Showing posts with label ၁၄။ ပေးစာ. Show all posts
Showing posts with label ၁၄။ ပေးစာ. Show all posts

Monday, 21 May 2012

ရန်ကုန်တက္ကသိုလ် ဂုဏ်သိက္ခာ ပြန်လည်တည်ဆောက်ရေး သမ္မတ အကြံပေးရဲ့ အိတ်ဖွင့်ပေးစာ

ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် Myanmar Development Resource Institute- MDRI မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း ခေါင်းဆောင်လည်းဖြစ် နိုင်ငံတော် သမ္မတရဲ့စီးပွားရေး အကြံပေးလည်း ဖြစ်တဲ့ ဦးမြင့်က ပြည်သူသို့ အိတ်ဖွင့်ပေးစာ တစ်စောင် ဒီနေ့ ဖြန့်ချိလိုက်ပါတယ်။
Courtesy of Mizzima
စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်။ (Photo Courtesy of Mizzima)
ပညာရေးကဏ္ဍ လိုအပ်ချက် အတွက် ရန်ကုန် တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် စဉ်းစားကြဖို့ စာမှာ အဆိုပြုထားတာပါ။

ရန်ကုန်တက္ကသိုလ် ဆိုတာ ပြည်သူတရပ်လုံးက ပိုင်ဆိုင်တဲ့ အမျိုးအသား အမွေအနှစ်ဖြစ်တဲ့ အကြောင်း၊ တက္ကသိုလ် သမိုင်းဦးကာလမှာ အာရှတိုက်က အကောင်းဆုံး၊ အကြီးအကျယ်ဆုံး တက္ကသိုလ်တွေထဲက တစ်ခု ဖြစ်တဲ့အကြောင်း၊ အရင်က ရှိခဲ့တဲ့ ဂုဏ်ရောင်တွေနဲ့ အသွေးအရောင်စုံတွေ လွင့်ပြယ်ခဲ့ရတဲ့ အကြောင်းတွေကို ပေးစာမှာ ဖော်ပြထားပါတယ်။

ရန်ကုန်တက္ကသိုလ် ပင်မ၀င်းထဲက စာသင်ခန်းတွေမှာ ဘွဲ့ကြို၊ ဘွဲ့လွန် ပုံမှန်အတန်းတွေ ပြန်သင်ကြားဖို့၊ ၁၉၉၀ ပြည့်နှစ်ပိုင်းတွေက စပြီး ကျောင်းသူ ကျောင်းသားတွေ ကင်းမဲ့သွားတဲ့ အဆောင်တွေမှာ အဆောင်သူ အဆောင်သားတွေ ပြန်ထားဖို့ ကိုလည်း ရေးထားပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ စာပြန်သင်နိုင်အောင် အဲဒီလို အဆိုပြုထားတဲ့အပြင် တက္ကသိုလ်ရဲ့သမိုင်း၊ လက်ရှိတက္ကသိုလ်ရဲ့ အခြေအနေတွေကို ပြောဆိုရေးသား တင်ပြပေးဖို့နဲ့ ရန်ကုန်တက္ကသိုလ်ကို အရင်က ဂုဏ်သိက္ခာမျိုး ပြန်ရရှိဖို့ လုပ်ငန်းစီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေး အကြံပြုကြဖို့လည်း တင်ပြထားပါတယ်။

ဒီလို အရင်က ဂုဏ်သိက္ခာ အတိုင်း ပြန်တည်ဆောက်ဖို့ ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်တည်ဆောက်ရေးကိုလည်း ဦးမြင့်ရဲ့ ပေးစာမှာ ရေးသားထားပါတယ်။

Ref: RFA


Ref: ဒေါက်တာလွမ်းဆွေ

Monday, 26 March 2012

ပတ်စ်ပို့နှင့် ပွဲစားလောက လုပ်စားကြရာဝယ်

မဲဆောက်သားလေး (မြန်မာပြည်)။ မိုးမခသို့ ပေးစာ
မတ်လ ၂၅၊ ၂၀၁၂
ထိုင်းနိုင်ငံတွင်အလုပ်လာရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများကို ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ သဘောတူညီချက်အရ ပတ်စ်ပို့ပြုလုပ်ရန် လုပ်ဆောင်ကြပြီး ပတ်စ်ပို့များပြုလုပ်စေပါသည်။
 
ထို့သို့လုပ်ဆောင်ကြရာဝယ် အစိုးရရုံးသို့ တိုက်ရိုက်သွားရောက်လုပ်ဆောင်နိုင်ခြင်းမရှိသောသူများအတွက် ပတ်စ်ပို့လုပ်ဆောင်နိုင်ရန်အ တွက် ပွဲစားကုမ္မဏီများဖွင့်ပြီး လုပ်ဆောင်ပေးကြရာတွင် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၅၀၀ အနည်းဆုံးဖြင့် ဆောင်ရွက်ကြပါတယ်။ မှန်မှန် ကန်ကန်ဆောင်ရွက်ကြသည့်ကုမ္မဏီမှာ အနည်းငယ်သာရှိပြီး မမှန်မကန် ကိုယ့်မြန်မာအချင်းချင်း လိမ်လည့်လှည့်ပတ်ပြီး လုပ်စားနေကြ သူက များပါတယ်။

အခုရက်ပိုင်း စုံစမ်းရသလောက်ကတော့ အမှန်တစ်ကယ် ကြုံတွေခံစားနေရသူတစ်ဦးရဲ့ရင်ဖွင့်သံကတော့ “ကျွန်တော်တို့မှာ နေထိုင်ခွင့် လက်မှတ်အစစ်နဲ့ ပတ်စ်ပို့တင်လိုက်တယ်။ ဘန်ကောက်ရုံးဆိုတဲ့ဆီကကျလာတဲ့စာရွက် အများခေါ် (သုံးကွက်ကျား) တံဆိပ်တုံးအနီရောင် အ၀ိုင်း ပါရှိပါတယ်။ နေထိုင်ခွင့်ရဲ့ကျောဘက်မှ ပါလာတာတွေရပါတယ်။ နံပါတ် ၁၃ လုံးနဲ့ပါ။ ဒီနေရာမှာ ကုမ္မဏီတွေက MOU လို့ခေါ်တဲ့ ဘာလက်မှတ်မှမရှိတဲ့သူ (လူသစ်) ကို ပတ်စ်ပို့လုပ်ဆောင်လို့ရတယ်ဆိုပြီး ကျွန်တော်တို့ကျနေတဲ့ အဲဒီစာရွက်ပေါ်မှာ နာမည်ပြောင်း ဓါတ် ပုံပြောင်းပြီး အစားထိုးပတ်စ်ပို့လုပ်ပါတယ်။ ပြီးမှ အစစ်အမှန်ဖြစ်တဲ့ ကျွန်တော်တို့ကို ဘတ်ကောက်ရုံးကမကျသေးပါ စသဖြင့် အကြောင်း အမျိုးမျိုးပြပြီး အချိန်ဆွဲထားပါတယ်။ မခြေမငံပြောတာက တမျိုး၊ ဟောက်ငေါက်ပြီးတစ်မျိုး ခြိမ်းခြောက်တာက တမျိုးပါ။ မစောင့်နိုင်ပါက စားရွက်တွေပြန်ယူသွား စရံကတော့ ပြန်မရပါ။ ဒီလိုနှင့် စိတ်ရှည်သည်းခံစောင့်လိုက်တော့ ပတ်စ်ပို့ရလာပါတယ်။

ရလာတဲ့စာအုပ်က ကျွန်တော်ရဲ့ ၁၃ လုံးနံပါတ်အမှန်ဖြစ်သော်လည်း ၁၃ လုံး နံပါတ်တူစာအုပ် ဘယ်နှအုပ်ထွက်ရှိသွားပြီဆိုသည်ကိုတော့ ကျွန်တော်တို့ မသိရတော့ပါ။ ကျွန်တော်တို့ အစစ်အမှန်စာရွက်ရှိသူများကို ၅၅၀၀ ယူသော်လည်း MOU သမားများမှာ (၁၂၀၀၀ ဘတ်မှ ၁၅၀၀၀) ထိ ပေးကြရပါတယ်။ အချို့MOU များမှာ အစစ်အမှန်ဖြစ်ပြီး (၂) လခန့်ကြာအောင် စောင့်ရပါတယ်။ အတုများကတော့ (၃) ရက်နှင့် (၅) ရက်အတွင်း ပတ်စ်ပို့ရတယ်လို့ သိရပါတယ်။” လို့ သူက ရှင်းပြပါတယ်။
မဲဆောက်မှာ ဘာတွေဖြစ်နေကြပီလည်းဆိုတာ မတွေးတတ်အောင်ပါဘဲ။ သတင်းရတာကတော့ အဲလိုစာအုပ်ကို အတုသဘောလုပ်ပြီး ဘန်ကောက်တက်တာ ကွန်ပျူတာစစ်တော့ ၁၃ လုံးနံပါတ်က လူပုံ၊ လက်ဗွေတွေမတူတာကြောင့် စာရွက်စာတမ်းအတုလုပ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချတယ်ဆိုတာတော့ ကြားသိရပါတယ်။ မြန်မာလူမျိုးအချင်းချင်း ဒီလိုမလုပ်စားသင့်ဘူးလို့ ထင်ပါတယ်။ အမျိုးကိုစောင့်ရှောက် ရမည့်အစား နှိပ်စက်နေသလိုဖြစ်နေပါကြောင်း ….။
Ref: MoeMaka

Tuesday, 21 February 2012

ဖုန်းပိုင်ရှင်များ အလိမ်မကျစေရန်နှင့် လိမ်လည်နေသူ ငလိမ်ကောင်အား ဖမ်းဆီးဖော်ထုတ်ပေးပါရန်

ကျွန်တော်သည် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြောက်ပိုင်း ကျေးရွာတစ်ရွာမှ ရွာသား တစ်ယောက်ဖြစ်ပါသည်။ ၁၅- ၁၀ - ၂၀၁၁ နေ့တွင် ကျွန်တော် ဖုန်းအား ဗိုလ်မှူး ဦးတင်မြင့်ဟု ဆိုသူက သူ့ ကို သူ ပထမဆုံး မိတ်ဆက်ပြီး ဝမ်းသာစရာ သတင်းကောင်းတစ်ခုပြောမည်ဟု အစချီကာ ယခုကဲ့သို့ ပြောဆိုလာပါသည်။

"ခင်ဗျားဟာ တော်တော်ကံကောင်းတဲ့သူပဲ ဘာဖြစ်လို့လဲဆိုတော့ အခု ၂၀၁၁ ခု ၁၀ လပိုင်း အတွင်းမှာ ခင်ဗျား တို့လို CDMA ဖုန်းပိုင်ရှင် ( ၅၀၀ ) ဦးကို သိန်း(၁၀၀၀)ဆုကနေ အနည်းဆုံး (၁၀)သိန်းဆုထိ ဗလာမပါ ကံစမ်းမဲနှိုက်မယ်။ အဲဒါကြောင့် ခင်ဗျား နာမည်အရင်း၊ မှတ်ပုံတင်အမှတ်၊ နေရပ် လိပ်စာတို့ကို တစ်ဆိပ်လောက်ပေးလို့ရမလား။ ခင်ဗျားဟာ တကယ့် ကံထူးရှင်တစ်ယောက်ပဲ ဖုန်းပိုင်ရှင်တိုင်း ကံစမ်းခွင့်မရဘူး။ အခုလိုကံထူးရှင် ၅၀၀ ကိုရွေးချယ်တဲ့အခါ ခင်ဗျား ကံထူးတာ ဖြစ်တယ်။ ဟုတ်ပြီ….ရှင်းတယ်နော်။ နာမည်တွေနဲ့အတူ မှတ်ပုံတင်နံပါတ်တွေကို တစ်ဆိတ်လောက် ပြောပါအုံး… ကံထူးရှင်ကြီးရယ် " ဟု ဒီအတိုင်းပဲ ပြောပါသည်။

ကျွန်တော်လည်း အနားမှာရှိသော ကျွန်တော်ဇနီးနှင့် တိုင်ပင်ပြီး ကျနော်နာမည် မှတ်ပုံတင် နံပါတ်များနှင့် အတူ နေရပ် လိပ်စာအပြည့်စုံပေးလိုက်ပါသည်။ နောက်ပြီး သူဘာပြောလဲဆိုတော့ "ခင်ဗျား စိတ်ဝင်စားတယ်ဆိုရင် အဲဒီလို ကံစမ်းတဲ့ပွဲမှာ တရားဝင် ယှဉ်ပြိုင် ပါဝင်နိုင်ရေး အတွက် မှတ်ပုံတင်ပြီး လျှောက်ထားရမှာ ဖြစ်တဲ့အတွက် ငွေ တစ်သိန်း(၁၀၀၀၀၀) ကျနော့်ဆီကို လွှဲပေးရမှာ ဖြစ်တယ်။ ကျနော်ကနေ ခင်ဗျားအတွက် အစစအရာရာ ကူညီဆောင်ရွက်သွားမှာဖြစ်တယ်။ လျှောက်လွှာ တရားဝင်သွားတဲ့အခါ ဘယ်နေ့ကံထူးရှင်ရွေးမယ်ဆိုတာ ခင်ဗျားကို အကြောင်း ကြားမယ်။ ဟုတ်ပီလား။ ကြာတယ်နော်။ ကျနော်လည်း သိပ်အချိန်မရဘူး။ ခင်ဗျားလိုပဲ နောက် ကံထူးရှင်တွေကိုလည်းပြောရအုံးမယ်။ ငွေလွှဲပေးလိုက်မယ်မဟုတ်လား။ မဟုတ်ရင် ခင်ဗျားကို ချန်ထားလိုက်လိမ့်မယ်။ ဘယ်လိုလဲ” ဟု လုံးဝ အတည်ပေါက်ဖြင့် ပြောလာပါသည်။

ကျွန်တော်လည်း အခုလို တစ်ခါမှ အတွေ့ အကြုံ မရှိတဲ့ အတွက် " ဟုတ်ပြီ ကျွန်တော်ဘယ်နေ့ နောက်ဆုံးထားပြီး ငွေလွှဲ ပေးလိုက်ရမှာလဲ” ဟု မေးပါသည်။ သူက “ ဒါဆို မနက်ဖြန် နောက်ဆုံး ထားပြီးလွှဲပေးလိုက်။ မြန်လေကောင်းလေပဲ။ ဒီကိစ္စကကို တစ်ခြား ဘယ်သူကိုမှ အသိမပေးနဲ့နော်” ဟု ထပ်ပြီး ပြောလာပါသည်။

" ဟုတ်ပါပြီ ကျွန်တော်ကို လွှဲပေးမယ့်သူနဲ့ လိပ်စာကို ပြောပါအုံး။ ကျနော်လည်း လွှဲပေးသင့် မပေးသင့် တိုင်ပင်စရာ ရှိတာတွေကို တိုင်ပင်ပြီး လွှဲပေးလိုက်ပါမယ်" ဟုဆိုပါသည်။ ထိုအခါ သူက " တကယ်လို့ ခင်ဗျား မရှင်း မလင်းလို့ အသေးစိတ် သိလိုရင် ဒီဖုန်းကို ခေါ်လိုက်ပါ" ဟုပြောပြီး ဖုန်းချသွားခဲ့ပါသည်။

ဒီသတင်းကို ကျွန်တော် စုံစမ်းကြည့်တော့ တစ်ခြား သူတွေလဲပဲ အခုလို ကံစမ်းမဲ ဖေါက်မယ့် သတင်း ပေးခံရတဲ့ သူတွေ ရှိသလို အမှန်တကယ် ငွေလွှဲပေးလိုက်တဲ့ သူတွေလည်း ရှိနေကြတယ်လို့ ကျွန်တော် သိလာခဲ့ရပါသည်။ ငွေလွှဲပေးလိုက်ပြီးတဲ့ နောက်ပိုင်းတွင် သူတို့ဆီကို ဖုန်းဆက် ကြည့်တော့ စက်ပိတ်ထားကြောင်း ယခုလို ကျွန်တော် သိလာရပါသည်။

ကျွန်တော်လည်း အမှန်အတိုင်း ဝန်ခံရင် ဒီသတင်းကိုကြား ကြားချင်တော့ အမှန်တကယ် ဝမ်းသာ သွားခဲ့ပါသည်။ အမှန် ငွေလွှဲပေးလိုက်ဖို့ အစီစဉ်ရှိခဲ့ပါသည်။ သို့သော် သူပြောတဲ့ ထဲမှာ “ ဒီကိစ္စကို ဘယ်သူ့ကိုမှ အသိမပေးပါနဲ့” ဆိုသော စကားကို သံသယဝင်မိရာ ပတ်ဝန်းကျင်ကို စုံစမ်းရာမှ ထိုသို့ သိလာရခြင်း ဖြစ်ပါသည်။ သို့မဟုတ်ပါက ကျွန်တော်လည်း သူပစ်မှတ်ထားသည့် သားကောင်ဖြစ်သွားမှာ ကျိန်သေပါသည်။

ထိုကဲ့သို့ သံသယလည်းဝင်သော်လည်း အနည်းငယ်ခန့် ဆက်ယုံကြည်နေသဖြင့် သူ့ဆီသို့ ကျွန်တော် သူပေးထားသော ဖုန်းနံပတ်ဖြင့် နောက်တစ်နေ့ ဆက်ကြည့်ပါသည်။ ဗိုလ်မှူး ဦးတင်မြင့် ဆိုသည့် လူကိုပဲ တစ်ခါတည်းတန်းတွေ့ပါသည်။ ဒီတစ်ခါလည်း အယင်တစ်ခါ ကထက်တောင် သေချာအောင်ပြောလိုက်သေးသည်။ ခံလိုက်ရတဲ့ လူတွေက သတိပေးမှ ကျနော် ဖုန်းမဆက်ဘဲ နှစ်ရက်လောက်ကြာသွားပါသည်။ သူ့ဆီက ဖုန်းပြန်လာပါသည်။ ဒီတစ်ခါ သူပြောသည်များကို မယုံတော့သည့် အပြင် သူကို ကျွန်တော်က ငလိမ်ကောင်ဆိုပြီး ဒေါသထွက် လာကာ နောက်ထပ် “ ဘယ်တော့မှ ခင်ဗျား မဆက်သွယ်လာနဲ့။ ခင်ဗျားဟာ ငလိမ်ကောင် ခင်ဗျား ဒီလို ဘယ် နှစ်ယောက် လောက်ကို လိမ်ဖူးပီးပီလဲ“ ဟု ကျွန်တော် ဒေါသသံနဲ့ ဟောက်လိုက်မှ သူဖုန်းချသွားပါသည်။ နောက်ထပ် တစ်ခါမှလည်း ကျွန်တော်ဆီကို ဖုန်းမဆက်လာတော့ပါ။

ကျွန်တော် အသိပေးလိုသည်မှာ တချို့လည်း ကျွန်တော်လို ကြုံဖူးက ကြုံနိုင်ပါသည်။ ခံလိုက်ရ သူများလည်း ရှိနိုင်သလို မကြုံဖူးသေးသူများလည်း ရှိနိုင်ပါသည်။ သို့အတွက် ကျွန်တော် ပြောချင်သည်မှာ ယခုလို ဖြစ်ခဲ့ရင် လုံးဝမယုံမိစေဖို့ အထူးအတိပေးချင်ပါသည်။ ငလိမ်ဆိုသူများမှာ လူယုံ ကြည်အောင် လိမ်ဖို့ အထူး တတ်ကျွမ်းပါသည်။ ၎င်းမှာ သူတို့၏ ပညာရပ် ဖြစ်ပါသည်။ သူတို့ တစ်ဘက်ကမ်းခတ် တတ်ကျွမ်းအောင် လေ့လာဆည်းပူး သုတေသနပြုထားသော ငလိမ်များ ဖြစ်သောကြောင့် ယခုကဲ့သို့ ငလိမ်များကို လုံးဝ (လုံးဝ) မယုံကြည် ကြပါရန် (စေတနာကောင်းဖြင့်) သက်ဆိုင်ရာ ဖုံးကိုင်ဆောင်ထား သူများကို နိရဉ္စရာ သတင်းဌာနတိုက်မှ တိုက်တွန်းလိုပါသည်။ အဲဒီလူ ငလိမ် ကို ဖော်ထုတ် ဖမ်းဆီးပြီး အခြေ အနေမှန်ကို လူတွေ သိအောင် အခုလိုပဲ လုပ်စေချင်ပါသည်။ သူဖုန်းနံပါတ်မှာ 0973115247 ဖြစ်ပါသည်။ ဒါဟာ ငလိမ်ကောင်းရဲ့ဖုန်းနံပါတ်ပါ။

ပေါက်တောသား
ရခိုင်ပြည်နယ် 
Ref: NBN

Monday, 16 January 2012

ဘားအံမြို့နယ် သာမညကျေးရွာသူ ရွာသားများ၏ နိုင်ငံတော်သမ္မတထံ အသိပေးခြင်း(ပေးစာကဏ္ဍ)

ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်း လုပ်ရပ်များအပေါ် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး သိရှိနိုင်ရန်၊ ကမ္ဘာတ၀ှမ်း လူထု သိရှိနိုင်ရန်နှင့် နိုင်ငံတော်သမ္မတပါ သိရှိနိုင်ရန် တင်ပြပေးပါရန်။
ရက်စွဲ- ဇန်န၀ါရီလ (၁၃)၊ ၂၀၁၂။

၁) ယခုအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ခေတ်စနှစ် လိုအပ်ချက်အရ ဒီမိုကရေစီနိုင်ငံ တော်သို့ လျှောက်လှမ်းနေပါပြီးဟု ဆိုပါသည်။
 
၂) ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မှီတင်း နေထိုင်ကြကုန်သော ကျေးလက်၊ မြို့ပြည်သူလူထု အားလုံး၏ ဆန္ဒသည် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြီးသော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူး ဥပဒေအရ ခေတ်စနှစ်နှင့်လျောညီစွာ အသစ်ပြန်လည်ရွေးချယ် တင်မြှောက်ချင်ကြပါသည်။

၃) ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ကျနော်၊ ကျမတို့ သာမညကျေးရွာတွင်လည်း ရွာသူရွာသားအားလုံး နှင့် ရပ်မိရပ်ဖများသည် ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြောင်းလဲပေးပါရန် ပြည်နယ်ဝန်ကြီးချုပ်မှလည်း ကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးမှလည်းကောင်း အကြိမ်ကြိမ် တင်ပြခဲ့ပါသည်။ ခရိုင်အုပ်ချုပ်ရေးမှူးမှာ အရေးယူပြောင်းလဲချင်သော ဆန္ဒရှိသော်လည်း ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းမှာ လုံးဝ လုံးဝ အသစ် လဲလှယ်တင်မြှောက်လိုသော ဆန္ဒမရှိဘဲ လူထု၏ သဘောထားကို ဖြည့်ပေးခြင်း မရှိပါ။

၎) ကျနော်/ကျမတို့ သာမညကျေးရွာ အုပ်ချုပ်ရေးမှူးသည် ပြည်သူလူထု၏ ဆန္ဒသဘောထားကို ဖြည့် ဆည်းမှု မရှိဘဲ ၎င်းက တင်သလို အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပါသည်။

၅) ကျေးရွာတွင် ပြည်ထောင်စု စာရင်း ပြုလုပ်မှုနှင့်ပတ်သက်ပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂,၅၀၀ နှုန်း ကောက်ခံသော်လည်း ယခုထက်တိုင် အိမ်ထောင်စုစာရင်းမှာ ရရှိခြင်းမရှိဘဲ ငွေကြေးလိမ်လည်ကာ ကိုယ်ကျိုးအတွက် အသုံးပြုပါသည်။

၆) ကျေးရွာမှ ကောက်ယူသော လစဉ် ငွေစာရင်းများကိုလည်း တစ်ကြိမ်တစ်ခါမျှ စာရင်းရှင်းလင်းခြင်း မရှိပါ။

၇) ကျေးရွာ မီးလင်းရေးဆောင်ရွက်ရာတွင်လည်း တရားမျှတစွာ ကောက်ခံခြင်းမရှိဘဲ ၎င်း၏ ဆန္ဒအရ သာ လုပ်ဆောင်ပြီး ပြည်သူများ၏ဆန္ဒ၊ ပြည်သူ၏အသံကို လုံးဝလစ်လျူရှုထားကာ အာဏာရှင်ဆန်ဆန် လုပ်ဆောင်ပါသည်။

၈) ယခုအခါတွင် သာမညဆရာတော်မရှိသည့်နောက်ပိုင်းမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပျက် ပြားပြီး ရွာသူရွာသားများမှာလည်း အားလုံးစိတ်ဝမ်းကွဲကာ အခြေအနေမှာ တဖြေးဖြေး ဆိုးရွားလာပါ သည်။ ယခုလက်ရှိ နာယက ဆရာတော်များမှာလည်း စိတ်ဆင်းရဲနေရပါသည်။

၉) ၁၀. ၁. ၂၀၁၂ ရက်နေ့ည ၇နာရီခန့်တွင် အုပ်ချုပ်ရေးမှူး၏ မတရားမှုကို သီးမခံနိုင်သော ရွာသား ၃၀၀ဦးခန့်သည် ၎င်းတို့၏ အိမ်ရှေ့တွင် ငြိမ်းချမ်းစွာ သပိတ်မှောက်ဆန္ဒပြပါသည်။

၁၀) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအရ ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်းမှာ ကရင်လူမျိုး မဟုတ် ဘဲ ဗမာလူမျိုးဖြစ်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် ကရင် ပြည်နယ်သူ၊ ပြည်နယ်သား၏ သဘောထားဆန္ဒ၊ ပြည်နယ်သူ ပြည်နယ်သား၏ အကျိုးစီးပွားကို စွမ်းစွမ်း တမံ ဆောင်ရွက်နိုင်မည်မဟုတ်ဟု ယုံကြည်ကာ လူထုကြိုက်နှစ်သက်ခြင်း မရှိချေ။
 
၁၁) ၎င်းအပြင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းသည် ပြည်နယ်သူပြည်နယ်သားတို့ တောင်းဆိုသော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် လဲလှယ်တင်မြှောက်ခြင်းကို လုံးဝ စိတ်ဝင်စားခြင်းမရှိဘဲ နယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့မြေကွက်သစ်များ ဖော်ထုတ်ရောင်းဝယ်ခြင်းနှင့် လန(၃၉)ကို ဈေးကြီးကြီး ယူ၍ လုပ်ကိုင်ဆောင်ရွက်ခြင်းကိုသာ စိတ်ဝင်စားပါသည်။

၁၂) ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းသည် ၎င်း၏ရာထူးနှင့် အာဏာတည်မြဲရေးအတွက် ဘားအံမြို့နယ် ဇွဲကပင်တောင်အနီး ကျောက်ကလပ် ဆရာတော်ထံတွင် အမြဲတမ်း ယတြာနှင့် ဓါတ်ရိုက် ဓါတ်ဆင်များ ပြုလုပ်ကြောင်းလည်း သိရှိရပါသည်။ 

၁၃) အထက်ပါ အကြောင်းအရာနှင့်ပတ်သက်ပြီး မြန်မာတ၀ှမ်းလုံးတွင် သိရှိနိုင်ရန်၊ ကမ္ဘာကပါ သိရှိနိုင် ရန်နှင့် နိုင်ငံတော်သမ္မတပါ သိရှိနိုင်ရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

မှတ်ချက်။ ။ ယ္ခု ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းသည် ယ္ခင် န.၀.တ ခေတ် အရှေ့တောင် တိုင်း စစ်အုပ်ချုပ်မှ ဒုတိုင်းမှူးအနေနှင့် ကရင်ပြည်နယ်ကို ဥက္ကဌအားဖြင့် ဆောင်ရွက်ခဲ့ပြီး ယ္ခု သမတ ဦးသိန်းစိန်လက်ထက်တွင် ကရင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ပြန်လည် အုပ်ချုပ်ရသူတစ်ဦး ဖြစ်ပါသည်။

လေးစားစွာဖြင့်
ရွာသူ/ရွာသားများ
သာမညကျေးရွာ၊ ဘားအံမြို့နယ်
ကရင်ပြည်နယ်။

Ref: KIC

Friday, 6 January 2012

မလေးရှားမှ ပေးစာ



မလေးရှားရောက် မလေးငယ်ဆိုသော မြန်မာမိန်းမပျိုလေး၏ အိတ်ဖွင့်ပေးစာ..


အစ်ကိုတို့ရေ အစ်ကိုတို့ကို ညီမအနေနဲ့ ဆက်သွယ် ပြောချင်တာလေး နည်းနည်း ရှိပေမဲ့ ဘယ်လို ဆက်သွယ်ရမှန်း မသိလို့ အင်တာနက်ပေါ်ကပဲ အိတ်ဖွင့်ပေးစာအနေနဲ့ ပို့လိုက်ပါတယ်ရှင်။ ပြောချင်တာတွေများတော့ စာကနည်းနည်း ရှည်သွားလို့ သည်းခံပြီး အဆုံးထိ ဖတ်ပေးစေချင်ပါတယ်နော်။

ညီမက ပီနန်မှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေး တစ်ယောက်ပါ။ အစ်ကိုတို့ အကြောင်းကို ညီမစသိတာတော့ နည်းနည်းကြာပါပြီ။ ညီမ သူငယ်ချင်းတစ်ယောက်က ညီမကို ပြောပြလို့ပါ။ သူပြောပြတာကတော့ မလေးရှားမှာ တခြားနိုင်ငံသားတွေနဲ့ တွဲပြီး အခြေအနေဆိုးနေတဲ့ မိန်းကလေးတွေ မရှိရအောင် ရည်ရွယ်ချက်တူတဲ့ လူတွေစုပြီး အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်မယ်တဲ့။ သူပြောတာကြားတော့ ညီမလေဝမ်းသာလိုက်တာ။ သူ့ကိုတောင် ပြောလိုက်သေးတယ်။ ဖြစ်သင့်တာ ကြာပြီလို့။

ဟုတ်ပါတယ်။ မလေးရှားမှာ မြန်မာမိန်းကလေးတချို့ဟာ တခြားနိုင်ငံသားတွေနဲ့ အပျော် သဘောတွဲပြီး အခြေအနေဆိုးနေတာ ကြာပါပြီ။ ညီမ မလေးရှားကို စရောက်တည်းက မြန်မာမိန်းကလေးတွေနဲ့ ပတ်သက်ပြီး အဆိုနှစ်ခု ကြားရပါတယ်။ တစ်ခုကတော့ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက်ရပြီတဲ့။

နောက်တစ်ခုကတော့ မြန်မာ ယောက်ျားလေးတွေက ပြောတာပါ။ မြန်မာနိုင်ငံ ပြန်ရောက်လို့ မိန်းမယူမယ် ကြံရင် မလေးရှားကို ရောက်ဖူးတဲ့ မိန်းမ ဆိုရင်တော့ ဝေးဝေးရှောင်မယ် တဲ့။ ညီမလေ အဲ့စကားတွေကြားရတော့ တော်တော် စိတ်မကောင်းပါဘူး။ အစ်ကိုတို့ သတင်းကို အဲ့ဒီနေ့မှာ ကြားလိုက်ရတော့ ညီမ တော်တော် ပျော်မိတယ်။ ညီမ ကိုယ်တိုင်လဲ အပြင်တွေဘာတွေ သွားရင် မြန်မာမိန်းကလေးတွေ လူမျိုးခြား ယောက်ျားလေးတွေနဲ့ တွဲနေတာမြင်ရင် မချိအောင် နာမိသူပါ။ ဒါတောင် ညီမက အပြင်ကို သိပ်မထွက်ပါဘူး။ မထွက်မဖြစ် လကုန် အိမ်ကို ပိုက်ဆံ ပို့တဲ့ အချိန်ရယ်ချက်ဖို့ပြုတ်ဖို့ ဈေး မသွားမဖြစ် ကိုယ်တိုင် သွားရမယ့် အချိန်ရယ်။ ဒီနှစ်ချိန်လောက်ပဲ အပြင် ထွက်တာပါ။ ဒါတောင် ညီမထွက်တိုင်း မိန်းကလေးတွေကို တခြားလူမျိုးတွေနဲ့ တွဲပြီး မကြာမကြာမြင်နေရပါတယ်။ အဲ့တော့ အစ်ကိုတို့ သတင်းလေးကြားတော့ ညီမ အရမ်း ဝမ်းသာတယ်။ အစ်ကိုတို့ သူတို့ကို ဘယ်လို ကူညီမလဲ။ ဘယ်လို လုပ်ဆောင်မလဲ။

ညီမအမြဲနားစွင့်နေပါတယ်။ ဒါပေမဲ့ ညီမ ကိုယ်တိုင်ကလဲ အပြင် သိပ်မထွက်လို့လားတော့ မသိ။ အစ်ကိုတို့အဖွဲ့ရဲ့သတင်းကို မျက်ခြည်ပျက်သွားခဲ့တာ ကြာရောပေါ့။ ဟိုရက်ပိုင်းကလေးကမှ အစ်ကိုတို့ အင်တာနက်ပေါ်ကို တင်လိုက်တဲ့ ဗီဒီယိုလေး ကြောင့် အစ်ကိုတို့ လုပ်ဆောင်နေတာတွေကို ညီမ သေချာသိခဲ့ရပါတယ်။

ဒီနေရာမှာ အစ်ကိုတို့ကို ရှင်းပြချင်တာလေး နှစ်ခု ရှိပါတယ် အစ်ကိုရေ။

ပထမ ရှင်းပြချင်တာကတော့ မလေးရှားက မြန်မာမိန်းကလေးတိုင်း မပျက်စီးပါဘူး ဆိုတဲ့ အချက်ပါပဲ။ အစ်ကိုတို့ရေ ညီမ ဖတ်မိဘူးတာလေး တစ်ခုရှိပါတယ်။ မန္တလေးမြို့က မစိုးရိမ် ကျောင်းတိုက်ကြီးကို လှူခဲ့တဲ့ ဒကာ အကြောင်းပါ။ တစ်နေ့ အဲ့ဒီ ဒကာအိမ်ကို သူ့မိတ်ဆွေ တစ်ယောက်က ရောက်လာပြီး
“ဟေ့ကောင် မင်းကတော့ မစားရက် မသောက်ရက်နဲ့ စုပြီး ကျောင်းတိုက်ကြီး လှူထားတာကွာ။ အခုပဲ မင်းလှူထားတဲ့ ကျောင်းကို ငါရောက်ခဲ့တော့ ဘုန်းကြီးတွေ သင်္ကန်း ခါးတောင်းကျိုက်ပြီး ခြင်းခတ်နေတယ်။ ဘယ်မြင်လို့မှ မကောင်းကွာ” ဆိုပြီး လာပြောသတဲ့။

အဲ့ဒါနဲ့ အဲ့ဒီ ဒကါကလည်း “ဟုတ်လား လာ ကျောင်းသွားရအောင်ကွာ” ဆိုပြီး သူ့သူငယ်ချင်းနဲ့ အတူ နှစ်ယောက်ကျောင်းကို သွားကြသတဲ့။ ကျောင်းရောက်တော့ သူ့သူငယ်ချင်း ပြောတဲ့ အတိုင်းပေါ့လေ။ ကျောင်းဝင်းထဲမှာ ဘုန်းကြီးတွေ ခြင်းခတ်နေတာကို တွေ့သတဲ့။ အဲ့ဒါနဲ့ပဲ ဒကါလည်း သူ့သူငယ်ချင်းကို “လာ ကျောင်းတိုက်ပေါ် ခဏတက်ဦး” ဆိုပြီး ကျောင်းပေါ် ခေါ်သွားတယ်။ ကျောင်းပေါ်ရောက်တော့ ကျောင်းပေါ်မှာ စာအံတဲ့ ကိုရင်တွေ စာသင်တဲ့ ဘုန်းတော်ကြီးတွေ တရား ထိုင်နေတဲ့ ဘုန်းတော်ကြီးတွေ အစရှိသဖြင့်ပေါ့။ ဘုန်းကြီးတွေ ကိုရင်တွေကို တွေ့သတဲ့။ အဲ့ဒီအခါ ဒကါက သူ့သူငယ်ချင်းဖက်ကို လှည့်ပြီး “ခြင်းခတ်နေတဲ့ဘုန်းကြီး ဘယ်နှစ်ပါးရှိသလဲ” လို့ မေးလိုက်ပါတယ်။

သူ့သူငယ်ချင်းကလဲ “မင်းမတွေ့ဘူးလား ဘုန်းကြီး ငါးပါး ခြင်းခတ်နေတာ။” ဒကါက ထပ်ပြီးတော့ “ဟော့ဒီကျောင်းပေါ်မှာ စာအံ စာချနေတဲ့ ဘုန်းကြီးတွေ ကိုရင်တွေ ဘယ်နှစ်ပါး ရှိမယ် ထင်သလဲ ”လို့ ထပ်မေးလိုက်ပါတယ်။

သူ့သူငယ်ချင်းလဲ “ဟာ ဒါကတော့ အများကြီးပဲပေါ့။” အဲ့ဒီအခါ ဒကါက “အေးဟုတ်တယ် မင်းအပြင်မှာ ခြင်းခတ်နေတာကိုပဲ မြင်တာကိုးကွ။ အထဲလည်း ဝင်ကြည့်ပါဦး” လို့ ပြောသတဲ့။

အစ်ကိုတို့ရေ အဲ့လိုပါပဲ။ မလေးရှားမှာ အစ်ကိုတို့တွေ အပြင်မှာတွေ့နေရတဲ့ မိန်းကလေးတွေရဲ့ အရိပ်အကဲကို ကြည့်ပြီးတော့ မလေးရှားက မြန်မာမတွေ မကောင်းဘူး။ ယောက်ျားတွေနဲ့ ပလူးနေလိုက်တာ။ မြင်လို့မှမကောင်း။ -ါ လုံးလုံးဖြစ်နေပြီလို့ ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းကြပါနဲ့။ စက်ရုံတွေ အလုပ်ရုံတွေထဲမှာ ရိုးရိုးသားသားနေပြီး ကြိုးကြိုးစားစားနဲ့ မိဘတွေကို လုပ်ကျွေးနေကြတဲ့ မိန်းမကောင်းလေးတွေ တစ်ပုံကြီး ရှိပါတယ်။

အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို မှန်ကန်တဲ့ လုပ်ရပ်နဲ့ အကောင်အထည် ဖေါ်နိုင်ပါစေ

ဒုတိယ ရှင်းပြချင်တာကတော့ မလေးရှားကို ရောက်နေတဲ့ မြန်မာမိန်းကလေး တော်တော်များများရဲ့ ဘဝပေးအခြေအနေပါ။ မလေးရှားကို လာပြီး အလုပ် လုပ်နေတဲ့ မြန်မာမိန်းကလေး တော်တော်များများဟာ မြန်မာနိုင်ငံရဲ့ အခြေခံ လူတန်းစား တစ်နေ့လုပ် တစ်နေ့စား အသိုင်းအဝိုင်းတွေက လာတာများပါတယ်။ မြန်မာနိုင်ငံမှာ ပိုက်ဆံအလယ်အလတ် အဆင့် ရှိတဲ့လူတွေတောင် မလေးရှားကို မလာပါဘူး။ သူတို့တွေ နိုင်ငံခြားကို ထွက်ရင် စင်္ကာပူလောက်ကို အနိမ့်ဆုံး ထွက်တတ်ပါတယ်။ ပြီးတော့ မလေးရှားကို လာတဲ့ မိန်းကလေးတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ဟာ ပိုက်ဆံချေးပြီးလာတာ များပါတယ်။ အဲ့ဒီလိုပဲ လာတဲ့ မိန်းကလေးတွေရဲ့ ငါးဆယ် ရာခိုင်နှုန်းလောက်ဟာ လက်မထပ်ရသေးတဲ့ မိဘအုပ်ထိန်းမှု အောက်မှာ ရှိနေသေးတဲ့ မိန်းမပျိုလေးတွေ များပါတယ်။ လာတဲ့အချိန်မှာတော့ မျှော်လင့်ချက်တွေ တစ်နင့်တစ်ပိုးကြီးနဲ့ပေါ့။ ပွဲစားတွေရဲ့မစားရဝမခန်း ပြောလုံးတွေကြောင့်လည်း ပါတာပေါ့လေ။
အဲ တကယ်ရောက်ပြီ ဆိုတဲ့ အချိန်မှာတော့ ………………….။

မလေးရှားမှာ အလုပ်လုပ်တဲ့ မြန်မာမိန်းကလေး တော်တော်များများရဲ့ အခြေခံလစာကို တွက်ရင် မလေးငွေ ရင်းဂစ် ၇၅၀ ပေါ့။ တချို့တွေဆို တစ်နေ့ကို ရင်းဂစ် ၂၀ကျော်လောက်နဲ့ တစ်လမှ ၆၀၀ကျော်လောက်ပဲ ရကြပါတယ်။

အမျိုးမျိုးပေါ့လေ။ ဒါပေမဲ့ ပျမ်းမျှ တွက်လိုက်မယ် ၇၅၀ ပဲထား။ (တစ်ထောင်ကျော် ထွက်နေတဲ့လူတွေလည်း ရှိပါတယ်။ ဒါကရောက်ပြီး သုံးနှစ်လောက်ကြာ လုပ်ငန်းအတွေ့အကြုံရှိ စကားပြောလေး တက်လာတဲ့အချိန်မှပါ။) ရောက်စ၂လ လောက်မှာ ဘယ်လိုမှ ပိုက်ဆံ မပို့နိုင်ပါဘူး။ ဒီမှာ စားဖို့ အိုးလေးခွက်လေးတွေ လိုတဲ့ပစ္စည်းလေးတွေ ဝယ်ရတာကို။

ကဲ ပိုက်ဆံပို့ပြီ ဆိုတော့ ။ ရတဲ့လခက ၇၅၀။ ထမင်းဖိုးက ၁၅၀ ထား။ အိမ်ကို ဖုန်းဆက်ဖို့နဲ့ ဆပ်ပြာ သွားတိုက်တံတခြားဝယ်စရာ တိုလီမှုတ်စလေးတွေက ၁၀၀ ပဲ ထားဦး။ ဒါ အနည်းဆုံးနှုန်းကို တွက်ပြနေတာပါနော်။ အဲ့ဒီမှာတင် ၂၅၀ ကုန်ပြီ။ အိမ်အတွက် ၅၀၀ ပေါ့။ ငွေဈေးက ၂၅၀ ဈေး။ အဲ့တော့ အိမ်ကိုပို့တဲ့ပိုက်ဆံက တစ်လကို မြန်မာငွေ ၁၂၅၀၀၀။

အဲ့ဒီမှာ အရေးကြီးတာက နောက်မှာ ကျန်ခဲ့တဲ့ မြန်မာနိုင်ငံက လူတွေရဲ့ အခြေအနေပဲ။ ချေးထားတဲ့ ပိုက်ဆံကလည်း အတိုးက တက်နေ။ ဒါလေးကိုကျေဖို့ အမြန် ဆပ်နေတဲ့ အချိန်မှာ အိမ်ကလူတွေက တစ်ခြား ပိုက်ဆံ ဝင်ငွေရှိရဲ့လား။ ကိုယ့် တစ်ယောက်တည်းဆီကပဲ မျှော်ကိုးနေရတဲ့ လူတွေလား။ အဲ့ဒီအခြေအနေတွေပေါ် မူတည်ပြီး မိန်းကလေးတွေ ခမျာ အဆင်ပြေသလို လှုပ်ရှားနေရတာတွေ ညီမတွေ့နေရတယ်။


အစ်ကိုတို့ ညီမအရင်းလေးတွေ ဆိုရင်ရော အဲ့လိုဖြစ်ခဲ့လို့ ရိုက်နှက်ဆုံးမမယ် ဆိုရင် အဲ့လိုပဲ တစိမ်းယောက်ျားလေး အပေါင်းအသင်းတွေ ခေါ်ပြီးတော့ တစ်ယောက်တစ်ချက်စီ ချောင်ပိတ်ပြီး ဝိုင်းရိုက်ကြမှာလား။ ရိုက်ရက်ကြမှာလား။


ညီမလေ သူတို့ကို အရမ်း သနားပါတယ်။ သူတို့ လုပ်ချင်လို့ လုပ်နေကြတာ မဟုတ်ပါဘူး။ တခါတလေကျရင် ဘယ်လိုမှ လွန်ဆန်လို့ မရတဲ့ ဘဝတွေ ရှိတတ်ကြတယ် အစ်ကိုရေ။ မလုပ်ချင်ပေမဲ့လည်း မဖြစ်ချင်ပေမဲ့လည်း ကိုယ့်မိဘအတွက် ကိုယ့်ညီအစ်ကို မောင်နှမတွေအတွက် …………………………………………………..။

အစ်ကိုတို့ရေ တော်တော်များများက ပြောပါတယ် မြန်မာနိုင်ငံမှာ ထမင်းငတ်လို့ သေတဲ့ မသာ မရှိဘူးတဲ့။ ဟုတ်ပါတယ် ထောက်ခံပါတယ်။ ဒါပေမဲ့ ဆင်းရဲလို့ ဆေးကုဖို့ ပိုက်ဆံ ငါးသောင်းလောက် မရှိလို့ သေတဲ့ မသာတွေ ရှိပါတယ် အစ်ကိုတို့ရေ။ ပိုက်ဆံ ငါးသောင်း ဆိုတော့ မလေးငွေ ၂၀၀ ပေါ့နော်။ အစ်ကိုတို့ရေ အစ်ကိုတို့ အင်တာနက်ပေါ်မှာ တင်ထားတဲ့ အခွေမှာ မိန်းကလေးကို အစ်ကိုတို့ ပြောဆို ဆုံးမနေတဲ့စကားတွေ ညီမ ကြားခဲ့ရပါတယ်။ အဲ့ဒီအထဲမှာတစ်ခုက နင်တို့ ရုပ်ရည်လေးနဲ့ဆို မြန်မာနိုင်ငံမှာ လင်ကောင်းကောင်း ရှာယူလို့ ရပါတယ်တဲ့။ ဟုတ်ပါတယ် အစ်ကိုရေ။ မိန်းကလေးတွေ အတွက်က ယောက်ျား ကောင်းကောင်း တစ်ယောက် ရှာယူလိုက်ရင် သူ့အတွက် ပူစရာ မလိုပါဘူး။ ယောက်ျားက ရှာကျွေးမှာပေါ့နော့။ ဒါပေမဲ့ အဲ့ဒီယောက်ျားက သူ့မိန်းမကိုပဲ ရှာကျွေးမှာလေ။ သူ့မိန်းမနောက်က မိဘတွေကိုတော့ ရှာကျွေးဖို့ သထာမယ် မထင်ပါဘူး အစ်ကိုတို့ရေ။ ဒါကညီမ ပြောပြချင်တဲ့ မလေးရှားက မိန်းကလေး တော်တော်များများရဲ့ ဘဝပေး အခြေအနေပါ။

အစ်ကိုတို့ရေ သိတတ် နားလည်တဲ့လူကြီးမပြောနဲ့ ငယ်ရွယ်စဉ် ကလေး ဘဝမှာတောင် မိဘတွေက သားလေးကြီးလာရင် လူကောင်းလုပ်မှာလား လူဆိုးလုပ်မှာလား ဆိုရင် လူကောင်းလုပ်မယ် လို့ ဖြေခဲ့ကြ လူကောင်း လုပ်ချင်ခဲ့ကြတာချည်းပါပဲ။ တခါတရံမှာ ရှင်းပြလို့မရနိုင်တဲ့ အခြေအနေတွေကြောင့် လူတော်တော်များများဟာ လူဆိုးတွေဖြစ်ကြရတယ်။ အစ်ကိုတို့ရေ အစ်ကိုတို့ရော ဘဝမှာ မလုပ်ချင်ပေမဲ့ မတတ်သာလို့ မဖြစ်သာလို့ ကြိတ်မှိတ်လုပ်နေရတဲ့အဖြစ်မျိုးတွေ မကြုံခဲ့ဖူးဘူးလားဟင်။ မကြုံခဲ့ဖူးဆိုရင်တော့ အစ်ကိုတို့ဟာ တော်တော် ကံကောင်းတဲ့လူတွေပါပဲ။

ညီမတောင် အခုဖြစ်နိုင်ရင် မလေးရှားမှာ အလုပ်မလုပ်ချင်ပါဘူး။ မြန်မာပြည်ပြန်ပြီး ကိုယ့်မိဘတွေနဲ့ပဲ ပျော်ပျော် ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေချင်ပါတယ် အစ်ကိုတို့ရေ။ မလေးရှားမှာ အလုပ်လုပ်ရတာ အနည်းနဲ့အများ အခက်အခဲတွေ ရှိနေတာ ဖိနှိပ်မှုတွေ ရှိနေတာကို အစ်ကိုတို့လဲ မလေးရှားမှာ နေနေတဲ့လူတွေပဲ ဆိုတော့ သိမှာပါအစ်ကိုရေ။ ဒါတောင်ညီမက တချို့သော မိန်းကလေးတွေလို မိသားစုမှာတစ်ဦးတည်း ပိုက်ဆံရှာသူ မဟုတ်ခဲ့ပါဘူး အစ်ကိုရေ။ မြန်မာပြည်ကနေ မလေးရှားကို လာဖို့ပြင်ရတည်းက သတင်းတွေကလည်း ကြားနေတော့ ငါ ကံဆိုးလိုက်တာ မသွားချင်ပေမယ့်လည်း သွားရဦးမယ် ငါ တော်တော် ကံဆိုးတာပဲလို့ ထင်နေခဲ့သမျှ ဒီက တချို့သော မြန်မာ မိန်းကလေးတွေရဲ့ ဘဝကို အသိမှာ ငါတော်တော်ကံကောင်းသေးတာပဲ လို့ ကိုယ့်ကိုယ်ကို အားပေးမိပါတယ်။

အခုချိန်ထိလည်း ညီမက ပိုက်ဆံကို ရိုးရိုးသားသားနည်းနဲ့ပဲ ကိုယ့်လုပ်အားနဲ့ကိုယ် ရှာဖွေနေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပျက်စီးနေပါတယ် ဆိုတဲ့ မြန်မာမိန်းကလေးတွေရဲ့ ဘဝကိုလည်း ညီမ စာနာနားလည်ပေး နိုင်ပါတယ်။ နင်တို့တွေကြောင့် ငါတို့တွေပါ ရောပြီး နာမည်ပျက်နေရတာလို့ လက်ညှိုးမထိုးရက်ခဲ့ပါဘူး။ သူတို့နေရာမှာ ငါသာဆိုရင်ရော ဆိုတဲ့ အတွေးနဲ့တင် ညီမ အပြစ်တင်ဖို့ မဝံ့ရဲခဲ့ပါဘူး။ အစ်ကိုတို့ရေ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို ညီမ လေးစားမိပါတယ်။ ဒါပေမဲ့ အစ်ကိုတို့ရေ လုပ်ရပ်တွေက မှားနေလားလို့။
အစ်ကိုတို့တင်ထားတဲ့ အခွေထဲက မိန်းကလေးတွေရော ဘယ်လိုဖြစ်သွားလဲဟင်။ သူတို့တွေ ရှက်ပြီး မြန်မာပြည် ပြန်ကုန်ကြပြီလား။ ဒါဆိုရင် တော်သေးတာပေါ့။ မဟုတ်ဘဲနဲ့ပေါက်တဲ့နဖူး မထူးပါဘူး အခုဆိုရင် ငါတို့အကြောင်းတွေ အကုန်သိကုန်ပြီ ဆိုပြီး အဲ့ဒီ နီပေါတွေဆီ အပြီးလိုက်သွားတာမျိုး ဘဝကိုဖြစ်သလို ရေစုန်မျှောလိုက်တာမျိုး ဒါမှမဟုတ် ရှက်ပြီး ကိုယ့်ကိုယ်ကို အဆုံး စီရင်သွားတာမျိုး ဆိုရင်တော့ …………………………………..။

အစ်ကိုတို့ရေ မလုပ်ကြပါနဲ့။ သနားပါတယ်။ ဝဋ်ဆိုတာ လည်တက်တယ်လေ။ တစ်ချိန်မှာ အစ်ကိုတို့မှာ သမီးလေးများ ရလာခဲ့လို့ အဲ့လိုများ ဖြစ်သွားကြရင်……………။


ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းကြပါနဲ့။ စက်ရုံတွေ အလုပ်ရုံတွေထဲမှာ ရိုးရိုးသားသားနေပြီး ကြိုးကြိုးစားစားနဲ့ မိဘတွေကို လုပ်ကျွေးနေကြတဲ့ မိန်းမကောင်းလေးတွေ တစ်ပုံကြီး ရှိပါတယ်။


အစ်ကိုတို့ရေ စိတ်မဆိုးဘူး ဆိုရင် မေးခွန်း တစ်ခုလောက်မေးချင်ပါတယ်။ အစ်ကိုတို့ ညီမအရင်းလေးတွေ ဆိုရင်ရော အဲ့လိုလုပ်မှာပဲလားဟင်။ အစ်ကိုတို့က ဖြေရင် ဖြေလိမ့်မယ်။ ညီမအရင်းဆိုရင်လည်း ရိုက်နှက် ဆုံးမသင့်ရင်ဆုံးမရမှာပဲ။ ဒါမှမဟုတ် ငါ့ညီမသာဆို အစောထဲက ငါကိုယ်တိုင် သတ်ပစ်လိုက်ပြီ အစရှိသဖြင့်ပေါ့။

ညီမ သိချင်တာက အဲ့ဒါတွေ မဟုတ်ပါဘူး။ အစ်ကိုတို့ ညီမအရင်းလေးတွေ ဆိုရင်ရော အဲ့လိုဖြစ်ခဲ့လို့ ရိုက်နှက်ဆုံးမမယ် ဆိုရင် အဲ့လိုပဲ တစိမ်းယောက်ျားလေး အပေါင်းအသင်းတွေ ခေါ်ပြီးတော့ တစ်ယောက်တစ်ချက်စီ ချောင်ပိတ်ပြီး ဝိုင်းရိုက်ကြမှာလား။ ရိုက်ရက်ကြမှာလား။ ညီမလေ မနေ့က အစ်ကိုတို့ တင်ထားတာကို ကြည့်ပြီးတော့ မျက်ရည်တောင် ကျပါတယ်။ ငါ့ညီမလေးသာ ဆိုရင် ဆိုတဲ့ အတွေးနဲ့လေ။ အစ်ကိုတို့ရေ ဖတ်ခဲ့ဖူးတာလေးတစ်ခု ထပ်ပြောပြချင်ပါတယ်။ စာကလည်း ရှည်နေပြီ ဆိုတော့ အတိုချုံးလေးပဲ ပြောလိုက်တော့မယ်နော်။

တစ်ခါက ရွာတစ်ရွာမှာ ပြည့်တန်ဆာအလုပ် လုပ်တဲ့ မိန်းမတစ်ယောက်ကို ရွာသူရွာသားတွေက ခဲနဲ့ ဝိုင်းပေါက်ကြသတဲ့။ အဲ့ဒီအချိန်မှာ ဂျီးဇက်ရောက်လာပြီး ဘာဖြစ်တာလဲ လို့မေးတော့ ဒီမိန်းမက ပြည့်တန်ဆာအလုပ် လုပ်တဲ့အတွက် ဝိုင်းအပြစ်ပေးနေကြတာပေါ့။ ဂျီးဇက်က မလုပ်ပါနဲ့လို့ တားပေမယ့်မရပါဘူး။ အပြစ် ရှိရင်တော့ အပြစ်ပေးရမှာပဲလို့ ပြောပြီး ခဲနဲ့ ထပ်ပေါက်ကြသတဲ့။ အဲ့ဒါနဲ့ ဂျီးဇက်က စကားတစ်ခွန်း ထပ်ပြောလိုက်ပါတယ်။ အဲ့ဒီစကားအဆုံးမှာတော့
အဲ့ဒီ အမျိုးသမီးဆီကို ခဲတစ်လုံးမှ မရောက်လာတော့ဘူးတဲ့။ ဂျီးဇက်ဘာပြောလိုက်လဲ ဆိုတော့ သင်တို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါဦး။ သင်တို့ဟာ ဘဝမှာ အပြစ်ကင်းခဲ့တဲ့လူတွေ အပြစ် မလုပ်ခဲ့ဖူးတဲ့လူတွေ ဆိုတာ သေချာရင်တော့ ဒီမိန်းကလေးကို ခဲနဲ့ ဆက်ပေါက်ကြပါ တဲ့။ အစ်ကိုတို့ရေ အစ်ကိုတို့လည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါဦး။

စာကလည်း ရှည်သွားပြီဖြစ်တဲ့အတွက် ဒီမှာပဲ အဆုံးသတ်လိုက်ပါတော့မယ်။ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို မှန်ကန်တဲ့ လုပ်ရပ်နဲ့ အကောင်အထည် ဖေါ်နိုင်ပါစေလို့ ညီမက ဆန္ဒပြုလိုက်ပါတယ်။

ရေးသားသူ= မလေးငယ်
၃.၁.၂၀၁၂
Ref: IrrawaddyBlog

Friday, 2 December 2011

အမေရိကန် သမ္မတ မှ မြန်မာပြည်သို့ အိတ်ဖွင့်ပေးစာ

Obama’s Letter to Aung San Suu Kyi
US Secretary of State Hillary Clinton personally delivered a letter from President Barack Obama to Burma’s leading democracy campaigner Aung San Suu Kyi Thursday. Here is the letter in full as released by the State Department:
ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စ ဟီလာရီ ကလင်တန်တို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ရင်းနှီးစွာ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)

Aung San Suu Kyi
Rangoon, Burma
Daw Aung San Suu Kyi:
It was a pleasure and an honor to speak with you recently. As I said during our conversation, I have long admired your brave and unwavering struggle for democracy, and I consider our conversation a highlight of my recent visit to Asia.
I am pleased that the Burmese government has taken several encouraging steps in the direction of democracy and reform. Secretary of State Clinton’s visit will explore how the United States can support efforts to foster political opening and respect for universal human rights, as well as demonstrate the seriousness of our commitment to helping the people of Burma achieve their democratic aspirations.
I thank you for your welcome of the Secretary’s visit, and look forward to speaking to you again. Thank you for the inspiration you provide all of us around the world who share the values of democracy, human rights, and justice. We stand by you now and always.
Sincerely,
Barack Obama


Obama’s Letter to Thein Sein
Secretary of State Hillary Clinton personally delivered a letter from President Barack Obama to Burma’s President Thein Sein on Thursday. Here is the letter in full as released by the State Department:
His Excellency
Thein Sein,
President of the Union of Burma,
Naypyidaw
Dear President Thein Sein:
I am pleased we had an opportunity to see each other in Bali (Indonesia), at the US-Asean Leaders Meeting two weeks ago. I am encouraged that under your leadership your country has undertaken several encouraging steps on the path toward reform.
I have asked Secretary of State Clinton to visit your country to discuss your vision for reform, explore how the United States can support and advance your efforts to transition to democracy and promote protection of human rights, and talk directly to your government and citizens about prospects for enhancing relations between our two countries. To that end, she will engage your government about our continuing concerns in the spirit of mutual interest and mutual respect. There is much work to be done, and as Secretary of State Clinton and I have said previously, the United States stands ready to serve as a genuine partner in your effort to achieve lasting change.
I appreciate your government’s help in planning and preparing for this milestone visit. I look forward to hearing the tangible outcomes of Secretary Clinton’s discussions, which we all hope will put us on a path to a new phase in our bilateral relationship.
Sincerely,
Barack Obama

Monday, 15 August 2011

ရာထူးပျောက်၊ ဘ၀ပျက်နေကြရတဲ့ စစ်သူနာပြု ကျောင်းဆင်းများ အကြောင်း


သို့

“ ဗိုလ်ချုပ်မှူးကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး နှင့် ဗိုလ်ချုပ်ကြီးများခင်ဗျာ”
အကြောင်းအရာ။ ။ အထက်တန်း သူနာပြုများနှင့် ပတ်သတ်ပြီး အသနားခံ တင်ပြခြင်း။

ကျွန်တော်တို့ သည် ရန်ကုန်မြို့ ရှိ တပ်မတော်ဆေးရုံများ၊ နေပြည်တော်ရှိ တပ်မတော်ဆေးရုံများ၊ အောင်ဗန်းမြို့ ရှိ တပ်မတော် ဆေးရုံ၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံများတွင် တာဝန် ထမ်းဆောင် နေကြသော အထက်တန်း သူနာပြုများ ဖြစ်ပါသည်ခင်ဗျာ။

ယခုအသနားခံတင်ပြရသော အကြောင်းအရင်းမှာ ကျွန်တော်တို့များ လက်ရှိဖြစ်ပျက်နေရသော အခြေနေနှင့် ခံစား ချက်များ ဖြစ်ပါသည်ခင်ဗျာ။ ကျွန်တော်တို့ သည်ယခုအချိန်ထိ နိုင်ငံတော်မှ ပေးအပ်သော တာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြပါသည် ခင်ဗျာ။ အလုပ် လုပ်ခြင်းဆိုသည်မှာ ထိုအလုပ်ထဲတွင် စိတ်ရော ကိုယ်ပါ ပျော်ရွှင် သာယာမှု့ ရှိမှ အဆင်ပြေမှုရှိပါသည်ခင်ဗျာ။ ယခုအခါ ကျွန်တော်တို့  အားလုံးမှာ စိတ်ရောကိုယ်ပါ ပျော်ရွှင်မှုမရှိ သည့်အပြင် ဘဝ ပျက်သုန်း ခြင်းများနှင့် ကြုံတွေ့  နေရပါသည်ခင်ဗျာ။ ထိုအခြင်းအရာများကို နိုင်ငံတော်အကြီးအကဲ အဘ ဗိုလ်ချုပ် မှူးကြီး၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးနှင့် ဗိုလ်ချုပ်ကြီးများ သိအောင် အသေးစိတ် တင်ပြ အပ်ပါသည်ခင်ဗျာ။

ကျွန်တော်တို့သည် သင်တန်း စတက်တည်းက စပြီး အနှိမ် ခံခဲ့ရသည်မှာ ယခုအချိန်ထိဖြစ်ပါသည်။ သင်တန်း တက်စဉ် အခါကလည်း အုပ်ချုပ်သူ အရာရှိများ၏ ပြင်းထန်စွာနှိပ်စက်မှု၊ ညှင်းစဲမှုများကို ခံခဲ့ရပါသည်။ အုပ်ချုပ်သူ အရာရှိများ ကျွန်တော်တို့ ကို စခေါ်ပုံမှာ "သင်တန်းသားဆိုတဲ့ အကောင်တွေ" ဟုပဲခေါ်ပါသည်။ ကြိမ်လုံးဖြင့်ရိုက်လျှင်လည်း အချက် နှစ်ဆယ်၊ သုံးဆယ်ရိုက် ပါသည်။ မျက်နှာကိုလက်သီးဖြင့် ထိုးခြင်း၊ ပါးရိုက်ခြင်းတို့ မှာ ရိုးရှင်းသော ပုံမှန် လုပ်နေကျ များ ဖြစ်ပါသည်။ ပိုဆိုးသည်မှာ လက်ထောက်မှောက် အပြစ်ပေးနေရင်းနဲ့  မျက်နှာကို ခြေထောက်ဖြင့် ဖြတ်ကန်ခြင်း ဖြစ်ပါ သည်။ ယခုလက်ရှိ ကျောင်းတွင် စစ်ရေးပြမှူး တာဝန် ထမ်းဆောင် နေသော ဗိုလ်ကြီးအောင်ဇော်ဆိုသူမှာ လက်ရှိ သင်တန်းသားများအား လက်ထောက် မှောက်ပြီး ကြိမ်လုံး ဖြင့် ရိုက်ရာမှာ တင်ပါးကို မရိုက်ပဲ ကျောကုန်းကို ရိုက်ခြင်း၊ ဇက်ကို ရိုက်ခြင်း၊ ဦခေါင်း ကို ရိုက်ခြင်း၊ မျက်နှာကိုဖြတ်ကန်ခြင်းများအား ပြင်းထန်စွာ ပြုလုပ်ပါသည်ဟု ကျောင်းရှိလက်ရှိ သင်တန်းသားများမှ သူတို့၏ ခံစားချက်များအား ကျွန်တော်တို့ အား အဆင့်မရှိ၊ ဂုဏ်မရှိ၊ အရည်အချင်း မရှိသူများဟု သတ်မှတ်ကာ သင်တန်းကျောင်းမှာ ကတည်းက စပြီး ထိုကဲ့သို့  အနှိမ်ခံပြီး ဆက်ဆံခံခဲ့ရပါသည်။ ကျောင်းဆင်းပြီးသည့် အခါတွင်လည်း သက်ဆိုင်ရာ ဆေးရုံများသို့  ရောက်သွားသောအခါ ကျွန်တော်တို့မှာ အဆင်မပြေမှု များစွာဖြင့် ကြုံတွေ့  ရပါသည်။ မည်သည့် အတွက်ကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ စစ်ဆေးရုံများတွင် ရာထူး တံဆိပ်ကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့ ၏ ကော်လံတွင် တပ်ဆင်ပေးထာသော အဆင့် တံဆိပ်အား မည်သူမှ မလေးစား ကြပါ။ မည်သူမှ အသိအမှတ်မပြုကြပါ။ ခြေလျှင်ခြေမြန်မှ သင်တန်းစဆင်းလာသော ရဲဘော်ကတောင် ကျွန်တော်တို့ အား အသက်ငယ် သည်ဟုဆိုကာ ခေါ်စရာ ရာထူးနာမည် မရှိသဖြင့် ဟေ့ကောင်၊ ညီလေး၊ မင်း၊ ငါဟုသာ ရိုင်းပြသော စကားလုံးများဖြင့် ပြောဆို ဆက်ဆံခံရပါသည်။ လက်မောင်းမှာ အရစ်ပေးထားသော သူနာပြု ဆရာကြီးများတောင်မှ ဆရာ၊ ဆရာကြီး ဟု ခေါ်ခံရကာ ရိုသေစွာ ဆက်ဆံခဲ့ရပါသည်။ ကျွန်တော်တို့  မှာ (၄)နှစ်တာကာလ နှစ်ရှည်သင်တန်းကို တက်ရောက်ကာ နိုင်ငံတော် ဒုတိယအကြီး အကဲ ကိုယ်တိုင် စစ်ရေးပြ အခမ်းအနားဖြင့် ကျောင်းဆင်းပေးသော ဘွဲ့ ရ ပညာတတ်များ ဖြစ်လျှက်နဲ့  ထိုလက်မောင်းတွင် ရာထူးပေးထားသော အခြားအဆင့် ဆရာကြီးများလောက်တောင် ရိုသေစွာ ဆက်ဆံ မခံရပါ။ စစ်သည်တို့ ၏ အမျိုးသမီးများမှာလည်း ကျွန်တော်တို့ အား အရာရှိ အဆင့်များ မဟုတ်ဟု သတ်မှတ်ကာ ဟေ့၊ နင်၊ ငါ စသည့်အသုံးအနှုန်း များဖြင့် ရိုင်းပြစွာ ဆက်ဆံကြပါသည်။ ကျွန်တော်တို့  ၏ ခံစားချက်များကို အဘများစာနာ ကြည့်ပေးစေချင်ပါသည်။ ကျွန်တော်တို့ မှာ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နေကြပြီး စိတ်မချမ်းသာ ကိုယ်မချမ်းသာ ဖြစ်ရပါသည်။ တပ်များတွင်လည်း မည်သူနှင့်မျှ မတည့်ဖြစ်ကာ စစ်သည်ချင်း သွေးကွဲလျှက် တစ်ယောက်နဲ့  တစ်ယောက် အငြိုးထား ရန်စောင်းကာ နေထိုင် ဆက်ဆံနေရပါသည်။ တပ်မတော်ဆိုသည်မှာ စစ်သည် အချင်းချင်း စည်းလုံးမှု ရှိရန် အထူးလိုအပ်ပါသည်။ ယခုအခါ ထိုကဲ့သို့ မဟုတ်ဘဲ အခြား အဆင့်စစ်သည်များ မှာလည်း ကျွန်တော်တို့ အား ဒီကောင်တွေက အရာရှိ မဟုတ်ဟုဆိုကာ ရိုင်းပြစွာ ဆက်ဆံသည့်အတွက် ကျွန်တော်တို့ မှာ အနာပေါ် တုတ်ကျသကဲ့သို့  နာကျင်စွာ ခံစားကြရပြီး ထိုအခြားအဆင့် စစ်သည်ဆရာကြီးများဖြင့် ပြသနာပဋိပက္ခများ ရင်ဆိုင်နေရပါသည်။

ထိုဖြစ်ရပ်သည် ရန်ကုန် သမက၁/၃၀၀စစ်ဆေးရုံနှင့် ၁/၁၀၀၀ စစ်ဆေးရုံကြီး များတွင် ဖြစ်ပွားခဲ့ပါသည်။ ၁/၃၀၀တွင် ဖြစ်ပွားပုံမှာ တပ်ကြပ်အဆင့်ရှိ ဆရာ တစ်ဦးမှကျွန်တော်တို့ ထဲမှ တစ်ဦးအား ဟေ့ကောင်၊ ညီလေး၊ မင်း၊ ငါဟု ပြောဆို ဆက်ဆံရာ ထိုသူနာပြုမှ အထက်အကြီးအကဲ သူနာပြုအုပ်ကိုတင်ပြရာ သူနာပြုအုပ်က ပြောဆိုလိုက်ပုံမှာ"အဲ့ဒီ ဆရာက နင်တို့ ထက် အသက်ကြီးတာပဲ" ဟု ပြောဆိုပြီး ပြန်လွတ်လိုက်ပါသည်။ တပ်မတော် တွင် အသက်ဖြင့် အုပ်ချုပ်သည် မဟုတ်ပါ။ ရာထူးဖြင့်သာ အုပ်ချုပ်ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ သည် ဆေးရုံထဲတွင် WARDMANANGER တာဝန်ကို ထမ်းဆောင်ရသူများ ဖြစ်ပါသည်။ WARD ထဲတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသော SISTERS အမများမှ မောင်လေး ဆရာကြီးကို ဒါလုပ်ခိုင်း လိုက် ပါ၊ ဟိုဟာလုပ်ခိုင်းလိုက်ပါဟု တစ်ခုခုခိုင်း၊ ခိုင်းလျှင် ကျွန်တော်တို့ မှာ ဆရာကြီး များအား ခိုင်းလို့ မရသည့် အပြင် ပြသနာပါကြုံရပါတော့သည်။ ထိုအခါခိုင်းလို့  မရသော ကြောင့် ရအောင် ခိုင်းသော အခါ ဆရာကြီးများမှ ကျွန်တော်တို့  အားအငြိုးဖွဲ့  ကာ ညအချိန်တွင် လက်နကများဖြင့် ချောင်းရိုက်ခြင်းများ စတင် ခဲ့ပါသည်။ ထိုဖြစ်ရပ်သည် ရန်ကုန် ၁/၁၀၀၀ စစ်ဆေး ရုံကြီး တွင် လွန်ခဲ့သော (၃)နှစ် ကျော်ခန့်  က ဖြစ်ပွားခဲ့ပါသည်။ စစ်သူနာပြု နှစ်ယောက်မှာ ည(၉) နာရီ လောက်တွင် နှာခေါင်းကိုတုတ်ဖြင့် ချောင်းရိုက်ခံရပြီး ချက်ချင်း ဆေးရုံ တက်ခဲ့ ရပါသည်။ ထိုကဲ့သို စစ်သည် အချင်းချင်း မညီညွတ် ရန်သူကဲ့သို့  သဘောထားပြီး မသင့်မြတ် ဖြစ်ကြရပါသည်။ အရာရှိ များနှင့် ဆက်ဆံသည့်အခါတွင်လည်း ကျွန်တော်တို့ အား ဒီကောင်တွေက အရာရှိ မဟုတ်ကြ ဘူးဆိုကာ အနှိမ်ခံ ဆက်ဆံခံရပါသည်။ တပ်များတွင်လည်း ကျွန်တော်တို့  အား အခြား အဆင့် စာရင်းထဲတွင် ထည့်သွင်း ရေးဆွဲခံ ရပါသည်။ ကျွန်တော်တို့  မှာ ဘွဲ့  ရပညာတတ်ကာ နိုင်ငံတော် ဒုတိယအကြီးအကဲကိုယ်တိုင် အသိအမှတိပြု ကျောင်းဆင်းသူများ ဖြစ်ကာ တပ်များတွင် အခြား အဆင့်ကဲ့သို့  ထားသည်မှာ ရင်ထဲတွင် အလွန်တရာခံစားရကာ စိတ်မချမ်းသာ ကိုယ်မချမ်းသာ ဖြစ်ရပါသည်။ ထိုကဲ့သို့  စစ်သူနာပြုတိုင်း စိတ်ဓာတ်ကျဆင်းနေကြရပါသည်။ တစ်ချို့  ဆိုလျှင် ကိုယ့်ဘ၀ကို ကိုယ် စိတ်ဓာတ်ကျလွန်း ပါသဖြင့် အရက်ကိုပဲအမြဲသောက်ကာ အရက်သမား ဘ၀ကို ရောက်ကြ ရပါသည်။ တစ်ချို့ မှာ ကိုယ့်ကိုကိုယ် တမင်တကာ ရောဂါဖြစ်အောင် ဖန်တီးပြီး ဆေးကို ပုံမှန် မသောက်ပဲ ရောဂါ ကျွမ်းသွားအောင် ကိုယ့်ဘဝကို ဖျက်ဆီးပစ်ကြသူများလည်း ရှိပါသည်။ ထိုသူသည် ယခုလက်ရှိ အမှတ်၁/၁၀၀၀ ဆေးရုံကြီးတွင် ဆေးရုံတက် ဆေးကုသမှုခံနေရပြီး (ဒီနေ့ လား၊ မနက်ဖြန်လား) သေရမဲ့နေ့ ကိုစောင့်နေရသူဖြစ်ပါသည်။ ထိုသူသည် TBေ၇ာဂါဖြစ်ကာ ခံစားနေရသူဖြစ်ပါသည်။ စိတ်ဓာတ်ကျဆင်းလွန်းပါသဖြင့် TBဆေးကို ပုံမှန်မသောက်သည့် အတွက် ဆေးယဉ်သွားကာ ရောဂါကိုကုမရတော့ပါ။ ယခုအခါ အဆုတ်နှစ်ခုလုံးပျက်စီးနေပြီး ဘ၀ပျက်သွား ပါသည်။ ၂၀၀၈ခုနှစ် မှာဆိုလျှင် သင်တန်းသားတစ်ယောက်သည် စိတ်ညစ်လွန်းပါသဖြင့် ဆွဲကြိုး ချကာ ကိုယ့်ကိုကိုယ် သေကြောင်း ကြံခဲ့ပါသည်။ သင်တန်းတွင် အကောင်းဆုံး သင်တန်း သား ဆုရသူများ မှာလည်း စိတ်ဓာတ်ကျကာ မိမိဘ၀ကို မိမိ တန်ဖိုးမထားဘဲ အရက် ကိုပဲ အမြဲ သောက်ကာ အပြစ်များကျူးလွန်ပါသဖြင့်  ရဲဘော်ဘဝသို့  အဆင့်ချ ခံရကာ ဒုက္ခရောက် နေကြ ပါသည်။ အပါတ်တ်စဉ်(၁)နှင့် အပါတ်စဉ်(၂)မှ (BC)ဆုရ စစ်သူနာပြု နှစ်ယောက်မှလွဲပြီး အောက်အပါတ်စဉ် (BC)ဆုရ သူနာပြုများမှာ အဆင့်လျှော့ချခြင်း ခံရပြီး၊ အချုပ်ကျခံရခြင်းများဖြင့် ဘဝပျက် နေကြ ပါသည်။ ကျွန်တော်တို့ မှာ လစာမတိုးခင် သင်တန်းစခေါ်စဉ်အခါက လစာ (၉၀၀၀ိ/) ဒုဗိုလ်လစာဖြင့် ခေါ်ပြီး လစာ တိုးသောအခါ ကျွန်တော်တို့မှာ ဒုဗိုလ် လစာ မရတော့ဘဲ လစာလျော့ခြင်း ခံလိုက်ရပါသည်။

ထိုမှ တစ်ဖန်နေပြည်တော်တွင်လည်း အိမ်ထောင်သည် များအား လွန်ခဲ့သောနှစ်နှစ်ခန့် က အရာရှိ အိမ်များဖြင့် နေရ ပါသည်။ အရာရှိအသုံးအဆောာင် FACILITIES များခံစားခွင့် ရရှိပါသည်။ ယခုအခါ စစ်သူနာပြု အိမ်ထောင် သည်များမှာ အခြားအဆင့် စစ်သည်များနှင့် တန်းတူ အခြား အဆင့် စစ်သည် လိုင်းတွင်သာ နေထိုင်ကြရပါသည်။ ပိုဆိုးသည်မှာ ကျွန်တော်တို့ အား အရင်က ထုတ်ပေးထားသော အရာရှိ အသုံးအဆောင်များကို ပြန်လည် သိမ်းဆည်း ခြင်း ခံရပါသည်။ ကျွန်တော်တို့ မှာ တဖြေးဖြေးနှင့် ပိုပြီး အဆင့်နိမ့်၊ နိမ့်လာပြီး ပိုပြီး အနှိမ်ခံရမှုများကာ အလွန့်  အလွန် စိတ်ဓာတ် ကျဆင်းမူ များစွာဖြင့် ကြုံတွေ့ နေရပါသည်။

သို့ ဖြစ်ပါသဖြင့် ကျွန်တော်တို့ ၏ ထိုဆင်းရဲခြင်းများအား စာနာငဲ့ညှာ သနားပေးနိုင်ပါရန် နိုင်ငံတော် အကြီးအကဲ အဘများအား ကျွန်တော်တို့  အားလုံးမှ စုပေါင်းပြီး ရိုသေစွာအသနားခံ တင်ပြအပ်ပါသည်ခင်ဗျား။

ရိုသေလေးစားစွာဖြင့်…
အထက်တန်း စစ်သူနာပြုများ

Source: နိရဉ္ဇရာ

Thursday, 11 August 2011

စင်ကာပူရောက် မြန်မာပြည်သူများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကို အားကိုးရမလား၊ ပွဲစားကြီးကို အားကိုးရမလား ... (ပေးစာ)

ကျနော် စာရေးသူမှာ နိုင်ငံတော်ကို ဆန့်ကျင်နေသော နိုင်ငံသားတယောက်မဟုတ်ပါ။ ကိုယ့်ဉာဏ်စွမ်း ကိုယ် စွမ်းနှင့် ဘ၀ကိုလျှောက်လှမ်းနေသော စင်ကာပူရောက် မြန်မာနိုင်ငံသားတဦးဖြစ်ပါသည်။ ကျနော်က စင်ကာ ပူတွင် နေထိုင်ကာ ပင်နီဆူလား ဆိုင်တဆိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ရံဖန်ရံခါဆိုသလို သံရုံးသို့ ရောက်တတ်သူဖြစ်ပါသည်။ ကျနော် သာမန်လူတယောက်အနေနှင့် ကြားရသော မြန်မာသံရုံးနှင့် အမြတ်ကြီး စား ပွဲစားကြီးတို့ နိုင်ငံတော်အား အလွဲသုံးစားလုပ်နေပုံ သတင်းအချို့ကို အများသူငါ မျှဝေခံစားမိစေရန် ယခု ကဲ့သို့ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ကြားသိရသော သတင်းအချို့မှာ အခွန်ဆောင်ခြင်းကိစ္စနှင့် ပတ်သက်ပြီး အခွန်တွက်စက်၊ ပြေစာထုတ်စက်၊ ပတ်စ်ပို့အသစ်အတွက် ဓာတ်ပုံရိုက်ခြင်းများတွင် လိုအပ်သည့် စက်ကိရိယာများအား ပွဲစားကုမ္ပဏီကြီးတခုမှ သံရုံးအား ထောက်ပံ့ပေးပြီး အခွန်တွက်ချက်ခြင်းကိုလည်း ကောင်တာထိုင်အရာရှိမှ တွက်ချက်ရန် မလိုတော့ ဘဲ ယင်းကုမ္ပဏီကြီးမှပင် တွက်ချက်ပေးကာ အရာရှိက စာရွက်စာတမ်းကိုသာ လက်ခံပေးသွားမည်၊ အခွန် ဆောင်ရန် ရက်ချိန်း စောလျင်စွာရရှိဖို့ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရန်လည်း သံအမတ်ကြီးထံမှ ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်းကို ပင်နီဆူလားမှ အခြားသော အေးဂျင့်များအား ကုမ္ပဏီသဌေးမှ ပြောခဲ့ပြီး နောင်တွင် သံရုံးမှ အခြားအေးဂျင့်များနှင့် လုပ်ကိုင်ခွင့်မပြုတော့ဘဲ ယင်းကုမ္ပဏီကြီးမှသာ သံရုံးနှင့် ဆက်စပ် လုပ်ကိုင်နိုင်တော့မည်ဖြစ်ကြောင်း၊ အထက်တွင် ဖော်ပြထားသော လုပ်ငန်းများအား လက်မခံသည့် ၀န်ထမ်း များအား ပြောင်းရွှေ့ပေးရန် သံအမတ်ကြီးအား ပြောကြားထားကြောင်း၊ သံအမတ်ကြီးမှလည်း ဆောင်ရွက် ပေးမည်ဟုဆိုကြောင်း ကုမ္ပဏီသူဌေးက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့ပါသည်။

ယင်းသတင်းများ မှန်သည်၊ မမှန်သည် ကျနော်မသိပါ။ ယင်းသတင်းကြားပြီး မကြာမီမှာပင် ဓာတ်ပုံရိုက်သည့် နေရာတွင် ယင်းကုမ္ပဏီမှဝန်ထမ်းများ လုပ်ဆောင်နေသည်ကို တွေ့ရပါသည်။ ထို့နောက် အခွန်ကိစ္စအား စက် များနှင့် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။

စင်ကာပူရောက် မြန်မာပြည်သူများအားစောင့်ရှောက်ရန် နိုင်ငံတော်မှ ဖွင့်လှစ်ပေးထားသော မြန်မာသံရုံးအား ထိုသို့ ပုဂ္ဂလိကကုမ္ပဏီမှ သူ၏ ကုမ္ပဏီအသွင် ချုပ်ကိုင်ချယ်လှယ်နေခြင်းမှာ မဖြစ်သင့်သောကိစ္စရပ်ဟု မြင်မိ ပါသည်။ ထိုသို့ ကုမ္ပဏီက ချုပ်ကိုင်ချယ်လှယ်နေခြင်းကြောင့် စင်ကာပူရောက် မြန်မာပြည်သူများအနေဖြင့် မည်သူ့ကို အားကိုးအားထားပြုရမှန်း ဝေခွဲမရအောင် ဖြစ်နေပါတော့သည်။

စင်ကာပူရောက် မြန်မာပြည်သူတဦး
 

Thursday, 2 June 2011

ပြည်ပရောက် ရဟန်း သံဃာင်္တော်များသို့ အိတ်ဖွင့်ပေးစာ (ရေးသူ- အောင်ရဲလင်း (စစ်တွေ)

ဘာသာရေးနှင့် ဆက်နွယ်နေသော အကြောင်းအရာများကို ကျနော်အနေဖြင့် မဖော်ပြချင် မတင်ပြချင် မရေးသားချင်ပါ။ ဤအိတ်ဖွင့် ပေးစာသည် စာရေးသူတစ်ယောက်တည်း၏ ခံစားချက်မဟုတ်ဘဲ ပြည်ပတွင် နေထိုင်သော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ရင်တွင်းက ဖြစ်ပေါ်လာသော တူညီသော ခံစားချက်များကြောင့် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုရခြင်းသာဖြစ်သည်။
နှစ်ပေါင်း (၂၀) ကျော်ကာလအတွင်း နိုင်ငံတော်ကို မှားယွင်းသော စီမံခန့်ခွဲမှုများကြောင့် နိုင်ငံတော်ကြီးလည်း ဆင်းရဲမွဲတေ၊ ပြည်သူ လူထု တစ်ရပ်လုံးလည်း အကျင့်စာရိတ္တပျက်ပြား၊ ရဟန်းသံဃာ များလည်း အူမတောင့်မှ သီလစောင့်နိုင်မည် ဆိုသည့် မူကို လက်ကိုင်ထားပြီး၊ ယင်းနှင့်ပင် အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုသလို မှာယွင်းမှု စနစ်ဆိုး တစ်ခုကြောင့် တလောကလုံး အမှောင်ကျခဲ့ရ သည်မှာ ယနေ့ထိတိုင် ဆက်လက်ဖြစ်ပွား နေသည်။
အဆိုးဆုံးက ကမ္ဘာမီးလောင် သားကောင် ချနင်း ဆိုသလိုမျိုး ဖြစ်နေပြီလား။
ပြည်သူလူထု တစ်ရပ်လုံး စားဝတ်နေရေး အတိ့ဒုက္ခရောက် နေချိန်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအားလုံးကို မှားယွင်းသော စနစ်ဆိုး အမှောင်ထုကြီးတစ်ခုက ဖုံးလွှမ်းထားခြင်း ခံနေရချိန်တွင် ရဟန်းအသွင် လက္ခဏာကို ဆောင်ထားသော ပုဂ္ဂိုလ်များက ဘာသာရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွါး အတွက် အမြတ်ထုတ်နေ ကြသည့် ရဟန်းအချို့ကိုလည်းတွေ့ရသည်။



ရဟန်းဆိုသည် အလှူခံစားရမည်ဟု ဘုရားရှင်က မိန့်ကြားထားသော်လည်း အချိန်နှင့် အခါအပေါ်တွင် မူတည်ပြီး အခြေအနေကို လေ့လာသုံးသပ်ကာ လက်ရှိအခြေအနေမျိုးတွင် အလှူခံသင့် မသင့် ပညာဥာဏ်ဖြင့် စဉ်းစားဆုံးဖြတ်သင့်သည်။

တစ်ကိုယ်ရေ တကာယ မျှတလောက်သော အလှူကိုသာ လက်ခံပြီး လောကတ္ထစရိယ -လောကကြီးတခုလုံး ငြိမ်းချမ်းရေး၊ ဥာတတ္ထစရိယ- ဆွေမျိုး ညာတကာ အကျိုးစီးပွါးဖြစ်ထွန်းရေး၊ ဗုဒ္ဓတ္ထစရိယ၊ အမျိုး ဘာသာ သာသနာ ထွန်းကားရေးစသည့် ဦးတည်ချက်သုံးရပ်ကို လက်ကိုင် ထားပြီး ကျင့်ကြံပွါးများ အားထုတ်ရမည့်တာဝန်မှာ ဘာသာရေးကို ချစ်မြတ်နိုးသော ရဟန်းကောင်း ရဟန်းမြတ်တို့၏ ကျင့်စဉ် တရပ်ပင် ဖြစ်သည်။

ရဟန်းကောင်း ရဟန်းမြတ်တို့သည် လောကကြီး ငြိမ်းချမ်းရေး၊ ပြည်သူလူထုကောင်းစားရေးနှင့် အမျိုးဘာသာ ထွန်းကားရေးအတွက် ကျင့်ကြံအားထုတ်ကြသည်။

ရဟန်းအသွင် လက္ခဏာဆောင်နေကြသည့် အချို့သော ရဟန်တို့သည် အထက်ဖေါ်ပြသည့် တရားများနှင့် ဆန့်ကျင်ပြီး ကိုယ်ကျိုးအတွက် မသမာနည်းဖြင့် ဝင်ငွေရှာ၊ အမြတ်ထုတ်နေကြသည့် ရဟန်းတို့လည်း အလွန်ပင်များပြားလွန်းသည်။

အထူးသဖြင့် ယနေ့ခေတ်ကာလ၌ကား အလှူခံ ပုဂ္ဂိုလ်များ အလွန်များပြားလာကြသည်။ အချို့သောရဟန်းတို့သည် ဟိုအကြောင်းပြ၊ သည်အကြောင်းပြပြီး နေရာအနှံ့ အလှူခံထွက်နေကြသည်ကိုလည်း တွေ့မြင်ရသည်။

ရဟန်းတပါး ဆွမ်းငတ်ပြီးသေခဲ့သည် ဟူ၍လည်း (ရခိုင့်လူမျိုးဖြစ်သော အာရှနေ၀န်း အသျှင် ဆရာတော် ဦးဥတ္တမ မှအပ) သမိုင်းတစ်လျှောက်လုံးတွင် မတွေ့ဖူး၊ မကြားဖူးသေးပါ။

ပြည်သူများသာ နိုင်ငံရေးအကျပ်အတည်း၊ စီးပွါးရေးအကျပ်အတည်းကြောင့် ငတ်ပြတ်ပြီး သေကြေ ပျက်စီးကြရသည်ဟုသာ တွေ့မြင် ကြားသိ နေရသည်။

ဘာသာရေးအပေါ်တွင် ပြည်သူလူထုသည် အမှန်တကယ် တာဝန်ကျေပွန်ကြပါသည်။
ရဟန်းကောင်း ရဟန်းမြတ်တို့သည်လည်း ပြည်သူလူထုဘက်မှ အမှန်တရားအတွက် မားမားမတ်မတ် ရပ်တည် ပေးသင့်ပါသည်။

ဘာသာရေး၏ အသက်သွေးကြောသည် ပြည်သူလူထု၏ လက်ထဲ၌သာရှိသည်၊ ပြည်သူတို့၏ အကျိုးစီးပွါးကို ကာကွယ် စောင့်ရှောက်ခြင်းသည် ဘာသာတရား ကိုလည်း ထိန်းသိမ်းရာ ရောက်ပေသည်။

ရွာစဉ်၊ မြို့စဉ်လှည့်လည်ကာ ကိုယ်ကျိုးစီးပွါးအတွက် အလှူခံထွက်နေခြင်းသည် ပြည်သူ လူထုကို လည်း ဒုက္ခပေးရာ ရောက်သလို ဘာသာတရားကိုလည်း ညှိုးနွမ်း ထိခိုက်စေပါသည်။

ရဟန်းကောင်း ရဟန်းမြတ်တို့အနေဖြင့် မိမိဗုဒ္ဓဘာသာကို အမှန်တကယ် ချစ်မြတ်နိုးသည်ဆိုလျှင် တိုင်းပြည်တရားမျှတမှု ရှိအောင် ပထမဆုံး လုပ်ဆောင်ရမည်။ တိုင်းပြည်တရားမျှတမှု ရှိလာပါမှ ပြည်သူများ၏ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ် နေရေး စသည့် အရေးကိစ္စများ အဆင်ပြေ လာမည်ဖြစ် သည်။

အထက်ပါ အရေးကိစ္စများ အားလုံးအဆင်ပြေပြီးမှ မိမိတို့ကိုးကွယ်ရာ ဘာသာတရားကိုလည်း သက်ဝင်ယုံကြည် လှူဒါန်းဆည်းကပ် လာကြမည်ဖြစ်သည်။

ယခုကဲ့သို့ ပြည်သူများ အလှူဒါန်းပြုနိုင်ရန် လက်ထဲမှာငွေရှိရန် လိုအပ်သည်။ လက်ထဲမှာ ငွေရှိရန်အတွက်လည်း စီးပွါးရေး အဆင်ပြေရန် လိုအပ်ပေသည်။

စီးပွါးရေးအဆင်ပြေမည်ဟု ဆိုရာတွင်လည်း ပထမဆုံးအနေဖြင့် နိုင်ငံရေး တည်ငြိမ် အေးချမ်းရန် လိုအပ်ပေသည်။

နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု ရှိရန်အတွက်လည်း နိုင်ငံတော်ကို စီမံခန့်ခွဲအုပ်ချုပ်သော လူတန်းစားများက တရားမျှတမှုရှိရန်မှာ အဓိကကျနေပေသည်။

မည်သည့်အကြောင်းအရာတွင်မဆို တခုနှင့်တခု၊ တနည်းနှင့် မဟုတ် တနည်း၊ အားလုံး ကျိုးကြောင်းဆီလျော်စွာ ဆက်စပ်မှုရှိနေကြသည့် အနေအထားကိုတွေ့ရသည်။

ဆက်စပ်မှုရှိနေကြသော အရာများသည်လည်း တစ်စုံ တစ်ခုတည်းဖြင့် သီးခြားရပ်တည်၍မရနိုင်။

“ဘာသာတရားသည် ပြည်သူတို့၏ ထောက်ပံ့ကူညီမှုကိုမရရှိပဲ သီးသန့် ရပ်တည်၍ မရနိုင်သကဲ့သို့ ဘာသာရေးခေါင်းဆောင်များ ဖြစ်ကြသော ရဟန်းတို့သည်လည်း ပြည်သူများအပေါ်တွင် ဥပေက္ခာရှု ထား၍ မရနိုင်။”

ပြည်သူလူထုတစ်ရပ်လုံးနှင့် အမျိုးဘာသာ၊ သာသနာသည် အင်္ဂလိပ်ကိုလိုနီ လက်အောက်သို့ ကျရောက်နေခဲ့ရချိန်၌ ဆရာတော် အသျှင်ဦးဥတ္တမ၊ ဆရာတော်ဦးစိန္ဒာနှင့် အခြား ရဟန်းသင်္ဃာတော်များသည် တိုင်းပြည်ကိုလိုနီ ကျွန်ဘဝမှလွတ်မြောက်ရေး၊ အမျိုး ဘာသာ သာသနာထွန်းကားရေးအတွက် ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့ကြသော ပြည်သူ့ဘက်တော်သား ဆရာတော်ကြီးများအဖြစ် ရပ်တည်ပေးခဲ့ကြသည်ကို အထင်အရှား တွေ့မြင်ခဲ့ရပြီးဖြစ်သည်။

တိုင်းပြည်သည် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေးအကျပ်အတည်း ဂယက်ရိုက်ခတ်နေချိန်တွင် ပြည်သူလူထုတစ်ရပ်လုံး ဆင်းရဲ ဒုက္ခရောက်နေချိန်မျိုး၌ ရဟန်းတို့သည် ပြည်သူလူထုကို စာနာထောက်ထားရန် လိုအပ်လှပေသည်။

အထူးသဖြင့် အလုပ်သမားတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို တတ်နိုင်သည့်ဘက်မှ ကာကွယ်စောင့်ရှောက်မှုများပေးရန် လိုအပ်ပေသည်။

အတိတ်က ဒါန၊ သီလ၊ ဘာဝနာ၊ နိဗ္ဗာန်ကိုသာ လက်ကိုင်ထားပြီး ရှေ့တန်းတင် ဟောပြောနေရုံမျှဖြင့် လက်ရှိ ပြည်သူတို့၏ဘဝ အခြေအနေကို ဖြေရှင်းပေးနိုင် လိမ့်မည် မဟုတ်။ ပြည်သူတို့၏ လက်ရှိဘဝ အခြေအနေနှင့် ဆက်စပ်နေသော အကြောင်းတရားများကိုသာ ဦးစွာ ဖြေရှင်း ပေးကြရမည် ဖြစ်သည်။

ရဟန်းတို့သည် ဒကာ၊ ဒကာမများဖြစ်ကြသည့် ပြည်သူလူထုအပေါ်တွင် ပြန်လည် ကြည့်ရှု စောင့်ရှောက်သင့်သည်။
အဘယ်ကြောင့် ဆိုသော် ပြည်သူလူထုတရပ်လုံးသည် အချိန်နှင့်အမျှ ဘဝကိုရုန်းကန်နေကြရသည်။

အရာရာအားလုံးကို စဉ်းစားတွေးတောနိုင်ရန် အချိန်မပေးနိုင်ကြချေ။
ရဟန်းတို့သည်ကား ပြည်သူများ ပေးလှူအပ်သော ဆွမ်းကို မပင်ပန်း မနွမ်းနယ်ပဲ ကောင်းစွာ စားသုံးကြရပြီး အရာရာအားလုံးကိုလည်း စဉ်းစားတွေးတောနိုင်ရန် အချိန်များ ပေးနိုင်ကြသည်။

ယင်းကြောင့် ရဟန်းတို့သည် ပြည်သူလူထုတို့ မလုပ်နိုင်သော အချို့သော တာဝန်များကို ပြည်သူ့ကိုယ်စား လုပ်ဆောင်ပေးရမည်ဖြစ်ပေသည်။

“ဗုဒ္ဓဘုရားရှင်သည် သက်တော် ထင်ရှားရှိစဉ် ကာလပတ်လုံး အတ္တ ကိုယ်ကျိုးကို ကြည့်ကာ တစ်ကိုယ်တကာယ ကောင်းစားရေးအတွက် မည်သည့်အရာ တခုကိုမျှ မလုပ်ခဲ့ပါ၊

ပရဟိတ အများအကျိုးကိုသာ အစဉ်ရှေ့ရှုပြီး တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။”

ဤအကြောင်းတရားများကို ထောက်ရှုသောအားဖြင့် ရဟန်းကောင်း ရဟန်းမြတ်များသည် ကိုယ်ကျိုးကို စွန့်လွှတ် အနစ်နာခံပြီး အများ ပြည်သူအကျိုးကိုသာ လုပ်ဆောင်ရန်တာဝန်ရှိသည်ဟု ပေါ်လွင်ထင်ဟပ်စေသည်။

ယနေ့အချိန်အခါမျိုးတွင် လူအများက ဘာသာရေး၌ သက်ဝင်ယုံကြည်မှု လျော့နည်း ကျဆင်းလာကြသည်ကို တွေ့ရှိရသည်။

ယင်းကဲ့သို့ဖြစ်ရခြင်း၏ အကြောင်းအရင်းမှာ အလှူခံ ပုဂ္ဂိုလ်များ ပေါများလာသည်နှင့်အမျှ ဘာသာရေးနှင့် ရဟန်း သင်္ဃာတော်များ အပေါ်တွင်လည်း ယုံကြည်မှု နည်းပါး လာကြသည်ကို တွေ့ရပေ သည်။

လှူချင်၊ မလှူချင်မှန်းမသိ အိမ်စဉ်လျှောက် အလှူခံ နေကြသော ရဟန်းများ သည်လည်း များလွန်း လှပေသည်။
ယင်း၏ အကျိုးဆက်ကား အချို့သော သူများသည် ရဟန်းသင်္ဃာတစ်ပါးပါးကို မိမိအိမ်ရှေ့တွင် တွေ့မြင် လိုက်ရသည်နှင့် တပြိုင်နက် အိမ်တံခါးဝ များကို ပိတ်လိုက်ကြ တော့သည်။

အဆိုးဆုံးက ရဟန်းသင်္ဃာအချို့တို့သည် “ပြည်တွင်းနေ ပြည်သူများသည် စီးပွားရေး စားဝတ်နေရေး အကြပ် အတည်းကြောင့် အလှူခံ၍ မရနိုင်” စသည့်အတွေးကြောင့် ပြည်ပကို သာသနာပြုထွက်မည်ဟု တပည့် ဒကာ၊ ဒကာမများထံ အကြောင်းပြပြီး ပြည်တွင်း၌ပင် လမ်းစရိတ် အတွက် အလှူခံကြ ပြန်သည်။

ယင်းနောက် ပြည်ပသို့ ထွက်ခွာကာ ပြည်ပသို့ ရောက်လာကြပြီးနောက် အဆိုပါ ရဟန်းသင်္ဃာများ သာသနာ ပြုနေကြပုံမှာ -
မြန်မာ့ရွေ့ပြောင်း အလုပ်သမားများရှိရာ စက်ရုံ၊ အလုပ်ရုံ၊ ပန်းရံဆိပ်၊ လှေဆိပ်စသည်များသို့ လှည့်လည်ကာ အလှူခံသည့် သာသနာပြု လုပ်ရပ်ကိုသာ တစိုက်မတ်မတ် ကျင့်ကြံ လုပ်ဆောင်နေကြသည်ကို နေရာအနှံ့တွေ့ရပေသည်။

ဤသို့ လုပ်ဆောင်နေကြသည်ကို ရဟန်းသင်္ဃာတော်များ အနေဖြင့် သာသနာပြု လုပ်ငန်းစဉ်ဟု ဆိုနိုင်ပါမည်လား။

ဗုဒ္ဓကျင့်စဉ်နှင့်ကား လိုက်လျောညီထွေမှု ရှိနိုင် ပါမည်လား။ အချို့သော ရဟန်းတို့သည် အသိမိတ်ဆွေ တကာ တကာမများထံသို့ သွားရောက်ချဉ်းကပ်ပြီး အလှူခံမည့် ကိစ္စကို ဆွေးနွေး တိုင်ပင်ကြသည်၊

“ဒကာတို့ စက်ရုံလုပ်ငန်းခွင်မှာ အလှူပွဲ၊ တရားပွဲ လုပ်လို့ရနိုင်မှာလား လုပ်လို့ရနိုင်မယ်ဆိုရင် ဒကာက ဦးဆောင်ပြီးလုပ်။ ဒကာကို ဦးဇင်းက အလှူခံလို့ရတဲ့ ငွေထဲက သုံးပုံ တပုံပေးမယ်” ဆိုပြီး ဘုန်းကြီးက ဒကာကို မက်လုံးပေးကာ စည်းရုံး လိုက်သည်။

ဒကာများကလည်း ဘုန်းကြီးပြောသည်ကို အားကျပြီး “ငါအလုပ်ဆင်းလျှင် ဘတ် (၂၀၀) ပဲရမယ်၊ ဘုန်ကြီးပြောတာ လိုက်လုပ်ပေးရင် (၅၀၀၀) အထက်ရမယ်” စသဖြင့် စဉ်းစားပြီး ဘုန်းကြီးပြောသည်ကို လိုက်နာထောက်ခံပြီး အနီးအနား မှာရှိသည့် အလုပ်သမားများကို တရားပွဲလုပ်ရန်၊ အလှူပွဲလုပ်ရန် အတွက် နှိုးဆော် စည်းရုံးတော့သည်။

တရားပွဲ၊ အလှူပွဲများ ဖြစ်မြောက်လာပြီးနောက် ဘုန်းကြီးကတရားဟော ဟောလိုက်သည့်တရားက ဒါနကိုအခြေခံ နိဗ္ဗာန် ရောက်ကြောင်းတရားပါ။

ဟောနေသည့်တရားက နိဗ္ဗာန်ရောက်ကြောင်း တရား။ လက်တွေ့မှာ လုပ်နေသည် အလုပ်က ဟောနေသည့် တရားနှင့် ဖီလာကန့်လန့် ဖြစ်နေသည်။

အပြောတစ်မျိုး၊ အလုပ်တစ်မျိုးနှင့် ရဟန်းများ သာသနာပြုပုံက အနာဂတ် သာသနာတော် အတွက် ရင်လေးစရာပင် ကောင်းနေပါပြီ။

ပြည်ပမှာ ခေတ်စားနေသော ဒကာနှင့် ဆရာ သာသနာပြုပုံက…
ဝါဆိုကာလ၊ ကထိန်ကာလတို့တွင် ရဟန်းတို့သည် ရွေ့ပြောင်း အလုပ်သမား များရှိရာ လုပ်ငန်းခွင်များသို့ ဖုန်းဖြင့် သော်လည်းကောင်း၊ ကိုယ်တိုင် သွားရောက်၍ သော်လည်းကောင်း သင်္ကန်း ကပ်လှူရန် အတွက် သော်လည်းကောင်း စသဖြင့် အလှူအမျိုးမျိုးကို ခေါင်းစဉ်တပ်ကာ စည်းရုံးကြသည်။

ပြည်တွင်းမှ နာမည်ကြီး ဆရာတော်များ သည်လည်း ဝါဆို၊ ကထိန် ကာလအတွင်း ပြည်ပကိုလာပြီး သင်္ကန်းရောင်းကြသည်၊
သင်္ကန်းတစ်စုံကို (၄၀၀) မှ (၅၀၀) ဘတ်ဖြင့် သင်္ကန်းများ ရာနှင့်ချီ၍ ရောင်းစားကြသည်။

သင်္ကန်းရောင်းပြီးသည်နှင့် တခါတည်း ရွေ့ပြောင်းအလုပ်သမားများရှိရာ လုပ်ငန်းခွင်၌ တရားပွဲပါ ကျင်းပကြသည်။

ထိုင်းနိုင်ငံတွင် အနေကြာကာ လုပ်ရဲကိုင်ရဲသူ လည်းဖြစ် ထိုင်းစကားလည်းတတ်သော သူများသည် ယခုကဲ့သို့ ရဟန်း အထာများကို သိထားသည့်အပြင် ယခင်ကလည်း လုပ်ကိုင်ခဲ့ဖူးသောကြောင့် အလှူပွဲကာလအတွက် သင်္ကန်းများကို ကြိုတင် စုဆောင်း ထားကြသည်။

အလှူပွဲကာလမှာ ရဟန်းတို့သည် ဒကာများထံမှ သင်္ကန်းကို အခကြေးငွေပေးပြီး ငှါးကြရသည်၊ အလှူပွဲ ပြီးသည်နှင့်တခါတည်း ငှားယူထားသော သင်္ကန်းနှင့် ငှားရမ်းခ ငွေကိုပါ တပါတည်း ဒကာထံသို့ ပြန်ပေးအပ်ကြရသည်။

ယင်းကဲ့သို့ ဒကာနှင့် ဆရာ နားလည်မှု ချစ်ကြည်ရေး အလှူခံများသည် နေရာအနှံ များပြားလွန်းသည်။

ထိုင်းနိုင်ငံမှာ ကျောင်းတက်နေသော အချို့သော ရဟန်းတို့သည်လည်း အလုပ်သမားများထံသွားပြီး မိမိဝင်ငွေရရှိရေးအတွက် အမျိုးမျိုး ကြွားဝါကြသည်။

“ဦးဇင်းက ဒီမှာတက္ကသိုလ်တက်နေတာ၊ ထိုင်းနိုင်ငံကို ဘွဲ့ယူဖို့လာတာ၊ ဒီထိုင်းနိုင်ငံမှာက ကျောင်းတက်ခွင့် ရဖို့ဆိုတာ မလွယ်လှဘူး ကျောင်းတက်ရတာလည်း ကြေးရေး ငွေရေး အရမ်းကို အခက်အခဲရှိတယ်..” စသဖြင့် ပုံစံ အမျိုးမျိုးဖြင့် ရွေ့ပြောင်း အလုပ်သမားများအပေါ် လှည့်ပတ်ကာ အလှူခံနေကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်တို့၏ အုပ်ချုပ်မှု ယန္တရားအောက်ကို ကျရောက်နေပြီး ပြည်သူလူထုသည်လည်း စစ်ကျွန်ဘဝနှင့် ဆင်းရဲဒုက္ခ ရောက်နေကြသည်ကို ရဟန်းတို့သည် မျက်ဝါးထင်ထင် တွေ့မြင်နေရဆဲ ဖြစ်ပေသည်။

ရဟန်းတို့အနေဖြင့် အလှူခံခြင်း လုပ်ရပ်ကိုသာ သာသနာပြု လုပ်ငန်းစဉ်အဖြစ် လက်ခံကျင့်သုံးနေမည်ဆိုပါက အနာဂတ် သာသနာတော်ကြီးအတွက် သာသနာ့ အန္တရာယ်များ ဖြစ်နေပြီလား။

ရဟန်းတို့သည် မိမိသာသနာကို တကယ်ချစ်မြတ်နိုးသည်၊ သာသနာပြုလုပ်ငန်းစဉ်ကို သာသနာတော် တိုးတက် စည်ပင် ပြန့်ပွားစေရေးအတွက် အမှန်တကယ် လုပ်သင့်သည်ဟု ခံယူထားပါက အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း ပြည်သူ့ ဘက်ကနေ ရပ်တည်ပြီး မြန်မာနိုင်ငံတွင် အမှန်တရား ပေါ်ပေါက်ရေး အတွက် လုပ်ဆောင်ပေး ရမည်ဖြစ်သည်။

သာသနာပြု လုပ်ငန်းစဉ်ဟူသည် ကိုယ်ကျိုးအတွက် အလှူခံခြင်းကို ဆိုလိုသည်မဟုတ်ပေ။ အမှန်တရား အစဉ် တိုးတက် ရေးနှင့် ငြိမ်းချမ်းရေးကို ဆိုလိုခြင်းပင် ဖြစ်ပေသည်။

ရဟန်းတို့ လုပ်ဆောင်ရမည့်တာဝန်သည် ငြိမ်းချမ်းရေးမျှသာဖြစ်သည်။
ဗုဒ္ဓဘုရားရှင်သည်လည်း လောကဝေါဟာရအားဖြင့် ဖွင့်ဆိုရမည် ဆိုပါက ငြိမ်းချမ်းရေးကို ဦးတည်သော နိုင်ငံရေးသမား တစ်ဦးအဖြစ် ဖွင့်ဆိုလျင် မှားဖွယ်ရာ ရှိလိမ့်မည်ဟု မထင်ပါ။

ဆရာနှင့် ဒကာပူးပေါင်းပြီး အလှူပွဲကြီးတွေ တခမ်းတနား ကျင်းပနေမည့်အစား၊ ဆရာနှင့် ဒကာလက်တွဲပြီး မြန်မာနိုင်ငံ တရားမျှတမှုနှင့် အမှန်တရား ပေါ်ပေါက်ရေးအတွက် တာဝန်သိသိ၊ တာဝန်ရှိရှိနှင့် လုပ်ဆောင်ကြမည် ဆိုပါက နိုင်ငံတော်လည်း တရားမျှတ၊ ပြည်သူ တွေလည်း ဆင်းရဲဒုက္ခမှလွတ်မြောက်၊ သာသနာ တော်ကြီးလည်း အစဉ်တိုးတက် လာမည်ပင်ဖြစ်သည်။

ပြည်ပတွင် ရောက်ရှိနေကြသော ဆရာတော်ကြီးများ၊ ရဟန်း သံင်္ဃာတော် အသျှင်မြတ်များက တပည့်တော်၏ ဤအိတ်ဖွင့် ပေးစာအား အပြုသဘော ဆောင်ကာ ဖတ်ရှုပြီး ဆင်ခြင် နိုင်ပါရန် ပြည်သူများ အားလုံး ကိုယ်စား တိုက်တွန်း တောင်းဆို ပါသည်။

စာရေးသူ - အောင်ရဲလင်း (စစ်တွေ)
မေ ၂၈၊ ၂၀၁၁

ဟစ်တိုင်မှ တဆင့်ကူးယူဖေါ်ပြပါသည်

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes