Showing posts with label ၁၃။ ၀တ္ထုတို. Show all posts
Showing posts with label ၁၃။ ၀တ္ထုတို. Show all posts

Monday, 6 February 2012

မယ်မြ (ရေးသူ-အမျိုးသားပညာဝန် ဦးဖိုးကျား)

လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင် လေသည်.။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ငါးနှစ်လောက်က တစ်ခေါက်သွားရသည်။

ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ စစ်တကောင်း ကုလား (ခေါ်တော) များ အစီးအများဆုံးဖြစ်၏။ ရခိုင်များအနည်းငယ်စီးကြ၏။

ကျွန်ုပ်သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တစ် ယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်ကထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော ပင်လယ်ကြီးသို့ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ 
သဘောင်္စီးသူတို့ သည် ကုန်းပတ်သို့ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညှိ့ဓာတ်ကို မပြတ်မစဲ စွဲမြဲကြည့် ရှု၍ ငေးမော နေသူနေ၊ တွေးတောနေသူနေရှိကြကုန်၏။

ကျွန်ုပ်သည်လည်း ကုန်းပတ်ပေါ်သို့ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တစ်ခု၌ ကုလားလင်မယားနှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၄င်၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထိုကုလားမ သည် ဖြူစင်သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ င်း၏ယောင်္ကျားကုလားက...

 “ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ-ဘာများစားရအောင်လေ” ဟုမြန်မာရေ လည်ပတ် စွာနှင့် နှုတ်ဆက်လေရာ။

“အော်-ခင်ဗျား ဗမာလို ကောင်းကောင်းတတ်သကို။ ဗမာပြည်မှာ တော်တော်ကြာနေဘူးတယ်ထင်ပါရဲ့၊ အင်မတန်လည်း ပီတာဘဲ။ နို့ ခင်ဗျား မိန်းမကော ဗမာစကားတက်ရဲ့လား”

ထိုအခါ ကုလားက ဟက်ဟက်ပက်ပက်ရယ်၍ “တတ်လား၊မတတ်လား ခင်ဗျားဘဲမေးကြည့်တော့၊ ဟေး-မယ်မြ ဒီမှာ ဗမာတစ်ယောက်ကွဲ့၊ စကားများ ပြောပါအုံး” ဟုဖော်ရွေစွာပြော၏။

မယ်မြဆိုသူသည် ထိုအခါမှ ကျွန်ုပ်တို့ဖက်သို့လှည့်၍ မျက်နှာဖုံးကို အတန်ဖွင့်ခါ မျက်နှာထားနှင့်ဆိုသည်ကား-

“ရှင်ကဘယ်ကလဲ ဘယ်သွားမလို့လဲ”
“ကျွန်တော် ရန်ကုန်ကလာပါတယ်။ အခုစစ်တွေကို သွာမလို့ဘဲ။ နေပါဦး ခင်ဗျားက ဘယ်အရပ်ကလည်း အကြောင်းပါတာ ဘယ်လောက်ကြာပြီလဲ”
“ကျွန်မက ဟင်္သာတနယ်ကပါ။ အကြောင်းပါတာ တနှစ်ကျော်ဘဲရှိပါ သေးတယ်။”
“အော် ဟင်္သာတနယ်ကလား ကျွန်တော်လဲ ဟင်္သာတနယ်ကဘဲ။ ခင်ဗျား နေရပ်က……”
“ကျွန်မက နိဗ္ဗာန် ရှင်ပင်သာလျောင်ရွာကပါ။ ရှင်ကကော-”
“ဟင်-ကျွန်တော်လည်း နိဗ္ဗာန်ကဘဲ” ဆို၍ မျက်နှာကိုစိုက်ကြည့်မိရာ သိသလိုလိုရှိ၏။ ၂-ယောက်သားစိုက်ကြည့်ကြ၍ မကြာမီပင် ကျွန်ုပ်ထင်သည့် အတိုင်း-“နေပါဦး၊ ခင်ဗျား၊…ဟာ၊ ဧကန္တဘဲ နင် ကိုထွန်း သမီးမယ်မြ မဟုတ်လား။ နင်ငါ့ကို မမှတ်မိဘူးလား။ငါ-မောင်ကျားရယ်လေ”

“ဟေ-အောင်မယ်လေးဟယ်။ အေးဟယ် ဟုတ်ပါရဲ့ နင်ကခုဆံပင်တွေ ဘာတွေနဲ့။ ၀လို့ကိုဟဲ့။ ကတဲ့ဟယ်။ ငယ်ငယ်က ရုပ်တစက်ကမှမရှိဘူး။ အေးဟယ်။ ဟုတ်ပါရဲ့။ နင်အစ်ကိုကြီးနဲ့ ငါမကြာမကြာ တွေ့တယ်။ နင်ရန်ကုန် မှာနေတယ်ပြောတယ်။ အခုတွေ့ရတာ အင်မတန် ၀မ်းသာတယ်ကွယ်။ တို့ကျောင်းကထွက်သွားတာ ခုဆိုရင် ၁၂-နှစ် ၁၃-နှစ်လောက်ရှိရော့မယ်။ (သူ့ ယောင်္ကျားဖက်လှည့်၍) ဒီမှာအဒူလမြစ်ရဲ့၊ ဒါဟာ တို့သူငယ်ချင်း၊ ကျောင်းနေ ဖက်၊ ကစားဖက်ကွဲ့။ အင်မတန်ခင်ကြတယ်။”

“အော်-ဟုတ်ကလား၊ အေးအေးကောင်းတယ်။ ကိုင်းစကားပြောကြားအုံး” ဟုဆို၍ထသွား၏။
ဇာတ်ရင်းကိုလှန်ရအုံးမည်။ နိဗ္ဗာန်ရွာနှင့် ရှင်ပင်သာလျောင်းရွာ စပ်ကြား တွင် လောကဓာတ်ဘုန်းကြီးကျောင်းရှိ၏။ ထိုကျောင်းတွင် ကျွန်ုပ်တို့ ငယ်ငယ် ကနေကြရာ ကျွန်ုပ်တို့ နိဗ္ဗာန်ဖက်က၊ ဖိုးအေးကြီးနှင့် ကျွန်တော်တို့တတွဲ၊ ရှင်ပင်သာလျောင်းရွာဘက်က မယ်မြ၊ ဧစိန်၊ သန်းညွှန့်တို့တစ်တွဲ အလွန် ချစ်ခင်ကြ၏။ ကစားအတူ၊ စားအတူသဆိုသလိုနေကြ၏။ ၄င်းကျောင်း ၆-တန်း တွင် အတူနေကြ၏။

ကျွန်ုပ်တို့လူစုတွင် မယ်မြနှင့်ဖိုးအေးကြီးတို့အကြောင်းကို အထူးပြောရဦး မည်။ မယ်မြမှာ ဥာဏ်ကောင်း၏။ သွက်လက်၏။ ပါးနပ်၏။ ကျွန်ုပ်တို့ သူငယ်ချင်း ဖိုးအေးကြီးမှာကား မယ်မြ ဥာဏ်ကောင်းသလောက်-သွက်သ လောက်-ပါးသလောက်၊ ဖိုးအေးကြီးက- ဥာဏ်ထိုင်း၏။ ထုံ၏။ နုံ၏။ သို့ရာတွင် အလွန်သဘောကောင်းရှာ၏။ မယ်မြက ဖိုးအေးကြီးကို သစ်တုံးဟု သဘောထား ၏။ သူ့လက်အောက်ငယ်သားကဲ့သို့ ခိုင်းစေ၏။ စိတ်မထင်လျှင် နားရွက် ဆွဲခြင်း၊ ထုရိုက်ခြင်းကိုပြု၏။ အလွန်အနိုင်ရ၏။ သို့ရာတွင် မုန်းသည်ကား မဟုတ်ချေ။ မယ်မြကစားစရာရှိလျှင် မိမိကနဲနဲယူ၍ ဖိုးအေးကြီးကို သူများ စော်ကားလျှင် မယ်မြက ၀င်၍ ခုခံ၏။ မယ်မြမှာ ဖိုးအေးကြီးအတွက် မကြာမကြာ ဆရာဘုန်းကြီးရှေ့သို့ ရောက်ရ၏။

ဤသို့နေကြရာ ၆-တန်းစာမေးပွဲပြီးသည့်နောက် ကျွန်ုပ်ထွက်ခဲ့၏။ သူတို့လည်း မကြာမီဆိုသလို ကျောင်းကထွက်ကြ၍ မယ်မြနှင့် ဖိုးအေးကြီးတို့ ချစ်ကြိုက်နေကြသည်ဟု ကြားရ၏။ ကျွန်ုပ်သည်လည်း အခြားကျောင်းများတွင် မြန်မာ၇-တန်းဆရာဖြစ်၊ အင်္ဂလိပ် ၁၀-တန်း၊ နောက် ရန်ကုန်ကောလိပ်သို့ ရောက်ခဲ့၏။ ၁၂- နှစ် ၁၃- နှစ် ကွဲကြပြီးနောက် သမုဒ္ဒရာ ပင်လယ်ကြောတွင် မယ်မြကို ကုလားမယားအဖြစ်နှင့် တွေ့ရကြုံရသည်မှာ အတန်ထူးဆန်း အံ့သြ ဖွယ်ကောင်း၏။

“မယ်မြရယ်၊ နင်ဘယ်အဖြစ်ရောက်လာတာလဲ၊နင်ဟာတော်ပုံတော်ပန်းနဲ့ နေပါဦး၊ ဖိုးအေးကြီးကော”

“မင့်လူ ဖိုးအေးကြီးလား၊ မင်းကလူဟုတ်ကြီးထင်နေသလား၊ ငယ်ငယ်က နုံနုံ၊ ကြီးတော့သာနုံသေးတယ်၊ သူ့ကိုမချစ်လို့တော့ မဟုတ်ပါဘူး။ နို့ပေတဲ့ လူစတုံးလွန်းလို့ပါကွယ်၊ ဒီအကောင်”

“နင့်ကုလားကကော၊ဘယ်လောက်များလူစကောင်းလို့လဲဟဲ့။”

(မခံချင်၍ဒေါသနှင့်မေးသည်။) “ဟာ မင်းမသိဘူး။ ငါ့ကုလားကလေ၊ ခိုဒါစူးရစေရဲ့၊ သိပ်လည်တာ၊ ငါပြောမယ်၊ ဒီမှာကြည့်၊ သူအရင်က နွားသတ်သမားဆီမှာ နေရတယ်။ မကြာ ဘူးမောင်ရေ၊ သူကိုယ်တိုင် မင်းတို့ နိဗ္မာန်ဘက်က နွားသတ်ရုံကို သူလေလံ ဆွဲနိုင်တာပဲ။ အခု နွားသတ်ရုံ လေလံပိုင်မောင်ရဲ့၊  နှယ်နှယ်မမှတ်နဲ့”

“ဟင်-နို့နင်ကိုယ်တိုင်လဲ နွားသတ်သလား”

“ဟာ-နင်ရူးသလားဟဲ့၊ ငါကိုယ်တိုင်သတ်မှ နွားသေရမှာလားဟဲ့၊ ဘာလဲ မင်းက၊ မင်းတို့ ဗုဒ္ဓဘာသာတရားနဲ့ ပါဏာတိပါတာတွေ ဘာတွေပြောခြင်လို့ လား။ ဟေ့၊ မင်းနဲ့ငါနဲ့ ကျောင်းနေဘက်ပါကွယ်။ မင်းသင်ရသလောက် ငါသင် ရတာပါပဲ၊ မဖိန်းပါနဲ့။ တို့ကျမ်းစာက စားချင်ရင် သတ်ရတယ်။ ဒါတွေဟာ ကမ္ဘာ့ဟင်းသီးဟင်းရွက်တွေ၊ ပြီးတော့ ကျန်းမာရေးဘက်က ကြည့်ဦး၊ နာ-သေတဲ့အသားစားရင် ရောဂါဖြစ်တတ်တယ်။ လတ်လတ်ဆတ်ဆတ်ကို သတ်စားမှသန့်ရှင်းတယ်၊ ကျန်းမာတယ်၊ နားလည်ရဲ့လား။ အဲဒါတွေမင်းတို့ အင်္ဂလိပ်စာတွေ သင်ရတာ မပါဘူးလား”

“ဟာ-မယ်မြ၊ နင့်ဟာတွေ လွဲကုန်ပြီ၊ ဒီမှာ”

ထိုအခါ မယ်မြက အသံထွက်အောင်ရယ်၍ “ဟေ့-မင်းကငါ့ကို တရား ဟောမလို့လား၊ မရဘူးဆရာ၊ ငါကမင့်ကိုဟောမှာ၊ အဘိဓမ္မာတွေ ဘာတွေ တပ်မနေဘူး၊ မင့်ကို သတ်တရားနဲ့ ရှင်းရှင်းဟောပြမယ်။ မင်းတို့မြန်မာ ဗုဒ္ဓဘာသာတွေက သတ်တော့မသတ်ရဘူး၊ သူတပါး သတ်ပေးတော့ မြိန်မြိန်ကြီး စားသလား၊ အလှူအတန်းရှိရင် နွားသတ်ကုလားကိုလာပြီး လက်တို့တတ် သလား။ ပြီးတော့ ပူပူနွေးနွေး စားချင်တယ်ဆိုပြီး ဈေးရောက်အောင်မှ မစောင့်နိုင်ဘဲ နွားသတ်ရုံအထိ လာစောင့်ပြီး လဒတွေလို ဆွဲကြလုကြတယ်။ ဘာဗုဒ္ဒဘာသာလဲကွယ့် ပြောစမ်းပါဦး။ပြီးတော့ မင်းတို့မြန်မာတွေ အခုတလော ၀ံသာနုစကား အင်မတန်ပြောကြတယ်။ ဟေ့ မှတ်ထား၊ ဘာလူမျိုးဖြစ်ဖြစ်၊ တရား နဲ့ပြည့်စုံရင်၊ ၀တ္တရားမလစ်ဟင်းရင်၊ အဲဒါ လူ့အဖိုးတန်လို့ မှတ်ထား၊ ဟော- အခုငါ့ယောက်ကျားအဒူလမြစ်ဟာ ရွှေနဲ့ငွေနဲ့ အခန့်စားမောင်ရေ့၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတာဘဲ၊ အဖိုးတန်တာဘဲ၊ ငါနဲ့မရခင်ကထဲက အင်မတန်ဖော်ရွေတယ်။ တို့မိဘများက ငွေလိုရင် သူကတောင် လာပို့တယ်၊ဘယ်လောက်တော်သလဲ”

“ဟဲ့-အဲဒါက ဒါနပြုတာမဟုတ်ဘူးဟဲ့၊ နင့်ကို ပိုးပေးတာ၊ အခု အဲဒီ ပိုက်ဆံတွေကို နှိမ်ပြီး နင့်ကိုယူတာမဟုတ်လား”

“ဒါကနောက်မှဖြစ်တာ၊ငါ့ကိုမရခင်ကလည်း ပေးတယ်၊ရပြီးတဲ့ နောက်လဲ ပေးတာပဲ၊ အဖြစ်ကို ပြောရဦးမယ်၊ ငါကုလားနဲ့ရတော့တစ်မျိုးလုံး တစ်ရပ်လုံးက ငါ့ကို လက်ညှိုးဝိုင်းထိုး ကြတယ်၊ တော်တော်ကြာလို့ငတ်ကြတော့ ကုလားဆီ ငါ့ဆီကို ဒူးတုပ်လာကြရတယ်၊ မင်းတို့မြန်မာများ ဘယ်လောက်ဖျင်းချာသလဲ ဆိုတာကိုကြည့်၊ ငါ့မှာ ရွှေနဲ့ငွေနဲ့ဆိုတော့ ငါ့ကိုအရပ်က အခုမမမြတဲ့၊ တချို့က ဘီဘီမြတဲ့၊ အဲဒါသာကြည့်တော့၊ ပိုက်ဆံဟာ အရေးကြီးဆုံးပဲ။ တို့ရွာမှာအခု ကုလားခေတ်ထနေတယ်၊ ငါ့ကိုအားကျပြီး ကုလားတွေကို လိုက်မြူနေကြတယ်။ တို့သူငယ်ချင်း အေးစိန်လေ လွှတိုက်တဲ့ကောင်နဲ့ရတယ်။ သန်းညွန့်က ဘုန်းကြီးလူထွက်နဲ့ရတယ်။ အခုသူတို့က မြန်မာလင်တွေကွာပြီး ကုလားကို ယူမလို့ စိတ်ကူးနေကြတယ်။ ခေတ်မောင်ရေ့ခေတ်၊ မင်းကော အိမ်ထောင် ကျပြီလား။ မကျသေးရင်ကုလားလို ၀တ်လာခဲ့၊ မင့်ကိုအရင်ကစခန်းကြီးနေတဲ့ ဟိုကောင်မကြီးရှိတယ်မဟုတ်လား၊ အခုရစေ့မယ်လာခဲ့။ ငါအာမခံမယ်”

မယ်မြ၊ နင်ရူးပြီ၊ ဒီကုလားတွေကြောင့် တို့မြန်မာတွေရဲ့ အကျိုးယုတ်ရ တယ်။ ဒီမှာကြည့်၊ ငါပြောမယ်”

“ဟေ့၊ တော်၊ မင်းတို့ကကျေးဇူးရှင်ကို ကျေးစွပ်မလို့လား၊ ကြည့်စမ်း၊ ချစ်တီးတွေဟာ ရပ်ဝေးကလာပြီး ငွေအားကြေးအားနဲ့ မင်းတို့ မြန်မာတွေကို ထောက်ပံ့တယ်။ သူတို့ရှိလို့ မင်းတို့လယ်လုပ်ဖို့ အရင်းရတယ်။ စပါးလှောင်ဖို့ ကုန်ကူးဖို့ဆိုလို့အရင်းအနှီးရတယ် မဟုတ်လား၊ ဒီကျေးဇူးတွေ မင်းတို့မသိဘူး လား”

“သြော်- သူတို့တွေဟာ ကျေးဇူးးတွေလား ၊နို့-နေပါဦး။ အခုတို့နယ်က လယ်တွေ၊ ခြံတွေ၊ အိမ်တွေ အခုဘယ်သူ့လက်ထဲရောက်ကုန်ပြီလဲ”

“ချစ်တီးလက်ထဲ ရောက်ကုန်ပြီ၊ ဘာဖြစ်သေးလဲ။ ရောက်မှာပေါ့၊ အရောက်တောင်နည်းသေးတယ်၊ မင်းကကုလားကို အပြစ်တင်ခြင်လို့လား၊ မင်းဟာ အင်္ဂလိပ်စာတွေ ဘာတွေလဲ တတ်တယ်၊ ရန်ကုန်မြို့ကြီးမှာလဲ နေရတယ်၊ မင်းကိုတော်လိမ့်မလား အောက်မေ့မိတယ်၊ မင်းလည်းခပ်ချာချာ ပါကလား၊ ဟေ့-မင်းမြန်မာတွေ ဖျင်းလို့၊ ညံ့လို့၊ အလုပ်မလုပ်လို့၊ ကောက်ချင်လိမ်ချင်လို့၊ အမြော်အမြင်မရှိလို့၊ ချွေတာခြင်းမရှိလို့၊ ကိုယ့်ရှိတာ ထက်ကြွားချင်လို့ သိရဲ့လား၊လူမှာဖြင့် စားစရာ ဆန်မရှိဘူး၊ ခေါက်ဆွဲဆိုင်၊ ပလာတာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထန်းရေဆိုင်၊ အရက်ဆိုင်၊ ဖဲဝိုင်း၊ ရုပ်ရှင်၊ မြင်းပွဲ၊ ဘာကျန်သေးလဲ။ ကိုယ့်အပြစ်နဲ့ကိုယ်ဖြစ်တာ၊ ဘာပြုလို့သူများ အပေါ် မှာ မတရားချချင်ကြသလဲ၊ အကုန်တောင် နည်းသေးတယ်၊ ငါသိပါတယ်ကွယ်၊ အခု တို့နယ်ကလယ်တွေ မြေတွေကုလားလက်ထဲကို တစ်ကျပ်မှာ ငါးမူး ခြောက်မူးလောက် ရောက်ကုန်ပြီ။ ကျန်တာလဲ မကြာဘူး ရောက်မှာပဲ။ ကြည့်-မင့်မြန်မာတွေ၊ ရှေ့ကို သာပြီးကျပ်အုံးမယ်။ အခု ကုလားတွေ သနားလို့ လယ်ငှားလုပ်စေတယ်။ အဲ့ဒါကိုကျေးဇူးမတင်ဘူး။ လယ်ငှားခပေးခါနီးကျရင် စပါးကိုကဲ့ထားတယ်။ ခိုးရောင်းတယ်။ ကုလာက စိတ်နဲ့မာန်နဲ့တောင်းရင် မင့် မြန်မညတွေကဆဲတယ်။ ရိုက်ရိုက်လွှတ်တယ်။ အဲ့ဒါကောင်းသလား။ ဒီလို မရိုးဖြောင့်တဲ့သူတွေ ကောင်းစားမယ်လို့ ရှင်ဂေါတမက ဟောသလား။ ရှေ့ကို ဘာဖြစ်မလဲ သိရဲကလား။ အခုမြန်မာတွေ ဒီလိုညစ်လို့ဆိုးလို့ ချစ်တီးတွေက သူတို့ကို နောင်ဆိုလယ်ငှားမှာမဟုတ်ဘူး။ အခုငါမလာခင်ကတင်ပဲ ကုလားတွေ ကို ရွေးပြီးငှားနေတယ်သိရဲ့လား။ ရှေ့ကိုကြံထားပုံကိုလဲ ငါပြောပြမယ်ဦး။ မကြာခင်ပဲ ကုလားပြည်က ကုလားအများအပြားခေါ်ပြီး ရွာတည်ပေးလိမ့်မယ်။ ဘယ်ကလောက် ဥာဏ်ကြီးသလဲ မင်းကြည့်တော့။ ပြီးတော့ ။
အဒူလမြစ်တို့ လူစုကြံပုံက ကုလားတွေရနိုင်သမျှ မြန်မာပြည်မှာခေါ်ထား။ ရသမျှ မြန်မာတွေကိုယူ။ လင်ခန်းမယားခန်းမြောက်အောင်ဆိုပြီး ဇာတ်သွင်း၊ မွေးလာတဲ့ ကပြားလေး တွေကို ကုလားဇာတ်သွင်း၊ နောက်အကြာလှဆုံး အနှစ် ၅၀-ပဲ။ မြန်မာပြည်ဘာဖြစ်မလဲ။ မင်းတွေးကြည့်တော့။ ငါကိုယ်တိုင်လဲ ခုကုလားဇာတ်သွင်းပြီးပြီ။ အခုစစ်တကောင်း မှာ အတော်ကြာနေပြီးရင် ဟိုအနောက်မကာမြို့ကို အရောက်သွားမယ်။ ပြန်လာ တော့ ကြည့်၊ ငါ့အရပ်ကစပြီး ငါ့မြန်မာတွေကို ချွတ်ပြမယ်”

“မယ်မြ နင့်ဟာလွန်ကုန်ပြ၊ ငါ-နင့်အဖြစ်မြင်ရတာ အင်မတန်သနား တယ်။ ငါပြောပါရစေဦးဟဲ့”

ဘာ-မင်းကငါ့ကို သနားတယ် ဟုတ်တယ်ဟုတ်လှသေး။ ငါကမင်းကို သနားတာ။ မင်းအခု ပညာဝန်လုပ်နေတယ်။ ငါကြားတယ်။ ပြီးတော့ ၀ံသာနု အလုပ်တွေလည်း လုပ်နေတယ်ကြားတယ်။ မလုပ်နဲ့ဆရာရေ့။ မင်းမြန်မာတွေ အလကားပဲ။ ဘာလုပ်လုပ်ပျက်မှာပဲ။ မင်းတို့မောရုံသာရှိမယ်။ ငါမြန်မာပြည်မှာ မြန်မာလာဖြစ်တာတွေးမိတိုင်းရှက်တယ်။ အခု ခိုဒါအရှင် ကယ်တော်မူပေလို့။ နို့မဟုတ်ရင်အမယ်လေးဟယ်။ ငါကလီဇာတုန်လှတယ်၊မပြောချင်ပါဘူး။”

“ကိုင်း-မယ်မြ၊ ငါလည်းဘာမှမပြောရဘူး။ နင်ချည်းပြောတာပဲ။ ခုငါပြော လို့လည်း ရမယ်မဟုတ်ဘူး။ နင့်လို မိန်းမတစ်ယောက် ဒီလိုဖြစ်သွားတာ ငါ အင်မတန် ၀မ်းနည်းတယ်။ သို့သော်လည်း နင့်လို မိန်းမတစ်ယောက်က ဘယ်နည်းနဲ့မှ ကြာကြာလွဲမှာနိုင်မှာ မဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်။ တစ်နေ့ နေ့တော့ နင်သိမယ်။ ကိုင်း-ဒါပဲ၊ ငါသွားမယ်။ နောက်မှလာဦးမယ်” ဟု ဆို၍ ကျွန်ုပ်ထခဲ့၏။

ထိုနေ့ညနေ ကျွန်ုပ်ထမင်းမစားနိုင်တော့ပါ။ ကော်ဖီတစ်ခွက်သာ သောက်၍ အိပ်ရာသို့ဝင်တော့၏။ အိပ်၍လည်း မပျော်နိုင်။ တွေးမိသည်ကား “ သြော်- ဒီလိုဖြစ်ရတာဟာ ကုလားများ ငါတို့ပြည်မှာ လာနေလို့ဖြစ်ရတာ။ သူတို့ကို အပြစ်တင်စရာပဲ။ နေဦး၊ နေဦး သေသေချာချာ တွေးကြည့်လိုက်တော့ သူတို့အပြစ်မဟုတ်ဘူး။ သူတို့ဒီလို စည်းမရှိကမ်းမရှိ လာချင်တိုင်းလာနေတာ ဟာ ဆိုင်ရာအစိုးရက ခွင့်ပြုထားလို့ပဲ။ ဒါဖြင့် အစိုးရကို အပြစ်တင်စရာ ဖြစ်နေပါလား။ နေဦး၊ နေဦး တွေးစရာ ကျန်သေးတယ်။ အစိုးရကို အပြစ် တင်ဖို့ မှ ဟုတ်ပါလေစ။ စစ်စစ်မတော့ တို့လူမျိုးဖျင်းလို့ပဲ။ “ဥစ္စာရင်းလို ဥစ္စာရင်းခဲ” ဆိုသလို ကိုယ်အကျိုးအတွက် ကိုယ်လုပ်မှ ရတော့ပေါ့။ ငါတို့တစ်တွေ အမှုမဲ့ အမှတ်မဲ့ဖြစ်နေခဲ့လို့ အခုလို အဖက်ဖက်က ပျက်စီးရတာပဲ။ ဒါဖြင့် တို့လူတွေကို အပြစ်တင်သင့်တာပဲ။

နေဦး ၊ တို့လူတွေ ခဗျာမှာလည်း ပညာဗဟုသုတ မရှိရှာကြဘူး။ အားကိုး စရာ ခေါင်းဆောင်လူကြီးကလည်း ကောင်းကောင်းမရှိရှာကြဘူး။ ဒီတော့ ပိုမိုသိကျွမ်းတဲ့မြော်မြင်တဲ့ လူတွေများက ရှေ့ဆောင်ပေးမှ သိကြရမှာပဲ။ ဒါဖြင့် တော်တော်တန်တန်သိမြင်တဲ့ လူတွေ ၀တ္တရားပျက်နေပါလား။ ဒီလူထဲမှာလည်း ငါတစ်ယောက်လည်းပါဝင်သင့်တယ်ထင်တယ်။ မိမိ သိကျွမ်းသိမြင်သမျှကို တက်နိုင်သမျှ လူများနားလည်အောင်ပြုလုပ်ဖို့ရှိတယ်။ ငါပြုသင့်သလောက်မပြု ရသေးဘူး။ ဒါဖြင့် တရားခံလက်သည်အစစ်က ငါဖြစ်နေပါကောလား။

ကိုင်း-ဒါဖြင့် ဇာတ်ကြောမရှည်နှင့်တော့။ ကုလားတွေ၊ အစိုးရတွေ လူတွေ ကို အပြစ်ဆိုမယ့်အစား ကို့ကိုယ်ကိုသာ ဆိုပေတော့။ ဥပဒေသတစ်ခုလည်း လုပ်ကြစို့။

“ကိုယ့်ကိုကို အပြစ်တင်ခြင်းသည် အမှန်ဆုံးဖြစ်၏။
ကိုယ်ကိုကို အပြစ်တင်ခြင်းသည်သာ အပြစ်အကင်းဆုံးဖြစ်၏။”
ဤဥပဒေသကိုရမှ အိပ်ပျော်သွားလေသတည်း။

နောက်တစ်နေ့ သဘောင်္သည် စစ်တွေသို့ ကပ်ခဲ့၏။ ကျွန်ုပ်သည် မယ်မြတို့ ကုလားလင်မယားမောင်နှံအား ဆလံများများပေး၍ စိတ်လေးလေးနှင့် ဆင်းခဲ့၏။ ဆင်းခါနီး၌ “မယ်မြ ဘယ်အခါမဆို ရန်ကုန်ရောက်ရင် ငါ့အိမ်ကိုဝင် ထွက်သွား၊ ရော့လိပ်စာယူထား” ဆို၍ ပေးခဲ့၏။

စစ်တွေတွင် ၇-ရက် တစ်ပတ်မျှနေပြီး၍ ရန်ကုန်ပြန်ခဲ့၏။ မယ်မြတို့နှင့် တွေ့ပြီးနောက် တစ်နှစ်ကျော်ကြာသောအခါ ကြုံရသည်ကား မယုံနိုင်စရာဖြစ်၏။
တစ်နေ့တွင် မိန်းမစုတ်ချာချာတစ်ယောက် လန်ချားနှင့်ကျွန်ုပ်အိမ်သို့ ရောက်လာ၏။ ထိုသူကား မယ်မြပင်တည်း။

သဘောင်္ပေါ်တွင် တွေ့မြင်ခဲ့ရသော စိုရွှမ်းဝဖြိုးသော အသားတို့ မရှိပြီ၊ ပါးရိုးပေါ်အောင် ပိန်ကြုံ့ခဲ့ပြီ။ မျက်တွင်းကျလေပြီ၊ ဆံပင်များခြောက်သွေ့၍ မသပ်မရပ်ဖြစ်ကုန်လေပြီ။ ထိုအားလုံးပေါ်တွင် မကြည်မသာခြင်း တည်းဟူသော စိတ်ညှိုးငယ်ခြင်းက တစ်မျက်နှာလုံး တစ်ကိုယ်လုံးကို ဖုံးအုပ်လျက် ရှိလေ တကား။

“မောင်ကျားရယ်၊ ငါ့အဖြစ်မြင်ဝံ့သေးရဲ့လား၊ (မျက်ရည်လည်ရွှဲနှင့်ပြော သည်) ငါတော့ခွေးဖြစ်တာပဲ၊ စစ်တကောင်းကိုရောက်လို့ တစ်နှစ်လောက် ကြာရင်ပဲ သူတို့မိဘဆွေမျိုးများက ငါ့ကိုမလိုဘူး။ သူတို့ပြည်က ကုလားမ တစ်ယောက်နဲ့လက်ထပ်စေတယ်။ ငါ့ကို ကျွန်လိုထားတယ်။ ငါ့ကိုမော်မကြည့်ဝံ့ တဲ့ အဒူလမြစ်ဟာ ငါ့ကို ဆဲဆို ကြိမ်းမောင်းတယ်။ တစ်နေ့တော့ ငါ့ကိုခြေနဲ့ တောင်ကန်တယ်။ အဲဒါနဲ့ ငါ့ဇာတိမာန် ထလာတာပေါ့။ ငါ သူတို့ကို အကုန်လုံး အဆိပ်ကျွေးသတ်မယ်လို့ကြံတယ်။ နောက်ကိုယ့်စိတ်ကိုယ်ချုပ်ပြီး ညအခါမှာ သူတို့သေတ္တာကိုဖွင့်ပြီး တစ်ရာယူ နှစ်ရာယူပြီး၊ ကဲ့ဝှက်ထားလို့ ငါးရာအပြည့် မှာ ငါထွက်ပြေးပြီး သင်္ဘောက ထမင်းချက်သမားကို ငွေပေးပြီးသင်္ဘောပေးမှာ ပုန်းလိုက်ခဲ့တယ်။ အခု မင်းပေးခဲ့တဲ့ လိပ်စာအတိုင်း မေးမြန်းလာလို့ ရောက်လာ တာပဲ”

“အေး- နင့်လိုမိန်းမမျိုး ကြာကြာလွဲမှားမနေနိုင်ဘူးဆိုတာ အစကပဲ ငါပြော လိုက်တယ် မဟုတ်လား။ အေးလေကွယ်၊ တစ်သက်တစ်ခါ ဒုက္ခဆိုတာ တွေ့ရ တာပေါ့၊အခုလို လွပ်လွပ်လပ်လပ် ဖြစ်လာတာကိုပဲ ကျေးဇူးတင် ၀မ်းသာပေ တော့။ ငါ့ဆီမှာ နင်ပျော်သလောက်နေပါ။ အရင်းအချာလိုပဲ အောက်မေ့တာပေါ့”

မယ်မြသည် ကျွန်ုပ်ထံတွင် တစ်လကိုးသီတင်းနေပြီး၍ မိမိ၏အရပ်ရင်း အစ်မထံတွင်နေလိုကြောင်း၊ လက်တွင် ငွေ ၃၀၀- ကျပ်မျှကျန်သေးသဖြင့် တော အရပ်တွင် ကောင်းစွာရင်းနှီးစားနေနိုင်ကြေ
ာင်း ပြောသည်နှင့် ကျွန်ုပ်ပို့လိုက်ပါ၏။

လွန်ခဲ့သော ၂-နှစ်ခန့်က နေ့စဉ်သတင်းစာကြီးတစ်စောင်၏ ခေါင်းကြီးပိုင်း တွင်တွင် ပါလာသည်ကား-
“ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ ခေါင်းဆောင်လူကြီးများရောက်ရှိ နိုင်ငံရေး တရားဟောကြောင်း၊ ပရိသတ်အစည်ဆုံး ဘုန်းကြီးပျံများထက် စည်ကြောင်း၊ ပရိသတ်တို့ကို ရှင်ပင်သာလျောင် ကုမ္မာရီအသင်းက ရှလပတ်ရည် ကွမ်းဆေး လက်ဖက်တို့ဖြင့် ဧည့်ခံကြောင်း၊ တရားပွဲအပြီး၌ ၄င်းကုမ္မာရီအသင်း ဥက္ကဋ္ဌ ဒေါ်မြက ကျေးဇူးတင်စကားပြောသည့်အပြင် အမျိုး၏ စောင့်စည်းမှုတွင် မိန်းမ များ အရေးကြီးပုံ မိမိမစောင့်စည်းသဖြင့် ဒုက္ခရောက်ခဲ့ပုံတို့ကို ပြောပြရာ၌ ပရိသတ် အလွန်နှစ်သက်ကြောင်း ၊၄င်းအသင်းက ယခုအခါ အနီးအနား ရပ်ရွာတို့သို့သွားရောက်၍ အမျိုးသမီးများ စောင့်စည်းအပ်ကြောင်း လိုက်လံ ဟောပြော နေကြကြောင်း။

ထို့ပြင်မကြာမီပင် ၄င်းအသင်းဥက္ကဋ္ဌ ဒေါ်မြ ကမကထပြု၍ အရပ်နှင့်စုပြီး လျှင် နိဗ္ဗာန်ဘက်ရှိ နွားသတ်ရုံကို လေလံအမြင့်ဆုံးပေး၍ ဆွဲယူလိုက်ကြောင်း၊ သို့ကြောင့် ယခုလာမည့်နှစ်အတွက် အထူးသဖြင့် နွားသတ္တ၀ါများ အသက် ချမ်းသာကြရတော့မည် ဖြစ်ကြောင်း” ပါလေသည်။

“အင်း-တို့မယ်မြကြီး တယ်ဟုတ်နေပါကလား” ဟု ကျွန်ုပ်သည် ဆိုမြည် လျက် သဘောကျ ၀မ်းမြောက်ကျေးဇူးတင်ကာ ပြုံးလိုက်မိလေ၏။

နောက်ထပ်၍ သတင်းကြားရသည်ကား၊ လူရိုးဖိုးအေးကြီးသည် မယ်မြကို စိတ်နာ၍အိမ်ထောင်မပြုဘဲ ဇွဲနှင့်နေခဲ့ရာ မယ်မြ ပြန်ရောက်၍ ၂ လလောက် အရှိတွင် မယ်မြကငယ်နိုင် ဖြစ်သည့်အတိုင်း ဖိုးအေးကြီးကို နားရွက်ဆွဲခေါ်ခဲ့၍ သင့်တင့်အေးချမ်းစွာ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြလေပြီဟူသတည်း။

အမျိုးသားပညာဝန်ဦးဖိုးကျား
၁၂၉၄ခု(ကိုယ်တွေ့ဝတ္ထုများမှ) ထုတ်နှုတ်တင်ပြပါသည်။

Tuesday, 27 September 2011

မိုး

မိုးရာသီကို ရောက်လာပြန်ပြီ။ ဒီလို မိုးတွေရွာနေတာကိုမြင်တိုင်း ကျမ မိုးကို သတိရနေမိတယ်။ မိုး ကျမတို့ကို ခွဲခွါသွား တာတောင် နှစ်အချို့ ရှိနေပြီပဲ။ ကျမနဲ့ မိုး စတွေ့တဲ့ အခြေအနေတွေကို ပြန်မြင်ယောင်နေမိတယ်။
ကျမ မိုးနဲ့ စတွေ့တာက နယ်စပ်မြို့လေးတမြို့ရဲ့ စည်ကားလှတဲ့ ဈေးတခုမှာပါ။ “မိုးရေ မိုး ..” အသံလာတဲ့ဘက်ကို ကျမ လှည့်ကြည့်မိလိုက်တယ်။ ကျမမြင်ကွင်းထဲကို မိန်းကလေးတယောက် ရောက်လာပါတယ်။ ကိုယ်ကျပ်အင်္ကျီ လက်တို၊ ဂုတ်ပေါ်မှာဝဲနေတဲ့ သူ့ဆံပင်နက်တွေနဲ့ စကပ်ရှည်အကျပ်ဝတ်ထားတဲ့ မိန်းကလေးတယောက်။ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ကျမ သူ့ကို ငေးကြည့်နေမိတယ်။ သူက ကျမ ရပ်နေတဲ့ဘက်အတိုင်း လျှောက်လာပါတယ်။ ကျမ သူ့ကို ဆက်ငေးကြည့်နေမိတယ်။ သူကလဲ ကျမကြည့်နေတာကို မြင်သွားသလိုပါပဲ၊ ကာလာဖျော့ဖျော့လေးချယ်ထားတဲ့ သူ့မျက်နှာ ကျမဘက်လှည့်လာပြီး ကျမကို ပြုံးပြပါတယ်။ ကျမလဲ သူ့ကို ခေါင်းငြိမ့်နှုတ်ဆက်လိုက်တယ်။ လူတွေက သူ့ကို ဒီလို ကြည့်နေကျပဲ ထင်ပါတယ်၊ သူ့အပြုံးက ဒီလောက် သဘာဝကျတယ်။ သူ့အပြုံးကို ကျမ အခုချိန်ထိ မှတ်မိ နေတယ်။ အဲဒီတုန်းက သူ့နာမည် မိုး ဆိုတာကိုပဲ ကျမ သိလိုက်တာပါ။ သူနဲ့ စကားတခွန်းမှ မပြောဖြစ်ပါဘူး။
မိုးကို ဒုတိယအကြိမ်တွေ့တာက သင်တန်းတခုမှာပါ။ အဲဒီတုန်းက သင်တန်းတခုမှာ စကားပြန်လုပ်ဖို့ ကျမ  ရောက်နေ တာပါ။ သင်တန်းတက်မလို့လာတဲ့ မိန်းကလေးတစုထဲမှာ ကျမ မိုးကို တွေ့လိုက်တယ်။ မိုး ကျမကို ပြုံးပြနှုတ်ဆက် နေပါ တယ်။ ကျမလဲ သူ့ကို ပြန်နှုတ်ဆက်လိုက်တယ်။ ဒီသင်တန်းဟာ ကျန်းမာရေးသင်တန်းဆိုတာကိုတော့ ကျမသိပါတယ်။ ဒီမိန်းကလေးတစုဟာ ဒီသင်တန်းနဲ့ ဘယ်လို ပတ်သက်နေတယ်ဆိုတာ ကျမ နည်းနည်းမှ မသိပါဘူး။ သူတို့ရဲ့ အလုပ် ဟာ ပြည့်တန်ဆာလို့သိရတော့ ကျမ စိတ်မကောင်းဖြစ်မိတယ်။ ဒီလို နုပျိုလှပသွက်လက်နေတဲ့ မိန်းကလေးတစု ဘာလို့ ဒီအလုပ်ကို လုပ်ရတယ်ဆိုတာကိုလဲ ဘယ်လိုမှ စဉ်းစားမရပါ။ ဒီသင်တန်းရက်တွေမှာ သူတို့နဲ့ ဆက်ဆံရင်း ဒီကလေးမ လေးတွေ အများစုဟာ စာမတတ်တာကို အံ့သြကြီးစွာ သိလိုက်ရတယ်။ တချို့ဆို ကိုယ့်နာမည်ကိုတောင် မရေးတတ် ပါဘူး။ ဒါပေမဲ့ မိုးရဲ့လက်ရေးတွေကတော့ ဝိုင်းစက်လှပနေတာ တွေ့ရတယ်။ မိုးက သင်တန်းမှာ လိုအပ်တဲ့မှတ်တမ်း တွေ ကူလုပ်ပေးပါတယ်။ ကျမနဲ့ မိုးဟာ ဒီလိုနဲ့ပဲ ရင်းနှီးလာခဲ့တာပါ။

မိုးက သူ့အကြောင်း ကျမကို ဒီလိုပြောပြပါတယ်။
မိုးက မြို့ကြီးတမြို့မှာ မွေးဖွားကြီးပြင်းခဲ့တာပါ။ အဖေအမေကလဲ ဝင်ငွေမဆိုးပါဘူး။ မိုးမှာ မောင်တယောက်နဲ့ ညီမတ ယောက် ရှိတယ်။ မိုးက သမီးကြီးပေါ့။ မူလတန်း အလယ်တန်းကျောင်းသူဘဝမှာ စာတော်ခဲ့သလို ဆရာရဲ့ တပည့် ကောင်း၊ မိဘရဲ့ သမီးအလိမ္မာလေးပါ။ မိုးမှာ အလွန်ခင်ရတဲ့ သူငယ်ချင်းတစုလဲ ရှိပါတယ်။ ဒီသူငယ်ချင်းတွေဟာ မိုးနဲ့ ညီအကို မောင်နှမ အရင်းတွေလို ချစ်ခင်သလို မိုးရဲ့မောင်နဲ့ညီမလေးတွေကိုလဲ ဂရုစိုက်ကြပါတယ်။ ဒါတွေကတော့ မိုး ရဲ့ပျော်စရာ ကလေးဘဝလေးပါ။ သိတတ်တဲ့ အရွယ်ရောက်လာချိန်မတော့ ဘဝရဲ့ အချိုးအကွေ့ အချိန်တွေ မိုးဆီ တ ဖြည်းဖြည်း ကပ်လာနေပြီလေ။
အမေ့မျက်နှာ ညှိုးနွမ်းနေတာကို မိုးသတိထားမိတာ ရက်အချို့ရှိပြီ။ အမေ့ရင်ဘတ်က အောင့် အောင့်နေတယ်လို့ အမေ ခဏခဏပြောနေတာ ကြားရတယ်။ ဆေးတွေသောက်နေပေမယ့်လဲ သက်သာတာ မတွေ့ရဘူး။ အမေဟာ တရက်  ထက်တရက် ပိန်လာတယ်။ ချောင်းတွေလဲ တအားဆိုးနေတယ်။ အမေ့အတွက် မိုး တအားစိုးရိမ်နေခဲ့မိတယ်။ဒီရက်တွေ မှာ အဖေ အိမ်ပြန်နောက်ကျတာကိုလဲ သမီးအကြီးဖြစ်တော့ သတိပြုမိတယ်။ အဖေနဲ့အမေ စကားများသံလဲ မိုး မကြာ မကြာ ကြားနေရတယ်။ ဘာအကြောင်းကြောင့် စကားများရတယ်ဆိုတာကိုတော့ မိုးမသိရပါ။ ဒီအိမ်လေးဟာ အရင်လို နွေးထွေးမှု  မရှိတော့ပါဘူး။ အရင်လို ပျော်ရွှင်ကြည် နူးစရာလဲ မကောင်းတော့ဘူး။ မိုး အိမ်ပြန်ရမှာကို ကြောက်လာ တယ်။
သူငယ်ချင်းတွေထဲက ကိုယ့်ကို လိုလေသေးမရှိ လိုက်လုပ်ပေးနေတဲ့ ကောင်လေးတယောက် ရှိတယ်။ အိမ်နီးနားချင်း ငယ်သူငယ်ချင်း။ ဒီလိုနဲ့ မိုး တို့နှစ်ယောက် ကျောင်းသွားအတူ ကျောင်းပြန်အတူ တတွဲတွဲ ဖြစ်လာကြတယ်။ သူနဲ့ နေရ တာ အရမ်းပျော်မိသလို အိမ်က မရနိုင်တော့တဲ့ နွေးထွေးမှု၊ ဂရုစိုက်မှုတွေ သူ့ဆီက မိုးရနေတယ်မဟုတ်လား။ သူနဲ့ ငယ်ငယ်ထဲက ရင်းနှီးခဲ့တဲ့အတိုင်း လွတ်လွတ်လပ်လပ် သွားလာနေတယ်။ မိုးတို့ရဲ့ သမီးရည်းစားအဖြစ် ပထမဆုံးချိန်း တွေ့တဲ့နေ့က စိတ်တွေ တအားလှုပ်ရှားမိတယ်။(ဒီအကြောင်း ပြန်ပြောပြနေတဲ့ မိုးဟာ စိတ်လှုပ်ရှား ကြည်နူးနေပုံပါ။)
မိုးရဲ့အမေက မိုးတို့ကို ရုတ်တရက်ခွဲခွာသွားတော့ အမေမရှိတော့တဲ့အတွက် မိုးဟာ ဒီအိမ်ကြီးကိုပြန်ရမှာ ခြေလှမ်းတွေ ပိုလေးနေခဲ့တယ်။ မိုး သူနဲ့ခိုးရာလိုက်ပြေးခဲ့တော့တယ်။ ကျောင်းတက်နေဆဲ ကျောင်းသားအရွယ် ကလေးနှစ်ယောက် ဘယ်ကိုသွားနိုင်မှာလဲ။ မကြာပါဘူး၊ မိုးတို့ အိမ်ပြန်လာခဲ့တယ်။ အဖေက လောင်းကစား စွဲမက်သွားပြီး အိမ်ကို မှန်မှန်ပြန် မလာတော့ဘူး။ အိမ်မှာရှိတဲ့ ပစ္စည်းတွေလဲ အဖေပေါင်ပြီး လောင်းကစားလုပ်လိုက်တာ ဘာမှမရှိသလောက်ဖြစ်နေပြီ။ အဖေနဲ့ မိုးရဲ့သူဟာလဲ အမြဲစကားများကြတော့ မိုး စိတ်ဆင်းရဲခဲ့ရတယ်။
မိုး ခေါင်းတွေမူးမူးနေတယ်။ ခဏခဏအန်တယ်။ မိုး ကိုယ့်ကျန်းမာရေးကို တအားစိုးရိမ်သွားတယ်။ ဒါပေမဲ့ မိုးရော ဖေ ဖေရော သူပါ ဝမ်းသာရမယ့် သတင်းလေးကတော့ မိုးမှာ ကိုယ်ဝန်ရှိနေ ပြီဆိုတာပါပဲ။ ဖေဖေနဲ့ သူလဲ စကားများတာ တွေ သိသိသာသာ နည်းသွားတယ်။ ဒီမိသားစုလေးဟာလဲ အရင်လို ပျော်ရွင် ဖို့ကောင်းတဲ့ မိသားစုလေးဖြစ်လာတော့ မယ်လို့ တွေးမိတိုင်း မိုး အရမ်းဝမ်းသာနေခဲ့မိတယ်။ ဒါပေမဲ့ ကံကြမ္မာက မိုးကိုမျက်လှည့်ပြလိုက်ပါပကော။ မိုး ကိုယ်ဝန် ပျက်ကျသွားခဲ့တယ်။ ငြိမ်းလုလု ဖြစ်နေပြီဖြစ်တဲ့ ဖေဖေနဲ့ သူရဲ့ တိုက်ပွဲဟာလဲ အရှိန်ပြန် မြင့်လာခဲ့ပါတော့တယ်။
တဘက်က အသက်အရွယ်ရနေပြီဖြစ်တဲ့ ဖေဖေ၊ လူလား မမြောက်သေးတဲ့ မောင်နဲ့ ညီမလေး၊ တဘက်က ကိုယ့်ကို အားလုံးအလိုလိုက်နေတဲ့ ချစ်သူ၊ မိုး ဘယ်ဘက်ကို ရွေးချယ်ရမလဲ။ မိုး ဘက်စုံစဉ်းစားပြီးမှ ဖေဖေတို့ဘက်က ရပ်လိုက် တယ်။ သူက မိုးကိုထား ပြီး အိမ်ပေါ်က ဆင်းသွားတော့တယ်။ မိုးလဲ အရုပ်ကြိုးပြတ် ခွေကျသွားခဲ့တော့တယ်။
နောက်တော့ မိုးတို့ အိမ်နီးချင်း သူငယ်ချင်းတယောက်က ကောင်မလေးတွေ လာလာခေါ်နေတာ ကြားနေရတယ်။ တ ခြားမြို့တမြို့ကို သွားအလုပ်လုပ်ရမယ်၊ ဝင်ငွေလဲ မဆိုးဘူးလို့ သိရတယ်။ မိုး စဉ်းစားမနေတော့ပါဘူး။ လိုက်ဖို့ ဆုံးဖြတ် လိုက် တယ်။ ဒီမြို့ကနေ ထွက်ခွါသွားရဖို့က အဓိကမဟုတ်လား။ မိုးနဲ့အတူ မိန်းကလေးတစုဟာ မြို့လေးတမြို့ကို ရောက်လာခဲ့တယ်။ မိုးနဲ့အတူလာတဲ့ မိန်းကလေးတွေကို တခန်းထားပြီး မိုးကိုတော့တခန်း သီးသန့်ထားတယ်။ ညဘက် ရောက်တော့ မိုးတို့ကို အပြင် အလည်ခေါ်ပြပါတယ်။ မီးတွေ ထိန်ထိန်လင်းနေတာ မြင်တော့မှ မိုးတို့ တခြားတနိုင်ငံ ရောက်နေမှန်း သိကြတော့တယ်။
ဒီမှာ ဆက်နေရမလား၊ အိမ်ပြန်ရမလား၊ မိုး ကိုယ့်ကိုယ်ကို အခါခါ မေးမိတယ်။ ပြန်မယ်ဆိုရင် တလမ်းလုံး ကုန်ခဲ့တဲ့စ ရိတ်တွေ ဘယ်လို ပြန်ဆပ်မလဲ။ ဘာကြောင့် အိမ်ပြန်ရမှာလဲ။ အိမ်မှာ စိတ်ဆင်းရဲစရာတွေပဲ ရှိတယ်။ ဒီမှာ ဆက်နေမယ် ဆိုရင်ကော ဘယ်လိုအလုပ်မျိုးလုပ်ရမလဲ။ မိုး ဟာ လဲပေါင်းများစွာနဲ့ တွေးပူနေမိလိုက်တာ ဘယ်လိုကနေ ဘယ်လိုအ ချိန်ကုန်သွားမှန်းတောင် မသိတော့ပါဘူး။ ဟင်း …
မိုး သက်ပြင်ချရင်း မျက်ရည်ရွဲရွဲနဲ့ ဆက်ပြောပြန်ပါတယ်။
မိုးနဲ့ မိန်းကလေးတွေကို အလှပြင်ခိုင်းကြတယ်။ ကိုယ်ကျပ် ဝတ်ရမယ်၊ မျက်နှာကို အလှခြယ်ရမယ်။ ပြင်ဆင်တာတွေ ပြီးတော့ မိုးကို အခန်းထဲထားခဲ့ပြီး ကျန်တဲ့လူတွေကိုတော့ အပြင်ခေါ်ထုတ်သွားတယ်။ ဘယ်ကိုခေါ်သွားတယ် ဆိုတာ တော့ မိုးမသိရဘူး။ အဲဒီနေ့က အလုပ်စတက်တဲ့ရက်မို့ မိုး ထိုင်မနေနိုင်အောင် စိတ်တွေ လှုပ်ရှားနေတယ်။ သိပ်မကြာ လိုက်ပါဘူး။ တံခါးခေါက်သံနဲ့အတူ လောပန်ရဲ့ နောက်က အမျိုးသားတယောက် ပါလာပါတယ်။ လောပန် အခန်းထဲ  မဝင်ဘဲ ဟိုအမျိုးသားက အခန်းထဲ တန်းဝင်လာတယ်။ သူဝင်လာတာနဲ့အတူ အရက်နံ့က ထောင်း ကနဲထွက်လာပါ တယ်။ လောပန်က သူ့စိတ်တိုင်းကျ လုပ်ပေးရမှာ မင်းအလုပ်ပဲလို့ ပြောပြီး တံခါးပိတ် ထွက်သွားပါတယ်။
မိုး အခုမှ ကိုယ့်အလုပ်ကို ကောင်းကောင်း သဘောပေါက်လိုက်တော့တယ်၊ မိုး အိမ်ထောင်ကျဖူးတယ် ဆိုပေမယ့်လဲ အခုလို ကိုယ်တခါမှ မမြင်ဖူးတဲ့၊  ပြီးတော့ အရက်မူးနေတဲ့ လူတယောက်နဲ့ အတူတူနေရမှာမို့ ဇောချွေးတွေ တကိုယ်လုံး စိုရွှဲသွားတာပေါ့။ ဒီအချိန်ကျမှ ငြင်းလို့မရတော့ဘူးဆိုတာလဲ မိုး ကောင်းကောင်းသဘောပေါက်ခဲ့တာ။ ဒီလိုနဲ့ အဲဒီည မိုးရဲ့အခန်းတံခါး ဘယ်နှစ် ကြိမ်ဖွင့်လိုက်လဲ ပိတ်လိုက်လဲ ဆိုတာတောင် မိုး မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ ဒီတညဟာ မိုးအတွက်တော့ ရာစုနှစ် တခုလောက် ကြာသလို ခံစားခဲ့ရတာ အမှန်ပဲ။
ဝင်ငွေမဆိုးဘူးဆိုတဲ့ အလုပ်ဟာ ဒီလိုအလုပ်ကိုး။ မိုး နောင်တရခဲ့မိတယ်။ မိုး သူ့ကို သတိရနေခဲ့မိတယ်။ သူနဲ့ ဒီဘဝမှာ တော့ အတူတူမနေရတော့ဘူးဆိုတာလဲ မိုးသိနေတယ်။ မိုး သူ့ကိုတွေ့ရမှာ ကြောက်နေမိတယ်။ ရက်တွေကြာလာတော့ မိုးလဲ တခြားမိန်းကလေးတွေလို လမ်းမပေါ်မှာရပ်ပြီး ဧည့်သည်ရှာရတယ်။ မိုး သံပတ်ပေးထားတဲ့ စက်ရုပ်လို အလုပ် လုပ်နေခဲ့ရတယ်။ ဒီအလုပ်ဟာ ကိုယ့်အတွက် ဘယ်လို အန္တရာယ်တွေ ရှိတယ်၊ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမယ် ဆိုတာတွေကို မိုးမသိခဲ့၊ မကြားခဲ့ပါဘူး။ မိုးနဲ့အတူ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေလဲ မသိဘူး။ သူတို့ကို ပြောပြမယ့် လူလဲ မရှိဘူး။
မိုးက မိန်းကလေးတွေထဲမှာ ဝင်ငွေအများဆုံးလေ၊ အလုပ်အဖြစ်ဆုံးပေါ့။ ဒီအတွက် မိုး ပျော်ခဲ့မိတယ်။ ဒါမှ ငွေမြန်မြန်ရ မယ်။ ညီမလေး၊ မောင်လေးတွေဆီ ငွေပို့နိုင်မယ် မဟုတ်လား။
ကျမ မိုးကိုစတွေ့တော့ မိုး ဒီမြို့ကိုရောက်နေတာ လေးငါးလရှိနေပြီ။ အခုလို ကျန်းမာရေးသင်တန်းတွေတက်မှ သူ့အ လုပ်ဟာ အန္တရာယ်ရှိတယ်ဆိုတာကို သူသိရတော့တာ။ သင်တန်းတွေ  ပြီးတဲ့အခါကျမှ မိုးတို့တတွေ ဆေးသွား စစ်ကြ တယ်။ အဲဒီစစ်ဆေးချက် အဖြေကတော့  မိုးမှာ အိပ်ခ်ျ အိုင်ဗွီ ပိုးရှိနေပြီ။ မိုး ကျမကို ဒီအကြောင်း လာပြောပြတော့ သူ စိတ်တအား လှုပ်ရှားနေတာ မတွေ့ရပါဘူး၊ ကံဆိုးတဲ့ မိုးကို ကျမ ဘယ်လို အားပေးစကားပြောရမလဲ၊ ဘယ်လို နှစ်သိမ့်ရ မလဲ အပြောတတ်အော င်ပါပဲ။ မိုးရဲ့ မှိုင်းညို့ညို့မျက်နှာလေးကို ငေးကြည့်ရင်း ကျမ စကားမရှိ စကားရှာကာ “မောင် လေးနဲ့ ညီမလေးဆီ ပိုက်ဆံပို့ဖြစ်သေးလား၊ ဖုန်းအဆက် အသွယ်ရလား” မေးတော့ ကျမကို ပြုံးကြည့်ရင်း ခေါင်းညိမ့်ပြ ပါတယ်။
နောက်တော့ ကျမ မိုးဆီကို မကြာမကြာ သွားဖြစ်တယ်။ သူ့ ကျန်းမာရေး အခြေအနေကို မေးမိတယ်။ မိုးဟာ ကျန်းမာ ရေးသင်တန်းတွေကို တက်တက်ကြွကြွ ပါဝင်တယ်။ တခြားမိန်းကလေးတွေကိုလဲ ကျန်းမာရေး သင်တန်းတွေတက်ဖို့ နှိုး ဆော်တယ်၊ သင်တန်းမှာလဲ သူ့ရဲ့ဗဟုသုတခေါင်းပါးမှုကြောင့် အခုလိုဖြစ်ရတယ်ဆိုတာတွေကို ပြောပြနေတယ်။ ကျမ မိုးကို ပိုခင်လာမိတယ်။ သူ့ရဲ့  သတ္တိရှိမှုကိုလဲ ချီးကျူးမိတယ်။
တရက် မိုး ကျမဆီ ရောက်လာတယ်။ သူစိတ်တွေ တအားလှုပ် ရှားနေပုံပါပဲ။ မျက်လုံးတွေလဲ နီရဲလို့၊ ငိုထားတယ်ဆိုတာ သိသာနေတယ်။ မိုးဟာ သတ္တိရှိတဲ့ မိန်းကလေးတယောက်ပါ။ ဒီနေ့ ဘယ်လို ဖြစ်နေတာလဲ။ ကျမ မေးအောင် စောင့်မ နေဘဲ မိုးပြောလိုက်တာကတော့
“သူရောက်လာတယ်” တဲ့။
“သူဆိုတာ ဘယ်သူလဲ” ကျမ လွှတ်ကနဲမေးလိုက်မိတယ်။
“ကျမယောင်္ကျားလေ … ကျမတို့ မြို့ကနေ လိုက်လာတာ” လို့ မိုး ပြန်ဖြေတယ်။
“သူ မိုးကို ဘာလုပ်လိုက်လို့လဲ” ကျမက သိချင်ဇောနဲ့ ဆက်မေးလိုက်တော့ မိုးက
“ကျမ ဘာလုပ်နေတယ်ဆိုတာ သူသိတယ်။ သူက ကျမကို အပြစ်မတင်ဘူး။ သူ ဒီမှာပဲ နေတော့မယ် ပြောနေတယ်”
“ဟာ ဒါကောင်းတာပေါ့” လို့
ကျမကပြောတော့ မိုးက ခေါင်းကို မရပ်တမ်း ရမ်းခါနေတယ်၊ နှုတ်ကလဲ
“မကောင်းဘူး၊ ဒါ မဖြစ်ဘူး” လို့ တတွတ်တွတ် တိုးတိုးလေး ရွတ်နေတယ်။
“သူ ဒီမှာနေလို့မဖြစ်ဘူး။ ကျမနဲ့အတူတူနေလို့ မဖြစ်ဘူး။ ကျမ အခြေအနေကိုလဲ ဆရာမ သိနေသားပဲ။ ဘယ်လိုမှ သူနဲ့ အတူနေလို့မဖြစ်ဘူး”။
ကျမ မိုးရဲ့သူနဲ့ တွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။
မိုးရဲ့သူဟာ အလွန် စကားနည်းပါတယ်။ ကျမက သူ့ကို မိုး အခြေအနေ ပြောပြလိုက်တော့ သူက အေးအေး   ဆေးဆေး ပဲ ကျမကို ပြန်ပြောပါတယ်။
“မိုး ဘယ်လို အခြေအနေကိုပဲ ရောက်ရောက် မိုးအနားမှာပဲ နေသွားမယ်” တဲ့။
ကျမ မိုးအတွက် အရမ်း ဝမ်းသာနေမိခဲ့ပါတယ်။
ဒီလိုနဲ့ မကြာခင်ပဲ မိုးရဲ့ကျန်းမာရေးဟာလဲ တရက်ထက် တရက် ဆိုးလာလို့ မိုး တရက်ထက်တရက် ပိုပိန်လာတယ်။ မိုးဟာ စတွေ့ခါစတုန်းကလို အလှပိုင်ရှင်မလေး မိုး မဟုတ်တော့ပါဘူး။ လေတိုက်ရင်တောင် လွင့်သွားမှာ စိုးရိမ်နေရမလို ဖြစ်နေပြီ။ မိုးရဲ့သူကတော့ မိုးကို ပြုစုစောင့်ရှောက်နေဆဲပါ။ မိုးရဲ့မောင်လေးနဲ့ညီမလေးလဲ မိုးနဲ့အတူလာနေကြတယ်၊ မိုး အလုပ် မလုပ်နိုင်တော့ပါဘူး။ သူ့ယောကျာ်းရတဲ့ ဝင်ငွေလေးနဲ့ နေနေရတယ်။
မိုးကို သူများအကူအညီနဲ့ တခြားမြို့တမြို့မှာ ဆေးသွားပြဖို့ ကြုံလာပါတယ်။ မိုးကို ကျမ လိုက်ပို့မှာ ဖြစ်ပါတယ်။ မိုးရဲ့ သူဟာ ကားဂိတ်အထိ မိုးနဲ့ကျမကို လိုက်ပို့ပါတယ်။ သူက မိုးကို ဘယ်လို ဂရုစိုက်ရမယ်၊ မိုး ဘာနဲ့မတည့်ဘူးဆိုတာတွေ ကျမကို တတွတ်တွတ်မှာနေပါတယ်။ ကျမတို့ ကားမထွက်မချင်း ကားဂိတ် အုတ်ခုံလေးမှာထိုင်ရင်း ကျမတို့ကို စောင့် ကြည့်နေတယ်။ ကျမတို့ ကားထွက်သွားတဲ့အထိ ကားဂိတ်မှာ ရပ်ကျန်နေရစ်ပါတယ်။ ကျမနဲ့မိုး တခန်းထဲ အတူ တည်း တာပါ။ မိုးအတွက် ပစ္စည်းလိုလို့ ကျမက မိုးရဲ့အိတ်ကို ဖွင့်လိုက်တော့ မိုးအတွက် သူပြင်ပေးထားတဲ့ ပစ္စည်းတွေကို တွေ့ ရတယ်။ အဝတ်အစားက အစုံလိုက်၊ ပန်းကန်၊ ခွက်၊ တူ၊ ဇွန်း အစုံပါတယ်။ ဘယ်အချိန်မှာ ဘာဝတ်ရမယ်၊ ဘာစားရမယ် ဆိုတာ စာရွက်လေးနဲ့ ရေးထားပြီးသား။ ခွက်လေးနှစ်ခွက်ကို ကျမသတိထားမိတယ်။ အဲဒီခွက်ပေါ်မှာ ကာတွန်းရုပ်လေး နှစ်ရုပ် ဆွဲထားတယ်။ တယောက်က မိုး တယောက်က သူပေါ့။ မိုးအနားမှာ သူအမြဲရှိနေတယ် ဆိုတာကို သိအောင်လို့ ပါတဲ့။
မိုးမှာ သူ့ကိုနားလည်တဲ့ သူ့ကိုချစ်တဲ့သူ ရှိနေလို့ ကံကောင်းသူလေးလို့ ကျမ မိုးကို ခဏခဏပြောမိတယ်။ မိုးဟာ သတ္တိ ရှိသလို သိတတ်သူလဲ ဖြစ်တယ်။ မိုးကို လိုက်ပို့တော့ ကျမမှာ လသားအရွယ် သမီးလေးတယောက် ပါပါတယ်။ မိုးဟာ ကလေးအလွန်ချစ်တတ်ပါတယ်။ ဒါပေမဲ့ သူက ကလေးကို တခါမှ မပွေ့ပါဘူး။ ကလေးပစ္စည်းတွေကိုလဲ မကိုင်ပါဘူး။ ကျမက ကိစ္စမရှိပါဘူးလို့ပြောနေပေမယ့် မိုးဟာ သူ့မှာ ဘာရောဂါတွေရှိနေမှန်းမသိဘူး၊ ကလေးကို ကူးမှာစိုးတယ်ဆိုပြီး ကလေးနားကို မကပ်ပါဘူး။ ရေလဲ သူ့ခွက်နဲ့သူ သောက်ပါတယ်။ သူထမင်းစားတဲ့ တူနဲ့ ဟင်းနှိုက်တာမျိုးကိုလဲ သူမလုပ် ပါဘူး။
မိုးက အပြင်သွားလည်ချင်တယ်လို့ ပြောလာပါတယ်။ ကျမ မိုးကို မသွားစေချင်ပါ။ ဒီတလော မိုး ဝမ်းတွေ  လျှောနေ တယ်မဟုတ်လား။ မိုးက နောက်ဆို ကျမ ထပ်လာနိုင်တော့မှာ မဟုတ်ဘူး၊ ရောက်တုန်း သွားနိုင်တုန်း လျှောက်လည်  ချင်တယ်တဲ့။ ကျမ မိုးနဲ့ အတူလျှောက်လည်ဖို့ သဘောတူလိုက်တယ်။ မိုးဟာ လမ်းနည်းနည်းလျှာက်တာနဲ့ မောနေပါပြီ။ ဒါပေမဲ့ သူအပြုံးမပျက်ပါဘူး။ အခုလို မိုးနဲ့အတူ လျှောက်သွားနေသူဟာ ကျမမဟုတ်ဘဲ မိုးရဲ့သူဆိုရင် မိုး ဘယ်လောက် များ ပျော်လိုက်မလဲလို့ မိုးကို ကြည့်ရင်း ကျမတွေးနေမိတယ်။
အဲဒီက ပြန်လာပြီးကတည်းက မိုးရဲ့ကျန်းမာရေးဟာ သိသိသာသာ ကောင်းလာပါတယ်။ မိုးကို ကျန်းကျန်းမာမာနဲ့ မိုးရဲ့ သူနဲ့ တတွဲတွဲသွားနေတာ မြင်ရတော့ ကျမ တအားဝမ်းသာမိတယ်။ ဒါပေမဲ့ ကံကြမ္မာဟာ မိုးကို နောက်တခေါက် မျက် လှည့်ပြလိုက်ပြန်ပါ ပြီ။ မိုးရဲ့သူ ဆုံး ပြီ။
ဒီသတင်းကို ကြားရတဲ့ ကျမဟာ ကိုယ့်နားကိုယ် မယုံနိုင် အောင်ပါဘဲ။ ကိုယ် နားကြားလွဲတာ ဖြစ်ပါစေ။ ကျမ ရေခဲတိုက် မှာ မိုးကိုတွေ့လိုက်တယ်။ ဟိုမှာလှဲနေတာကတော့ မိုးရဲ့သူပါ။ မိုး မျက်နှာ ခုလိုညှိုးနွမ်းနေတာ ကျမတခါမှ မကြုံဖူးပါ ဘူး။ မိုး ဘယ်လိုဖြစ်တာလဲလို့ ကျမ မေးနေတာကို မိုးမှာဖြေနိုင်တဲ့ အင်အားတွေ မရှိတော့ပါဘူး။ အနားက အမျိုးသမီးက ပြောပြပါတယ်။ “မိုးရဲ့ မောင်လေးက ဓားနဲ့ ထိုးလိုက်တာ” တဲ့။ ဘုရား ဘုရား… မကြားရဲစရာပါလား။ “မိုးရဲ့မောင်လေးနဲ့ သူဟာ အရက်သောက်ထားတော့ နည်းနည်း စကားများကြတာကနေ ဓားနဲ့ထိုးလိုက်တာ၊ မိုးရဲ့မောင်ဟာ သူငယ်ငယ်က ထိန်းလာတဲ့ ကလေးမို့ တကယ်ထိုးမယ် မထင်ဘူး။ ဒါကြောင့် ဟိုက ဓားနဲ့ထိုးမယ်လို့ပြောနေတာကို သူက လည်ပင်းငုံ့ ပေးလိုက်တာ” ဆိုပဲ။ “ဓားက လည်ပင်းသွေးကြောမကြီးကို ထိသွားတော့ မိုးရဲ့သူဟာ သွေးတွေ ပန်းထွက်နေတဲ့ လည် ပင်းကို သူ့လက်နဲ့အုပ်ရင်း မိုးဆီကို မိုး … မိုး နဲ့ အော်ခေါ်ပြီး အရောက်ပြေးလာသေးတယ်။ မိုး လှဲနေတဲ့ ကုတင်ရှေ့ရောက်မှ လဲကျသွား ပြီး အသက်ထွက်သွားတာ” တဲ့။
အားလုံးက မိုးကို ဆေးရုံတင်ထားတယ်လို့ပဲ ပြောထားကြတာ။ မိုးလဲ အခုမှ သူမရှိတော့မှန်းသိတာတဲ့။ သူ့မောင်လဲ ထွက်ပြေးသွားပြီတဲ့။ မိုး ဘယ်လို ရင်ဆိုင်ရမှာလဲ။ တရားခံက သူသိပ်ချစ်တဲ့ မောင်လေး။ သေဆုံးသူက သူ့ကို လိုလေ သေးမရှိ ပြုစုနေတဲ့ သူ့ယောက်ကျား၊ သေဆုံးသူရဲ့ ဇနီးအနေနဲ့ တရားခံကို မြန်မြန်မိစေချင်တယ်။ တရားခံရဲ့ အမအနေ နဲ့ သူ့မောင်ကို မမိစေချင်ဘူး။ မိုးရဲ့ စူးစူးရှရှ သူ့ကို အော်ခေါ် ငိုနေသံကို ကြားနေရတယ်။
“မင်း သူ့ကိုချစ်တယ်ဆိုတာ ငါသိတယ်၊ သူကလဲ မင်းကို အကိုတယောက်လို ချစ်ပါတယ်၊ သူလက်လွန်သွားတာပါ။ မင်း ဘာလို့ ခေါင်းငုံ့ပေးရတာလဲ။ မင်းဘာလို့ မရှောင်လိုက်တာလဲ၊ မင်းဘာလို့သူ့ကို မတွန်းလိုက်တာလဲ” မိုး ထပ်အော်ဖို့ အင်အားတွေ ကုန်ခန်းနေပါပြီ။ ကျမ မိုးကို ဆွဲထူလိုက်တယ်။ မိုးရဲ့သူ့ကို ရင်ခွဲရုံမှာပဲ နောက်ဆုံးနှုတ်ဆက်ဖို့ ကျမ ပြော မိတယ်။ သူ့ကို မြေချတဲ့အထိတော့ မလိုက်ဖို့ ကျမ ပြောမိတယ်။ မိုး ခေါင်းကိုတွင်တွင်ခါကာ မျက်ရည်တွေ သုတ်နေပါ တယ်။ သူ့ကို နောက်ဆုံး အထိတော့ ပို့ပါရစေတဲ့။ မိုးနဲ့ ကျမတို့ဟာ မိုးရဲ့သူ့ကို လိုက်ပို့ကြတယ်။
အဲဒီနေ့က မိုးလေးဖွဲဖွဲရွာနေတယ်။
သူမရှိတော့နဲ့နောက် မကြာပါဘူး။ မိုး အိပ်ရာထဲလဲပါတော့တယ်။ မိုးရဲ့ မိတ်ဆွေတွေ မိုးကို အလှည့်ကျ ပြုစုကြပါတယ်၊။ မိုးဆီကိုရောက်တိုင်း မိုးရဲ့ ကျန်းမာရေးဟာ တရက်ထက်တရက် ဆိုးလာတာတွေ့ရတယ်။ မိုး အစာမျိုမရတော့ပါဘူး။ ရေမျိုရတာတောင် ခက်နေပါပြီ။ နောက်ဆုံးတခေါက် မိုးဆီရောက်တော့ စကားကောင်းကောင်းတောင် မပြောနိုင်   တော့ ပါဘူး။ မိုးက ကျမ လက်ကို ဆုပ်ထား ပြီး သူ့ညီမလေးကို ညွှန်ပြနေပါတယ်။ သူ ဘာပြောချင်တယ်ဆိုတာကို ကျမ သိနေ ပါတယ်။
မိုးတွေ တဖွဲဖွဲရွာနေတဲ့ တရက်မှာပဲ မိုး ကျမတို့ ကိုခွဲသွားခဲ့တယ်။ ကျမတို့ မိုးကို သူ့နားမှာ မြေချလိုက်တယ်။ မိုးရည်စက် လေးတွေက မြေပုံလေး နှစ်ပုံပေါ်ကို ညင်ညင်သာသာ ညီညီမျှမျှ ရွာကျလို့ …
ကြည်ကြည်ကျော်မြ
(စာမျက်နှာတိုင်း မျက်ရည်စို … မှ)

Source: နေ့သစ်

Friday, 27 May 2011

မြေအောက် မုဆိုး (ရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း)

(သရုပ်ဖေါ် ပန်းချီ ထိန်လင်း)
ဟိုးအဝေးမှ တုံးကြီးခေါက်သံ ထွက်ပေါ်လာသည်။ အမေ နိုးမည်စိုး၍ ခြေဖော့နင်းကာ အိမ်ပေါ်မှ ဆင်းခဲ့ပြီးမှ နွားစာရေနှင့် အေးဆောင် မျက်နှာသစ်သည်။ ခါတိုင်း မျက်နှာသစ်နေကျ ရေအိုးမှာ မီးဖိုထဲတွင်ရှိ၏။ ထိုနေရာသို့ အေးဆောင်၏ အိပ်ရာနေရာမှ ထသွားလျှင် အသွားအပြန် ဆယ်လှန်းခန့်ဝေးသည်။ အိမ်တွင်ခင်းထားသော ဝါးကြမ်းတွေက ဆွေးနေပြီ။ အကွပ်ခပ်များများလည်း ပြုတ်နေပြီ။ သည်အခြေအနေနှင့် ဆယ်လှမ်းလှမ်းလျှင် မည်မျှပင် ခြေချညင်သာငြား အမေနိုးလိမ့်မည်။ သို့ကြောင့် အေးဆောင်သည် အိမ်ပေါ်မှ အရ အမိဆင်း၏။ နွားစာခွက်ထဲ ထည့်ရန် အသင့်ခပ်ထားသော ဘဲဥအိုးထဲမှ ရေဖြင့်မျက်နှာသစ်ကာ ခါးမှပုဆိုးဖြင့် မျက်နှာသုတ်၏။ အေးဆောင်သည် မျက်နှာသုတ်လျှက် တန်းလန်းဖြင့်ပင် နွားတင်းကုပ်အစပ်သို့ ဝင်ခဲ့၏။ ခိုင်းနွားကြီး နှစ်ကောင်သည် ငြိမ်သက်စွာရပ်၍ စားမြုံ့ပြန်နေကြသည်။ နွားတွေကို သူက မကြည့်အား၊ ယာပြင်သို့ အချိန်မီရောက်ရန် စိတ်စောနေသည်။ လက်ခံဒေါင့်တိုင်တွင် ချိတ်ဆွဲထားသော လွယ်အိတ်ကို ဖြုတ်၍လွယ်ကာ ထုတ်တန်းတွင် ထိုးထားသော သုံးခွမှိန်းနှင့် တံစက်မြိတ်တွင် ညှပ်ထားသော ဓားမတိုကို ယူ၍ တဲထဲမှ ထွက်ခဲ့သည်။ ထိုအခါကျမှ ခေါင်းကို တံစက်မြိတ်နှင့် ထိုးမိသည့်အတွက် ခေါင်းမှာ အဆောင်းအုပ် မပါသေးပါလား သတိရသည်။ ထို့ကြောင့် နှမ်းဖက်စိမ်ထားသော အိုးဖက်သို့ လှမ်းလိုက်သည်။ နှမ်းဖတ်စိမ်သော ခမောက်ကို အိုးဖြင်အုပ် မြဲဖြစ်သော်ငြား ယနေ့မူ မရှိ။ ထန်းပလတ် ကပ်ပြားဖုံးထားသည့်အတွက် ကြမ်းပြင်တွင် လှမ်းထားသော ပုဆိုးစုတ် တထည်ကို ဆွဲယူခဲ့သည်။ လမ်းလျှောက်ရင်း ခေါင်းပေါင်းလိုက်သည်။

အရှေ့ဘက် တံတိုင်းမည်းကြီးတွင် အာရုဏ်ရိပ် အစင်းအစက်များ ထင်စသာ ရှိသေး၏။ ကျီးကန်းများပင် မနိုးသေး။ သို့ဖြစ်ငြား လှုပ်ရှားမိသည် ဆိုရုံဖြင့် အေးဆောင် ချှေးပြန်လာ၏။ ဝိုးတဝါး မြင်ကွင်အတိုင်း အေးဆောင်လျှောက်လာသည်။ လျှောက်နေကြလမ်းမို့ ရွာပြင်သို့ သွက်သွက်လှမ်းလာနိုင်သည်။ ဖိုးအုပ်ကျော် ယာစပ်အရောက်တွင် လင်းရောင်ပြေးလာပြီး၊ လှည်းလမ်းကိုပင် ရေးရေးမြင်ရပြီ။ လွယ်အိတ်ထဲမှ ပြောင်းဖူးဖက် ဆေးလိပ်ထုတ်ကာ မီးညှိယင်း အေးဆောင် ချိန်ဆသည်။ တောင်ဖက်သွားရကောင်းနိုး၊ မြောက်ဖက် သွားရကောင်းနိုး၊ မနေ့က သူလိုက်လံ လေ့လာထားခဲ့သော “ပွေးစုံ့” များကို ပြန်လည် စီစစ်လိုက်သည်။ တောင်ဖက်တွင် နံနက်ပွေး သုံးကောင်နှင့် မွန်းတည့်ပွေး လေးကောင်။ မြောက်ဖက်တွင် နံနက်ပွေး နှစ်ကောင်နှင့် မွန်းတည့်မွေး နှစ်ကောင်သာ။ သို့ဆိုလျှင် အေးဆောင် သွားရမည့်လမ်းသည် တောင်ဖက် လမ်းခွဲဖြစ်ရမည်။ လူကလည်း တောင်ဖက် လမ်းခွဲသို့ ခြေလှမ်းပြင်မိ ပြီးပြီ။ သို့တစေ ခြေတလှမ်းပင် မလှမ်းရသေး၊ ခြေတဖက် ကြွခါစတွင်ပင် အေးဆောင်၏ ခေါင်းထဲသို့ မြသွယ် ဝင်ရောက်လာသည့်အတွက် ဟန်ချက်ပျက်သွားသည်။ တဆက်တည်းပင် မြသွယ်၏ စူနေသောနှုတ်ခမ်း၊ ခဲထားသောမျက်လုံးအစုံကို မြင်လာသောအခါ လက်ခနဲ့ တချက်ပြုံးရင်း မြောက်ဘက် လမ်းခွဲသို့ ခြေဦးလှည့်လိုက်လေတော့၏။ ပွေးကောင်ရေ နည်းသော်ငြား အေးဆောင် မြောက်ဖက် လမ်းခွဲကို ရွေးရခြင်းမှာ မြသွယ်ကြောင့် ဖြစ်သည်။ မြသွယ် မျက်နှာကြော တင်းနေသောကြောင့် ဆိုက ပိုမှန်မည်။

မျက်နှာမရ ခြေကျောက်ရ
            “ဟား ငါ့လခွေးမှပဲကွာ” မြသွယ်၏အဖေ ဦးသက်မှာ စကားတလုံးမှ မပြောရသေးမီ အတိုင်းအထွာ အဆဲအရေးကလေးနှင့် ချီရမှ ရင်ချောင်သူဖြစ်သည်။ အဆဲကလေး ရှေ့က မခံရလျှင်လည်း စကားမပြောတတ်။ “ ဘာဖြစ်လို့လဲ အရီး” ဆဲပြီဆိုလျှင် တခုခု ပြောတော့မည်ကို သိလိုက်သဖြင့် အေးဆောင်က လမ်းခင်းပေးခြင်း ဖြစ်သည်။ “မိုးမရွာလို့ ပဲပင်တွေ သေကုန်မလား၊ ရင်မနေရတာက တဖက်၊ ပွေးက တမှောက်” ယာခင်းများသည် တမျှော်တခေါ်ကြီး ဖြစ်၏။ အချို့ယာများသည် ရှားစောင်းပင်များဖြင့် အကျအန ခြံရံထားစေကာမူ၊ အချို့ယာများမူ ဂျီ (ချေ)စည်းသာသာ ဆူးခက်များ ဝိုင်းအုံထားကြ၏။ ကိစ္စရှိ၍ တစ်ဦးနှင့် တစ်ဦး စကားပြောချင်လျှင် ကျယ်ဝန်းသော ယာခင်းကြီးကို ဖြတ်သန်းရသည်ကပင် တမေ့တမောကြီး၊ ယနေ့မူ ယာနီးချင်း အေးဆောင်နှင့် ဦးသက်ကို မပင်ပန်းရဘဲ ယာခရိုးစပ်တွင် ဆုံမိကြခြင်းဖြစ်၏။
            အေးဆောင်မှာ “ငါ့လခွေး” သံကြားကတည်းက ဦးသက်မှန်းသိသည့်အတွက် မော့ကြည့်ကာ အလိုက်သင့် မေးပြီးနောက် ဦးသက်တို့ ယာဘက်သို့ မျှော်ကြည့်မိသည်။ ပွေးစုံ့တွေ။ ပွေးစုံ့တွေသည် အေးဆောင်တို့ ယာခင်းထဲနည်းတူ ဦးသက်၏ ယာခင်းတွင်လည်း စီရီနေ၏။
            ပွေးသည် မြေအောက်ရန်သူ ဖြစ်၏။
            ယာခင်းအနှံ့ မြေအောက်လမ်းများ ဖောက်သည်။ စိုက်ပင် ပျိုးပင်တွေ ကောင်းသည်စိုကာ အရိပ်တကြည့်ကြည့် ရှိနေစဉ် အပင်များကို မြေအောက်သို့ သယ်ယူသွား၏။ ဝေဝေဆာဆာ ပွင့်ပြီ သီးပြီ ဆိုလျှင် သူရောက်လာပြီ။ အခင်းကြားတွင် ပွေးစုံ့ မြေပုံတွေ ထိုးကာ အပင်တွေကို ကိုက်ဖြတ်ယူငင်သွားတော့သည်။ ပွေးသည် တစ်ထောင် တထွာ မြေပဲ၊ နှစ်တောင် သုံးတောင် နှမ်း၊ တစ်လန် နှစ်လန် ဂျုံနှင့် ပြောင်း မဆိုထားဘိ နှစ်ရှည် စားပင်ကြီးတွေကိုပါ သတ်ပစ်နိုင်စွမ်းသည်။
            ကျေးငှက်တသောသောနှင့် အရိပ်အာဝါသ ကောင်းလှသော သစ်ပင်ကြီးများဖြစ်သော်ငြား၊ ရေသောက်မြစ်ကို ပွေးစားပြီဆိုလျှင် သုံးလေးရက်အတွင်း ညှိုးခြောက်ကာ အနိစ္စသဘောနှင့် ကိစ္စချောရတော့သည်။
            ယခု သည်ပွေးသည် ဦးသက်၏ မြေပဲခင်းကို မွှေပြီ။
            တည လက်တဆုပ်ကို ကိုက်ချီသွားသည်ထား၊ ပဲပင်လက်တဆုပ်သည် မိုးမှန်လေမှန်ပါက မြေပဲ တခွဲထက် မအောက်။
            တညကို မြေပဲ တခွဲနှုံး ဆုံးရှုံးပါက တစ်လ တယ်ငါးတင်း။ ယာသမား ရင်ထုရချေပြီ။
            “ကျုပ်ထဲမလဲ ပွေးစုံတွေ ရောက်လာလို့ ဘာလုပ်ရမလဲ စဉ်းစားနေတာဗျ။ ဂိုင်းနဲ့ ထောင်ရကောင်းမလားလို့”
            အေးဆောင် ထရပ်သည်။ မီးသေနေသော သူ့ဆေးလိပ်ကို အခေါင်းသိပ်လိုက်ကာ ဦးသက်ဆေးလိပ်မှ မီးကူးနေသည်။
“ဂိုင်းထောင်တာ မဟန်ပါဘူးကွာ၊ ပွေးကို သွားသတိပေးသလို ဖြစ်သွားမှာပေါ့”
ပွေးသည် အရွယ်အားဖြင့် လက်သီးနှစ်ဆုပ်စာမျှသာရှိငြား၊ မျက်စိအမြင်အားမကောင်းသော အကောင်ဖြစ်ငြား ဥာဏ်များလှ၏။ ပွေးစုံတွေ တောင်ဘက်တွင်ပြပြီး မြောက်ဘက်လာပြီး ခိုလား ခိုနေ၏။ အစုံ့တွေ လှိုင်ခေါင်းတွေ ထင်ရှားပြပြီးမှ လမ်းဖျောက်ပစ်ကာ သီးခင်းအလယ်တွင် ပုန်းနေတတ်၏။
            သို့ကြောင့် ပွေးဥာဏ်မကူစေရန် ဦးသက်က သတိပေးခြင်းဖြစ်သည်။
            “ဒါဖြင့် အရီးနဲ့ ကျုပ်နဲ့ နှစ်ဖက်ညှပ်ပြီး လိုက်ရရင် မကောင်းဘူးလား။ နှစ်ဖက်ညှပ်ရင် ဒီကောင် ဘယ်ပြေးမလဲဗျ”
သို့လျှင် နှစ်ဖက်ညှပ်ပြီး “လိုက်”ပါ ပွေးကလည်း တစ်ကောင်တည်းဖြစ်၊ လမ်းကြောင်းကလည်း တစ်ခုတည်းသာ ရှိပါမူက ပွေးသည် ထိတ်လန့်ကြောက်ရွံ့လာကာ မြေပေါ်သို့ သွေးရှုးသွေးတန်း ပြေးထွက်လာတတ်၏။
ထိုအခါ အမြင်အာရုံ ညံ့ဖျင်းလှသော ပွေးမှာ “သမင်ချိုရှက် - ပွေးတွင်းထွက်” ဆိုစကားအတိုင်း သေရန်မှတပါး အခြားလမ်း မရှိတော့ချေ။ ဤသဘောကို ၄၊ ၅ နှစ်သားမှစပြီး ပွေးလိုက်ခဲ့သော အေးဆောင်သိသလို၊ ယာလုပ်သက် နှစ်ပေါင်း ၄၀ ကျော်နေပြီဖြစ်သော ဦးသက်လည်း သိ၏။
ဦးသက်လည်း ချက်ချင်း အဖြေမပေး။ အေးဆောင်တို့ ခရိုးဘက် “ကဲ” ကြည့်လိုက်သေး၏။
“ငါ့လခွေး မင့်ဘက်က ပွေးစုံ့က အကောင်ငယ်လေးပဲကွ” 
“အဲဒါကြောင့် ညှပ်လိုက်ရအောင် ပြောတာပေါ့ အရီးရ၊ အရီးဘက်က ပွေးက အဖေနဲ့ အမေ ကျုပ်ဘက်က ပွေးက သားသမီး”
“ဟုတ်တယ်ဟေ့”
ဦးသက် သဘောကျသွား၏။
သူတို့သည် လုပ်လက်စ အလုပ်များကို ချကာ၊ ချက်ချင်းပင် ပွေးစတင် ‘လိုက်’  ကြတော့သည်။
ပွေးလိုက်သည် ဆိုခြင်းမှာ ပွေးတွင်း လှိုက်ခေါင်းတလျှောက် တူးဖေါ်ခြင်းဖြစ်၏။ သို့ဖြင့် ဦးသက်က သူ့ပဲခင်းအလယ်မှ စတင်၍ တူးသလို အေးဆောင်လည်း ပွေးစုံ့ဆုံးရာ ရှားစောင်းမြင်းနား ပင်နားမှ စတင်တူးဖေါ်လေသည်။
အေးဆောင်စတင်တူးသော ပွေးစုံ့မှာ မြောက်ဖက်သို့ ဆက်မသွားချေ။ ထိုပွေးစုံ့၏ တောင်ဘက်တွင်မူ ဆယ်ကိုက်တွင် ပွေးစုံ့တစ်ခုကျလောက် ရှိနေပေသည်။
အေးဆောင်သည် သုံးလေးချက်တူးပြီးနောက် ပွေးစုံ့ သုံးလေးခု လွန်မြောက်အောင် ပြေးသွား၏။ ပွေးစုံ့မြေစာများကို ဖယ်ပစ်ကာ တအားတူးသည်။ တချက်တူးရုံဖြင့် ပွေးတွင်းပေါ်လာသည်။ ချောမွေ့သော လှိုင်ခေါင်းကလေး။
သည်လှိုင်ခေါင်းအတိုင်း မြောက်ဖက်သို့လိုက်တူးသည်။ အေးဆောင်နောက်တွင် မြေစာများ ပြန့်ကြဲနေသော တူးမြောင်းကလေး ဖြစ်ကျန်ခဲ့၏။
ပွေးသည် အလွန်နားပါ၏။ ကိုက် နှစ်ရာခန့် အကွာအဝေးမှ လာနေသော လူ့ခြေသံကို ကောင်းကောင်းသိ၏။
သို့လျှင် သိပင်သိငြား၊ သည်ပွေးစုံ့ရှင် ပွေးမှာ ပွေးလားမမြောက်သေးသောပွေး။ အဌာရဿပညာများ မစုံသေး။ သို့ကြောင့် နောက်ဆုံး ပွေးစုံ့အောက်တွင် ငြိမ်သက်နေချင်နေမည်။ ရှေ့ဆက်ပြီး တူးမြဲ တူးနေကောင်းနေမည်တွက်ကာ၊ ပြေးလမ်းပိတ်ရန်အတွက် ပွေးစုံ့ သုံးလေးခုကျော်မှ ကျော်၍ လမ်းဖျက်ထားခြင်းဖြစ်သည်။
ထနောင်းပင် ကိုင်းကြားမှ ချိုးကူသံသည် ဆွတ်ပျံဘွယ် မြူးလွင့်လာ၏။ အေးဆောင်သည် မော့ကြည့်၏။
ဆွမ်းခံ ဝင်ချိန်လောက်ရှိပြီ။
စောသည် ခေါ်နိုင်သေးသော အချိန်ပေမယ့် နေက ပူလှသည်။ အေးဆောင် တကိုယ်လုံးတွင် ရေချိုးထားသည့်နှယ် ချွေများရွှဲနေသည်။ ရေရှာသော ပျားများသည် အေးဆောင်အပေါ်နားပြီး ချွေးသောက်ကြ၏။ ကောင်းကောင်း သောက်သူလည်းရှိ၊ တုပ်သွားသော ပျားလည်းရှိ၏။
သို့သော် ပျားကို အေးဆောင် ဂရုမထားနိုင်ချေ။ ပွေးတွင်းကို မဲပြီး တူး၏။ အိမ်မှ ထွက်လာကတည်း ဘာမျှ မစားခဲ့ရ။ ယာထဲသို့လည်း အမေထမင်းပို့ရန် မမှာမိခဲ့။ ကိစ္စပြီး၍ အိမ်ပြန်ရောက်မှသာ စားရမည်။
တစ်ဖာလုံခန့်တူးမိသောအခါ ပွေးလမ်းဆုံးသွား။ ပွေးမရှိချေ။ ထိုအခါကျမှ အေးဆောင် ချွေးသုတ်ရန် သတိရသည်။ လက်တဖက်က တူးရင်းဆွဲလျှက်၊ လက်တဖက်မှ ပုဆိုးဖြင့် မျက်နှာသုတ်လျက် ဆက်တူးမည့် နေရာသို့ ရွှေ့ခဲ့၏။
“အေးဆောင်ရေ အရေးထဲမှ အရာပေါ်လာပြီဟေ့၊ ငါ့လခွမ်း”
ဦးသက် အသံလာရာသို့ အေးဆောင် လှမ်းကြည့်လိုက်သည်။
မောလာသမျှ ပန်းလာသမျှတို့ ရုတ်ချည်းကွယ်သွားသည် ထင်၏။ ဦးသက်ကျော်ဖက်တွင် ရို့ရို့ကလေး ရပ်နေသော မြသွယ်ကို မြင်လိုက်သောကြောင့်ပင်။
 “ဘာကိစ္စတဲ့လဲ အရီး”
မြသွယ်တို့ သားအဖ အနီးသို့ အေးဆောင်လျှောက်လာခဲ့သည်။
“ဆီကိစ္စပေါ့ကွာ။ ကိုင့် ငါ့ ထမင်းထုပ်ကိုတော့ မင်းပဲ ယူထားလိုက်တော့ကွာ၊ ပွေးလဲ မင်းပဲ ဆက်လိုက် လိုက်ပေါ့။ လုံမ ဟိုဘက် ခရိုးစပ်မှာ အဘ ရှာထားတဲ့ ဂဇောင်းခါးတွေ ရှိတယ်။ အဘသွားနှင့်မယ်။”
ဦးသက်သည် မြသွယ်ကို တဆက်တည်း ပြောအပြီး၊ ခမောက်ဆွဲကာ ထွက်သွားတော့သည်။ ဦးသက် ခြေဆယ်လှမ်းခန့် လှမ်းမိချိန်တွင် အေးဆောင်က ဟီးကနဲ ရယ်လိုက်သည်။
“ဘာ ဟီး လဲ သေနာကြီး”
ပါးစပ်က သေနာကြီး ဆိုသော်ငြားလည်း မြသွယ်မျက်နှာက ပြုံးနေသည်။ မျက်လုံးကလေးတွေက ကြည်နေသည်။ အေးဆောင် မြတ်နိုးရသော အပြုံး။
“မတွေ့သေးဘူး ဟောက်တာက အရင်ကိုးဟ”
အေးဆောင် ပြုံးပြုံးကြီး ပြောလိုက်လျှင် မြသွယ် သူ့အဖေကို တချက် မျှော်ကြည့်လိုက်၏။ ဦးသက်ကား တချက်မှ ပြန်စောင်းမကြည့်။ တောနာနတ်ပင်များ ဝဲယာ ညှပ်ထားသော လမ်းကွေ့ထဲသို့ ချိုးဝင်သွားပြီ။
“တော်နဲ့ အဘနဲ့ အခု ဘာလုပ်နေကြတာလဲ”
“ပွေးလိုက်နေကြတာလေ၊ သမီးယောက္ခမ နှစ်ယောက်”
“သေနာကြီး တင်စီးအုံး”
မြသွယ် လက်သီးဆုပ်ကလေးသည် ချွေးရွှဲနစ်နေသော ရင်အုပ်ပေါ်သို့ အုန်းကနဲ့ မကျ၊ ဖုံပေနေသော အေးဆောင် လက်တွင်း ရောက်သွားသည်။ အေးဆောင်သည် ပွေးကိုသာ မိအောင် မဖမ်းနိုင်ရှိမည်။ မြသွယ်ကို ဖမ်းရာတွင် ကျင်လည်လှသည်။
မြသွယ်၏ လက်သီးဆုပ်ကို ဖမ်းမိချိန်တွင် မြေပေါ်သို့ ထိုင်ချလိုက်သည်။ ဆောင့်ဆွဲလိုက်သော အရှိန်ကြောင့် မြသွယ်ပါလာလျှင် ရင်ခွင်ထဲသို့ သွင်းပြီး ခေါင်းငုံ့ပြီး ဖြစ်တော့သည်။
တဆက်တည်းပင် အုန်းကနဲ ထုရိုက်သံ ပေါ်လာကာ မြသွယ်ရုန်းထွက်သည်။ ရှက်မျက်လုံးကလေး ဝံ့လိုက်သည်။
“သိပ်ရမ်းကားတာပဲ၊ အမြင်ကပ်တယ်”
“ချစ်တာကိုးဟ”
“ကိုင်း အဖေခိုင်းထားတာ ပြီးအောင်လုပ်”
နောက်တကြိမ် အေးဆောင် မလှုပ်ရှားမီ မြသွယ် ထသွားတော့၏။ သူ့အဖေ ထားပစ်ခဲ့သည်ဆိုသော ရှားစောင်းပင်ကလေးများရှိသည့် ဟိုဖက်ဖရိုးမှာ အတော်ဝေးသည်။ ထိုကြောင့် အေးဆောင် တူရွင်းကို ပြန်ကိုင်သည်။
ခါးဖြတ်ထားသော နေရာကို ဆက်တူးသည်။
အေးဆောင် ထင်သည့် အတိုင်းပင် ပွေးတွင်းသည် ဦးသက်ယာထဲသို့ ဆက်သွား၏။ သို့သော် ပွေးတွင်း မည်မျှ ရှည်လျားပါစေ အေးဆောင် မမောပါ၊ မြသွယ်၏ ညိုပြာညက်သော မျက်နှာကလေးကို ရှုစားလိုက်ပြီ မဟုတ်ပါလား။
နီရဲသောမြအပြင်သည် နေရင့်သည်နှင့်အမျှ တိုးဆင့်၍ ပူလာ၏။ ငြိမ်နေခဲ့သော လေသည် တညင်းညင်းတိုက်ခတ်စ ပြုလာ၏။ သို့ဖြစ်ငြား အပူ မလျော့ မသက်သာပါ။
ပွေးလမ်းကြောင်းသည် ပဲခင်းထဲသို့ ဝင်လာပြီး။
အေးဆောင် လက်တွန့်မနေပါ။ သည်ပွေးကို မမိမချင်း သည်ပဲခင်း အနှိပ်အစက် ခံနေရမည်။ ပွေးကို အရေးမယူနိုင်တိုင်း ကြိတ်မနိုင် ခဲမရနှင့် နေ့တိုင်း ဒေါသဖြစ်နေရမည်။
တောစပ်ဆီက တောကြက်ဖ တွန်သံကြားရ၏။ မောနေသော အေးဆောင်အား တောကြက်ဖသည် သာယာမှု မပေးနိုင်ပါ။ မြသွယ်တို့ ယာခရိုးနား ထနောင်းပင်ထက်မှ ချိုးတစ်ကောင် ချွဲချွဲပစ်ပစ်ကူငြား၊ အေးဆောင် ပင်ပန်းလှသည်သာ။
“ဟောတော့် ကုန်ပါဘီ၊ ကုန်ပါဘီ”
ပြောပြောဆိုဆို အနားရောက်လာသော မြသွယ်အသံကလေး ကြားရသည့်အခါတါင်ကား အမောရော အပန်းပါ ပြေသွားပြီး။
“တော့်ကို အဖေ ဆဲတော့မှာ”
“ယောက္ခမကြီးက မဆဲပါဘူးဟ၊ ပွေးလိုက်ရင် ဒီလို တူးရမယ်ဆိုတာ သူသိပြီးသားပါ”
“သေနာကျ”
မြသွယ် ဆဲသည်။ သို့သော် ပြုံးပြီး ထနောင်းရိပ်သို့ ထွက်သွားလေသည်။ အေးဆောင်အဖို့ သည်ဆဲသံသည် ပျားရည်ထက် ချို၏။ ငွေဆည်းလည်း သံထက်လည်း သာ၏။
မြေပြင်သည် မြင့်တတ်လာ၏။
ပွေးတွင်းကား မော့တတ်မလာ။ စိုက်ဆင်းသွား၏။ အေးဆောင်မှာ ပိုပြီး နက်နက်ထူးရရုံမက၊ ကုန်းဗဟိုတွင် လိုဏ်ခေါင်း ခက်လက်တွေ ဖြာနေသောကြောင့် အလိုက်ရ ခက်သွားသည်။ တခုတလေ ရေသာခိုပြီး မတူးမိ၍ ပွေးခိုကပ်ကျန်ခဲသော် လူပင်ပန်းထားသမျှ ပစ္စည်းအပျက်ခံထားသမျှ “ကော” ပါလေရော။
ခက်လက်တွေမှာ ပွေး မိသားစု နေထိုင်သောနေရာဖြစ်သည်။ သို့ရာတွင် နေရာဟောင်းသာဖြစ်သည်။ အစာဟောင်းများမှာ လတ်လတ်ဆက်ဆက် မဟုတ်ပေ။ ခက်လက်များကို ဖြိုပြီးနောက် ဆက်လက်တူးပြန်လေရာ တလန်သာသာ တူးမိပြီးမှ လမ်းဆုံးနေသဖြင့် နောက်ကြောင်းပြန်လှည့်ကာ ပွေးစုံ့အပုံ အတန်းများရှိသောဘက်နှင့် ညှိ၍ တူးရသည်။
မွန်းတည့်ချေပြီ။
မြေကြီး ပူခြစ်နေသည်။ မလှမ်းမကမ်းသို့ ကြည့်လျှင် တရှိန်ရှိန် တတ်နေသာ မြေငွေ့များကို မြင်နေရသည်။ သို့သော်ငြား အေးဆောင် မနား။
အလုပ်ကို ဇွဲကြီးသူအဖြစ် ဦးသက်မြင်စေချင်၍၊ အားကိုးထိုက်သူ အဖြစ် မြသွယ် မြင်စေချင်၍ ဖြစ်သည်။
ပွေးတွင်းသည် စိုက်ဆင်းရာမှ ပြန်မော့လာသည်။ မြေပြင်အောက် တစ်တောင် တောင်ထုပ်မှသွားနေ၏။ အေးဆောင် တူးရွင်းရိုး ထိုးသွင်းပြီး မ သည်။ တူးသည်ထက် လွယ်သော နည်းပါပေ။
ပွေးစုံ့များ ရောနှောနေသော ချေးလုံး အရွယ်အစားများကို ကြည့်ကာ အေးဆောင် ခန့်မှန်းသည်။ ပွေးတွင်း အဆုံးတွင် ပွေးကြီး နှစ်ကောင်နှင့် ပွေးကလေး အနည်းဆုံး တစ်ကောင် ရှိရမည်ဟု။
သို့သော် အေးဆောင် ကံဆိုး ရှာပါသည်။
မွန်းတိမ်း တနာရီခန့်တွင် ပွေးတွင်း လှိုင်ခေါင်းသည် ထနောင်းပင်ကြီး အရှေ့ဘက် ရှားစောင်းပြဿဒ် စည်းရိုးဘက်သို့ ထိုးဝင်သွားသည်ကို တွေ့ရသည်။
အေးဆောင် အားမလျော့ပါ။
ပွေးဟူသည် ဥာဏ်အများသား။ သည်ကို အယောင်ပြပြီး ဟိုရောက်ချင် ရောက်သွားသည် မဟုတ်လား။ သို့ကြောင့် ဆက်တူးရာ နဖူးကို ရှားစောင်းပြဿဒ်ဆူးတွေ စူးတော့မှ တံ့တော့သည်။
ခဲလေသမျှ သဲရေကျရပြီ။
ရှားစောင်း ပြဿဒ်ချုံအောက်တွင် တူးချင်လျှင် ချုံများကို ခုတ်ထွင်ရမည်။ အမြစ်တွေကို တူးရမည်။ တစ်ချုံကို တနေ့ရှင်း၍ မပြီး။
အေးဆောင် လက်လျော့သံဖြင့် တောက်ခေါက်လိုက်သည်။
“ယုတ်မာတဲ့ ပွေးကွာ၊ အခုနေ ရေတစည်လောက် လောင်းလိုက်ရရင် ဘောလောပေါ်လာမှာ”
“တော့်ပထွေး ရေတစည်က ဘယ်ကရမှာလဲ”
ကျောနားကပ်၍ ပြောလိုက်သော မြသွယ်ကို လှမ်းကြည့်သောအခါ နှုတ်ခမ်း စူနေသည်။
“ကိုင်း တော်ဖျက်ပစ်လိုက်တဲ့ ပဲပင်တွေကို ပြန်ကြည့်စမ်းပါအုံး”
များလှသည်။ လှည့်မကြည်ပဲနှင့် များပြားမှန်း အေးဆောင် သိသည်။
“ဒါကတော့ နင်တို့ အကျိုးအတွက်” အေးဆောင် စုံစေ့အောင် မပြောလိုက်ရ။ ခြေသလုံး ညိုညိုတုတ်တုတ်ကလေး ပေါ်အောင် ထဘီကို စွန်တောင်စွဲလျှက်၊ မြသွယ် ခြေစောင့်ထွက်သွားသည်ကို အေးဆောင် စိတ်ထဲတွင် မိမိရင်ဘတ်ကို ဆောင့်နင်းသွားသည်ချည်း ထင်လိုက်မိပေ။။
မကျေချမ်းသော စိတ်ဖြင့်
ထိုနေ့က မြသွယ် ထွက်သွားလျှင် ပွေးတွင်း ဆက်တူးနိုင်သောလမ်းကို အေးဆောင် ရှာဖွေသေးသည်။ ရှားစောင်း ပြဿဒ်ခြံကို လှည့်ပတ် တူးဆွကြည့်သေးသည်။
မျှော်လင့်ချက် ကုန်တော့မှ ထနောင်းပင်ရိပ်ဝင်ကာ ဦးသက်ထားခဲ့သော ထမင်းထုပ်ကို ဖြေသည်။ ထမင်းမှာ ပရွက်ဆိတ်တွေနှင့် ရဲနေသည်။ သို့တစေ ပရွက်ဆိတ်တွေ ခဲနေကာမျှနှင့် ထမင်းထုပ်ကို အေးဆောင် မပစ်နိုင်ခဲ့ပါ။ ပရွတ်ဆိတ်ကို ဖယ်ရှားပစ်ကာ ဆီနစ်နေသော အမဲခေါင်း ချဉ်ဟင်းနှင့် ဗိုက်ကားအောင်စားသည်။ စားသောထမင်းလုပ်ထဲတွင် ပါလာသော ပရွက်ဆိတ်များ ကိုက်သည့်အတွက် ထမင်းလည်း စားပြီးရော၊ အေးဆောင် နှုတ်ခမ်းလည်း ရောင်ကိုင်းနေပါလေရော။
လူလည်းပင်ပန်း ပါးစပ်လည်း ပါးရွတ်ဆိတ်ကိုက်၍ ရောင်ရမ်းနေငြား အေးဆောင် မျက်နှာကောင်း မရရှာ။ ညနေဆောင်းတွင် ထနောင်းရိပ်၌ အိပ်နေသော အေးဆောင်ထံ ဦးသက် ရောက်လာသည်။ ပွေးမရဘဲ သူ့ပဲခင်း ပျက်ရမည်လားဟု တိုင်းထွာ၏။ ဆဲရေး၏။
ထိုနေ့မှ အစပြု၍ မြသွယ်လည်း အေးဆောင်ကို မြင်တိုင်း နှုတ်ခမ်းစူနေပြီ။
သည်နေတော့ ဟင်းစားအတွက် ပွေးထိုးရန် ထွက်ခဲ့သည်။ လှမ်းလမ်းဆုံ ရောက်မှ မြသွယ်ကို သတိရကာ ဦးသက်ယာရှိသောဘက်သို့ လမ်းပြောင်းရင်း နှုတ်ခမ်းကို ယောင်ယမ်း စမ်းမိသည်။ မိမိနှုတ်ခမ်း အရောင် ပျောက်ခဲ့သလို မြသွယ်နှုတ်ခမ်းလည်း အစူပျောက်စေရန် နည်းလမ်းကို အေးဆောင် တွေးသည်။ တွေး၍ မရ။
တွေးယင်း လျှောက်ယင်းနှင့် မည်းမည်း အုပ်အုပ် အတန်းကြီး တစ်ခုကို လှမ်းမြင်ရသည်။ ဘသန်းတင်တို့ ယာဘေးနားက နာနတ်အုပ်ပေတည်း။
“ဟုတ်ပြီ ဒီနားမှာ ပွေးတစ်ကောင်ရှိတယ်၊ မနက်ပွေး”
နံနက်ပွေးဟူသည် နံနက်တွင်မှ စုံ့သော ပွေးဖြစ်သည်။
စုံ့သည် ဆိုသည်မှာ ပါးစပ်ဖြင့် ကိုက်ပြီး ဥမင်ဖေါက်သော မြေစာများကို ခေါင်းနှင့် တွန်းပြီး မြေပြင်ပေါ်သို့ ထိုးတင်တတ်ခြင်းဖြစ်သည်။
ယမန်နေ့က ကြိုတင်လေ့လာပြီး မှတ်သားထားသောအချက် ခေါင်းထဲ ဝင်လာလျှင် တုံ့ကနဲ ရပ်သည်။ ခဏကြာမှ ခြေကြွသည်ဆိုရုံမျှသာ အသာကြွ၍ ရှေ့တိုးခဲ့သည်။
တွေ့ပြီ၏ ပွေးစုံ အဟောင်းတစ်ခု။ နောက်တစ်ခု၏ နောက်ထပ်တစ်ခု။
ခြေလှမ်းကို အသံမထွက်အောင် ချုပ်တည်းကာ လှမ်းရသည့် အတွက် အေးဆောင်တကိုယ်လုံး ချွေးပြန်နေသည်။ နာနတ်ရွက်ကို တုတ်ထိုးပြီး အေးဆောင်မှတ်ထားခဲ့သော အမှတ်အသားကို လှမ်းမြင်ရလျှင် အေးဆောင် မှိန်းကို အသင့်ပြင်လိုက်သည်။ အသွားတတောင်ကျော်ရှည်သော သုံးခွမှိန်းသည် အေးဆောင်လက်ထဲတွင် တုန်နေ၏။
အမှတ်အသား လုပ်ထားသည့် နာနတ်ရွတ်အောက်၌ ပွေးစုံ့ရှိသည်။ ပွေးစုံ့ဘေးတွင် ထိုင်၍ အေးဆောင် အမောဖြေလိုက်သည်။
အမှောင်ရိပ် လျှင်မြန်စွာ ပျက်ပြယ်လာသည်။
အေးဆောင် အမောပြေစ။ ချွေးတိတ်စတွင် ပွေးစုံ့မြေမှုန်များ လှုပ်ရှားလာသည်။ တဖြည်းဖြည်းကြွတတ်လာသည်။ မြေကြီးထဲက ပွေးသည် မြေကြိးများကို ခေါင်းဖြင့်တွန်းပြီး တင်ခြင်းဖြစ်သည်။ မြေမှုန်များ လှုပ်ရှားမှုနှင့် မြင့်တတ်မှု ငြိမ်သည်နှင့် အေးဆောင် မှိန်းသွားကို ဆောင့်ချလိုက်သည်။ မှိန်းရိုး ငြိမ့်ကနဲ့ လှုပ်ရှားသွားသည်။
“ဟာ မိပြီကွ”
ပွေးသည် တချက်သာ လှုပ်ရှားနိုင်ကာ အသက်ထွက်သွားခြင်းဖြစ်သည်။ ပွထနေသော ပွေးစုံ့ကြီးကို လက်ဖြင့်ယက်ပြီး ဖယ်လိုက်သောအခါ မြေပေါ်သို့ ခေါင်းပြူနေသော ပွေးကို တွေ့ရသည်။ မှိန်းသည် ဂုတ်ဆက်၌ စူးဝင်နေ၏။
ပွဲဦးထွက် ကောင်းသည့်အတွက် အေးဆောင် ဝမ်းသာသွား၏။ ပွေးကြီးတန်းလန်းနှင့် မှိန်းကိုထမ်းကာ ခရီးဆက်ခဲ့သည်။ နောက်တွေ့ရသော ပွေးစုံ့မှာ ခြောက်သွေ့နေသော မွန်းတည့်ပွေးစုံ့ဖြစ်၏။ နောက်ထပ် နံနက်ပွေးတစ်ကောင်ရှိသော နေရာနှင့်ဝေးသောကြောင့် အေးဆေးစွာဆေးလိပ်သောက်မိသည်။
အေးဆောင် ပျော်သည်ဆိုသောအခါ ချိုးကလေးများကလည်း အလိုက်သိသည်။ မကျည်းပင်ထက်မှ သာယာစွာ ကူးပေးကြသည်။ ဒေါသကြီးမြဲဖြစ်သော ခါသည်ပင်လျှင် သည်နံနက်တွင် ကူသံသာပါဘိ။
ဦးသက် ယာစပ်သို့ အေးဆောင် ရောက်လာသည်။ သူ့ကို ရှားစောင်းပြဿဒ်အောက် မြှားခေါ်သွားပြီး ဒုက္ခပေးသော ပွေးမိသားစုကို မကျေမချမ်း၍ဖြစ်သည်။ ပွေးစုံ့ အသစ်မရှိ။
သုံးရက်လုံးလုံး သည်ပွေးမိသားစုသည် မည်သည့်အရာကို စားနေသနည်း။ ရှားစောင်းမြစ်တွေကို စားရင်း ငြိမ်နေကြဟန်တူသည်။
“နေနှင့်ကြအုံးပေါ့ကွာ” ကြုံးဝါးကာ အေးဆောင် ခရီးဆက်ခဲ့သည်။ နံနက်ပွေး တစ်စုံရှိနေသေးသည် မဟုတ်လား။
ထိုနံနက်ပွေးကို အေးဆောင်လွတ်သွားသည်။ စိတ်အေးလက်အေးဖြင့် ထိုးသော်ငြား ထိုပွေးကို မမိချေ။ သို့ဖြင့် ခဏ တဖြုတ်နားပြီး မွန်းတည့် ပွေးစုံ့များ ရှိသည့်ဘက်သို့ လှည့်ဝင်လာချိန်ဝယ် ရာသီဥတု ချက်ချင်း ပြောင်းလဲသွား၏။
မည်းချိပ်တတ်လာသော မိုးသားများ ငြိမ့်ငြိမ့်အိအိ တိုက်ခတ်လာသော မိုးသက်လေကလေး။
ရာသီဥတာ မသာယာလျှင် ပွေးသည်အေးမြသော သစ်မြစ်အောက်၌ ခိုနေတတ်၏။ အချိန်မှန် စုံ့ချင်မှ စုံ့မည်။ ပွေးထိုးသူ တွက်ခြေလွဲတတ်သည်။
ပထမ မွန်းတည့်ပွေးသည် အေးဆောင် မရောက်မှီပင် အစုံ့ နှစ်စို့ ထိုးသွားသည်။ အေးဆောင်မောသွားသည်။ ဒုတိယ တစ်ကောင်ကိုမူ သူမိလိုက်သည်။
ယာဘက်သို့ ပွေးနှစ်ကောင်ကို “ပေလက်” လျှော်ဖြင့် ဖောက်သီကာဆွဲလျှက်ပြန်လာချိန်တွင် ယာသမားတို့ တမ်းတသောမိုးကြီး ရွာချလေ၏။ တအုန်းအုန်း တဝေါဝေါဖြင့် လေရောမိုးပါဆင်ကာ ရေအိုးကြီး မှောက်ချသလို ရွာခြင်းဖြစ်သည်။
“ရွာစမ်းပါဟ၊ အမလေး ချိုလိုက်တာ”
မိုးရေထဲ၌ အေးဆောင် ခုန်ပေါက် ပြေးလွှား၏။ ပြေးရင်း ပါးစပ်ဟကာ မော့ထားလိုက်သည်။ ချိုလိုက်သည့် မိုးရေ။ အရသာရှိသည့် မိုးရေ။
ပပ်ကြားအပ်များ နူးကုန်၏။ စေ့ကုန်သည်။ ခြေသွားလမ်းများ လှည်းလမ်းကြောင်းများတွင် ရေစီးကြောင်းဖြစ်လာပြီး အမြုပ်တဖွေးဖွေးနှင့် ရေများစီးဆင်းလာ၏။
“ပွေးသားအမိ သုံးကောင်”
သည်အကြောင်းသူ့ခေါင်းထဲ ဝင်လာသောအခါ အေးဆောင် ခြေကုန်သုတ်ပြေးသည်။ ဝှက်ထားသော သံတူရွင်းကို ယူခဲ့ကာ ဦးသက်တို့ ယာထဲပြေးသည်။ လှည်းလမ်းကြောင်းမှ ရေစီးကြောင်းကို ပိတ်သည်။ ရှားစောင်းပြဿဒ်ချုံစပ် ပွေးတွင်းအဝသို့ သွယ်ယူသည်။ မိုးကား သဲကြီး မဲကြီး အော်ချနေသည်။
အေးဆောင် ထနောင်းရိပ်သို့ ပြေးခဲ့သည်။ ပွေးတွဲနှင့် လွယ်အိပ်ကို ချိတ်သည်။ ထိုအခါကျမှ ဦးသက်တို့ သားအဖကို သတိပြုမိသည်။
ဦးသက်ကမှ “နှစ်နပ်စာတော့ ဖူလုံပြန်ပြီပေါ့ကွာ” ပြောဖေါ် ရသေးသော်ငြား မြသွယ်ကား စူသောမျက်နှာဖြင့် တဖက်လှည့်သွား၏။
နာလိုက်တာ။
နုနယ်သည့် နှလုံးသားကို အဆိပ်ပြင်းသော ကျားလျှာဆူး စူးသည့်နှယ် အေးဆောင်ရင်မှာ နာကျင်လိုက်ရတာ။
သို့သော် အေးဆောင် တချက် တွေခနဲ့ ဖြစ်သွားရုံမှ အပ၊ ဦးသက်ရှေ့တွင် မည်သည့်စကားမှ မပြောနိုင်ချေ။ သို့ကြောင့် ခရိုးရှိ ရှားစောင်းပြဿဒ်ချုံသို့ ပြန်ပြေးလာ၏။
မိုးကား မလျော့သေး။
အေးဆောင် လွှဲယူထားသော ရေစီကြောင်းသည် ချုံအောက်သို့ အားနှင့် အင်နှင့် စီးဝင်နေ၏။ ရေထဲတွင် ပါလာသောအမှိုက်များကို အေးဆောင် ဖယ်ပစ်သည်။ ရေအီနေလျှင် မှိန်းဖြင့်ဆွပေးသည်။
မကြာပါချေ။
အေးဆောင် မျှော်လင့်သည့် ကိစ္စ ဖြစ်ပွားလာ၏။
ယင်းမှာ ပွေးဖြစ်သည်။
လက်သီးဆုပ်သာသာ အရွယ်ရှိ ပွေးကလေးသည် နှာခေါင်းဖေါ်လျက် ရေပေါ်သို့ ပေါလောကြီး ပေါ်လာ၏။ အေးဆောင် ဝမ်းသာသည်မှာ ပြောစရာ မရှိတော့။
မျှော်လင့်ချက် သုံးပုံ တစ်ပုံ ပြည့်သွားသော်ငြား အေးဆောင် မလှုပ်ရှားသေး။ နှစ်ခြိုက်စွာ ပြုံးရင်း ပွေးငယ်ကို ပြုံးကြည့်နေ၏။ ပွေးကလေး သည် ရေစီးကြောင်း ဘေးမှ ကပ်လျှက် မြေပေါ်သို့ တတ်လာကာ ယောင်လည်လည် ဖြစ်နေ၏။
ဤသို့ ရှိနေဆဲတွင် နောက်ထပ် ပွေးနှစ်ကောင် ရေပေါ်သို့ ပေါ်လာကြသည်။ ထနောင်းခေါက်ရောင် အမွှေးများ ရွှဲနစ်နေ၏။ သူတို့သည် ရေလွတ်ရာ ကုန်းပေါ်သို့ ပြေးတတ်သည်။ အမွှေးကို တချက် ခါလိုက်ပြီး ရှားစောင်းပြဿဒ် ဆူးချုံထဲ ပြေားဝင်လိုက်သည်။ အေးဆောင်၏ မှိန်းကြီး နှစ်ကြိမ် လှုပ်ရှားလိုက်သည်။
အသွားတစ်တောင်ခန့်ရှည်သော မှိန်းသွားတွင် ပွေးနှစ်ကောင် ထပ်လျှက် တံစို့လျှိုပြီး ဖြစ်သွားတော့လေ၏။ အေးဆောင်သည် ပွေးငယ်ကိုမူ ထနောင်းပင်အောက်သို့ ခေါ်လာ၏။
“အရီး ဟောဒီမှာ ခင်ဗျားတို့ ပဲခင်းကို ဖျက်တဲ့ကောင်တွေ”
“ဟေ ကောင်းသဟေ့”
ဦးသက်သည် တချက် ပြုံးကြည့်ပြီး ပင်စည်အကွယ်တွင် ကပ်ကာ ဆေးလိပ်မီးညှိနေ၏။
“ဟုတ်ပါ့ကော သုံးကောင်တောင်ပါကလား”
သာယာသောအသံကလေးဖြင့် သူ့ရှေ့သို့ ရောက်လာသောမြသွယ်အား အေးဆောင် လှည့်မကြည့် မသိကျိုးကျင် ပြုနေ၏။ ပဲခင်းကလေး အနည်းအပါးပျက်သည်ကို အကျယ်ချဲ့ပြီး မျက်နှာပုပ်နေသော မိန်းမ။ နှုတ်ခမ်းစူကာ မခေါ် မပြော လုပ်နေသောမိန်းမ။
သို့တစေ အေးဆောင် ကြာရှည် တင်းမခံနိုင်ပါ။
“ကိုရင် အေးဆောင်က သိပ်တော်တာပဲ ဒါကြောင့်”
စကားကို တပိုင်းတစဖြတ်ကာ မြသွယ် ညှို့မျက်လုံးကလေး တချက် ဝင့်လိုက်သောအခါ အေးဆောင် သွားကြီးတွေ ဖေါ်၍ ဟီးကနဲ့ အသံထွက်လာရတော့၏။
 ဆင်ဖြူကျွန်း အောင်သိန်း
 (သမီးရီးစား ဝတ္ထုများ စာအုပ်မှ ပြန်လည် ကူးယူ ဖေါ်ပြခြင်း ဖြစ်ပါသည်။)

ဤနေရာမှ တဆင့် ကူးယူဖေါ်ပြပါသည်။

လှဝင်းရီ (ရေးသူ - မောင်ကျပ်ခိုး)


(သရုပ်ဖေါ် ပန်းချီထိန်းလင်း)
(၁)
လှဝင်းရီကား ကျွန်ုပ်တို့၏ မြို့ကလေးတွင် အတော်ပင် ထင်ရှားသောသူ ဖြစ်၏။ လှဝင်းရီ ဟူသော အသံကို ကြားလျှင် အချို့သော အမျိုးသမီးတို့သည် အကြောင်းမဲ့ မျက်စောင်းထိုး ကြကုန်၏။ အချို့သော အမျိုးသမီးများကမူ အိမ်ရှေ့တံခါးဝသို့ နာနာဘာဝ ရောက်လာသည့်အလား ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြသည်။ အချို့မူကား အော့နှလုံးနာဟန်ဖြင့် တံတွေး ထွီခနဲ ထွေးထုတ် ကြလေ၏။

လိုရင်းတိုရှင်း ဆိုရလျှင် လှဝင်းရီသည် ကျွန်ုပ်တို့ မြို့ကလေး၏ တဦးတည်းသော ပြည့်တန်ဆာမကလေး ဖြစ်၏။ ထို့ကြောင့် လှဝင်းရီကို လူတိုင်း သိကြသည်မှာ မဆန်းချေ။ ထိုစဉ်အခါက ကျွန်ုပ် နေထိုင်သည့် မြို့ကလေးတွင် ပြည့်တန်ဆာ အတော် ရှားသောကြောင့် လှဝင်းရီကို ရှားပါး လူသုံးကုန် ပစ္စည်း တစ်မျိုးအဖြစ် သတ်မှတ်သော် သင့်နိုးအံ့သည်။ သို့စေမူ မည်သူကမျှ လှဝင်းရီကို ရှားပါးပစ္စည်းအဖြစ် မသတ်မှတ်ကြချေ။ 
ယခုမူကား လှဝင်းရီ သေသွားရှာလေပြီ။ ညဥ့်နက်ပိုင်းကတည်းက သေဆုံးခြင်း ဖြစ်ချေသလော သို့တည်းမဟုတ် မိုးသောက်ယံ အချိန်ရောက် သေဆုံးခြင်းဖြစ်ချေသလော မည်သူကမျှ ရေရေရာရာ မပြောနိုင်။ သီလရှင်ဆရာကြီး ဒေါ်မေဓာဝီကမူ ညဥ့်ဦးယံ အချိန်အထိ လှဝင်းရီ၏ ညည်းတွားသံကို လေသင့်ခိုက်တွင် တချက်တချက် ကြားလိုက်ရသေးသည်ဟု အခိုင်အမာ ဆို၏။ အရုဏ်ဦးကာလ၌ ဒေါ်မေဓာဝီတို့ သီလရှင်တစ်သိုက် မီးတင်းကုပ်သို့ ဆွမ်းချက်ရန် ဆင်းသည့် အခိုက်တွင်မူ မီးတင်းကုပ်တွင်းရှိ ကွပ်ပျစ်ထက်တွင် ဆန့်ဆန့်ကြီး လဲလျောင်းနေသော လှဝင်းရီ၏ အတ္တဘောကြီးပေါ်တွင် ပုရွက်ဆိတ်တို့ပင် လမ်းသလားစ ပြုနေလေပြီ။
ဒေါ်မေဓာဝီတို့ သီလရှင်တသိုက်သည် ဦးဆံကိုစွန့်၍ ဖန်ရည်စွန်းသော အ၀တ်ကို ၀တ်ကာ စိပ်ပုတီး ကိုယ်စီနှင့် ရိပ်ကြီး ခိုနေကြသူများ ဖြစ်သော်လည်း ဘ၀တဏှာ မပြတ်ကြသေး၊ ပုထုဇဉ်မျှသာ ဖြစ်သည်။ ထို့ကြောင့် လှဝင်းရီ၏ ကြွင်းကျန်ရစ်သည့် ရုပ်အလောင်းကြီးကို မြင်လျှင် ကြောက်သလိုလို၊ ရွံ့သလိုလို၊ တွန့်သလိုလို ဖြစ်သွားကြ၏။ အလောင်းနားတွင် နေရဲသူ မရှိ။ စကား ကျယ်ကျယ် မဆိုဝံ့။  နောက်ကျော မလုံတော့။ လှဝင်းရီ၏ အလောင်းကို ကုန်းကြည့်နေတုန်း အနောက်ကနေ နာနာဘာဝ ၀ိနာဘာဝတို့ ရောက်လာလိမ့်နိုး၊ ကုပ်ချိုးလိမ့်နိုး အမျိုးမျိုး အဖုံဖုံ တွေးတော ကြံဆပြီး ကြောက်ကြသည်။ ထိုမျှသာမက ကျောက်ရုပ်ကြီးကဲ့သို့ လှုပ်ရှားခြင်း ကင်းမဲ့နေပြီဖြစ်သော အလောင်းကောင်ကြီးက ရုတ်တရက် ထထိုင်ပြီး လျှာထုတ်ပြနိုး၊ မျက်စိမှိတ်ပြနိုး တွေးကြ၏။ ကြားဖူးနားဝ သရဲဇာတ်လမ်းတို့ကို ပြန်ပြောင်း အောက်မေ့ပြီး မီးတင်းကုပ်မှ ထွက်ပြေးရန်ပင် ကြံစည် ကြသေးသည်။ ထွက်ပြေးရန် ကြံသော်လည်း မပြေးဝံ့။ အလောင်းကို ဖုတ်ဝင်ပြီး ထလိုက်လာမှ မှောင်ကြီးမည်းကြီးထဲမှာ သောက်ကျိုးကြီးနည်းမည့် အဖြစ်မျိုးနှင့် ကြုံရမည်ကိုလည်း စိုးရိမ်ကြပြန်သည်။

နောက်ဆုံးတွင် ထိုသီလရှင် တသိုက်သည် လှဝင်းရီကလေးကို အညာစောင်ပါးကလေး တထည်ဖြင့် အသာအုပ်ထားခဲ့ပြီး မီးခွက်ကိုယ်စီကိုင်၍ တောရကျောင်း ဆရာတော်ထံပါးသို့ ချဉ်းကပ်ကာ ဖြစ်ပုံပျက်ပုံ အလုံးစုံကို သီလရှင်သံနှောကာ လျှောက်တင်ကြလေသည် ဟူသတတ်။ ဆရာတော်သည် ထိုသတင်းကို ကြားသော် မည်သို့မျှ မဆို၊ အနိစ္စ သဘောကိုသာ ဖြောင့်ဖြောင့်ကြီး ဆင်ခြင်သည်။ ထို့နောက်တွင်မှ တိုက်အုပ်ကိုယ်တော်၊ တိုက်ကြပ်ကိုယ်တော်၊ ခန်းနေကိုယ်တော်တို့အား ဆင့်ခေါ်၍ လှဝင်းရီ၏ အလောင်းကို သဂြိုဟ်ရန် စီစဉ်စေ၏။

(၂)

လှဝင်းရီ မသာချရန်အတွက် လာရောက် ကူညီကြရမည် ဟူသည့် ဆရာတော် ဦးဝေပုလ္လ၏ အမိန့်ကြောင့် ကျွန်ုပ်တို့ ကာလသားတသိုက် တောရကျောင်းရှိရာသို့ လက်ဘက်ရည်ဆိုင်မှ ဖုတ်ဖက်ခါ ထွက်ခဲ့ကြ၏။ တောရကျောင်းဝင်း အတွင်းသို့ ကျွန်ုပ်တို့ ရောက်ရှိချိန်၌ လှဝင်းရီသည် မီးတင်းကုပ်မှ ဆွမ်းစားကျောင်း ခြေရင်းရှိ ရင်ကွဲဇရပ်ပျက်ပေါ်တွင် ပြောင်းရွှေ့ စံမြန်းနေသည်ကို တွေ့ရ၏။ ထိုအခိုက် နွေဥသြသည် မည်သို့ စိတ်ကူးပေါက်သည် မသိ၊ ဥသြ ဥသြနှင့် တသြတည်း သြနေလေရာ လွန်စွာမှပင် နားကြားပြင်း ကပ်စရာ ကောင်းလှတော့သည်။ ဥသြ တခွန်း ယင် တစွန်း ဟူသည့် စကားအတိုင်း ခေါပဏီ ယင်တပ်ကြီးသည် လှဝင်းရီ၏ မျက်နှာပေါ်တွင် လူလွန့် ပျံသန်းပြီး တ၀ီဝီ မြည်သော အသံကို ပြု၏။

ငယ်စဉ်အခါက ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးနှယ် အလှသွေးကြွယ်ခဲ့သူ လှဝင်းရီသည် ယခုအခါတွင် ငါးကျည်းခြောက် ကျပ်တိုက် အသွင်ကိုဆောင်၍ နေ၏။ အသက်ပျောက်ခဲ့သည်မှာ အတော်ပင်ကြာပြီ ဖြစ်သောကြောင့် မသာကောင်မှာ ရေခဲရိုက်ထားသည့် ငါးကြီးပမာ တောင့်တောင့် တင်းတင်းကြီး ဖြစ်နေ၏။
  
ငယ်သံယောဇဉ်ကြောင့် ကျွန်ုပ်သည် လှဝင်းရီ၏ အနီးသို့ အသာချဉ်းကာ ကြည့်ရှုမိသည်။ ပြာနှမ်းနှမ်း နှုတ်ခမ်းပါးထက်တွင် အပြုံးကလေးတပွင့် တင်ကျန်နေသည်ကို တွေ့ရ၏။ လှဝင်းရီကား သေသော်လည်း အပြုံးမပျက်ချေ။ သေပန်းပွင့်သည်ဟု ဆိုရကောင်း၏။ “အို ဒွန္နယာကြီး သင် မည်မျှပင် ဆိုခဲ့စေကာမူ သင့်ကို ကျွန်ုပ် မေတ္တာမပျက်ပါ” ဟု ပြုံးပြုံးကလေး လုပ်၍ နှုတ်ဆက်သွားခြင်း ဖြစ်ချေသလော။ သို့တည်းမဟုတ် သေခါနီး ဂတိနိမိတ် ထင်ဟပ်လာချိန်တွင် အတိတ် နိမိတ်ကောင်းများကို မြင်တွေ့သွားခဲ့သောကြောင့် ကျေနပ်အားရဖြစ်ကာ ပြုံးသွားခဲ့ခြင်း ဖြစ်ချေသလော။ သို့သော် လှဝင်းရီ၏ ဘယ်ဘက် နှုတ်ခမ်းထောင့်ကလေးမှာ အနည်းငယ် တွန့်၍ နေသောကြောင့် လှဝင်းရီသည် သေခါနီးတွင် လောကကြီးကို စိတ်အနာကြီး နာကျည်းကာ မဲ့ပြုံး ပြုံးပြသွားခြင်း ဖြစ်တန်ရာ၏ ဟု ကျွန်ုပ် မနေနိုင် မထိုင်နိုင် တွေးမိသည်။

ထိုစဉ် “ဟဲ့ ကျပ်ခိုး အလောင်းနားမှာ ဘာ မယောင်ရာ ဆီလူး လုပ်နေတာတုံး” ဟုသည့် ဆရာတော်၏ အသံကို ရုတ်ခြည်း ကြားလိုက်ရ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ပါးစပ်ထဲရှိရာ “တပည့်တော် အလောင်းကို စောင့်နေတာပါဖျာ့” ဟု လျှောက်ထားလိုက်သည်။ “တောက်တီးတောက်တဲ့ နေ့ခင်းကြောင်တောင် အလောင်းစောင့်ရအောင် ဒီမသာကောင်ကြီးကို ဘယ်ကောင်မှ မ မပြေးဘူး။ မင်း အခု ချက်ချင်း သစ်ဆိုင်ကိုသွားပြီး တလားစပ်ရအောင် သစ်အလှူခံချေ” ဟူသည့် ဆရာတော့် အမိန့်အဆုံး၌ ကျွန်ုပ်သည် အလောင်းအနီးမှ ခွာ၍ သစ်ဆိုင်သို့ ပြေးရလေ၏။
   
သစ်ဆိုင်ပိုင်ရှင်သည် ကျွန်ုပ်ကို မြင်သော် “ဟေ့ရောင် ကျပ်ခိုး ဒီတစ်ခါ ဘယ်သူ့ အလှည့်တုံး” ဟု တခွန်း မေး၏။ ထို့နောက် “မင့် အလှည့်ရော နီးပြီလား” ဟု နောက်တခွန်း ဆိုပြန်သည်။ ကျွန်ုပ်လည်း စိတ်ပေါက်လာသည်နှင့် “ဦးလေးရဲ့ လှဝင်းရီလေ ဦးလေးရဲ့။ ကျွန်တော်က ဦးလေးနောက်မှ သွားမှာ” ဟု ပြန်ပက်လိုက်၏။ သစ်ဆိုင်ပိုင်ရှင်သည် “လှဝင်းရီ” ဟူသည့် အသံကို ကြားသော် ပြာယီးပြာယာ ဖြစ်သွားလေ၏။ “မင်းတို့ ဘယ်လို စီစဉ်ထားသလဲ။ အခု အလောင်းကို ဘယ်မှာထားသလဲ” ဟု ဆို၏။ “လှဝင်းရီက တောကျောင်းထဲက သီလရှင် ဇရပ်မှာကပ်နေရတာကို ဦးလေး အသိသားနဲ့။ အလောင်းကို ကျောင်းထဲက ဇရပ်မှာ မထားလို့။ ဦးလေးတို့ အိမ်ဦးခန်းမှာ လာပြီး ထားရမှာလား” ဟု ကျွန်ုပ် ယဉ်ကျေးစွာ ပြန်လည် ဖြေကြားလိုက်သည်။ ထိုသို့ဆိုလိုက်သော် သစ်ဆိုင်ရှင်က “ဟ ကျပ်ခိုး မင်းဟာလေ အတော် ပြောရဆိုရ ခက်ပါကလား၊ လှဝင်းရီက ရိုးရိုးသေတာ မဟုတ်ဘူး။ ဒီတော့ကာ အလောင်းမှာ ပိုးတွေ မွှားတွေ ရှိရင် ရှိနေအုံးမှာ။ မင်းတို့ အလောင်းကို ပလပ်စတစ်နဲ့ သေသေချာချာထုပ်။ ပြီးရင် အရိုးပါ ပြာကျအောင် မီးသဂြိုဟ်ရမယ်” ဟု ဆရာလုပ်လေ၏။ ထို့နောက် “မင်းတို့တွေနဲ့ သည်အတိုင်း ပစ်ထားလို့ မဖြစ်တော့ပါဘူး။ ငါကိုယ်တိုင် ဆရာတော့်ကို လာလျှောက်ပြီး စီစဉ်မှ ဖြစ်တော့မယ်” ဟု သူသိ သူတတ် လေသံဖြင့် အကျောတင် စကားကို ဆိုလေ၏။ ကျွန်ုပ်လည်း စကားအပို မဆိုလိုသောကြောင့် ခပ်မဆိတ် နေလိုက်၏။

(၃)

သေလျှင် ကိစ္စ ပြီးပြီ၊ ပြဿနာ ရှင်းပြီ ဟု အချို့သူတို့ ပြောဆိုကြသည်ကို ကြားဖူးပါ၏။ မည်သို့ မည်ပုံ ပြီးပြတ် ရှင်းလင်း သွားသည်ကို ကျွန်ုပ် မသိ။ ကျွန်ုပ်သိသည်မှာ လူသေလျှင် အတော်ပင် အလုပ်ရှုပ်သည် ဟူ၍သာ ဖြစ်၏။ သေသောသူက သေပြီးပြီ။ ထို့ကြောင့် ကျန်သောသူတို့က ရပ်ကွက်လူကြီးကို သတင်းပို့ရသည်။ သေဆုံးခြင်း အတည်ပြုကြောင်း ထောက်ခံစာကို ရပ်ကွက်ရုံးမှ ရယူရမည်။ ထို့နောက် ဆေးရုံသို့ သွား၍ ဖွားသေစာရင်း တာဝန်ခံထံ အစီရင်ခံရမည်။ ဖွားသေစာရင်း တာဝန်ခံ စိတ်အလို မကျလျှင် လက်ဘက်ရည်ဖိုး ထွက်တတ်သည်။ လက်ဘက်ရည်ဘိုး မကုန်လိုပါက တနေကုန် သွားတတ်သည်။ အလိုက်သိမှ အလုပ်ဖြစ်သည့် လောက မဟုတ်လော။
 
သေသောသူ သင်းသင်းသည် သုသာန်သို့ သက်သက်သာသာ သွားသေသည် ဟုသည့် သ အက္ခရာဖြင့် စီရင်ရေးဖွဲ့ထားသည့် ကလေးကဗျာကို ကျွန်ုပ်တို့ အားလုံးလိုလို ရွတ်ဆိုဖူးကြသည်။ ယခု သေသူမှာ သင်းသင်း မဟုတ်၊ လှဝင်းရီ ဖြစ်သောကြောင့် သုသာန်သို့ သူကိုယ်တိုင် မသွားတတ်။ ထို့ကြောင့် ကျန်ရစ်သူတို့က လိုက်လံ ပို့ဆောင်ရတော့မည်။ လိုက်ပို့သည်ဟု ဆိုရာတွင် အလောင်းကို သည်အတိုင်း ပို့၍ မရ။ အနည်းဆုံး ဖျာလိပ်နှင့် ပတ်ချရန် သပေါ့ဖျာ လိုသည်။ တလားလိုသည်။ သုဿန်သို့ မပို့ဆောင်မီတွင် အလောင်း တင်ထားရန် ၀ါးကပ်လိုသည်။ ၀ါးကပ်လုပ်ရသည်မှာ စည်းကမ်း ထွေပြား လှပါဘိတောင်း။ ၀ါးကို ခုတ်ချင်တိုင် မခုတ်ရ။ ၀ါးရုံပင်စောင့် ရုက္ခစိုးထံတွင် ခွင့်ပန်ရသေးသည်။ ၀ါးခုတ်ရာတွင် စုံ ဂဏန်း၊ မ ဂဏန်း စသည့် စည်းမျဉ်း စည်းကမ်းတို့ ရှိသေးသည်။  ထို့ပြင် လူသေခြင်းနှင့် လပြည့် လကွယ်ခြင်း မည်သို့ ဆက်စပ်နေသည်ကို မည်သူမျှ တိတိကျကျ မဆိုနိုင်သော်လည်း ရပ်ဓလေ့ထုံးစံအတိုင်း လပြည့်ရက်တွင် သေလျှင် မည်သို့ ပြုရမည်။ လကွယ်ရက်တွင် သေလျှင် မည်သို့ ပြုရမည်။ နဂါးခေါင်း၊ နတ်နေ ရှောင်ကြဉ်ရခြင်း စသည့် ရပ်ဓလေ့စဉ်လာတို့ ထွေပြားလှချေ၏။

သို့နှင့် လိုအပ်သော သစ်ဝါးတို့ စုံလင်သော် ကျွန်ုပ်တို့ ခါတော်မီ လက်သမားတသိုက်သည် ခေါင်းစပ်ကြရလေ၏။ ရွေဘော် ထိုးသူထိုး၊ တူ ကိုင်သူကိုင်၊ ပွဲလျက် ကပ်သူကပ်၊ ပန်းစက္ကူ ညှပ်သူညှပ်၊ ပန်းစာလုံး ရေးသူရေးနှင့် အလုပ်ရှုပ် သွား၏။ ထိုသို့ အလုပ်များနေခိုက်တွင် တစ်ယောက်က “လှဝင်းရီ အသက် ဘယ်နှနှစ် ရှိပြီတုံး” ဟု မေးလိုက်သည်ကို ရုတ်တရက် ကြားလိုက်ရ၏။ မည်သူမျှ ရေရေရာရာ မပြောနိုင်။ ထိုစဉ် “အ၀င်း က ငါအောက် သုံးနှစ်နှစ်ငယ်တယ်၊ ဒီတော့ကာ သူ သုံးဆယ့်ငါးနှစ် ကျော်ကျော်၊ သုံးဆယ့်ခြောက်နှစ်ထဲမှာပေါ့” ဟူသော ဘဲဥ၏ ခြောက်ကပ်ကပ် ဖြေသံကို ကြားရလေ၏။ “သြော် ဘဲဥ အမှတ်သညာ ကောင်းလှချေလား” ဟု ကျွန်ုပ် တီးတိုး ရေရွတ်မိသည်။

အရပ်ကောင်းသဖြင့် လှဝင်းရီ အလောင်းလှသွားသည်ဟု ဆိုသော် ဆိုရကောင်း၏။ မကောင်းခံနိုင်ရိုးလား။ စီစဉ်သူတို့မှာ ကျွန်ုပ်တို့ လူသိုက်ဖြစ်သောကြောင့် အလောင်းလှသည်မှာ မြေကြီးလက်ခတ် မလွဲပင်တည့်။ စင်စစ် တလားတွင် ကပ်ထားသည့် ပန်းစက္ကူတို့မှာ ကပ်ချင်တိုင်း ကပ်ထားသောကြောင့် အတော်ပင် မျက်စိနောက်စရာ ကောင်းလှ၏။ အသေအချာကြည့်လျှင် ကျွန်ုပ်တို့ စိတ်တိုင်းကျ မွမ်းမံထားသည့် အသည်း နှလုံးပုံ၊ ညောင်ရွက်ပုံ၊ ကြာပန်းပုံ အစရှိသည့် အပြင်အဆင် ဒွါရယာများကို တွေ့နိုင်မည် ဖြစ်သည်။ လိုက်ကာစ တရုတ်ပိတ် ဖြူဖြဲဖြဲ ထက်တွင် ရောင်စုံ စက္ကူ နှင်းဆီပန်းတို့ စွင့်စွင့်ကားကား နေရာယူထားကြ၏။ အလို တလားပေါ်မှာ အုန်းရွက်နဲ့ လုပ်ထားတဲ့ ပျံလွှားလေး တကောင် နားလို့ ပါကလား။

(၄)

သုံးရက်မြောက်သော် လှဝင်းရီကို သုသာန်သို့ လိုက်လံ ပို့ဆောင်ရလေ၏။ လှဝင်းရီ၏ နောက်ဆုံးခရီးသည် တောရကျောင်း ဆရာတော်၏ တရား ဆုံးမစကား၊ သီလရှင်တို့၏ သံဝေဂ လင်္ကာရွတ်သံတို့ကြောင့် အတော်ပင် ငြိမ်းချမ်းလှပါပေ၏။ ကျွန်ုပ်တို့ မသာပို့သူ တသိုက်ပင်လျှင် ယခင်အခါလို ဟေးလားဝါးလား မလုပ်မိကြချေ။ မည်သည့် ဘုံဘ၀၊ ဌာနသို့ ရောက်နေပြီမှန်း မသိရသည့် လှဝင်းရီအတွက် ကျွန်ုပ်တို့ ပြုဖူးသည့် ကုသိုလ်ကောင်းမှုတို့ကို ခြစ်ချုတ် ဆင်ခြင်၍ အမျှပေးဝေလိုက်ကြ၏။

သုသာန်စည်းရိုး တလျှောက်တွင် အလေ့ကျပေါက်နေသည့် ဗုဒ္ဓသရဏံပန်းတို့ ရဲပဒေါင်းခတ်အောင် ဖူးပွင့်နေ၏။ လေအဝှေ့တွင် ဗုဒ္ဓသရဏံပန်းတို့ လူးလွန့်နေသည်မှာ ခုနစ်ထွေ ရုပ်သေးပွဲစင်တွင် ဇော်ဂျီရုပ်ကလေး ကနေသည်နှင့်ပင် တူသေး၏။
  
လှဝင်းရီသည် သွေးရိုးသားရိုး သေဆုံးခြင်း မဟုတ်၊ ဆန်းဆန်းပြားပြား သေဆုံးခြင်းဖြစ်သဖြင့် အလောင်းကို အရိုးပြာကျအောင် မီးသင်္ဂြိုဟ်ရမည် ဟူသည့် ဆရာတော့် အမိန့်ကြောင့် ကျွန်ုပ်တို့ လူသိုက်သည် လှဝင်းရီကို မီးပြင်းတိုက်ရန် ပြုရလေသည်။ နွေနေ့လယ်အချိန်တွင် မီးသင်္ဂြိုဟ်ရသည်မှာ အလွန် ပင်ပန်းလှသည့် အလုပ်ပင် ဖြစ်သည်။ သို့သော်လည်း ဆရာတော့်စကားကို ပယ်ရှားရန် မဖြစ်နိုင်။ သမှည့်၊ ကနစို အမြစ်ဆုံကြီးများကို ထင်းအဖြစ်စီမံပြီး လှဝင်းရီကို ထိုထင်းပုံကြီးပေါ်တွင် မှောက်ခုံ တင်လိုက်၏။

“ကဲ မီးစတိုက်ရအောင် ကျပ်ခိုးရေ၊ မော်တော်ကား တာယာတွေ ယူခဲ့အုံး။ ရေနံဆီဖြန်း ပြီးရင် ပုံးကို ၀ါးရုံတောနားမှာ သွားထားချေ။ တော်ကြာ ရေနံဆီပုံး မီးထတောက်လို့ ငါတို့ပါ လှဝင်းရီနောက် လိုက်နေရအုံးမယ်” ဟူသည့် ကာလသားခေါင်း ဆင်ပေါက်၏ စကားအဆုံးတွင် ကျွန်ုပ်တို့သည် အလောင်းကို မီးသင်္ဂြိုဟ်ရန် စတင် ပြင်ဆင်ကြ၏။

ထိုအခိုက် “ခဏနေအုံး အလောင်းကို မီးမတိုက်နဲ့အုံး” ဟု ဘဲဥ လှမ်းပြောလိုက်သည်ကို ကြားလိုက်ရ၏။ ဘဲဥသည် ကျွန်ုပ်တို့ လူသိုက်ကို တိုးဝှေ့ကျော်လွှားပြီး အလောင်းနားသို့ ချဉ်းကပ်သွားသည်။ အလို သူ့လက်ထဲတွင် သနပ်ခါးတုံးကလေး ကိုင်လို့ ပါကလား။ ဘဲဥသည် မှောက်ခုံကြီးဖြစ်သော လှဝင်းရီ အလောင်းနံဘေးတွင် သနပ်ခါးတုံးကလေးကို ကိုင်၍ ငူငူကြီး ရပ်နေ၏။ သနပ်ခါးတုံးကို လှဝင်းရီ၏ ကျောက်ကုန်းထက်တွင် တင်ထားရကောင်းနိုး၊ သို့တည်းမဟုတ် ပေါင်တံပေါ်တွင် တင်ထားရကောင်းနိုး သို့တည်းမဟုတ် အလောင်းအောက်သို့ ထိုးထည့်လိုက်ရကောင်းနိုး အမျိုးမျိုး တွေးတောကာ ဇဝေဇ၀ါ ဖြစ်နေရှာဟန်တူသည်။ အတန်ကြာမှ သနပ်ခါးတုံးကလေးကို လှဝင်းရီ၏ လက်ပြင်ထက်တွင် အသာ နေရာချထားလိုက်လေသည်။ အတော်ပင် ကဗျာမဆန်သည့် ဘဲဥ ဖြစ်ချေ၏။

ထိုအချင်းအရာကို မြင်ရသောကြောင့် ကျွန်ုပ်တို့ လူသိုက် တဒင်္ဂမျှ မင်သက် မိန်းမောခြင်းသို့ ဆိုက်ရောက်သွား၏။

ကာလသားခေါင်း ဆင်ပေါက်က “ဟေ့ရောင် ဘဲဥ မင်းမိန်းမ သနပ်ခါးတုံးကို ခိုးလာတာလားကွ။ တော်ကြာ သနပ်ခါးတုံး ပျောက်တဲ့ အကြောင်းကို မင့်မိန်းမကြီး သိသွားရင် မင်းကို နားရင်းပါးရင်း တီးနေအုံးမယ်၊ မင်း ပြေးပေါက်မှားနေအုံးမယ်” ဟု ကျီစယ်လိုက်သည်တွင်မှ ကျွန်ုပ်တို့ လူသိုက်လည်း သတိပြန်ဝင်ကာ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်မိကြသည်။ ထို့ကြောင့် ဘဲဥသည် ရှက်အမ်းအမ်း ဖြစ်သွားပြီး မျက်လွှာကို ချကာ မျက်လုံးကို ပေကလပ် ပေကလပ် ပြု၍ နောက်ဆုတ်သွားလေ၏။ 

ဆင်ပေါက်သည် သူကျီစယ်ပြီးခါမှ နှုတ်လွန်သွားပြီ ဖြစ်ကြောင်း သတိပြုမိသည်။ ထို့ကြောင့် အခြေအနေကို ထိန်းရန် အတွက် “ဘဲဥရယ် လူဆိုတာ သေမျိုးချည်းပဲပေါ့ကွာ။ ဒီတော့ကာ မင်း ဟိုအကြောင်း ဒီအကြောင်းတွေ လျှောက်တွေးမနေနဲ့။ လာကွာ အလောင်းကို မီးသင်္ဂြိုဟ်ရတာ ပူပါတယ်။ အုန်းရည်လေး ဘာလေး သောက်ရအောင် အုန်းသီး သွားခူးကြမယ်” ဟု ဆိုရင်း ဘဲဥ ပုခုံးကို ဖက်ကာ သုသာန်အစပ်ရှိ အုန်းတောသို့ ထွက်ခွာသွားလေ၏။
  
ကျွန်ုပ်တို့ လူသိုက်လည်း အလေနတော အကြောင်းအရာတို့ကို စိတ်ကူးတည့်သလို ပြောရင်း အလောင်းကို မီးတိုက်ကြလေ၏။ သုသာန်တောင်ဘက်မှ ညောင်မုတ်ဆိတ်ပင်တို့သည် ကျွန်ုပ်တို့၏ အလေနတော စကားများကို နားစွင့်ရင်း တဟဲဟဲ မြည်သံကို ပြုနေ၏။ မီးရှိန်ကြောင့် တချက်တချက်တွင် အလောင်းရုန်းထလာ၍ တံစူးဝါးဖြင့် ထိုးရသေးသည်။ ထုံးစံ အတိုင်းဆိုလျှင် အလောင်းကို ထင်းပုံပေါ်တင်၊ ပြီးလျှင် မီးပြင်းတိုက်၊ မီးညွန့် မကျိုးအောင် နောက်ထပ် ထင်း ထည့်ထားခဲ့ပြီးလျှင် သုသာန်မှ ပြန်ကြယုံသာ ဖြစ်၏။ သို့သော်လည်း ယခုမူကား ဆရာတော့်အမိန့်ကြောင့် အရိုးကျသည့် အထိစောင့်၍ အရိုးကောက်ပြီး မြေမြုပ်ရပြန်သောကြောင့် နေအတော်စောင်းခါမှ ကိစ္စပြီးပြတ် သွားလေသည်။

“ပစ္စည်း ပစ္စယတွေ သိမ်းဟေ့၊ ပြီးရင် အိမ်ပြန်ကြရအောင်” ဟု ဆင်ပေါက် ဆော်သြလိုက်သဖြင့် ကျွန်ုပ်တို့သည် မီးကြွင်းမီးကျန်တို့ကို ငြှိမ်းသတ်ပြီး သုသာန်မှ ဖုတ်ဖက်ခါ၍ ထွက်ခွာခဲ့ကြသည်။ သုသာန်မှ မထွက်မီတွင် တယောက်သောသူက ဇီးခက်ကလေး တစ်ခက်ကို ချိုးယူပြီး လှဝင်းရီ၏ အရိုးတို့ မြှုပ်နှံထားရာ မြေပုံကို အသာပုတ်၍ “ကဲ လှဝင်းရီ ရေ၊ ငါတို့နဲ့ ပြန်လိုက်ခဲ့” ဟု ဆိုကာ လိပ်ပြာ ခေါ်၏။ “အောင်မယ် မင်းက လှဝင်းရီ ဒီည ခေါ်သွားအုံး မလို့လားကွ။ မင်းတို့အိမ်က လူကြီးတွေ ပင်လယ်ဆင်းနေတယ် ဆိုတော့ အတော်ပဲ ပေါ့ကွာ။ ဒါပေမယ့် အသံမထွက်စေနဲ့။ ဘေးအိမ်တွေ သိသွားအုံးမယ်” ဟု တစ်ယောက်က နောက်လိုက်သည်။ သူ့စကားကြောင့် အားလုံး ပွဲကျသွား၏။ ဘဲဥ မျက်နှာထား တင်းခနဲ ဖြစ်သွား၏။ ကျွန်ုပ်မူကား လှဝင်းရီ လိုက်ပါလာသည်ဟု ဆိုသော ဇီးခက်ကလေးကို အားနာနာနှင့် ကြည့်မိ၏။

(၅)
  
မြို့အစပ်သို့ ရောက်လျှင် ဆင်ပေါက်က “ဒီနေ့ မီးသင်္ဂြိုဟ်ရတာ မပင်ပန်းဘူးလားဟေ့။ ဒီတော့ကာ ငါတို့ နည်းနည်းပါးပါးလောက် ၀င်မော့လိုက်ကြရအောင်” ဟု ဆို၏။ ဆင်ပေါက်၏ အဆိုပြုချက်ကို ကျွန်ုပ်တို့ အားလုံး သဘောတူကြ၏။ ထို့ကြောင့် မြို့ဝင်လမ်းကြောင်းမှ သွေဖီကာ အရက်ဖြူဆိုင်သို့ ချဉ်းခဲ့၏။

အရက်တလုံးပြီး တလုံးသောက်ရင်း ကျွန်ုပ်တို့ အားလုံး ရီတီတီ ရစ်တစ်တစ် ဖြစ်ကာ အတော်ပင် ထွေသွားကြလေ၏။ ထိုအခိုက်တွင် တယောက်သောသူက “ဟေ့ ဘဲဥ မင်း ငိုင်လှချည်လားကွ” ဟု စကားစလိုက်သည်။ ဘဲဥကား အင်းမလုပ် အဲမလုပ် ငူငူကြီး ထိုင်ကာ အရက်ကိုသာ ဖိသောက်နေသည်။ ထိုသူကပင် ဆက်လက်၍ “ဟေ့ရောင် ဘဲဥ မင်း လှဝင်းရီကလေးကို အလယ်ရေကျော်ဘက်ကို မ သွားတုန်းက မင့် မိန်းမကြီး ဆွေ့ဆွေ့ခုန်ပြီး ကျန်ခဲ့တာ ငါ မှတ်မိသေးတယ်ကွ” ဟု အကြောင်း စပ်လျဉ်းခြင်း လုံးဝ မရှိဘဲ ရှေးဟောင်းနှောင်းဖြစ်တို့ကို ပြန်လှန်ကာ ချီးခြောက် ရေနှူး လုပ်၏။ ထိုအချိန်အထိ ဘဲဥ နကမ္ပတိ လုပ်နေသေးသည်။ “ဟေ့ရောင် ဘဲဥ ငါပြောတာကို ကြားရဲ့လားကွ။ ဘာဖြစ်လို့ တငူငူ တငိုင်ငိုင် ဖြစ်နေရတာတုံး။ မင်း မလဲကွာ ဖာသည်ကိုများ စာဖွဲ့နေရသေးတယ်လို့ကွာ” ဟူသည့် ထိုသူ၏ ဖြေသိမ့်စကား အဆုံး၌ ဘဲဥ၏ လက်အတွင်းမှ ငှဲ့လက်စ အရက်ပုလင်းသည် ၀ှီခနဲ လွင့်စဉ် ထွက်လာပြီး ထိုသူ၏ မျက်နှာနှင့် သစ္စာနှံလေ၏။ ထို့နောက် ဆိုင်ထဲတွင် ပုလင်းမိုး၊ ဖန်ခွက်မိုး ဗြုန်းစားကြီး ရွာချလေ၏။ ထိုးသူထိုး၊ ဆွဲသူဆွဲ၊ ပြေးသူပြေး၊ လိုက်သူလိုက်နှင့် ကျွန်ုပ်တို့ လူသိုက် ဖရိုဖရဲ ဖြစ်သွား၏။ လှဝင်းရီ လိုက်ပါလာသည် ဟုဆိုသော ဇီးခက်ကလေးသာ အရက်ဆိုင် တံခါးဝတွင် ကျန်ရစ်ခဲ့တော့သည်။
  
သူရံ အရက်ကို ဧကော တခွက်သောက်မူ သုညံ ဆိတ်ငြိမ်၏။ ဒွိယံ နှစ်ခွက်သောက်မူ သူရံ ရဲရင့်၏။ တြိယော သုံးခွက်သောက်မူကား သုနခေါ ခွေးဖြစ်ပါသလျှင်ကတည်း ဟူသည့် အရက်သမား ဂါထာကို မည်သူ ရေးဖွဲ့ခဲ့သည်ကို ကျွန်ုပ် မသိချေ။  ထိုစကားသည် သွေးထွက်အောင် မှန်ကန်လှပါပေ၏။ ဖန်ခွက်၊ ပုလင်းတို့နှင့် ပစ်ကြ ခတ်ကြသည်ကြောင့် သွေးထွက်သံယို ဖြစ်သူ အတော်များသွားသည်ကို လက်တွေ့ကြုံခဲ့ရ၏။

ကျွန်ုပ်မှာ ဘဲဥကို ဆွဲရင်း ပြေးခဲ့ရသောကြောင့် အတော်ပင် မောဟိုက်သွားသည်။ ဘဲဥကို အိမ်ပြန်ပို့ရန် စဉ်းစားမိသော်လည်း အိမ်ပြန်ရောက်လျှင် နောက်ထပ် ပြဿနာများ ကြုံရဖွယ် ရှိသည်ကို တွေးမိသောကြောင့် မြို့တွင်းမှ တပ်ခေါက်ပြီး တောရကျောင်းရှိ ဆွမ်းစားဇရပ်တွင် တညတာ အိပ်စက်ခိုအောင်း ရလေ၏။ ဆွမ်းစားဇရပ်ရှေ့ရှိ ကွပ်ပျစ်အိုထက်တွင် ဆေးပေါ့လိပ် ကိုယ်စီနှင့် လဲလျောင်းရင်း တလက်လက် တောက်ပနေသည့် ကြယ်ကလေးများကို အကြောင်းမဲ့ ငေးကြည့်မိသည်။ မည်သည့် စကားကိုမျှ မဆိုမိကြတော့ချေ။ အုန်းလက် လေတိုးသံ တရှဲရှဲနှင့် အမှောင်ထု ပိန်းပိတ်ဖုံးနေသော အကာလ ညအခါတွင် ဘဲဥနှင့် ကျွန်ုပ်သည် ခြူးနဂါးဆေးပေါ့လိပ်၏ အရသာကို ခံစားရင်း ကျွန်ုပ်တို့၏ စိတ်အစဉ်ကို အတိတ်ဆီသို့ ရွှက်လွှင့်မိလေသတည်း။

(၆)
  
တောရကျောင်းတိုက်နှင့် မနီးမဝေးတွင် ဖုန်းဆိုးကွင်းဟု ခေါ်သည့် ဆင်ခြေဖုံးရပ်ကွက် တခု ရှိ၏။ ထိုအရပ်သည် ရှေးယခင်က ကြပ်တစ္ဆေတို့ ခိုအောင်း ပျော်မြူးရာ လယ်ကွင်းကြီး ဖြစ်ခဲ့ဖူးသည်ဟု အဆိုရှိသော်လည်း မြို့ရွာ စည်ကားလာပြီးသည့်နောက်တွင် လက်လုပ်လက်စား ပျံကျသမားတို့၏ ဘူမိနက်သန် နေရာမှန် ဖြစ်လာ၏။ ထိုလက်လုပ်လက်စား ပျံကျသမားတို့၏ ရင်သွေးငယ်များ ပညာရင်နို့ သောက်စို့ရာ ဖုန်းဆိုးကွင်းကျောင်းသည် လှဝင်းရီ၊ ဘဲဥနှင့် ကျွန်ုပ်တို့ စတင် ဆုံဆည်းခဲ့ရာ အရပ်ပင်တည်း။

ဖုန်းဆိုးကွင်းကျောင်းသည် လက်လုပ်လက်စားတို့ကို အမှီသဟဲပြုရသောကြောင့် အတော်ပင် ဆင်းရဲသောကျောင်း ဖြစ်သည်။ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမ များစွာ မရှိချေ။ ကျောင်းအုပ်ဆရာကြီး တဦးတည်းသာ ရှိပြီး၊ ထိုကျောင်းအုပ်ဆရာကြီးသည် သူငယ်တန်းမှ လေးတန်းအထိ ငါးကိုယ်ခွဲ၍ သင်ကြားသည်။ မိုးကျခါနီးတွင် ကျောင်းအမိုးအတွက် ကျောင်းသားမိဘတို့ထံမှ ကျောင်းသားတဦးလျှင် ဓနိငါးပျစ်နှုန်းဖြင့် ကောက်ခံကာ အနောက်တောင် မုတ်သုံကို အံတုရသည်။ မုတ်သုံလေ သရမ်းလျှင် ကျောင်းတခုလုံး သိမ့်သိမ့်တုန်နေတတ်သည်။ အကာမှာ ကျောင်းသားတဦးလျှင် ၀ါးတလုံးနှုန်းဖြင့် ရရှိသည့် ၀ါးဖြင့် ရက်လုပ်ထားသည့် ၀ါးထရံ ဖြစ်သည်။ ကျောင်းသူကျောင်းသားတို့ လက်ဆော့ပြီး ထရံဖြဲခြင်းကြောင့် ထိုဝါးထရံကို နှစ်စဉ်နှစ်တိုင်း အသစ်လဲရသည်။ ၀ါးထရံလဲချိန်တန်လျှင် ကျောင်းအုပ်ဆရာကြီးသည် ကျောင်းသူကျောင်းသားတို့ကို ကျောင်းရှေ့ ဘောလုံးကွင်းတွင် စုရုံးစေပြီး “နက်ဖြန်ကျရင် ၀ါး တယောက်တလုံး ယူခဲ့ရမယ်။ မယူခဲ့တဲ့ကောင် ကြိမ်နဲ့ ဆော်မယ်” ဟူသည့် တိုတိုတုတ်တုတ်နှင့်  အနှစ်သာရ ပြည့်ဝသော မိန့်ခွန်းကို ခြွှေတတ်၏။

ဖုန်းဆိုးကွင်းကျောင်းမှ တောင်ဘက်သို့ မျှော်ကြည့်လိုက်လျှင် တောရကျောင်းရှိရာ ဥယျာဉ်ကုန်းသည် မြို့အစွန်တွင် ထီးထီးကြီး တည်နေ၏။ တောရကျောင်းကို လွန်၍ ကြည့်လျှင်မူကား ညို့ညို့မှိုင်းမှိုင်း အုံဆိုင်းနေသည့် ညောင်မုတ်ဆိတ်ပင်များနှင့် လွင့်လွင့်မားမား စွင့်ကားနေသည့် လက်ပံပင်ကြီး တပင်ကို တွေ့ရပေမည်။ ထိုအရပ်သည် ကျွန်ုပ်တို့ မြို့ကလေး၏ သင်္ချိုင်းကုန်းရှိရာ အရပ် ဖြစ်၏။ ထိုသင်္ချိုင်းကုန်း  အစပ်နားလောက်တွင် တမံတခု ရှိ၏။ တမံ ခြေရင်းတွင် ကြယ်မြင် လမြင် အမိုး၊ လေ၀င် လေထွက် ကောင်းသည့် အကာ၊ ကြမ်းခုနစ်ချောင်း ကျိုးတို့ကျဲတဲ ခင်းထားသည့် တဲကလေး တလုံး ရှိသည်။ ထိုတဲကလေးတွင် လှဝင်းရီဟူသည့် သတို့သမီးငယ်ကို အဖ သုသာန်စောင့်ကြီးနှင့် အမိ ပျံကျဈေးသည်ကြီးတို့က ဖွားမြင်ခဲ့လေ၏။
 
ထိုစဉ်အခါက ကျွန်ုပ်တို့ မြို့ကလေးတွင် လူဦးရေနည်းပါးသည့်အလျောက် သေဆုံးသူလည်း အတော်ပင် နည်းပါး၏။ ထို့ကြောင့် လှဝင်းရီ၏ အဖသည် လက်ဖျားငွေသီးသည့် သုသာန်စောင့်ကြီး မဟုတ်ခဲ့ချေ။ မသာရှိသည့် ရက်တွင်သာ ကျင်းတူး၊ ခေါင်းစပ် စသည့် အလုပ်မျိုး ရှိသည်။ ကျန်ရက်များတွင်မူ တမံထဲတွင် ကွန်ပစ်၊ လယ်ကွက်ထဲတွင် ဗျိုင်းထောင်၊ အရပ်ထဲလှည့်ကာ အုန်းသီးခူး၊ အိမ်သာကျင်းတူး စသည့် အလုပ်မျိုးစုံကို လုပ်ကိုင်ပြီး အသက်မွေးရသည်။ အရပ်ထဲတွင် အမဲ၊ ၀က် ခိုးပေါ်လျှင် အူစား ခေါင်းစားနှုန်းဖြင့် အမဲပေါ်၊ ၀က်ပေါ်ရာတွင် ဦးစီး ဆောင်ရွက် ပေးတတ်သည်။

လှဝင်းရီ၏ အမိမှာ ဈေးသည် မည်ကာမတ္တမျှသာ ဖြစ်၏။ ရံဖန်ရံခါတွင် သုသာန်စည်းရိုးတလျှောက် အလေ့ကျပေါက်နေသော ကင်ပွန်းချဉ်ရွက်၊ ခံတက်ရွက်၊ ကနေဖော့၊ ဍရင်ကောက်ညွန့် စသည်တို့ကို ခူးယူ ရောင်းချတတ်သည်။ ရံဖန်ရံခါတွင် ခင်ပွန်းသည် ဝေစုရလာသည့် အမဲအူ၊ ခေါင်း စသည်တို့ကို ပြုတ်ကာ ကျောင်းမုန့်ဈေးတန်းတွင် အမဲအူပြုတ် လာရောင်းတတ်သည်။ ရံဖန်ရံခါတွင်မူ တမံမှ ရသည့် ငါးကလေးများကို အရပ်တကာ လှည့်လည်ကာ ရောင်းချတတ်သေးသည်။ ဆောင်းဦးပေါက် ခင်ပွန်းသည် ငှက်ထောင်ချိန်တွင်မူ တုတ်တလုပ်၊ တုတ်ဆီ၊ ရေကြက်မ အစရှိသည့် ငှက်ကလေးများ တောင်းထဲထည့်ကာ ကုန်းလေးဈေးတွင် ရောင်းချတတ်သည်ကို ကျွန်ုပ် ကောင်းစွာ မှတ်မိသေးသည်။

ကျွန်ုပ်တို့၏ ဖုန်းဆိုးကွင်းကျောင်းတွင် တစ္ဆေသရဲ ပုံပြင်များ အထူးပင် ရေပန်းစား၏။ ကျောင်းသားတဦးလျှင် ဖြတ်ညှပ်ကပ် ကိုယ်တွေ့ တစ္ဆေသရဲပုံပြင် သုံးလေးပုဒ်မျှ ရှိသည်။ နေ့လယ် ကျောင်းလွှတ်ချိန်တွင် ကျောင်းတော်သူ ကျောင်းတော်သားများ ပြောဆိုကြသည်တို့မှာ ကလေးမသာကို တူးဖော်ပြီး အောက်လမ်းဆရာတို့ ဆေးဖော်ကြပုံ၊ အစိမ်းမက မည်သူ့ကို ဂုတ်ချိုးသတ်လိုက်ပုံ စသည်တို့ ချည်းသာ ဖြစ်၏။ ညအခါ ဖြောင့်ဖြောင့် မအိပ်ဝံ့။ ညအိပ်လျှင် ကုတင်အောက်တွင် အစိမ်းမ ရောက်နေပြီလားဟု တွေးကာ ကြောက်ရသည်။ ခွေးအူသံကြားလျှင် ကလေးမသာကို ဖုတ်ဝင်ပြီး ထလာခြင်း ဖြစ်သလော၊ သို့တည်းမဟုတ် အလောင်းဖော်သည့် အောက်လမ်းဆရာကို အစိမ်းမ ကုတ်လိုက်ချိုးခြင်း ဖြစ်ချေသလော သို့တည်းမဟုတ် ကြပ်တစ္ဆေတို့ အသိုက်အမြုံ ပြောင်းရွှေ့ခြင်းပင်လော စသည့် ကြားဖူးနားဝ ဗဟုသုတတို့ဖြင့် အမျိုးမျိုး အဖုံဖုံ တွေးတော ကြံဆ၍ ကြောက်အားပိုရသည်။

တစ္ဆေသရဲပုံပြင်များကို အထူးနှစ်သက်သည့် ကျွန်ုပ်တို့ ကလေးတသိုက်ကြားတွင် သုသာန်အစပ်တွင် နေရသည့် လှဝင်းရီသည် အတော်ပင် ပေါ်ပြူလာ ဖြစ်၏။ “အ၀င်း နင် ညတုန်းက သရဲနဲ့ တွေ့ခဲ့သေးသလား” ဟူသည့် အမေးကို ကျွန်ုပ်တို့ နံနက်ခင်းတိုင်း မေးလေ့ရှိ၏။  ထိုအခါတိုင်း၌ လှဝင်းရီကလည်း တနေ့တမျိုး မရိုးနိုင်သည့် ဖြတ်ညှပ်ကပ် ကိုယ်တွေ့ လံကြုတ်ဇာတ်လမ်း အဖုံဖုံဖြင့် ကျွန်ုပ်တို့ မပျင်းရလေအောင် ဖြေဖျော်တတ်သည်။  

 
ဖုန်းဆိုးကွင်းကျောင်းတွင် ကစားခုန်စားပြုရန်နေရာဟူ၍ ဘောလုံးကွင်း တကွင်းသာ ရှိသည်။ ထိုဘောလုံးကွင်း၌ နေ့လယ်ခင်း ကျောင်းလွှတ်ချိန်တွင် ယောက်ျားကလေးများက ဂေါ်လီလှိမ့်၊ သားရေကွင်းပစ်၊ ဘောလုံးကန် ကြသည်။ မိန်းကလေးတို့က ဖန်ခုန်တမ်း၊ ဇယ်ခတ်တမ်း၊ ထမင်းဟင်းချက်တမ်း ကစားကြသည်။ တခါသော် ကျောင်းအုပ်ဆရာကြီးသည် မည်သို့ စိတ်ကူးပေါက်လာသည် မသိ။ ကျောင်းသူကျောင်းသား အချင်းချင်း ပိုမိုရင်းနှီးလာစေရန်နှင့် ကျန်းမာ သန်စွမ်းသည့် ကျောင်းတော်သူ ကျောင်းတော်သားများ ဖြစ်လာစေရန် အလို့ငှာ ကျားမ မခွဲခြားဘဲ ကျောင်းသူ ကျောင်းသားတိုင်း အတူ ယှဉ်တွဲ ကစားနိုင်မည့် ထုပ်ဆီးတိုးတမ်း ကစားနည်းကို ပြန်လည်ဖော်ထုတ်ကာ ကစားစေ၏။ ထို့ကြောင့် “ထမင်းရည်ပူ လောင်ပြီ၊ မလောင်ဘူး” ဟူသည့် အသံများ ကျောင်းထဲတွင် ကြွက်ကြွက်ညံလေ၏။ 

နေ့ရက်တို့ ကြာညောင်းလာသော် ကျောင်းသူကျောင်းသားတို့သည် လူသားပီပီ ထိုကစားနည်းကို မကစားလိုကြတော့ပြီ။ ထိုအခိုက်တွင် လင်မယားလုပ်တမ်း ကစားနည်း ပေါ်ပေါက်လာလေ၏။ ထိုကစားနည်းကို ဖုန်းဆိုးကွင်းကျောင်းသို့ စတင်သယ်ဆောင်ခဲ့သူမှာ မည်သူဖြစ်သည်ကို ကျွန်ုပ် ကောင်းစွာ မသိလိုက်ချေ။ သို့သော်လည်း လေးတန်း ကျောင်းသူကျောင်းသားတို့ ဖြစ်တန်ရာ၏ ဟု ကောက်ချက်ချသော် သင့်နိုးအံ့သည်။  ထိုလေးတန်း ကျောင်းသူ ကျောင်းသားတို့ စတင် ကစားသည့် လင်မယားလုပ်တမ်း ကစားနည်းသည် ကျွန်ုပ်တို့ သူငယ်တန်းကလေး ကျောင်းသူကျောင်းသားများ ထံသို့ ချက်ချင်း ကူးစက်ခဲ့လေ၏။
   
နေ့လယ်နေ့ခင်း မုန့်စားဆင်းချိန်တွင် ကျောင်းတော်သူ ကျောင်းတော်သား အပေါင်းသည် ကျောင်းခေါင်းရင်းရှိ ပိတောက်ပင်အိုကြီး၏ အရိပ်အာဝါသတွင် အိမ်ထောင်မှု ဗာဟီရ ကိစ္စတို့ဖြင့် အလုပ်ရှုပ်လေ၏။ အုန်းလက်နွားတရှဉ်းဖြင့် လယ်ထွန်သူ ထွန်၏။ ဆင်ငိုမြက်ကို ပျိုးလုပ်ကာ ပျိုးနုတ်သူ နုတ်၏။ ငပိရောင်းသူ ရောင်း၏။ ငပိရောင်းရသည်မှာ မခက်လှပါ။ သဲနှင့် ရေကို သမ မျှတအောင် ဖျော်စပ်လိုက်လျှင် ငပိ ကောင်းကောင်း ရသည်သာ ဖြစ်၏။ ပုဏ္ဏရိက်ပန်းများကို ခူး၍ နှင်းဆီပန်းရောင်းတမ်း ကစားသူ ကစား၏။ သုံးစွဲသည့် ငွေကြေးစနစ်မှာမူ သရက်ရွက်၊ ဗာဒံရွက် ငွေကြေးစနစ်ပင် ဖြစ်လေ၏။ ထိုသို့ ကျောင်းတော်သူ ကျောင်းတော်သားတို့ နေ့လယ်ခင်း မုန့်စားဆင်းချိန်တွင် ဃရာဝါသ အိမ်ထောင့် တာဝန်များ ထမ်းရွက်နေကြရသည်ကို ကျောင်းအုပ်ဆရာကြီး သိရှိသွားသည့်အခါ ကျောင်းသူများ၏ လက်ဖ၀ါးနှင့် ကျောင်းသားတို့၏ တင်ပါးထက်တွင် အရှိုးရာ ထပ်လေတော့၏။ ထိုညနေ ကျောင်းဆင်းချိန်တွင် ဘဲဥ အမှတ်မထင် ပြောခဲ့ဖူးသော “ငါ ကြီးလာရင် လှဝင်းရီကို ယူပြီး လယ်လုပ်မယ်” ဟူသည့် ကြိမ်းဝါးသံကို ကျွန်ုပ် ယနေ့ထက်တိုင် ကြားယောင်မိသေးသည်။

(၇)

သို့နှင့် တဆောင်းဝင်၊ တနွေကုန်၊ တစ်မိုးကျ ပြီးသည့်နောက်တွင် လှဝင်းရီ၊ ဘဲဥနှင့် ကျွန်ုပ်တို့ သူငယ်တန်းကြီးသို့ ရောက်ခဲ့လေ၏။ သူငယ်တန်းကြီးတွင် စာအလွန်ခက်သဖြင့် အတော်ပင် ကြိုးစားရသည်။ တနှစ်ထက် တနှစ် အသက်အရွယ် ကြီးပြင်း လာသည်နှင့် အမျှ သင်ယူ လေ့လာစရာတို့ ပိုများလာ၏။ အသိဉာဏ်အကြားအမြင် တိုးပွားလာ၏။ ပထမတန်းသို့ ရောက်ချိန်တွင်မူ အသိဉာဏ် တိုးပွားလာပြီးဖြစ်သည့် ကျောင်းတော်သူကြီးများက လှဝင်းရီကို သုသာန်စောင့် စဏ္ဍာလ၏ သမီးဖြစ်သည် ဟူသော စွဲချက်ဖြင့် ၀ိုင်း၍ ကြဉ်ထားလိုက်လေ၏။

လူတဦး တယောက်ကို လူ့အသိုင်းအ၀ိုင်းမှ ဖဲကြဉ်ထားခြင်းသည် အတော်ပင် ထိရောက်သော လက်နက်ဖြစ်သည်ကို ထိုစဉ်ကပင် ကျွန်ုပ် ကောင်းစွာ သိရှိခဲ့သည်။ ထိုလက်နက်သည် သွေးမထွက်သည့် လက်နက်ဖြစ်သော်လည်း ထိုးနှက်ခံရသူ၏ ကိုယ်စိတ်နှလုံးကို ပျက်ပြုန်းမွကြေ သွားစေနိုင်သည်။ ကျောင်းသူတို့၏ သွေးမထွက်သည့်နည်း ၀ါ အဟိံသာလမ်းစဉ်ဖြင့် ညှဉ်းပန်းခြင်းကြောင့် လှဝင်းရီတွင် သွားဖော်လာဖက်၊ ကစားဖော် ကစားဖက် မိန်းကလေး သူငယ်ချင်းဟူ၍ မရှိတော့ပြီ။ နေ့လယ်နေ့ခင်း မုန့်စားဆင်းချိန်တွင် အတန်းထဲတွင် တဦးတည်း နေရစ်ခဲ့ရတော့သည်။

ဘဲဥသည် ကိုယ်စိတ် ခက်ထန်သူ ဖြစ်သော်လည်း နူးညံ့သော စိတ်နှလုံးရှိသူ တဦးဖြစ်သည်ကို ကျွန်ုပ် ငယ်စဉ်ကပင် သိ၏။ ဘဲဥသည် သူ့အောက် ငယ်သူ ကျွန်ုပ်ကို အစဉ် စောင့်ရှောက်သည်။ စွန်လုရင်း၊ သားရေကွင်းလုရင်း၊ တဦးနှင့် တဦး အားစမ်းရင်း ရန်ဖြစ်ကြသည့် အခါတိုင်း၌ ဘဲဥသည် ကျွန်ုပ်ဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့သည်။ ဘဲဥ၏ လက်သံပြောင်မှုကြောင့် ကျွန်ုပ်သည် ငယ်စဉ်အခါမှ စ၍ သူတထူး၏ လေးစား ခန့်ညားခြင်း ခံရသည်။

ယခု လှဝင်းရီကို ကျောင်းသူတို့ ကြဉ်ထားသည်ကို ဘဲဥမြင်သည့်အခါ ဒေါသူပုန် ထသွားလေ၏။ စိတ်မြန် လက်မြန်ရှိသူ ဘဲဥသည် လှဝင်းရီ၏ လက်ကို ဇိုးဇိုးဇတ်ဇတ် ဆွဲကာ ကျွန်ုပ်တို့၏ ထိုင်ခုံသို့ ခေါ်လာ၏။ လှဝင်းရီ၏ လွယ်အိတ်ကို ဖုန်းခနဲ မြည်အောင် ပစ်ချလိုက်၏။ “အ၀င်း နင် ငါတို့နဲ့ လာထိုင်ချေ။ အဲဒီခုံမှာ နောက်ဘယ်တော့မှ သွားမထိုင်နဲ့ ကြားလား” ဟူသည့် ဘဲဥ၏ ငေါက်ဆတ်ဆတ် စကားသည် လှဝင်းရီ၊ ဘဲဥနှင့် ကျွန်ုပ်တို့ နှလုံးသားများကို တဆက်တည်း တသားတည်း ဖြစ်သွားအောင် ဂဟေဆော် လိုက်၏။ ထိုအချိန်မှစ၍ ကျွန်ုပ်သည် လှဝင်းရီ၏ တစ္ဆေသရဲ ပုံပြင်များကို တဦးတည်း ဒိုင်ခံ နားထောင်ခွင့် ရတော့သတည်း။
 
သို့နှင့် ကျွန်ုပ်တို့ တတန်းပြီး တတန်း ကျော်လွှားကာ စတုတ္ထတန်းသို့ ရောက်ခဲ့၏။ ကျောင်းစာများမှာလည်း တနှစ်ထက် တနှစ် ပိုမို ခက်ခဲလာသည်။ တနှစ်တတန်း မှန်မှန် အောင်ရမည်ဟူသော မိဘများ၏ ရာဇသံကြောင့် ကျွန်ုပ်တို့မှာ စာအုပ်နှင့် မျက်နှာ ခွာရသည် မရှိ။ နေ့တွင်လည်း စာ၊ ညတွင်လည်း စာ တစာစာ ရေရွတ်ရင်း ကျောင်းသင်ခန်းစာများနှင့် နပန်းလုံးရလေသည်။ အတန်းတင် စာမေးပွဲဖြေပြီးသော်လည်း စိတ်မဖြောင့်။ အောင်မှ အောင်ပါ့မလား ဟု ကြောင့်ကြ ရပြန်၏။ သို့နှင့် ပိတောက် ရွှေဝါတို့ ပွင့်ဖူးသည့် လတန်ခူးသို့ ရောက်ခဲ့၏။ နှစ်ဆန်း ၁ ရက်နေ့တွင် စာမေးပွဲ အောင်စာရင်း ထွက်မည် ဟူသည်ကို ကြားသည့်အခါ လက်ထဲမှ ရေပြွတ် လွတ်ကျလုမတတ် ထိတ်လန့် တုန်လှုပ်မိသတည်း။ 

(၈)

နှစ်ဆန်း ၁ ရက်နေ့။

“ဟဲ့ အိပ်ရာက ထတော့ ၊မျက်နှာသစ်ပြီးရင် အောင်စာရင်း သွားကြည့်ချေ၊ မအောင်ရင် သေဖို့ ပြင်ထား” ဟူသည့် မာတာမိခင်၏ အကြင်နာ စကားများကြောင့် ကျွန်ုပ်သည် အိပ်ယာထက်မှ လေးတိလေးကန် ထ၍ အောင်စာရင်း ကြည့်ရန် ထွက်ခဲ့၏။ မိုးသောက်ခါနီးတွင် ရွာချထားသည့် မိုးကြောင့် မြေသင်းရနံ့တို့ သင်းထုံနေသည်။ ကျောင်းခေါင်းရင်းမှ ပိတောက်ပင်ကြီးမှာလည်း ရွှေသောအဆင်းကို ဆောင်၍ နေသည်။ ဘဲဥသည် ကျွန်ုပ်ထက် ၀ီရိယ ကောင်းသောကြောင့်  ကျောင်းသို့ ရောက်နှင့်နေပြီ။ “ဟေ့ရောင် ကျပ်ခိုး မင်းအောင်တယ်” ဟူသည့် ဘဲဥ၏ အသံကို ကြားရပါမှ ကျွန်ုပ် အသက်ဝအောင် ရှုနိုင်တော့သည်။ “မင်းရော ဘယ်နှယ့်တုံး” ဟု ကျွန်ုပ် မေးလိုက်သည့်အခါ ဘဲဥက “ငါလဲအောင်တယ်” ဟု ဖြေ၏။ ထို့နောက် “အ၀င်းလဲ အခုလေးတင်ပဲ အောင်စာရင်း လာကြည့် သွားတယ်ကွ။ သူကတော့ မအောင်ဝူး” ဟု သတင်းပေး၏။

စင်စစ် စတုတ္ထတန်း စာမေးပွဲ ကျရှုံးခြင်းသည် လှဝင်းရီ အတွက် အရေးပါသော အရာ မဟုတ်ချေ။ အကြောင်းမူကား ထိုစာမေးပွဲ အောင်လျှင်လည်း မိဘများက ကျောင်းဆက်ထားနိုင်မည် မဟုတ်သောကြောင့် ဖြစ်၏။ ထိုစာမေးပွဲသည် လှဝင်းရီ၏ ဘ၀အတွက် မည်သို့မျှ မထူးခြားသည့် နောက်ဆုံးနှစ် စာမေးပွဲတခုသာ ဖြစ်ခဲ့လေ၏။

နောက်နှစ် ကျောင်းဖွင့်ချိန်တွင် ဘဲဥနှင့် ကျွန်ုပ်တို့သည် မင်းလမ်းကျောင်းသို့ ရောက်သွားလေ၏။ မင်းလမ်းကျောင်းမှာ အထက်တန်းကျောင်း ဖြစ်သည်။ ကျောင်းကို သဘောင်္ဆေး အ၀ါရောင် သုတ်ထားသည်။ ကျောင်းခြံစည်းရိုးမှာ လူကြီးတစ်ရပ် ကျော်၏။ ထို့ထက် ပို၍ ထူးသည်မှာကား အရိုက်ကြမ်းသည့် ဆရာများ ရှိခြင်း ဖြစ်သည်။ ထိုကျောင်းမှ ဆရာတို့သည် အာဏာပါးကွက်သားများကဲ့သို့ အရိုက်သန်၏။ ပုဆိုး ချက်ပြုတ် ၀တ်လျှင်လည်း ရိုက်၏။ ဖိနပ် ရှပ်တိုက် စီးလျှင် ရိုက်၏။ ပါးကွက် ကွက်လျှင် ရိုက်၏။  အတန်းထဲတွင် ပြေးလျှင် ရိုက်၏။ လေချွန်လျှင် ရိုက်၏။ စိတ်မထင်လျှင် မထင်သလို ရိုက်တတ်သည်။ ထို့ကြောင့် မျက်နှာသစ် နှစ်ဦးဖြစ်သူ ဘဲဥနှင့် ကျွန်ုပ်မှာ အသံကျယ်ကျယ် မထွက်ရဲ။

ထိုကျောင်းတွင် ဆရာတို့၏ ရန်ကို ကြောက်ရယုံမျှသာမက ကျောင်းသားဟောင်းများ၏ ရန်ကိုလည်း တတ်နိုင်သမျှ ရှောင်ရှားရသည်။ ကျောင်းသားဟောင်း အများစုမှာ မြို့ထဲရပ်ကွက်များတွင် နေသူ လူရည်လည်သူတို့၏  သားသမီးများ ဖြစ်သောကြောင့် အလွန်ပင် လူပါးဝ၏။ ဆရာမများကို ကုန်းချောခြင်း၊ အတိုင်ကြောထူခြင်း စသည့် အတတ်တို့၌ တစ်ဖက်ကမ်းခတ်အောင် ကုန်စင် တတ်မြောက်ထားပြီးသူများ ဖြစ်သည်။ ထိုလူပါးဝသည့် ကျောင်းသားတို့သည် ဖုန်းဆိုးကွင်းကျောင်းမှ ပြောင်းလာသူ ဘဲဥနှင့် ကျွန်ုပ်တို့ကို အဟိံသာ လမ်းစဉ်ဖြင့် ညှဉ်းပန်းကြလေ၏။ ကျွန်ုပ်တို့ နှစ်ဦးကို ကြဉ်ထား၏။ ပုံနှိပ်စာအုပ်များကို ဖွက်သူဖွက်၊ ထိုင်ခုံများတွင် ၀ါးပြီးသား ပီကေများ ကပ်သူကပ်၊ နေ့လယ် ကျောင်းဆင်းခါနီးတွင် ထမင်းဘူး ဖွက်သူ မရှား။ ကျောင်းဆင်းချိန်တွင် စက်ဘီး လေလျှော့သူ မရှား။ အတော်ပင် ဆိုးရွားသည့် ကျောင်းသားများ ဖြစ်ချေ၏ တကား။ တခါတရံ ကျွန်ုပ်တို့ သည်းမခံနိုင်၍ လက်ပါမိလျှင်မူ ရန်လာစသူကပင် လက်ဦးမှု ရယူပြီး ဆရာမများနှင့် တိုင်တတ်သည်။ ထို့ကြောင့် ဘဲဥနှင့် ကျွန်ုပ်မှာ သူတပါး ညှဉ်းဆဲသည်ကို ခံယူရင်းနှင့် ကျောင်းသားဆိုးများ ဖြစ်သွားလေ၏။

ထိုမင်းလမ်းကျောင်းတွင် ကျွန်ုပ်တို့ နှစ်ဦးလုံး မပျော်ပိုက်ကြချေ။ ထိုကျောင်းသို့ သွားရသည်မှာ ငရဲတွင်းသို့ သွားနေရသည့် အလား၊ အတော်  စိတ်ဆင်းရဲစရာ ဖြစ်၏။

ထိုစဉ်က ကျွန်ုပ်တို့ မြို့ကလေးတွင် မော်လမြိုင်ဘက်မှ မှောင်ခိုလမ်းကြောင်းဖြင့် ၀င်ရောက်လာသော BMX စက်ဘီးကလေးများ အတော် ခေတ်စား၏။ ဘဲဥ၏ မိဘများက ပဉ္စမတန်း ကျောင်းသားကြီး ဘဲဥအတွက် BMX စက်ဘီး တစ်စီး ၀ယ်ပေးလိုက်သည်။ ဘဲဥသည် ကျွန်ုပ်ကို စက်ဘီး ဘားတန်းပေါ်တွင် ထိုင်စေပြီး မြို့ပတ်၍ မမောနိုင် မပန်းနိုင် နင်းတတ်သည်။ BMX စက်ဘီးကလေးဖြင့် ကျောင်းသွား ကျောင်းပြန် လုပ်ရသည်မှာ အတော်ပင် ဂုဏ်ရှိလှ၏။ စက်ဘီး စီးရသည်မှာ အတော်ပင် ပျော်စရာကောင်းသော်လည်း ကျောင်းတွင်းသို့ ရောက်သည့်အခါ ဘဲဥ၏ စက်ဘီးကို မျက်စိကျနေသည့် ကျောင်းသားဟောင်းတို့၏ ရန်ကို တွေးကာ ပူရပြန်သည်။ စာသင်ရသည်မှာ မဖြောင့်တော့။ စက်ဘီး လေလျှော့သူ၊ ကျွတ်တိုင်ဖြုတ်ပြီး လွှင့်ပစ်တတ်သူတို့ကြောင့် အတော် စိတ်ဆင်းရဲရ ပြန်သည်။

တနေ့ ကျောင်းသို့ သွားခိုက်တွင် ဘဲဥသည် မည်သို့ စိတ်ကူးပေါက်သည် မသိ။ ကျောင်းဘက်သို့ မသွား။ မင်းလမ်းကို ရှောင်ကွင်း၍ နိဗ္ဗာန်လမ်းဘက်သို့ ဦးတည်လိုက်၏။ “ဟေ့ရောင် ဘဲဥ မင်း ဘယ်ကို သွားမလို့တုံး” ဟု ကျွန်ုပ် မေးလိုက်သော် ဘဲဥသည် ပြုံးဖြီးဖြီး မျက်နှာထားဖြင့် “ကျပ်ခိုး လျှာမရှည်နဲ့” ဟု ဆို၏။ သို့နှင့် ကျွန်ုပ်တို့ ဖုန်းဆိုးကွင်း ကျောင်းနားသို့ပင် ရောက်ခဲ့လေ၏။ ဘဲဥကား မရပ်သေး။ စက်ဘီးကို အသားကုန် ကျုံးနင်း ပြန်၏။ ထို့နောက် မြို့အထွက်ရှိ ကျိုက်ထီးရိုးလေး စေတီတော်နားသို့ ရောက်မှ စက်ဘီးကို တုံ့ခနဲ့ ရပ်လိုက်သည်။ ဘဲဥ ၏ အပြုအမူတို့ကို ကျွန်ုပ် နားမလည်နိုင်တော့ချေ။ “ဟေ့ရောင် ဘဲဥ ကျောင်းနောက်ကျနေပြီ၊ ဘယ်လို လုပ်မလဲ” ဟု အလန့်တကြား ဆိုမိ၏။ “ဘယ်လိုမှ မလုပ်နဲ့ ” ဟူသည့် အဖြေကိုသာ ဘဲဥထံမှ ပြန်ရလိုက်၏။ ထို့နောက် ဘဲဥက ပြုံးတုံးတုံး လုပ်ကာ “ကဲ ကျပ်ခိုး စက်ဘီးပေါ်ကို ပြန်တက်၊ ငါ ဒီနေ့ ကျောင်းမတက်ချင်ဘူး” ဟု ဆိုလေ၏။

လိုရင်းတိုရှင်း ဆိုရလျှင် ထို့နေ့တွင် ဘဲဥနှင့် ကျွန်ုပ်တို့ ကျောင်းပြေးပြီး လှဝင်းရီဆီသို့ အလည်အပတ် သွားကြ၏။ မိုးဦးကျကာလ ဖြစ်သောကြောင့် သုသာန်လမ်းတလျှောက် ဗွက်ပေါက်နေ၏။ သုဿန်အစပ် လယ်ကွက်ထဲမှ ဖားတို့ အုံးအင် တေးသီဖွဲ့သည်ကို ကြားရ၏။
  
လှဝင်းရီတို့ အိမ်ရှေ့သို့ ကျွန်ုပ်တို့ နှစ်ဦး ခြေချမိလျှင် အသားညိုစိမ့်စိမ့်နှင့် ပါးစောင်တွင် ဆေးပေါ့လိပ်တို ခဲထားသော ယောကျာ်းကြီးတဦး  ပိုက်ဖာနေသည်ကိုသာ တွေ့ရ၏။ ကျောင်းစိမ်းဝတ်စုံနှင့် ကလေးနှစ်ဦး အိမ်ရှေ့ရောက်လာသဖြင့် သူ ဇဝေဇ၀ါ ဖြစ်သွားဟန် တူသည်။ ထို့ကြောင့် ကျွန်ုပ်တို့ နှစ်ဦးကို “မင်းတို့ ဘယ်ကလာတာတုံး။ ဘာလာ လုပ်တာတုံး။ ဘယ်ကို သွားမလို့တုံး” စသည့် သတင်းထောက် လက်သုံး “ဘ” ကုန်း မေးခွန်းများဖြင့် တရစပ် နှိပ်စက်၏။ နှုတ်သွက်လျှာသွက်ရှိသူ ဘဲဥက အကျိုးသင့် အကြောင်းသင့် ဖြေလိုက်သော် ထိုသူက “မင်းတို့ သူငယ်ချင်းက တမံဘက်ကို သူ့မအေနဲ့ ထွက်သွားတယ်ကွ။ မင်းတို့ ဒီက စောင့်ချင်စောင့်ချေ။ မစောင့်ချင်ရင် လိုက်ခေါ်ချေ” ဟု အဘိယာစက ပြု၏။ ထို့ကြောင့် ကျွန်ုပ်တို့ ဧည့်သည်တော်နှစ်ဦးသည် တမံဘက်သို့ သုတ်ခြေတင်ရ ပြန်၏။

တမံစောင်း ရေစပ်တွင် လှဝင်းရီကို တွေ့ရပါပြီ။ လှဝင်းရီက ကျွန်ုပ်တို့ကို မမြင်သေး။ ရေထဲတွင် ကုန်းကုန်း ကုန်းကုန်းနှင့် ဘာလုပ်နေသည် မသိ။ ခေါင်းမဖော်နိုင်အောင် အလုပ်များနေ၏။  ထိုစဉ် ဘဲဥက “ဟေ့ ကြပ်ခိုး လှဝင်းရီ သွားမခေါ်လိုက်နဲ့အုံး။ သူ့ကို စရအောင်” ဆို၏။ ဘဲဥ၏ ချစ်စနိုး ကျီစယ်ပုံမှာ အတော်ပင် ထူး၏။ တမံစောင်းမှ ရွှံ့များကို ခူး၍ ပေါက်ခြင်း ဖြစ်သည်။ သူ့အလုပ်နှင့် သူရှုပ်နေသော လှဝင်းရီသည် ဘဲဥ ပစ်လိုက်သည့် ရွှံ့စိုင်ခဲ ခေါင်းကို တည့်တည့်ကြီး ထိမှန်သွားသည့် အခါတွင်မှ တာပေါ်တွင် ရပ်နေသူ ကျွန်ုပ်တို့ကို သတိပြုမိသည်။ “ဟဲ့ နင်တို့ ဘာလာ လုပ်တာတုံး” ဟု ကမန်းကတန်း ဆို၏။ “ခဏစောင့်အုံး၊ ငါ နောက်ထပ် တစည်း လောက်ရအောင် ခူးလိုက်အုံးမယ်။ ပြီးမှ တက်လာခဲ့မယ်” ဟု ပြောရင်း ရေထဲမှ ကန်စွန်းညွန့် တညွန့် လှမ်းခူးလိုက်၏။ အလေ့ကျပေါက်နေသော ကန်စွန်းညွန့်တို့သည် သန်စွမ်းလှပါပေ၏။ တမံစောင်းတွင် ဗေဒါပန်းများ ဖူးပွင့်နေသောကြောင့် တမံစောင်းတွင် ခရမ်းရောင် ကမ္ဗလာကြီး ခင်းထားသည့်နှယ်။

 
မတွေ့ရသည်မှာ ကြာမြင့်ပြီ ဖြစ်သောကြောင့် ကျွန်ုပ်တို့တွင် ပြောစရာ ဆိုစရာ အကြောင်း စုံလင်လှချေသည်။ မင်းလမ်းကျောင်းမှ ဆရာများ အရိုက်ကြမ်းခြင်း၊ ကျောင်းသားများ လူပါးဝခြင်းတို့မှ စ၍ ကုန်းလေးဈေးတွင် လှဝင်းရီ ကန်စွန်းရွက် ရောင်းနေရခြင်း စသဖြင့် အကြောင်းအရာ စုံလင် လှချေ၏။ ဘဲဥက စက်ဘီး မစီးဖူးသေးသည့် လှဝင်းရီကို စက်ဘီးဖြင့် သုသာန် တပတ် တင်နင်း၏။ စက်ဘီးစီးရခြင်းကြောင့် လှဝင်းရီ ပျော်မဆုံးတော့ပြီ။

ငယ်စဉ်က ကျွန်ုပ် ငှက်ဖျား ခဏ ခဏ မိသောကြောင့် ရခိုင် ငှက်ပျောသီး မစားရန် အိမ်က အထူး ပိတ်ပင် တားမြစ် ထား၏။ လှဝင်းရီတို့ အိမ်နောက်ဖေးတွင် ချိတ်ဆွဲထားသည့် ငှက်ပျောဖီးများကို မြင်ရသည့်အခါ ကျွန်ုပ် သွားရည် တမြားမြား ကျမိတော့သည်။ လှဝင်းရီ၏ အမေကလည်း နှမြောတွန့်တိုခြင်း အလျဉ်း မရှိ။ “စားစရာရှိတာကို စားနိုင်သလောက် စား၊ ၀မ်းအပြင် ပုတ်ပါတာ မဟုတ်ဘူး” ဟူသည်ကို လက်ကိုင်ပြုကာ ရခိုင်ငှက်ပျောသီးဖြင့် ဧည့်ခံ၏။ ကျွန်ုပ်နှင့် ဘဲဥလည်း ငတ်ငတ်နှင့် တွယ်လိုက်သည်မှာ တယောက် တဖီး မကချေ။လှဝင်းရီ အဖေကြီး ခွဲကျွေးသည့် အုန်းသီး စားလိုက်၊ လှဝင်းရီ အမေကြီး ကျွေးသည့် ငှက်ပျောသီး စားလိုက်နှင့် အတော်ပင် ပျော်စရာ ကောင်းလှ၏။ အုန်းရွက်ဖြင့် ပျံလွှားငှက်ရုပ် ချိုးနည်းကို လှဝင်းရီ အဖေက သင်ပေးသေးသည်။ အုန်းလက်ပျံလွှားကလေးများနှင့် ကစားရသည်မှာ အတော်ပင် ပျော်စရာ ကောင်းလှသည်။ ပျော်လည်း ပျော်ရ၊ မောလည်း မောရ။ မောရသည့် အကြောင်းမှာ ပျံလွှားငှက်ကလေးများ ဝေးဝေးပျံအောင် မြန်မြန်ပြေးရသောကြောင့် ဖြစ်၏။

သဂျုသွေးဟု ကလေးများ ခေါ်သည့် အုန်းဆံခြည်ထွေးကို ကျွန်ုပ် ငယ်စဉ်က အတော်ပင် နှစ်သက်ခဲ့ဖူး၏။ ဖော့သားစိုင် သဂျုသွေးကို ကိုက်လိုက်ရသည့် အရသာကို မည်သည့် အရာနှင့်မျှ မလဲနိုင်။ ဖြစ်နိုင်လျှင် ထမင်း မစားဘဲ သဂျုသွေးချည်း နေ့တိုင်း စားရန် စိတ်ကူးမိ ခဲ့ဖူးသည်။ လှဝင်းရီတို့ အိမ်တွင် ကျွန်ုပ် မစားရသော ရခိုင်ငှက်ပျောသီး၊ သဂျုသွေး ကဲ ဘာလို သေးသတုံး ဟုသာ မေးလိုက်ချင်တော့သည်။

(၉)

သို့နှင့် တနေကုန် တနေခန်း ပျော်ပျော်ပါးပါး ကျောင်းပြေးပြီးနောက် ညနေ ကျောင်းဆင်းတွင် ကျောင်းပြန်သူများနှင့် ရောင်တော်ပြန်လှိမ့်ကာ အိမ်ပြန်ခဲ့လေ၏။ လှဝင်းရီ၏ မိဘများက နောက်လည်း လာပြီးတော့ လည်ဦး ဟု အဖန်တလဲလဲ ဖိတ်မန္တက ပြု၏။ လှဝင်းရီကလည်း သုသာန်အ၀ အထိ လိုက်ပို့၏။

ဘဲဥတွင် မကောင်းသော အလေ့တစ်ခု ရှိ၏။ ထို့အလေ့မှာ မည်သည်ကိုမျှ သိုသိပ် မျိုဝှက်မှု မရှိခြင်းပင် ဖြစ်သည်။ ထိုအကျင့်ထူးကြောင့် သူ့ဘ၀ တလျှောက်လုံးတွင် ပြဿနာ ပွေခဲ့ရလေသည်။ ထိုညနေတွင် ဘဲဥသည် ပါးစပ် အငြိမ် မနေ။ သူ သဂျုသွေး စားခဲ့ရသည်ကို စကားမရှိ စကားရှာပြီး အိမ်ကို ပြန်ပြော၏။ ထို သဂျုသွေးမှ မီးခိုး ကြွက်လျှောက်လိုက်၍ ကျွန်ုပ်တို့ နှစ်ဦး ကျောင်းပြေးသည်ကို မိဘများ သိသွားတော့သည်။ ဘဲဥ၏ အမေသည် သူ့သားကို သူရိုက်ယုံမျှနှင့် ကျေနပ်တော် မမူသေး။ ကျွန်ုပ် အိမ်သို့ တကူးတက ရောက်လာပြီး နတ်သံနှောကာ ဇာတ်စုံခင်း၏။ “သုသာန်က ဟာတွေနဲ့ ပေါင်းပြီး စဏ္ဍာလကျင့် စဏ္ဍာလကြံ ကြံတယ်၊ မကြံကောင်း မစည်ရာ သုသာန်က အုန်းသီးနဲ့ ငှက်ပျောသီး ကို တခုတ်တရ သွားစားကြတယ်တဲ့၊ ကောင်းကြသေးရဲ့လား” ဟူသည့် ဘဲဥအမေ၏ တိုင်ကြားချက် အဆုံးတွင် မာတာ မိခင်သည် ကျွန်ုပ်၏ ကျောပြင်ကို ဗျောတင်လေ၏။

 
ဗျောတီးပြီးသော် အမသည် ကျွန်ုပ်ကို တရော်ကင်ပွန်းနှင့် ခေါင်းအကြိမ်ကြိမ် လျှော်ပေးသည်။ ခေါင်းလျှော်ပေးရင်း “ငါ့ သားရယ် မင့်တို့နှယ် မိုက်လိုက်တာနော်။  မလုပ်ကောင်းတာတွေ နောက်မလုပ်နဲ့။ ဘုန်းနိမ့်ကုန်မယ်။ အာစက် လျှာစက်တွေ ညံ့ကုန်မယ်။ နောက်တစ်ခါ နင် သုသာန်ဘက်ကို သွားတယ်လို့ ငါ ကြားရင် သေပြီသာမှတ်” ဟု ဆိုမြည်ကြိမ်းမောင်းလေ၏။

ထိုနောက်ပိုင်းတွင် ဘဲဥနှင့် ကျွန်ုပ်လည်း ကျောင်းမပြေးဝံ့တော့ချေ။ ကျောင်းစာများကလည်း တနှစ်ပြီး တနှစ် ပိုမို ခဲယဉ်းလာသည်။ ကျူရှင်နှင့်ကျောင်း၊ ကျောင်းနှင့်အိမ်၊ အိမ်နှင့်ကျူရှင် ကူးချည်သန်းချည် ပြုရင်း ကျွန်ုပ်တို့ ရှစ်တန်း အောင်ခဲ့လေ၏။ သုသာန်ဘက်သို့ မရောက်ဖြစ်တော့။ မသာပို့သည်မှာ ကလေးအလုပ် မဟုတ်သောကြောင့် သုသာန်ဘက်သို့ ရောက်ရန် အကြောင်း မရှိချေ။

ကျွန်ုပ်တို့ မင်းလမ်းကျောင်းတွင် ပညာသင်ကြားနေချိန်၌ လှဝင်းရီသည် ဘ၀ကျောင်းတော်ကြီးတွင် လက်တွေ့သင်ခန်းစာများကို ဆည်းပူးနေရလေ၏။ စိတ်သဘော ကောင်းလှသည့် လှဝင်းရီ၏ မိခင်ကြီးမှာ ဆောင်းဦးပေါက်တွင် သေသွားရှာလေပြီ။ ထို့ကြောင့် လှဝင်းရီတို့ သားအဖ နှစ်ဦးတည်း ကျန်ခဲ့၏။ ဖခင်ဖြစ်သူကလည်း အရက်ကို အဖော်လုပ်ကာ ထင်တိုင်းကျဲ၍ နေတော့သည်။ မိခင် မရှိသည့် နောက်ပိုင်းတွင် လှဝင်းရီသည် မိခင်ကြီး၏  ဈေးတောင်း အဟောင်းကလေးကို ခေါင်းတင်ကာ ဈေးရောင်းရ၏။ ကုန်းလေးဈေးနှင့် သုသာန်မှာ အတန်ငယ် ဝေးသောကြောင့် စောစော ရောက်အောင် နံနက် ဝေလီဝေလင်းကတည်း ထလာရသည်။
 

တခါတရံ ကျွန်ုပ်နှင့် ဘဲဥတို့ နံနက်ခင်း ကျူရှင် သွားချိန်၌ ကုန်းလေးဈေးထိပ်တွင် လှဝင်းရီ ငါးရောင်းနေသည်ကို တွေ့ရသည်။ တခါတရံတွင်မူ ကုန်စိမ်းရောင်းနေသည်ကို တွေ့ရသည်။ တခါတရံတွင်မူကား ရေကြက်မ၊ တုတ်တလုပ်၊ တုတ်ဆီငှက်ကင်များ ချရောင်းနေသည်ကို မြင်ရသည်။ ဈေးသည်ကြီး လှဝင်းရီနှင့် ကျွန်ုပ်တို့ ဆုံလေတိုင်း ကိုယ့်အလုပ်နှင့် ကိုယ်ရှုပ်နေသည်ကြောင့် စကားဖြောင့်အောင် မပြောနိုင်ကြချေ။ “နင် နေကောင်းရဲ့လား၊ ငါ နေကောင်းပါတယ်” စသည့် သမားရိုးကျ နှုတ်ဆက်စကားလောက်သာ ပြောဖြစ်တော့သည်။
   
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးခဲ့၏။ ကျွန်ုပ်နှင့် ဘဲဥလည်း ဆယ်တန်းသို့ ရောက်ခဲ့လေ၏။ ဆယ်တန်းသည် ဘ၀ကို အဆုံးအဖြတ်ပေးမည့် နှစ်ဖြစ်သောကြောင့် နေရာညပါ တစာစာနှင့် အထူးပင် ကြိုးစားကျက်မှတ် ရပြန်သည်။ သို့နှင့် ဆယ်တန်း စာမေးပွဲဖြေရန် နီးကပ်လာလေ၏။ စာမေးပွဲ မဖြေမီ တရက်နှစ်ရက် အလိုတွင် ကျူရှင်အရှေ့၌ လှဝင်းရီ ရပ်စောင့်နေသည်ကို မကြုံစဖူး ကြုံရ၏။ လှဝင်းရီက “ဟဲ့ နင်တို့ စာမေးပွဲ ဖြေရတော့မယ်ဆို” ဟု မေး၏။ “နင်တို့ စာမေးပွဲ ဖြေခါနီး ဘုရားပန်းကပ်ရအောင် သပြေညွန့်လေးတွေ ငါ ယူလာတယ်” ဟု ပြောရင်း ကျွန်ုပ်နှင့် ဘဲဥကို သပြေတစည်းစီ ပေး၏။ ထို့နောက် “သပြေပန်းတွေက သန့်ပါတယ်။ ညောင်လိမ်ကလာတဲ့ ပန်းသည်တွေဆီက ငါ ၀ယ်လာတာပါ” ဟု ပြောပြန်သည်။ ဘဲဥနှင့် ကျွန်ုပ်လည်း မည်သို့မျှ ပြန်မပြောမိ။ သပြေဟူသည်မှာ အောင်အတိတ် အောင်နိမိတ်ကို ဆောင်ကြဉ်းလာသည် မဟုတ်လော။
 
သို့နှင့် ဆယ်တန်းစာမေးပွဲကို ရင်တဖိုဖို အသည်းတထိတ်ထိတ်နှင့် ဖြတ်သန်းခဲ့၏။ ဆယ်တန်းစာမေးပွဲ ဖြေပြီးလတ်သော် ဘဲဥနှင့် ကျွန်ုပ်တို့ နှစ်ဦးလုံးတွင် ဂစ်တာရောဂါ စွဲကပ်လာသည်ကြောင့် မအားမလပ် ဖြစ်သွားကြသည်။ ဘဲဥမှာ ကျွန်ုပ်ထက် ပိုပြီး ရွပိုးထိုးသောကြောင့် ရန်ကုန်သို့ သွား၍ ဂစ်တာသင်တန်း တက်လေ၏။

(၁၀)
တခုသော ညနေစောင်း ကျွန်ုပ် အိမ်ပြန်ရောက်ခိုက်တွင် ကျွန်ုပ်၏ နှမများ မီးဖိုးချောင်ထဲ၌ တီးတိုးတီးတိုး သဖန်းပိုး လုပ်နေသည်ကို တွေ့ရ၏။ သူတို့၏ မျက်စိမျက်နှာ မကောင်းလှသည်ကို သတိပြုမိသည်။ အတန်ကြာမှ ကျွန်ုပ်၏ အမကြီးက “မင်းတို့ သူငယ်ချင်း အ၀င်း အကြောင်း ကြားပြီးပြီလား” ဟု ရုတ်ခြည်း ဆိုလိုက်သည်။ “ကလေးမလေး ခမျာမှာ သနားစရာပါကွယ်” ဟု ဆက်လက် ပြောပြန်သည်။
ကျွန်ုပ်၏ အမကြီးမှာ ခွေးနှစ်ကောင် ကိုက်လျှင်လည်း သနားတတ်၊ ကြောင်နှစ်ကောင် ကိုက်လျှင်လည်း သနားတတ်၊ ကလေး ချော်လဲလျှင်လည်း သနားတတ်၊ သူတောင်းစား ပိုက်ဆံလာတောင်းလျှင်လည်း သနားတတ်သူ ဖြစ်ခြင်းကြောင့် သူ၏ သနားစရာကောင်းသည်ဟူသော အကြောင်းတို့မှာ ကျွန်ုပ်အတွက် ဆန်းကြယ်သည့် အရာများ မဟုတ်ချေ။ သို့သော်လည်း ယခု သူဆိုလိုက်သော “သနားစရာကောင်းသည်” ဟူသည်မှာ လှဝင်းရီနှင့် တနည်းတဖုံ ပက်သက်နေသောကြောင့် “အ၀င်း ဘာများဖြစ်လို့တုံး။ နေမကောင်း ထိုင်မကောင်း ဖြစ်တယ် ကြားမိလို့လား” ဟု သာမန်ကာ လျှံကာ မေးလိုက်မိသည်။ ဘာလိုလိုနှင့် လှဝင်းရီနှင့် ကျွန်ုပ်တို့ မဆုံဖြစ်ခဲ့သည်မှာ ဆယ်တန်းစာမေးပွဲ မဖြေမီကတည်းပင် ဖြစ်၏။
  
“အံ့ပါရဲ့တော် တနေကုန် တနေခန်း ကိုးကျင်းကိုးကြောင်း လျှောက်သွားနေတာ နင် လှဝင်းရီ အကြောင်း မကြားလိုက်ဘူးလား” ဟု အမကြီးက ဆိုပြန်သည်။ ”လှဝင်းရီ ဗလက္ကာရ အလုပ်ခံရလို့တဲ့၊ လုပ်တဲ့အကောင်ကိုလဲ ရဲတွေ ဖမ်းထားပြီတဲ့။ အဲဒီ မသာကောင်ကို ထောင်ချ မနေနဲ့။ အလကား ဆန်ကုန်တယ်။ တခါထဲ သေအောင် ရိုက်သတ်ရမယ်။ ဓားနဲ့ နုပ်နုပ်စင်းပစ်လိုက်တာ အကောင်းဆုံးပဲ” ဟူသည့် သူ့ စကားသံ အဆုံးတွင် ကျွန်ုပ်၏ ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွား၏။ ရင်တဒိတ်ဒိတ် ခုန်လာ၏။ သွေးများ ဆူပွက်လာသည်။ ဂယောင်ချောက်ချား ဖြစ်သွားသည်။ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိတော့။ ဘာကိုမျှ နောက်ထပ် မကြားလိုတော့။
 
နောက်တနေ့တွင် ကျွန်ုပ် နံနက်စောစော အိပ်ယာက ထပြီး သုသာန်ဘက်သို့ ထွက်ခဲ့၏။ သုသာန်သို့ သွားရာ လမ်းတလျှောက်တွင် ဘဲဥကို တမ်းတမိသည်။ စင်စစ် ဘဲဥ မရှိသည်မှာလည်း ခပ်ကောင်းကောင်းပင်။ သူရှိနေပါက ဘာဖြစ်မည်မှန်း အတပ် မပြောနိုင်သော်လည်း ပြဿနာ တခုခု ကြုံရဖွယ် ရှိသည်ဟု ကျွန်ုပ် တွေးမိသည်။ သုသာန်သည် နံနက်ခင်းတွင် ချမ်းရှာလွန်းသောကြောင့်ထင့်၊ ငြိမ်ငြိမ်သက်သက်နှင့် နေစာလှုံ နေလေ၏။ ပန်းနုရောင် ထိကရုံး ပန်းကလေးများ ဖူးပွင့်နေသည်ကို မြင်ရသောအခါ ကျွန်ုပ်၊ လှဝင်းရီနှင့် ဘဲဥတို့ သူငယ်ချင်းတသိုက် ထိကရုံးပင်ကလေးများကို လက်နှင့် တို့၍ ထိကရုံးပင်ကလေးများကို အိပ်ခိုင်းတမ်း ကစားခဲ့ဖူးသည်ကို မတွေးဘဲ မနေနိုင်။

သို့နှင့် လှဝင်းရီတို့ တဲကလေး အနားသို့ ကျွန်ုပ် ရောက်မှန်း မသိ ရောက်လာ၏။ တဲကလေးမှာ ယခင်အတိုင်းပင်။ လှဝင်းရီ အဖေ ပစ်နေကျ ပိုက်ကွန်ကလေးမှာ ခြံစည်းရိုးတွင် တွဲလျားကျနေ၏။ အဝေးဆီမှ ဘုတ်ငှက်မြည်သံ တပူပူကို ကြားရ၏။ သို့သော် တဲကလေးမှာ တိတ်ခြင်းမလှ တိတ်လွန်းလှသည်။ တဲရှေ့ရောက်သော်လည်း လူသံသူသံ မကြားရသေး။ ကျွန်ုပ်သည် တဲရှေ့တွင် ရပ်ကာ အ၀င်းရေ ဟု ခေါ်ရကောင်းနိုး၊ ဗျို့ ဦးလေးရေ ဟု ခေါ်ရကောင်းနိုး အတော်ကြာအောင် စဉ်းစားရသေး၏။ အ၀င်းရေ ဟု ခေါ်ရန် မသင့်ချေ။ လှဝင်းရီ ခမျာမှာ ရှက်နေရှာလိမ့်မည်။ ဦးလေးရေဟု အော်ခေါ်ပြန်လျှင်လည်း သမီး၏ အဖြစ်ဆိုးကြောင့် စိတ်ဆင်းရဲ နေရမည့် အဖ ဖြစ်သူ၏ မျက်နှာကို တွေးမြင်မိလာ၍ အားနာသလိုလို ရှိမိသည်။ ထို့ကြောင့် အဟမ်း ဟု ချောင်းသံ ပေးလိုက်သည်။ ချောင်းတချက် ဟန့်သော်လည်း မည်သည့် တုံ့ပြန်မှုကိုမျှ ပြန်မရ။ ထို့ကြောင့် နောက်ထပ် ချောင်းဟန့် ရပြန်သည်။ မထူးခြားချေ။ နောက်ထပ် ချောင်းဟန့်ပြန်သည်။ အကြောင်း မထူးချေ။ ထို့ကြောင့် နောက်ဆုံးတွင် အ၀င်းရေ ဦးလေးရေ ဟု အော်ခေါ်လိုက်၏။ ကျွန်ုပ် တခွန်း အော်ခေါ်သော်လည်း မည်သူမျှ မထူး။ နောက် တစ်ခွန်း။ မည်သူမျှ မထူး။ နောက်ထပ် တခွန်း။ မည်သည့် အသံမျှ မကြားရ။ အဖန်တလဲလဲ အော်ခေါ်သော်လည်း မည်သည် တုံ့ပြန်သံကိုမျှ မကြားရ။ ထို့ကြောင့် ကျွန်ုပ်စိတ်တွင် စနောင့်စနင်း ဖြစ်လာ၏။ မထူးပါဘူးကွာ အိမ်ပေါ်တက်ကြည့်တာ ကောင်းပါတယ်ဟု စိတ်ပိုင်းဖြတ်၍ ခြံတွင်းသို့ ၀င်ခဲ့၏။ မည်သည့် အရိပ်အယောင်ကိုမျှ မတွေ့ရ။ အိမ်ပေါ်တွင် မည်သူမျှ မရှိကြတော့ပေ။ သို့နှင့် ကျွန်ုပ်တို့၏ ချစ်လှစွာသော သူငယ်ချင်းမကလေး လှဝင်းရီမှာ စုန်းစုန်းမြုပ် ပျောက်ကွယ် သွားလေ၏။

(၁၁) 

လှဝင်းရီတို့ သားအဖ ထွက်သွားပြီးနောက် လအတန်ငယ်ကြာမှ ဘဲဥ မြို့သို့ ပြန်ရောက်လာသည်။ သူပြန်ရောက်လာသည့် ညနေစောင်းတွင် ကျွန်ုပ်တို့နှစ်ဦး ကမ်းနဖူးသို့ ဆင်း၍ ရေဆင်းတံတားဦးရှိ ကင်းတဲ၌ ထိုင်နေမိသည်။ မည်သည့် စကားကိုမျှ မဆိုမိကြ။ မြစ်အတွင်း တလိပ်လိပ် လွန့်လူးနေသည့် လှိုင်းလုံးများကို အကြောင်းမဲ့ ငေးကြည့်နေကြခြင်းသာ ဖြစ်သည်။ ထိုရော အခိုက်ဝယ် မုတ်သုန်မိုးသည် ယင်း၏ အပေါင်းအပါများဖြစ်သည့် လေပြင်း၊ ငယ်ကျွမ်းဆွေဖြစ်သည့် မိုးကြိုးလျှပ်စီးတို့ ခြံရံပြီးလျှင် ရွေးမြစ်ရိုးတစ်လျှောက် တဝေါဝေါမြည်သံကိုပြုကာ မြစ်ရေပြင်အနားသတ်ရာ လတာပြင်အစပ်နားမှ လမုတောကို ဖျက်ဆီးအံ့သောငှာ မညှာမတာ ရိုက်ပုတ်လေ၏။

မိုးထစ်ချုန်းသံသည် အမျက်ထနေသည့် မုတ်သုံမိုးကို ဘီလူးဆိုင်းတီး၍ မြှောက်ပင့်ပေးနေသယောင်။ ပြိုးပြက်လက်သည့် လျှပ်ရောင် ၀င်းခနဲ အလက်တွင် ကမ်းနဖူး ရေဆင်းတံတား၌ ဆိုက်ကပ်ထားသည့် စပါးလှေ၊ ဆားလှေ စသည်တို့ လှိုင်းစီး၍ နေကြသည်ကို အထင်းသား မြင်ရသည်။ မုတ်သုံမိုး၏ လက်သရမ်းခြင်းကြောင့် နုနယ်လှစွာသော လမုရွက်တို့သည် ညစ်ထေးထေး မဲပုပ်ပုပ် အဆင်းကိုဆောင်သည့် လတာပြင်ထက်သို့ ဦးစိုက်ဂျွမ်းပြန် ကျလေ၏။ မှိုင်းညို့ညို့ လမုတောတန်းသည် လေအသော့တွင် သွက်သွက်ခါရမ်းနေသည်ကို လျှပ်ရောင်အပြက်တွင် မြင်ရ၏။ မိုးသားတိမ်စိုင်တို့ ကောင်းကင်တွင် ပတ်ရစ်ဖွဲ့ကာ မြို့ကလေးကို လှည့်လည် ခြိမ်းချောက်နေ၏။ 


ထိုစဉ် ဘဲဥက “ဟေ့ရောင် ကျပ်ခိုး။ အ၀င်းတို့ သားအဖ ဘယ်ကို ထွက်သွားသတုံး။ မင်း သတင်း ရသေးသလား” ဟု ရုတ်တရက် မေးလိုက်၏။ ကျွန်ုပ်လည်း သူ့အမေးကို ပြန်မဖြေနိုင်။ အတန်ကြာမှ ဘဲဥသည် လေပူတစ်ချက် မှုတ်ထုတ်ရင်း “အေးလေ ဒီလောက်တောင် ဖြစ်တော့မှ သူတို့လဲ ဒီမှာ ဘယ်လိုလုပ်ပြီး နေချင်တော့မှာလဲ” ဟု ဆိုလိုက်လေ၏။ ထိုအချိန်မှစ၍ ကျွန်ုပ်နှင့် ဘဲဥသည် လှဝင်းရီအကြောင်းကို စကား မစဖြစ်အောင် အထူး သတိထား ဆင်ခြင်ကြသည်။ သို့သော်လည်း အကြောင်းတိုက်ဆိုင်လာလျှင်မူ မတွေးဘဲ မနေနိုင်။ ဘဲဥသည်လည်း ကျွန်ုပ် နည်းတူပင် ဖြစ်နေရှာ ပေလိမ့်မည်။ ထိုအခိုက် တစိမ့်စိမ့် ရွာသွန်းနေသော မုတ်သုံမိုးသည် သည်းရာမှာ မည်းလာပြီးလျှင် မစဲနိုင်အောင် ရွာချလိုက်လေသတည်း။
  
ထိုနှစ် ဆောင်းဦးပေါက်တွင် ကျွန်ုပ်သည် ပညာဆက်လက်သင်ကြားရန် မြို့ကလေးမှ ထွက်ခွာလာခဲ့၏။ မိသားစု အရေး၊ စီးပွားရေး စသည့် အထွေထွေ ပြဿနာတို့ကြောင့် ဘဲဥမှာ ကျွန်ုပ်နှင့်အတူ ပညာဆက်လက် သင်ကြားရန် အခွင့်မရတော့ချေ။
 
(၁၂)

ယူနီဗာစီတီကျောင်းဆိုသည် တရားဝင် အလေလိုက်ခွင့်ရသူတို့ ပျော်ပါးရာ နေရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် အပေါင်းအသင်း အသစ်တို့နှင့် ပျော်ပျော်ပါးပါး ဟေးလားဝါးလား လုပ်ခြင်း၊ တွေ့သမျှ မြင်သမျှ ချောသည် လှသည်ဟု ထင်ရသော မိန်းကလေးတိုင်းကို ရည်းစား စကားလိုက်ပြောခြင်း၊ စာလိုက်ပေးခြင်းတို့ဖြင့်သာ အချိန်ဖြုန်းခဲ့၏။ သတ္တဘာဂ ဖူးစာရေးနတ်သည် ကျွန်ုပ်ကို ရှေးဘ၀က မည်သည့် အကြောင်းရေစက်တို့ကြောင့် မျက်မုန်းကျိုးနေသည် မသိ။ ကျွန်ုပ် ပိုးပန်းသည့် မိန်းကလေးများကို ကျွန်ုပ်နှင့် လွဲရလေအောင် သွေးဆောင် ဖြားဆောင်း၏။ တောင်ကျရေပမာ ထက်သန်လှစွာသော ကျွန်ုပ်၏ မေတ္တာဓာတ် အရှိန်အဟုန်ကို မည်သည့် မိန်းကလေးကမျှ ခံယူခြင်း မပြုကြပေ။ အချို့သော လုံမငယ်တို့သည် ကျွန်ုပ် ချစ်ရေးဆိုသည်နှင့် တပြိုက်နက် လင်နောက်လိုက်သွားကြလေ၏။ အချို့သော မိန်းကလေးတို့ကမူ ကျွန်ုပ် မေတ္တာစကား ပန်ကြားချက်ကို ကြားလိုက်ရသည်နှင့် တပြိုက်နက် “နင် ငါ့ နောက်ဆက်ပြီး လိုက်မလာနဲ့။ နင် ဆက်လိုက်လာရင် ဘတ်စ်ကားရှေ့ ၀င်ရပ်ပြီး အသေခံလိုက်မယ်” ဟု ဆိုကာ သူတို့၏ အသက်ဖြင့် ရင်း၍ ကျွန်ုပ်၏ မေတ္တာကို တုံ့ပြန်သမှု ပြုသည်။ အချို့မူကား စာတိုက်မှ စာပို့လိုက်ယုံမျှနှင့်ပင် လူကြီးမိဘ သက်သေ စုံလင်စွာဖြင့် လာရောက် ဆဲဆို ရန်တွေ့ကြ၏။
   
သို့နှင့် ပျော်သလို ပါးသလို နေထိုင် ကျင်လည်ခဲ့ပြီး တနှစ်ပြီး တနှစ် ကူးပြောင်း၍ သုံးလေးနှစ်ခန့် ကြာသော် ဘွဲ့လက်မှတ် တခုကို ကျွန်ုပ် လက်ဝယ် ပိုင်ဆိုင်ခဲ့လေ၏။ ဘွဲ့လက်မှတ် တခုရခါမျှနှင့် တ၀မ်း တခါးလှအောင် ကြံဆောင်ရန်မှာ အတော်ပင် ခဲယဉ်းကြောင်း ထိုအခါမှ ကျွန်ုပ် သိသည်။ အလုပ်ကြေငြာ တွေ့တိုင်း၊ ဌာနဆိုင်ရာတို့မှ အလုပ်ခေါ်လေတိုင်း အပြေးအလွှား သွားကာ အလုပ်လျှောက်ရသည်မှာ အမောပင်။ အလုပ် ခဏခဏ လျှောက်ရခြင်းကြောင့် ရှိရှိသမျှ အလုပ်ဌာနတို့မှ ၀န်ထမ်းရေးရာ ဆိုင်ရာ ပုဂ္ဂိုလ်များနှင့်ပင် လက်ပွန်းတတီးဖြစ်ကာ အထူးပင် ရင်းနှီးကျွမ်းဝင်ခဲ့ရသော ဟူ၏။ ကျွန်ုပ် ၀ိဇ္ဇာဘွဲ့ရပြီးနောက် အလုပ်လျှောက် ၀ိဇ္ဖာကြီး ဖြစ်နေချိန်၌ ဘဲဥသည် ကျွန်ုပ်တို့ ကွမ်းတောင်ကိုင် မိန်းမချော မသီတာကို ခိုးပြေးပြီး အိမ်ထောင်သည် ဘွဲ့ထူးကို ခံယူလိုက်လေ၏။ ဖူးစာအရေး၌ နုံချာတော် မူပေထသော ကျွန်ုပ်သည် ဘဲဥတယောက် အိမ်ထောင်ကျသွားပြီ ဟူသည်ကို ကြားသည့်အခါ စိတ်ထဲတွင် ကျိတ်ပြီး မနာလို ဖြစ်မိသည်။ သတ္တာဘာဂနတ်ကိုလည်း ဆဲရေးမိသေးသည်။ အတော်ပင် စွံသည့် ငါ့ သူငယ်ချင်း ဟူ၍လည်း ဂုဏ်ယူ ၀မ်းသာမိ၏။
 
ကျွန်ုပ် အိမ်မပြန်ဘဲ ရန်ကုန်မြို့တွင် ကြုံသလို ကျသလို နေထိုင်ကာ အလုပ် ရှာဖွေရေး လုပ်နေသည့် ကာလအတွင်း၌ ဘဲဥသည် စပါးဒိုင် စာရေးကလေး အဖြစ်မှ စာရေးကြီး အဖြစ်သို့ ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။ ထိုစဉ်က လယ်သမားတိုင်း အစိုးရထံသို့ တဧကလျှင် ဆယ့်နှစ်တင်းနှုန်းဖြင့် မဖြစ်မနေ တာဝန်ကျေစပါး သွင်းရသည့် ခေတ်ဖြစ်သောကြောင့် စပါးဒိုင် စာရေးကြီးဟူသည်မှာ လက်ဖျားငွေသီးသည့် ရာထူးဌာနန္တရပင် ဖြစ်၏။ ဒိုင်မှူးနှင့် အလွမ်းသင့်သော စာရေးကြီးဘဲဥသည် စပါးဒိုင်တွင် သူ့ခြေသူ့လက်ချည်း ဖြစ်ကာ အတော်ပင် အရေးပါအရာသော ပုဂ္ဂိုလ်ကြီး ဖြစ်သွားလေ၏။ ထို့ကြောင့် စပါးဒိုင် စာရေးကြီးဘဲဥသည် စပို့ရှပ် ထည်လဲ ၀တ်တော့၏။ ခေါင်းလိမ်းဆီ တရွှဲရွဲ၊ အသားအရည် စိုစိုပြေပြေ ဖြစ်ကာ အတော်ပင် ကြည့်ကောင်းလာသည်ဟု သတင်းကြားရသည်။ စာရေးကြီး ကတော့် လက်မှ တချွမ်ချွမ် တချွင်ချွင် မြည်သံတို့ကို နားကြားပြင်းကပ်အောင် ကြားရတော့သည် ဟူ၏။ ထိုအချိန်တွင် ကျွန်ုပ်မှာမူကား ပြေးရင်းလွှားရင်း အလုပ်လျှောက် ကောင်းနေဆဲ ဖြစ်၏။

အလုပ်ခေါ်တိုင်း လျှောက်သော်လည်း အဆင်မပြေ။ အလုပ်မရသည့် အဆုံးတွင် ကျွန်ုပ်သည် စိတ်အပျက်ကြီး ပျက်ကာ အိမ်ပြန်ခဲ့လေ၏။ အိမ်ပြန်ရောက်သော် ဘာလုပ်ရမည်မှန်း မသိ။ စိတ်ဓာတ်ကျစရာ အခြေအနေတို့ဖြင့် ထပ်၍ ကြုံရသည်။ ထို့ကြောင့် ကျွန်ုပ်သည် ဘဲဥရှိရာ အလယ်ရေကျော် စပါးဒိုင်သို့ စိတ်ပြေလက်ပျောက် ထွက်ခဲ့လေ၏။

စပါးဒိုင်ရှိရာ ချောင်းအတွင်းသို့ ပဲ့ထောင် မောင်းဝင်လိုက်သည်နှင့် တောင်လို မို့မောက်နေသည့် စပါးပုံကြီးများ တွေ့ရသည်။ နံနက်ခင်း နေရောင်အောက်တွင် ချွေးတဒီးဒီးကျနေသည့် အလုပ်သမားတို့ ပျားပန်းခတ် နေကြသည်။ ဘဲဥကို ကြိုတင် အကြောင်း မကြားမိသောကြောင့် ကျွန်ုပ်ကို ဆီးကြိုမည့်သူ မရှိ။ အလုပ်သမကလေးတို့က ဝေါကင်းရှုးနှင့် ဂျင်းဘောင်းဘီ ၀တ်ထားသည့် ကျွန်ုပ်ကို ကြည့်၍ ရယ်ပွဲဖွဲ့သောကြောင့် ကျွန်ုပ် မနေတတ် မထိုင်တတ် ဖြစ်ရ၏။ စပါးထမ်းနေသည့် အလုပ်သမားတယောက် အနားသို့ မယောင်မလည် ချဉ်းကပ်၍ “ဘဲဥ ဘယ်မှာတုံးဗျ” ဟု မေးလိုက်သော် ထိုအလုပ်သမားကြီးသည် ဇဝေဇ၀ါ ဖြစ်သွားလေ၏။ သူကပင် “ဘယ်က ဘဲဥကို ပြောတာတုံး” ဟု ပြန်လှန် မေး၏။ “ခင်ဗျားတို့ဒိုင်က စာရေးကြီးကို ပြောတာဗျ” ဟု ကျွန်ုပ် ငေါက်ဆတ်ဆတ် ဆိုလိုက်မှ ထိုသူသည် အလွန်ရိုကျိုးသော အမူအရာဖြင့် “သြော် စာရေးကြီး ကိုဝင်းနိုင်ကို ပြောတာနဲ့ တူတယ်” ဟု ဆို၏။ ထို့နောက် ကျွန်ုပ် စိတ်မရှည် ဖြစ်လာသောကြောင့် “ဟုတ်တယ် ၀င်းနိုင်ကို ပြောတာ။ ဒီကောင် ဘယ်မှာတုံး” ဟု ဆိုလိုက်လျှင် ထိုအလုပ်သမားကြီးက “ဆရာလေး ကိုဝင်းနိုင်က အခုလေးတင်ပဲ ကန်ဘဲ့ကို ပဲ့ထောင်နဲ့ ထွက်သွားတယ်” ဟု ပြောရင်း ကျွန်ုပ်၏ အိတ်ကို ဆွဲ၏။ ထို့နောက် “လာပါ ဆရာရယ်။ ဆရာလေး ကိုဝင်းနိုင် တော်ကြာနေရင် ပြန်ရောက်လာမှာပေါ့။ ဆရာကတော်နဲ့ စကားစမြည် ပြောရင်း အိမ်ကနေ စောင့်တာက ပိုကောင်းပါတယ်” ဟု ဆိုပြီး ကျွန်ုပ်၏ အထုပ်အပိုးများကို ဆွဲ၍  စာရေးကြီး ဘဲဥ စံမြန်းရာ စပါးဒိုင် ၀န်ထမ်းတန်းလျားဆီသို့ ကျွန်ုပ်ကို ခေါ်ဆောင်သွားလေ၏။
    
ဝန်ထမ်းတန်းလျားရှိ ဘဲဥ၏ နေအိမ်ကလေးမှာ နေချင့်စဖွယ် သာတောင့်သာယာ ရှိလှပါ၏။ အိမ်ရှေ့တွင် စပို့ရှပ်များ လှမ်းထားသည်ကို တွေ့သောကြောင့် ကျွန်ုပ် ပြုံးမိသေးသည်။ အိမ်ရှေ့တံခါးဝသို့ ရောက်လျှင် အလုပ်သမားကြီးက “အမရေ ဆရာ့သူငယ်ချင်း မြို့ကနေ လာလည်လို့ ကျွန်တော် လိုက်ပို့တာ” ဟု ဆိုပြီး ကျွန်ုပ်၏ အထုပ်အပိုးများကို အိမ်ရှေ့တွင် ချကာ အလုပ်ခွင်သို့ ခပ်သုတ်သုတ် ပြန်သွားလေ၏။ “လာပြီ ဦးလေးရေ” ဟု ဆိုရင်း အိမ်တွင်းမှ စာရေးကြီးကတော် ထွက်လာ၏။
  
“ဟင် အ၀င်း” ဟု ကျွန်ုပ် အံ့သြစွာ ရေရွတ်မိသည်။ ဘယ့်နှယ်ဖြစ်ရတာတုံး ဟု တွေးမိ၏။ လှဝင်းရီကလည်း ကျွန်ုပ်ကို မြင်လျှင် ဘီလူးသရဲကို မြင်တွေ့ရသည့်အလား ဖြစ်သွား၏။ ထို့နောက် “ဟယ် ကျပ်ခိုး နင် ဘယ်ကနေ ဘယ်လို ရောက်လာတာတုံး” ဟု ၀မ်းသာအားရ ဆိုပြီး ကျွန်ုပ်၏ အထုပ်အပိုးများကို နေရာချ၏။ “ကဲ ရေလေးဘာလေး သောက်အုံး။ နင့် သူငယ်ချင်းလဲ ထမင်းစားချိန် အမီ ပြန်လာမယ်လို့ ပြောသွားတယ်။ နေပါအုံး နင်က အကြောင်းလေး ဘာလေးတောင် မကြားဘူး။ နင် လာလည်မယ်မှန်း ကြိုသိရင် ငါ ကြက်သားဟင်း ချက်ထားတာပေါ့။ အခုတော့ သဗြုသီးနဲ့ ငါးရံ့ချဉ်ရည်ဟင်း ချက်ထားတာပဲ ရှိတယ်” ဟု ဆို၏။ “တအောင့်တနား အမောဖြေအုံး။ ငါ ထမင်း ထပ် ချက်လိုက်အုံးမယ်” ဟု ဆိုပြီး လှဝင်းရီသည် အိမ်နောက်ဖေးသို့ ၀င်သွားလေ၏။

တခုခု ဖြစ်နေပြီမှန်း ကျွန်ုပ် သိသည်။ သို့သော်လည်း ဘာဖြစ်မှန်း အတပ် မသိချေ။ လှဝင်းရီနှင့် ပြောစရာ ဆိုစရာ အကြောင်းအရာ များစွာ ရှိသော်လည်း မည်သည့် စကားကို စပြီး ဆိုရမည်ကို မစဉ်းစားတတ်တော့။ သို့နှင့် ကျွန်ုပ်သည် ဆေးလိပ်သောက်ရ ကောင်းနိုး၊ ရေသောက်ရ ကောင်းနိုး၊ ပက်လက်ကုလားထိုင်တွင် ထိုင်ရကောင်းနိုးနှင့် ယောင်တီးယောင်တောင် ပြုကာ ဘဲဥကို စောင့်ရလေ၏။ 
   
တနာရီခန့်ကြာသော် ဘဲဥ ပြန်ရောက်လာ၏။ ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း “လာမယ်လို့ ကြိုပြောရင် ငါ ပဲ့ထောင်နဲ့ လာခေါ်မှာပေါ့” ဟု ဆိုကာ ၀မ်းသာအားရ နှုတ်ဆက်၏။ “ကဲ သူငယ်ချင်းရယ် ထိုင်ပါအုံး” ဟု ဧည့်သည်ဖြစ်သူ ကျွန်ုပ်က ဘဲဥကို ပြန်ကာ ဧည့်ဝတ်ပြုရသည်။ “ဘာတွေ ဘယ်လို ဖြစ်တာတုံး” ဟု ကျွန်ုပ် စကားစလိုက်လျှင် ဘဲဥက လက်ကာပြ၏။ “ကဲ ရောက်တုန်းရောက်ခိုက် မင်းကို စပါးဒိုင်ဘက်ကို လျှောက်ပြအုံးမှပဲ။ အ၀င်းရေ ထမင်းပွဲ ပြင်ထားနှင့် ဟေ့။ ငါတို့ သိပ်မကြာဘူး” ဟု ဆိုကာ ကျွန်ုပ် လက်ကို ဆွဲ၍ ရေဆင်းတံတားဘက်သို့ ခေါ်သွားလေ၏။
 
တံတားဦးတွင် သူငယ်ချင်းနှစ်ယောက် ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ ရေတက်ချိန်မို့ ချောင်းရိုးတလျှောက်တွင် ဗေဒါဖုတ်ကလေးများ ဟိုဒီ မျောနေ၏။ ဗေဒါတို့တွင် ပန်းတိုင်ဟူ၍ ရေရေရာရာ မရှိ၊ ရေစီးသန်လျှင် သန်သလောက် ခရီးပေါက်၏။ တက်ရေ၊ ကျရေကို အမှီသဟဲ ပြုရသော်လည်း ရေလှည့်သင့်လျှင် သင့်သလို စိတ်သွားတိုင်း ကိုယ်ပါ လိုရာခရီးကို ရေယဉ်စီး၍ မျောနိုင်သည့် သတ္တိထူး ရှိ၏။ ဘဲဥသည် လေပူတချက်ကို မှုတ်ထုတ်ရင်း “တလောတုန်းက ငါ ပိုးလောင်းဘက်ကို စပါးကိစ္စနဲ့ သွားရင်း လှဝင်းရီနဲ့ အမှတ်မထင် ပြန်တွေ့တယ်။ သူ့ဖအေကြီးလည်း သေသွားပြီ။ ပိုးလောင်းမှာ ကောက်လာစိုက်ရင်းနဲ့ သောင်တင်နေတာတဲ့။ သူတယောက်ထဲ ပိုးလောင်းမှာ ဘောက်လုပ် ဘောက်စား ဖြစ်နေတယ်။  ဒါနဲ့ ငါ သူ့ကို မရမက ခေါ်ထားလိုက်တယ်။ မင်း အပြစ်တင်ချင်ရင်လဲ တင်ကွာ” ဟု ဆိုပြီး ချောင်းရိုးတလျှောက်ရှိ ဓနိတောကို အထူးအဆန်းလုပ်၍ မမှိတ်မသုန် ကြည့်နေလေ၏။ ကျွန်ုပ်သည် ဘဲဥ၏ စကားကို ကြားရသည့်အခါ အတော်ပင် လူမော စိတ်မော ဖြစ်ရသည်။ ထို့ကြောင့် ဆေးပေါ့လိပ်ကိုသာ နာနာ ဖွာမိသည်။ အတန်ကြာမှ “ကဲ ဘဲဥရယ် ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲပေါ့ကွာ၊ စောင်မ ကြည့်ရှုတယ် ဆိုတာ ဒါပဲပေါ့” ဟု ဆိုမိသည်။ စောင်မ ကြည့်ရှု ဟူသည်ကို အတွေးပေါက်ပြီး ကျွန်ုပ်တို့ သူငယ်ချင်းနှစ်ဦးလုံး အူလှိုက်သည်းလှိုက် ရယ်မိ၏။ ကျွန်ုပ်တို့၏ ရယ်သံသည် ချောင်းရိုးတလျှောက်တွင် ပဲ့တင်ထပ် သွား၏။ ချောင်းအစပ်ရှိ လမုတောကလေးပင် တုန်ခါသွားလေ၏။

(၁၃) 

လှဝင်းရီ့လက်ရာ သဗြုသီး ငါးရံ့ချဉ်ရေဟင်းကြောင့် ကျွန်ုပ် လျှာလည် သွား၏။ ထမင်းစားပြီးနောက် ဆေးလိပ်ကိုယ်စီခဲ၍ အိမ်ရှေ့ရှိ ညောင်စောင်းထက်တွင်  ထမင်းလုံးစီရင်း မှိန်းကြ၏။ ထိုစဉ် လှဝင်းရီက “ဆေးလိပ်ချည်းပဲ သောက်မနေနဲ့။ ငှက်ပျောသီး စားအုံး” ဟု ဆိုရင်း ရခိုင်ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ကို ကျွန်ုပ်တို့ရှေ့သို့ တွန်းပို့လိုက်၏။ ထိုသော ကျွန်ုပ်လည်း ငယ်စိတ် ပြန်ဝင်လာ၍ “အ၀င်းရေ ငါ သဂျုသွေး စားချင်တယ် ဟ” ဟု ဆိုလိုက်လျှင် ဘဲဥသည် သဘောကျစွာဖြင့် အူလှိုက်သည်းလှိုက် ရယ်လေ၏။ “ဒီကောင် ကျပ်ခိုးဟာ အခုအချိန်အထိ ကလေးစိတ် မပျောက်သေးဘူး” ဟု ဆို၏။ လှဝင်းရီကလည်း ရယ်သည်။ ကျွန်ုပ်လည်း ရယ်မိသည်။ ဘဲဥသည် ရုတ်ခြည်းထပြီး အလုပ်သမား တန်းလျားဘက်သို့ ထွက်သွား၏။ ခဏကြာသော် အုန်းသီးနှစ်လုံး ဆွဲပြီး ပြုံးဖြီးဖြီး မျက်နှာထားဖြင့် ပြန်ရောက်လာ၏။ “အ၀င်းရေ အုန်းသီး ခွဲရအောင် ဓားမ သွားယူချေ” ဆိုရင်း ကျွန်ုပ်ကို ပြုံး၍ ကြည့်သည်။ သူ့အပြုံးကြောင့် ကျွန်ုပ်လည်း မပြုံးဘဲ မနေနိုင်။ အတိတ်ကို ပြန်လည် သတိရမိသည်။ အတိတ်တွင် ပျော်ခဲ့ဖူးသည်ထက်ပင် ပို၍ ပျော်စရာ ကောင်း၏။
 

အလယ်ရေကျော် စပါးဒိုင်တွင် ကျွန်ုပ် ပျော်ရွှင်စွာ နေထိုင်နေသည့် အခိုက်တွင် ကျွန်ုပ် လျှောက်ထားခဲ့ဖူးသည့် အလုပ်တခုတွင် ခန့်ထားရန် ရည်ရွယ်ပြီးဖြစ်သူ ရုတ်တရက် သေဆုံးသွားခြင်းကြောင့် ကျွန်ုပ်ကို အစမ်းခန့်ထားလိုက်သည် ဟူသော အကြောင်းကြားစာ ရောက်လာလေ၏။ ထို့ကြောင့် ကျွန်ုပ် ရန်ကုန်သို့ သွားရန် ကမန်းကတန်း ပြင်ရလေ၏။ ဘဲဥနှင့် လှဝင်းရီတို့ နှစ်ဦးလုံး မျက်နှာ မကောင်းလှချေ။  ဘ၀ဟူသည်မှာ ဖြစ်ချင်တိုင်း ဖြစ်ခွင့် မရဟူသည်ကို လက်ကိုင်ထားပြီး နှုတ်ဆက် ခွဲခွာ ရလေ၏။ “ခွင့်ရရင် ပြန်လာကွာ” ဟု ဘဲဥက အခါခါ မှာ၏။ လှဝင်းရီက “ကျပ်ခိုး နင် သင်္ဘောပေါ်မှာ စားရအောင် ငါ ကောက်ညှင်းထုပ် ထုပ်ထားတယ်” ဟု ဆိုကာ စလူရွက်ဖြင့် ထုပ်ထားသည့် ကောက်ညှင်းထုပ်တစ်တွဲ လက်ဆောင်ပေးလိုက်၏။
  
ကျွန်ုပ်အဖို့ အလယ်ရေကျော်မှ လပွတ္တာ၊ လပွတ္တာမှ ရန်ကုန် ခရီးစဉ်သည် စိတ်လှုပ်ရှားဖွယ်ရာတို့ဖြင့် ပြည့်နှက်နေ၏။ ဧရာဝတီ သဘောင်္ကြီး ခုတ်မောင်းသည်မှာ အတော်ပင် နှေးကွေးလှသည် ဟု ထင်မိသည်။ အလုပ်တွင် အဆင်ချောမှ ချောပါ့မလား ဟု ကြိုတွေးပြီး စိုးရိမ်ကြောင့်ကြ ဖြစ်မိ၏။ မြစ်ကမ်းနံဘေး လယ်ကွက်ထဲတွင် ကျွဲကျောင်းနေသည့် ကလေးများကို မြင်သော် လက်ရမ်းပြမိ၏။ အလုပ်သို့ ထမင်းဘူး ထည့်သွားမှ စရိတ်စက သက်သာချေမည် ဟုလည်း တွေးမိသည်။ ထိုသို့ ရောက်တတ်ရာရာ တွေးရင်း ရန်ကုန်မြို့သို့ ရောက်မှ လပွတ္တာအိမ်တွင် လှဝင်းရီ ထည့်ပေးလိုက်သည့် ကောက်ညှင်းထုပ်တွဲ ကျန်ရစ်ခဲ့ကြောင်း သတိရလေ၏။

(၁၄)

အလုပ်ရပြီးနောက်တွင် ကျွန်ုပ်သည် နေ့စဉ် ရုံးတက်ရုံးဆင်းလုပ်ရင်း ပျော်ရွှင်ခြင်းနှင့် လွတ်လပ်ခြင်းတို့ ဆုံးရှုံးခဲ့လေ၏။ ကျွန်ုပ် အလုပ်ရပြီး သုံးလေးငါးလခန့် အကြာတွင် ကျွန်ုပ်ရှိရာသို့ ဘဲဥ ရောက်လာလေ၏။ ဘဲဥ၏ မျက်နှာထားမှာ သုန်မှုန်နေ၏။ ထို့ကြောင့် အကြောင်းတစုံတရာ ထူးပြီဖြစ်မှန်း ကျွန်ုပ် ရိပ်မိသည်။ ကျွန်ုပ် မမေးခင်မှာပင် ဘဲဥက “မသီတာ အလယ်ရေကျော်ကို လိုက်လာတယ်။ အ၀င်း ထွက်သွားပြီ” ဟု တုံးတိတိ ဆိုလိုက်၏။ ထို့နောက် “ငါ အိမ်မပြန်ချင်ဘူး။ မင်းနဲ့ တလတန်သည် နှစ်လတန်သည် ကြာအောင် နေလိုက်အုံးမယ်” ဟု ဆိုလေ၏။ တခါတရံတွင် ကျွန်ုပ်သည် ပျော်ရွှင်ခြင်းများကို ဖျက်စီးတတ်သည့် ကံ ဟူသည့် အရာကြီးကို ဆဲရေးတိုင်းထွာလိုစိတ်ပေါက်မိ၏။ သို့သော်လည်း ကံ ဟူသည်မှာ ကိုယ်ပြုသည့် အမှု ပင် ဖြစ်သောကြောင့် ကံ တရားကို ဆဲရေးခြင်းသည် ကိုယ့်ကိုကိုယ် ပြန်ပြီး ဆဲရေးရာ ရောက်သည်ကြောင့် မဆဲမိတော့ပေ။ သို့သော်လည်း အတော်ပင် မကျေမချမ်း ဖြစ်မိသည်။

ကျွန်ုပ် အိမ်တွင် ဘဲဥ ကြာကြာ မနေလိုက်ရချေ။ အကြောင်းမူကား သူ့ဇနီးသည် မသီတာ မျက်ရည်လည်ရွဲနှင့် လိုက်ခေါ်သောကြောင့် ဖြစ်၏။ ဘဲဥတို့ လင်မယား ပြန်သွားသော် ကျွန်ုပ်သည် လှဝင်းရီအတွက် စိတ်ပူမိသည်။ သို့သော်လည်း သူ့အတွက် ဘာတခုမျှ ထိထိရောက်ရောက် ကူညီနိုင်ခြင်း မရှိခဲ့ပေ။

တခုသော နွေဦးကာလ ကျွန်ုပ် အိမ်သို့ ပြန်ရောက်ခိုက်တွင် “လှဝင်းရီတယောက် စပါးပွဲစား ဦးစံသိန်းနှင့် တိတ်တိတ်ပုန်း ညားနေပြီ” ဟူသည့် သတင်း သဲ့သဲ့ ကြားလိုက်ရ၏။ ထိုသတင်းကို ကြားရသော် ဒီသေခါနီး အဖိုးကြီး ဟာလေ ဟု ကျွန်ုပ် ရေရွတ်မိသည်။ အချို့က ဦးစံသိန်းက လှဝင်းရီကို အမိဖမ်းလိုက်တယ် ဟု ဆို၏။ အချို့မူကား ဒီ ကောင်မက အဖိုးကြီးကို အပိုင်ဖမ်းလိုက်တာ ဟု အမနာပ ဆို၏။ မည်သူ မည်ဝါ မှားသည်။ မှန်သည်ကို ဝေဖန်လျှင် ဆုံးတော့မည် မဟုတ်။ အဖိုးကြီး လှဝင်းရီကို မယားမှတ်မှတ် သားမှတ်မှတ်နဲ့ ထောက်ပံ့ ပေါင်းသင်းရင် တော်လှပြီ ဟုသာ သဘောထားလိုက်သည်။

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသည့်အတိုင်း ကံကြမ္မာဆိုးသည် လှဝင်းရီကို ရွှဲရွှဲစိုနစ် ကြွက်စုတ်ဖြစ်ရလေအောင် ရွာချလေ၏။ ရပ်ကျော်ရွာကျော် ဟိုးဟိုးကျော် ဖြစ်နေသည့် ဦးစံသိန်းနှင့် လှဝင်းရီ၏ တိတ်တိတ်ပုန်း အချစ်ဇာတ်လမ်းကို မြောင်းမြတွင် နေသည့် ဦးစံသိန်း၏ သမီးများ သိသွားပြီးနောက်တွင် လှဝင်းရီအတွက် မိုးသည်းယုံတင်မက မိုးကြိုးပါ ပစ်ချတော့လေ၏။ သို့နှင့် ဦးစံသိန်းလည်း မြောင်းမြကို ပြန်ရလေ၏။ တရားဝင် မယား မဟုတ်သောကြောင့် မယားစရိတ် မရလိုက်ချေ။ ထိုနောက်ပိုင်းတွင် လှဝင်းရီ ကွမ်းယာရောင်းနေသလိုလို၊ ကုန်စိမ်းရောင်းနေသလိုလို မရေမရာ သတင်းများသာ ကြားရတော့၏။
 
တနေ့သ၌ ကျွန်ုပ်၏ အမကြီး ရန်ကုန်သို့ ရောက်လာ၏။ “လှဝင်းရီကို ဧရာဝတီ သင်္ဘောပေါ်မှာ တွေ့ခဲ့တယ်။ ရန်ကုန်နဲ့ ပြင်ရွာ ကူးချည်သန်းချည်လုပ်ပြီး ကုန်စိမ်းရောင်းနေတယ် လို့ ပြောတယ်။ သူ့ခမျာ သနားစရာလေးပါကွယ်” ဟူသည့် သတင်းကို ကြားရ၏။ အမကြီး၏ “ဒီကလေးမလေးရဲ့ ဘ၀ကလဲ မလွယ်ဘူး။ အခုလဲ သင်္ဘောပေါ်မှာ ရေပက် ကြိုးချည် စူကာနီ လုပ်တဲ့ကောင်က ကလေးမလေးကို ပရောပရီ လုပ်နေတာ တွေ့ခဲ့တယ်ကွဲ့” ဟူသော နောက်ဆက်တွဲ စကားကြောင့် ကျွန်ုပ် စိုးရိမ်သောက ဖြစ်ရသည်။
 
ထိုနှစ်ပိုင်းတွင် ကျွန်ုပ်သည် နယ်မြို့ကလေး တမြို့သို့ ငွေကိုင်စာရေးကလေးအဖြစ်နှင့် ပြောင်းရွှေ့ အမှုထမ်းရလေ၏။ တနေ့သ၌ ကျွန်ုပ်၏ မိခင်ကြီး နေမကောင်းဟု ဆိုသဖြင့် အိမ်ပြန်ရန် ကိုင်းတန်း ဗောတံတားဆိပ်သို့ ဆင်းလာခဲ့၏။ ထိုအခိုက် “ဟဲ့ ကျပ်ခိုး” ဟူသည့် နှုတ်ဆက်သံကို ကြားလိုက်ရ၏။ အလို လှဝင်းရီ။ ကိုင်းတန်း ဗောတံတားတွင် ဘာလုပ်နေသည် မသိ။ ကုန်စိမ်းရောင်းနေတုန်းပဲလား ဟု တွေးမိသည်။ ထို့နောက် ကျွန်ုပ်တို့ သူငယ်ချင်းနှစ်ဦး သူ့အကြောင်း ကိုယ့်အကြောင်း ပြောဖြစ်၏။ လှဝင်းရီမှာ ဆားသင်္ဘော ဆလင်ကတော် ဖြစ်နေပြန်ပြီ။ ခင်ပွန်းသည်မှာ အရက်နည်းနည်းပါးပါး သောက်တတ်သော်လည်း သူ့အပေါ်တွင် အတော်ကလေး အလိုလိုက်ရှာသည် ဟု ၀မ်းမြောက်ဖွယ်ရာ ကြားသိရ၏။
  
ကျွန်ုပ်တို့နှစ်ဦးလုံး အတိတ်အကြောင်းများကို ပြန်လည် သတိရမိသော်လည်း စကားဦး မသန်းမိအောင် သတိထား ဆင်ခြင်ကြသည်။ ပြန်ခါနီးတွင် လှဝင်းရီက “ကျပ်ခိုး နင့်မလဲ ပိန်လိုက်တာ  ကျောနဲ့ ရင်နဲ့ ကပ်နေပြီ။ ဆေးလိပ်လျှော့သောက်အုံး” ဟု တခုတ်တရ သတိပေး၏။ ထို့ပြင် “နင်တို့ သူငယ်ချင်းနှစ်ယောက်ဟာ တကယ်ပဲ ပြောရဆိုရ ခက်ပါတယ်။ ဒီ ဆေးလိပ်ကို မဖြတ်နိုင်ကြဘူး” ဟု ဆိုသေး၏။ သံယောဇဉ် ဟူသော နှောင်ကြိုးသည် သံမဏိကြိုးတို့ထက် ခိုင်ခန့်မြဲမြံသည် မဟုတ်လော။
   
သို့နှင့် ကျွန်ုပ်တို့ ဝေးခဲ့ကြရပြန်၏။ နောက်တနှစ်နွေဦးတွင် ကျွန်ုပ်၏ မိဘများသည် ကျွန်ုပ်ကို အိမ်ထောင်ရက်သား ချထားရန် စိုင်းပြင်းလေ၏။ အရပ်တကာလှည့်၍ အပျိုရှိရာအိမ်ဝင်ပြီး သမီးတောင်းထွက်၏။ နဖူးစာကံခေသည့် ကျွန်ုပ်မှာ မိဘများ စီစဉ်သည့်အတိုင်း လိုက်နာမည်ဟု စိတ်ပိုင်းဖြတ်လိုက်ပြီး မယားယူရန် အရေးကို တွေးကာ ပျော်မိသည်။ စိတ်ကူးယဉ်သည်ဆိုသည်မှာ အတော်ပင် ပျော်စရာကောင်း၏။ မိဘများက ဘယ်သူဘယ်ဝါရဲ့ သမီးကလေးကတော့ မဆိုးပါဘူး။ အမ သွားပြီး စပ်ကြည့်အုံးမယ် ဟု ဆိုလျှင် ထိုသူငယ်မမှာ ကျွန်ုပ်၏ စိတ်အတွင်းသို့ ချက်ချင်း ချဉ်းနင်း ၀င်ရောက်လာ၏။ အမ သမီးတောင်းထွက်ရန် ဖိနပ်စီးနေသည့် အခိုက်တွင် ကျွန်ုပ်၏ စိတ်ကူးယဉ် ကမ္ဘာ၌ ထိုသူငယ်မနှင့် မင်္ဂလာဆောင်ပြီးသွားလေပြီ။ သားသမီးများ ပွားစည်းပြီး သကာလ သားရှင်ပြု၊ သမီးနားသ မင်္ဂလာပင် ဆင်ယင် ကျင်းပပြီးသွားပြီ ဖြစ်၏။ ထမင်းရည် ချောင်းစီး မောင်းတီး လှူဒါန်းသည့် ရှင်ပြုနားသ မင်္ဂလာပွဲကြီး ပြီးခါစ သားကိုရင် ရှင်လိင်မပြန်ရသေးခင် ကာလတွင် အမ၏ “အဲဒီ သူငယ်မကလေးမှာ ရည်ရွယ်ထားတဲ့သူ ရှိသတဲ့” ဟူသည့် စကားကြောင့် ကျွန်ုပ်၏ စိတ်ကူးယဉ် ကမ္ဘာ ပျက်ရလေ၏။  သို့နှင့် ကျွန်ုပ် ကမ္ဘာတည်လိုက်၊ ပျက်လိုက်ဖြစ်နေသည့် အခိုက်တွင် လှဝင်းရီ အိမ်ထောင်ပျက်သွားပြီး နောက်ထပ် လင်တယောက် ရနေပြန်ပြီ ဟူသည့် သတင်းကို ကြားရ၏။ နောက်လင်မှာ နောက်သင်္ဘောတစင်းမှ ဖြစ်ပြီး ရေပက်ကြိုးချည် စူကာနီ လုပ်သူ စာရေးကလေးတယောက် ဖြစ်သည် ဟု လည်း သတင်းရသည်။ ဒီတယောက်နှင့်လည်း မည်မျှကြာအောင် ပေါင်းသင်းနိုင်ပါ့မည်နည်း ဟု တွေးမိသေးသည်။
  
ကျွန်ုပ်ကို အိမ်ထောင်ချထားရန် စိတ်အားထက်သန်လှသည့် မာတာမိခင်သည် နောက်တနှစ် ၀ါကျွတ်လျှင် ထုံးစံအတိုင်း သမီးတောင်းထွက်ပြန်သည်။ ကျွန်ုပ်မှာမူ အိမ်ထောင်ရေးကို စိတ်လျှော့ထားလိုက်၏။ ထိုနှစ်တွင် ကျွန်ုပ်၏ စန်းလဂ်တို့ အတော်ပင် ထူးခြား တိုးတက် လာ၏။ တယောက်သော မိန်းမချောကလေး၏ မိဘတို့က အမ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်သည်ကို ၀မ်းမြောက်ဖွယ် ကြားရ၏။ သို့နှင့် သူကလေးနှင့် စေ့စပ်ကြောင်းလမ်း ရတော့၏။ စေ့စပ်လက်စွပ် လဲပြီးနောက်တွင် ကျွန်ုပ်လည်း ဌာနမှ အထက်ပုဂ္ဂိုလ်ကြီးများထံ ချဉ်းကပ်၍ နယ်ပြောင်းခွင့်ရရန် အပူကပ်ရလေ၏။ ရွှေငါးမူးသားဖိုးခန့် ကုန်ပြီးနောက်တွင် နယ်ပြောင်းအမိန့်ကျလာ၏။ သို့နှင့် ကျွန်ုပ်လည်း ဇာတိချက်ကြွေ မွေးရပ်မြေသို့ ပြန်ရောက်လေသတည်း။

လပွတ္တာသို့ ကျွန်ုပ် ပြန်ရောက်သော် လှဝင်းရီတို့ လင်မယား စလူဆိပ် မိကျောင်းအိုင် ရွာဘက်တွင်  ကုန်စုံဆိုင်ကလေး သွားဖွင့်နေကြသည်ဟု ကြားရသည်။ ဘဲဥမှာလည်း သမီးကလေးတစ်ဦးပင် ထွန်းကားနေလေပြီ။ သူ့သမီးကလေးကလည်း စကား တီတီတာတာ ဆိုတတ်စ အရွယ်သို့ ရောက်နေပြီ ဖြစ်၏။ အတိတ်အကြောင်းတို့သည်လည်း အတိတ်တွင် ကျန်ရစ်ခဲ့ပြီ၊ ဝေဒနာ အပူမီးတို့လည်း ကင်းစင် ကွယ်ပျောက် သွားပြီ ဟု ထင်ရသည်။ ကျွန်ုပ်မှာမူ ဃရာဝါသ အရေးကိစ္စတို့ကို စိတ်စောနေသည်ကြောင့် သူတို့အကြောင်းကို မေ့မေ့ပျောက်ပျောက် ထားလိုက်သည်။

တပေါင်း တန်ခူးတွင် လက်ထပ်ကြမည် ဟု ရက်သတ်ထားသော်လည်း ကျွန်ုပ်နှင့် စေ့စပ်ထားသူ မိန်းကလေးသည် အအေးဓာတ်ပိုကဲသည့် ပြာသိုလမှာပင် ငယ်ကကျွမ်းသည့် ချစ်ဦးသူနှင့် ပြန်လည် ဆုံစည်းမိပြီး ခိုးရာလိုက်ပြေး သွားလေ၏။ အမမှာ ဒေါသထွက်၍ မဆုံး။ ကျွန်ုပ်မှာ ရှက်၍ မဆုံး။ ထိုသတင်းကို ကြားရသည်နှင့် အိမ်သို့ ဘဲဥ ရောက်လာသည်။ ကဲ ကျပ်ခိုးရယ် ဘာမှ မဖြစ်ပါဘူးကွာ။ သောက်သုံးမကျတဲ့ လောကကြီးဟာ ဒီလိုချည်းပါပဲ ဟူသော ဖြေသိမ့် စကားကို ဆိုသည်။ သူ့ဖြေသိမ့်စကားကို ကျွန်ုပ် မကြားလိုတော့ပြီ။သို့နှင့် ကျွန်ုပ်မှာ ယောင်တီး ယောင်တောင်နှင့်ပင် ထိုနှစ် ဆောင်းတွင်းကာလကို ဖြတ်သန်းခဲ့ရ၏။ ထိုနှစ်ဆောင်းကား အတော်ပင် အေး၏။

(၁၅)
  
နွေဦးပေါက်ကာလ၌ ကျွန်ုပ် ငပိဆိပ်ဘက်သို့ ကိစ္စတစ်ခုနှင့် ရောက်သွားလေ၏။ ငပိဆိပ်အရပ်မှာ မြို့နှင့် မလှမ်းမကမ်းတွင် တည်ရှိပြီး အရောင်းအ၀ယ်ဖွံ့ဖြိုးသည်။ ကိုလိုနီခေတ်တွင် စတင်ပေါ်ပေါက်ခဲ့သော ရပ်ကွက်ဖြစ်ပြီး ငါးပိသည်တို့၏ ထွက်ကုန်ငါးပိ အနံ့အသက်ဆိုးများကို မြို့သူမြို့သားတို့ မခံနိုင်၍ မြူနီစီပယ်ဌာနသို့ တိုင်ကြားရာတွင် မြူနီစီပယ်လူကြီးမင်းများက ထိုငါးပိသည်များကို မြို့နှင့် အတော်ဝေးသည့် နေရာတွင် သွားရောက်လုပ်ကိုင်ရန် သတ်မှတ်နေရာချထားခြင်းမှ စတင်ပေါ်ပေါက်ခဲ့သည်ဟု အဆိုရှိသည်။
   
ထိုငပိဆိပ်တွင် ဓာတ်ဆင် ဓာတ်ရိုက်နှင့် ကျွဲပျောက် နွားပျောက် လူပျောက် ဗေဒင်ဟောရာတွင် ထင်ရှားလှသော ဆြာအောင်မျိုးမြင့် ဆိုသူ ဗေဒက၀ိပညာရှိ တစ်ဦးရှိ၏။ သူ့တွင် သူကိုယ်တိုင် စိတ်ထင်တိုင်း ချီးမြှင့်ထားသည့် ဘွဲ့ထူးနာမတို့ များလှချေ၏။ ဆိုင်းဘုတ် မည်သည့် ဆြာကြီး၏ သားတပြည့်၊ မနောမယ မဟိဒ္ဓိဆြာကြီး စသဖြင့် အမျိုးမျိုး ရေးထားစေကာမူ မယားလေးယောက် ရှိဖူးသည်ကို အစွဲပြုပြီး ဦးမာဃဟုသာ အမည်တွင်လေ၏။
 
ထိုဗေဒင်ဆြာကြီးသည် မယားလေးယောက်နှင့်ပင် တင်းတိမ်နိုင်သူ မဟုတ်ချေ။ ကြုံလျှင် ကြုံသလို၊ လစ်လျှင် လစ်သလို ကမြင်းကြော ထတတ်သည်။ အချောင်နှိုက်တတ်သည်။ တခုလပ်လည်း မရှောင်၊ မုဆိုးမလည်း မချန်၊ ကလေးမအေနှင့်လည်း ဘာလိုလို ညာလိုလို၊ အပျိုဟိုင်းကြီးများနှင့်လည်း မလွတ်ကင်း၊ အပျိုဖြန်းကလေးများကိုပင် လက်ဖွဲ့ပေးရင်း ပရောပရီ လုပ်တတ်သေးသည်။ အတော် သောက်ကျင့်ထူးသော ဆြာကြီးတစ်ဦး ပါပေ။ သို့သော်လည်း သူ့ မြာစွံမှုကို ကျွန်ုပ်တို့ ကာလသားတိုင်း မနာလို ၀န်တို ဖြစ်ရ၏။ ထိုသို့ဖြစ်လေရာ မြာစွံသူ ဆြာကြီး၏ ဗေဒင်ပညာရပ်နှင့် ပွဲတွေ့ အတွေ့အကြုံတို့သည် ကျွန်ုပ်ကဲ့သို့ နဖူးစာအရေးတွင် ကံခေသူတို့၏ အားကိုးအားထားရာ ဖြစ်လာလေ၏။ ဗေဒင်နည်းနှင့် အားကိုးရန် ရည်ရွယ်ထားခြင်း မရှိသော်လည်း သူ့ထံမှ ကာလသမီးတို့၏ အလိုစရိုက် သဘောတို့ကို တစေ့တစောင်း ကြားနာခွင့် ရလျှင် မနည်း ဟု သဘောထားပြီး ကျွန်ုပ်လည်း သူ့ထံမှောက်သို့ ဗေဒင်မေးရောက်ခဲ့ခြင်း ဖြစ်၏။

ထိုအခိုက်တွင် လှဝင်းရီကို အမှတ်မထင် တွေ့ရလေ၏။ သူတယောက်တည်း ဘာလုပ်နေပြန်သည် မသိရ။ “ဟဲ့ အ၀င်း နင်တို့ တောကနေ အလည် တက်လာတာလား။ နင့် ယောက်ျားရော” ဟု ကျွန်ုပ် အလောတကြီး မေးမိသည်။ ထိုသို့မေးလိုက်သော် လှဝင်းရီသည် မျက်နှာသေဖြင့် ကျွန်ုပ်ကို ကြည့်ရင်း “ငါနဲ့ မောင်မျိုးနဲ့ ကွဲလိုက်ကြပြီ” ဟု တည်ငြိမ်စွာ ဆိုလေ၏။ သူ့နောက်လင်ကလေး၏ နာမည်မှာ မောင်မျိုးဖြစ်သည်ကို သူတို့လင်မယား ကွာရှင်းပြတ်စဲသည့် အခါတွင်မှ ကျွန်ုပ် သိရတော့၏။ ထို့နောက် “ငါ အခု ငါးပိဆိပ်မှာ မီးသွေးရောင်းမလို့ လုပ်နေတယ်” ဆိုပြန်သည်။ ”ဆိုင်နာမည် ရွေးမလို့ ဗေဒင်လာမေးတာ” ဟု ထပ်ဆင့် ဆို၏။ သူ ထိုသို့ ဆိုလိုက်လျှင် ဗေဒင်ဆြာကြီးကလည်း ခေါင်းတဆတ်ဆတ် ညိတ်ကာ ဟုတ်မှန်ကြောင်း ထောက်ခံ၏။
  
“အ၀င်းရယ် မီးသွေးရောင်းတာပဲ ဆိုင်နာမည်တွေ ဘာတွေ ရွေးစရာ လိုသေးလို့လား ကွယ်” ဟု ကျွန်ုပ် ရိုးသားစွာ မေးမိသည်။ ကျွန်ုပ် ထိုသို့ ဆိုလိုက်သည်ကို ဆြာကြီး စိုးစဉ်းမျှ မကြိုက်။ “ဒီမယ် မောင်ရင်လေးရဲ့ ဇမ္ဗူဒီပါလက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်းသတဲ့ကွဲ့။ ဒီတော့ကာ ဘာပဲ လုပ်လုပ် မင်္ဂလာရှိတဲ့ ရက်မြတ် အချိန်အခါ နေရာ နာမ တွေကို ရွေးပြီးမှ လုပ်ငန်းစရတာ ထုံးစံပဲကွဲ့။ သူ အခု လုပ်မယ့် စီးပွားရေးလုပ်ငန်းဆိုတာ အင်မတန် အရေးကြီးတာပဲလေ။ ဒီတော့ကာ တော်အိလျော်အိ လုပ်နေလို့ ဘယ်သင့်လိမ့်မတုံး။ ဒါကြောင့်မို့ ဆရာ အခု စီစဉ် ပေးနေတာလေ” ဟု ရှည်လျားစွာ ဆို၏။ သူ ထိုသို့ ဆိုလိုက်သည့် အခါ ကျွန်ုပ်သည် ဘုန်းကြီးရူးနှင့် လှေလူး ဟူသည့် စကားပုံကို ရုတ်ခြည် သတိရမိသည်။ သို့သော်လည်း ကျွန်ုပ် စကားပုံ အသုံးအနှုန်း ရွေးချယ်မှု မှားယွင်း သွားခဲ့လေ၏။ ကျွန်ုပ် သုံးသင့်သည့် စကားပုံမှာ ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုး ဟူသည်သာ ဖြစ်၏။ အကြောင်းတမူကား မယားအမှုပွေလှသူ ဆြာကြီးနှင့် ဆက်ရက်မကလေး လှဝင်းရီတို့၏ ဇာတ်ရှုပ်ခင်းနေကြသည်ကို နောက်တပတ်ခန့်တွင် ကျွန်ုပ် ကြားလိုက်ရခြင်းကြောင့် ဖြစ်၏။

ဆြာကြီးသည့် ဟင်းကောင်းကို စားရလျှင် မိတ်ဆွေကောင်းကို သတိရဘိ၏ ဟူသည့် လောကနီတိလာ စကားကို လက်တွေ့ကျင့်သုံးသူ ဖြစ်လေရကား သူ အစားကောင်းအသောက်ကောင်း စားရသောက်ရသည်ကို မိတ်ဆွေတို့အား လက်တို့လိုက်လေ၏။ သို့နှင့် တဦးနှင့်တဦး ထပ်ဆင့် တလဲလဲ မိတ်ဆက်ပေးခြင်းတို့ကြောင့် လှဝင်းရီတွင် မိတ်သစ်ဆွေသစ်များ ထပ်မံ တိုးပွားခဲ့ရတော့သည် ဟူ၏။

အချို့သော ပညာယှိတို့က ဤလူ့လောကကြီးသည် အရောင်းအ၀ယ် တရားတို့ ထွန်းကားရာ လောကဓာတ်ကြီးသာလျှင် ဖြစ်ချေ၏တကား ဟု ဆိုကြ၏။ မှန်လေစွ။ ပညာရှိသူက ပညာကို ရောင်းချ၍ အသက်မွေးသည်။ ဥစ္စာရှိသူက ဥစ္စာကို ရင်းနှီး၍ အသက်မွေးသည်။ ထိုသို့ အရောင်းအ၀ယ်တရားတို့ ထွန်းကားရာ ဤကမ္ဘာကြီးဝယ် ဥစ္စာလည်း မရှိ၊ ပညာလည်း မတတ်သော လှဝင်းရီ ခမျာမှာ မိမွေဖမွေ အစစ်ဖြစ်သည့် ခန္ဓာကိုယ်ကို အရင်းအနှီးပြု၍ ဖောဋ္ဌဗ္ဗာရုံ အာရုံအထိအတွေ့ကို ပုရိသတို့အား ရောင်းချ၍ အသက်မွေးရလေ၏။

(၁၆)
  
ထိုနောက်ပိုင်းတွင်မူ လှဝင်းရီ၏ သတင်းများကို နားမဆန့်အောင် ကြားရတော့၏။ ထိုသည်ကို ကြားမိလျှင် ကျွန်ုပ် လှဝင်းရီကို အတော်ပင် ဒေါပွမိသည်။ ရိုက်မောင်း ပုတ်မောင်း ပြုရန်ပင် ကြံမိသေးသည်။ လှဝင်းရီ၏ သတင်းမှာ အထူးပင် ကျော်ဇောလာ၏။ ကျော်ဇောခြင်း၏ နောက်တွင် ထောင်နန်းစံရမည့် ကံတရားသည်လည်း ထပ်ချပ်မကွာ လိုက်ပါလာလေ၏။ ဘဲဥကမူ ကောင်းသည်လည်း မပြော၊ ဆိုးသည်လည်း မဆိုတော့ချေ။ ထို့ကြောင့် ကျွန်ုပ် ဘဲဥကို အတော် မကျေမချမ်း ဖြစ်ရသေးသည်။ ဤပြဿနာတို့၏ မူလဘူတမှာ ဘဲဥ၏ ဆတ်ဆော့ခြင်းကြောင့် ဟု တွေးမိသည်။
  
တနေ့ မနက်စောစောတွင် ညတုန်းက လှဝင်းရီ အဖမ်းခံရလို့တဲ့ ဟူသော သတင်းကို နားမချမ်းသာဖွယ် ကြားရ၏။ နောက်တရက် နှစ်ရက်ခန့်ကြာသော် လှဝင်းရီကို ဦးပြည်းစိမ်းစိမ်းနှင့် တွေ့ရလေ၏။ ဦးပြည်းစိမ်းစိမ်းနှင့် လှဝင်းရီကို တွေ့ရသော် ကျွန်ုပ် ရယ်ရမလို၊ ငိုရမလို ဖြစ်သွားသည်။ ထိုနေ့တွင် လှဝင်းရီနှင့် အတန်ကြာအောင် စကားပြောဖြစ်ခဲ့၏။ ငယ်ကကျွမ်းသည့် သံယောဇဉ်ကြောင့် သူ့ကို နာနာကျင်ကျင် ဖြစ်လေရအောင် မဆိုရက်။ နောက်ဆုံးတွင် “ကဲ အ၀င်း နင် ဘာဆက်လုပ်မတုံး” ဟု သာ မေးဖြစ်၏။ သူလည်း ဘာဆက်လုပ်ရမည်မှန်း မသိချေ။ ထို့ကြောင့် ကျွန်ုပ်သည် နှမများနှင့် တိုင်ပင်ပြီး သကာလ သူတို့ပေးသည့် အကြံအတိုင်း ဈေးသို့ ပြေးကာ ပန်းရောင် ပိတ်တစ်အုပ် ၀ယ်ရလေ၏။ ထိုညနေခင်းမှာပင် လှဝင်းရီကို ကျွန်ုပ်တို့ မောင်နှမများ ခြံရံပြီး သီလရှင်လောင်းလှည့်ကာ မြတောင်သီလရှင်တိုက်သို့ ပို့လိုက်လေ၏။ အတော်ပင် စိတ်အေးရချေပြီ ဟု ကျွန်ုပ်တွေးရင်း ကျေနပ်မိသည်။
  
သို့သော် ကျွန်ုပ်၏ ကျေနပ်အားရမှုမှာ ကြာရှည် မခံလိုက်ချေ။ ဦးပြည်းစိမ်းစိမ်းတွင် ဆံပင်ပြန်ပေါက်လာသည့်နှင့် ဆရာလေး ဒေါ်သီလ၀တီ တဖြစ်လဲ လှဝင်းရီ အချိုးပြောင်းလာ၏။ သီလရှင် အ၀တ်အစားတို့နှင့် မတည့်သလိုလို၊ ဆွမ်းဆန်စိမ်း အလှူခံထွက်ရသည်ကို ရှက်သလိုလို၊ ရွံ့သလိုလို ဖြစ်လာ၏။ ရက်ပိုင်းလပိုင်း အတွင်း၌ လှဝင်းရီ လူထွက်သွားပြီ ဟု ကြားလိုက်ရ၏။

ထို့နောက် သူ ပုစွန်ခြောက်ကုန်ကူးနေသည်ဟု ကြားရပြန်၏။ ထို့နောက်တွင်  လှဝင်းရီ မစွမ်းရင်း ကန်စွန်းခင်းငြိ ဆိုသည့်အတိုင်း မူလလက်ဟောင်း အလုပ်အကိုင်ကို ပြန်လည် လုပ်ကိုင်နေသည်ကိုလည်း ကြားရပြန်၏။ ထိုအချိန်တွင်မူ ကျွန်ုပ်သည် လှဝင်းရီကို စိတ်အပျက်ကြီး ပျက်ခဲ့ပြီ ဖြစ်လေရကား သဗ္ဗေသတ္တာ ကမ္မသကာ ဟုသာ သဘောထား လိုက်တော့၏။ သဗ္ဗေ ခပ်သိမ်းသော သတ္တ၀ါတို့သည် ကမ္မအရပ်မှ လာသည့် ကြံသကာကဲ့သို့ ချိုမြိန်သော လူ့ဘ၀ အရသာကို တပ်မက်ကြသည် မဟုတ်လော။
 
သို့နှင့် နှစ်အတန်ငယ် ကြာခဲ့လေ၏။ ကျွန်ုပ်တို့ ဘ၀ကို ကြုံသလို ရင်ဆိုင်ဖြတ်သန်းနေခိုက်တွင် ရွှေရှယ်လစ်ခေတ်ကြီး ပျက်သုဉ်းသွားခဲ့၏။ ဆိုင်းဘုတ်များ အသစ်တဖန် ပြန်ရေးကြရပြန်၏။ ဆောင်ပုဒ်အသစ်များ ပေါ်ထွက်လာပြန်၏။ ပြောင်းလဲကြ၏။ ပြောင်းလဲသည် ဆိုသည်မှာ ပြောင်းပင်များကို အပင်ခြေရင်းမှ ကပ်၍ ပိုင်းဖြတ်လိုက်သည့် အခါတွင်   လဲကျသွားဘိသကဲ့သို့ပင် အတုံးအရုံး လဲကျပြီးမှ ဖြစ်ထွန်းလာကြောင်း ကျွန်ုပ် မှတ်သားမိ၏။
   
(၁၇)

ထိုနောက်ပိုင်းနှစ်များတွင် ကျွန်ုပ်တို့၏ မြို့ကလေး၌ ပြောင်းလဲလိုက်သည့် ဈေးကွက်စီးပွားရေးစနစ်နှင့် အတူ ငါး၊ ပုစွန်၊ ဂဏန်း အရောင်းအ၀ယ် ထွန်းကားလာလေ၏။ လူအ၀င်အထွက် များပြားလာ၏။ ကာရာအိုကေဆိုင်များလည်း အလျိုလျို ပေါ်ပေါက်လာ၏။ ညနေစောင်းတွင် ကမ်းနားတန်း၌ မှိတ်တုတ် မှိတ်တုတ် လင်းလက်နေသည့် ညမီးများ၊ တေးသီငှက်မကလေးများကို မျက်စိနောက်လောက်အောင် မြင်ရတော့သည်။
  
ထိုအတောအတွင်း ပြောင်းလဲလာသည့် စီးပွားရေး အခြေအနေတို့ကြောင့် လှဝင်းရီလည်း ပြောင်ပြောင်ရောင်ရောင် ရှိလာသည်ကို တွေ့ရ၏။ သို့သော် တခုသော ညနေစောင်း ကျွန်ုပ် ရုံးဆင်းချိန်တွင် မိတ်ဆွေတစ်ဦးက “ဟေ့ ကျပ်ခိုး မင်း လှဝင်းရီ အကြောင်း ကြားပြီးပြီလား” ဟု အစချီ၍ လှဝင်းရီ ချောင်းဆိုးသွေးပါ ဖြစ်နေသဖြင့် ဆေးရုံတက်နေရကြောင်း သတင်းပေးသွား၏။ ငယ်သံယောဇဉ်ကြောင့် လှဝင်းရီကို သွားမကြည့်ဘဲ မနေနိုင်။ သို့သော် တဦးတည်း သွားလျှင်လည်း လူပြောသူပြော ခံရမည်ကို ကျွန်ုပ် စိုးရွံ့မိသည်။ ကြံရာမရသည့် နောက်ဆုံးတွင် ကျွန်ုပ်သည် ဘဲဥကို လက်ကုပ် ခေါ်ရတော့၏။ ဘဲဥကလည်း ကျွန်ုပ် ခေါ်လိုက်သည်နှင့် မဆိုင်းမတွ လိုက်ပါလာ၏။ သို့နှင့် နှစ်ယောက်သား ဆေးရုံသို့ ရောက်ခဲ့၏။ ဆေးရုံရောက်သော် မည်သည့် အဆောင်တွင် နေသည်ကို မသိရသေးသောကြောင့် စုံစမ်းရသည်မှာ အတော်ပင် ကြာသွား၏။

ထဘီအနီဝတ် သူနာပြုဆရာမလေးတစ်ဦးက “သြော် လှဝင်းရီကို လာတွေ့တာလား။ သူ့ကို ကူးစက်ရောဂါအဆောင်မှာ ထားတယ်။ ဟောဟိုဘက်ကနေ လျှောက်သွားချေ ” ဟု ဆို၏။ သို့နှင့် ကျွန်ုပ်တို့ ကူးစက်ရောဂါသည်များ ထားရာ အဆောင်သို့ ရောက်သွား၏။ “လှဝင်းရီကို လာတွေ့တာလား။ သူ ဆေးရုံ ဆင်းသွားပြီ ” ဟု မျက်နှာသိ သူနာပြု ဆရာမတစ်ဦးက ပြော၏။ သူကပင် “ဟဲ့ ကျပ်ခိုး နင်တို့ သူ့ကို ခင်တာ ငါ သိပါတယ်။ သူ့ ရောဂါအကြောင်း ကြားပြီးပြီလား ”ဟု မေးလိုက်၏။ စင်စစ် မေးလိုက်သည် ဆိုသည်မှာ သူ ပြောလိုသည်များကို အိတ်သွန်ဖာမှောက် ပြောရန် အစပျိုးခြင်းပင် ဖြစ်၏။ သို့နှင့် ကျွန်ုပ်တို့လည်း သူဆက်ပြောသည်ကိုသာ နားထောင်ရ၏။ “ဒီလိုလူမျိုးတွေ ဒီရောဂါမျိုး ဖြစ်တယ်ဆိုတာ မဆန်းပါဘူး။ နင်တို့ သိတဲ့ အတိုင်းပဲ ဒီရောဂါက ကုလို့ ပျောက်တဲ့ ရောဂါ မဟုတ်ဘူး။ ဒီတော့ကာ သေမယ့်ရက်ကို ထိုင်စောင့်နေယုံပဲ ရှိတော့တာပေါ့” ဟု ဆိုလိုက်၏။ သူ့လေသံကို ကျွန်ုပ် ရိပ်ဖမ်းသံဖမ်း နားလည်သလိုလို ရှိသည်။

သို့သော်လည်း သေချာစွာ သိလိုသောကြောင့် “နို့ နေပါအုံး ဆရာမရယ် သူ့ရောဂါက ဘာရောဂါမို့ မပျောက်ရမှာတုံး ”ဟု ပြန်မေးမိသည်။ ထိုသို့ ကျွန်ုပ် မေးလိုက်သော် ထိုသူနာပြုဆရာမက “ဟဲ့ ကျပ်ခိုး နင် တော်တော် နားဝေးပါကလား။ သူဖြစ်နေတာ အေအိုင်ဒီအက်စ် ဟဲ့ ကုရာနတ္တိ ဆေးမရှိလို့ ဆိုင်းဘုတ်မှာ ရေးထားတာကို နင် မဖတ်ဖူးဘူးလား” ဟု ဆိုလေ၏။ ထိုစကားကြောင့် ကျွန်ုပ် ခေါင်းနပန်း ကြီးသွား၏။ ဘဲဥ မျက်စိမျက်နှာ ပျက်သွား၏။ ကျွန်ုပ်လည်း “အို မဟုတ်တာဗျာ” ဟု အကြောက်အကန် ဆိုမိ၏။ ဆရာမကလေးကား ကျွန်ုပ်တို့ကို အလွန် ပြောရဆိုရ ခဲခက်သည့် သတ္တ၀ါများနှင့် ရင်ဆိုင်တွေ့နေရဟန်ဖြင့် စူးစူးဝါးဝါး ကြည့်ပြီးမှ “နင်တို့ကသာ မဟုတ်တာလို့ ပြောနေ။ သူ့ကတော့ သူ့ရောဂါကို သိပြီးသွားပြီ” ဟု သွေးအေးအေးနှင့် ဆိုလိုက်လေ၏။

ထိုညနေတွင် ကျွန်ုပ်နှင့် ဘဲဥ နှစ်ဦးလုံး ဘာဆက်လုပ်ရမှန်း မသိတော့လောက်အောင် ခေါင်းရှုပ်သွားလေ၏။ စိတ်မြန်သည့် ဘဲဥက လှဝင်းရီရှိရာ ငပိဆိပ်သို့ ချက်ချင်း သွားမည် တကဲကဲ လုပ်နေသဖြင့် ကျွန်ုပ် မနည်းတားထားရသည်။ ထိုရောဂါဆိုးအကြောင်းကို ကျွန်ုပ် နားလည်တန်သလောက် နားလည်သော်လည်း လက်တွေ့တွင်မူ လှဝင်းရီဆီသို့ မသွားလိုတော့ချေ။ ရောဂါရှိသူအား ခွဲခြားဆက်ဆံခြင်း မပြုအပ်ဟု ဆိုသော်လည်း လက်တွေ့ ကျင့်သုံးရန်မှာ မလွယ်ကူလှပေ။ သို့သော်လည်း နောက်တနေ့တွင်မူ ဘဲဥနှင့်အတူ လှဝင်းရီဆီသို့ သွားရန် တိုင်ပင်မိ၏။

သို့နှင့် လှဝင်းရီ ရှိရာ ငပိဆိပ် ရပ်ကွက်သို့ ရောက်ခဲ့လေ၏။ လမ်းအတွင်းသို့ ၀င်လိုက်သည်နှင့် ခွေးလေခွေးလွင့် တကောင်က စူးစူးဝါးဝါး ထိုးဟောင်ကာ ကျွန်ုပ်တို့ကို ဆီးကြိုသည်။ လှဝင်းရီ နေသည့် အိမ်ကလေးကား တုပ်တုပ်မျှ မလှုပ်။ အိမ်ရှေ့သို့ ကျွန်ုပ်တို့ နှစ်ဦး ခြေချမိသည်နှင့် ဘေးပတ်ဝန်းကျင်အိမ်များမှ စူးစူးဝါးဝါး အကြည့်တို့သည် ကျွန်ုပ်တို့နှစ်ဦးထံသို့ အရှိန်ပြင်းစွာ ကျရောက်လာ၏။ ဘဲဥက အ၀င်းရေ တံခါးလေး ဘာလေး ဖွင့်ဦး။ ကျပ်ခိုးနဲ့ ငါနဲ့ နင့်ကို လာတွေ့တာ ဟု ဆိုရင်း အိမ်တံခါးကို တွန်းဖွင့်လိုက်သည်။ ကျွန်ုပ်လည်း ကန့်လန့်ကန့်လန့်နှင့် ဘဲဥနောက်မှာ ဖ၀ါးထပ်ချပ် လိုက်ရ၏။ ထိုစဉ် အိမ်နောက် ရေကပြင်ဘက်မှ တိုက်ခတ်လာသည့် လေညင်းသည် လတာပုပ်နံ့၊ ချဉ်ဖတ်နံ့ ၊ ငပိနံ့၊ ကစော်နံ့  စသည့် အနံ့ပေါင်းစုံကို သယ်ယူလာပြီး ကျွန်ုပ်တို့၏ နှာသီးဖျားတွင် ဝေ့ကာဝိုက်ကာဖြင့် ကလူ၏သို့ မြူ၏သို့ လုပ်နေသေးသည်။ ပြတင်းတံခါးများ ပိတ်ထားသောကြောင့် အိမ်အတွင်းမှာ အတော်ပင် မှောင်နေ၏။ အမှောင်ထဲတွင် အတန်ငယ်ခန့် နေပြီး မျက်စိကျင့်သား ရသွားမှ ဘုရားစင်ရှေ့တွင် ခြေဆင်းလက်ပိုက်ထိုင်၍ ပြူးကြောင်ကြောင် မျက်လုံးရွဲကြီးများဖြင့် ကျွန်ုပ်တို့ကို တအံ့တအား စိုက်ကြည့်နေသော လှဝင်းရီကို မြင်ရ၏။ လှဝင်းရီကား စကားတစ်ခွန်းမျှ မဆို၊ ကျွန်ုပ်တို့ကိုသာ ငိုင်တိငိုင်တိုင်နှင့် ကြည့်နေသည်။

ကျွန်ုနှင့် ဘဲဥ လှဝင်းရီ အနီးသို့ တမဟုတ်ချင်း ရောက်သွား၏။ နှစ်ဦးသား တိုင်ပင်ထားခြင်း မရှိသော်လည်း လှဝင်းရီ နံဘေးတွင် ပြိုင်တူ ထိုင်မိသည်။ လှဝင်းရီကား တုပ်တုပ်မျှ မလှုပ်။ ထို့ကြောင့် ကျွန်ုပ်တို့နှစ်ဦး မချင့်မရဲ ဖြစ်လာ၏။ “အ၀င်း နင် နေမကောင်းဘူးဆို ”ဟု ဘဲဥက မေးလိုက်၏။ လှဝင်းရီကား မည်သို့မျှ မဖြေ၊ ဘဲဥကို အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ ဗြုန်းခနဲ ချုံးပွဲချ၍ ငို၏။ ကျွန်ုပ်၏ ရင်တွင်း၌ လှပ်ခနဲ လှပ်ခနဲ ဖြစ်သွားသည်။ လှဝင်းရီကို မငိုရန် ဖျောင်းဖျ ပြောဆိုလိုသော်လည်း စကားစ ရှာမတွေ့နိုင်၊ ကျွန်ုပ်၏ လည်ချောင်းဝတွင် တခုခု တစ်ဆို့ နေ၏။ ဘဲဥလည်း ကျွန်ုပ်ကဲ့သို့ပင် ဖြစ်နေရှာပေလိမ့်မည်။ အတန်ကြာမှ ဘဲဥက “အ၀င်းရယ် နင် နေပြန်ကောင်းသွားမှာပါ”ဟု ဆိုလိုက်လျှင် လှဝင်းရီသည် ဘဲဥ၏ ပုခုံးထက်တွင် သူ့မေးကို မှေးတင်ပြီး ရှိုက်ကာရှိုက်ကာ ငိုတော့၏။ ထိုသို့ ငိုနေရင်း ဘာမှန်းမသိရသည် စကားတို့ကို ဗလုံးဗထွေး ဆိုသေးသည်။ ကျွန်ုပ် အာရုံစိုက်၍ နားထောင်သော်လည်း သဲသဲကွဲကွဲ မကြားရ။ ဘာတွေ ပြောနေမှန်းကို မသိရ။ သူတစ်ပါး နိုင်စားခြင်းကို ခံလာရသည့် ကလေးငယ်တဦး ဆို့ဆို့နင့်နင် ငိုရှိုက်ရင်း မိဘများကို တိုင်တန်း ပြောဆိုနေသည့်အလား တတွတ်တွတ် ရေရွတ်ရင်း တအိအိနှင့် ငိုနေလေ၏။

(၁၈)

ပန်းသတင်းကို လေညင်းဆောင်၊ လူ့သတင်းကို လူချင်းဆောင်၊ လှဝင်းရီသတင်းကို ဆေးရုံမှ ကွန်ပေါင်ဒါကြီး ဆောင်သောကြောင့် မကြာမီ ရက်ပိုင်းအတွင်းမှာပင် လှဝင်းရီတွင် ရောဂါဆိုး ကူးစက်နေပြီဖြစ်ကြောင်း တမြို့လုံး သိသွားလေ၏။ သတင်းရှားပါးသည့် တောမြို့ကလေး၏ ထုံးစံအတိုင်း ဆံသဆိုင်တွင်လည်း လှဝင်းရီအကြောင်း၊ လက်ဘက်ရည်ဆိုင်တွင်လည်း လှဝင်းရီအကြောင်း၊ အရက်ဝိုင်းတွင်လည်း လှဝင်းရီအကြောင်း၊ ကုန်စုံဆိုင်တွင်လည်း လှဝင်းရီအကြောင်း၊ နေရာတိုင်းတွင် လှဝင်းရီအကြောင်းကို ပြောကြဆိုကြ ပုံကြီးချဲ့ကြသည်ကို ကျွန်ုပ်တို့ မကြားချင်ဘဲ ကြားရတော့သည်။ လှဝင်းရီနှင့် ပတ်သက်ခဲ့ဖူးသူတို့ ကယောင်ချောက်ချား ဖြစ်သွားကြလေ၏။

ချောင်းတဟွတ်ဟွတ် ဆိုးနေသည့် လှဝင်းရီကို မြင်ရသည်မှာ အလွန် သနားစရာ ကောင်းလှသည်။ ချောင်းဆိုးပြီးနောက် သူ့ရင်ခေါင်းသည် ဖားဖိုကဲ့သို့ ရှုံ့ချည်ပွချည်၊ မြင့်ချည်နိမ့်ချည် ဖြစ်နေလေ၏။ သူ အသက်ပြင်းပြင်း ရှုလိုက်လျှင် ရင်ခေါင်းတွင်းမှ တဂြီဂြီ မြည်သံကို အတိုင်းသား ကြားရ၏။ လှဝင်းရီသည် သူ့ဆီမှ ရောဂါဆိုး ကျွန်ုပ်တို့ထံသို့ ကူးစက်ပြန့်ပွားမည်ဟု အသိမှားပြီး ကျွန်ုပ်တို့ကို အတွေ့မခံ၊ ရှောင်ဖယ် ရှောင်ဖယ် လုပ်၍ နေ၏။ ကျွန်ုပ်တို့ သူ့အိမ်သို့ သွားလျှင် အတွေ့မခံ။ အိပ်ချင်ယောင် ဆောင်နေတတ်သည်။ သို့နှင့် တဆောင်းကုန် ခဲ့လေ၏။

ဆောင်းအကုန် နွေအကူးတွင် လှဝင်းရီ၏ ကျန်းမာရေးမှာ ပိုမို ဆိုးရွားလာ၏။ အဆုတ်ရောဂါအပြင် အခြား နောက်ဆက်တွဲ ရောဂါတို့သည် လှဝင်းရီ၏ ခန္ဓာကိုယ်သို့ အလုံးအရင်းနှင့် ကျူးကျော် ၀င်ရောက်လာပြီး အခိုင်အမာ စခန်းချလေ၏။ ထို့ပြင် အလုပ်မရှိ၊ အကိုင်မရှိ ထိုင်စားဘ၀နှင့် နေရသည်မှာ အတန်ငယ်ကြာပြီ ဖြစ်သောကြောင့် စီးပွားရေး ကျပ်တည်းလာလေ၏။ ပြုစု စောင့်ရှောက်မည့်သူ မရှိ၊ ငွေကြေး ဥစ္စာ မရှိ၊ ဒုက္ခ အတိပြီးသည့် လူ့ဘ၀ခရီးတွင် သက်ဆိုးရှည်နေသော လှဝင်းရီကို မြင်ရသော် ကျွန်ုပ်သည် အနောက်တိုင်း အလေ့ဖြစ်သည့် (Mercy Killing) ကြင်နာစွာ သတ်ဖြတ်ခြင်းဆိုင်ရာ ဥပဒေများ ဗမာပြည်တွင် ပြဋ္ဌာန်းသင့်ပြီဟု စိတ်ကူးပေါက်မိသည်။

တခုသော နွေနှောင်း ညနေတွင် လှဝင်းရီ ရှိရာသို့ ကျွန်ုပ် ရောက်သွား၏။ ဘဲဥမှာမူ သူ့ဇနီး စောင်းချိတ်ရန်လုပ်နေသောကြောင့် ကျွန်ုပ်နှင့် မလိုက်နိုင်တော့ချေ။

ရွေးမြစ်ပြင်ဘက်မှ ဖြတ်တိုက်လာသည့် လေညှင်းသည် ကမ်းနားတန်းရှိ တံငါအိမ်များကို ဖြတ်သန်း မွှေနှောက်ခဲ့သောကြောင့် ငါးညှီနံ့ ဗွက်ပုပ်နံ့တို့ အနည်းငယ် စွက်နေ၏။ သို့သော်လည်း အေးမြ လတ်ဆတ် ဆဲပင်ဖြစ်သည်။ ညနေစောင်း ၀င်လုဆဲ နေရောင်အောက်တွင် လှဝင်းရီကို တွေ့ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်တော့၏။ ပျိုမျစ် တင့်တယ်မှုတို့သည် လပိုင်း ရက်ပိုင်း အတွင်းမှာပင် လှဝင်းရီ၏ ရင်ကို ခြေစုံကန်၍ ရုန်းထွက်သွားကြလေပြီ။ ဆံနွယ်တို့မှာ သူ့ နဖူးပြင်ထက်တွင် ဖရိုဖရဲ ကျဆင်းနေသည်။

ထိုစဉ် လှဝင်းရီက “ကျပ်ခိုး ငါ သေသွားရင် နတ်ပြည်ကို ရောက်မှာ မဟုတ်ဘူးနော်” ဟု ရုတ်တရက် ဆိုလိုက်သည်။ “ဟာ မဟုတ်တာ အဝင်းရယ် ဘာလို့ မရောက်ရမှာလဲ” ဟု ကျွန်ုပ် ဖြေသိမ့်လိုက်သော် လှဝင်းရီက “မဟုတ်ဘူး ကျပ်ခိုး ငါသေတော့မယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ အခုရက်ပိုင်းအတွင်းမှာ ငါသေသွားရင် ဘာဖြစ်မလဲဆိုတာ ငါတွေးနေမိတယ်။ ငါ့ဘ၀တလျှောက်လုံးမှာ  ကောင်းတာဆိုလို့ ဘာတခုမှ မလုပ်ခဲ့ဖူးဘူး။ ကျပ်ခိုး ငါ ငယ်ငယ်ကထဲက ငှက်ကလေးတွေကို သတ်ပြီးတော့ ရောင်းစားခဲ့တယ်။  ကြီးလာတော့လဲ နင်သိတဲ့အတိုင်းပဲ” ဟု ဆိုရင်း သက်ပြင်းချ၍ ချောင်းတဟွတ်ဟွတ် ဆိုလေ၏။ ထို့နောက် လှဝင်းရီက ဆက်လက်၍ “ဒီတော့ကာ နောင်ဘ၀ကျရင်လဲ ငါ ကောင်းတာတွေနဲ့ ကြုံရမှာ မဟုတ်လောက်ဘူး” ဟူသော စကားကို ဆိုလေ၏။ “မဟုတ်တာ အ၀င်းရယ် နင် ထင်သလိုမျိုး မဟုတ်ပါဘူး“ ဟု ကျွန်ုပ် ဆိုမိသည်။ ထို့ထက်ပို၍ ကောင်းသော ဖြေသိမ့်စကားမျိုး ကျွန်ုပ် မဆိုတတ်သောကြောင့် ထိုစကားကိုသာ အဖန်တလဲလဲ ဆိုရလေ၏။ ကျွန်ုပ် ထိုသို့ ဂွတီးဂွကျ ဖြစ်နေသည်ကို လှဝင်းရီ မြင်သော် ပြုံး၏။ ထို့နောက် “ဒီလိုပါပဲ ကျပ်ခိုးရယ်” ဟု ဆိုရင်း လမုတောထိပ်ဖျားတွင် မေးတင်နေသည့် ၀င်လုဆဲ နေလုံးကြီးကို စူးစိုက်ကြည့်ကာ ဒီလိုပါပဲ နေကသိုဏ်းကို ရှုနေလေ၏။ ထိုညနေသည်ကား ကျွန်ုပ်တို့သူငယ်ချင်း နှစ်ဦး လွတ်လွတ်လပ်လပ် စကားစမြည်ဆိုခွင့်ရခဲ့သော နောက်ဆုံးညနေခင်း ဖြစ်၏။

ထိုနောက်ပိုင်းတွင် လှဝင်းရီသည် ငပိဆိပ်မှ သူ့အိမ်ကလေးကို ရောင်းချပြီး သူ တခါက ခိုလှုံဖူးသည့် နေရာဖြစ်သော မြတောင် သီလရှင်တိုက်တွင် သွား၍ နေလေ၏။ သူ့ မိတ်ဆွေဟောင်း သီလရှင် ဆရာကြီး၊ ဆရာလေးတို့ကလည်း ဖြစ်သမျှ အကြောင်း အကောင်းချည်း ဟု ယူဆကာ အသာတကြည် လက်ခံကြိုဆိုကြကုန်၏။ ထိုသတင်းကြား၍ ကျွန်ုပ် အတော်ပင် ၀မ်းမြောက်မိသည်။ ထိုနောက်ပိုင်း လှဝင်းရီတယောက် ရွှေသာလျောင်း ဘုရားရင်ပြင်တွင် တံမြက်လှည်းကျင်းနေသည်ကို လည်းကောင်း၊ အထက်စက်တော်ရာရှိ  စက်လက္ခဏာ ရုပ်လုံးရုပ်ကြွတို့တွင် ကပ်နေသည့် ရေညှိများကို ဓားတချောင်းဖြင့် ခွာချနေသည်ကို လည်းကောင်း၊ ကျိုက်ထီးရိုးလေး စေတီရင်ပြင်ရှိ ပေါင်းမြက်တို့ကို သုတ်သင်နေသည်ကိုလည်းကောင်း  မကြာခဏ တွေ့ရလေ၏။

(၁၉)

ဂါတ်တဲမှ သံချောင်းခေါက်သံ ဆယ့်နှစ်ချက် ကြားရမှ ကျွန်ုပ် အတိတ်နယ်သို့ စိတ်ရေလျဉ်စီး၍ ခရီးလွှင့်လိုက်သည်မှာ အတော်ကြာသွားပြီဖြစ်ကြောင်း သတိပြုမိသည်။ ဘဲဥလည်း မအိပ်သေး။ ကွပ်ပျစ်ပေါ်တွင် ငုတ်တုတ် ထိုင်ပြီး ဘာတွေ တွေးနေသည် မသိရချေ။ သို့သော် သူလည်း ကိုယ့်လိုပဲ ဖြစ်နေမှာပေါ့ ဟု ကျွန်ုပ် တွေးမိသည်။

ညလေရိုင်းသည် တ၀ူးဝူး အော်မြည်၍ ကျွန်ုပ်တို့ထံသို့ ဖြတ်သန်း တိုက်ခတ်လာ၏။ မြည်းငိုက်နေသည့် ပုဏ္ဍရိက်ပင်တန်းသည် ညလေရိုင်းကြောင့် တရေးနိုးလာလေ၏။ လေထုထဲတွင် ဆပ်သွားဖူးရနံ့ တို့ ကြိုင်လှိုင်နေသည်။ ညလည်း တဖြည်းဖြည်း နက်လာလေပြီ။ လဆုတ်ရက်ဖြစ်သောကြောင့် ကောင်းကင်တခွင်လုံး မည်းမှောင်နေ၏။ မှိတ်တုတ်မှိတ်တုတ် လင်းလက်သည့် ကြယ်ကလေးအချို့သာ ကောင်းကင်တွင် နေရာယူထား၏။

ထိုအခိုက် ရှဲခနဲမြည်၍ ၀င်းခနဲ အရောင်ဖြာပြီးလျှင် ဘဲဥ ပါးစောင်တွင် ခဲထားသော ခြူးနဂါး ဆေးပေါ့လိပ်သည် မီး တရဲရဲ လက်လာ၏။ ”မအိပ်သေးဘူးလား” ဟု ကျွန်ုပ် မေးလိုက်သော် ဘဲဥသည် မည်သို့မျှ မဆို၊ ဆေးလိပ်ကို မီးစွဲအောင် ခပ်ဆတ်ဆတ် ဖွာရှိုက်နေလေ၏။ အတန်ကြာမှ “အိပ်မရဘူးကွာ၊ ဘာဖြစ်မှန်း မသိဘူး၊ မျက်စိကြောင်နေတယ်” ဟု ဆို၏။ ဘဲဥ ဘာ့ကြောင့် အိပ်မရ ဖြစ်နေသည်ကို ကျွန်ုပ် အတပ်သိ ပါသည်။ ထို့ကြောင့် “ဒီလိုပါပဲ ဘဲဥရယ်” ဟုသာ ဖြေသိမ့်စကား ဆိုမိသည်။ ကျွန်ုပ်ဆိုလိုက်သည့် “ဒီလိုပါပဲ” ဟူသည်ကို ဘဲဥ ကောင်းစွာ သဘောပေါက်ဟန် ရှိသည်။ ကျွန်ုပ်အား ခေါင်းတချက်ညိတ်ပြပြီး ခြူးနဂါး ဆေးပေါ့လိပ်ကို မီး ၀င်းဝင်တောက်အောင် ဖွာ၍ အမှောင်ထု ပိတ်ဖုံးနေသည့် အကာလညကို ကျော်လွှားရန် ကြိုးစားနေလေတော့သတည်း။
မောင်ကျပ်ခိုး
ဤနေရာမှ ကူးယူဖေါ်ပြပါသည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes