Friday, 27 May 2011

များများဖတ် များများလေ့လာ များများလုပ်

ဖဆပလခေတ်၊ မြန်မာ့ဆိုရှယ်လစ်ခေတ်နဲ့ လက်ရှိခေတ်ဆိုတဲ့ ခေတ်သုံး ခေတ်ကို ဖြတ်သန်းလာခဲ့တဲ့ သတင်းစာသမားတစ်ယောက် အနေနဲ့ အခု ထုတ်ဝေနေတဲ့ ဂျာနယ်တွေနဲ့ လူငယ်ဂျာနယ် သမားတွေအပေါ် ဘယ်လိုမြင်သလဲဆိုတဲ့ မေးခွန်းကို မကြာခဏ အမေးခံရတယ်။
အကဲဖြတ်ခံချင်
ဒီခေတ် ဂျာနယ်လောကဟာ ရှေးခေတ်နဲ့ နှိုင်းယှဉ်ရင် တိုးတက်လာတယ်လို့ မြင်သလား၊ ဆုတ်ယုတ်သွားတယ်လို့ မြင်သလားဆိုတဲ့ မေးခွန်းမျိုးလည်း မေးတတ်ကြတယ်။ ဂျာနယ်တွေမှာ လက်တွေ့ဝင်ရောက် လုပ်ကိုင်နေတဲ့ လူငယ်လေးတွေက သူတို့ လုပ်ကိုင်နေတာတွေကို အကဲဖြတ်ံချင်တဲ့သဘောနဲ့ မေးကြတာပါ။ ဘယ်သူမဆို ကိုယ့်လုပ်ရပ်များအပေါ် ထင်မြင် သုံးသပ်ချက်ကို ကြားချင်သိချင်ကြတာက သဘာဝ မဟုတ်လား။ အဲဒါကြောင့် ဘယ်သူ မေးမေး စိတ်ထဲရှိတဲ့အတိုင်း ဖြေပါတယ်။ အများအမြင်နဲ့ တူတာရှိသလို မတူတာလည်း ရှိပါလိမ့်မယ်။
အများဆုံးကာလ
လက်ရှိကာလမှာ သဗ္ဗရနံပေါင်းစုံ ဂျာနယ်တွေ ၁၇၀ လောက်ရှိပြီ။ အဲဒီထဲမှာ အပတ်စဉ်ထုတ် သတင်းစာလို့ ခေါ်ရမယ့် သတင်းဂျာနယ်ပေါင်း ခြောက်ဆယ်လောက်ရှိတယ်လို့ သိရတယ်။ ဒါဟာ မြန်မာ့စာနယ်ဇင်းသမိုင်းမှာ အရေအတွက်အားဖြင့် အများဆုံးကာလလို့ သတ်မှတ်နိုင်တယ်။ ဘယ်ခေတ် ဘယ်အခါကမှ ဒါလောက်များတဲ့ စောင်ရေတွေ မရှိခဲ့ဖူးတာ အမှန်ပဲ။ အရေအတွက်သာ များတာမဟုတ်ဘူး။ အရည်အသွေးအားဖြင့်လည်း အများကြီး တိုးတက်လာတယ်။ စက္ကူချောတွေနဲ့ ရောင်စုံပုံတွေနဲ့ ရှုချင်စဖွယ် ဖြစ်လာတ်။ ဂျာနယ်တချို့ဆိုရင် တစ်စောင်လုံးကို ရောင်စုံပုံတွေ ဝေေ၀ဆာဆာနဲ့ ရိုက်နှိပ် ထုတ်ဝေနိုင်ကြတယ်။
အရည်အချင်းလည်း တိုးတက်
အရေအတွက် များပြီး ပုံနှိပ် အရည်အသွေး တိုးတက်ကောင်းမွန်လာရုံသာ မကပါဘူး။ အရည်အချင်း အနေနဲ့လည်း အများကြီး တိုးတက်လာပါတယ်။ နိုင်ငံတကာ သတင်းဓာတ်ပုံတွေကို ဖြစ်ဖြစ်ချင်း ပူပူနွေးနွေး ချက်ချင်း ဖော်ပြပေးနိုင်တယ်။ ရှေးက ဒီလို မလုပ်နိုင်ဘူး။ သတင်းကိုသာ ကြေးနန်း သတင်းဌာနတွေနဲ့ ရေဒီယိုတွေကြောင့် ဒီနေ့ဖြစ် နက်ဖြန်ပါအောင် ထည့်နိုင်ပေမယ့် သတင်းဓာတ်ပုံကိုတော့ ဖော်ပြမပေးနိုင်ကြဘူး။ နှစ်ရက် သုံးရက် နောက်ကျပြီးမှ ဖော်ပြနိုင်ကြတယ်။ အခုတော့ ကွန်ပျူတာ အင်တာနက် ကျေးဇူးကြောင့် ကမ္ဘာကြီးပေါ်မှာ နေ့စဉ်ဖြစ်ပျက် နေသမျှကို အင်္ဂလန်က အမေရိကန်က သတင်းစာကြီးများနဲ့ တန်းတူ သတင်းရော၊ သတင်းဓာတ်ပုံတွေပါ ချက်ချင်း ဖော်ပြပေးနိုင်ကြပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်းစုံက အသံမျိုးစုံကိုလည်း ထည့်ပေးနိုင်တယ်။
မညံ့ပါဘူး
ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေသမျှ သတင်းတိုင်းကို ဒီနေ့ဖြစ် မနက်ဖြန်ထုတ် စာစောင်မှာပါအောင် ထည့်ပေးနိုင်ဖို့အတွက် ဂျာနယ်သမား လူငယ်တွေ နေ့မအိပ် ညမအိပ် ကြိုးစားနေကြတာ ချီးကျူးဖို့ ကောင်းပါတယ်။ ရှေးခေတ် သတင်းသမားတွေရဲ့ ကြိုးစားအားထုတ်မှုထက် မညံ့ပါဘူး။ တစ်ခုပဲ ရှိတယ်။ ပြည်တွင်းသတင်းတွေကျတော့ ကမ္ဘာ့သတင်းတွေလို ဒီနေ့ဖြစ် မနက်ဖြန်ပါအောင် မလုပ်နိုင်ကြသေးဘူး။ တစ်ပြည်လုံးအနှံ့ အင်တာနက် မသုံးနိုင်ကြသေးတာလည်း ပါမှာပေါ့လေ။ ဒီတစ်ချက်သာ တိုးတက်အောင် လုပ်နိုင်ရင် မြန်မာပြည်က သတင်းဂျာနယ်တွေဟာ အနည်းဆုံးအားဖြင့် အိမ်နီးချင်း နိုင်ငံတွေက သတင်းစာတွေနဲ့ ပခုံးချင်း ယှဉ်နိုင်စွမ်း ရှိလာမှာ သေချာပါတယ်။
စွမ်းရည်မြှင့်သင်တန်း
လူငယ် ဂျာနယ်သမားလေးတွေအတွက် စွမ်းရည်မြှင့်သင်တန်းတွေ မရှိတာကိုလည်း လူငယ်တွေက အားမလို အားမရဖြစ်ကြတယ်။ ဂျာနယ်သတင်းထောက်တွေ၊ အယ်ဒီတာတွေ၊ အယ်ဒီတာချုပ်တွေ အများကြီးနဲ့ နေ့စဉ် ထိတွေ့ဆက်ဆံရေတဲ့ အတွေ့အကြုံအရ ပြောရရင်တော့ အယ်ဒီတာနဲ့ အယ်ဒီတာချုပ်တွေအတွက် စွမ်းရည်မြှင့်သင်တန်း အရင်ဆုံး ဖွင့်ပေးသင့်တယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဂျာနယ်တွေ ဖတ်လိုက်တဲ့အခါတိုင်း အယ်ဒီတာရဲ့ လိုအပ်ချက်တွေ တစ်ပုံတစ်ခေါင်းကြီး နေ့စဉ် တွေ့နေရလို့ ဖြစ်တယ်။
ခေါင်းတပ်ပုံကအစ ပြောစရာ
ဂျာနယ် ကောက်ကိုင်လိုက်တာနဲ့ စာလုံး ကြီးကြီးတွေနဲ့ ဖော်ပြထားတဲ့ သတင်းခေါင်းကအစ ပြောစရာဖြစ်တယ်။ သတင်းခေါင်းဆိုတာ သတင်းတစ်ပုဒ်လုံး မဖတ်အားသေးချိန်မှာ ခေါင်းကို ဖတ်လိုက်တာနဲ့ တစ်ပုဒ်လုံး ခြုံငုံသိပြီးသွားစေလောက်အောင် ရှင်းလင်းပြတ်သားရမ်။ တိကျရမယ်။ တိုတိုနဲ့ ပြည့်စုံရမယ်။ ဒီနေ့ဂျာနယ်တွေမှာ တွေ့ရမြဲ သတင်းခေါင်းတွေက ရှည်လွန်း ဖောင်းပွလွန်းတယ်။ တချို့ဆို တစ်ကြောင်း နှစ်ကြောင်းမက၊ စာကြောင်း သုံး လေးကြောင်း ထိအောင် ရှည်တယ်။ ရှည်တဲ့ အထဲမှာ သည်းမခံနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့ စာကြောင်းခွဲပုံတွေ တွေ့ရသေးတယ်။
၂၀၀၉ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒ
မီ ဆုနှင်းသဘင် နေပြည်တော်
မြို့တော်ခန်း
မတွင် ကျင်းပ
ဆိုတဲ့ ခေါင်းတပ်ပုံကို ကြည့်ပါ။ စာလုံး ဖြတ်တောက်ပုံ စာကြောင်းခွဲခြားပုံ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာ တွေ့ရလိမ့်မယ်။
မတတ်တာလူသိ
အဲဒီ ခေါင်းတပ်ပုံ မြင်လိုက်တာနဲ့ အယ်ဒီတာဟာ အရည်အချင်းမရှိတဲ့ အယ်ဒီတာဆိုတာ ချက်ချင်း ကောက်ချက်ချလိုက်တယ်။ ကွန်ပျူတာ စာစီသမား မှားတာဖြစ်ဖြစ်၊ လေးအောက် ဒီဇိုင်းဆရာက နားမလည်တာဖြစ်ဖြစ်၊ စက်ပေါ်မတင်ခင် နောက်ဆုံး စစ်ဆေးကြည့်ရှုရမှာ အယ်ဒီတာဖြစ်တယ်။ တစ်လောက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို အင်တာဗျူးလုပ်ပြီး ပြန်ရေးကြတဲ့အခါ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ virus မရှိရဘူးဆိုတဲ့ အရေးအသားမျိုး နှစ်ကြိမ်၊ သုံးကြိမ် တွေ့လိုက်တယ်။ အသံဖမ်းစက်ထဲက ပြန်ကူးရေးတဲ့ သတင်းထောက်က biased မရှိရဘူးလို့ ပြောတာကို နားမလည်တော့ သူသိတဲ့ virus ထင်ပြီး ရေးချလိုက်တယ်။ biased ဆိုတာက ဘက်လိုက်တာကို ပြောတာ။ virus ဆိုတကာက ဗိုင်းရပ်ပိုးကို ပြောတာ။ သတင်းထောက်က မှားရေးလိုက်တာကို အယ်ဒီတာက မှားမှန်းမသိဘဲ ဒီအတိုင်း ထည့်လိုက်တော့ သတင်းထောက်ရော အယ်ဒီတာပါ မတတ်တာ လူသိသွားတာပေါ့။ ဘယ်လောက် ရှက်စရာကောင်းသလဲ။
ပါလေရာ ငါးပိချက်
မတတ်သာ မတတ်တာ ဂျာနယ်ထဲမှာတော့ အယ်ဒီတာချုပ်တို့၊ စီအီးအိုတို့၊ တာဝန်ခံ အယ်ဒီတာတို့ဆိုတာက တစ်ပြားမှ မလျှော့ဘူး။ ဟိုပွဲတက် အမှာစကားပြောလိုက်၊ ဒီပွဲတက် ကံစမ်းမဲ နှိုက်လိုက်နဲ့ ပါလေရာ ငါးပိချက် ဖြစ်နေကြတော့တယ်။ ဒီခေတ် နေရာတကာမှာ တွေ့ရတဲ့ အခက်ပေါင်းစုံထဲမှာ အခက်တကာ့ အခက်ဆုံးက ရှက်စရာကို ရှက်စရာလို့ မသိကြတဲ့ အခက်ပဲလို့ ထင်တယ်။ ဂျာနယ်တစ်စောင်ရဲ့ အယ်ဒီတာချုပ်ကြီး နာမည်ခံထားပြီးတော့ စီးပွားရေးသမားတစ်ယောက်ရဲ့ အရောင်းပြခန်း ဖွင့်ပွဲတက်ပြီး ကံစမ်းမဲနှိုက်ပေးတာ မသင့်တော်ဘူးဆိုတာ မသိဘူး။ စီးပွားရေးသမားနဲ့ ဒါလောက်ထိ ရင်းနှီးနေတော့ အဲဒီစီးပွားေ၇းသမားက မသမာမှုလုပ်ရင် သူက ဘာမှ မရေးဘဲ နှာစေးနေမှာပဲလို့ စာဖတ်ပရိသတ်က ကောက်ချက်ချထားမှာ သေချာတယ်။
အောက်သက်မကျေဘူး
အားတော့ အားနာတယ်။ ဒါပေမဲ့ စတုတ္ထမဏ္ဍိုင် မျက်နှာကို ထောက်ပြီး ပြောရတော့မှာပဲ။ အသက်နှစ်ဆယ်သာသာ သတင်းထောက်လေးတွေနဲ့ သတင်းထောက်မလေးတွေဆိုတာ မပြောနဲ့တော့။ အသက် လေး ငါးဆယ်အရွယ် အယ်ဒီတာကြီးတွေတောင်မှ လုပ်ငန်းပိုင်းမှာ အောက်သက်ကျေကြတာ မဟုတ်ဘူး။ တချို့ဆို သတင်းကို သတင်းနဲ့တူအောင် မရေးတတ်ဘူး။ သတင်းကို ဆောင်းပါးလို ရေးလိုရေး၊ ဆောင်းပါးကို သတင်းလို ရေးလို့ရေးနဲ့၊ ဆယ်စုနှစ်တစ်ခုလောက် အတွင်းမှာ မုဆိုးစိုင်သင် စမ်းတ၀ါးဝါး လုပ်ရင်းနဲ့ တိုးတက်လာတဲ့ လူငယ်လေးတွေတော့ ရှိပါတ်။ အဲဒီလို လူငယ်တွေ နှစ်ယောက် သုံးယောက်လောက်ရှိတဲ့ ဂျာနယ်တွေကတော့ ကြည့်လိုက်တာနဲ့ သိသာတယ်။ သတင်းဂျာနယ် ပီသကြတယ်။
သင်တန်းတက်စားသူ
လူငယ်တွေက သင်တန်း သိပ်တက်ချင်ကြတယ်။ နိုင်ငံခြားသင်တန်းဆို သိပ်သွားချင်ကြတယ်။ တကယ်ကျတော့ လက်တွေ့ အလုပ်ခွင်ဟာ အကောင်းဆုံး သင်တန်းပဲဆိုတာကို သဘောမပေါက်ကြလို့ သင်တန်း တက်ချင်ကြတာပါ။ အခုလက်ရှိ အခြေအနေမှာတောင် နိုင်ငံပေါင်းစုံက ရက်တိုရက်ရှည် သင်တန်းမျိုးစုံ သွားတက်ဖူးကြသူတွေ မနည်းတော့ပါဘူး။ ဒါပေမဲ့ ထူးထူးခြားခြား ချွန်ထွက်လာသူရယ်လို့တော့ တစ်ယောက်မှ မတွေ့ပါဘူး။ မှန်တာ ပြောရမယ်ဆိုရင် အဲဒီ သင်တန်းမျိုးစုံ သွားတက်ခဲ့သူ အတော်များများဟာ အကြောင်း အမျိုးမျိုးပြ၊ ဆိုင်းဘုတ် အမျိုးမျိုးကိုင်ပြီး ဘယ်လိုလုပ်စားရမယ်ဆိုတဲ့ အတတ်ကောင်း တတ်လာကြတာပဲ တွေ့ရတယ်။ အရင်ကတော့ အင်ဂျီအို လုပ်စားသူပဲ ရှိတယ်။ အခု “အီလစ်” တွေထဲမှာ သင်တန်းတက်စားသူ၊ အစည်းအဝေး တက်စားသူတွေတောင် အများကြီးပါပဲ။
သိစရာတွေ တစ်ပုံကြီး
ဂလိုဘယ်ခေတ်၊ အင်တာနက်ခေတ်မှာ လေ့လာ ဆည်းပူးစရာတွေ နည်းတာ မဟုတ်ဘူး။ စာနယ်ဇင်းသမား တစ်ယောက် အနေနဲ့ တစ်စွန်းတစ် သိထားတတ်ထားသင့်တာတွေ တစ်ပုံကြီးပဲ။ နိုင်ငံတကာ ဆက်ဆံရေးပညာလည်း သိထားသင့်တယ်။ အလုပ်သမား အခွင့်အရေးနဲ့ ဥပဒေတွေလည်း သိထားသင့်တယ်။ လူ့အခွင့်အရေးအကြောင်းလည်း သိထားရမယ်။ မြန်မာနိုင်ငံက တရားမဥပဒေ တချို့နဲ့ ရာဇ၀တ် ဥပဒေတချို့လည်း သိထားရမယ်။ အနိမ့်ဆုံးအားဖြင့် အသရေဖျက်မှု ဥပဒေနဲ့ ပုဒ်မ ၃၇၆ လောက်တော့ သိရမယ်။ လောင်းကစားဝိုင်း ဖမ်းတဲ့အခါ ဘယ်လိုဟာမှ လောင်းကစားမှု မြောက်တယ်ဆိုတာလည်း သိထားရမယ်။
များများဖတ် များများလုပ်
သင်တန်းဆိုတာက ဘယ်နိုင်ငံက ဘာသင်တန်းမဆို ယေဘုယျနဲ့ သဘောတရားလောက်သာ သင်ပေးနုင်တာဖြစ်တယ်။ လက်တွေ့လုပ်ငန်းခွင်ထဲက အသေးစိတ် ကိစ္စတွေ သင်ပေးနိုင်တာ မဟုတ်ဘူး။ အဲဒါကြောင့် သင်တန်းတွေကိုချည်း အားကိုး မနေစေချင်ဘူး။ ကိုယ်တိုင် အားထုတ်မှ တိုးတက်နိုင်တာပါ။ များများဖတ် များများလေ့လာပြီး ကိုယ်တိုင် များများလုပ်ပါလို့ တိုက်တွန်းချင်တယ်။ လက်တွေ့လုပ်ငန်းခွင်လောက် ကောင်းတဲ့သင်တန်း ဘယ်နိုင်ငံ ဘယ်ကျောင်းမှာမှ မရှိပါဘူး။
လူထုစိန်ဝင်း
၂၄.၁.၂၀၁၁
ပြည်သူ့ခေတ်၊ အတွဲ (၁)၊ အမှတ် (၃၀)
ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၁၁ ထုတ်
ဤနေရာမှ ကူးယူဖေါ်ပြပါသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes