Friday, 27 May 2011

ပန်းမျှောလှေ (ရေးသူ - အိမ့်ချမ်းမြေ့)

ညနေခင်းနေရောင်ခြည်က ညိုးရော်သွားခဲ့ပြီ။ လေပြေကလေး တသုန်သုန်တိုက်ခတ်လာတော့ တောင်ပေါ်က မီးခိုးငွေ့ဖြူဖြူလေးတွေက ပုဝါကလေးလို လွင့်ပါးသွားလေပြီ။ နေ့လည်ပိုင်းတုန်းကတော့ ခြစ်ခြစ်တောက် ပူနေတဲ့ နေကြောင့် ရမ်ဂျူလာ ကြိုးတံတားအောက်က မြစ်ရေပြင်ဟာ ပွက်ပွက်ထပြီး ဆူတော့မယောင်။
ယခုလည်း မြစ်ရေလျှံတက်လာနေလို့ လှေကားထစ် သုံးဆင့်လောက်ပဲ မြင်ရတော့တဲ့ လှေကားထစ်တွေပေါ်မှာ ခွေးကလေးတွေ၊ မျောက်တွေ၊ နွားတွေသာမက၊ လူကြီးလူငယ်တွေနဲ့ ဆာဒူးတွေတောင် ပျော်ပါးနေလိုက်ကြတာ။ ညနေခင်းရဲ့ ရွှေအိုရောင်ကို သောက်သုံးနေတဲ့ မြစ်ရေပြင်ထဲမှာလည်း လှိုင်းလုံးတွေဟာ လူးလိမ့်ပျော်ပါးနေလိုက်တာ။ အဝေးကလှမ်းမြင်နေရတဲ့ ရမ်ဂျူလာကြိုးတံတားပေါ်မှာတော့ ဥဒဟိုသွားလာနေတဲ့ လူတွေ။ သူတို့ရဲ့ ၀တ်စုံတွေက အရောင်တောက်ပံလွန်းတဲ့ အနီရောင်၊ အ၀ါရောင်၊ လိမ္မော်ရင့်ရောင်၊ ခရမ်းရောင်တွေ။

မကြာမှီ ဂင်္ဂါမြစ်ကမ်းနဖူးမှာ ဆုတောင်းပွဲတွေ ကျင်းပတော့မည်။ ခပ်လှမ်းလှမ်းမှာ ဖျာချပ်ကလေးကိုချပြီး ပန်းဆီမီးခွက်ကလေးတွေကိုရောင်းနေသော ကလေးလေးတွေ။ ကျူခွက်ကလေးထဲမှာ ဖြူ၊နီ၊၀ါ ရောင်စုံပန်းကလေးတွေက ဆီမီးကလေးကို ၀ိုင်းရံထားသည်။ ပန်းရောင်းတဲ့ကလေးတွေက မီးခြစ်ကလေးနှင့်အကြွေဗူးကို အဆင်သင့်ချထားသည်။ ပန်းဆီမီးခွက်ကို လာဝယ်သူလက်ထဲရောက်မှ မီးခြစ်လေးနှင့်ဆီးမီးလေးကို မီးအဆင်သင့်ညှိပေးမည်။ မြစ်ကမ်းပါးတလျှောက်မှာ လင်းကွင်းသံ၊ တူရိယာသံတွေ၊ နတ်ဘုရားတွေကို ပူဇော်သီဆိုသံတွေနှင့် စည်ကားသိုက်မြိုက်လာတော့မည်။
လွမ်းမိသည်…
……… ဓိရာ…
♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫
ကွမ်းတံတွေးတွေ၊ အမှိုက်စတွေ၊ ရေသန့်ဗူးအခွံတွေ ပေပွနေတဲ့ လှေကားထိပ်မှာ ထိုင်ရင်း၊ လက်ထဲမှာ ဆီမီးထွန်းထားတဲ့ ပန်းလှေကလေးတစ်စင်းကို ကိုင်ထားရင်း၊ လေထဲမှာ ပျံ့လွင့်လာနေတဲ့ အကြော်နံ့တွေရယ်၊ သစ်မွှေးနံ့တွေရယ်ကို ရူရှိုက်ရင်း၊ တောင်ပေါ်မှာ ဝေ့၀ဲပျံသန်းနေသယောင် မြူခိုးတွေကို ငေးမောရင်း ဓိရာ ကို လွမ်းဆွတ်နေမိသည်။ ဟိုတုန်းကဆို အခုလို ရွှေရောင်လွှမ်းတဲ့ ညနေခင်းတွေမှာ၊ သူမဟာ.. ဒီပ အနားကို အရိပ်ကလေးတစ်ခုပမာ၊ သစ်ရွက်ကလေးပမာ လွင့်ကနဲ ဖြုတ်ကနဲ စွေ့ကနဲ ကြွေလာတတ်သည်။
“ရော့… ကြက်သားပလာတာ ကြိုက်တတ်တယ်ဆိုလို့.. မရ ရအောင် လု လာရတာ”
အရယ်ကလေး သော့သော့ဖြင့် ပြောတတ်တော့ ချစ်မြတ်နိုးတဲ့ မျက်ဝန်းတွေနဲ့ ဓိရာ ကို ဒီပ ကြည့်တတ်သည်။ ဒီလိုနေရာမှာ အသားပါသော ပလာတာကို မရ၊ ရအောင် ရှာလာပေးနိုင်တဲ့ သူမကို အံ့သြမိန်းမူးစွာ ငေးကြည့်လိုက်မိရင်း ဒီပ ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေကလည်း အပြည့်။
“ဟင့်အင်း…”
သူမအနားကိုကပ်ကာ ပြောလိုက်မိသည်။
“ဘာဟင့်အင်းလည်း”
“ဒီတိုင်း မစားဘူးလေ”
“လုပ်ပြီ.. ကိုယ့်ဟာကိုယ်စားလေလို့၊ ယူလာပေးတာပဲ တော်ပြီပေါ့”
ဓိရာ က နှုတ်ခမ်းကို စူပွပွလုပ်လျှက် မျက်လုံးကလေး ထောင့်ကပ်ကာ ကြည့်သည်။
“အထဲမှာ ကြက်သားနဲ့နော်၊ အသားနဲ့ ပလာတာကို ဘယ်လိုရအောင် ယူလာတာလည်းဟင်”
နှုတ်ကခပ်တိုးတိုးမေးရင်း သူမ အနားကို တိုးကပ်သွားသည်။
“တိုးရစ်တွေဆီက လုလာတာပါလို့ ဆို.. ကဲ… ပါးစပ်ဟလေ”
သူမလက်ကလေး ပါးစပ်နားရောက်လာတော့ အလိုက်သင့်ဟ ပေးလိုက်သည်။
ဘယ်တုန်းကမှ မနှစ်သက်ခဲ့သော ပလာတာဟာ သူမ ခွံ့ကျွေးတိုင်း ချိုမြလွန်းနေသည်။ ဓိရာ ကလည်း ဒီပ ကို အသားလေးတွေကိုသာ ရွေး၍ ခွံ့သည်။
“ဒီနယ်မြေဟာ သက်သတ်လွတ်နယ်မြေနော်.. မြန်မြန်စား”
ခေါင်းငြိမ့်ပြရင်း ဓိရာ လက်ဖမိုးလေးကို ဖြတ်ကနဲ နမ်းခဲ့ဖူးသည်။
“ချိုမြိန်လိုက်တဲ့ ပလာတာလေး၊ ကျေးဇူးတင်လိုက်တာ အချစ်ရယ်…”
ဓိရာ အနားမှာ ကပ်လို့ တဖွဖွ ရွတ်ဆိုဖူးခဲ့ဖူးသော ညနေစောင်းများသည် ဒီပ အတွက် လွမ်းမောဖွယ်ရာ ညနေစောင်းများသာတည့်။
♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫
တစ်ကယ်ဆို သူတို့ ဘ၀က ကြမ်းတမ်းလွန်းပါသည်။
တောင်ထိပ်ဖျားတွေမှာ အညှိုးကြီးကြီးနဲ့ ပရမ်းပတာ ရွာတဲ့ မိုးကြောင့် ပြိုကျလာရတဲ့ မြေဆွေးတွေလို….
ကြမ်းကြမ်းတမ်းတမ်းတိုက်ခတ်တဲ့ လေကြောင့် အဝေးကြီးဆီ နှင်ခံလိုက်ရတဲ့ မြူခိုးပိုးပုဝါတွေလို …
မိုးကြီးလာလို့ အရှိန်မသတ်နိုင်ပဲ ကတိုက်ကရိုက်စီးဆင်းလို့ သယ်ဆောင်သွားခံရတတ်တဲ့ ဂင်္ဂါထဲက သဲမှုန်တွေလို ….
နှစ်ရက်လောက် ထမင်းကောင်းကောင်း မစားရသေးတဲ့ ဆေးရောင်စုံမျက်နှာနဲ့ ဆာဒူးတစ်ယောက်လို….
ညမှောင်မှောင် ချောင်ကုတ်နေတာတောင်မှ လူသူတွေ ဂရုမပြုမိလို့ တက်နင်းခံရတဲ့ နွားချေးပုံလို…
ကပိုကယို၊ ကပျက်ကယက်နဲ့…. ဖုတ်ဖက်ထနေတတ်ခဲ့သည် မဟုတ်ပါလား။
ဆာဒူးတွေရဲ့ ဘ၀ကတော့ အနည်းငယ် ပိုသာသည်ဟု ပြောလို့ရနိုင်သည်။ အဆင်သင့်လျှင် ဆိုင်တစ်ဆိုင်ရှေ့က ခုံတစ်ခုံမှာ တစ်နေကုန်ထိုင်နေရုံဖြင့် မုန့်ပဲသားရေစာ၊ လှူဘွယ်ငွေစအနည်းငယ် ရတတ်သည်။ သူတို့ ဘ၀ကတော့ လေလှိုင်းကြမ်းပုတ်တဲ့ ရွက်လှေလို တည်ငြိမ်မှုမဲ့စွာ…။
ဒီပ ဘ၀ထဲကို ဓိရာ ၀င်လာတဲ့နေ့က မိုးတွေသည်းထန်စွာ ရွာသွန်းနေသည်။ လေတွေကလည်း ပြင်းထန်လွန်းသဖြင့် ရမ်ဂျူလာ တံတားကြီးတောင် ဂင်္ဂါမြစ်ထဲ မျောသွားတော့ မယောင်။ မိုးရွာနေတာတောင် လူသူထူထပ်နေတဲ့ လမ်းကြိုလမ်းကြားတစ်ခုမှာ ငိုယိုနေသော ရွယ်တူဂါဝန်မကလေးကို တွေ့ခဲ့ရသောနေ့။ ထိုကောင်မလေးကို ဒီပက သူခိုကိုးရာ ဗစ်ရှနူး နတ်ဘုရားရုပ်ကြီး နောက်ကို ခေါ်ဆောင်လာခဲ့သည်။ ဆာလောင်ကြောက်ရွံ့ထိတ်လန့်နေသော ကောင်မလေးက ဒီပ စုဆောင်းဖွက်သိမ်းထားသော သစ်သီးဝလံများကို စားသောက်ပြီး ဒီပ ပေါင်ပေါ်မှာ အိပ်ပျော်သွားခဲ့သည်။
ဒီလိုနှင့် ဒီပ နှင့် ဓိရာ.. ဒီရမ်ဂျူလာ ကြိုးတံတားတ၀ိုက်မှာ ကျင်လည်ကျက်စားခဲ့ကြသည်။
အိုဟောင်းလာတဲ့ နှစ်တွေထဲမှာ.. တောင်းယမ်းစားသောက်ကြတဲ့ နေ့တွေ၊ ပန်းကလေးတွေကောက်လို့ ရောင်းစားကြရတဲ့ နေ့တွေ၊ နယ်ခံတွေ၊ တိုးရစ်တွေ အနှိပ်သယ်တွေ၊ ဟင်းရွက်သယ်တွေဆီက လစ်ရင်လစ်သလို လုစားတဲ့ နေ့တွေ ရှိခဲ့သည်။ မိုးကြီးတဲ့နေ့တွေမှာ.. ဒီကြိုးတံတားကြီးရဲ့ တစ်ဘက်တစ်ချက်မှာ ရှိတဲ့ ဘုရားကျောင်းကန်တွေရဲ့ ချောင်ကြိုချောင်ကြားတွေမှာ၊ ရှီဗာနဲ့ ဗစ်ရှနူး နတ်ဘုရားရုပ်တုတွေ ကြားထဲမှာ ပုန်းခိုခဲ့ကြရသော နေ့တွေလည်းရှိသည်။
ဒီပ မိုးမိပြီး အပြင်းဖျားနေခဲ့သော ရက်တွေမှာ ဆိုရင်.. ဟိန္ဒူကျောင်းဆောင်တွေနောက်နားက အဖီကလေးတစ်ခုအောက်မှာ ဒီပကို ပြုစုရင်း ဓိရာတစ်ယောက် အနားကကို မခွာတော့။ ရမ်ဂျူလာတ၀ိုက်.. ၀ါးလှည်းကလေးတွေပေါ်က ငှက်ပျောသီး၊ သင်္ဘောသီး၊ သရက်သီး၊ စပျစ်သီး၊ အုန်းသီး စတဲ့ သစ်သီးသစ်နှံတွေ၊ ချိုပေ့မွှေးပေ့ အချိုမုန့်တွေကို လူအလစ်မှာခိုးယူလို့ ဒီပ ကို ဓိရာက ကြင်နာစွာ ခွံ့ကျွေးခဲ့ဖူးသည်။
“အန္တာရယ်ကြီးလှပါတယ် ဓိရာရယ်.. မသွားပါနဲ့”
“ဓိရာရယ်.. ကိုယ့်ကို ကြင်နာလိုက်တာ”
“ဓိရာကို မချစ်တတ်ဘူးလို့ ထင်ထားတာ.. ဒါပေမယ့် ဓိရာက ချစ်တတ်တယ်နော်”
ဒီပ တစ်ယောက် တဖွဖွ ရွတ်ဆိုနေခဲ့တော့ ဓိရာက နှုတ်ခမ်းထောင့်ကို ကွေးကာ ပြုံးနေခဲ့သည်။
“ဓိရာ ချစ်တတ်တာ မဟုတ်ပါဘူး… သိလားဟင် ဒီပ”
“ ………..”
“ဓိရာ…. ဒီပ ကို ချစ်တာပါ”
အဲဒီညက အဖျားတွေတက်နေသော ဒီပ.. ဓိရာ၏ ရင်ခွင်ထဲမှာ မှေးမှိတ်အိပ်ပျော်ခဲ့သည်။ ဓိရာ လည်ပင်းက မွှေးညှင်းနူးနူးညံ့ညံ့လေး ရှိနေတဲ့ အညိုရောင်အမှတ်ကလေးဟာ ဒီပ မျက်စိထဲမှာ ဝေးသွားလိုက် နီးလာလိုက်နှင့်။
♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫
ညနေစောင်းလာပြီ။
နေလုံးနီနီက ဂင်္ဂါမြစ်နောက်က တောင်တန်းစိမ်းတွေပေါ်ကို မေးတင်နေပြီ။ မကြာခင် မြုပ်ဝင်ပျောက်ကွယ်သွားတော့မည်။ ဒီလိုအချိန်တွေမှာဆိုလျှင်… ဂင်္ဂါမြစ်ကမ်းနဖူးမှာ ၀တ်ပြုဆုတောင်းသူတွေ အုံကျလာတတ်သည်။ လူတွေရဲ့ အာရုံတွေက ဆီမီးတွေ၊ ပန်းတွေ၊ နံ့သာမွှေးတိုင်တွေ၊ ရောင်စုံစက္ကူတွေ တလူလူလွင့်နေတဲ့ ဘုန်းတော်ကြီးတွေရဲ့ စင်မြင့်တွေပေါ် သဲသဲလှုပ်လို့၊ အုတ်လှေကားထစ်တွေပေါ်က ၀တ်ပြုလာသူတွေဟာလည်း ထောပတ်နဲ့ပြုစုထားတဲ့ ဆီမီးတွေကို ဝှေ့ယမ်းလို့၊ ခေါင်းမီးခြုံ မိန်းကလေးတွေကလည်း မြစ်ထဲမှာ ဆီမီးတွေ ပန်းတွေ မျောလို့…။
ဒီလိုမြင်ကွင်းတွေကို ဟိုးတောင်တွေပေါ်က ဟိန္ဒူကျောင်းဆောင်ကြီး တစ်ခုရဲ့ မှန်ခန်းသေးသေးလေးထဲကနေ သူတို့ ငုံ့ကြည့်လေ့ရှိသည်။ ဒီကျောင်းဆောင်ကြီးတွေဟာ နေ့ကြီးရက်ကြီးမှာမှ ဖွင့်လေ့ရှိသည့်အတွက် လူသူကင်းရှင်းနေတတ်သည်။ ကျောင်းဆောင်ကြီးရဲ့ အမြင့်ဆုံးနီးပါး မုဒ်ပြဿဒ်နားက အခန်းကလေးထဲအထိ တက်သွားတတ်သော ဒီပ နောက်ကို ဓိရာက မရ-ရအောင် လိုက်သွားတတ်သည်။ လှေကားကျဉ်းကျဉ်းကလေးတွေကြားက ခဲရာခဲစစ်လိုက်လာနေရသော ဓိရာ အဖြစ်က ဒီပအတွက် ပိုမိုချစ်မြတ်နိုးမိစေသော အဖြစ်တစ်ခု ဖြစ်ပေလိမ့်မည်။ လှေကားလက်ရန်းတစ်ခုကို အားပြုပြီး သူမတက်လိုက်တော့ ခါးမှာပတ်ထားသော ပုဝါစက မတော်တဆ သူမ ဒူးအောက်နားကို ပြုတ်ကျသွားခဲ့ဖူးသည်။ ဒီပ မျက်နှာကို လွှဲထားခဲ့သည်။
ဓိရာနှင့်အတူတူ သွယ်ဝိုက်စီးနေသော ဂင်္ဂါမြစ်ကို ကျောင်းဆောင်မှန်ခန်းထဲက ငုံ့ကြည့်ရတာလောက် စိတ်အေးချမ်းသာဖွယ်ရာ မရှိခဲ့။ ဂင်္ဂါမြစ်အထက်ခပ်လှမ်းလှမ်း ကမ်းပါးပေါ်မှာ စီရရီကျောက်တုံးတွေ ရှိနေသည်။ ဒီပနှင့် ဓိရာ ပန်းလှေတွေမျောချတတ်တဲ့ ကျောက်တုံးကြီးတစ်ခုနားမှာ ချိုသွေးနေသော နွားတစ်ကောင်ကို လှမ်းမြင်ရတတ်သည်။ အနီးက အခြားကျောက်တုံးတစ်ခုပေါ်မှာ တရားထိုင်နေသော ရှီဗာနတ်ဘုရားရုပ်တုကြီးရှိနေသည်။ နတ်ဘုရားရုပ်ကြီးလည်ပင်းမှာ မြွေတစ်ကောင်က ရစ်ပတ်နေသည်။ ခွေလိမ်နေသောဆံပင်ဖျားမှာ နားကပ်ရှည်ရှည်က တွဲလောင်းကျနေသည်။
“ရမ်ဂျူလာတံတားလည်း လူတွေကိုကြိတ်ကြိတ်တိုးလို့နော်…”
ပခုံးမှာ နွဲ့မှီနေသော ဓိရာ့ထံမှ စကားသံခပ်တိုးတိုးထွက်လာသည်။ သူမ စပျစ်သီးကလေးများကို တစ်လုံးချင်း ဖြည်းဖြည်းဝါးနေသည်။ နီးကပ်နေသောကြောင့် သူမနှုတ်ခမ်းက စပျစ်သီးရနံ့လေးကိုတောင် ဒီပ ရ နေသည်။ ဆင်းရဲမွဲတေလွန်းကြပေမယ့် ညညလူခြေတိတ်ချိန်တွေမှာ မြစ်အထက်ပိုင်းက ကျောက်တုံးတွေကို အကာကွယ်ယူလို့ သန့်ရှင်းသမှု ပြုတတ်သူ ဓိရာ့ ကိုယ်မှ ဂင်္ဂါပန်းရနံ့တို့ သင်းပျံ့တတ်သည်ဟု ဒီပက ထင်နေတတ်သေးသည်။ ဓိရာရဲ့ နဖူးပြင်မှာ ဒီပ တစ်ယောက်ပါးအပ်ကာ သူမပြောသည့် ရမ်ဂျူလာတံတားဘက်ကို ငေးကြည့်နေမိသည်။
တံတားက နေ၀င်ဖျိုးဖျမှာ မှုန်ပြာနေသည်။ သွယ်ကျနေသော ကြိုးတန်းတွေကို လှမ်းမြင်နေရသည်။ ရမ်ဂျူလာ တံတားက လမ်းလျှောက်ဖြတ်သူများအတွက်သာ ဖြစ်ပေမယ့်လည်း နွားတွေ၊ မော်တော်ဆိုက်ကယ်တွေ၊ ခွေးတွေကလည်း ဒီတံတားကြီးကို အသုံးပြုတတ်သေးသည်။ တစ်ခါတစ်ရံ မြစ်ဘက်ကို ငေးမောပြီး ဆက်မလျှောက်တော့သော နွားများ၊ စက်နှိုးမရတော့သော ဆိုက်ကယ်များကြောင့် လမ်းကြောင်းတွေ ပိတ်နေတတ်သေးသည်။ ကြိုးတန်းတွေမှာ တွဲလွဲခိုနေတတ်သော မျောက်တွေကလည်း လစ်ရင်လစ်သလို စားစရာတွေကို ခိုးယူတတ်သေးသည်။
“ဒီနေရာမှာ ရာမမင်းသားရဲ့ ညီတော် လက္ခဏာမင်းသားက ဂင်္ဂါကို ဖြတ်ခဲ့ဖူးတယ်လို့ ဒဏရီတွေထဲမှာ ဆိုကြတယ်။ လက္ခာမင်းသား ဖြတ်ခဲ့တုန်းကတော့ ကျူတံတားပေါ့.. အခုတော့ ကျူတံတားနေရာမှာ ကြိုးတံတားဖြစ်နေပြီ”
“ရာမတို့ လက္ခဏာမင်းသားတို့တွေက ဘယ်သူတွေလည်းဟင်”
“ရစ်ရှီဗလ်မီကီ ဆိုတဲ့ ကဗျာစာဆိုရှင်ကြီးရဲ့ လျှမ်းလျှမ်းတောက် စာတွေထဲက ဒဏ္ဍာရီ သူရဲကောင်းတွေပေါ့၊ လေးစားစရာကောင်းလောက်တဲ့ စာဆိုရှင်တွေဟာ ဘယ်တောက်တော်တန်တက်မြောက်လိုက်သလည်းဆိုရင် သူတို့ရဲ့စာတွေ ကဗျာတွေဟာ နိုင်ငံတော်သီချင်းတွေ ဖြစ်သွားတတ်တယ်၊ ဘုရားဟောကျမ်းတွေ ဖြစ်သွားတတ်တယ်။ အခြားနိုင်ငံတွေကလည်း တို့တွေရဲ့ စာတွေ ကဗျာတွေကို သူတို့ဘာသာစကားနဲ့ ပြန်ဆိုလို့ အမြတ်တနိုးထား ကိုးကွယ်တတ်ကြသေးတယ်။ အာရှတစ်ခွင်မှာ ရစ်ရှီဗလ်မီကီရဲ့ စာတွေဟာ ဘာသာအမျိုးမျိုးကို ပြန်ဆိုခြင်းခံရတယ်”
“ဒါတွေကို ဘယ်လိုသိလည်းဟင်”
“ကို့အဘိုး ကိုယ့်ကိုပြောပြဖူးခဲ့တဲ့ ဒဏ္ဍာရီ နောက်တစ်ခုလို့ပဲ မှတ်ထားလိုက်တော့နော်…”
သူမ ဒီပ မျက်နှာကို မြတ်နိုးခြင်း၊ လေးစားအထင်ကြီးခြင်းအပြည့်နှင့် ငေးကြည့်နေခဲ့သည်။ သူတို့နှစ်ယောက်ရဲ့ မျက်ဝန်းများထဲမှာ ဂင်္ဂါမြစ်ကမ်းက ဆီမီးတွေဟာ ကခုန်မြူတူးနေသလားတောင် ထင်ရတတ်သည်။
ညက ပိုနက်လာခဲ့သည်။ ဂင်္ဂါမြစ်ကမ်းနဖူးက ဟိန္ဒူဘုန်းကြီးတွေ ၀တ်ပြုဆုတောင်းတဲ့ စင်တွေဟာလည်း ရောင်စုံပန်းတွေ၊ ဆီမီးအမွှေးနံ့သာတွေနဲ့ ထုံမွှန်းလို့၊ ဆီမီးတွေကြောင့် မြစ်ရေပြင်ဟာလည်း မီးဟုန်းဟုန်တောက်လို့။ မြစ်ရေသည်လည်း ပန်းပေါင်းစုံရနံ့ ထုံသင်းမွှေးပျံ့လို့၊ တောင်နံရံတွေမှာလည်း နတ်ဘုရားတွေကို ပူဇော်ပသ တေးသီချင်းသံတွေဟာ ပဲ့တင်ထပ်လို့။
သူနှင့်သူမရဲ့ မှန်နန်းဆောင်အခန်းကလေးက အပြင်ကလေအေးတိုက်ခတ်မှုကြောင့် မှုန်ဝါးလာနေသည်။ ပတ်ပတ်လည်မှန်တွေက မြူတွေနဲ့ပတ်ရစ်ထားသလို မှိုင်းလာသည်။ အပြင်ကရှုခင်းတွေကို သူတို့ မမြင်ရကြတော့။
“မှန်တွေက မှုန်နေပြီး အပြင်ကို ဘာမှ မမြင်ရတော့ဘူးနော်”
မြူခိုးတွေက အပြင်ကနေ ၀ိုင်းလို့ပိတ်နေတော့တာ၊ ဖြူပြီး အခန်းတစ်ခုလုံးကလည်း လင်းနေလိုက်တာ”
“အခုလိုဆိုတော့ လောကကြီးတစ်ခုလုံးမှာ ၂ယောက်ထဲလိုပဲနော်၊ အိပ်မက် ကမ္ဘာကြီးထဲ ရောက်နေသလိုပဲ”
“နှစ်ယောက်တည်း မဟုတ်လို့လားကွယ်”
“ဒါဟာ အိပ်မက်တစ်ခုကော ဖြစ်မနေနိုင်ဘူးလား”
ထိုနေ့က ဓိရာ လည်ပင်းက မွှေးညှင်းနူးနူးညံ့ညံ့လေး ရှိနေတဲ့ အညိုရောင်အမှတ်ကလေးကို သူ မြတ်နိုးစွာ နမ်းရှိုက်ခဲ့လေသည်။
♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫
ဓိရာနှင့် အတူနေခဲ့ရသော နေ့တွေဟာ ကြည်နူးလွမ်းဆွတ်စရာကောင်းသလောက် တိုတောင်းလွန်းသော… ကျူမျှင်တွေနဲ့ရစ်ပတ်ထားသော.. အိပ်မက်တစ်ခု ဖြစ်ခဲ့သည်။ ကျူမျှင်တွေ ပြတ်ထွက်သွားတော့လည်း ထိုအိပ်မက်ဟာ ဒဏ္ဍာရီတစ်ခု ဖြစ်သွားခဲ့ရပေပြီ။
ထိုနေ့က မိုးသက်လေနုအေးက တသုန်သုန်တိုက်ခတ်နေခဲ့သည်။ ဂင်္ဂါမြစ်ရေက နွဲ့နောင်းစွာ စီးဆင်းနေသည်။ မိဘမရှိတဲ့ ဘ၀တူတွေမို့၊ အပျော်ကြီးပျော်နေခဲ့တဲ့ နှစ်ယောက်တစ်ဘ၀ အဖြစ်မှ၊ မမျှော်လင့်တဲ့ တစ်နေ့မှာ ဓိရာရဲ့ လည်ပင်းက အမှတ်ကလေးဟာ ဒီပနဲ့ ဓိရာကို အဝေးဆုံးကို တွန်းပို့ခဲ့လေပြီ။ ဒီအမှတ်ကလေးကြောင့် ဓိရာ မိဘအရင်းတွေနှင့် ပြန်လည်တွေ့ဆုံသွားကြလေသည်။ ဓိရာကို ရမ်ဂျူလာနှင့် အဝေးဆုံးနေရာကို ခေါ်ဆောင်သွားကြသည့်နေ့က ဒီပ အတွက် ကြိုးမိန့်ကျတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့သည်။ ဗစ်ရှနူးနတ်ဘုရားရုပ်ကြီး နောက်မှာ တင်းကြပ်စွာဖက်ရင်း သည်းထန်စွာ ငိုကြွေးခဲ့ကြသည်။
“ဒီပဆီကို ဓိရာ ပြန်လာခဲ့မယ်နော်..။ အခုတော့ ခဏ လိုက်သွားလိုက်ဦးမယ်”
မျက်ရည်တွေ ၀ိုင်းနေသော ဓိရာ၏ မျက်လုံးများနှင့် တဆတ်ဆတ်တုန်နေတဲ့ ဓိရာ၏ နှုတ်ခမ်းများကို သူ နောက်ဆုံးအကြိမ်အဖြစ်နှင့် ငေးစိုက်ကြည့်နေခဲ့ရင်း “ငါ ရူးသွားရင် ကောင်းမယ်” ဟု ဒီပ တွေးနေခဲ့မိသည်။
ရမ်ဂျူလာ တံတားကြီးပေါ်မှာ ဓိရာရဲ့ ပုဝါကလေး တလွင့်လွင့်နှင့် ဝေးသွားရာက နောက်ဆုံးပျောက်ကွယ်သွားသည်အထိ ဒီပ ဘ၀ထဲက ဓိရာ အပြီးအပိုင် ထွက်ခွာသွားပြီဆိုတာကို မယုံကြည်နိုင်လွန်းစွာ၊ေ၀၀ါးနေသော မျက်လုံးများနှင့် ငေးမောကြည့်နေခဲ့သည်။ ထိုစဉ်ချိန်မှာ တောင်ထိပ်ဖျားမှာတော့ မိုးချိန်းသံများက တ၀ုန်းဝုန်းမြည်ဟီးလိုက်သေးသည်။
ထိုနေ့ညကစပြီး ဗစ်ရှနူးနတ်ဘုရားရုပ်ကြီးနောက်က ထိတ်လန့်ခြောက်ခြားဘွယ်ရာ အထီးကျန်ညတွေကို ဒီပ တစ်ယောက်တည်း ဖြတ်သန်းခဲ့လေပြီ။ ဓိရာရဲ့ တုန်ယင်နေသော နှုတ်ခမ်းများနှင့် တစ်စုံတစ်ရာကို မယုံနိုင်အောင် ကြောက်လန့်စိုးရိမ်နေသော မျက်လုံးကြီးများက ဒီပအား အိပ်မက်တွေထဲ အထိ ချောက်လှန့်နေခဲ့ကြသည်။ ငါယောင်္ကျားပဲ ဟူသော စိတ်ဖြင့် အထီးကျန်ခြင်းတွေထဲက ခွန်အားတစ်ခုကို ဖြစ်ညှစ်ထုတ်ရင်း ဘ၀တစ်ခုကို ဆက်လျှောက်နေခဲ့ပြီ။
သာယာလှပသည့် ရွှေရောင်လွှမ်းတဲ့ ညနေခင်းတွေမှာ၊ ဒီပ အနားကို အရိပ်ကလေးတစ်ခုပမာ၊ သစ်ရွက်ကလေးပမာ လွင့်ကနဲ ဖြုတ်ကနဲ စွေ့ကနဲ ကြွေလာတတ်သည့် ဓိရာကို ပြန်မလာနိုင်မှန်း သိပေမယ့် ဒီပ မျှော်နေမိဆဲ…။ နေ၀င်ရီရော အချိန်တွေမှာ ဆင်ဆင်တူသည့် အရိပ်ကလေးတစ်ခုကို ရမ်ဂျူလာတံတားထိပ်မှာ တွေ့မိလျှင် ဓိရာများ သူ့ဆီ ပြန်လာလေပြီလားဟု ထိတ်ကနဲဖြစ်နေရဆဲ…။
ဒီ ရမ်ဂျူလာ…
ဒီ ညနေခင်း….
ဒီ မီးမျောပွဲတွေ…နဲ့
ဒီပ ထံကို..
ဓိရာ တစ်နေ့နေ့ ပြန်လာလိမ့်မည်လားဟု… မျှော်လင့်ချက် သေးသေးကလေးဖြင့် အသက်ဆက်နေဆဲ။
♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫
ဂင်္ဂါမြစ်ထဲကို ဒီပ ညင်သာစွာ မျောချလိုက်တာကတော့ .. ဆီမီးထွန်းထားတဲ့ ပန်းလှေကလေးရယ်ပါ…
သည်းအူပြတ်မတတ် လွမ်းပါသည်။  ။

အိမ့်ချမ်းမြေ့

ဤနေရာမှ တဆင့် ကူးယူဖေါ်ပြပါသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes