Showing posts with label ၁၆။ အင်တာဗျူး. Show all posts
Showing posts with label ၁၆။ အင်တာဗျူး. Show all posts

Thursday, 4 October 2012

၂၀၁၅ ဟာ NLD အတွက် စိန်ခေါ်မှုကြီးလို့ ဆိုတဲ့ ဦးတင်ဦး

ပါတီညီလာခံ ကျင်းပရေးအတွက် ပဲခူးတိုင်းခရီးစဉ်တွင် တွေ့ရသော NLD နာယက ဦးတင်ဦး (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက တဦးဖြစ်သူ ဦးတင်ဦးကို ဧရာဝတီက စက်တင်ဘာလ အစောပိုင်းတွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၈၈ မျိုးဆက်ကျောင်း၊ ပြည်ပမှ ပြန်လာသူများနှင့် NLD ၏ ဆက်ဆံရေး အနေအထား၊ NLD နှင့် စီးပွားရေးမူဝါဒ၊ လွှတ်တော်တွင်းမှ NLD ၏ အခြေအနေ ၂၀၁၅ အတွက် NLD ၏ ပြင်ဆင်ချက်၊ မျှော်လင့်ချက်များကို ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်၊ ဧရာဝတီ သတင်းထောက် ကျော်ခတို့က ဦးတင်ဦးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း
အရေးအခင်းအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဖမ်းဆီးခံခဲ့ရကာ ၇ နှစ်နီးပါး ထိန်းသိမ်း ခံခဲ့ရသူ ဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တဦးလည်း ဖြစ်သည်။
မေး ။     ။ ပြည်ပက ပြန်လာတဲ့သူတွေ ရှိတယ်။ မကြာခင်ကပဲ ကိုသောင်းထွန်းတို့၊ ကိုမိုးသီးဇွန်တို့ တွေ့ကြတယ်။ နောက် ၈၈ မျိုးဆက်အုပ်စုရှိတယ်။ သူတို့တွေဆိုရင် လွန်ခဲ့တဲ့ NLD စဖွဲ့ကတည်းက အဖွဲ့ဝင်တွေ မဟုတ်သော်လည်းပဲ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသုက္ခတွေ ရောက်ခဲ့တဲ့ကာလတွေမှာ စိန်ခေါ်မှုကာလတွေမှာ NLD ကို အမြဲတမ်း ၀န်းရံကြ၊ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြ ဆိုတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် အခုလိုပွင့်လာတဲ့ NLD ဘယ်လိုလဲလို့ ဝေဖန်ကြတာတွေ ရှိတယ်။ အခုကာလမှာ သူတို့တွေရဲ့ အားကို ဘယ်လို ယုံကြည်ပြီး သုံးမှာလဲ။

ဖြေ ။     ။ ကျနော်တို့သဘောထားက NLD ထောင်လာနိုင်တယ်ဆိုတာ ဒီ ၈၈ က ကျောင်းသားစုတွေရဲ့ ကိုယ်ကျိုးစွန့် သက်စွန့်ကြိုးပမ်းမှုကနေ ရလာတာ ဖြစ်တယ်လို့ ကျနော်တို့ လက်ခံထားတယ်။ ဒီနေ့၊ ဒီရက်တွေထဲမှာ အခုသူတို့လည်းပဲ သွားလာလုပ်ကိုင်နေတဲ့ အပိုင်းမှာ အဖွဲ့အစည်းလို ပါတီမဖွဲ့ဘူးပေါ့။ အခုလို ငြိမ်းချမ်းရေးအတွက် ဆိုပြီး သွားတယ်။ သူတို့ တပြည်လုံးသွားတယ်။ တပြည်လုံးက အားလုံးကို ချစ်ကြည်ရင်းနှီးစွာ လက်ခံကြတယ်။
ကျနော်တို့ကတော့ NLD အခု ညီလာခံ ကျင်းပဖို့အတွက် NLD ပါဝင်တဲ့ပုဂ္ဂိုလ်တွေ လာချင်တယ်ဆိုရင်လည်း ကျနော်တို့ ဖွင့်ထားတယ်ပေါ့။ လာကြပေါ့။ မလာဘဲနေပြီးတော့ သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် သူတို့ဟာသူတို့ သီးခြားလုပ်ချင်တယ်ဆိုလဲ ဒါ သူတို့ရဲ့ Right လေ။ အခု ၈၈ မျိုးဆက်လုပ်နေတဲ့ အပိုင်းမှာတော့ ဒီနေ့လုပ်ကိုင်တဲ့ အားလုံးသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ပြည်သူလူထုထဲမှာ ၀င်ပြီးတော့ မှန်မှန်ကန်ကန် လုပ်နေတဲ့ဟာသည် ဘာမှ အငြင်းပွားစရာ မရှိဘူး။
မေး ။     ။ ၈၈ မျိုးဆက်အုပ်စုတို့၊ ကိုကိုကြီးတို့က NLD ၀င်လာမယ်ဆိုရင်ရော ၀င်လာလို့ ရမလား။
ဖြေ ။     ။ ရတယ်။ အချိန်မရွေး ၀င်လာလို့ ရတယ်။ NLD ၀င်လာမယ်ဆိုရင် လက်ခံတယ်။ သူတို့တင် မဟုတ်ဘူး။ ဟိုနေ့ကလာတဲ့ သူတွေ (ပြည်တော်ပြန်များ) ကိုလည်း ကျနော့်ကို မေးတယ်။ ကျနော် ကောင်းကောင်း ပြောလိုက်ပါတယ်။ သူတို့စိတ်ထဲမှာ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ နားလည်တာမှ ကောင်းကောင်း နားလည်တယ်။ ဘာလဲဆိုတော့ ဒီပုဂ္ဂိုလ်တွေသည် နိုင်ငံခြားကို သွားရတာဟာ သွားချင်လို့ သွားတာမဟုတ်ဘူး။ ဒီမှာ သူတို့ဆောင်ရွက်ချင်တဲ့ ကိစ္စအ၀၀ကို ဒီမှာ လုပ်တာ အန္တရာယ်ရှိကောင်း ရှိမယ်။ သူတို့ ဒီမှာလုပ်တာထက် ဒီထက်လုပ်လို့ကောင်းတဲ့ နေရာရှိရင်ရှိမယ်။ သူတို့သွားတာ သူတို့စေတနာသည် စေတနာအမှန် ရှိတယ်ဆိုတာကိုတော့ ကျနော်တို့က သိပြီးသား လက်ခံပြီးသား။ သူတို့သွားပြီး လုပ်ကိုင်နေတဲ့အတွက် ဟိုမှာ တော်တော့်ကို ကြိုးစားပမ်းစား ဆင်းဆင်းရဲရဲ လုပ်ရတယ်။ သူများနိုင်ငံမှာ လုပ်တယ်ဆိုတာက အင်မတန် ဆင်းရဲပါတယ်။ မျက်နှာငယ်ပါတယ်။ နိုင်ငံခြားသွားတဲ့အခါတိုင်းမှာ ဒါတောင်ကျနော်တို့ အရှိန်အ၀ါနဲ့ သွားတာတောင် ဆက်ဆံရေးမှာ သိပ်ပြီးတော့ ဘ၀င်ကျတာတွေ မရှိပါဘူး။ အဲတော့ ဒီလို ပုဂ္ဂိုလ်မျိုးတွေဆို ကျနော် သဘောပေါက်တယ်။ ခင်ဗျားတို့ လုပ်ကိုင်တဲ့အခါ အတွေ့အကြုံ ပညာအရည်အချင်း တချို့လည်း ဟိုမှာ ပညာသင်ကြားတာတွေ ရှိမယ်။ ဒါတွေ အားလုံးဟာ ပြန်လာပြီးတော့ အသုံးချမယ်ဆိုရင် အသုံးချလို့ ရတယ်။ NLD ထဲမှာ လာမယ်ဆိုရင်လည်းလာ။ သို့သော် ဒီမိုကရေစီရအောင် သူတို့လုပ်ချင်တယ် ဆိုရင်လည်း လုပ်။ လုပ်ခွင့်ရှိတာပေါ့။
မေး ။     ။ NLD ပါတီက သူတို့ကို ကမ်းလှမ်းတာတွေ၊ စကားပြောတာတွေ ရှိခဲ့ဖူးလား၊ ကိုကိုကြီးတို့ အုပ်စုတွေ၊ အပြင်က အုပ်စုတွေနဲ့။
ဖြေ ။     ။ အခုအချိန်နဲ့ ပတ်သက်ပြီးတော့ ကိုကိုကြီးနဲ့ မင်းကိုနိုင်ကတော့ NLD ၀င်မယ် ပြုမယ်ဘာမယ်၊ ဒါကတော့ မသိသေးဘူး။ ဒါကတော့ မကြားမိသေးဘူး။ ဒါကတော့ သူတို့လည်း မပြောဘူး ကျနော်တို့လည်း မပြောဘူး။ သို့သော် သူတို့ အခုရောက်ခါစမှာ ရှိနေတဲ့ NLD နဲ့ပတ်သက်တဲ့ လုပ်ကြောင်း အားလုံး ပင်ပန်းခံပြီးတော့ သူတို့ လုပ်ခဲ့တာကြောင့်မို့လို့ အဲဒီအပေါ်မှာ လေးစားတဲ့ အနေနဲ့ ၀ိုင်းဝန်းပြီးတော့ ရောက်တဲ့နေရာမှာ NLD ရှိတဲ့အနေထားက လူတွေနဲ့ပေါင်းစပ်ပြီးတော့ တပေါင်းတည်း လုပ်ကူနေတဲ့ဟာတွေတော့ ကျနော်တို့ ဒါရှိနေတာတော့ အမှန်ပဲ။ နယ်တွေမှာတော့ သွားပြီးလုပ်နေတာတော့ အမှန်ပဲ။
မေး ။     ။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်၊ အန်ကယ်အပါအ၀င် အပြင်က လူတွေ၊ အဖွဲ့အစည်းတွေအပေါ်မှာ အန်ကယ်တို့ ဘယ်လို သဘောထားရှိလဲ။
ဖြေ ။     ။ ကျနော်တို့ ဆောင်ရွက်နေတဲ့ ကိစ္စရပ် အ၀၀ကို ၀ိုင်းဝန်းဆောင်ရွက်မယ့် ဆိုတဲ့အနေအထားနဲ့ လာခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ တကယ်စစ်မှန်တယ်ဆိုရင်၊ ယုံကြည်သေးတယ်ဆိုရင်ဖြင့် ကျနော်တို့အဖွဲ့က Welcome လုပ်တယ်။ ကျနော်တို့ကတော့ ခင်ဗျားတို့လာမယ်ဆိုရင် ခင်ဗျားတို့အားကို အများကြီးမျှော်ကိုးတယ်။ ခင်ဗျားတို့က အတွေ့အကြုံတွေ အများကြီး ရှိတယ်။ လူလတ်ပိုင်းတွေ တော်တော်များတယ်။ လုပ်ပေးမယ်ဆိုရင် ကျနော်တို့က Welcome ။ ဒါနဲ့ ပတ်သက်ပြီး အားလုံးကို ကျနော်တို့က နောက်ဆက်လာမယ့် ပုံသဏ္ဍန်အနေထားမှာတော့ ရှိတော့မှာ မဟုတ်ဘူးလေ။ နောက်ကျန်မယ့်လူနဲ့ ဆက်လုပ်မယ့်အပိုင်းမှာ လုပ်နိုင်တဲ့အတိုင်းအတာတွေရှိရင် လုပ်ကြ၊ လုပ်ပေးကြပေါ့။ မပစ်ပယ်ဘူး။
မေး ။     ။ ဒီနေ့ တိုင်းပြည်မှာ ဆင်းရဲချမ်းသာပဲ ရှိတယ်။ ကြားမှာ အလယ်အလတ် မရှိဘူး။ ဆိုတော့ အဲဒီလို တိုင်းသူ ပြည်သားတွေရဲ့ ဖူလုံရေး၊ စီးပွားရေးအရ NLD က ဘယ်လောက်ပြင်ထားလဲ။
ဖြေ ။     ။ ကျနော်တို့ရဲ့ စီးပွားရေး ပေါ်လစီနဲ့ပတ်သက်တဲ့ Economic Statement တခု ကျယ်ကျယ်ကြီးကို ထုတ်ပြန်ထားတာ ရှိပါတယ်။ အဲဒီမှာ ရေးသားပြီးပြီ။ အခု အိုဘားမာက Sanction တနှစ်လျှော့ပေးတယ်။ ဒီ Sanction ကို Lift လုပ်တော့မယ့် သဘောဘဲ။ တနှစ်ပြောပြော၊ နှစ်နှစ်ပြောပြော စပြီး လုပ်တယ်ဆိုရင်တော့ ဒါ လုပ်တာပဲ။ သူတို့မှာ တခုရှိတာက ဒါပြင်ထားတာသည် ကွန်ဂရက်က ပြင်ထားတာဖြစ်တဲ့အတွက် ကွန်ဂရက်ကို သဘောထားယူရမှာ ဖြစ်တယ်။ ကျနော်တို့ကတော့ စီးပွားရေးနဲ့ ပတ်သက်တာ အားလုံးကို Investment လုပ်မယ်၊ နောက်ပြီး Business လာမယ်။ ဘာမှ ကျနော်တို့ ပြောစရာ မလိုဘူး။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ဘာမှ မကန့်ကွက်ဘူး။
မေး ။     ။ လွှတ်တော်ထဲ NLD ပါတီရဲ့ အခြေအနေက ဘယ်လိုလဲ။ အားရလား။
ဖြေ ။     ။ ကျနော်တို့ကတော့ လွှတ်တော်ထဲမှာ အတားအဆီး မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားကတော့ သူဟာ သမ္မတကြီးနဲ့ အလုပ်လုပ်လို့ ရတယ်၊ ဒါပေမယ့် ဒီနေ့အထိ အစိုးရနဲ့ အလုပ်လုပ်လို့ ရတယ်လို့တော့ မပြောသေးဘူး။ ဒီလိုတော့ ရှိသေးတာပေါ့။ သို့သော် အခု လောလောဆယ်လုပ်နေတဲ့ Process မှာတော့ ကျနော်တို့ တင်ခွင့်ရှိတယ်၊ ပြောခွင့် ဆိုခွင့်ရှိတယ်၊ လူပ်ရှားခွင့် ရှိတယ်။ သူ့ကို ရေးရာကော်မတီ အဓိကပေးတယ်။ ဆိုတော့ ဒါနဲ့ပတ်သက်တဲ့အပိုင်းမှာ ပွင့်လင်းမယ့် သဘောဆောင်တယ်။
မေး ။     ။ နိုင်ငံရေး လေ့လာသူတွေကြားထဲမှာ သုံးပွင့်ဆိုင်လို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းရယ်၊ သမ္မတကြီး ဦးသိန်းစိန်ရယ်၊ ဒီ ၃ ယောက်ရဲ့ ဒိုင်ယာလော့ဂ်က တိုင်းပြည်ရဲ့ Stabality … အဲဒီ ၃ ယောက်က အရေးကြီးတယ်လို့ ပြောတယ်။
ဖြေ ။     ။ ကျနော်တို့ မြင်နေရတာကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စနဲ့ ပတ်သက်တာက မဏ္ဍိုင်ပြုပြီးတော့ ပိုမိုညှိနှိုင်းဖြေရှင်းအောင် လုပ်နိုင်မလားဆိုတဲ့ အတွေးအခေါ်တခုကတော့ ဒီလိုရှိတယ်။
မေး ။     ။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက နိုင်ခဲ့တယ်။ ဆိုတော့ သဘောက ၂၀၁၅ မှာ NLD ပါတီက နိုင်ဖို့သေချာပြီလား။
ဖြေ ။     ။ ဒီလိုပြောလို့ မရသေးဘူး။
မေး ။     ။ ဘာကြောင့်လဲ။
ဖြေ ။     ။ ပြည်ခိုင်ဖြိုးပါတီက ဘာကြောင့်လူတွေက သူတို့ကိုမုန်းတယ်ဆိုတာ သူတို့လည်း သူတို့ဟာသူတို့  အကြောင်းရှာပြီးတော့ လာမယ့်ရွေးကောက်ပွဲအတွက် ဘာလုပ်ရမလဲဆိုတာ သူတို့လည်း စဉ်းစားမှာပေါ့။ ဒါက လူ့သဘာဝပဲ။ ကျနော်ရှုံးနေတယ်။ ဘာကြောင့် ရှုံးတာလဲ စဉ်းစားရမှာပဲ။ ငါ့ကို သဘောမကျတာ ဘာတွေလဲ။ အဓိပ္ပာယ်က ဒါနဲ့ပတ်သက်တဲ့အပိုင်းမှာ လူတွေပေါ်မှာ ငါတို့ဟာ ပိုပြီးတော့ မလျော်သြဇာတွေ သုံးနေတာလား၊ အနိုင်ကျင့်နေတာလား၊ လက်နဲ့ အနိုင်ကျင့်တာလား၊ ဒါမှမဟုတ် စီးပွားရေးနဲ့ အနိုင်ကျင့်လား။ ဆိုပါစို့ လယ်ယာတွေနဲ့ ပတ်သက်လို့ မတရားသိမ်းလို့ လူတွေက မကျေနပ်ဖြစ်တာလား။ သူတို့ဟာ သူတို့လည်း ပြန်ပြီးတော့ ရှာဖို့ အချိန်တွေ ရှိတယ်။ အဲဒါကြောင့်မို့ သူတို့လည်း ရှာနိုင်သမျှ ရှာဖို့လိုတယ်။ ကုစားရမယ်။
သို့သော် တခုတော့ ရှိတယ်။ ကျနော်တို့နဲ့ ပတ်သက်လို့ သူတို့နဲ့ယှဉ်ရင် သူတို့ဟာ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် အာလုံးမှာ အများကြီး တောင့်တဲ့အတွက် သူတို့က ငွေရေးကြေးရေးနဲ့ သုံးမှာဖြစ်တဲ့အတွက် မသိနားမလည်တဲ့ သူများတွေအပေါ်မှာလည်း ဒီအကြောင်းပြုပြီးတော့ လုပ်ငန်းပြ စည်းရုံးထားပြီး အဲဒီစည်းရုံးရေး အင်းအားစုကို ရအောင်ယူဖို့ သူတို့ကြိုးစားမယ်။ ဒါတွေကတော့ ရှိမှာပဲ။ ဒါကြောင့်မို့ ကျနော်တို့က ကြိုးစားရမယ်။ နိုင်အောင်တော့ လုပ်မှာပဲ။ တခုရှိတာက အရင်တုန်းက ကျနော်တို့ ယှဉ်ပြိုင်ရတယ်ဆိုတာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းနဲ့ပဲ လုပ်ရတာ။ တပါတီပဲ။ အခုက များလာပြီ။ ဒါကို ပြိုင်ရမယ့်နေရာမှာ ကျနော်တို့ဟာ ရှိသမျှခွန်အားကို သေချာစည်းရုံးပြီးတော့ လုပ်ငန်းပြပြီးတော့ လုပ်နိုင်မှ။ အရင်တုန်းက ပြနေတဲ့ နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်တာလေး၊ ဥပဒေနဲ့ပတ်သက်လို့ ကာကွယ်ပေးတာ အဲလောက်နဲ့ မရဘူး။
မေး ။     ။ ပြောချင်တာက ၂၀၁၅ က NLD အတွက် တကယ့် စိန်ခေါ်မှုကြီး  ဆိုပါတော့။
ဖြေ ။     ။ ဒါပေါ့။ စိန်ခေါ်မှုကြီး။
မေး ။     ။ NLD ပါတီကို နှစ်ပေါင်း၂၀ လောက် ခေါင်းဆောင်လုပ်ခဲ့တဲ့ အန်ကယ့်မှာ သံသယသံလေးတွေကြား နေရသလိုပဲ။
ဖြေ ။     ။ သံသယတောင် မဟုတ်ဘူး။ ဆဲနေတာ။ အဲဒီတော့ အရေထူတယ်။ ကျနော်က ပြန်မေးချင်တာက အဲဒီဆဲတဲ့ကောင် မင်းရော ဘယ်လောက်လုပ်လို့လဲလို့ မေးလိုက်မယ် တခွန်းတည်းပေါ့။ ကျနော်မမေးပါဘူး။ ကျနော် ပြောလိုက်တယ် မင်းတို့ ဘယ်လောက်ပြောပြော တံခါးဖွင့်ထားတယ်။ မင်းတို့လာခဲ့ကြ။
မေး ။     ။ ၂၀၁၅ အတွက် အန်ကယ်တို့ ဘာတွေ ပြင်ထားလဲ။
ဖြေ ။     ။ အခု အခြေခံအားဖြင့် အဖွဲ့အစည်းနဲ့ ပတ်သက်လို့ ဒီမိုကရေစီရအောင် ဒီမိုကရေစီနဲ့ ညီတဲ့ အဖွဲ့အစည်းတခု လူထုလက်ခံနိုင်အောင် အဲဒါကို ကျနော်တို့ ရနိုင်သမျှ တည်ဆောက်ပြီးတော့ လူထုထဲဝင်နိုင်သမျှ ၀င်အောင်လုပ်မယ်ဆိုတဲ့ သဘောပေါ့။ အလုပ်တွေကတော့ အများကြီးပဲ။
ပြည်နယ် တိုင်းကလူတွေကိုပါ ကျနော်တို့က ပညာတိုးပွားအောင် ကြိုးစားလုပ်ပေးပြီးတော့ တချို့ဒီထဲကနေပြီးတော့ တော်တဲ့သူတွေကို ကျနော်တို့က လွှတ်လွှတ်ပြီးတော့ ပညာသင်ပို့တယ်။ နောက် ဒီမှာလည်း Workshop တွေ လုပ်တယ်။ တခါတလေ တခြားနေရာတွေမှာ လုပ်တယ်။ သူတို့ကို ပညာပေးတယ်။ လာမယ့်နှစ်မှာ သူတို့လည်း ထိုက်သင့်အားလျှော်စွာ ပါဝင်နိုင်အောင် ကျနော်တို့က ပေးနေတာတွေ အများကြီး ရှိတယ်။ အဲတော့ ဒီဟာက တခါတည်းနဲ့ မပြီးဘူး။
သူတို့ကို သူတို့ကလည်း လာမယ့်နှစ်မှာ လုပ်နိုင်အောင်ဆိုပြီးတော့ လူငယ်တွေကို ဖွင့်ပေးလိုက်ပြီးတော့ အဲဒီလူငယ်တွေ များများလာနိုင်အောင် အခုက သင်တန်းတွေပေး၊ လွှတ်တဲ့သူလွှတ်။ အခုလည်းပဲ ကျနော် အမှန်အတိုင်းပြောမယ်၊ ဒါတွေပြီးသွားရင် လူငယ်ညီလာခံ လုပ်မှာဘဲ။ ညီလာခံလုပ်တဲ့အခါ သူတို့က အထူးခြားဆုံး အဖွဲ့အစည်းတွေနဲ့ လူငယ်တွေက ပါဝါဖြစ်တဲ့အတွက်ကြောင်မို့ အခု အခြေခံညီလာခံ လုပ်တဲ့အထဲမှာ အမျိုးသမီးကတော့ ကျနော်တို့အမျိုးသားနဲ့ အတူတကွ တပေါင်းတည်း လုပ်ကြတာ။ သို့သော် လူငယ်လို့ သတ်သတ်သီးခြားဖွဲ့ပြီးတော့ သူတို့ကို ညီလာခံ ကျင်းပနိုင်အောင် သူတို့ဟာသူတို့ လုပ်နိုင်အောင် ကျနော်တို့က စည်းမျဉ်းတွေ ချပေးမယ်။
မေး ။     ။ NLD ပါတီက Instituional building ကို သွားနေတယ်လို့ ကျနော်တို့ နားလည်တယ်။ အရင်က NLD ပါတီသည် လူပုဂ္ဂိုလ် တဦးတယောက်ကို သွားတယ်။ ဒေါ်အောင်ဆန်းစုကြည် မရှိရင် NLD ပါတီဟာ မရှိဘူးဆိုပြီးတော့ ပြောကြတာရှိတယ်။ အဲဒါတာတွေကို ဘယ်လို ပြင်ကြမှာလဲ။
ဖြေ ။     ။ အခုလည်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောပေါက်တဲ့အတွက် သူ့နေရာမှာ ၀င်ပြီး လာပြီး လုပ်ကိုင်နိုင်မယ့် သူနဲ့ပတ်သက်ပြီး အခြေအနေ ဖန်တီးဖို့အတွက် သူ့ခေါင်းထဲမှာ ရှိတယ်။ သူစဉ်းစားထားတယ်။ ကျနော်တို့လည်း စဉ်းစားထားတယ်။ အဲဒါကြောင့်မို့လို့ Personality နဲ့ လုပ်တဲ့ Politics က မမြဲပါဘူး။ ခင်ဗျား ယူဂိုစလပ်နဲ့ပတ်သက်ပြီး မာရှယ် တီးတိုး ရှိတုန်းက ကွန်မြူနစ်ပါတီတခုလုံး စည်းလုံးတယ်။ တီးတိုးလည်း သေရော ကွဲတာပဲ။ မော်စီတုန်း သေတဲ့အခါ အခု ပြဿနာတွေ အများကြီးပေါ်တာပဲ။ One party rule ပဲ။ တယောက်တည်းကိုင်တာ။ ကျနော်တို့ သဘောပေါက်ပြီးသားပဲ။ ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စနဲ့ပတ်သက်ပြီး လူငယ်တွေကို သိပ်ပြီး ပညာပေးနေတာ၊ လူငယ်တွေကို မွေးထုတ်ပေးနေတာ။ အခုမွေးထုတ်နေတာမှာ သူကျေနပ်ရလောက်အောင် သူမွေးထုတ်နေတာပဲ။ ဒါပဲ။
မေး ။     ။ ဒေါ်အောင်ဆန်းစုကြည် လွတ်ခါစက သူမှတ်မှတ်ရရ ပြောတဲ့စကားတခွန်း ရှိတယ်။ ပြည်သူတွေရဲ့ အသံကို နားထောင်မယ်တဲ့။ ခေါင်းဆောင်ကောင်း တယောက်အနေနဲ့ဆိုရင် သူက ပြည်သူ့အသံကို အခုအချိန်အထိ နားထောင်နေတုန်းပဲလား။ ပြည်သူ့အသံကို နားထောင်နိုင်မယ့် အင်အားရှိရဲ့လား။
ဖြေ ။     ။ နားထောင်တယ်။ နားထောင်တဲ့ အင်အားလည်း ရှိပါတယ်။ ခင်ဗျားကြည့်လေ အပြင်မှာ သွားတာနဲ့ ပတ်သက်လို့ သူ့ကို လက်ခံကြတယ်ဆိုတာက သာမန်ခေါင်းဆောင် တယောက်အနေနဲ့ လက်ခံတာမှ မဟုတ်ဘဲကိုး။
မေး ။     ။ ၂၀၁၅ မှာ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီနိုင်ခဲ့မယ်ဆိုရင် တိုင်းပြည်ကို ခေါင်းဆောင်နိုင်မယ်လို့၊ အုပ်ချုပ်နိုင်မယ်လို့ အန်ကယ်တို့ ယုံကြည်လား။
ဖြေ ။     ။ ၀ိုင်းပြီး ကူညီခြင်းအားဖြင့် ခေါင်းဆောင်ကောင်း ဖြစ်အောင်တော့ ကျနော်ပြောမယ် သူဟာ တချိန်သောအခါမှာ ဒီမှာရှိတဲ့ စစ်တပ်တခုလုံးသည် သူမကိုယုံကြည်အားကိုးသော တပ်မတော်တခုအထိ ရောက်ရှိလာမယ်ဆိုတာကို ကျနော်ယုံတယ်။     ။
ဧရာဝတီ

Monday, 18 June 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆု မယူမီ စီအင်န်အင်န်ရုပ်သံမှ ခရစ္စတီးအာမန်ပူးက ကိုင်ရိုမြို့မှနေ၍ မေးမြန်းမှုများမှ ကောက်နုတ်ချက်

နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ငြိမ်းချမ်းရေး နိုဗယ်ဆု လက်ခံရယူရန် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်ပွဲ မပြုလုပ်မီ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် သမ္မတရွေးကောက်ပွဲသတင်း တင်ဆက်ရန် ရောက်ရှိနေသော စီအင်န်အင်န်ရုပ်သံမှ ခရစ္စတီးအာမန်ပူးက မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ယင်းအနက်မေးမြန်းမှုအချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

နိုဘယ်ငြိမ်းချမ်းရေး ဆုယူသည့်အခါ ပြောကြားမည့် မိန့်ခွန်း၏ အဓိကအကြောင်းအရာ၊ သတင်းစကားတို့ကိုအာမန်ပူးက မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က နိုဘယ်ငြိမ်းချမ်းရေးဆု အကြောင်းနှင့် သူမအတွက် ' ငြိမ်းချမ်းရေး'ဆိုသည့် သဘောထားတို့ကို အဓိက ပြောကြားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ''ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကျွန်မသဘောထားက ငြိမ်းချမ်းရေးကို မြန်မာလို အဓိပ္ပာယ်ဖွင့်ဆိုမှုအပေါ်မှာ အခြေခံထားပါတယ်။ ဒီကမ္ဘာမှာ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတဲ့ မကောင်းမှုအားလုံးကို ဖယ်ရှားရပါမယ်။ ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ အဆုံးသတ်သွားရုံတင် မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ခွဲခြားဆက်ဆံရမှု၊ မညီမျမှု၊ ဆင်းရဲမွဲတေမှုလို တခြားအချက်တွေအားလုံးကိုပါ အဆုံးသတ်ရမှာပါ''ဟု ပြောကြားခဲ့သည်။

မိမိကိုယ်ကို အနာဂတ် မြန်မာ့ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ပါသလားဟု အာမန်ပူးက မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ယင်းမေးခွန်းမှာ မြန်မာပြည်သူများက ပထမဆုံး ဖြေဆိုရမည့်မေးခွန်းဟု ထင်မြင်ကြောင်း၊ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားမှုအရ မိမိ အနေဖြင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦး မဖြစ်လာနိုင်ကြောင်း၊ ထိုအတွက် လောလောဆယ်တွင် မိမိအနေဖြင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ခြင်း ရှိ၊ မရှိကို ခန့်မှန်းရမည့်အစား မိမိတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ဆုံး မည်သို့ပြင်ဆင်မည်ကိုသာ ဆွေးနွေးရမည်ဖြစ် ကြောင်း ဖြေကြားခဲ့သည်။

အာမန်ပူးက ဒေါ်အောင်ဆန်းစုကြည်အား ''ကျွန်မ ရှင့်ကို ပုဂ္ဂိုလ်ရေး မေးခွန်းတစ်ချို့ မေးလို့ရမလား။ ရှင်ဟာ နိုင်ငံနဲ့ပြည်သူတွေအတွက် အများကြီး စွန့်လွှတ်ခဲ့ရတယ်။ အများကြီး ပေးဆပ်ခဲ့ရတယ်။ ခင်ပွန်းဖြစ်သူကိုလည်း မကွယ်လွန်မီ သွား မတွေ့နိုင်ဘူး။ သားသမီးတွေနဲ့လည်း ကာလအကြာကြီး ခွဲနေခဲ့ရတယ်။ ရှင် အကျယ်ချုပ်နဲ့ နေနေရတဲ့ကာလလို အရေးကြီးတဲ့အချိန်မှာ ဒီလိုအခြေအနေတွေက ဘယ်လိုသက်ရောက်မှုတွေရှိသလဲဆိုတာကို ပြောပြလို့ရမလား''ဟု မေးမြန်းခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မဟာ ကျွန်မ အိမ်မှာထက် အများကြီးပိုဆိုးတဲ့ အခြေအနေတွေရှိတဲ့ အကျဉ်းထောင်မှာ နေရတဲ့ကျန်တဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်အများစုတွေထက် ကံကောင်းတယ်လို့ ကျွန်မအမြဲတမ်း စဉ်းစားပါတယ်။ ပြီးတော့ ကျွန်မရဲ့မိသားစုဟာ လွတ်လပ်ပြီး ဒီမိုကရက်တစ်ကျတဲ့ နိုင်ငံ တစ်နိုင်ငံမှာ ကျွန်မနဲ့ခွဲပြီး နေနေရပေမယ့်လည်း ကျွန်မလုပ်ဖော်ကိုင်ဖက်တွေရဲ့ မိသားစုတွေက အမြဲတမ်း အန္တရာယ်တွေနဲ့ နေနေကြရတယ်ဆိုတာ ကျွန်မအမြဲတမ်း စဉ်းစားပါတယ်'' ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်ပြီး အာမန်ပူးက မွတ်စလင်လူနည်းစု နိုင်ငံသားဖြစ်ခွင့်ရရှိရန် လိုအပ်နေမှုအပေါ် မည်ကဲ့သို့ရှုမြင်ကြောင်း မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ယင်းပဋိပက္ခများသည် မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးမှု အရေးတကြီး လိုအပ်နေကြောင်း သက်သေပြခဲ့သည်ဟု ထင်မြင်ကြောင်း၊ ဥပဒေစိုးမိုးမှုရှိခဲ့လျှင်၊  နိုင်ငံသားများကို မည်ကဲ့သို့ ပြုမူဆက်ဆံရမည်ကို ရှင်းလင်းသည့် ချဉ်းကပ်မှုနှင့် နိုင်ငံသား အခွင့်အရေးများနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဖွင့်ဆိုမှုများရှိခဲ့လျှင်၊ နိုင်ငံသား တို့၏ အခွင့်အရေးများကို ကာကွယ်မှုများရှိခဲ့လျှင် ထိုပြဿနာအားလုံးကို ဖြေရှင်းရန် အလှမ်းဝေးမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Ref: EMG

Thursday, 24 May 2012

အလုပ်သမား လုပ်ခလစာ ဥပဒေ မရှိသေးဘူး

ယခုလတ်တလော ရန်ကုန်နှင့် အနီးတ၀ိုက်ရှိ စက်မှုဇုန်များမှ စက်ရုံ အလုပ်သမားများ၏ လုပ်ခလစာ တိုးပေးရေးနှင့် ရပိုင်ခွင့်များအတွက် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ စက်ရုံအသီးသီးမှ ထောင်နှင့် ချီနေသော အလုပ်သမား၏ ရပိုင်ခွင့်များ ဆန္ဒပြတောင်းဆိုရာတွင် အစိုးရဘက်မှ ကိုယ်စားလှယ်များက ဝင်ရောက်ဖြေရှင်းပေးမှုများ ရှိသော်လည်း အများစုမှာ ပြေလည်မှု မရသေးပဲ ဖြစ်နေသည်။ ယခုကဲ့သို့ အလုပ်သမား ဆန္ဒပြမှုများ မကြာခဏဖြစ်နေခြင်း၊ ရက်ရှည်လာသည့်တိုင် ဆန္ဒပြမှုများ ပြေလည်မှု မရဘဲ ဖြစ်နေရခြင်းများနှင့် ပတ်သက်၍ နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်း ထားပါသည်။
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် (၄) ရှိ ဆံပင်တု စက်ရုံမှ အလုပ်သမားများ မေလအစောပိုင်းတွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

မေး ။ ။ အခု အလုပ်သမား ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေပြီး မပြေလည်ကြသေးတာ အလုပ်သမားရေးဆိုင်ရာ ဥပဒေတွေ မရှိလို့များလား။

ဖြေ ။။ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ပတ်သက်တာ ကျနော်တို့မှာ ဥပဒေအရ အများကြီးရှိပါတယ်။ လောလောဆယ် သူတို့မှာ အလုပ်ရှင် အလုပ်သမား ချုပ်ဆိုထားတဲ့ Employment contract စာချုပ်ရှိတယ်။ အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်ပေါ့။ အဲဒီအထဲကဟာပဲ အဓိကပဲ။ အဲဒီအထဲမှာ ဥပဒေပေါင်းစုံရှိတယ်ပေါ့။ ဥပဒေရပိုင်ခွင့်တွေ ရှိတယ်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်မှာ စက်ရုံအလုပ်ရုံတွေအရ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေနဲ့ လိုက်နာရမယ့် စည်းကမ်းချက်တွေ၊ နောက် အလုပ်ထုတ်ရင် ပေးရမယ့် နစ်နာချက်တွေဆိုတာ ရှိပါတယ်။ အလုပ်သမားတယောက်ကို အလုပ်ခန့်ရင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုပြီးမှ ခန့်လို့်ရတယ်။ အဲဒီအထဲမှာ အလုပ်သမားရပိုင်ခွင့်တွေ ပါတယ်၊ တာဝန်တွေပါတယ်၊ စည်းကမ်းချက်တွေပါတယ်။

မေး ။။ ဒါဆိုရင် အခု အလုပ်သမားတွေ အဓိက တောင်းဆိုနေတဲ့ အခြေခံ အလုပ်သမားလစာနဲ့ပတ်သက်လို့ သတ်မှတ်ရေးဆိုင်ရာ ဥပဒေဆိုတာမျိုး မရှိသေးလို့လား။

ဖြေ ။။ လောလောဆယ် လုပ်ခလစာနဲ့ ပတ်သက်လို့ ကျနော်တို့မှာ အလုပ်သမား လုပ်ခလစာ ဥပဒေ မရှိသေးဘူး။ အနည်းဆုံး အခကြေးငွေ ဥပဒေဆိုတာ အခုမှ ဆွဲတုန်းပဲ။ အနိမ့်ဆုံး အခကြေးငွေ ဥပဒေပေါ်ရင် ရှင်းသွားပါမယ်။ အခုနေမှာ အဲဒီဥပဒေ မရှိသေးတဲ့အတွက်ကြောင့် အလုပ်ရှင် အလုပ်သမား ညှိနှိုင်းပြီး သဘောတူတဲ့ လစာကိုပဲ၊ အဲဒါ လုပ်ခပဲ။

မေး ။။ ဒါဆို ဒီဥပဒေမျိုး ဘယ်တော့ ပေါ်ထွက်လာဖို့ရှိပါလဲ။ ဥပဒေနဲ့ ပတ်သက်လို့ ဘယ်အခြေအနေ ရောက်နေပြီလဲ။

ဖြေ ။။ လာမယ့်လွှတ်တော်မှာ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ ဥပဒေဆိုတာ တင်ပါတော့မယ်။ အခကြေးငွေ သတ်မှတ်မှု ဥပဒေက အခုဆိုရင် ရှေ့နေချုပ်ရုံးကို ရောက်နေပြီ။ ပြည်နယ်/တိုင်းအလိုက်။ အဲဒါကလည်း ဒေသအလိုက် ကွာခြားပါမယ်။ တယောက်တည်းကို ဘယ်လောက်ပေးရမယ်လို့ ကျနော်တို့ မသတ်မှတ်ပါဘူး။ ပြည်နယ်/တိုင်းအလိုက် သက်ဆိုင်ရာ တိုင်းဒေကြီးတွေကနေ သူ့ဒေသပေါက်ဈေးနဲ့ သူ သတ်မှတ်ပါလိမ့်မယ်။ ဒီတော့ ပြည်နယ်တိုင်း တခုနဲ့တခု အခကြေးငွေက မတူပါဘူး။ အဲဒါ ဥပဒေမှာပါ ပါလိမ့်မယ်။

မေး ။။ အခုလို ဥပဒေကလည်း မပေါ်သေးတော့ လက်တွေ့ အလုပ်သမား ဆန္ဒပြမှုတွေမှာ အလုပ်ရှင် – အလုပ်သမားကြားဖြစ်နေတဲ့ မပြေလည်မှုတွေကို နိုင်ငံတော်အပိုင်းက ဘယ်အခန်းကဏ္ဍကနေ ပါဝင်ကူညီဖြေရှင်းပေးနေပါလဲ။ ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းနေပါလဲ။

ဖြေ ။။ အခု အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို တောင်းတယ်။ အလုပ်ရှင်တွေနဲ့ ညှိပေးတယ်။ တောင်းဆိုချက်တွေထဲမှာ အလုပ်ရှင်တွေက လိုက်လျောနိုင်တာတွေ၊ ဥပဒေအရ လိုက်လျောရမယ့်အချက်တွေအဲဒါတွေကိုလိုက်လျောခိုင်းပြီးတော့ နောက်ဆုံးတော့ ငွေကြေးကိစ္စပဲ။
 ငွေကြေးကိစ္စကလည်း ကျနော်တို့ အလုပ်သမား ဌာနကလည်း တရားဝင် ဘယ်သူ့ကို ဘယ်လောက်ပေးပါ။ ဘယ်သူက ဘယ်လောက်တောင်းပါလို့ ပြောပိုင်ခွင့်မရှိဘူးလေ။ မရှိတဲ့အခါကြတော့ အခုလောလောဆယ်တော့ အလုပ်သမားက ဘယ်လောက်တောင်းတယ်၊ အလုပ်ရှင်က ဘယ် လောက်ပေးနိုင်တယ်။ ၀င်ပြီး ညှိပေးတာပဲ။ သူတို့ အလုပ်ရှင်က ပေးနိုင်တာကို အလုပ်ရှင်ကို ကြေညာခိုင်းလိုက်တယ်။ ဒါပါပဲ။ လောလောဆယ်ကျနော်တို့က အလုပ်သမားက ဒီလောက်တောင်းတယ်။ တောင်းတာကို ပေးကိုပေးရမယ်လို့ အလုပ်ရှင်ကို ပြောလို့မရသလို အလုပ်သမားကို ဒီလောက်တောင်းတာ မတောင်းရဘူးလို့လည်း တားပိုင်ခွင့်မရှိပါဘူး။ အလုပ်သမားတောင်းတာနဲ့ အလုပ်ရှင်ပေးနိုင်တာကို သူတို့ သဘောတူတာကပဲ လုပ်ခလစာဖြစ်နေတာပါပဲ။ အလုပ် သမားတွေတောင်းဆိုတာကို အလုပ်ရှင်တွေဘက်က ပေးနိုင်တာကိုပေးပြီး နှစ်ဦးနှစ်ဖက် ကြားမှာ သဘောတူညီမှု ယူပြီး ဆောင်ရွက်ပေးနေပါတယ်။

မေး ။။ အလုပ်သမား ဦးစီးဌာန ကိုယ်စားလှယ်တွေဘက်က အဲဒီလို ကြားဝင်ညှိနှိုင်း ဖြေရှင်းပေးနေပေမယ့် ဘာကြောင့်များ မပြေမလည် ဆက်ဖြစ်နေတာပါလဲခင်ဗျ။ ဘယ်သူ့ အားနည်းချက်လို့ ပြောချင်ပါလဲ။

ဖြေ ။။ လောလောဆယ်တော့ အဲဒါ ကျနော်တို့ မပြောချင်ပါဘူး။ အလုပ်သမားတွေက တောင်းဆိုချက်တွေ တောင်းတယ်။ အလုပ်ရှင်တွေနဲ့ ညှိပေးတယ်။ ညှိပေးပြီးတော့ အလုပ်ရှင်တွေက လိုက်လျောနိုင်တဲ့အချက်နဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုတဲ့အချက်တွေကို ကျနော်တို့က အလုပ်သမားတွေကို ပြန်ပြောပြတယ်ပေါ့။ အဲဒီလို ပြောပြတဲ့အခါမှာ အလုပ်သမားတွေ ကျေနပ်တဲ့စက်ရုံတွေက အလုပ်ပြန်ဝင်တယ်။ မကျေနပ်တဲ့စက်ရုံတွေက သူဖာသာသူ ဆက်တောင်းနေတာပေါ့။ အဲဒီတော့ ၃ ရက်တို့ ၄ ရက်တို့ အချိန်ပေးတယ်။ အချိန်ပေးတဲ့အပေါ်မှာ အလုပ်ရှင်ပေးနိုင်တဲ့ ငွေကြေးအပေါ် သဘောကျတယ်ဆိုရင် အလုပ်သမားတွေက အလုပ်ကို ပြန်ဝင်ပေါ့။ အလုပ်ရှင်ပေးတဲ့ ငွေကြေးအပေါ်မှာ နည်းသေးတယ်ထင်လို့ ဒီထက်သာတဲ့နေရာ ရှိတယ်ထင်ရင် အလုပ်သမားတွေက နေရာပြောင်း၊ လောလောဆယ်တော့ အဲဒီနည်းနဲ့ပဲ ရှင်းနေသေးတယ်။

မေး ။။ ဒါဆိုရင် အလုပ်ရှင်၊ အလုပ်သမား ကြားထဲက ပြဿနာဖြေရှင်းရေးနဲ့ ပတ်သက်လို့ အစိုးရကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်တွေပါဝင်တဲ့ အလုပ်ရှင်၊ အလုပ်သမား ပြဿနာ ဖြေရှင်းရေး ကော်မရှင်လိုမျိုးဖွဲ့ဖို့ အစီအစဉ်ရှိပါလား။

ဖြေ ။။ ရှိပါတယ်ခင်ဗျ။ အလုပ်သမားရေးရာ အငြင်းပွားမှု ဥပဒေပေါ်ပါပြီ။ အလုပ်သမားရေးရာ အငြင်းပွားမှု ဥပဒေအရ ကျနော်တို့ အောက်ခြေစက်ရုံတွေမှာ ညှိနှိုင်းရေးအဖွဲ့ဆိုတာ ဖွဲ့ရပါမယ်။ အဲဒီ ညှိနှိုင်းရေးအဖွဲ့ဆိုတာ အခြေခံ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ စက်ရုံပိုင်ရှင်တွေနဲ့ ညှိနှိုင်းဖို့ အဖွဲ့ပါ။ ပြီးရင်း မြို့နယ်အဆင့် အလုပ်သမားရေးရာ ဖြန်ဖြေရေး အဖွဲ့ဆိုတာ ဖွဲ့ရပါမယ်။ မြို့နယ်အဆင့် ဖြန်ဖြေရေးအဖွဲမှာတော့ အခြေခံနဲ့ မြို့နယ် အလုပ်သမား အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေရယ်၊ နောက် မြို့နယ် အလုပ်ရှင်ကိုယ်စားလှယ်ရယ်၊ နောက် နိုင်ငံတော်ရယ်။
နောက်ထပ် ပြည်နယ်နဲ့ တိုင်း ဒေသကြီး ခုံသမာဓိအဖွဲ့ဆိုတာ ဖွဲ့ရပါမယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ ဆိုတာလည်း ဒီအတိုင်းပဲ။ ပြည်နယ်တိုင်းအဆင့် အလုပ်သမား အဖွဲ့အစည်းတွေရယ်၊ ပြည်နယ်တိုင်းအဆင့် အလုပ်ရှင်အဖွဲ့အစည်းတွေရယ်။ နောက်ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့က တာဝန်ပေးအပ်တဲ့ နိုင်ငံတော်အပိုင်းက ကိုယ်စားလှယ်ရယ်။ ၃ ဦး ၃ ဖလှယ်ပါဝင်တဲ့ အဖွဲ့တွေဖွဲ့ပြီးရင်တော့ ဒီအလုပ်သမားတောင်းဆိုမှုတွေက စနစ်တကျ ဖြစ်လာမှာပါ။

အခုဟာက ဥပဒေပြဌာန်းရုံပဲ ရှိသေးတယ်ဆိုတော့ အဲဒီအဖွဲ့တွေက အခုမှ စဖွဲ့ဖို့ လုပ်နေတာပါပြီ။ ဖွဲ့ပြီးရင် ကောင်းသွားမှာပါ။ ပြေလည်သွားဖို့ အလားအလာအများကြီးရှိပါတယ်။ ကျနော်တို့က ဥပဒေက ထွက်ခါစပဲ ရှိသေးတယ်။ နောက် အခုဟာက စက်ရုံညှိနှိုင်းဖြန်ဖြေရေး အဖွဲ့တွေဖွဲ့ဖို့ အခြေခံ အလုပ်သမား အစည်းအရုံးတွေ မရှိသေးတာပါ။ အခြေခံ အလုပ်သမား အစည်းအရုံးတွေ သူတို့ ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့လာမယ်ဆိုရင် ပိုင်ရှင်တွေနဲ့ စက်ရုံညှိနှိုင်းရေးအဖွဲ့တွေ အမြန်ဆုံးဖွဲ့မှာပါ။ ဖွဲ့ပြီးရင် စက်ရုံတွေမှာပဲ အခြေခံ အလုပ်သမား အစည်းအရုံးတွေနဲ့ ပိုင်ရှင်တွေ ညှိနှိုင်းလို့ရမှာပါ။ မရဘူးဆိုရင် မြို့နယ်အဆင့် ဖြန်ဖြေရေး အဖွဲ့ဆီရောက်လာမယ်။ အဲဒီမှာ မြို့နယ်အဆင့် အလုပ်သမား အဖွဲ့အစည်းတွေ ပေါ်ပေါက်ဖို့ လိုပါသေးတယ်။ မြို့နယ်အဆင့် အလုပ်သမား အဖွဲ့အစည်းတွေ ပေါ်ပေါက်ပြီဆိုရင် မြို့နယ်အဆင့် အလုပ်ရှင် အဖွဲ့တွေဖွဲ့ရမယ်။ အဲဒီမှာ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဆိုတာ ကော်မတီဝင် ၁၁ ဦးနဲ့ ဖွဲ့ရမှာပါ။ အဲဒီကနေ ပြည်နယ်နဲ့ တိုင်းအဆင့် ခုံသမာဓိအဖွဲ့ဆိုတာပေါ်ရင် စနစ်တကျ ဥပဒေအရ ကျနော်တို့ တဆင့်စီ တဆင့်စီ ညှိနှိုင်းပေးသွားမှာပါ။ လောလောဆယ် ဥပဒေပေါ်ခါစပဲ ရှိသေးပြီး အခြေခံ အလုပ်သမား အဖွဲ့ အစည်းတွေ၊ မြို့နယ် အလုပ်သမား အဖွဲ့အစည်းတွေလည်း မရှိသေးဘူး။ အဲဒီ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွေက အခုမှစဖို့ လုပ်မယ်ရှိပါသေးတယ်။

မေး ။။ ဒီတော့ အလုပ်ရှင်၊ အလုပ်သမားကြား မပြေမလည်ဖြစ်နေတာတွေကို အခုနေမှာ ဘယ်ကို ပြောရမလဲ။ နောက် အခုလို အလုပ်သမားဆန္ဒပြမှုတွေ ဘယ်လို အခြေအနေ ဖြစ်လာမယ်လို့ ထင်ပါသလဲခင်ဗျ။

ဖြေ ။။ အလုပ်သမားတွေက မကျေနပ်ရင် အခု ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွေမှာ တရားဝင်ပြောလို့ရပါတယ်။ နောက်ပိုင်း ဥပဒေ ရင့်ကျက်လာတဲ့အခါမှာ အချိန်ကြာလာတာနဲ့အမျှ ခိုင်မာလာရင် ပိုပြီး စနစ်တကျ ဖြစ်သွားမှာပါ။ လောလောဆယ်တော့ ကျနော်ပြောချင်တာက အလုပ်သမား အဖွဲ့အစည်း ဥပဒေဆိုတာလည်းပေါ်ပြီ။ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေဆိုတာလည်းပေါ်ပြီ။ ဒီ ဥပဒေတွေက သက်တမ်းနုသေးလို့၊ ခိုင်မာမှု မရှိသေးလို့ အခုလို စပ်ကူးမတ်ကူးကာလမှာ အခုလိုဖြစ်နေတာပါ။ ဥပဒေတွေ အားကောင်းသက် ၀င်လာပြီ ဆိုရင် ဒီဥပဒေတွေကို နှစ်ဦးနှစ်ဖက် လိုက်နာကြမယ်ဆိုရင် ဒီဥပဒေအရ အေးအေးချမ်းချမ်းဖြစ်ဖို့ အလားအလာရှိပါတယ်။

Ref: ဧရာဝတီ

Saturday, 19 May 2012

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် မြန်မာသံရုံး တခါးဖွင့်ထား

ဓာတ်ပုံ Kyae Mon
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို နယူးယောက်မြို့ရှိ မြန်မာသံရုံးတွင် ဒေါ်ခင်စိုးဝင်း(ဗွီအိုအေ-မြန်မာဌာန) မှ သီးသန့်တွေ့ဆုံမေးမြန်းစဉ်။ (မေလ ၁၈ ရက်၊ ၂၀၁၂။)

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ သံအမတ်ကြီးအဆင့် ပြန်လည်ဆက်ဆံပြီး ပိတ်ဆို့ မှုတွေ လျှော့ပေါ့ပေးခြင်းအားဖြင့် မြန်မာလူထုအတွက် အခွင့်အလမ်းကောင်းတွေ ပေါ်လာနိုင်မယ် လို့ မျှော်လင့်သလို နိုင်ငံတကာ အသိုင်းအ၀ိုင်း အထူးသဖြင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို ပိုမိုအသိမှတ်ပြု နားလည်သဘောပေါက်လာမှာဖြစ်လို့ အရေးပါကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောဆိုလိုက်ပါတယ်။

 ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်ရေး အဆင်ပြေအောင် သံရုံးအသီးသီးကို ညွှန်ကြားထားကြောင်းလည်း ပြောပါတယ်။ နယူးယောက်မြို့ ကုလသမ္မဂဆိုင်ရာ မြန်မာအမြဲတန်း ကိုယ်စားလှယ်အဖွဲ့ရုံးမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဗွီအိုအေ မြန်မာဌာနရဲ့အယ်ဒီတာအဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပြီးတော့ EU ဥရောပ သမ္မဂ တို့၊ နောက် အမေရိကန် ပြည်ထောင်စုတို့ကနေပြီးတော့ အရင်တုန်းက တားဆီးပိတ်ဆို့ထားတာတွေ ကို ဖြေလျှော့ပေးပါတယ်။ တချို့ဆိုလို့ရှိရင် EU ဥရောပသမ္မဂဆိုလို့ရှိရင် လုံးဝ ရုပ်သိမ်းပေးလိုက်တဲ့ သဘော ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ ယာယီဆိုင်းငံ့တဲ့သဘော ဖြစ်ချင်လည်း ဖြစ်မယ်၊ အဲဒီအခါကျတော့ အမေရိကန်နဲ့ မြန်မာနိုင်ငံရဲ့ဆက်ဆံရေးက ဒီလိုမျိုး တိုးတက်ကောင်းမွန် လာတာ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ အရေးပါတယ်လို့များ ယူဆပါ သလဲရှင့်။

ဦးဝဏ္ဏမောင်လွင် ။     ။“နိုင်ငံတော်ရဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ် အသွင်ကူးပြောင်းမှုတွေကို အား တက်သရော ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်နဲ့လုပ်လာတဲ့အခါမှာ ဒီနိုင်ငံကြီးတွေက နေပြီးတော့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို သူတို့အနေနဲ့ အလွန်ပဲ ချီးကျူးတယ်၊ အသိအမှတ်ပြုတယ်။ ဘာ့ကြောင့်လဲ၊ သူတို့မျှော်လင့်ထားတဲ့ ခြေလှမ်းတွေထက် ပိုပြီးတော့ ကျနော်တို့က မြန်ဆန်စွာနဲ့ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုကဏ္ဍကို- အထူးသဖြင့်တော့ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ ပါတီစုံ ဒီမို ကရေစီစနစ်ကို နိုင်ငံရေးအရလည်း လက်တွေ့ တည်ဆောက်တယ်။ လူတွေရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုလည်း ကျနော်တို့က အားတက်သရော၊ နေ့စဉ်နဲ့အမျှ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ နိုင်ငံကြီးတွေကလည်းပဲ အသိအမှတ်ပြုလာခဲ့ပြီးတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး သူတို့ဘက်ကလည်းပဲ ဖြေလျှော့မှုတွေ လုပ်လာတယ်။ ဒီလို လုပ်တဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထူးသဖြင့် စီးပွားရေးပိုင်းမှာ ပိုပြီးတော့ တိုးတက်ဖို့၊ လျှင်မြန်ဖို့ ဖြစ်လာမယ်။ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံချက်တွေမှာလည်းပဲ ပိုပြီးတော့ အရှိန်အဟုန်ရလာမယ်။ ဒါဆိုရင် လူတွေရဲ့ လူမှုစီးပွားရေး ဘဝ တိုးတက်ဖို့အတွက်ကို တဘက်တလမ်းကနေပြီးတော့ အထောက်အကူ ပြုပေးလာမယ့် အနေ အထားတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်အနေနဲ့ကတော့ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းပြီးတော့ မိမိအပေါ်မှာ ပြန်လည်ရင်းနှီးလာအောင်၊ နွေးထွေးလာအောင် လက်ကမ်းလာတဲ့ နိုင်ငံကြီးတွေနဲ့လည်းပဲ ကျနော်တို့အနေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေကို ထူထောင်သွားပြီးတော့ အဓိက-ကတော့ ကျနော်တို့ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာဖို့၊ စီးပွားရေးဘဝတွေ၊ လူနေမှုအဆင့်အတန်းတွေ ပိုပြီး မြင့်မားလာဖို့ အတွက် ဒီလို နိုင်ငံအများအပြားနဲ့ ပူးပေါင်းဆောင်ရွက်တာတွေဟာ လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ အခုအချိန်မှာ နိုင်ငံကြီးတွေနဲ့ဆက်ဆံရေး တိုးတက်လာတာဟာ နိုင်ငံတော်အတွက် အားရဖို့ ကောင်းတယ်၊ အထူးသဖြင့် ပြည်သူလူထုရဲ့ အခွင့်အလမ်းတွေ ပိုပိုပြီးတော့ ရလာမယ်။ လုပ်ငန်း ကိုင်ငန်းတွေလည်း တိုးတက်လာမယ်။

တခါ ကျနော်တို့လိုချင်တဲ့ လယ်ယာကို အခြေခံတဲ့ စက်မှုနိုင်ငံအဖြစ် ပြောင်းလဲဖို့မှာလည်း ကျနော်တို့ အတွက် အထောက်အကူ ဖြစ်လာမယ်၊ ဒီလို တိုးတက်မှု အခြေအနေတွေဟာ နိုင်ငံတော်အတွက်၊ ပြည်သူလူထုအတွက် ကောင်းတဲ့အခွင့်အလမ်းတွေ
 ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်လို့ ရပါတယ်။”

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့- အခု အမေရိကန်ပြည်ထောင်စုကနေပြီးတော့ အမေရိကန် ကုမ္ပဏီကြီး တွေကို ရင်းနှီးမြှုပ်နှံကြပါလို့ ဝန်ကြီး ဟီလာရီကလင်တန်ကလည်း တိုက်တွန်းသွားတာ ကြားရပါ တယ်။ ပြီးတော့ အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေများ ဘယ်လိုမျိုး လာပြီး မြှုပ်နှံမယ့် အလားအလာရော ရှိတယ်လို့ ယူဆလို့ရပါသလဲရှင့်။

ဦးဝဏ္ဏမောင်လွင် ။     ။ “ကျနော်တို့အနေနဲ့ကတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပါ တယ်။ မြန်မာနိုင်ငံရဲ့ သဘာဝအရင်းအမြစ် သယံဇာတတွေ ပေါကြွယ်ဝမှုကလည်း ကမ္ဘာသိဖြစ်နေ တယ်။ အဲဒီအတွက်ကြောင့်မို့လို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်းပဲ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းဥပဒေတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ပေးပြီးတော့ နိုင်ငံတကာကနေ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်နိုင်တဲ့ အခြေအနေကောင်းတွေ ရရှိအောင် ဖန်တီးပေးနေတဲ့ အနေအထားရှိပါတယ်။ ဒါကြောင့်မို့လို့ ဌာနပေါင်းစုံ၊ ဘက်ပေါင်းစုံမှာ သူတို့စိတ်ဝင်စားရင် စိတ်ဝင်စားတဲ့အခန်းကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းတွေ ရရှိလာမှာ ဖြစ်ပါတယ်။”

ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ကဲ့- အထူးသဖြင့် အမေရိကန် ကုမ္ပဏီ၊ ဥပမာ -ရေနံကုမ္ပဏီမျိုးတွေလိုပေါ့နော်။ သူတို့အနေနဲ့ စိတ်ဝင်စားတယ်လို့ရော ကြားမိပါလားရှင့်။

ဦးဝဏ္ဏမောင်လွင် ။     ။ “ကျနော်တို့အနေနဲ့ကတော့ စီးပွားရေးကဏ္ဍပိုင်းမှာ ဘက်ပေါင်းစုံက၊ နိုင်ငံ ပေါင်းစုံက လာရောက်ပြီးတော့ ကမ်းလှမ်းနေတဲ့ အနေအထားရှိပါတယ်။ မနေ့က ဝန်ကြီးကလင်တန် ပြောသွားတဲ့အထဲမှာလည်း သူတို့အနေနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုင်းဆိုင်ရာ ကဏ္ဍတွေ၊ သတ္ထုတွင်း ပိုင်းဆိုင်ရာ ကဏ္ဍတွေမှာ သူတို့အနေနဲ့ စိတ်ဝင်စားမှု ရှိတယ်၊ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ကိုင်မယ့် အလားအလာတွေရှိတယ်လို့ ထည့်သွင်းပြောကြားသွားတာလည်း ရှိပါတယ်။
အဲဒီတော့ ကျနော်တို့ဘက်ကလည်း ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဆက်လက်ပြီးတော့ ထိတွေ့သွားမယ် ဆိုရင်တော့လည်း လုပ်ငန်း ကိုင်ငန်းတွေ ရှေ့မှာ ပေါ်ပေါက်လာစရာတွေရှိမယ်လို့ မျှော်လင့်လို့ရပါတယ်။ ”

ဒေါ်ခင်စိုးဝင်း ။ ။ အခု နိုင်ငံတော် သမ္မတကြီးက ဒုတိယအကြိမ်ထပ်ပြီး ပြောတာ- ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်လာကြပါ၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီနိုင်ကြပါတယ်ဆိုပြီး ဖိတ်ခေါ်ထားတာရှိပါတယ်။ ဝန်ကြီးတို့အနေနဲ့ သီးခြားပေါ့နော်- သက်ဆိုင်ရာ သံရုံးအသီးသီးကို ဘာတွေများ ညွှန်ကြားထားတာ ရှိပါသလဲရှင့်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မြန်မာပြည်ပြန်တဲ့အခါမှာပေါ့လေ အဆင်ပြေချောမွေ့အောင် ဆိုပြီးတော့-

ဦးဝဏ္ဏမောင်လွင် ။     ။ “ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ အဆင်ပြေ ချောမွေ့ရေးနဲ့ ပတ်သက် ရင်တော့ နိုင်ငံခြားရေးဝန်ကြီးဌာန သံရုံးများ- အဖွဲ့ရုံးများရဲ့ တာဝန်ဝတ္တရားထဲမှာ ပြည်ပရောက် မြန်မာ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကူညီဆောင်ရွက်ပေးဖို့၊ ကာကွယ်ပေးဖို့ ဆိုတာကို တာဝန်တရပ် ပြဌာန်းထားပါတယ်။ ဒီဟာနဲ့အညီလည်း သံရုံးတွေက ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ပြည်ပမှာ ရောက်နေကြတဲ့အထဲမှာ မိမိရဲ့ အသက်မွေးဝမ်းကျောင်းမှုအရကြောင့်ဖြစ်စေ၊ ရေကြည်ရာ၊ မြက်နုရာ မိမိဘဝ တိုးတက်ရာ တိုးတက်ကြောင့်မို့ဖြစ်စေ ပြည်ပကို ရောက်နေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အတွက်တော့ သံရုံးက အမြဲတမ်း တခါးဖွင့်ထားပါတယ်။ အကူအညီပေးဖို့လည်း အဆင်သင့် ဖြစ်ပါတယ်။

သူတို့အနေနဲ့ မြန်မာနိုင်ငံကို ပြန်ပြီးတော့ အကျိုးရှိမယ့်လုပ်ငန်းတွေ လုပ်ချင်တယ် ဆိုလို့ရှိရင်လည်း သူတို့ရဲ့ တတ်ကျွမ်းထားတဲ့ အသိပညာ၊ အတတ်ပညာတွေ၊ သူတို့နဲ့ ဆက်စပ်ပြီးတော့ ရရှိလာမယ့် နည်းပညာတွေအပေါ်မူတည်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းမှာပဲဖြစ်ဖြစ် ပါဝင်ဖို့ အမြဲ ဖိတ်ခေါ်နေပါတယ်။

“တပိုင်းကတော့ ဥပဒေနဲ့ မညီညွတ်ဘဲနဲ့ ဥပဒေဘောင်ပြင်ပ ရောက်နေတဲ့သူတွေနဲ့ ပတ်သက်ပြီး တော့လည်းပဲ သူတို့အနေနဲ့ သီးခြား မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ထိတွေ့လိုတယ်၊ ပြန်လည် ပြီးတော့ နိုင်ငံသားကောင်းတယောက်အနေနဲ့ ပြန်လည် ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေ ရှိတယ်ဆိုရင် တဦးချင်းအနေနဲ့ မိမိဆန္ဒကို ထုတ်ဖော်ပြီးတဲ့အခါမှာ ဆက်သွယ်လာလို့ ရှိရင် ကျနော်တို့အနေနဲ့ တဦးချင်း တဦးချင်း case by case စဉ်းစားပြီးတော့ ဆောင်ရွက်ပေး သွားမယ့် အနေအထားလည်း ရှိပါတယ်။ ဆောင်ရွက်လည်း ဆောင်ရွက်ပေးနေတယ်။ ဒါကတော့ ပြည်ပရောက်နိုင်ငံသားတွေ အားလုံးအတွက် ဖြစ်ပါတယ်။

“အဲဒီတော့ နိုင်ငံတော်ရဲ့ တည်ဆဲ ဥပဒေတွေကို ချိုးဖောက်ထားတဲ့ သူတွေ အနေနဲ့ကတော့ မိမိတို့ရဲ့ ချိုးဖောက်ထားတဲ့ ဥပဒေ၊ ပုဒ်မ အနေအထားတွေပေါ်မှာ မူတည်ပြီးတော့ ဒီကိစ္စရပ်တွေနဲ့အပေါ်မှာ မူတည်ပြီး မိမိရဲ့ဆန္ဒကို ကိုယ်တိုင်ကိုယ်ကျ ဖော်ပြပြီးတော့ လျှောက်ထားလာကြမယ် ဆိုလို့ရှိရင်တော့လည်း ကျနော်တို့အနေနဲ့ ဆင့်ကဲ ဆင့်ကဲ ဆက်လက် တင်ပြပေးသွားဖို့ ရှိပါတယ်။”
ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဝန်ကြီး။

Ref: VOA

Wednesday, 9 May 2012

သေချာပေါက် မုန်တိုင်းဖြစ်မယ်၊ မြန်မာပြည် ၀င်မယ် မ၀င်မယ် မသိဟု ဦးထွန်းလွင် ပြော


ရာသီဥတု ပြောင်းလဲခြင်းသည် တစ်နှစ်နှင့်တစ်နှစ် ထူးခြားစွာ ပြောင်းလဲလာသည်ကို တွေ့ရှိ နေရသည်။ ရာသီဥတု ပြောင်းလဲမှု အခြေအနေအရ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းများဖြစ်ပေါ်နေပြီး အောက်ပိုင်း ဒေသများတွင် အပူချိန်လွန်ကဲမှုများ ဖြစ်ပေါ်နေသည်ကို မြင်တွေ့ကြားသိရသည်။

၂၀၁၂ ၏ ရာသီဥတုနှင့် ပတ်သက်၍ ကြိုတင် ခန့်မှန်းချက်များအရလည်း ပြည်သူများ စိုးထိတ်နေကြရာ ရာသီဥတု အခြေအနေ အကြောင်း မှန်ကန်စွာ သိရှိနိုင်ရေးအတွက် မြန်မာ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်အား တွေ့ဆုံမေးမြန်းကာ တင်ပြလိုက်ပါသည်။

၂၀၁၂ ခုနှစ် မိုးကြိုကာလတွင် မုန်တိုင်း ဝင်ရောက်နိုင်မှု ရှိ၊ မရှိ သုံးသပ်ပေးပါ ဆရာ။

မိုးကြိုကာလမှာသေချာပေါက် မုန်တိုင်းဖြစ်မယ်၊ ဖြစ်တဲ့ မုန်တိုင်းက မြန်မာပြည်ကို ဝင်မယ်၊ မဝင်မယ် တိကျတဲ့ ခန့်မှန်းချက်မရှိဘူး။

ဒါပေမဲ့ ဒီအချိန်က သတိထားရမယ့် အချိန်ဖြစ်တယ်။ ဘာကိုကိုးကားပြော ရမလဲဆိုတော့ စာရင်းအင်းနည်း ပညာထဲက အတိတ်က ဖြစ်ခဲ့တဲ့ မုန်တိုင်းတွေကို ပြန်လည်လေ့လာတဲ့အခါ အရေးကြီးတဲ့အချက် ၂ ချက်ရှိတယ်။ ၁ အချက်က မေလမှာဖြစ် တဲ့မုန်တိုင်းတွေ အားလုံးက မြန်မာပြည်ကို မဝင်ကြဘူး။ တစ်နှစ်လုံးအပေါ် ရာခိုင်နှုန်းနဲ့ကြည့်ရင် ၆ ရာ ခိုင်နှုန်းရှိတယ်။ မေလမှာ ဝင်တဲ့ ခန့်မှန်းခြေက ၂၅ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိရှိတယ်။ ၂ အချက်က မြန်မာပြည်အနေနဲ့ ပြန်ကြည့်ရင် ၁၈၇၇ ခုနှစ်ကစပြီး ၁၃၅ နှစ်အတွင်းမှာ မြန်မာပြည်ကို ဝင်ရောက်တဲ့ မုန်တိုင်း ၈၅ ကြိမ်ဝင်ဖူးတယ်။

၅၁ ရာခိုင်နှုန်းက မေလမှာ ဝင်တာများတဲ့အတွက် သတိထားရမယ်။ မိုးကြိုကာလဖြစ်တဲ့ မေလမှာ ဖြစ်နိုင်ခြေများတယ်ဆိုတော့ ထုတ်ပြန်ချက်ဘာတွေရှိပါသလဲ။ လက်ရှိ ယခုအချိန်ထိ ထုတ်ပြန်ခန့်မှန်းချက်က အခုထိဘာမှ မဖြစ်သေးဘူး။

အမေရိကန်ပြည် ထောင်စုထုတ်ပြန်ချက်က ဒီမေ ၂ ရက်အထိ ဘင်္ဂလားပင်လယ်အော် မှာ လောလောဆယ်မရှိ၊ ဖြစ်တော့ ဖြစ်မယ် ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့ဖြစ်ခဲ့တဲ့ မုန်တိုင်းတွေ ဆို ၂၀ဝ၆ ကနေ ၂၀၁၁ ထိ ၆ ကြိမ် ဆက်တိုက်ဖြစ်ခဲ့တယ်။

၂၀ဝ၆ က မာလာ၊ ၂၀ဝ၇က Akash ၊ ၂၀ဝ၈ က နာဂစ်၊ ၂၀ဝ၉ က Bijli ၊ ၂၀၁၀က Giri ၊ ၂၀၁၁ က 02B မုန်တိုင်း တွေဖြစ်ခဲ့တယ်။ Akash နဲ့ Bijli က တော့ အားပျော့တယ်။ အပျက်အစီး နည်းတယ်။ နှစ်တိုင်းဝင်တော့ ထူးခြားတယ်။ သမိုင်းမှာ မရှိတဲ့အတွက် မိုးလေဝသ ပညာရှင်တွေအနေနဲ့ ထူးခြားနေတယ်။လက်ရှိ မိုးလေဝ သအခြေအနေအရ မုန်တိုင်းဖြစ်ဖို့ မရှိသေးဘူး ပြောခဲ့ပေမယ့် အလားတူ မုတ်သုံဝင်ဖို့ အခြေအနေကလည်း မရှိသေးဘူး မုတ်သုံ နောက်ကျနေတယ်။

မုတ်သုံ နောက်ကျရင် ဘာတွေဆက်ဖြစ်နိုင်လဲ။

မုတ်သုံက ၁၉၈၀ နောက်ပိုင်းထဲက နောက်ကျနေတာ။ မုတ်သုံ နောက်ကျတာက မုန်တိုင်းနဲ့ ဆက်စပ်နေတယ်။ မုတ်သုံအား မကောင်းတော့ အင်ဒိုနီးရှားကနေ ပါကစ္စတန်ထိသွားရမှာဆိုရင် အင်ဒိုနီးရှားအစထဲက အား ကုန်နေတယ်။ ဥပမာ ဗွက်နစ်နေတဲ့ ကားနဲ့တူတယ် မရုန်းနိုင်ရင် ရှေ့က ကားက ကူဆွဲပေးရမယ်။ ကူဆွဲတဲ့ အရာက မုန်တိုင်းပဲ မုတ်သုံအား နည်းတာကရှေ့ကို မတက်နိုင်ဘဲ မုန်တိုင်းကို လက်ယက်ခေါ်နေတာနဲ့ အတူတူပါပဲ။

မုန်တိုင်းတွေထဲမှာ လူကို အန္တရာယ်ပေးတဲ့ မုန်တိုင်းတွေက ဘယ်မုန်တိုင်းတွေလဲ၊ မုန်တိုင်းနဲ့ပတ်သက်ပြီး ပြည်သူတွေရော ဘာ တွေ သိသင့်သလဲ။
အန္တရာယ်ပေးတဲ့ မုန်တိုင်း ၃ မျိုးရှိတယ်။ လေတိုက်တာ၊ မိုးရွာ တာ၊ လေလှိုင်းတက်တာ လေတိုက တာက တစ်နာရီမိုင် ၄၀ကနေ မိုင် ၁၅၀ထိရှိတယ်။ နာဂစ်လိုပေါ့ မိုင် ၁၅၀ထိ တိုက်တာ ပြည်သူတွေက ဒီလေမုန်တိုင်းကို အဆင့် ၅ဆင့် ခွဲခြားသိရမယ်။

အနိမ့်ဆုံး အဆင့်က မုန်တိုင်းငယ်၊ အပူလိုင်းမုန်တိုင်း၊ ဆိုက်ကလုန်း၊ လေပိုပြင်းအား ကောင်းသော ဆိုက်ကလုန်း၊ နောက်ဆုံးအဆင့်က ဟာရီကိန်း သမျှ ပြင်းထန်သော ဆိုက်ကလုန်း မုန်တိုင်းတွေပဲ။ နောက်တစ်ခု မုန်တိုင်းမိုးရွာတာ၊ မုန်တိုင်းမိုးကလဲ ပြင်းထန်တာပဲ။

သာဓက ပြရရင် ၂၀၁၁ အောက်တိုဘာ ၁၉ မှာ မုန်တိုင်းအား မကောင်းဘဲနဲ့ ပခုက္ကူ ရွှေချောင်း မိုးများလို့ လူ ၂၀ဝ ကျော်သေရတာပဲ။ နောက်ဆုံး တစ် ခုကပင်လယ်ရေလှိုင်းပဲ၊ အဲဒါက နာဂစ်အတိုင်းပဲ မြစ်ဝကျွန်းပေါ် တွေ မှာ အခုအထိ ကူညီ ထောက်ပံ့မှုတွေ လုပ်နေတုန်းပဲ။

ဒီပင်လယ်ရေလှိုင်း တက်အောင် လုပ်တာကလည်း မုန်တိုင်းလေတိုက်နှုန်း မိုင် ၁၀ဝကျော် မှ ရေလှိုင်းတက်တာ ၃မျိုးလုံးအ ကာအကွယ်ယူရမှာပဲ၊ မုန်တိုင်းနဲ့ ပတ်သက်ပြီးရေတက်ရင် ပင်လယ်က ဒီရေဟာ ဗဟိုထားပြီးကြည့်ရင် ညာဘက်ခြမ်းပဲတက်တယ်။ ဘယ် ဘက်မတက်ဘူးဆိုတာလဲ သိသင့်တယ်။

မုန်တိုင်းသတိပေးချက် အမှတ်အသားတွေနဲ့ ပတ်သက်ပြီးလည်း ပြည်သူတွေ သိအောင် ပြောပြပေးပါ။

သိရမယ့်အချက်တွေက မုန်တိုင်းဖြစ်ပြီဆိုတာနဲ့ ထုတ်ပြန်တဲ့ဌာနရဲ့ တာဝန်ကနိုင်ငံတကာ အဖွဲ့အစည်းဖြစ်တော့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းအကြိမ် ၁၀ဝ ဖြစ်မှ မြန်မာပြည်ကို ၆ ကြိမ် ပဲဝင်တယ်။ သတင်းထုတ်တိုင်း ကိုယ့်ကို အန္တရာယ်ပေး၊ မပေးသိရမယ်၊ မုန်တိုင်းဖြစ်တိုင်း ကြောက်စရာမလိုဘူး။

ဥပမာ မြန်မာပြည်ကို မဝင်ဘူး ဆိုရင် သတင်းအနေနဲ့ ထုတ်ပြန်တဲ့အခါမှာမိုးလေဝသ ဌာနက နာဂစ်ပြီး နောက်မှာအ ရောင်တွေနဲ့ ထုတ်ပြန်တယ်။ မုန်တိုင်း မြန်မာ ပြည်ကို မလာရင် အဝါရောင်၊ မြန်မာပြည်ကိုလာ နေပြီဆိုရင် လိမ္မော်ရောင်၊ မြန်မာ ပြည်ကို ၁၂ နာရီအတွင်း ဖြတ်မယ်ဆိုရင် အနီရောင်၊ မြန်မာပြည်ကို ဖြတ်နေပြီ ဆိုရင် အညိုရောင်၊ အေး ဆေးဖြစ်သွားပြီဆိုရင် အစိမ်းရောင်ဆိုတာ သိဖို့လိုပါတယ်။

အရောင် ကိုသိလိုက်ရလို့ ဒီမုန်တိုင်းဟာ ကိုယ့် အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ အရောင်ကြည့်ရုံဖြင့် မသိနိုင်ပါဘူး။ မုန်တိုင်းသတိပေး ချက်ကို နားထောင်ရမယ်။ ဥပမာ ဘင်္ဂလားဒေ့ရှ်ဝင်မယ်၊ ဘင်္ဂလား ဒေ့ရှ်နဲ့ ရခိုင်အစပ်ဝင်မယ်၊ ရခိုင် မြောက်ပိုင်း ဝင်မယ်ဆိုရင် မြစ်ဝကျွန်းပေါ်ဒေသက လူတွေထိ ခိုက်မယ်ဆိုတာသိရမယ်။ မုန်တိုင်း ဖြစ်တိုင်း ကိုယ့်ဆီလာနေပြီဆိုပြီး ကြောက်စရာမလိုပါဘူး။

မုန်တိုင်း ဖြစ်မယ့် အရပ်ကိုသိပြီဆိုရင်တော့ ကြိုတင်ပြင်ဆင်မှု လုပ်ထားဖို့လို ပါတယ်။ မုန်တိုင်းဝင်ရောက်တဲ့ လတွေ ကိုရော သိချင်ပါတယ်။ မြန်မာပြည်မှာ ၁၂ လ ရှိပေမယ့် ၁၂ လလုံးမဝင်ပါဘူး၊ အဓိက ၂ ကြိမ် ဝင်တယ်။ မုတ်သုံမဝင်မီ မိုးကြို ကာလ ဧပြီ ၁၅ ရက်ကနေ မေလ ကုန်ထိ နောက်တစ်ခုက မိုးရာသီ ကုန်ပြီးမှ (မိုးကြို၊ မိုးလယ်၊ မိုးနှောင်း) မိုးလွန်ကာလမှာ ဝင်တယ်။

အောက်တိုဘာကနေ ဒီဇင်ဘာအထိ ယူလို့ ရတယ်။ မိုးကြိုကာလမှာ မြန်မာပြည်ဝင်တဲ့ မုန်တိုင်းက ၅၁ ရာခိုင် နှုန်းရှိပြီး မိုးလွန်ကာလမှာ ၄၉ ရာခိုင်နှုန်းထိ ရှိတယ်။

အခုလို မိုးကြိုကာလ မုန်တိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး ပြည်သူတွေကိုယ်စား သိလိုသမျှ မေးမြန်းချက်ကို ဖြေကြားပေးတဲ့အ တွက်ကျေးဇူးအထူးတင်ရှိပါတယ်။

ငြိမ်းငြိမ်း၊ ကျင်ဇာ

Ref: မောက္ခ

Friday, 4 May 2012

ခေတ်သစ် မြန်မာ့အလုပ်သမားများ အခြေအနေ

မေလ (၁) ရက်နေ့က ကျရောက်တဲ့ May Day အလုပ်သမားနေ့အတွက် သမ္မတဦးသိန်းစိန် ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားချက်တွေဟာ အလုပ်သမားတွေအတွက် အင်မတန်မှ မျှော်လင့်အားတက်စရာကောင်းပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့  အလုပ်သမားတွေရဲ့  လက်တွေ့ဖြစ်နေတဲ့ အခြေအနေနဲ့ ဘယ်လောက်နီးစပ်မှု ရှိပါသလဲ။ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူ ကိုသူရိန်ဇော်၊ ကိုထွန်းထွန်းနိုင် တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့  အလုပ်သမားနေ့ သဝဏ်လွှာထဲမှာ ရေးထားပါတယ်။ ဥပဒေနဲ့ နည်းဥပဒေများ သတ်မှတ်ပြဌာန်းခဲ့ပြီး အလုပ်သမားအဖွဲ့အစည်းတွေကို ဖွဲ့စည်းခွင့်ပြုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဟုတ်ပါသလား။ အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်ရနေပါပြီလား။

ကိုသူရိန်ဇော် ။ ။ လွတ်လွတ်လပ်လပ်တော့ မရသေးဘူးခင်များ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့  ဖွဲ့စည်းပုံကိုယ်တိုင်က ချုပ်ထားတာဖြစ်နေတယ်။ ပထမ ဖျက်လိုက်တဲ့ ၆၄ ဥပဒေတွေက သူ့ထက်အများကြီးမြင့်တယ်။ ဒီ ဥပဒေမှာဆိုရင် အလုပ်သမားတွေအတွက် တစပ်တဆက်တည်း လုပ်သက်က အနည်းဆုံး (၆) လ ရှိရမယ်လို့ဆိုထားတယ်။ သမဂ္ဂဆိုတဲ့စကားကို သုံးတာကို သူတို့မကြိုက်ဘူး။ အဲဒါကို ဖယ်ခိုင်းတယ်။ အဲဒီ နံမည် အငြင်းပွားနေခြင်းကိုက ကျနော်တို့မှာ မလွတ်လပ်ဘူးဆိုတဲ့ အဓိပ္ပါယ်ထွက်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ အနည်းဆုံး ခြောက်လရှိရမယ်ဆိုတာ ဘာပြောတာလဲ။ တစပ်တဆက်တည်း - ဘာ ခြောက်လလဲ။

ကိုသူရိန်ဇော် ။ ။ စက်ရုံတရုံမှာ အလုပ်ခွင့်တခုမှာ တစိုက်မတ်လုပ်ရတာ ခြောက်လသက်တမ်း ရှိရမယ်။ အနည်းဆုံး ခြောက်လသက်တမ်း ရှိရမယ်လို့ ဆိုတယ်ခင်များ။ အဲဒီတော့ ဒီနေ့မှဝင်တဲ့ ပုဂ္ဂိုလ်၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ သုံးလ၊ ငါးလလောက်က ဝင်တဲ့အလုပ်သမားတွေက အဲဒီအလုပ်သမားအဖွဲ့ကို ဖွဲ့စည်းခွင့်မရှိဘူးဖြစ်တယ်။ မှတ်ပုံတင်ထားတဲ့အဖွဲ့တွေရှိတယ်။ အဲဒါကို မပြည့်တော့ တလလောက်လိုတာနဲ့၊ အဲဒီလူပါတာနဲ့ ဖွဲ့စည်းခွင့်မကျဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အလုပ်သမားသမဂ္ဂဆိုတာကို မသုံးနှုန်းရရင် ဘယ်လိုနံမည်ပေးရမလဲ။

ကိုသူရိန်ဇော် ။ ။ သူက အလုပ်သမားအဖွဲ့အစည်းလို့ပဲ ဥပဒေပြဌာန်းထားတဲ့စာအုပ်ထဲမှာ အဖွဲ့အစည်းလို့ပဲ ပြောထားပြီး၊ နောက်တခုက တင်တဲ့အခါမှာ သမဂ္ဂလို့ တင်လို့ရှိရင် သမဂ္ဂစကားလုံးပါရင် ပြင်ခိုင်းပါတယ်။

ဦးကျော်ဇံသာ ။ ။ အင်္ဂလိပ်လို့ ဘာရေးသလဲ။ Union လို့ မသုံးရဘူးလား။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အလုပ်သမားသမဂ္ဂဆိုတာကို မသုံးနှုန်းရရင် ဘယ်လိုနံမည်ပေးရမလဲ။

ကိုသူရိန်ဇော် ။ ။ Union မကြိုက်ဘဲ၊ Organization လို့ သုံးခိုင်းထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဘာဖြစ်လို့များ အဲဒီ သမဂ္ဂစကားလုံးကို သူတို့ မနှစ်မြိုဖြစ်နေရတယ် ထင်ပါသလဲ။

ကိုထွန်းထွန်းနိုင် ။ ။ စစ်အာဏာရှင်တွေ၊ အာဏာရှင်တွေအဆက်ဆက်မှာ သမဂ္ဂဆိုတာကို အမြဲတမ်း စိုးရိမ်ကြောက်လန့်ခဲ့တယ်။ ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ။ အဲဒီလို သမဂ္ဂတွေကို ကြောက်လန့်တဲ့စိတ်တွေက အခုထိ ရှိနေတယ်။ အဲဒီအတွက်ကြောင့် သူတို့က သမဂ္ဂဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သုံးခွင့်မပေးဘူး။ အဲဒါကြောင့်မို့ ဒီခေါင်းစဉ်လေးတောင်မှ အမည်တောင်မှ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်မရဘူးဆိုရင် အလုပ်သမားတွေက သူတို့ရဲ့  ဘဝအာမခံချက်တွေ၊ အခွင့်အရေးတွေကို ကာကွယ်ဖို့အတွက်ကို ဘယ်လိုလုပ်ပြီး ဆက်လက်ပြီး ကာကွယ်နိုင်မလဲဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အလုပ်သမားအဖွဲ့အစည်းဆိုတဲ့ နံမည်နဲ့တော့ ဖွဲ့ဖြစ်သွားပြီပေါ့။

ကိုထွန်းထွန်းနိုင် ။ ။ အလုပ်သမားအဖွဲ့အစည်းနံမည်နဲ့တော့ ဖွဲ့ဖြစ်သွားပြီ။ တရားဝင်မှတ်ပုံတင်လည်း ချပေးလိုက်ပါပြီ။

ဦးကျော်ဇံသာ ။ ။ အဲဒီ အဖွဲ့အစည်းရဲ့  လုပ်ပိုင်ခွင့်တွေက ဘယ်လောက်အထိ ပေးထားပါသလဲ။

ကိုသူရိန်ဇော် ။ ။ သူတို့ရဲ့  နည်းဥပဒေထဲမှာပါတဲ့အတိုင်းပဲ လုပ်ပိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ထပ်ပြီးထုတ်ထားတဲ့ အလုပ်သမားညှိနှိုင်းရေးဥပဒေ၊ အဲဒီ ဥပဒေမှာ လောလောဆယ် တရားဝင်ဖြစ်သွားတဲ့အတွက် အဲဒီ စက်ရုံတရုံမှာ သမဂ္ဂ ဖြစ်ပြီဆိုရင် အလုပ်သမားရဲ့  ကိုယ်စားလှယ်နှစ်ယောက်၊ အလုပ်ရှင်ကိုယ်စားလှယ်နှစ်ယောက်နဲ့ ညှိနှိုင်းရေးကော်မတီလေးတခုကို သူတို့ဖွဲ့စည်းခွင့်ရမယ်။ အဲဒီ ကော်မတီ သက်တမ်းကတနှစ်ဖြစ်တယ်။ အဲဒီ ညှိနှိုင်းရေးကော်မတီမှာ ဖြေရှင်းလို့မရတဲ့အခါကြမှ ခုံသမာဓိအဖွဲ့တွေကို အဆင့်ဆင့်တက်ပြီးတော့ ဖြေရှင်းခွင့်တော့ လောလောဆယ် ပေးထားပါတယ်။ ဒီ ညှိနှိုင်းရေးကော်မတီကနေ ခုံသမာဓိအဖွဲ့အဆင့်ဆင့်ကို ညှိနှိုင်းမဖြေရှင်းဘဲနဲ့ ဆန္ဒပြသပိတ်မှောက်ခွင့် မရှိဘူးလို့ ဥပဒေမှာ ပြဌာန်းထားတယ်။ အဲဒါကြောင့်မို့ ဘယ်လောက်အထိ သူတို့တတွေ အခွင့်အရေးတွေရမယ်ဆိုတာကို ကျနော်တို့ သတိကြီးစွာထားပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ~ အရတော့ ကျနော်တို့ ပြောစရာမရှိပါဘူး။ တကယ်လုပ်တဲ့အခါမှာ ဘယ်လောက်အထိ လုပ်ခွင့်ရှိမလဲဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒါကတော့ ကံသေကံမ ဘာမှပြောလို့ မရသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတော်သမ္မတရဲ့  သဝဏ်လွှာထဲမှာ ထို့အပြင် အလုပ်သမားများနဲ့ လည်းကောင်းတို့၏ မိသားစုများအတွက် လူမှုရေးကာကွယ်စောင့်ရှောက်မှုများ ပိုမိုရရှိစေရန်၊ ဆေးကုသမှုခံယူခွင့်၊ ငွေကြေးအကျိုးခံစားခွင့်၊ အငြိမ်းစားယူပြီးနောက် ဆေးကုသမှု ဆက်လက်ခံစားခွင့်၊ မိသားစုထောက်ပံ့အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားခံစားခွင့်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်၊ အလုပ်လုပ် ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ အလုပ်ခွင်မှာ ထိခိုက်မှုအကျိုးခံစားခွင့်၊ နာရေးစရိတ်ခံစားခွင့်၊ ကျန်ရစ်သူအကျိုးခံစားခွင့်နဲ့ အိမ်ယာစီမံကိန်းအကျိုးခံစားခွင့် စတဲ့ အကျိုးခံစားခွင့်များပါဝင်သော လူမှုဖူလုံရေးဥပဒေသစ်ကိုလည်း ရေးဆွဲပြီးဖြစ်ပါတယ်လို့ ဆိုထားတော့ အင်မတန်ကောင်းတဲ့ကိစ္စတွေပါ။ အလုပ်မရှိတောင် အာမခံချက်ရမယ်ဆိုတဲ့ကိစ္စတွေ ပေးထားပါတယ်။ ဒီဟာတွေ တကယ်ပဲ ဖြစ်လာပြီလား။ လောလောဆယ်မှာ ဖြစ်မယ့်အလားအလာ ရှိပါသလား။ လက်တွေ့အကောင်အထည် မဖော်သေးရင်တောင်မှ ဥပဒေ ပြဌာန်းပြီးပြီဆိုတော့။

ကိုသူရိန်ဇော် ။ ။ အလုပ်သမားထုကြားကိုတော့ အခုထက်ထိ မရောက်သေးပါဘူး။

ဦးကျော်ဇံသာ ။ ။ အစိုးရသစ် တက်လာပြီးနောက် အစိုးရသစ်ဆိုကြပါစို့။ နောက် လွှတ်တော်တွေခေါ်လာပြီးနောက်မှာ အလုပ်သမားတွေရဲ့  ဘဝမှာ ဘာအပြောင်းအလဲ လောလောဆယ်မှာ ရှိလာသလဲ။

ကိုသူရိန်ဇော် ။ ။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ မျှော်လင့်ချက်ဆိုတဲ့ အပြောင်းအလဲတခုရှိလာတယ်လို့ ပြောလို့ရတယ်။ ပထမခေတ် အစိုးရဟောင်းလက်ထက်မှာတုန်းကတော့ ဘာမှကို ပြောခွင့်ဆိုခွင့် မရှိဘူး။ ဘာမှ မျှော်လင့်ခွင့်မရှိတာ။ အခုတော့ အဲဒီလို ပြောနေတဲ့စကားတွေကိုက မျှော်လင့်စရာလို့ အဲဒီလိုပဲမြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ မျှော်လင့်ချက်လွှဲပြီးတော့ လက်တွေ့အကျိုးခံစားခွင့် - ဥပမာ လစာတွေ ပိုရလာတယ်။ အလုပ်ချိန်အပို overtime အချိန်ပိုလုပ်အားခတွေ အမှန်တကယ် ရလာတယ်။ အလုပ်သမားတွေ နာမကျန်းဖြစ်ရင် ပိုပြီးဂရုတစိုက် ဆေးဝါးကုသခံယူပိုင်ခွင့် ရှိလာတယ် စသဖြင့် အဲဒီလို ဘာမှ လက်တွေ့အကျိုးခံစားခွင့်တွေ မတွေ့သေးဘူးလား။

ကိုသူရိန်ဇော် ။ ။ အဲဒါတွေက ကျနော်တို့ အလုပ်သမားတွေအားလုံးနဲ့ ညီအကိုမောင်နှမတွေ၊ သားသမီးတွေအားလုံးက စက်ရုံအလုပ်ရုံတွေမှာရှိတဲ့ အလုပ်သမားတွေပါ။ ကျနော်တို့ကိုယ်တိုင်လည်း အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေပါ။ ကျနော်တို့မှာ တစုံတရာ တိုးတက်မှု ဘာမှမရှိသေးပါဘူး။ အခုထက်ထိ အဲဒီ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါသေးတယ်။

ဦးကျော်ဇံသာ ။ ။ အရင်တုန်းက ဥပဒေမှာကတော့ အလုပ်ရှင်၊ အလုပ်သမားဆိုတာ အလုပ်ရှင်ကတော့ အရင် အစိုးရဟောင်းလက်ထက်တို့ ဘာတို့ထက် မဆလခေတ်တို့မှာတော့ နိုင်ငံပိုင် အလုပ်သမားတွေရဲ့  ကိစ္စသာဖြစ်မယ်။ ၈၈ နောက်ပိုင်းမှာ ပုဂ္ဂလိကလုပ်ငန်းတွေ ရှိလာခဲ့တယ်။ အဲဒီကာလက ပုဂ္ဂလိကစက်ရုံတွေ၊ လုပ်ငန်းရှင်တွေ နဲ့ အလုပ်သမားတွေဖြစ်တဲ့ ပဋိပက္ခမှာ အာဏာပိုင်တွေ ရပ်တည်ခဲ့တာနဲ့ အခု ဒီဥပဒေတွေ ရေးဆွဲပြီးနောက်ပိုင်းမှာ အာဏာပိုင်တွေ ရပ်တည်ချက် ဘယ်လိုပြောင်းလဲလာပါသလဲ။

ကိုသူရိန်ဇော် ။ ။ အာဏာပိုင်တွေဆိုတဲ့နေရာမှာ ကျနော်တို့နဲ့ အနီးစပ်ဆုံးလို့ ပြောလို့ရတယ့် အငယ်တန်း အာဏာပိုင်၊ အရာရှိတွေရဲ့  အမြင်မှာ ပြောပြောနေတာက ဥပမာ စက်ရုံအလုပ်ရှင်တွေမှာလည်း အခက်အခဲရှိတယ်။ အလုပ်သမားတွေက နင်းကန်ပြီး လိုချင်သလောက် တောင်းနေတယ်ဆိုတဲ့အသံမျိုးတွေ ထွက်ပြီးတော့ အလုပ်ရှင်တွေကတောင်မှ တခါတရံကြရင် ညှိနှိုင်းဆွေးနွေးလိုတဲ့ စိတ်တွေကို သွားတွေ့ရပါတယ်။ အဲဒါကို တော်ရုံတန်ရုံ ရှင်းလင်းတဲ့ကိစ္စတွေကို အလုပ်သမားနဲ့ အလုပ်ရှင်တွေကြားထဲမှာ တတ်နိုင်သလောက် ညှိနှိုင်းပေးပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီလိုမျိုး မလိုလားအပ်တဲ့ အရာရှိတွေ ဝင်လာမှာဆိုတဲ့အတွက်ကြောင့် အချို့ အချို့ သော အရာရှိတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ရှိလည်းရှိပါတယ် အလွန်နည်းပါတယ်။ အဲဒီတော့ သူတို့ရဲ့  အတွေးအခေါ်က ပထမခေတ် အတွေးအခေါ်ကို မပြောင်းလဲနိုင်သေးတဲ့ အနေအထားမျိုး သွားတွေ့ရတယ်။ ဒါက အထက်က ညွှန်းကြားချက်ဟုတ်မဟုတ်ဆိုတာကိုတော့ ကျနော်တို့ မသိရပါဘူး။

ဦးကျော်ဇံသာ ။ ။ အလုပ်ရှင်ကတော့ သူတို့ လုပ်ငန်းခွင်မှာ အဆင်ပြေမှ သူ့အလုပ်က ရှေ့ ကိုဆက်ပြီး အဆင်ပြေအလုပ်ဖြစ်မှာကို။ ဆိုတော့ အခုန အရာရှိအပိုင်းကလူတွေကတော့ သူတို့အကျိုးစီးပွားသိပ်မပါတဲ့ သဘောလို့ သူတို့မြင်တယ်လို့တူပါတယ်။ ဆိုတော့ ဘာကြောင့်လဲ သူတို့အကျိုးစီးပွား လိုချင်လို့လား။ ပြဿနာဖြစ်လာတဲ့အခါမှာ အလုပ်ရှင်တွေက အဲဒီအတွက်များ ဒီလို ပြောကြတာလား။

ကိုသူရိန်ဇော် ။ ။ အများအားဖြင့် အလုပ်ရှင်တွေက အရာရှိတွေနဲ့ သွားနီးစပ်ပြီး၊ အလုပ်သမားတွေကြတော့ နီးစပ်ဖို့အခက်အခဲ ရှိပါတယ်။ အလုပ်သမားတွေကို အခုအချိန်အထိ အလုပ်ရှင်တွေလို့ အရာရှိတွေက တန်းဖိုးထား ဆက်ဆံဖို့ ဝန်လေးနေတဲ့အချက်တွေကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါက ပြဿနာဖြစ်တဲ့ကိစ္စပေါ့။ ကလေးတွေ၊ အလုပ်သမားတွေရဲ့  မိသားစုရဲ့  စားဝတ်နေရေးအတွက် လုပ်ခတွေ၊ လခတွေ ပိုတိုးပေးပါသလား။

ကိုသူရိန်ဇော် ။ ။ ဘာမှ မရသေးပါဘူး။ မရသေးတဲ့အတွက်ကြောင့် အလုပ်သမားတွေကြားမှာ တော်တော်လေးကို အခုအချိန်မှာ အကြပ်အတည်းပိုပြီးဖြစ်လာတယ်။ ပိုပြီးပြောဆိုမှုတွေ ရှိလာတယ်။ ဒါပေမဲ့ သူတို့က တရားဝင်ပြောဖို့ကိုလည်း မပြောရဲဘူး။ သူတို့က ကြောက်လန့်မှု အခုထိ မပြေသေးတဲ့ အနေအထားရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့  အနှိမ့်ဆုံးလုပ်ခံကို ဘယ်လောက်လို့ သတ်မှတ်ထားပါသလဲ။

ကိုသူရိန်ဇော် ။ ။ စက်ရုံတွေက ပေးတဲ့ အနှိမ့်ဆုံးလုပ်ခက တစ်သောင်းကျော်မှာပဲ ရှိပါသေးတယ်။ Overtime ကြေး၊ ဆုကြေး၊ ရက်မပျက်ကြေး စသဖြင့် ပေါင်းပြီးပေးတာမှ ခုနှစ်သောင်း အလွန်ဆုံးရပါတယ်။ တော်တော်များများ ငါးသောင်းပတ်ဝန်းကျင်လောက်မှာ ရပါတယ်။ အဲဒီတော့ သူတို့က အလုပ်တရက် ပျက်တာနဲ့ ဆုကြေး၊ ရက်မပျက်ကြေးတို့ ပြုတ်သွားပါတယ်။ အဲဒီအခါမှာ အရမ်းနည်းသွားပါတယ်။ အဲဒီတော့ သူတို့ အဓိက လိုချင်နေတာကလည်း သူတို့ရဲ့  မူရင်း နေစားလုပ်ခကို သူတို့က ပိုပြီးတော့ - အဲဒါက အာမခံချက်ရှိတဲ့အတွက် ပိုလိုချင်တယ်။ ဒါပေမဲ့ အဲဒါကို ပေးဖို့အတွက်က အလုပ်ရှင်တွေက မကြိုးစားသလို၊ အရာရှိတွေကလည်း ညှိနှိုင်းမှုမှာ အရမ်းနှောင့်နှေးပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အလုပ်ခွင်ကို သွားဖို့လာဖို့။ ရုံးတက်ဖို့ အလုပ်ခွင် အသွားအပြန်အတွက် သယ်ယူပို့ဆောင်ရေးကို သူတို့ တာဝန်ယူပါသလား။

ကိုသူရိန်ဇော် ။ ။ ယူတဲ့အပိုင်းလည်းယူတယ်၊ မယူတဲ့အပိုင်းလည်း မယူဘူး။ ခက်နေတာက အဲဒီမှာ overtime ဆင်းရတာက ည ၁၀ နာရီလောက်အထိ တခါတလေ ဖြစ်တဲ့အတွက်ကြောင့် အနည်းဆုံး ရှစ်နာရီလောက်ဖြစ်တော့ အိမ်ကိုပြန်ရောက်တဲ့အချိန်က ၁၀ နာရီလောက် ပြန်ရောက်တယ်။ များသောအားဖြင့် အလုပ်ဆင်းတဲ့လူတွေက ကျေးလက်ဆင်ခြေဖုံး ရပ်ကွက်တွေက များတဲ့အတွက်ကြောင့် အဲဒီအချိန်မှ ပြန်လာရတော့ ခလေး၊ မိန်းခလေးအတွက် အများကြီးအခက်အခဲရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့ဆီက လိုက်မပို့ဘူးပေါ့။

ကိုသူရိန်ဇော် ။ ။ သူတို့ဆီက လိုက်ပို့တယ်ဆိုတာ တစုံတရာအထိပဲ လိုက်ပို့တယ်။ ဥပမာဆိုပါစို့ လမ်းမကြီးပေါ်အထိ လိုက်ပို့ပြီးတော့ အဲဒီကနေ နောက်ထပ် သုံးမိုင်၊ နှစ်မိုင်လောက်သွားတဲ့နေရာကြတော့ ခလေးမလေးတွေက အချိန်မတော် လမ်းလျှောက်ရတာမျိုးတွေ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အလုပ်သမားတွေကို စက်ရုံးမှာ အစားအစာကျွေးပါသလား။ ထမင်းတို့ဘာတို့။

ကိုသူရိန်ဇော် ။ ။ နောက်ပိုင်းမှာ အဲဒီလို အစားအစာကျွေးတာရှိတယ်။ ရှိတာကလည်း သူတို့က ပိုက်ဆံနဲ့ကျွေးတာဖြစ်တယ်။ ထမင်းကို လစာပေးစားတာ ဖြစ်ပြီး အနည်းအကျဉ်းအားဖြင့် ထမင်းစရိတ်အနေနဲ့ သက်သာတယ်ဆိုပေမယ့် စားရတာကတော့ အရမ်းကို ဒုက္ခရောက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အလုပ်သမားတွေနေတဲ့ အိမ်တွေ၊ နေထိုင်တဲ့အိမ်တွေ များသောအားဖြင့် ငှားနေကြတာလား။

ကိုသူရိန်ဇော် ။ ။ စက်မှုဇုံနဲ့ နီးတဲ့နေရာတွေမှာ အများအားဖြင့် ငှားနေကြတာပါ။

ဦးကျော်ဇံသာ ။ ။ ငှားရမ်းခ၊ အိမ်ငှားခဆိုရင် ဘယ်လောက်ရှိမလဲ။ သူတို့ဝင်ငွေရတာနဲ့ တွက်ကြည့်ချင်လို့ပါ။

ကိုသူရိန်ဇော် ။ ။ နှစ်သောင်းကျော်မှာ ရှိပါတယ်။

ဦးကျော်ဇံသာ ။  ။ ငါးသောင်းလောက်ရရင် နှစ်သောင်းကျော်လောက်က အိမ်ငှားခနဲ့ သွားပြီပေါ့။ သူတို့မိသားစု စားဝတ်နေရေးအတွက် ဆီဆန်ဆား အခြေခံ - ကလေးတယောက်ရှိတဲ့ မိသားစုနဲ့ တွက်ကြည့်ကြပါစို့။ အခြေခံ စားသောက်ကုန်အတွက် ဘယ်လောက်လောက် ကုန်မယ်လို့ ခန့်မှန်းပါသလဲ။

ကိုသူရိန်ဇော် ။ ။ များသောအားဖြင့် အခု ဆင်းနေတာတွေက လူငယ်တွေများတယ်။ လူကြီးတွေကို မခန့်တာလည်းပါတယ်။

ဦးကျော်ဇံသာ ။ ။ ဘာဖြစ်လို့ မခန့်ချင်တာလဲ။

ကိုသူရိန်ဇော် ။ ။ ကျနော်ထင်ပါတယ်။ အခု အလုပ်ခန့်တာကိုက တခါတလေကြရင် ကျနော်ကြုံနေရတဲ့ အနေအထားရဆိုရင် မိန်းခလေးတယောက်က သုံးနှစ်လောက် အလုပ်လုပ်ပြီးရင် အကြိမ်ပေါင်းများစွာဖြစ်တယ် - ရုတ်တရက် လဲကျသွားတာတို့။ ဘာဖြစ်လို့ ဖြစ်တာလဲဆိုရင် အမျိုးသမီးနဲ့ ပတ်သက်တဲ့ ရောဂါဖြစ်လာတယ်။ ဘယ်ကဖြစ်လဲဆိုရင် အားနည်းတာကနေဖြစ်တယ်။ အရမ်းပင်ပန်းတယ်၊ အစာရေစာမဝဘူး။ အဲဒီလို အနေအထားကြောင့် အဲဒီလို ရောဂါမျိုးတွေ ရပြီးတော့ ရုတ်တရက် လဲကျသွားပြီးတော့ ဆေးရုံဆေးခန်း ပို့ရတာမျိုးတွေ မကြာခဏ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်အရမ်း ပင်ပန်းလို့။ သွက်သွက်လက်လက် လုပ်နိုင်တဲ့ လူငယ်တွေကို သူတို့ ပိုသဘောကျတဲ့ အနေအထားရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို စက်ရုံထဲမှာ လဲကျသွားတယ်ဆိုရင် ဆေးဝါးကုသမှုကို အစိုးရက တာဝန်ယူကုပေးပါသလား၊ အလုပ်ရှင်က ကုပေးပါသလား။

ကိုသူရိန်ဇော် ။ ။ အများအားဖြင့်တော့ သူတို့က ယေဘုယျ ပြောလိုက်တာကတော့ ဆေးရုံသွား၊ ဆေးခန်းသွားပေါ့။ အဲဒီလိုမျိုး ပြောလိုက်တာမျိုးပဲ ရှိပြီးတော့ တကယ်တော့ ဖိဖိစီးစီး မရှိဘူး။

ဦးကျော်ဇံသာ ။ ။ ဆေးရုံးသွား၊ ဆေးခန်းသွား ပြောလိုက်ပြီးရင် သွားတယ်ဆိုပါစို့။ ကုန်ကျစရိတ်ကို ပြန်တောင်းလို့ ရပါသလား။ သူတို့ ပေးသလား။

ကိုသူရိန်ဇော် ။ ။ သာမန်အားဖြင့်တော့ မပေးတာများတယ်။ ပေးတယ်ဆိုရင်လည်း အဖြစ်လောက်ပဲပေးတယ်။ လုံလောက်အောင် မပေးဘူး။

Ref: VOA

Sunday, 22 April 2012

ကျမ်းကျိန် စာသား ၃ မျိုး အပေါ် ဥပဒေပညာရှင်နဲ့ လွှတ်တော်အမတ်များအမြင်




မြန်မာနိုင်ငံမှာ သမ္မတနဲ့ ဒုသမ္မတ ကျမ်းကျိန်ရတဲ့ ဖွဲ့စည်းပုံဆိုင်ရာ စာသားနဲ့ လွှတ်တော်အမတ်တွေ ကျိန်ဆိုရတဲ့ စာသား ကွဲလွဲနေသလို၊ နိုင်ငံရေးပါတီထောင်ဖို့ ကတိပြုရတဲ့ ဖွဲ့စည်းပုံဆိုင်ရာ စာသားလည်း ကွဲလွဲနေပါတယ်။

လတ်တလောမြန်မာ့နိုင်ငံရေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမယ့် စာသားနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်ဆင်ပေးဖို့တောင်းဆိုနေပြီး၊ အစိုးရလက်အောက်ခံ အခြေခံဥပဒေခုံရုံးကလဲ ပြင်ပေးဖို့ငြင်းဆန်နေတာတွေ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့လေ့လာကြည့်တဲ့အခါ ကျန်းကျိန်ရတဲ့ပုံစံတွေမှာ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေ ကျိန်ဆိုရတဲ့ စာသားနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကျိန်ဆိုရတဲ့စာသား ကွဲလွဲနေတာတွေ့ရသလို၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ ကတိပြုရတဲ့စာသားကလဲ နောက်တမျိုး ဖြစ်နေတဲ့အတွက် ၃ မျိုး ကွဲနေတာတွေ့ရပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေကျမ်းကျိန်ရတဲ့ ပုံစံထဲကစာသားမှာ 'ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေပြီး'- လို့ ရေးသားထားပြီး၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကျိန်ဆိုရတဲ့ ပုံစံစာရွက်ထဲမှာတော့ 'ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး' လို့ ရေးသားထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်ကို လေးစားလိုက်နာပါမည်ဆိုတဲ့ စကားရပ်နဲ့ သမ္မတက ပြောင်းလဲပေးခဲ့ပါတယ်။

ဒါကြောင့် အစိုးရတစ်ဖွဲ့ အခြေခံဥပဒေတခုပဲ ရရှိတဲ့ နိုင်ငံတခုမှာ အကြောင်းအရာ တခုတည်း အပေါ် ဘာကြောင့် ၃ မျိုးကွဲနေတာလဲ၊ ဥပဒေသမား ရှုထောင့်အနေနဲ့ ဥပဒေအကြံပေး ဦးအောင်သိန်းက အခုလိုပြောပါတယ်။

"တကယ်တော့ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်ရေးအတွက်ကို ဒီက တောင်းဆိုလိုက်တဲ့အခါ သမ္မတကိုယ်တိုင် ပြင်ပေးလိုက်တယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ ဖွဲ့စည်းပုံ ပြင်ပေးပါလို့ ကျနော်တို့ ဘာမှ ပြောခွင့် မရှိဘူးလေ။ ဘာလို့လဲဆိုတော့ ကိုယ်စားလှယ်မှ မဟုတ်သေးဘဲနဲ့ဟာကိုး။

ကိုယ်စားလှယ် ဖြစ်တဲ့အခါကျတော့ ကျနော်တို့က ဖွဲ့စည်းပုံနဲ့ တိုက်ရိုက် သက်ဆိုင်လာပြီ။ ယခင်ကလည်း ဒီ ဝေါဟာရ အပေါ်မှာ ပြင်ပေးထားတယ်။ အခုလည်း ထပ်ပြင်ပေးဖို့ တောင်းဆိုတာက မှားတယ်လို့ ကျနော် မထင်ဘူးဗျ။ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့ ဥပဒေတရပ်ကို ပြင်မယ် ဆိုရင်တော့ ၇၅ ရာခိုင်နှုန်းမဲ အရေအတွက်၊ နောက်တခါ လူထု ထောက်ခံ ဆန္ဒမဲတွေနဲ့မှ ပြင်ရမယ်ဆိုတဲ့ ဟာ။

ကျနော့်အမြင် ပြောရမယ်ဆိုရင်တော့ဗျာ။ ပုဒ်မကြီး တခုလုံး ပြင်တာ မဟုတ်တဲ့အတွက် ဒါပြင်သင့်ပြင်ထိုက်တယ်။ သမ္မတနေနဲ့လည်းပြင်ပိုင်ခွင့်ရှိတယ်လို့ ကျနော် မြင်တယ်။"

အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာမှာရော အခုလို ခွဲခြားသတ်မှတ်ချက်မျိုးတွေ ရှိပါလားလို့ အိန္ဒိယနိုင်ငံရောက် ၁၉၉၀ လွှတ်တော်အမတ် ဒေါက်တာတင့်ဆွေကို မေးကြည့်တဲ့အခါမှာ-

"နိုင်ငံတကာမှာကတော့ မြန်မာပြည်လို ကျမ်းကျိန်ဖို့ ကိစ္စမှာ ပြဿနာရှိတယ်
လို့ တော့ ကျနော် မတွေ့ဖူးဘူး။ နောက်တခုက ဒီ အခြေခံဥပဒေ ဆိုတာက ရေးပြီးတော့ ပြင်ဖို့ အင်မတန်မှ လွယ်ရတဲ့ ကိစ္စကတော့ တကမ္ဘာလုံးမှာပါပဲ ခင်ဗျ။ ရေးပြီးသားဟာကို ပြင်မရအောင်လုပ်တယ်ဆိုတဲ့ အချက်ကိုက ဒီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာကိုက လွဲခဲ့တာပေါ့ဗျာ။

ကျမ်းကျိန်ဖို့ ကိစ္စမှာ စကားလုံးလွဲနေတာတွေကတော့ သေသေချာချာပဲ မတူအောင်လုပ်ခဲ့ကြသလားလို့တော့ ကျနော်တို့က သံသယရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ ဗမာပြည်မှာက အုပ်ချုပ်ရေးပိုင်းမှာ လုပ်နေကြတဲ့ အရာရှိ အရာခံ အကြီးအငယ်တွေ အကုန်လုံးဟာ ဖွဲ့စည်းပုံက အသစ်၊ အစိုးရက အသစ် ဖြစ်သော်ငြားလည်းဘဲ အတွေ့အကြုံများပြီးသား၊ မှားစရာတော့ မရှိဘူးဗျ။ အဲဒီလိုလွဲတယ်ဆိုရင်တော့ တမင်တကာကို လွဲအောင်လုပ်ဖို့ ပုဂ္ဂိုလ်တွေ အထဲမှာ မမြင်ရတဲ့ လက်တွေရှိသလားလို့ ကျနော်တို့ သံသယ ၀င်ရတော့မှာပေါ့။ "

တခါ ဒီပြဿနာအပေါ်မှာ ပြည်တွင်းနိုင်ငံရေးသမားတယောက်ရဲ့ အမြင်သိရအောင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး ဦးလှစောကိုလည်း မေးကြည့်ပါတယ်။

"အဓိကကတော့ အားကြီးသူနဲ့ အားနည်းတဲ့သူမှာ သဘောထားကြီး ရမှာကတော့ တကယ့်ကို အပေါ်က ရောက်နေတဲ့သူ၊ နောက် ဥပဒေကို ပြုပြင်နိုင်စွမ်း ပါဝါရထားတဲ့သူတွေက သဘောထားကြီးကြီးနဲ့ လုပ်ပေးလိုက်မယ်ဆိုရင် အားလုံး ချစ်ချစ်ခင်ခင် ဖြစ်သွားပြီးတော့ ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ လွှတ်တော်ကြီးတခု ဖြစ်တာပေါ့။

ဗမာပြည်သူတွေကလည်း ၂၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လာမယ်ဆိုပြီးတော့ မျှော်လင့်ထားတာ။ စဉ်းစားကြည့်ပေါ့ဗျာ။ လူတွေ စိတ်ထဲဘာဖြစ်သွားမလဲ။ လူတွေက အပြောင်းအလဲကို သိပ်လိုချင်ကြတာ။ တာဝန်ရှိတဲ့သူတွေက သဘောထားကြီးကြီးနဲ့ အကောင်းဆုံး လုပ်ပေးကြပါဗျာ။ ကျနော်တော့ မေတ္တာရပ်ခံချင်ပါတယ်။"

နှစ်ပေါင်းများစွာ အကြပ်အတည်း ဆိုက်ခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ အခုလိုကမ္ဘာ့အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု၊ နွေးထွေးတဲ့ဆက်ဆံမှုတွေ ရလာပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ကိုယ်စားလှယ်တွေ ပါဝင်လာမယ့် လွှတ်တော်ဖြစ်လာဖို့ ဒီစကားရပ်ကိစ္စ တခုတည်းနဲ့ ရှေ့မတိုး နိုင်ဘဲ ရပ်တန့်နေဦးမှာလား ဆိုတာကလည်း လူတွေကြားမှာ ဒီကနေ့ပြောနေကြတဲ့ အကြောင်းအရာတခု အဖြစ်တွေ့နေရကြောင်း တင်ပြလိုက်ရပါတယ်။

RFA
Ref: ဒေါင်းမာန်ဟုန် 

Saturday, 21 April 2012

မြန်မာ့ရုပ်ရှင်လောကအကြောင်း… (ယခင်၊ ယခုနှင့် နောင်ရေး)

သရုပ်ဆောင် ဇင်ဝိုင်း (ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)နှင့် အင်တာဗျူး

မြန်မာ့ရိုးရာ အတာသင်္ကြန်တွင်း ရုပ်ရှင်သရုပ်ဆောင် အမျိုးသမီးအချို့၏ ဝတ်စားဆင်ယင်မှုများနှင့် ပတ်သက်၍ အမိန့်အာဏာဖြင့် အရေးယူ လုပ်ဆောင်သွားမည် မဟုတ်ဘဲ မေတ္တာရပ်ခံ ပညာပေးနည်းဖြင့်သာ တုန့်ပြန်သွားမည်
ဟု လွတ်လပ်သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇင်ဝိုင်းက မဇ္ဈိမကို ပြောသည်။

လွတ်လပ်သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်များကို လျို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး မတ်လ ၂၃ ရက်နေ့တွင် သရုပ်ဆောင် ဇင်ဝိုင်း ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

မြန်မာ့ရုပ်ရှင်လောကအကြောင်း၊ ရုပ်ရှင်အစည်းအရုံး၏ ဖွဲ့စည်းပုံနှင့် လှုပ်ရှားမှုများ၊ ပြန်ကြားရေးဌာန လက်အောက် ရှိ မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ လုပ်ဆောင်ချက်များ၊ မြန်မာ့ရုပ်ရှင်လောကအတွက် အနာဂတ် ရည်မှန်းချက်တို့ကို သိရှိနိုင်ရန်အတွက် ဦးဇင်ဝိုင်းအား မဇ္ဈိမ သတင်းထောက် မျိုးသန့် က မေးမြန်းထားသည်။
actristelection
၂ဝ၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ပွဲတွင် သရုပ်ဆောင်ဇင်ဝိုင်းနှင့် ဇာဂနာ တို့အား မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ရုပ်ရှင်လုပ်ငန်းရှိ အလွှာအလိုက် လျို့ဝှက်မဲဖြင့် ရွေးချယ်ကြရာ အဓိကသရုပ်ဆောင်အလွှာတွင် ဇင်ဝိုင်းနှင့် လူမင်း တို့အား ရွေးချယ်ခံခဲ့ရသည်။

ဖွဲ့လိုက်တာ မကြာသေးတဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အစည်းအဝေး ဥက္ကဋ္ဌ အသစ်ဆိုတော့ ကျနော် ပထမဆုံးမေးချင်တာက ဒီနှစ်သင်္ကြန်မှာပေါ့။ ရုပ်ရှင်မင်းသမီးအချို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက် ပြီးတော့ ဝေဖန်သံတွေ တော်တော်လေး ထွက်လာပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲ။

“ယေဘူယျ သုံးသပ်လိုက်မယ်ဆိုရင်တော့ ယဉ်ကျေးမှု
အောက်ခြေက အစည်းအရုံးဝင်များကိုသာ စည်းကမ်း သတ်မှတ်ပြီးတော့မှ ထိန်းချုပ်ဖို့ ကြိုးစားတဲ့အချက်အလက်တွေ ပါပေမယ့် အလုပ်အမှုဆောင်များကို စည်းကမ်း သတ်မှတ် ပြီး ထိန်းချုပ်ထားတဲ့ အချက်အလက်တွေ မပါတာပါ။

စည်းတွေ လျော့ပါးလာတာတော့ အမှန်ပါပဲ။ ဒီနှစ်သင်္ကြန်
သည်နှစ်ပေါင်း ၃ဝ အတွင်းမှာတော့ လူတွေဟာ တော်
တော်လေး လွတ်လွတ်လပ်လပ် ပျော်ရွှင်လာကြတယ်လို့
ကျနော်တော့ မြင်မိပါတယ်။ လူတွေဟာ မျှော်လင့်ချက်
လေးတွေ ကိုယ်စီ ရှိလာတယ် ထင်ပါတယ်။ အဲဒီတော့
ဒီယဉ်ကျေးမှု လှိုင်းတံပိုးဆိုတာလည်း ရိုက်ခတ်တတ်တာ အမှန်ပါပဲ။ ကိုယ်ခံစွမ်းအား နည်းရင်လည်း ဒီလိုမျိုး ဖြစ်တတ်ကြတာပါပဲ။ ဒီနှစ်သင်္ကြန်မှာ မိန်းကလေး အယောက် ၁ဝဝ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ပြီး ဝတ်တယ်ဆိုရင် ကျနော်တို့ ရုပ်ရှင် သရုပ်ဆောင်ဆိုတာ တယောက်လောက် ပါတာပါ။ သို့သော်လည်း ထင်ရှားတဲ့သူများ ဖြစ်တဲ့အတွက် သူများ စံချိန်ထိုးစရာတော့ ဖြစ်တာပေါ့။ ဒါကလည်း သူ့ရဲ့ တဦးချင်း ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။”

ဆိုတော့ သူတို့ အပေါ်မှာ ရုပ်ရှင်အစည်းအရုံးရဲ့ လုပ်ပိုင်ခွင့်သုံးပြီးတော့ ကန့်သတ်မှုတွေ လုပ်သင့်တယ်လို့ ထင်ပါသလား။

“တချိန်သောအခါက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသည် ဝန်ကြီးဌာနတခုက ကျောထောက်နောက်ခံ ပေးထားတဲ့ အတွက် သူ့မှာ ကိုယ်တိုင် အရေးယူခွင့် မရှိသော်လည်း အမိန့်ပေး အရေးယူတာမျိုးတွေ လုပ်ပါတယ်။ ကျနော်တို့ ကတော့ စည်းရုံးရေးနဲ့ပဲ သွားရမှာပါ။ ကျနော်တို့ သားသမီးတွေ အရွယ်ဖြစ်တဲ့အတွက် ကျနော်တို့က ခေါ်ယူပြီးတော့
မေတ္တာရပ်ခံမယ် စည်းရုံးမယ် ဒါပဲလုပ်ရမှာပါ။ ကျနော်တို့လူမျိုးရဲ့ ကောင်းတဲ့လက္ခဏာတွေကို ပိုမိုခိုင်မာလာအောင်၊ ကျနော်တို့ယဉ်ကျေးမှု၊ ကျနော်တို့ရိုးရာတွေကို ပိုမိုလက်ခံကျင့်သုံးလာနိုင်အောင် ကျနော်တို့ ကြိုးစားကြည့်ကြရမှာပါ။ ဒါကတော့ ရုပ်ရှင်တခုတည်းနဲ့လည်း မပြီးပါဘူး။ ဥပဒေတွေနဲ့ တားဆီးကောင်းတဲ့အရာတွေလည်း မဟုတ်ပါဘူး။ ကိုယ်စီကိုယ်စီ ရင်ထဲမှာ အသိတရားတွေ ရှိလာမှ ဖြစ်လာမယ့်အရာပါ။ အဖွဲ့အစည်းအနေနဲ့ ပြစ်တင်ရှုတ်ချခြင်းထက် အများပြည်သူဘက်က ပြစ်တင်လာမယ် ရှုတ်ချလာမယ်၊ စာနယ်ဇင်းတွေကလည်း ရေးသားလာကြမယ်၊ ပြည်သူတွေ ကလည်း ဖယ်ကြဉ်လာမယ်ဆိုရင်တော့ ဒါမျိုးတွေ နည်းပါးလာမယ်လို့ မြင်ပါတယ်။”

ကြာသပတေးနေ့က ရုပ်ရှင်အစည်းအရုံးသစ်ရဲ့ ပထမဆုံး အစည်းအဝေးမှာ ဘာတွေများ ဆွေးနွေးဖြစ်ပါသလဲ။
ကျနော် ဇင်ဝိုင်းသည် သရုပ်ဆောင်အလွှာမှာ
ရွေးလိုက်လို့ မဲ တမဲပဲရတယ်။ သရုပ်ဆောင် လူမင်းက ရွေးလိုက်လိုက်လို့ မဲ ၁ဝဝ ရတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ဦးလူမင်း တက်ရမှာ
ပေါ့ အခုတော့ မဟုတ်ဘူး။ ‘ဇင်ဝိုင်း တက်’ ဆိုပြီးတော့ ပြန်ကြားရေး ဝန်ကြီးဌာနက အမိန့်
ပေးလိုက်ရင် ကျနော်က တက်သွားတယ်။
“အလုပ်အမှုဆောင်တွေ လိုက်နာသင့်တဲ့ စည်းမျဉ်း စည်းကမ်းလေးတွေ ကျင့်ဝတ်လေးတွေ ချပေးတာပါ။
အများပြည်သူနဲ့ ဆက်ဆံတဲ့နေရာမှာ နှိမ့်ချဖို့တို့၊ အခွင့်အရေး ဆိုရင်လည်း သာမန်အစည်းအရုံးဝင်တွေ ရရှိတဲ့ အခွင့်အရေး မျိုးတွေကိုပဲ ခံစားဖို့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆိုပြီးတော့မှ အာဏာအလွဲသုံးစားလုပ်တာ၊ ကိုယ်ကျိုးစီးပွားရှာတာ၊ အခွင့်အရေးပိုယူတာမျိုးမလုပ်ဖို့ ကျနော်တို့ စည်းမျဉ်း
စည်းကမ်းတွေ လုပ်တာပါ။”

“ဒုတိယအချက်ကတော့ ကျနော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဖွဲ့စည်းပုံကို ပြန်လည်ရေးဆွဲဖို့ ကျနော်တို့ အဓိကထားပါတယ်။ ကျနော်တို့က NGO ဖြစ်သွားတဲ့အတွက် မူလဖွဲ့စည်းပုံထဲမှာပါတဲ့ မလိုအပ်တဲ့ အချက်တွေ ရှိပါတယ်။ တချို့အချက်တွေလည်း ဖြည့်စွက်ရမှာ ရှိပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံရေးဆွဲရေး ကော်မတီကိုလည်း ဖွဲ့စည်းတာပါ။ ဗီဒီယို စည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့၊ ခိုးကူးခွေ တားဆီးရေးကော်မတီတို့၊ ဝန်ထမ်းကြီးကြပ်ရေး
ကော်မတီတို့၊ ကော်မတီပေါင်း ၁၆ ရပ် ရှိပါတယ်။”

အာဏာအလွဲသုံးစားလုပ်တာ၊ ကိုယ်ကျိုးစီးပွားရှာတာ ဘယ်လို အခြေအနေမျိုးတွေကို ဆိုလိုတာလဲခင်ဗျာ့။

"ဥပမာအနေနဲ့ဆိုရင် နိုင်ငံတကာက ဖိတ်ကြားလာလို့ပဲဖြစ်ဖြစ်၊ နိုင်ငံတကာက ဆုပေးလို့ပဲဖြစ်ဖြစ် အရင့်အရင်တုန်း ကတော့ အများပြည်သူ မသိရှိလိုက်ရဘဲနဲ့ ကော်မတီဝင်အချင်းချင်းပဲ လက်သိပ်ထိုးပြီးတော့ သူသွား ကိုယ်လုပ် အဲဒီလိုမျိုးတွေပေါ့။ နောက် ပြင်ပက ဇာတ်ကားတကား ရိုက်ကူးဖို့ဆိုရင် အလုပ်အမှုဆောင်အဖွဲ့ထဲကပဲ သယ်ဆောင် လာပြီးတော့ ဘယ်ဝန်ကြီးဌာနက ရိုက်ကူးဖို့ သူကိုယ်တိုင်ပဲ ဒါရိုက်တာလုပ်၊ သူ့သားသမီး မင်းသားမင်းသမီးထည့် ဆိုတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အဲဒီတော့ ကျနော်တို့က အခု မူချမှတ်ထားတာတော့ ရုပ်ရှင်အစည်းအရုံးနဲ့ ပတ်သက်တဲ့ ကားတွေ ရိုက်ကူးမယ်၊ ပြင်ပက ကားတွေ ရိုက်မယ်ဆိုရင် ကျနော်တို့ အစည်းအရုံးထဲမှာပါနေတဲ့ ဒါရိုက်တာများ လုံးဝ မရိုက်ကူးပါနဲ့။ သရုပ်ဆောင်များလည်း လုံးဝ မပါပါနဲ့။ ကျနော်တို့တွေသည် သူများကို အခွင့်အရေး ပေးရမယ်။ ကိုယ်က အခွင့်အရေးကို နောက်ဆုတ်ပေးရမယ်ဆိုတဲ့ဟာမျိုး ဒီမူကို ချထားပါတယ်။ အသေးစိတ်ကိုတော့ ထပ်ထွက်လာပါမယ်။”
actristelection1
၂ဝ၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ပွဲတွင် ရရှိမဲများအား ရေတွက်နေကြသည့် ဒါရိုက်တာဝိုင်း၊ ဝါရင့်သရုပ်ဆောင် ဦးညွန့်ဝင်း တို့အား မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ရုပ်ရှင်လုပ်ငန်းရှိ အလွှာ ၁ဝ လွှာမှ လျို့ဝှက်မဲဖြင့် ရွေးချယ်ခဲ့ကြသည်။

ဖွဲ့စည်းပုံလည်း ရေးဆွဲနိုင်ဖို့ ပြင်ဆင်နေတယ်ဆိုတော့ ဘယ်လို ဖွဲ့စည်းပုံမျိုးဖြစ်မလဲ။

"ဖွဲ့စည်းပုံဆိုတာ ခြံစည်းရိုးနဲ့ တူတာကိုး။ ခြံစည်းရိုးမခိုင်တဲ့အခါကျတော့ ဒီဝင်းထဲကို ဝင်ချင်တဲ့လူဝင် ထွက်ချင်တဲ့ လူထွက်နဲ့ ဒီအဖွဲ့ရဲ့ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်ရပါတယ်။ ကျနော်တို့ ရုပ်ရှင်အစည်းအရုံးရဲ့ မူလဖွဲ့စည်းပုံကလည်း အဆင့်ဆင့်သာ တင်ပြနေကြတာ အခုထိကို အတည်ပြုနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အဲဒီတော့ ကျနော်တို့ ရုပ်ရှင်လောက ကလည်း တံခါးမရှိ ဓါးမရှိပါပဲ။ အခုတော့ ကျနော်တို့က ရုပ်ရှင်အစည်းအရုံးသည် ရုပ်ရှင်စစ်စစ် သမားများသာ ဝင်ပိုင်ခွင့်ရှိသည်ဆိုတဲ့ မူကိုတော့ အဓိက ကိုင်စွဲထားပါတယ်။”

အရင် ရုပ်ရှင်အစည်းအရုံးဟောင်းရဲ့ ဖွဲ့စည်းပုံကကော။

“ရေးခဲ့သမျှသော ဖွဲ့စည်းပုံများထဲမှာ အောက်ခြေက အစည်းအရုံးဝင်များကိုသာ စည်းကမ်း သတ်မှတ်ပြီးတော့မှ ထိန်းချုပ်ဖို့ ကြိုးစားတဲ့အချက်အလက်တွေ ပါပေမယ့် အလုပ်အမှုဆောင်များကို စည်းကမ်းသတ်မှတ်ပြီး ထိန်းချုပ်ထား တဲ့ အချက်အလက်တွေ မပါတာပါ။”

ရုပ်ရှင်အစည်းရုံးဝင် ဖြစ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ရှင်းပြပေးဦး ခင်ဗျာ့။
ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်
မှာ ရုံပေါင်း ၂၃၈ ရုံရှိပါတယ်။ အခုဆိုရင်
၆၅ ရုံပဲကျန်ပါတယ်။ ၆၅ ရုံမှာ သုံးပုံတပုံပဲ
မြန်မာကားကို ပြပါတော့တယ်။ ပြည်သူပိုင်
သိမ်းတယ် အဲဒီရုပ်ရှင်ရုံနေရာမှာ ဟိုတယ်ကြီး
တွေသာ ပေါ်လာပြီးတော့ ရုပ်ရှင်ရုံ ပျောက် သွားပါတယ်။
“ဥပမာ အဓိက သရုပ်ဆောင်ဆိုရင် ရုပ်ရှင်ဇာတ်ကား
အနည်းဆုံး တကား ရိုက်ကူးဖူးရမယ်။ ဗီဒီယိုဆိုရင် ၁ဝ ကား ရိုက်ကူးဖူးရမယ်။ ဒါမှသာ ရုပ်ရှင်အစည်းအရုံးဝင် ဖြစ်မယ်။
အဲဒီလို သတ်မှတ်ချက်တွေ အရသာ၊ အစည်းရုံးဝင်ဖြစ်ခွင့်
ရှိတယ်။ သို့သော်လည်း တချို့ခေတ်များမှာတော့ အထူး မှတ်ချက်ဆိုပြီးတော့ တချို့သော ပုဂ္ဂိုလ်များကို အစည်းအရုံး
ကို တိုက်ရိုက်ဝင်ပိုင်ခွင့်ရှိတဲ့ တံခါးပေါက်တွေ ဖွင့်ပေးထားတာ ရှိတယ်။ ဥပမာအားဖြင့် ယဉ်ကျေးမှုဘွဲ့တခုခု ရရှိလာ ပြီးတော့ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်နေသူ အစည်းအရုံး ဝင်ပိုင်ခွင့်ရှိသည်ဆိုပြီးတော့ လုပ်တာရှိပါတယ်။ နောက်တခုက
ပြန်ကြားရေးဝန်ကြီးဌာနတွင် ၁ဝ နှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ၊ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေသူ အဲဒါမျိုးတွေက အရင်တုန်းက အစည်းရုံးဝင်ဖြစ်မှုအပေါ်မှာ သတ်မှတ်ချက်တွေပါ။ အဲဒါကြောင့် ကျနော်တို့က လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့အတွက် ပြင်ပက ပုဂ္ဂိုလ်များ ပါဝင်မလာနိုင်အောင်လို့ စည်းမျဉ်း စည်းကမ်းတွေ ပြန်ချရမှာဖြစ်ပါတယ်။”

အခု ရုပ်ရှင်အစည်းအရုံး အဟောင်းနဲ့ အသစ် နှစ်ခုရဲ့ မြင်သာတဲ့ ကွာခြားချက်က ဘာဖြစ်မလဲ။

“အဟောင်းကတော့ သူက ကြိုးပေါင်းစုံနဲ့ ချည်ထားကြတာခင်ဗျာ့။ ကျနော်တို့ရှေ့က အလုပ်အမှုဆောင်အဖွဲ့ဆိုရင် ၂၆ ယောက်ရှိပါတယ်။ ၂၆ ယောက်ထဲမှာ ၁၃ ဦးကို တိုက်ရိုက်ခန့်ထားတာပါ။ ၁၃ ဦးကတော့ ရွေးချယ်ခံပေါ့။
ရွေးချယ်ခံ ဆိုသော်လည်း အများရဲ့ ဆန္ဒနဲ့ တက်လာတာ မဟုတ်ပါဘူး။ ဥပမာ ကျနော် ဇင်ဝိုင်းသည် သရုပ်ဆောင် အလွှာမှာ ရွေးလိုက်လို့ မဲ တမဲပဲရတယ်။ သရုပ်ဆောင်လူမင်းက ရွေးလိုက်လိုက်လို့ မဲ ၁ဝဝ ရတယ်။ ပုံမှန်အတိုင်း ဆိုရင်တော့ ဦးလူမင်း တက်ရမှာပေါ့ အခုတော့ မဟုတ်ဘူး။ ‘ဇင်ဝိုင်း တက်’ဆိုပြီးတော့ ပြန်ကြားရေး ဝန်ကြီးဌာနက အမိန့်ပေးလိုက်ရင် ကျနော်က တက်သွားတယ်။ မဲ ၁ဝဝ ရတဲ့လူက အောက်မှာကျန်ခဲ့တယ်။ တိုက်ရိုက်ခန့် ဆိုတာ ကတော့ ဒီလူကို ခန့်လိုက်ပါဆိုရင် ပြီးသွားပြီ။”

“အဲဒီအခါကျတော့ အလုပ်အမှုဆောင်အဖွဲ့သည် ကျနော်တို့ လောကကို ကိုယ်စားမပြုပါဘူး။ ဒီအလုပ်အမှုဆောင်ထဲ မှာ ကိုယ့်လောကရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့အခါမျိုးမှာ တဘက်က ဌာနဆိုင်ရာများနဲ့ ထိပ်တိုက်
တွေ့ရတာမျိုးတွေရှိပါတယ်။ ဒီအခါမှာ အလုပ်အမှုဆောင်ထဲမှာရှိတဲ့ စိတ်ကောင်း စေတနာရှိတဲ့လူတွေမှာလည်း သူတို့ကို ချည်နှောင်ထားတဲ့ကြိုးတွေကြောင့် ရုန်းမထွက်ကြဘူး ဖြစ်ကြတယ်။ ကျနော်တို့ကတော့ ဒီကြိုးတွေကို အကုန်လုံး ဖြတ်တောက်ဖို့ ကြိုးစားကြတာပါ။”

ရုပ်ရှင်ကားတွေဟာ ဒါမှမဟုတ် ရုပ်ရှင်ဖန်တီးမှုတွေဟာ နိုင်ငံတခုအတွက် ဘယ်လောက် အထောက်အပံ့
ဖြစ်တယ်လို့ ထင်ပါသလဲ။

“ကျနော်တို့က ရုပ်ရှင်ဆိုပေမယ့်၊ ရုပ်ရှင်ဆိုတာဟာ အမျိုးသားရေး လက်နက်တခုပါ။ ကျနော်တို့ လူမျိုးတွေရဲ့
ကောင်းရာကောင်းကျိုးကို ဆောင်ပေးနိုင်ပါတယ်။ ကျနော်တို့ လူမျိုးတွေရဲ့ ကောင်းမြတ်တဲ့ ဓလေ့ စရိုက်တွေ ယဉ်ကျေးမှုတွေ၊ ကျနော်တို့ကို သဘာဝပေးထားတဲ့ အလွန်လှပတဲ့ ရေမြေတောတောင်တွေ ဒါတွေကို ကျနော်တို့ ရုပ်ရှင်ဆိုတဲ့ အနုပညာနဲ့ ကမ္ဘာကသိအောင် မြန်မာဆိုတာ ဒါလို့ ပြနိုင်အောင် ကျနော်တို့ လုပ်လို့ရပါတယ်။ အဲဒီလို လုပ်ဖို့ဆိုတာလည်း ကျနော်တို့ လောကသားတွေချည်းပဲ လုပ်လို့မရပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေကအစ ရုပ်ရှင်ဆိုတာ မပျောက်ပျက်အပ်သော အမျိုးသားရေးလက်နက်တခုပါလား ဆိုတာကို အမြင်ကျယ်ကျယ်လေး ဆင်ခြင်သုံးသပ်ပြီးတော့မှ ကျနော်တို့ကို ဝိုင်းဝန်းဖေးမမှသာ ကျနော်တို့ သွားလိုတဲ့ လမ်းခရီးကို ရောက်မှာပါ။ အခုအချိန်မှာတော့ ကျနော်တို့သည် သေခါနီး လူမမာလိုပါပဲ။ အခုန ကျနော်ပြောသလိုပါပဲ မကူညီရင်တော့ တားဆီးတာတွေ ပိတ်ပင်တာတွေ မလုပ်ကြဖို့တော့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ ဦးနှောက်စစ်စစ်နဲ့ တကယ်စစ်မှန် တဲ့ အနုပညာတွေ ဖန်တီးကြည့်ချင်ပါတယ်။ တစုံတဦးက ခိုင်းလို့ အဖွဲ့အစည်းတခုက ခိုင်းလို့ဆိုတဲ့ အနုပညာတွေ ကျနော်တို့ မဖန်တီးချင်တော့ပါဘူး။ ဒါမှသာလျှင် ကျနော်တို့ ‘အောက်ပိုင်း’က မလွတ်တဲ့ ဟာသကားတွေ၊ ကလိထိုး ရယ်ခိုင်းတာတွေရဲ့ ဘဝကနေ လွတ်မြောက်မှာပါ။”

ရုပ်ရှင်လောကအတွက် အဓိက ကန့်သတ်ချက်က ဘာဖြစ်မလဲ။
ကားရိုက်ပါတော့မယ်ဆိုရင် ဒီဇာတ်ဆို လွတ်ပါ့မလားဆိုတဲ့ သံသယစိတ်ကြီးနဲ့ ကျနော်တို့ လုပ်ကြရပါတယ်။ ကျနော်တို့မှာ ဖြန့်ကျက်တွေးတာတို့၊ တီထွင်ဖန်တီးတာတို့ ဘာမှ မလုပ်နိုင်ဘူး။ အဲဒီတော့ လွယ်ပါတယ်ကွာ အဆင်ပြေအောင် ဟာသကားပဲ ရိုက်လိုက်ကြတာပေါ့ ဆိုပြီးတော့ ဖြစ်လာတာပါ။
“ဆင်ဆာ ကန့်သတ်ချက်က အလွန် ပြင်းထန်တယ်ခင်ဗျာ့။ ဆင်ဆာက အစက ၁၂၄ ချက်နဲ့ ပိတ်ဆို့ထားတာ ရှိပါ တယ်။ အချက်အလက်ပေါင်းများစွာ ဆွဲဆန့်လို့ရပါတယ်။ ဘာလုပ်လုပ် မလွတ်ဘူး။ အဲဒီတော့ ကျနော်တို့က စတင်ပြီးတော့ ကားရိုက် ပါတော့မယ်ဆိုရင် ဒီဇာတ်ဆို လွတ်ပါ့မလားဆိုတဲ့ သံသယ စိတ်ကြီးနဲ့ ကျနော်တို့ လုပ်ကြရပါတယ်။ ကျနော်တို့မှာ
ဖြန့်ကျက်တွေး တာတို့၊ တီထွင်ဖန်တီးတာတို့ ဘာမှမလုပ်နိုင်
ဘူး။ အဲဒီတော့ လွယ်ပါတယ်ကွာ အဆင်ပြေအောင် ဟာသကားပဲ ရိုက်လိုက်ကြတာပေါ့ ဆိုပြီးတော့ ဖြစ်လာတာပါ။
နောက်တခုက ရုံတင်တဲ့အခါမှာ လည်း ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်မှာ ရုံပေါင်း ၂၃၈ ရုံရှိပါတယ်။ အခုဆိုရင် ၆၅ ရုံပဲကျန်ပါတယ်။ ၆၅ ရုံမှာ သုံးပုံတပုံပဲ မြန်မာကားကို ပြပါတော့တယ်။ ပြည်သူပိုင်သိမ်းတယ် အဲဒီရုပ်ရှင်ရုံနေရာမှာ ဟိုတယ်ကြီးတွေသာ ပေါ်လာ ပြီးတော့ ရုပ်ရှင်ရုံပျောက်သွားပါတယ်။”

ဦးဇင်ဝိုင်း ခုန ပြောခဲ့သလိုပဲ ရုပ်ရှင်လောကအတွက် ရုပ်ရှင်လောကသားတွေ ပြင်ဆင်နေကြပြီပေါ့၊ ဒီပြင်ဆင်မှု
တွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်ခွင့် ရှိမယ်လို့ ယူဆပါသလား။

“ကျနော်ကတော့ ယူဆပါတယ်ခင်ဗျာ့။ ရုပ်ရှင်လောက မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာတာနဲ့ အတူတူပါပဲ။ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် ဘက်စုံထောင့်စုံ ဖွံ့ဖြိုးမှသာ ဖွံ့ဖြိုးတိုးတက်တယ်လို့ ပြောလို့ရပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး တိုးတက်ဖို့လိုသလို ကျနော်တို့ ရုပ်ရှင်အနုပညာလောကလည်း တိုးတက်ဖို့ လိုပါ တယ်။ အခုအစိုးရကလည်း ကျနော်တို့ ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရပါ။ အဲဒီတော့ ကျနော်တို့
ပြည်သူပြည်သားတွေအတွက် မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကမှ ဝင်ရောက်ဟန့်တားမှာ မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ တကယ်လို့ ဒီအခွင့်အရေး မပေးဘူးဆိုလည်း ကျနော်တို့ကို အခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေကို ကိုင်စွဲပြီးတော့ ဥပဒေတွေကို မဖေါက်ဖျက်ဘဲနဲ့ ဥပဒေဘောင်ထဲကနေ တိုက်ပွဲဝင်သွားမှာပါ။”

အနာဂတ် ရုပ်ရှင်လောကအတွက် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတယောက်ရဲ့ အိမ်မက်က ဘာဖြစ်မလဲ။

“ကျနော့်လက်ထဲကို၊ စုတ်ပြတ်သတ်နေတဲ့လောကကြီးကို ဘာမှမသိတဲ့ ဇင်ဝိုင်း လက်ထဲကို ရှေ့လူတွေက လွှဲပေး ခဲ့တာပါ။ ကျနော့်လက်ထက်ကျရင်တော့ ဒီလိုမဖြစ်စေရပါဘူး။ ဒီ့ထက်ပို ခိုင်မာတဲ့ ဒီ့ထက်ပိုမြင့်မားတဲ့ ပရိသတ်ရှိတဲ့ ရုပ်ရှင်လောကကို ဖန်တီးပြီးတော့ ကျနော့်ထက် တကယ်တတ်တဲ့ တကယ်သိတဲ့ နိုင်ငံတကာ အဆင့်မီသိတဲ့ ကလေးတွေ ကျနော့် မျိုးဆက်သစ်တွေ လက်ထဲကို ကျနော် ထည့်ပေးချင်ပါတယ်။ ကျနော်တို့မှာ အခု နိုင်ငံတကာ ပွဲတွေသွားရင် မင်းသားတွေကလည်း သူတို့ မင်းသားမင်းသမီးတွေကို မော့ကြည့်နေရတယ်။ ဒါရိုက်တာတွေကလည်း ဒါရိုက်တာချင်းယှဉ်ရင် သိမ်ငယ်နေရတယ်။ ထုတ်လုပ်သူချင်း ယှဉ်ရင်လည်း သိမ်ငယ်နေရတယ်။ ကျနော်တို့မှာ အရမ်းရှက်စရာ ကောင်းပါတယ်။ အဲဒီဘဝမျိုးတွေ မဖြစ်စေချင်တော့ဘူး။ နိုင်ငံတကာပွဲတွေမှာ ကျနော်တို့ တင့်တင့် တယ်တယ်နဲ့ တက်မယ်။ သူတို့ ကားပေါင်း ၁ဝဝ ရိုက်ပေမယ့်၊ ကျနော်တို့ တကားပဲ ရိုက်သော်လည်း ကျနော်တို့ ကားသည် ကျနော်တို့ ယဉ်ကျေးမှုအရ၊ စံချိန်အရ၊ အနုပညာအရ တန်းမီတဲ့ ကားမျိုးဖြစ်ရမယ်လို့ ကျနော် ရည်ရွယ်ပါတယ်။”

Monday, 9 April 2012

ဦးခင်ညွန့်ရဲ့ပြောဆိုချက်အပေါ် ဒီပဲယင်း ဖြစ်ရပ်တုန်းကအတူရှိနေခဲ့တဲ့ဦးတင်ဦးရဲ့ပြောဆိုချက်(အသံဖိုင်)



 ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ၂၀ဝ၃ ခုနှစ် မေလ ၃၀ ရက် ဒီပဲယင်း ဖြစ်ရပ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ် ကနေ ထောက်လှမ်းရေးတွေက ကယ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောကြားသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ကိုကယ်တင်ခဲ့တယ်လို့ပြောတဲ့ ဦးခင်ညွန့်ရဲ့ပြောဆိုချက်အပေါ် ဒီပဲယင်း ဖြစ်ရပ်တုန်းကအတူရှိနေခဲ့တဲ့ဦးတင်ဦးရဲ့ပြောဆိုချက်(အသံဖိုင်)
BBC

Ref: MNN

Sunday, 8 April 2012

သမိုင်းဝင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီးနောက် ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ

New Light of Myanmar April 7, 2012 Page 8
၂၀၁၂ ဧပြီ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၈ မှ



၂၀၁၂ ဧပြီ ၆ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် မြန်မာအစိုးရ ကိုယ်စားလှယ်များနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့တဲ့ ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းက ကြပ်ပြေးနေပြည်တော်ကို သွားရောက်ခဲ့ပြီး မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။
 
 ကရင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရန် စီစဉ်ထားပြီး မြန်မာအစိုးရနဲ့ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန် ပဲခူးတိုင်း ကျောက်ကြီးဒေသနဲ့ တနင်္သာရီတိုင်း ထားဝယ်ဒေသဘက်သို့ သွားရောက်ဖို့ ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ ကရင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ဧပြီ ၆ ရက်နေ့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့ကြပါတယ်။ ထို ဆွေးနွေးပွဲတွင် ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ကရင်အဖွဲ့ကို ဦးဆောင်ပြီး မြန်မာအစိုးရဘက်ကတော့ မီးရထားဝန်ကြီး ဦးအောင်မင်း အပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးနဲ့ ရန်ကုန်တိုင်းက တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။ ထို ဆွေးနွေးပွဲကနေ အပစ်အခတ် ရပ်စဲရေး အဓိကအချက်များနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။
 
 မြန်မာအာဏာပိုင်များနဲ့ ကရင်အမျိုးသား အစည်းအရုံးတို့ရဲ့ သမိုင်းဝင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ယနေ့မြန်မာက ကရင် အမျိုးသား အစည်းအရုံး ပြောခွင့်ရပုဂ္ဂိုလ် စောကွယ်ထူးဝင်း (Saw Kwe Htoo Win) ကို ၂၀၁၂ ဧပြီ ၇ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည်ပိုင်းက အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းထားပါတယ်။
 
ယနေ့မြန်မာ - ပထမဆုံးအနေနဲ့ ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရတို့အနေနဲ့ ဘယ်လောက်အထိ သဘောတူညီချက် ရခဲ့သလဲဆိုတာ ရှင်းလင်း ပြောပြပေးစေလိုပါတယ်။
 
 စောကွယ်ထူးဝင်း - ဒီ ဆွေးနွေးပွဲက ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ပဏာမ သဘောတူညီထားတဲ့ အချက် ၁၁ ချက်ထဲက အချက် ၆ ချက်ကို အဓိက ဆွေးနွေးပါတယ်။ တစ်အချက်က တပြည်လုံး အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးတယ်။ ပကတိအနေအထားအရ အကောင်အထည် ဖော်သွားဖို့ဆိုတဲ့နေရာမှာ တဖြည်းဖြည်း အကောင်အထည် ဖော်သွားဖို့ဆိုတဲ့ သဘောတူညီချက် ပေါ့လေ၊ ဆုံးဖြတ်ချက် ရှိတယ်။ တခုနဲ့တခု အနေအထား မတူညီတဲ့အပေါ်မှာ တဖြည်းဖြည်း အကောင်အထည်ဖော်သွားဖို့ ဆုံးဖြတ်ချက် ကျတယ်။ progressive realization ပေါ့၊ အဲဒါကို သဘောတူတယ်။ ကျွန်တော်တို့ ပဋိပက္ခဖြစ်နေတဲ့ကာလမှာ ဒုက္ခရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် ဆွေးနွေးတာ ရှိတယ်။
 
 အထူးသဖြင့် ကျွန်တော်တို့ ကရင်ပြည်နယ် ပြည်သူပြည်သား ဘ၀တွေ ရပ်တည်နိုင်ရန် အာမခံရမည် ဆိုတာ၊ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့စလုံးကနေပြီး ပြည်သူပြည်သားဘ၀တွေ ရပ်တည်နိုင်ဖို့ လုပ်ဆောင်တဲ့အခါ လိုက်နာရမယ့် ကျင့်ဝတ်တွေပေါ့၊ ဒါတွေကို နှစ်ဦးနှစ်ဘက် ပြန်လည် ညှိနှိုင်း ပေါင်းစပ်ပြီး ကျင့်ဝတ်တွေကို အတည်ပြုသွားမယ်။ လောလောဆယ်တော့ အတည်ပြုလို့ မရသေးဘူး။ ကျန်တဲ့အချက်တွေကျတော့ ပြည်တွင်း ဒုက္ခသည်တွေအတွက် ပြန်လည် နေရာချထားရေးတို့၊ မူလကျေးရွာတွေမှာ ပြန်လည် နေထိုင်ဖို့အတွက် နေရာချထားပေးဖို့ စီစဉ်ဖို့ ရှိတယ်။ ဒီလို လုပ်ဆောင်တဲ့အခါကျတော့ နိုင်ငံတကာရဲ့ အကူအညီလည်း လိုချင်လိုမှာပဲ။ ဒါကိုတော့ သူတို့ဘက်ကလည်း တာဝန်ယူ လုပ်ဆောင်မယ့် အပိုင်းတွေ ရှိတယ်။
 
ယနေ့မြန်မာ - အခုတခေါက် ဆွေးနွေးတဲ့အခါမှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ကြတယ်။ ဗိုလ်ချုပ်မြတို့လက်ထက်တုန်းကလည်း ဆွေးနွေးတာတွေ ရှိခဲ့တယ်။ ဒီတော့ ဒီတခေါက် ဆွေးနွေးတဲ့အပေါ်မှာ ကရင်အမျိုးသား အစည်းအရုံးက ဘယ်လို မှတ်ချက် ပြုလိုပါသလဲ ခင်ဗျ။
 
 စောကွယ်ထူးဝင်း - ကျွန်တော်တို့ မြင်တဲ့အဆင့်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တဲ့အခါမှာ ပထမဆုံးအနေနဲ့ အပစ်အခတ် ရပ်စဲရေးဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ စီစဉ်သွားမှာပဲ။ ပထမအဆင့်အနေနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အပစ်အခတ် ရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါမို့လို့ ပြည်နယ်နဲ့ တိုင်းအဆင့်မှာ စစ်ဘက်ဆိုင်ရာကိစ္စကို ဆွေးနွေးပြီးတော့ အကောင်အထည် ဖော်သွားဖို့ ဖြစ်တယ်။
 
ပြည်ထောင်စုအဆင့်မှာကတော့ ဆက်စပ်နေတဲ့အချက်တွေအပေါ်မှာ - ကျွန်တော်တို့ ကရင်အမျိုးသား အစည်းအရုံးကလည်း နေရာဒေသတခုထဲမှာ မဟုတ်ဘူး။ ပြောမယ်ဆိုရင် ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတွေမှာ ရှိတယ်။ ဒီတော့ လူထုနဲ့ ပတ်သက်တဲ့အချက်တွေ ဆွေးနွေးရမယ်ဆိုတော့ ပြည်ထောင်စုအဆင့် ပေါ့။ ဆက်ပြီးတော့ နိုင်ငံရေးအပိုင်း ပေါ့၊ ဒါကတော့ တဆင့်ချင်း တက်ပြီး ဆွေးနွေးရမယ်။ လောလောဆယ်တော့ အပစ်အခတ် ရပ်စဲရေး ခိုင်မာရေးအတွက်၊ လတ်တလော တိုက်ပွဲတွေကြောင့် ဒုက္ခရင်ဆိုင်နေရတဲ့ ပြည်သူပြည်သားတွေရဲ့ဘ၀တွေကို ပြန်လည် ထူထောင်ဖို့ကိစ္စတွေကို အရင်ဦးဆုံး ကိုင်တွယ် လုပ်ဆောင်သွားမှာ ဖြစ်တယ်။
 
ယနေ့မြန်မာ - ပါဝင် ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ နည်းနည်း အတည်ပြု ပြောပြပေးပါလား ခင်ဗျာ။
 
 စောကွယ်ထူးဝင်း - ဟုတ်ကဲ့။ ကျွန်တော်တို့ မီးရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ သစ်တောရေးရာဝန်ကြီး၊ စက်မှုဝန်ကြီး၊ လျှပ်စစ်ဝန်ကြီး စသည်ဖြင့် ၀န်ကြီးတွေ ပါတယ်။ ရန်ကုန်တိုင်းက ၀န်ကြီးတချို့၊ ကရင်ရေးရာဝန်ကြီး ဦးထွန်းအောင်မြင့်တို့၊ ပြည်ထောင်စုအဆင့် နယ်စပ်ရေးရာ ၀န်ကြီး ပါဝင်ပါတယ်။ ကျွန်တော်တို့ဘက်မှာကျတော့ အတွင်းရေးမှူးချုပ် ဒေါ်နော်စီဖိုးရာ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူတူး၊ တပ်မဟာ ၃ မှူး ဗိုလ်မှူးချုပ် အယ်ကလူ တို့၊ ဖဒိုအားတိုး၊ ဖဒိုရော်ဂျာတို့ ပါတယ်။ ကျွန်တော်တို့ စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ထူးထူးလေး ပါတယ်။
 
 ယနေ့မြန်မာ - ဧပြီ ၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖို့ ရှိတယ်ဆိုတော့ ပြောပြနိုင်မယ်ဆိုရင် ဘယ်လို အချက်အလက်တွေ ဆွေးနွေးဖို့ စဉ်းစားထားတယ်ဆိုတာ ပြောပြပေးပါလား ခင်ဗျ။
 
 စောကွယ်ထူးဝင်း - ကျွန်တော်တို့ ဒေါ်စုနဲ့ တွေ့ဖို့ အစီအစဉ် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ သိရသလောက် ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်စုပါတီက အနိုင်ရသွားတယ်။ မဲဆန္ဒနယ် အကုန်လုံးလိုလိုမှာ အနိုင်ရတယ်။ ဒါကို ကျွန်တော်တို့ဘက်က congratulation ဂုဏ်ပြုတဲ့စကား ပြောဖို့ ရှိတယ်။ နောက်ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ဆက်ပြီး လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ တိုက်တွန်း လုပ်ဆောင်သွားဖို့ ရှိပါတယ်။
 
 ယနေ့မြန်မာ - အခု ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးဒေသနဲ့ တနင်္သာရီတိုင်းကို သွားဖို့ ရှိတဲ့အခါကျတော့ အဲဒီဒေသတွေမှာ ဆက်ဆံရေးရုံးတွေ ဖွင့်ဖို့အတွက်ပဲ လား၊ ကျွန်တော်တို့ နားလည်တာက ကရင်ပြည်နယ်အတွင်းမှာက စစ်ပွဲတွေကြောင့် အတည်တကျ မနေထိုင်ရဘဲ တိမ်းရှောင်နေကြရတဲ့ ပြည်သူတွေလည်း ရှိနေတော့ အဲဒီပြည်သူတွေအရေးကိစ္စကိုရော ဆောင်ရွက်ဖို့ ရှိပါသလား၊ အဲဒီအချက်တွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါလား ခင်ဗျာ။
 
 စောကွယ်ထူးဝင်း - ကျွန်တော်တို့ အစီအစဉ်ကတော့ ဇန်န၀ါရီလကတည်းက သဘောတူညီထားတဲ့ အပစ်အခတ် ရပ်စဲရေး လုပ်မယ်ဆိုရင် လိုအပ်တဲ့ကျင့်ဝတ်တွေ ရှိသလို ဒီကိစ္စတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ စည်းကမ်း ဖောက်ဖျက်မှု မရှိရေးအတွက် ဆက်ဆံရေးရုံးတွေ ရှိရမယ်၊ ဆက်ဆံရေးရုံးတွေ ဖွင့်ပြီး တပ်တွေ စည်းကမ်းလိုက်နာမှု မပြည့်ဝရင် စောင့်ကြည့်လေ့လာဖို့ monitoring ကိစ္စတွေ ဆွေးနွေးတာကိုး။ ဒါတွေ အကောင်အထည်ဖော်ဖို့ ဆွေးနွေးထားတာ ရှိတယ်။ ပထမဦးဆုံး ကျွန်တော်တို့ ကျောက်ကြီးမှာ ဆက်ဆံရေးရုံး ဖွင့်မယ်။ နောက်ပိုင်းကျတော့ ထားဝယ်မှာ ဖွင့်မယ်။ တဆင့်ပြီး တဆင့်ပေါ့လေ။ ကျွန်တော်တို့ ဘုရားသုံးဆူ၊ မြ၀တီ၊ ဖားအံ တဆင့်ပြီးတဆင့် ဆက်ဆံရေးရုံးတွေ ဖွင့်သွားဖို့ အစီအစဉ် ရှိပါတယ်။ နောက်ပြီး ပြည်တွင်း ရွှေ့ပြောင်းနေထိုင်တဲ့ ပုဂ္ဂိလ်များ၊ IDP (Internally Displaced Person) ပေါ့။ ဒီကိစ္စက လက်နက်ကိုင်ပဋိပက္ခကြောင့်သော်လည်းကောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့အတွက် သော်လည်းကောင်း၊ ကြောက်ရွံ့ပြီး မိမိဆန္ဒအရကြောင့် မဟုတ်ဘဲ ထွက်သွားရတဲ့သူ အများကြီး ရှိတယ်။ သူတို့ကလည်းပဲ အပစ်အခတ် ရပ်စဲပြီဆိုတာရင်တော့ မိမိရွာကို ပြန်ချင်တဲ့ ဆန္ဒ ရှိမှာပဲ။ ဒါကြောင့်မို့ ပြန်လို့ရှိရင် လိုအပ်တဲ့ ပံ့ပိုးမှု၊ ပြန်လည် နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး လုပ်ဖို့ ရှိတယ်။ ဒီလို လုပ်ဆောင်တဲ့နေရာမှာ ကျွန်တော်တို့ အဖွဲ့အစည်းချည်းပဲ လုပ်လို့ မရဘူး။ လူထုလူတန်းစား အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အကူအညီတွေလည်း လိုမှာပဲ။ ဒါကို တဆင့်ပြီးတဆင့် လုပ်သွားဖို့ ရှိပါတယ်။ 
 
ယနေ့မြန်မာ - ပြီးခဲ့တဲ့လတုန်းက ဖဒိုမန်းငြိမ်း လွတ်လာတဲ့ကိစ္စ နှောင့်နှေးခဲ့တာတို့၊ မြန်မာအစိုးရတပ်တွေက ရိက္ခာ ပို့တဲ့အခါ၊ ခရီးသွားလာတဲ့အခါ ကန့်သတ်တာထက် ကျော်လွန်သွားခဲ့တာတွေနဲ့ ပတ်သက်ပြီး နည်းနည်းလေး ကသိကအောင့် ဖြစ်ခဲ့ကြတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ နောက်နောင်မှာ အလားတူ ပြဿနာမျိုး ထပ် မဖြစ်အောင် မြန်မာအာဏာပိုင်တွေဘက်က ဘယ်လို သဘောတူညီခဲ့တာမျိုး ရှိပါသလဲ၊ ကရင်အမျိုးသားအစည်းအရုံးဘက်ကရော အဲဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးတာတွေ ရှိခဲ့ပါသလား ခင်ဗျ။
 
 စောကွယ်ထူးဝင်း - ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေး ခိုင်မာရေးအတွက် လုပ်ဆောင်သွားမှာပဲ။ ပထမအဆင့် လုပ်တဲ့အခါ ကျွန်တော်တို့ နားလည်ရမှာက တဖက်နဲ့တဖက် တိုက်ခိုက်လာတဲ့တာ နှစ်ပေါင်း ၆၀ ကျော်၊ အခုတလအတွင်းမှာ သံသယစိတ်တို့ မယုံကြည်မှုစိတ်တွေဆိုတာက ရှိနိုင်တာပဲ။ နောက်ပြီးတော့ အကောင်အထည် ဖော်တဲ့အခါမှာလည်း ကျွန်တော်တို့ အဖွဲ့ဝင်အားလုံးက နားလည်သဘောပေါက်ပြီး အကောင်အထည်ကြဖို့ လိုအပ်တယ်။ ဒီနေရာမှာ ကျွန်တော်တို့ ပညာပေးဖို့ အများကြီး လိုပါတယ်။ ဒီလို ဖြစ်တာတွေကတော့ ကျွန်တော်တို့ ယုံကြည်မှု ရှိလာရင် တဖြည်းဖြည်းနဲ့ လျော့နည်းသွားမှာပဲ။ အခုလောလောဆယ်ကတော့ တဆင့်ချင်း သွားမှာကိုး။ ငြိမ်းချမ်းရေး တည်ဆောက်တဲ့အခါမှာလည်း တိုက်ခိုက်နေတဲ့ အဖွဲ့အစည်း နှစ်ခုထဲ မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်သူလူထု လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေး အကျိုးသက်ရောက်မှုက လူထုအပေါ်မှာ မူတည်တာကိုး။ တိုက်ခိုက်မှု ရှိရင် သူတို့ ရင်ဆိုင်နေရမှာပဲ။ ငြိမ်းချမ်းရေးရှိရင် သူတို့အကျိုးရှိမှာပဲ။ ဒါမို့လို့ သူတို့ နားလည်သဘောပေါက်ပြီးတော့ တဖက်တလမ်းကနေ ၀ိုင်းဝန်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ 
 
ယနေ့မြန်မာ - နောက်ဆုံးအနေနဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကရင်ပြည်သူတွေ၊ မြန်မာတိုင်းရင်းသားတွေကို အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနေတာနဲ့ ပတ်သက်ပြီး ဘယ်လိုသတင်းစကားမျိုး ပြောပြလိုပါသလဲ ခင်ဗျ။
 
 စောကွယ်ထူးဝင်း - ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ လှုပ်ရှားမှုဟာ ကျွန်တော်တို့ အခြေခံ ပြဿနာက နိုင်ငံရေးပြဿနာ ဖြစ်တယ်။ ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေးတခုထဲနဲ့ ဒီ ပြဿနာဟာ ရှင်းသွားမှာ မဟုတ်ဘူး။ အခြေခံ ပြဿနာဖြစ်တဲ့ နိုင်ငံရေးပြဿနာကို ပြောဆို ရှင်းလင်းရမှာပဲ။ ဒီနေရာမှာ ကရင်ပြည်သူပြည်သားတွေရော အခြား တိုင်းရင်းသားတွေပါ သိစေချင်တယ်။ နောက်တခုက အပစ်အခတ် ရပ်စဲရေးလုပ်တာ ကရင်ပြည်နယ်တခုထဲအတွက် မဟုတ်ဘူး။ တပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ကျွန်တော်တို့ တဖက်တလမ်းက ဆက်လက် ကြိုးပမ်း လုပ်ဆောင်သွားမယ်။ ဒီလို လုပ်ဆောင်တဲ့နေရာမှာ တခြား တိုင်းရင်းသားတွေ ပါဝင်မှု လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဦးဆုံး ဆွေးနွေးတဲ့အချက်က တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးဆိုတဲ့ အချက်ကို ဆွေးနွေးတယ်။ ဒါကို လုပ်ဆောင်တဲ့နေရာမှာလည်း လက်တွေ့ကျကျ အစိုးရဘက်ကလည်း တခုချင်း လုပ်နိုင်တဲ့နေရာက စပြီး လုပ်၊ တဖက်ကလည်း ကျွန်တော်တို့ ပဋိပက္ခဖြစ်နေတဲ့အပိုင်းကလည်း ကြိုစားလုပ်ဆောင်ဖို့ လိုတယ်။ 
 
ယနေ့မြန်မာ - ဟုတ်ကဲ့ခင်ဗျ။ ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျ။ 
 
အခု ဖော်ပြခဲ့တာကတော့ ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စောကွယ်ထူးဝင်းကို ယနေ့မြန်မာ အယ်ဒီတာ ဦးမြင့်လှိုင်က ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ ဆက်သွယ်မေးမြန်းခဲ့ပြီးနောက် အလွတ်သဘော စကား ပြောဆိုခဲ့ကြပါသေးတယ်။ 
 
 ထိုသို့ အလွတ်သဘော ပြောခဲ့တဲ့ စကားတွေထဲက စောကွယ်ထူးဝင်း ပြောတဲ့ အမှတ်ရစရာ စကားများကတော့ “ဒီ ဖုန်းက ဘယ်လိုလဲ မသိဘူး။ အခု ကျွန်တော် ပြောနေတာ ကျွန်တော့်အသံ ပြန်ကြားနေရတယ်။ တခါတလေကျတော့ သူများအသံကို မကြားရဘူး။ ညက မီဒီယာကလည်း တရာကျော်လောက် ရှိမလားပဲ။ ဒီကြားထဲ မီးကလည်း ပျက်လိုက်သေးတယ်။ ကျွန်တော်တို့ တိုင်းပြည် လက်နက်ကိုင် ပဋိပက္ခနဲ့ ဆက်သွားလို့ရှိရင် အမှောင်ထဲ နေရတော့မယ်။ ဒါကြောင့် ကျွန်တော်လည်း ငြိမ်းချမ်းရေး လိုချင်တာ။“
Ref: BurmaToday

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes