သတ္တိနှင့် သစ္စာ၊ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းတို့သည် ဒွန်တွဲနေ၏။ သစ္စာမဲ့သူသည် သစ္စာမဲ့သူဖြစ်၏။ သစ္စာကို သတ္တိနှင့် စောင့်ထိန်းရ၏။ သတ္တိဆိုရာ၌ မှန်ကန်သော ကိစ္စကို ရဲဝင့်စွာ ပြုလုပ်ခြင်းသာ မဟုတ်သေး။ မကောင်းမှုကို စောင့်ထိန်းခြင်း၊ မှားယွင်းသော ဆန္ဒလောဘကို ချုပ်တည်းနိုင်ခြင်း၊ အောင့်အည်း သည်းခံနိုင်ခြင်းတို့ သည်လည်း သတ္တိမည်၏။
မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းလည်း ထိုနည်းအတူ တစ်ခုနှင့် တစ်ခု အမှီသဟဲပြုနေ၏။ ပင်ကို မူလက မည်မျှပင် ရဲရင့်သူ ဖြစ်နေစေကာမူ မမှန်ကန်သော အမှုကို ပြုလိုက်မိပြီဟု မိမိကိုယ်မိမိ သိလိုက်သည်နှင့် တပြိုင်နက် ထိုသူ၏ ရဲရင့်ခြင်းတို့သည် ပျောက်ကွယ်သွား၍ ကြောက်ရွံ့သူ အဖြစ်သို့ ရောက်ရှိသွားတော့၏။
ဝတ္ထုတစ်ခုနှင့် သာဓက ပြပါမည်။
လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ့်ငါးနှစ်ကျော်က ဖြစ်ပါသည်။ ကာယကံရှင်များမှာမူ လူ့ဘောင်၌ မရှိကြတော့ပြီ။
ဦးအောင်ဒွန်း…။
ကျွန်တော်တို့ ရွာမှ ရွာသူကြီး ဦးအောင်ဒွန်း။ အင်မတန်မှ ရဲရင့်သတ္တိရှိသည်ဟု ကျော်ကြားသည်။ သူခိုး ဓားပြကို လက်ရဖမ်းခဲ့ဖူး၍ နာမည်ကောင်း လက်မှတ်နှင့် ဆုတော်ငွေများ ရခဲ့ဖူးသည်။ နှစ်လုံးပူး သေနတ်ကိုင်ရသည်။ ဆယ်ခိုင်သူကြီး ခန့်အပ်ခြင်းခံရ၍ ရွာဆယ်ရွာကို အုပ်ချုပ်ရသည်။ ထိုရွာများ၌ ဖြစ်ပေါ်သော အမှုကြီးငယ်တို့သည် ဆယ်အိမ်ခေါင်းများမှတစ်ဆင့် သူ့ဆီရောက်ရသည်။ ကြီးသော အမှုဆိုလျှင် ရုံး၊ ဂါတ် ပို့၍ ငယ်သော အမှုဆိုလျှင် သူပင် စီရင်ချက်ချလိုက်သည်။
လူကောင် ကြီးမားခန့်ညား၍ ဥပဓိရုပ်လည်း ကောင်းလှသည်။ အင်အားဗလလည်း ပြည့်စုံလှသည်။ နွားထီးတစ်ကောင်ကို လက်ပြင်ရိုး၊ လက်သီးနှင့် ထိုး၍ လှဲနိုင်သည်ဟု ပြောကြသည်။
သူ့အိမ်နှင့် ကျွန်တော့်တို့ အိမ်မှာ မျက်စောင်းထိုး ဓားလွယ်ခုတ် အိမ်နီးချင်း ဖြစ်ပါသည်။
ကျွန်တော် အမှတ်သညာ ထားတတ်သော အရွယ်မှာ သူ့အသက်သည် ငါးဆယ်မျှဟု ခန့်မှန်းမိပါသည်း ဆွေမျိုးမတော်သော်လည်း သူ့ကို ကျွန်တော်က “ဘိုး”ဟု ခေါ်ပါသည်။
“ဘိုး”သည် ငယ်စဉ်က ကျွန်တော်ကို ချီပိုးလာခဲ့သူ ဖြစ်သည်။ ဘိုးသည် အသားဖြူရာဝယ် သူ့တစ်ကိုယ်လုံးမှာ ဆေးနီ ဆေးနက်များ ထိုးထား၍ အလွန်လှသည်ဟု ယူဆခဲ့ပါသည်။ ကျွန်တော့် အဖေကိုယ်မှာလည်း ဆေးရုပ်များ ရှိပါသည်။ သို့သော် သူ့လောက်မများ၊ ထို့ပြင် အနက်ရုပ်သာရှိ၍ အနီရုပ်မရှိ၊ ဘိုး၏ကျောပြင်ကိုကား ကျွန်တော်က အရုပ်ကားဟု ခေါ်ပါသည်။
“ဘိုးရယ် ၀မ်းလျား မှောက်စမ်းပါဦး၊ ကျွန်တော် အရုပ်တွေ ကြည့်ချင်လို့ပါ”
“အို… အခု ထိုင်ကြည့်ရင်လည်း မြင်နေရသားပဲ မြေးရဲ့”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မှောက်ကြည့်ရမှ ပိုကောင်းတယ်”
ဘိုး၏ ကျယ်ပြန့်သော ကျောပြင်ဝယ် နဂါးရုပ်၊ ဂဠုန်ရုပ်၊ ဇော်ဂျီရုပ်၊ ကြောင်ရုပ်၊ ကျားရုပ်၊ ခြေင်္သေ့ရုပ် စသည်တို့မှာ ဆေးနီဆေးနက် တို့ဖြင့် ယခုမျက်စိနှင့် ကြည့်သော် လွန်စွာမှ လက်ရာ မြောက်လှပါပေသည်။
“ဘိုးရယ်… ဒီအရုပ်တွေ ဘယ်သူ ထိုးပေးသွားတာလဲဟင်“
“ဘိုးဟာဘိုး ထိုးတာပေါ့ကွ”
“အောင်မယ် မဖြစ်နိုင်တာကြီးကို၊ ဘိုးဝါတယ်၊ ကဲ… ဘိုးကျောကုန်း ဘိုးမြင်ရလို့လား”
“မှန်ထဲ နောက်ပြန်ကြည့်ထိုးတာပေါ့ကွ”
“အောင်မယ်… အောင်မယ်… ဘိုးအိမ်မှာ ဘိုး ကျောကုန်းလောက်ကြီးတဲ့ မှန်တစ်ချပ်မှ မရှိဘဲနဲ့”
ဘိုးသည် ရယ်မောကာ…။
“အလကား ပြောတာကွာ၊ ဆရာဦး ထိုးပေးတာပေါ့ကွ၊ ဆရာဦးကို မင်းသိတယ် မဟုတ်လား”
ဆရာဦးသည် ဘိုးအိမ်ခေါင်းရင်းက ထိုးကွင်းထိုးဆရာ ဖြစ်ပါ၏။ ထို့ပြင် ရုပ်သေးရုပ်တွေ ထုသော ပန်းပုဆရာလည်း ဖြစ်ပါ၏။
“ဘိုး ဒီရုပ်တွေထိုးတော့ မနာဘူးလားဟင်”
“နာတာပေါ့ မြေးရဲ့၊ ဒါပေမယ့် ယောက်ျားဆိုတာ ဆေးထိုးခံနိုင်တဲ့ သတ္တိ ရှိရမယ့်ကွဲ့၊ ငါ့မြေးလည်း ကြီးရင် ထိုးကွင်း ထိုးရမယ်ကွဲ့”
သို့သော် ကျွန်တော်တို့ အရွယ်ရောက်သော ကာလ၌ ထိုးကွင်းထိုးသော ခေတ်ကုန်၍ ကံကောင်းသည်ဟု ဆိုရမည်။ သို့ရာတွင် အချို့သော လူကြီးများက မကြိုက်ကြ။ ကျွန်တော် ဆယ့်လေးနှစ်သားလောက်၌ ဆရာဦးက ကျွန်တော့်ပေါင်မှာ ကျားရုပ် ထိုးပေးသည်။ ထိုးရမည်မှာ အနီစင်း၊ အနက်စင်းနှင့် တကယ့်ကျားရောင် ထွက်ရမည်။ အသက်လည်း ပါရမည်။ သို့သော် ဤဖေကိုယ် သတ္တိခဲက အဖေ ချုပ်ကိုင်ထားသည့် လက်ထဲမှ ကုန်းအော်၍ ရုန်းထွက်သဖြင့် ပထမဆုံး အကြောင်းမျှ သွားရသေးရာ ကျားရုပ်မဖြစ်၊ ကြွက်ရုပ်ကလေး လိုလို ရေးရေးမျှ ထင်တော့၏။ သည်တော့ ဆရာဦးက ကျွန်တော့် အဖေအား ဘာပြောသည် ထင်သနည်း။
“မောင်ဆယ်ရေ… ခုခေတ် ကလေးတွေတော့ သတ္တိ သုဉ်းကုန်ပါပြီကွာ၊ ငါ့သားတွေလည်း အတူတူပဲကွ၊ မင်းတို့လို ငါတို့လို ဆယ်နှစ်၊ ဆယ့်တစ်နှစ်သားလောက်က ထိုးကွင်းထိုး ခံလာခဲ့လို့ရှိရင် ဒီကျားရုပ်လောက် ဘယ်ဖြုံလိမ့်မလဲကွာ၊ ခံနိုင်ရည်ရှိမှာပဲ၊ ခုတော့ မင်းသားက မိဖုရား ကင်းကိုက်တဲ့အတိုင်းပဲ၊ သွား… သွား..”
ဆရာဦးက ကျွန်တော့်ကို နှင်လွှတ်ပါသည်။ ကျွန်တော်သည် ပေါင်ကလေးထော့နဲ့ ထော့နဲ့ မျက်ရည်ကလေး စို့စို့နှင့်။
ဘယ်… မျက်ရည်မစို့ဘဲ ခံနိုင်မလဲဗျ။ လေးခွရှိတဲ့ ကြေးစုတ်ကြီးနှင့် တစ်ချက်ထိုးလိုက်ရင်း သွေးတစ်ပေါက် ထွက်လာရင်း။
ဤအခါ၌ ကျွန်တော်သည် ထိုးကွင်းမျှမက ဆေးရုပ်တွေ တစ်ကိုယ်လုံးတွင်ရှိသော အဖေတို့၊ ဘိုးတို့ သတ္တိကို ချီးကျူးမိပါသည်။ ဘိုးက ပို၍ များပါသည်။ ဘိုးသည် ခေါင်းဖြူဖြူတွင် ကတုံး ရိတ်ထားသူဖြစ်လေရာ ငယ်ထိပ်မှစ၍ ခြေဖမိုးအထိ ကျောကုန်း၊ လက်ပြင်၊ ခြေသလုံး၊ ခြေကျင်းဝတ်ပါ မကျန် ဆေးတွေအပြည့် ရှိ၏။
ဘာရည်ရွယ်ချက်နှင့် ဘာအစွမ်းထက်သည်တော့ ကျွန်တော် မပြောတတ်ပါချေ။ သို့သော် ခံနိုင်ရည်ရှိသော ယောက်ျားကောင်းတစ်ယောက် ဖြစ်ကြောင်းတော့ ထင်ရှား၏။
ဘိုးသည် ခွန်အားဗလနှင့် ရဲစွမ်းသတ္တိကောင်းရုံသာ မဟုတ်သေး။ စာပေပညာကိုလည်း တတ်ကျွမ်းသူ ဖြစ်၏။ ဘိုးသည် ဘိသိက်ဆရာ ဖြစ်၏။
ဘိုးသည် နေ့စဉ်နံနက်တိုင်း ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်ချိန်တွင် ထ၍ ဘုရားရှိခိုးပြီး စာရွတ်၏။ သူစာရွတ်သည်ကို ဘေး သုံးလေးအိမ်က ကြားရ၏။ သို့သော် ဘာမျှ နားမလည်နိုင်ပေ။
သူ့အသံ “ဟနံနံ… ဟနံနံ… ဟူ၍သာ ကြားနေရသည်။
“အဖေ… ဘိုးက ဟနံနံ… ဟနံနံနဲ့ ဘာလုပ်နေတာလဲ အဖေရ”
ကျွန်တော်ငယ်စဉ်က အဖေအား အိပ်ရာထဲတွင် မေးခဲ့၏။
“စာဝါးတာ ခေါ်တယ် သားရဲ့”
“ဘာလို့ စားဝါးတာလဲ အဖေရ”
သူရထားတဲ့ စာတွေကို မမေ့မပျောက်အောင် နှုတ်က မြန်မြန်ရွတ်နေတာပေါ့ကွာ”
“ကျွန်တော်လည်း ဘိုးလို စာဝါးချင်တယ် အဖေ”
“ဒါဖြင့် စာများများတတ်အောင် သင်ပေါ့ကွ၊ ထမင်းစားချင်တော့ ထမင်းရှိမှ စားဖြစ်သလို စာဝါးချင်တော့ ကိုယ်တတ်ထားတဲ့ စာရှိမှ ပေါ့ကွ”
ကျွန်တော်သည် ဘိုးကို အစစအရာအရာ ချီးကျူး အားကျသူ ဖြစ်ခဲ့၏။ ကျွန်တော်သည် ဘိုးကို အတုယူကာ ကကြီး၊ ခကွေးက စ၍ စာဝါးခဲ့ ပါ၏။ နို့ပြီး ဘိုးက (အဆက်ဆက် အစဉ်သာယာတဲ့ သရက်တစ်ပင်ရွာက အထူးအကျိုးပြုတဲ့ ဦးဖိုးနု)ဟု ရှင်ပြုဖိတ်စာတွင် ရေးလျှင် ကျွန်တော်ကလည်း (မချို့အစဉ်သာတဲ့ ကြို့ပင်ရွာက အထူးအကျိုးသယ်တဲ့ ဦးဖိုးဆယ်)ဟု ကျွန်တော့်အဖေနှင့် ရွာနာမည်ကို နဘေထပ် ဆိုလိုက်သောအခါ ဘိုးက လွန်စွာ သဘောကျလှ၏။
“မောင်ဆယ်… မင်းသားကြီးရင် ငါ့ခြေရာနင်းလိမ့်မယ်”ဟု ဂုဏ်ယူပြောဆို၏။ သို့သော် ဘိုးခြေရာကို နင်းဖို့ ဘိုးကို မှီဖို့က ခဲယှဉ်းလှပါ၏။
ဘိုးသည် ရပ်ရွာ၌ အုပ်ချုပ်စီမံရာတွင် သူ။ မင်္ဂလာဆောင်၌ ဘိသိက်သွန်းရာတွင် သူ။ ရှင်ပြု ရဟန်းခံတို့၌ သြဘာစာများ ရေးသားဖတ် ကြားရာတွင် သူ။ ရပ်သူ ရွာသားတို့ အပျင်းလည်းပြေ၊ ပညာရ ဗဟုသုတလည်း ရအောင် ဇာတ်နိပါတ်တို့ကို သံနေသံထားနှင့် ဟောပြော ရာတွင်လည်း သူ။
သူ… သူ… သူ… ထိုသူသည် အသက်ငါးဆယ်ကျော်၌ ကံချော်၍ အကြံတော်တလွဲကို လိုက်မှားမိချေသည်။
မချောဖြူ…။
သူသည် နာမည်နှင့်လိုက်အောင် ဖြူသည်။ ချောသည်။ လှသည်။ ချောသည် လှသည်နှင့်အမျှ ကမြင်းကြောထ၍ လင်ငယ်နေတတ်သူ။
သူ၏ ပထမဆုံးယောက်ျားသည် သူ မျောက်မထားတာ ပက်ပင်းမိ၍ သူ့အားလယ်ကွင်းထဲ ခေါ်သွားကာ ဓားနှင့်ခုတ်သတ်ပြီး သူ့ကိုယ်သူ တော့ မီးရထားအနင်းခံ၍ ပွဲချင်းပြီး စီရင်ပစ်လိုက်သည်။
သို့သော် မကောင်းမှုပြုရန် အကုသိုလ်ကံ ကျန်နေသေးသော မအ၀ှာက မသေ။ လည်ပင်းဓားဒဏ်ရာတွေနှင့် မေ့မြောနေရာမှ သတိပြန် ရလာခဲ့သည်။
ဘိုးနှင့် အခင်းဖြစ်ပွားရန်အချိန်မှာ ထိုမိန်းမသည် အသက်သုံးဆယ်ခန့် လည်ပင်းမှာ ဓားဒဏ်ရာ နှစ်ချက်ရှိသည်။ အသားရောင် ဖြူဖြူဝင်း ၀င်းနှင့် ပြည့်ပြည့်တင်းတင်း။ ထိုအချိန်၌ ဒုတိယလော၊ တတိယလော မပြောတတ်သည့် လင်ယောက်ျားမှာ ဘိန်းစားဖိုးဆိုင်။
ကျွန်တော် သတိထားမိသောအချိန်မှာ မချောဖြူသည် ရွာထဲမှာ ခံတောင်းရွက်၍ ငရုတ်၊ ကြက်သွန်၊ ဆီ၊ ဆား စသော ကုန်စုံရောင်းသည်။ ထိုကုန်စုံဝယ်ရင်းမှ စတင်သည်။
ကျွန်တော်သည် အမှတ်သညာ ထားတတ်သော အရွယ်မှ၍ ဘိုးအိမ်မှာ အနေအစား များသည်။ အကြောင်းမှာ ဘိုးအိမ်သည် ဘယ်တော့မှ ဟင်းကောင်း မပြတ်ချေ။ မပြတ်ခြင်းမှာ ကျေးရွာဓလေ့ထုံးစံ ရှိ၏။ ရွာတွင် ကျွဲ၊ နွား သေ၍လည်းကောင်း၊ သတ်၍လည်းကောင်း၊ အမဲသားပေါ်လျှင် သူကြီးအိမ်ကို တစ်တွဲ ပို့ရသည်။ ၀မ်းတွင်းသား အစုံလည်း ပါရသည်။ ဘိုးအုပ်ချုပ်သော ရွာက ဆယ်ရွာဆိုတော့ ဘိုးအိမ် မှာ အမဲဟင်းလျာ ပြတ်သည် မရှိချေ။
ဘိုးကိုယ်တိုင်ကတော့ အမဲသား မစားချေ။ ကျွန်တော့် အဖေလည်း မစားချေ။ ကျွဲ၊ နွားဖြင့် အသက်မွေးရသော ကျေးရွာတို့တွင် အမဲသား မစားခြင်းသည် လူကြီးလူကောင်းတို့၏ ဂုဏ်အင်္ဂါတစ်ရပ် ဖြစ်ပေသည်။
ဘိုးတို့ ဂေါ်ပုံတစ်ရပ်ကို တွေး၍ ရယ်ချင်ပါသေးသည်။
ဝါတွင်း မိုးရာသီဆိုတော့ ကျွန်တော်တို့ လယ်တောဒေသမှာ ငါးပေါသည်။ သည်တော့ မချောဖြူက ကုန်စုံရောင်းခြင်းကို ရပ်ဆိုင်း၍ မုန့် ဟင်းခါး ရောင်းသည်။ ထိုအခါ ဘိုးက ကျွန်တော့်ကို ခုတုံးလုပ်၍ မနက်တိုင်း မချောဖြူမုန့်ဟင်းခါးလာတိုင်း။
“ဟေ့… မင်း သည်နေ့ မုန့်ဟင်းခါး စားဦးမလား”
မေးသည်။ ကျွန်တော်ကတော့ ဆယ်နှစ်သား အရွယ်လောက် ဘယ်သိလိမ့်ဦးမှာတုန်း။ အမြဲတမ်း ခေါင်းညိတ်သည်ပေါ့။ ဘိုး၏ အိမ်သားများကတော့ နှာခေါင်းရှုံ့ကြပြီး ရိပ်မိနေကြပြီ။ ထိုအခါ ဘိုးမှာ ဇနီး အမယ်ကြီးနှင့် သမီးနှင့်သားမက် ရှိသည်။
ကျွန်တော့်ကို မုန့်ဟင်းခါးကျွေးတော့ ၀ါတွင်းမှာ သတ်သတ်လွတ်သမား ဘိုးက မုန့်ကို ဘယ်လိုစားပါသနည်းဟူမူ ဟင်းရည် မဆမ်းစေဘဲ သူ့အိမ်က နို့ဆီနှင့် ဆမ်း၍ စားပါသည်ခင်ဗျာ။
သြော်… အာဂဘိုး။ လူကြီးလူကောင်း ဂေါ်ပုံ မဆိုးဘူးနော့်။ ဦးကြီးတို့ နည်းယူကြ။
ထို့ပြင် ဘိုးတွင် သူများနှင့်မတူသော ထူးခြားချက်တစ်ရပ် ရှိသေးသည်။ ဘိုးသည် ထမင်းစားပြီး ပလုတ်ကျင်းသော အခါ၌လည်းကောင်း၊ တစ်ခုခု စားသောက်ပြီး ပလုတ်ကျင်းသောအခါ၌ လည်းကောင်း ဘယ်တော့မှ ထွေးမပစ်ချေ။ ပလုတ်ရေကို မျိုချလိုက်သည်သာ ဖြစ်၏။ ကျွန်တော်က…
“ဘိုးလုပ်ပုံဟာ သူများနဲ့ မတူဘူး၊ မရွံဘူးလား…”ဟု မေးသောအခါ…
“ဟ… ကိုယ့်ပါးစပ်ထဲကဟာ ကိုယ်ရွံနေမှဖြင့် ငါလခွီးတဲ့ လည်ပင်း လှီးပစ်ဖို့သာ ရှိတော့တာပေါ့ကွ”ဟု ပြန်ဖြေပါသည်။
ဟုတ်တုတ်တုတ်။
ယင်းသို့လျှင် မချောဖြူသည် ကုန်စုံရောင်းရင်းဖြင့် လည်းကောင်း၊ မုန့်ဟင်းခါး ရောင်းရင်းဖြင့် လည်းကောင်း၊ ဘိုးအိမ် နေ့တိုင်လိုလို ၀င်ထွက်နေရာမှ လေးငါးလလောက် ကြာသော် မချောဖြူယောက်ျား ဘိန်းစား ကိုဖိုးဆိုင်မှာ အိမ်ထဲ ဘိန်းငါးကျပ်သားခန့်နှင့် လက်ပူး လက်ကြပ် ဘိုးက ဖမ်းမိလေ၍ ခမျာ ထောင်ကျသွားရှာလေသည်။
ဒါ ဘိုးက သူ့နောက်လိုက် မတရား သက်သေများနှင့် သက်သက် အမှုဆင်တာ ဖြစ်ကြောင်းကို တစ်ရွာလုံးက သိကြ၍ တဖျစ်တောက် တောက်နေကြ၏။ ကိုဖိုးဆိုင်သည် ဘိန်းစားဆိုသော်လည်း မခိုးတတ်၊ မ၀ှက်တတ်။ လူကောင်းတစ်ယောက် ဖြစ်၏။ သူ့ဟာသူ ထန်းတက်၍ စား၏။ ပုံးမြှုံးထောင်၍ စား၏။
ထိုအရပ်ထဲက လူကြီးများသည် ဘိုးကို ၀ိုင်းကြဉ်စ ပြုလာ၏။ သည်နောက် မကြာမီတွင် ဘိုးသည် သူ့အိမ်သူ အိမ်သားများနှင့် ရန်ဖြစ်ကြလေ၍ အမယ်ကြီးသည် သမီးနှင့် သားမက်ကို ခေါ်ကာ သူ့ဇာတိရွာသို့ ပြန်သွားလေတော့သည်။
ဘိုးကိုကား မည်သူမျှ တရားချ၍ မရတော့ပေ။ ယခင်တုန်းက ရပ်ရွာ၊ အိမ်ထောင်ရေး ကိစ္စတို့မှာ သူကသာ ဖျန်ဖြေစီမံခန့်ခွဲ ပေးခဲ့သည်။ သူ့ဇာတ်တွင်ကား သူသာ ဇာတ်ဆရာ၊ အခြားဇာတ်ဆရာကို လက်မခံတော့ပြီ။
နောက်ဆုံး တစ်နေ့၌ကား မချောဖြူသည် ဘိုး၏ အိမ်ပေါ်သို့ ရောက်လာလေသတည်း။ သို့သော် ဤဖြစ်ရပ်တွင် ဘိုး၏ရလဒ်ကား ကျဆုံး ခြင်းပင်တည်း။
မချောဖြူ ဘိုးအိမ်ရောက်ပြီး ဒုတိယမြောက်နေ့ နံနက်တွင် အသက်ခြောက်ဆယ်မျှ ရှိမည်ဖြစ်သော အမယ်အိုကြီး တစ်ယောက် ဆောင်ဓားရှည်ကြီး ဆစ်လက်ကိုင်ကာ ဘိုး၏ အိမ်ဝင်းထဲ ရောက်နေလျက် ဓားတလက်လက်နှင့် ဆဲရေးကြိမ်းမောင်း နေပေတော့သည်။
“ဟဲ့ အောင်ဒွန်း၊ နင် ဗလကောင်းလှတယ်၊ သတ္တိကောင်းလှတယ်ဆို၊ ကြိုက်တဲ့ လက်နက်ကိုင်ပြီး တံခါးဖွင့် ဆင်းခဲ့စမ်း”
“ချလွမ် ……… ”
အိမ်ရှေ့နံရံအကာကို သူ့ဓားနှင့် ပစ်လိုက်သည်။ ထို့နောက် ပြန်ကောက်ကာ…
“ဟဲ့ အောင်ဒွန်း၊ နင် သတ္တိ နည်းလှချည်လား၊ ငါလို အမယ်ကြီးနဲ့မှ ရင်မဆိုင် ၀ံ့တော့ဘူးလား၊ လူချင်းကြောက်ရင် နင့်မှာ နှစ်လုံးပူး သေနတ် ရှိတယ်မဟုတ်လား၊ သည်မှာ ပစ်လိုက်စမ်းဟေ့… ”
ရင်ကိုကော့ပြပြီး သူ့ဓားနှင့် တစ်ဖန် ပစ်လိုက်ပြန်လေသည်။ အိမ်ပေါ်ကတော့ ဘာသံမှ မကြားရ။ ဆိတ်ငြိမ်လှသည်။ လူတစ်ယောက်မျှ မရှိဟု ထင်ရသည်။ သို့သော် ဘိုးနှင့် မချောဖြူ ရှိတာ အမှန်။ ညကပင် မီးအိမ်ထွန်းတာ မြင်ရသေးသည်။ ယခု မနက်အစောကြီးမှ စောစောစီးစီး သည်အမယ်ကြီးက ကျွန်တော် အိပ်ယာက မနိုးမီပင် လာရောက် ဆူပူနေခြင်းဖြစ်သည်။
ဘိုးအိမ်သည် တစ်ထပ်အိမ်မြင့်၊ အောက်ဆင့် မရှိ။ မြေကြီးပေါ် စားပွဲကုလားထိုင် ထားသည်။ အိမ်အကာမှာ နှစ်တစ်လက်မ သစ်သားတန်းတွေကို ကြက်ခြေခတ် ရိုက်ကပ်ထားသည်။ ထိုနံနက်၌ အပေါ်ထပ်ရော အောက်ထပ်ပါ တံခါးတွေအားလုံး ပိတ်ထားသည်။
ကျွန်တော်သည် အိပ်ရာမှထကာ ပြတင်းပေါက်မှ အံ့သြစွာနှင့် လှမ်းကြည့်၍နေသည်။ အမယ်ကြီးသည် ပိန်သော်လည်း စိတ်က ဆောင်နေ၍ တော်တော်ပဲ မာကျောပုံပေါ်သည်။ သူသည် အော်ဟစ်ဆဲရေးရင်း အောက်နံရံကို ဓားနှင့်ခုတ်လိုက်၊ အိမ်အပေါ်ထပ်ကို လှမ်း ပစ်လိုက်၊ မောလျှင် ထိုင်ပြီး နားလိုက် နောက်ပြီး တစ်စခန်း ထလိုက်နှင့် အရွယ်နှင့် မလိုက်အောင်ပင်။ ဒေါသနှင့် ဇွဲသတ္တိက ကြီးလှပါ သည်။
“ဟေ့… အောင်ဒွန်း၊ မယားခိုးရဲ့၊ လူ့တိရစ္ဆာန်ရဲ့ နင် ငါ့သားမက်အိတ်ထဲ အတင်း ဘိန်းထည့်ပြီး နင့် နောက်တော်ပါ သက်သေလိမ်တွေနဲ့ အမှုဆင်ပြီး ထောင်ချတယ်ဆိုတာ လူတိုင်းက သိကြတယ်ဟဲ့”
“ချလွမ်….”
ဓားနှင့် တစ်ချက် ပစ်လိုက်ပြန်သည်။
“နင်ဟာ ဆယ်ခိုင်သူကြီး၊ ဘုရားကိုးဆူ ဆရာကြီး၊ ဘိသိက်ဆရာကြီး၊ ရတု သြဘာဆရာကြီး၊ ကွက်စိပ်ဆရာကြီးဆိုတဲ့ ဂုဏ်တွေမှ မထောက်ဘူး။ ငအောင်ဒွန်းရယ်၊ ဟို မျောက်မထားမရော ဆင်းခဲ့၊ နင့်ပါ ငါ နုတ်နုတ်စဉ်းပစ်မဟဲ့၊ နင့်အတွက် ငါ တစ်ခါက နှစ်ခါရှက်၊ နှစ်ခါက သုံးခါရှက်၊ တစ်သက်လုံး ရှက်နေရမှာလားဟဲ့… ၊ နင်တို့ကို သတ်ပြီး ငါပါ သေပစ်လိုက်မဟဲ့…”
“အဖေရယ်…၊ ဘိုးက သည်အမယ်ကြီး ပိန်ပိန်လေးများ ဘာလို့ ကြောက်နေရသလဲ၊ အောက်ဆင်းပြီး ဖမ်းလိုက်ရောပေါ့၊ ဘိုးက အား အများကြီး ကြီးတာပဲ မဟုတ်လား၊ နို့ပြီး ဘိုးက သူကြီး…”
“ဟဲ့… ဘာကြီးဖြစ်နေနေ၊ ကိုယ်အမှားလုပ်မိတဲ့အခါ မှန်သူကို ရင်မဆိုင်ဝံ့တော့ဘူး၊ ကြောက်နေရော၊ ဒါဟာ တရားသဘောပဲ….”
“ကျွန်တော် နားမလည်ပါဘူး အဖေရာ…”
“အေး ငါ့သား၊ ကြီးတော့ နားလည်ပါလိမ့်မယ်”
ထိုအချိန်၌ ကျွန်တော်သည် ဘိုးကိုသာ သနားနေတော့သည်။ ဘိုးဖက်က ဘယ်သူမျှ ကူညီမည့်သူလည်း မရှိပါလား၊ သည်အမယ်ကြီး ကို လာတားခြင်း၊ ဆွဲငင်ခြင်းလည်း မည်သူမျှ မပြုကြ။ အကယ်၍ အခြား အိမ်၌သာ ဤသို့ ဖြစ်နေပါမူ ဘိုးကိုယ်တိုင် သွားရောက် စီစဉ် ဖျန်ဖြေချေမည်။
စင်စစ်တော့ သူကြီးဦးအောင်ဒွန်း၏ မတရားပြုမှုကို တစ်ရွာလုံးက မုန်းတီးရွံရှာနေခြင်း ဖြစ်သည်။ ဖြစ်နိုင်လျှင် အမယ်ကြီးဖက်ကပင် အကူညီ ပေးကြဦးမည်။ သို့သော် ကူညီစရာ မလို၊ အမယ်ကြီးက အံ့ဖွယ်ကောင်းလောက်အောင်ပင် ဇွဲသတ္တိကြီးလှပါဘိ။ ဤနေ့ ပထမ နေ့က နံနက် ဝေလီဝေလင်းမှသည် ဆယ်နာရီခန့်အထိ ဆဲရေးကြိမ်းမောင်းပြီး ထမင်းဆာသောကြောင့် ပြန်သွားသည်။ နောက်နေ့ နံနက် ဝေလီဝေလင်း၌ ယမန်နေ့ကအတိုင်း ပြန်ရောက်လာပြီး ယမန်နေ့ကအတိုင်း ပြုမူပြန်တော့သည်။
အမယ်ကြီးသည် ဤသို့ချည်း မနက်တိုင်းလာလုပ်၏။
ပဉ္စမမြောက် ညနေခင်းဝယ် ဦးအောင်ဒွန်းနှင့် မချောဖြူတို့သည် ပစ္စည်းပစ္စယများကို လှည်းတစ်စီးနှင့် တင်၍ ထွက်ခွာ သွားကြတော့သည်။
ဤအခင်းဖြစ်နေချိန် ဘိုးအိမ်သို့ မသွားရန် ကျွန်တော့်အား တားမြစ်ထား၍ ယင်းညနေ လှည်းပေါ် ပစ္စည်းတွေ တင်နေတုန်းမှာ ဘိုးကို ကျွန်တော်နောက်ဆုံး မြင်လိုက်ရခြင်းပင် ဖြစ်သည်။ ထိုအချိန်၌ သူ့အား မည်သူကမျှလည်း လာ၍ နှုတ်မဆက်ကြချေ။
ရွာတွင် သူကြီးမရှိတော့ကြောင်း ကြားသိရသောအခါ၌ ဆယ်အိမ်ခေါင်းတွေ ခေါ်၍ ဖြစ်ပုံကို စစ်ဆေးမေးမြန်းပြီး ဦးအောင်ဒွန်းအား သူကြီးရာထူးမှ ချလိုက်ကာ နောက်ထပ် သူကြီးအသစ် ရွေးကောက်ပွဲ လုပ်လိုက်လေသည်။
ဦးအောင်ဒွန်းကား ဂုဏ်သိက္ခာ အဖတ်ဆယ် မရလောက်အောင် ကျဆင်းလေ၍ ရွာသို့ပြန်ပြီး မချဉ်းကပ်ရဲတော့ပေ။ သူ့အိမ်ကို သူ့အမယ်ကြီးနှင့် သမီးသားမက်တို့ ပြန်၍ နေကြသည်။
ဦးအောင်ဒွန်းသည် ဤမှ မကြာမီတွင် စိတ်ရော လူရော ပင်ပန်းဆင်းရဲလှစွာဖြင့် သေဆုံးသွားသည်ဟု ကြားသိရလေသည်။
သော်တာဆွေ (၁၉၁၉ – ၁၉၉၅)
ဤနေရာမှ တဆင့်ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment