြပြန်၏။ သို့နှင့် အစည်းအဝေး ခန်းမကြီးသည် ဆက်ရက်ကျသည့် လက်ပံပင်အလား ဖြစ်သွားလေ၏။
“ကဲ တော်တော့။ တော်ဆိုရင် တော်လိုက်တော့။ လေကြောတွေ မရှည်နဲ့။ တိတ်ဆိုရင် တိတ်လိုက်။ ကိုကျော်မြရဲ့ သားကလေးကို သွားခေါ်ဖို့ လုပ်။ အခု ချက်ချင်းသွားပေတော့” ဟု မြို့မျက်နှာဖုံး နောက်တစ်ဦးက ကြားဝင် ဖျန်ဖြေပြီး အစည်းအဝေးကို ဆက်လက် ကျင်းပကြပြန်၏။ ကွမ်းတစ်ယာညက်ခန့်ကြာသော် ကိုကျော်မြ သားကလေးသည် ရာလေး စက်ဘီးအိုကြီးကို နင်း၍ အစည်းအဝေး ခန်းမသို့ ရောက်ရှိ လာလေ၏။
ကိုကျော်မြ သားကလေးကား ခေသူ မဟုတ်ချေ။ မြူနီစီပါယ်ဌာနမှ ဈေးစီမံခန့်ခွဲရေးဆိုင်ရာ စာရေးကြီး ဖြစ်၏။ စာရေးကြီးသည် ဒေါက်မပါသော ရာလေး စက်ဘီးအိုကြီးကို အစည်းအဝေး ခန်းမ နံရံတွင် ကပ်ထောင်လိုက်၏။ ထို့နောက် ခန်းမအတွင်းသို့ ဆောင့်ကြွားကြွား အမူအရာဖြင့် ၀င်ရောက်လာလေ၏။ ထို့နောက် မြင့်သောအရပ်၊ နိမ့်သောအရပ်၊ လေညာအရပ်၊ လေအောက်အရပ်၊ နီးလွန်းသောအရပ်၊ ဝေးလွန်းသောအရပ် စသဖြင့် နီတိကျမ်းလာအတိုင်း သင့်တင့်လျောက်ပတ်ရာ နေရာကို ရှာဖွေသည်။ ထိုသည်ကို ကြည့်၍ မြင်ပြင်းကပ်လာဟန်တူသော မြို့မိမြို့ဖ တစ်ဦးက “ဟေ့ ဘဲဥ ထိုင်စရာရှိတာ မြန်မြန်ထိုင်စမ်း။ ဖင် တကြွကြွ လုပ် မနေစမ်းနဲ့။ မြို့ထဲမှာ ခွေးရူး ၀င် သောင်းကျန်းနေတာ မင်း ဘယ်လို လုပ်မလဲ” ဟု ငေါက်ငမ်းပြီး ပဋိသန္ဓာရပြု၏။ သို့နှင့် ဘဲဥလည်း လွတ်ရာ နေရာတွင် တော်သလို လျော်သလို ၀င်ရောက် နေရာယူပြီးလတ်သော် ရှေးရိုး အစဉ်အလာ အတိုင်း အဟမ်း အဟမ်း ဟူသော ချောင်းဟန့်သံဖြင့် အစပျိုးပြီး “ဒီလိုရှိတယ် ဦးလေးရဲ့ ခွေးရူးတွေ သောင်းကျန်းတာ တခြားကြောင့် မဟုတ်ဘူး။ ဦးလေးတို့က ခွေးတွေ ပေါက်လွှတ်ပဲစား မွေးထားတော့ ခွေးရူးရောဂါ ထတော့တာပေါ့” ဟု မဆီမဆိုင် ဆိုလိုက်လေ၏။
ထိုသော် ခွေးချစ်သူ အဒေါ်ကြီးတစ်ဦး က “ဟဲ့အကောင် ဘဲဥ ခွေးမွေးတာနဲ့ ခွေးရူး သောင်းကျန်းတာဟာ မဆီလေးရယ်တဲ့ မဆိုင် ဆိုသလိုပဲ။ ကေတိကာတိ မလုပ်နဲ့။ ပြောစရာရှိတာကို မြန်မြန်ပြော” ဟု အသားလွတ် ငေါက်ငမ်းလိုက်လေ၏။
ထို့ကြောင့် ဘဲဥလည်း စကား မည်သို့ ဆက်ပြောရမှန်း မသိ ဖြစ်သွားလေ၏။ အတန်ကြာမှ “ဟုတ်တော့ ဟုတ်တာပေါ့ ကြီးကြီးရယ် ဒါပေမယ့် ခွေးရူး သောင်းကျန်းတာဟာ ခွေးလေ ခွေးလွင့်တွေ များလာတာကနေ စတာ မှုတ်လား။ ဒီတော့ကာ ခွေးရူး တွေ့တော့မှ လိုက်သတ်နေယုံနဲ့ မပြီးဘူး။ ခွေးလေခွေးလွင့်တွေကိုလည်း တစ်ခါတည်း လက်စတုံးမှ ဖြစ်တော့မယ်။ အမဲသားတုံး ပစ်ဖို့ ကျွန်တော် ကြည့်ပြီး စီစဉ်လိုက်ပါ့မယ်။ အမဲသားဖိုး အတွက်တော့ အရပ်ကပဲ မျှပြီး ခံကြပေါ့” ဟု ညောင်နာနာနှင့် အဆိုတင်သွင်းလေ၏။
ဘဲဥ၏ စကားဆုံးသည်နှင့် ခွေးချစ်သူ အဒေါ်ကြီးသည် ရုတ်ခြည် ထထိုင်လိုက်ပြီး “ဟဲ့ ဘဲဥ မင်း ဘယ်လို ပြောလိုက်တယ်။ ခွေးတွေကို သတ်မလို့ ဟုတ်စ။ ခွေးကလေးတွေက သူတို့ဖာသာ နေကြတာပါကွဲ့။ မင်းကို ဘယ်နှခါများ ကိုက်ဖူးသလဲ။ မင်းကို ဘယ်နှခါများ ထိုးဟောင်ဘူး သလဲ။ မင်းကို ဘာများ ဒုက္ခ ပေးဖူးသလဲ။ ဘာ အငြိုးရှိလို့ ခွေးတွေကို သတ်ဖို့ မင်း ကြံရတာတုန်း။ ဘယ့်နှယ့်ကြောင့် ခွေးကလေးတွေ အပေါ် ဒေါသ တဟူးဟူး ထနေရတာတုန်း။ အမလေး အရပ်ကတို့ရဲ့ … ကိုကျော်မြရေ … ရှင့်သား သူတော်ကောင်းကြီးက ထမင်းကျန် ဟင်းကျန်စားပြီး အသက်ဆက်နေရတဲ့ ခွေးကလေးတွေကို ရက်ရက်စက်စက် သတ်မလို့ ဖြတ်မလို့ လုပ်နေတယ် တော့” ဟူသည့် ရန်စကားများကို မရပ်မနား တရစပ် ဆိုပြီး ခွေးများဘက်မှ ရှေ့နေလိုက်လေ၏။
ထိုအဒေါ်ကြီး၏ လျှောက်လဲချက်ကြောင့် ပရိတ်သတ် အားလုံး၏ စိတ်တွင်း၌ ခွေးများကို သတ်ရန် သင့်နိုး မသင့်နိုးဟူသည့် ဒွိဟစိတ်တို့ ပေါ်ပေါက်လာပြီး ဇဝေဇ၀ါ ဖြစ်သွားလေ၏။ ထို့နောက် ယင်းတို့သည် မြို့ကလေး၏ ဓလေ့ဖြစ်သော အကြောင်းအရာ တစ်ခု ပေါ်ပေါက်လာလျှင် ဂိုဏ်းနှစ်ခု ကွဲပြားသည့် ထုံးကို ဆက်လက် စောင့်ထိန်းရန် အလို့ငှာ အသည်းအသန် ငြင်းခုံကြလေ၏။ ဘဲဥမူကား ယောင်တက်တက်နှင့် ဘာဆက်ပြောရမှန်း မသိတော့။ ရေနွေးကြမ်းကိုသာ ဖလူးဖလဲ မြည်အောင် မှုတ်သောက်၍ နေရတော့သည်။
အမဲသားတုံးပစ်မည်ဟူသည့် ဘဲဥ၏ အကြံအစည်တွင် ခွေးများကို သေစေလိုခြင်း ဟူသော စေတနာ အပြင် ဈေးဖိုး ပိုပြပြီး ငွေစ ဖြူဖြူ တစ်ကျပ်တစ်ပြားကို အိမ်သူ မယားထံ ဆက်သမည် ဟူသော ဆန္ဒလည်း ရောနှော ပါဝင်နေကြောင်း ကျွန်ုပ် အတပ်သိသည်။ သို့သော်လည်း ဘဲဥသည် ကျွန်ုပ်၏ ငယ်ပေါင်း ကြီးဖော်ဖြစ်ခြင်း၊ ခွေးဟောင်သံကြောင့် အိပ်ရေးပျက်ရသည်ကို မလိုလားခြင်း စသည်တို့ကို တွေးမိသောကြောင့် ဘဲဥ၏ အဆိုကို ကျွန်ုပ် ကိုယ်တိုင် လိုလိုလားလား ထောက်ခံ အားပေးမိသည်။ ဘဲဥကား ပြုံးဖြီးဖြီးနှင့် ကျေနပ်၍ နေလေ၏။ မည်သူတို့ မည်သို့ပင် ငြင်းခုံကြစေကာမူ ထိုထက် ပို၍ ကောင်းသော အကြံအစည် မပေါ်လာသဖြင့် ဘဲဥ၏ အဆို အောင်မြင် သွားလေ၏။ နောက်ဆုံးတွင်မူ အမဲသားဖိုး တစ်အိမ်လျှင် ငါးဆယ် ကောက်မည်၊ ခွေးပိုင်ရှင်တို့ အနေဖြင့် မိမိတို့၏ ခွေးများ အသက် မဆုံးရှုံး စေလိုပါက အိမ်တိုင်တွင် ကြိုးချည်ထားရမည် ဟူသည့် ကြေညာသံဖြင့် ခွေးရူး နှိမ်နှင်းရေး အစည်းအဝေးကြီးကို အောင်မြင်စွာ ရုပ်သိမ်းလိုက်လေသတည်း။
(၅)
သို့နှင့် ခွေးရူး အန္တရာယ် ကြိုတင် ကာကွယ်ရေး ဟူသည့် ဧရာမ တာဝန်ကြီးသည် ဘဲဥ၏ ပုခုံးထက်သို့ ရောက်ရှိလာလေ၏။ ထိုတာဝန်ကြီးနှင့် အတူ အမဲသားဖိုး ငွေအသပြာစတို့သည်လည်း ဘဲဥ၏ လက်အတွင်းသို့ ရောက်ရှိလာလေ၏။ ထို အမဲသားဖိုး အသပြာ ငွေစတို့သည် မယားကို ကြောက်ခြင်းတည်းဟူသည့် မဟာပုရိသ လက္ခဏာနှင့် ပြည့်စုံသူ ဘဲဥ၏ လက်တွင် ကြာကြာ ရှည်ရှည် မနေလိုချေ။ မ ဓါတ်ကိုသာ အထူး ခင်တွယ်သည့် သဘောရှိဟန် တူသည်။ ဘဲဥ၏ လက်အတွင်းမှ ဘဲဥ၏ မယား၏ လက်သို့ ဖျတ်ခနဲ ခုန်ဆင်းသွားပြီး ပြောင်းရွှေ့ ကိန်းအောင်းကာ သီတင်းသုံးလေသည် ဟူသတတ်။
နောက်တစ်နေ့ နံနက် ဈေးပေါင်ကျိုးချိန်တွင် စာရေးကတော်ကြီးသည် သူ၏ လက်စွဲတော် မြူနီစီပါယ် လုပ်သားကြီး ကိုအေးကျော်နှင့် အခြား အလုပ်သမားတစ်ဦးတို့၏ အကူအညီဖြင့် ဆိုက္ကားထက်သို့ ၀ါးခြင်းတောင်းတစ်လုံး တင်ပြီး ကမ်းနားဈေးသို့ အမဲသားဝယ်ရန် အလို့ငှာ ကြွချီလေ၏။ အမဲသားသည် ဟာမစ်သည် စာရေးကတော်ကြီးတို့လူသိုက် ကြွချီလာသည်ကို မြင်သော် မျက်နှာချို သွေး၍ “အမား အမဲသား ၀ယ်မလို့လား။ အမား အတွက် အသားကောင်းကောင်း ချန်ထားတယ်” စသော ဈေးသည် လက်သုံး စကားတို့ဖြင့် ပျူပျူငှာငှာလုပ်၍ ဆီးကြိုလေ၏။
ဟာမစ် မည်သို့ပင် မျက်နှာချို သွေးစေကာမူ စာရေးကတော်ကြီးသည် ဟာမစ်၏ လောကွတ်စကားကို ဖုတ်လေသည့် ငါးပိ ရှိသည်ဟု မထင်၊ အရေး မလုပ်ချေ။ “ဟဲ့ ကုလား ဒူးရိုး၊ ပေါင်ရိုးတွေ ရှိသေးတယ် မှုတ်လား။ ရှိရင် ရှိသလောက် အကုန်ထည့်” ဟု မျက်နှာထား တင်းတင်းဖြင့် ဆိုလိုက်လေ၏။ ထို စကားကြောင့် ဟာမစ် အူကြောင်ကြောင် ဖြစ်သွားလေ၏။ မင်းကတော် စိုးကတော် နတ်ကတော် စသည့် ကတော်ဆယ်ပါးတွင် တစ်ပါး အပါအ၀င် ဖြစ်သည့် စာရေးကတော်ကြီး၏ ပရိယာယ်ကို စိုးစဉ်းမျှ နားမလည်ချေ။ ထို့ကြောင့် “မနောက်ပါနဲ့ အမားရယ်။ အသား ကောင်းကောင်းလေးတွေ အများကြီးရှိပါတယ်” ဟု ထပ်မံပြီး လောကွတ်ချော်ပြန်၏။ ထိုသော် စာရေးကတော်ကြီး၏ မျက်စောင်းသည် ဟာမစ်၏ ကိုယ်ထက်သို့ ပြင်းစွာ ကျဆင်းလေ၏။ စာရေးကတော်ကြီးသာ နဂါးဖြစ်ပါမူ ထိုနေရာတွင် ဟာမစ် ပြာကျသွားလောက်သည်။ လေကြောရှည်သည့် ဟာမစ်ကြောင့် စာရေးကတော်ကြီး စိတ်တိုလာဟန် တူ၏။ ထို့ကြောင့် “ဟဲ့ သောက်ကုလား လျှာ မရှည်နဲ့။ ငါတို့ အိမ်မှာ အမဲသား စားတဲ့သူ တစ်ယောက်မှ မရှိဘူး။ ခွေးရူး သောင်းကျန်းနေလို့ အမဲသားတုံး ချမလို့ဟဲ့။ လျှာ မရှည်နဲ့ ဒူးရိုး ပေါင်ရိုး ရှိသလောက် ချိန်ထည့်လိုက်” ဟု ငေါက်ဆတ်ဆတ်ဖြင့် ဆိုလိုက်လေ၏။ ထိုသို့ ရှည်လျားစွာ ရှင်းလင်း ပြောဆိုရသောကြောင့် စာရေးကတော်ကြီး အတော်ပင် မောပန်းသွားသည် ထင့်။ အမူးပြေ အမောပြေ ဇီးဖျော်ရည် တစ်ခွက်သောက် ရသေးသည်။ သို့သော်လည်း အမော မပြေနိုင်သေး။ ထို့ကြောင့် အထည်ဆိုင်သို့ ထပ်မံ ၀င်ပြီး ဘီဘဲလ် လုံချည် အဆင်ဆန်း ကလေးများကို ကြည့်ခါမှ အမောပြေ သွားတော့သည် ဟူသတတ်။
စာရေးကတော်ကြီး၏ အမဲသား ၀ယ်ယူရေး အရေးတော်သည် ဈေးခေါင်းကွဲချိန် ရောက်ခါမှ နိဌိတံ သွားလေ၏။ “ ကိုအေးကျော် အမဲရိုးတွေ ခုတ်ထစ်ပြီး ပြုတ်ဖို့ကို ရှင်ပဲ တာဝန်ယူပြီး လုပ်ပေတော့။ အိုးကြီးကြီး တစ်လုံးရှာပြီး ပြုတ်လိုက်။ ထင်းတွေလည်း အများကြီး မကုန်စေနဲ့နော်။ အမဲသားအိုးထဲ ထည့်ရမယ့် ဆေးက ရှင့် ဆရာဆီမှာ ရှိတယ်။ သူ့ဆီမှာ သွားတောင်းချေ။ ကျွန်မကတော့ အင်္ကျီအပ်ရအောင် အောက်ပိုင်းက စက်ဆိုင်ကို ခဏ သွားလိုက်ဦးမယ်။ ရှင်တို့ ဖာသာ အဆင်ပြေအောင် ကြည့်ကျက်ပြီး လုပ်ပေတော့။ လိုတာရှိရင် ရှင့်ဆရာကို ပြော” ဟု အမှာတော် တသီတတန်း ချွေပြီးနောက် ဘီဘဲလ် အဆင်ဆန်း ကလေးများကို မည်သို့ မည်ပုံ ဆင်မြန်းရမည်ကို တွေးတော၍ အပ်ချုပ်ဆိုင်သို့ တလိမ့်လိမ့်နှင့် ထွက်ခွာသွားလေ၏။
ထို့နောက် ကိုအေးကျော်နှင့် သူ၏ အဖော် စိန်သောင်းတို့ နှစ်ဦးသည် အမဲရိုးတောင်းကို ဆိုက္ကားထက်သို့ တင်၍ မြူနီစီပါယ်ရုံးဝင်းအတွင်းရှိ ဂိုဒေါင်ပျက်ဆီသို့ ပြန်လေ၏။ ဂိုဒေါင်ပေါက်ဝသို့ ရောက်သည်နှင့် စိန်သောင်းက “ကိုင်း ကိုအေးကျော် အမဲရိုးတွေ ခုတ်ရ ထစ်ရအောင် ဓား ပြန်ယူချေဗျာ။ နောက်ပြီးတော့ ခင်ဗျားတို့ အိမ်က ထမင်းချက်တဲ့ ဒန်အိုးက ပြည်ဝင်အိုး မှုတ်လား။ အဲဒီ အိုးလည်း ဆွဲခဲ့ချေ” ဟု ဆိုလေ၏။ စိန်သောင်း၏ စကားကြောင့် ကိုအေးကျော် တွေခနဲ ဖြစ်သွားသည်။ “ဟ စိန်သောင်းရ ငါ့အိမ်က အိုးနဲ့ အမဲရိုး ပြုတ်လို့ မဖြစ်ဘူး ထင်တယ်။ တော်ကြာ အဆိပ်သင့်လို့ ဟုတ်ပေ့ ဖြစ်နေဦးမယ်” ဟု ဆိုလိုက်လေ၏။ “ခင်ဗျားကလည်းဗျာ .. တုံးလိုက်တာ လွန်ရော။ အိုးထဲကို အဆိပ် တခါတည်း ထည့်ပြီး ပြုတ်ရမှာ မဟုတ်ဘူး။ အရိုးတွေ ထည့်ပြီး ပြုတ်ယုံပဲ။ ညနေစောင်း အမဲရိုး လိုက်ပစ်ခါနီးတော့မှ အရိုးတွေကို အဆိပ်လူးရမှာ။ ကဲပါဗျာ အချိန်မရှိတော့ဘူး။ မြန်မြန် သွားယူချေ။ နောက်ကျနေရင် ဆရာလေး ဆူလိမ့်မယ်” ဟု စိန်သောင်း ဆိုလိုက်မှ ကိုအေးကျော်လည်း ဆေးပေါ့လိပ်ကို ပြာချွေချပြီး အိမ်သို့ ပြန်လေ၏။
(၆)
အိမ်ရှေ့ ခွေးခုတက်သို့ ကိုစိန်သောင်း လှမ်းတက်လိုက်သည်နှင့် ကလေးများ ထမင်းစားနေသည်ကို တွေ့ရ၏။ ထို့အပြင် “ဟဲ့ အလတ်ကောင် ဟင်းတွေကို နင်ချည်းပဲ နှိုက်စား မနေနဲ့။ အငယ်တွေကိုလည်း ထည့်ပေးလိုက်ဦး” ဟု နောက်ဖေး မီးဖိုချောင်ဘက်မှ ကျုံးအော်လိုက်သည့် ဇနီးသည်၏ အသံစူးစူးကိုလည်း ကြားလိုက်ရ၏။ ထို့ကြောင့် ကလေးများ ထမင်းစားနေသည်ကို သေသေချာချာ ကြည့်မိ၏။
သဗြုသီးနှင့် ငါးစင်ရိုင်း ချဉ်ရေဟင်း။
“ဒီ မိန်းမနှယ်။ ပေါက်ပေါက်ရှာရှာ။ သဗြုသီးကို ငါးစင်ရိုင်းနဲ့ ချက်ရတယ်လို့။ ဟင်း အစပ်အဟပ် မတည့်လိုက်တာ။ သဗြုသီးဆိုတာ ငါးဒန်နဲ့ ချက်မှ အရသာ ရှိတာဟဲ့။ ငါးစင်ရိုင်းဆိုတာ ထမင်းဖြုန်းတဲ့ ငါးပဲ။ ဒီ ငါးနဲ့ ချက်တော့ ဘယ်လိုလုပ်ပြီး စားလို့ ကောင်းတော့မှာလဲ” ဟု ဇနီးသည်ကို လှမ်း၍ ပြောလိုက်သည်။ “အောင်မယ် အောင်မယ် ငါးဒန်နဲ့ ချက်လို့ ပြောရအောင် ရှင့် လခက ဘယ်နှစ်ပြား ရလို့လဲ။ ကိုယ့်အကြောင်းကို ကိုယ် မသိတာလည်း မဟုတ်။ တောင်ပြောင် တောပြော လုပ်မနေနဲ့” ဟု နှုတ်သီးကောင်း လျှာပါး ဇနီးသည်က အကျိုးသင့် အကြောင်းသင့် ဆို၏။ ဇနီးသည်၏ စကားသံကို ကြားခါမှ ငါးမြင်း၊ ငါးဒန်၊ ငါးသလောက် စသည့် သားငါးတို့နှင့် အလှမ်းဝေးခဲ့ရသည်မှာ အတော်ပင် ကြာခဲ့ပါပကော ဟု ကိုအေးကျော် တွေးမိတော့သည်။ ထို့အပြင် သူ အာချောင်မိသည်ကို တွေးပြီး ရှက်သလိုလို ရွံ့သလိုလို ဖြစ်သွားလေ၏။ စင်စစ် အမဲသားငါးတို့ကို ဝေရာမဏိ သိက္ခာပဒံ လုပ်ထားရသည်မှာ နို့ညှာမ မွေးပြီးကတည်းကပင် ဖြစ်၏။
ကလေးများကမူ မိဘများ ပြောနေဆိုနေသည်ကို အမှုမထား။ ငါးစင်ရိုင်းဟင်းကို သူ့ထက်ငါ လုယက်၍ လျှင်သူ စားစတမ်းလုပ်ပြီး ခေါင်းမဖော်တမ်း စားနေကြလေ၏။ ထိုမြင်ကွင်းကို တွေ့ရသောကြောင့် အခုနေ ဒီကလေးတွေကို ပုစွန်တုပ်ဆီပြန်နဲ့ ကျွေးလိုက်ရင် ဘာပြောကောင်းမလဲ။ စားလိုက်မယ့် ဖြစ်ခြင်း။ စူဇကာ ပုဏ္ဏား နာလန်ထ ဆိုသလိုမျိုး ဖြစ်သွားမှာပဲ ဟု တွေးမိပြီး ကိုအေးကျော် ပြုံးမိသေးသည်။ သို့သော်လည်း တစ်နေ့တစ်ခြား ဒီရေအလား တရိပ်ရိပ် တိုးနေသည့် ကုန်ဈေးနှုန်းအကြောင်းကို တွေးမိသော် ကြာကြာ မပြုံးနိုင်။ “လူကြီးတွေ ပြောတဲ့ သရောကြီးခိုင်တဲ့ ခေတ်အခါ ဆိုတာ ဒီခေတ် ဒီအခါကို ပြောတာပဲ ဖြစ်မယ်ဟေ့ လုပ်စားလည်း မိုးခေါင်း ခိုးစားလည်း ခွေးဟောင် ဆိုတာ တကယ် ဖြစ်နေပြီပဲ မဟုတ်လား အစန်းရယ်” ဟု မဆိုင်သည်များကို ဆွဲထည့်ကာ စကားမရှိ စကားရာ၍ ပြောဆိုပြီး မယားကို လေချိုသွေးလိုက်သည်။ စင်စစ် သူ၏ စကားမှာ လေချို မဟုတ်၊ လေပူသာ ဖြစ်သည်။ မယားလုပ်သူက ဘာမျှ ပြန် မပြော။ သူလက်လုပ်စ အလုပ်ကိုသာ ဆက်လုပ်နေ၏။ ထို့ကြောင့် ကိုအေးကျော်သည် ဇနီးသည်နှင့် ထမင်းဝိုင်းကို ဥပေက္ခာပြုကာ မီးဖိုတွင်းသို့ အသာဝင်၍ အိုးယူပြီး ဂိုဒေါင်သို့ ပြန်ခဲ့လေ၏။
ထို့နောက် ကိုအေးကျော်နှင့် စိန်သောင်းတို့နှစ်ဦး စကား တပြောပြောလုပ်ရင်း အမဲရိုးများကို ခုတ်ထစ် ဖြတ်တောက်၍ အိုးထဲ ပစ်ထည့်ပြီး ပြုတ်ရန် ပြင်လေ၏။ ဒူးဆစ်ရိုးတွင် ကပ်နေသည့် အရွတ်များ ခွာချရင်း ကိုအေးကျော် တွေခနဲ ဖြစ်သွားသည်။ ငါ့ ကလေးတွေ အမဲသား မစားရတာ အတော်ကြာပါပကော ဟူသည့် အတွေးက နားထင်ကို လာဆောင့်သည်။ နားထင်ကို ဆောင့်သည့် အတွေးဒဏ်ကြောင့် အသက်ကင်းမဲ့သည့် ကျောက်ရုပ်ကြီးပမာ ဖြစ်သွားလေ၏။ အတန်ကြာမှ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်ရင်း “ကဲ စိန်သောင်းရေ ဆေးပေါ့လိပ် သွားဝယ်ချေကွာ” ဟု ဆိုင်းမဆင့် ဗုံမဆင့် ဆိုကာ ဆယ်တန်တစ်ရွက်ကို ခါးပုံစကြားမှ ထုတ်ပေးလိုက်သည်။ ထိုသို့ထုတ်ပေးရင်း “စိန်သောင်းရေ ခြူးနဂါးပဲ ၀ယ်ခဲ့နော် တပ်ကုန်းမြမြက ပေါ့ရွှတ်ရွှတ်နဲ့ သောက်လို့ မကောင်းဘူး။ နောက်ပြီး ရုံးဘေးနားက ကွမ်းယာဆိုင်က ဆေးပေါ့လိပ်တွေက သိပ်ပြီးတော့ မလတ်ဘူး။ ဟောဟိုဘက် ဂါတ်တဲရှေ့နားက ဆိုင်မှာ ၀ယ်ချေ” ဟု မှာသည်။ စိန်သောင်းက ကိုအေးကျော်ကို ဇီဇာကြောင်ရန်ကော ဟူသည့် သဘောဖြင့် ဂျိုကြည့် ကြည့်သည်။ စိန်သောင်း၏ အကြည့်ကြောင့် ကိုအေးကျော် အိုးတိုးအမ်းတမ်း ဖြစ်သွားသည်။ သို့သော် ဟန်ကိုယ့်ဖို့ မာန်သူ့ဖို့ လုပ်ပြီး “ဟေ့ရောင် ဘာကြည့်တာတုန်း။ သွားစရာ ရှိတာကို မြန်မြန်သွားတာ မဟုတ်ဘူး။ ငါ မီးမွှေးလိုက်ဦးမယ်” ဟု ဆိုရင်း ကနစို အမြစ်ဆုံ ထင်းခွဲခြမ်း တစ်စကို မီးဖိုအတွင်းသို့ ကတိုက်ကရိုက် ပစ်ထည့်လိုက်လေ၏။
စိန်သောင်း ထွက်သွားသည်ကို မြင်ရပါမှ ကိုအေးကျော် စိတ်နှလုံး ဒုန်းဒုန်း ချနိုင်တော့သည်။ အနီးအပါး ၀ဲယာတွင် လူသူလေးပါး ရှိမရှိ ကျီးကန်းတောင်းမှောက်ကြည့်ပြီး မီးဖိုးပေါ်တွင် တင်ထားသည့် အိုးအတွင်းမှ အမဲရိုးနှင့် အရွတ် အချို့ကို ကြွပ်ကြွပ်အိတ်အတွင်းသို့ ကသုတ်ကရက် ပစ်ထည့်လိုက်လေ၏။ ထို့နောက် ကြွပ်ကြွပ်အိတ်ကို ခမောက်နှင့် အုပ်လိုက်ပြန်သည်။ ထိုမျှနှင့် စိတ်မချသေး။ အမဲသားထုပ်ကို အုပ်ထားသည့် ခမောက်ကို ထင်းရှုးသေတ္တာပေါ်တွင် တင်ထားလိုက်သည်။ ထိုသို့ နေရာချရင်း တိုင်တွင် အမြဲတစေ ချိတ်ထားလေ့ရှိသည့် ခမောက်ကို ထင်းရှုးသေတ္တာပေါ်တွင် တင်ထားသည်ကို စိန်သောင်းမြင်လျှင် သင်္ကာရနံ့ ကင်းမှ ကင်းပါ့မည်လော တွေးမိသဖြင့် ဆောက်တည်ရာမရ ဖြစ်သွားလေ၏။
ထိုအခိုက်မှာပင် စိန်သောင်းသည် ဆေးလိပ်ဝယ် ထွက်ရာမှ ပြန်ရောက်လာလေ၏။ ကိုအေးကျော်သည် ဆေးပေါ့လိပ်ကို လှမ်းယူပြီး မီးညှိလိုက်၏။ ထို့နောက် တလူလူ အူထွက်နေသည့် ဆေးလိပ်ငွေ့တို့နှင့်အတူ သူ၏ ဘ၀ အမောတို့ကိုပါ စုပြုံ ရောထွေးပြီး မှုတ်ထုတ်လိုက်လေ၏။
(၇)
ထိုသို့ ကိုအေးကျော်တို့ နှစ်ယောက်သား အမဲရိုးပြုတ်ရင်း စိတ်ကူးတည့်ရာ ရောက်တတ်ရာရာ ပြောနေကြသည့် အခိုက်တွင် ကင်းထောက် ယင်တပ်သား တစ်ကောင်သည် အမဲသားထုပ်ကို အုပ်ထားသည့် ခမောက်နားတွင် ဝေ့ကာ ၀ိုက်ကာ ပျံသန်းပြီး အညှီနံ့ ထွက်ပေါ်ရာ အရပ်ကို ရှာဖွေလေ၏။ အညှီနံ့ ထွက်ပေါ်လာသည့် နေရာကို အတိအကျ သိပြီးနောက် ယင်း၏ မိခင်တပ်မဆီသို့ သုတ်ခြေတင် ပျံသန်းပြီး ရန်သူတောင်ကုန်းကို တွေ့ရှိပြီ ဖြစ်ကြောင်း သံတော်ဦး တင်လိုက်ဟန်တူသည်။ ကွမ်းတစ်ယာညက်ခန့်မျှပင် မကြာလိုက်ချေ။ အက္ခောပဏီ ယင်တပ်ကြီးသည် တ၀ီဝီ မြည်သံကို ပြုရင်း အမဲသားထုပ်ကို အုပ်ထားသည့် ခမောက်ဆီသို့ ရောက်ရှိလာလေ၏။
“ဟင် ကိုအေးကျော် ခင်ဗျား ခမောက်ကို ယင်တွေ အုံနေပါလားဗျ” ဟူသည့် စိန်သောင်း၏ အသံကြောင့် ကိုအေးကျော် ထိတ်ခနဲ ဖြစ်သွားလေ၏။ စိန်သောင်းက ခမောက်ကို လှမ်းဆွဲပြီး ယင်ကောင်များကို မောင်းထုတ်မည် တကဲကဲ လုပ်နေသဖြင့် ကိုအေးကျော် မနည်း တားထားရ၏။ အမဲသားထုပ်ကို စိန်သောင်း မြင်သွားပြီး တောင်ပြောမြောက် လုပ်လိုက်ရင် အရှက်ကွဲရပေမည်။ သိသာ သိစေ၊ မမြင်စေနှင့် ဟူသည့် ဆိုရိုးစကားပင် ရှိသေးသည် မဟုတ်လော။
ထိုအခိုက်တွင် အမဲရိုးပြုတ်အိုးကြီးသည် တဗွမ်းဗွမ်း မြည်သော အသံကို တရစပ် ပြုလေ၏။ “ဒီ တစ်ရေခန်းရင် တော်လောက်ပါပြီကွာ။ မီးရှိန်မသေရင် ပြီးတာပဲ။ မင်း အရင် ပြန်နှင့်တော့” ဟု ကိုအေးကျော်က စိန်သောင်းကို လှမ်းပြောလိုက်သည်။ သို့နှင့် စိန်သောင်းလည်း အိမ်ပြန်သွားလေ၏။
စိန်သောင်း ပြန်သွားပြီး မရှေးမနှောင်းတွင် ကိုအေးကျော်လည်း အိမ်သို့ ပြန်ရန် ပြင်လေ၏။ ခမောက်ဖြင့် အုပ်ထားသည့် ကြွပ်ကြွပ်အိတ်ကို လက်ဖြင့် ဆကြည့်သည်။ အစိတ်သားခန့်မျှ ရှိပေလိမ့်မည်။ ထို့နောက် အလျှံတငြီးငြီး တောင်လောင်နေသည့် နေမင်းကို အံတုပြီး အိမ်သို့ သုတ်ခြေတင်လေ၏။
ခြံဝင်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ဇနီးသည်က ကိုအေးကျော်ကို “ရှင် ဘယ်ကို သဝေထိုးနေတာလဲ။ အချိန် မနည်း လင့်နေပြီ။ ထမင်း မစားရသေးဘူး မှုတ်လား” ဟု ပြောပြောဆိုဆို ဆီးကြိုရင်း ရေတစ်ခွက် ခပ်တိုက်၏။ ကိုအေးကျော်သည် သောက်ရေခွက်ကို ကမန်းကတမ်း လှမ်းယူပြီး ဂလု ဂလက် မြည်အောင် သောက်ချလိုက်၏။ အမော မပြေသေး။ ထို့ကြောင့် “အစန်းရေ ရေ နောက်ထပ် တစ်ခွက်လောက် ပေးပါဦး” ဟု ဆိုပြန်၏။ အလိမ္မာ အိမ်ပါ ဇနီးသည်က “တော်ပြီ တော်ပြီ ရှင်ဖာသာ ခပ်သောက်ပေတော့” ဟုဆိုရင်း အိမ်နောက်ဖေး မီးဖိုချောင်ထဲသို့ ပြန်ဆင်းသွားလေ၏။ ထို့ကြောင့် ကိုအေးကျော်လည်း အတ္တာနံ အတ္တာဟိနော နာထော လုပ်ရလေ၏။
ကိုအေးကျော်သည် ရေကို ၀အောင် သောက်ပြီးသော် ဇနီးသည်ရှိရာ မီးဖိုချောင်ဘက်သို့ လှမ်းလိုက်သွားပြီး အမဲသားထုပ်ကို ဘုတ်ခနဲ မြည်အောင် ပစ်ချလိုက်ရင်း “ကလေးတွေ ညနေစာ စားရအောင် ချက်လိုက်ချေ” ဟု ငုံးတိတိ ဆိုလိုက်လေ၏။ သူ့ဇနီးသည်က အမဲသားထုပ်ကို တစ်လှည့်၊ ကိုအေးကျော်ကို တစ်လှည့် စူးစူးဝါးဝါး စိုက်ကြည့်သည်။ ထို့နောက် “ရှင် ဘာ မဟုတ်တာတွေ လုပ်လာပြန်ပြီလဲ။ ရှေးဘ၀က အတိတ်ကံ မကောင်းခဲ့လို့ ဒီ ဘ၀မှာ ဒီ လောက်တောင် ဆင်းရဲနေတာ။ ဒီ အမဲထုတဲ့ အလုပ်ကို မလုပ်ပါနဲ့တော့ ရှင်ကို ဘယ်နှစ်ခါ တောင်းပန်ရမလဲ” ဟု ရန်တွေ့လေ၏။ “အမဲပေါ်လို့ ဝေစု ရလာတာ မဟုတ်ပါဘူး” ဟု ကိုအေးကျော်က စကားနည်း ရန်စဲ ဆိုလိုက်သည်။ သို့သော်လည်း သူ့ဇနီးက မယုံချေ။ “ဒါဆိုရင် ရှင့်ကို ဘယ်သူက ဒီ အမဲရွတ်တွေ လာပြီး ဆက်သမှာလဲ” ဟု ပုလိပ်စစ် စစ်သည်။ ကိုအေးကျော်သည် နှုတ်သီးကောင်းသည့် ဇနီးသည်ကို စိုက်ကြည့်ရင်း စကား မဆိုတတ်သည့် သူဆွံ့ပမာ လုပ်ကာ နေလေ၏။ အတန်ကြာမှ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်ရင်း “မင်း မယုံလည်း မတတ်နိုင်ဘူး။ ဒီကနေ့ည မြို့ထဲ လှည့်ပြီး အမဲရိုး ပစ်မယ်လေ။ အဲဒီ အထဲက ယူလာတာ။ ကလေးတွေလည်း ဟင်းကျွေးဟင်းရံနဲ့ ထမင်း မစားရတာ ကြာနေပြီပဲ။ ငါလည်း ဘယ်လုပ်ချင်ပါ့မလဲ” ဟု ဆိုလိုက်လေ၏။
ထိုစကားကို ကြားလိုက်ရသော် မစန်းသည် ရုတ်တရက် ချုံးပွဲချ၍ ငိုလေ၏။ မစန်း ငိုသည်ကို မြင်လျှင် ကိုအေးကျော်၏ ရင်တွင်း၌ ဆို့သလိုလို နင့်သလိုလို ဖြစ်လာပြီး ငိုရမလိုလို မဲ့ရမလိုလို ဖြစ်သွား၏။ တအိအိ ငိုရှိုက်နေသည် ဇနီးကို မည်သို့မည်ပုံ နှစ်သိမ့်ရမည်ကို သူ မသိချေ။ သို့နှင့် အယောင်ယောင် အမှားမှား ဖြစ်ကာ မီးသေနေပြီဖြစ်သည့် ဆေးပေါ့လိပ်ကို ကြမ်းပြင်နှင့် ဆောင့်သည်။ ထို့နောက် မီးခြစ် ထုတ်ပြီး ဆေးပေါ့လိပ်ကို မီးညှိလိုက်သည်။ ရှဲခနဲ မြည်သံ၏ အဆုံး၌ ခြူးနဂါး ဆေးပေါ့လိပ်သည် မီး တရဲရဲ လက်လာလေ၏။
ရိုးပြတ်တောကို ဖြတ်တိုက်လာသည့် လေပွေရူးသည် အိမ်နောက်ဖေး ရေကပြင်ပေါ်တွင် ဆောင့်ကြောင့် ထိုင်နေသည့် ကိုအေးကျော်ကို မညှာမတာ ၀င်ဆောင့်၏။ အိမ်နောက်ဖေးမှ အိမ်ရှေ့ဆီသို့ မီးခိုးငွေ့များ တလူလူ မျောလွင့် သွားသည်မှာ အတော်ပင် ကြည့်ကောင်း၏။ “သောက်ကျိုးနည်း ပူလိုက်တဲ့ လေ” ဟု ကိုအေးကျော်က လေပွေရူးကို ငေါက်ငမ်းလိုက်၏။ လေရူးနောက်တွင် ဖုန်လုံးကြီးများ တလိပ်လိပ်နှင့် ကပ်ပါလာသည်။ သူ့ဇနီးကား တရှုပ်ရှုပ်လုပ်ရင်း တအိအိနှင့် ငို၍ ကောင်းနေဆဲပင် ဖြစ်၏။
မောင်ကျပ်ခိုး (မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တန်ခူး လပြည့်ကျော် ၁၀ ရက်။ ခရစ်နှစ် ၂၀၁၁ ခုနှစ် ဧပြီ ၂၈ ရက်။)
ဤနေရာမှ တဆင့်ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment