ကိုယောနှင့် မိမိတို့ကား အိမ်ထောင်သက် ၇ နှစ်ရှိ၍ သားကလေး အပါမှာ ၆ နှစ်သား ရှိခဲ့ပြီ…။
“သြော် .. မိန်းမ မိန်းမ… မင်းတို့ကတော့ ရှင်ဘုရင်၊ ခင်ခင်မင်မင် တသက်လုံး ခိုင်းဖို့ မင်းတို့စိတ်က မြင်”
“ဆိုပြန်ပြီ ဒီသီချင်းကြီး ဘာလဲ၊ ဘယ်သူက ဘာခိုင်းလို့လဲ”
“မဟုတ်ဘူးလား မိမိရယ်၊ မင်းတို့ မိန်းမတွေ လှလှပပ ၀တ်ရေး စားရေးအတွက် ဒီက ကိုယောတို့မှာ တနေ့လုံး နွားလိုရုန်း…”
“တော်စမ်းပါ… ကိုယောတို့က တနေ့လုံး ရုန်းနေရတော့ အိမ်က အလကား ထိုင်နေရလို့လား။ တနေ့တနေ့များ အားရတယ် မရှိဘူး။ ရှင်တို့ ယောက်ျားတွေ ပြောနေလို့လဲ နားလည်မှာ မဟုတ်ဘူး”
“ဒါတော့ မိမိကို ကိုယောက ဘာများ ပင်ပင်ပန်းပန်း လုပ်ခိုင်းဖူးလို့လဲ၊ မလုပ်လဲ ဘာမှ မပြောပါဘူး။ မိမိတို့က အလကား မနေတတ်လို့ လျှောက်လုပ်နေတာကိုး”
“ပြောပြန်ပြီ … ကျေးဇူးကန်းစကား။ ကိုယော ပါးစပ်ကတော့ မခိုင်းပါဘူး။ ဒါပေမဲ့ ကိုယောတို့ ယောက်ျားတွေဟာ အချိန်တန်ရင် ဘယ်မလဲ ထမင်း၊ ဘယ်မလဲ ဟင်း၊ ဘယ်မလဲ ကော်ဖီ၊ ဘယ်မလဲ အင်္ကျီ၊ ဘယ်မလဲ ပုဆိုး၊ ဘယ်မလဲ ဟိုဟာ၊ ဘယ်မလဲ ဒီဟာနဲ့ အစစ အဆင်သင့်ကလေးတွေ ရမှ သဘောကျတာကိုး။ ဒါတွေကို ဘယ်က ဇော်ဂျီကမှ ဆေးတောင်ဝှေးနဲ့ တို့ထားပေးတာ မဟုတ်ဘူး။ မိန်းမ လုပ်တဲ့သူ တနေကုန် တနေခမ်း လုပ်ထားမှ ဖြစ်တာ”
“ဒါတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ မိမိလုပ်တဲ့ အလုပ်တွေထဲမှာ မလိုတာတွေလဲ အများကြီးပဲ၊ ဥပမာ – ဒီခုတင်ဟာ မနေ့က တောင်ဘက် ခေါင်းပြုထားတာ၊ ဒီနေ့ အရှေ့ဘက် ခေါင်းပြုနေပြီ၊ ဒီဗီရိုကဆိုလဲ ဟိုထရံဘက် ကပ်လိုက်၊ ဒီဘက်ထရံ ကပ်လိုက်နဲ့ ခဏခဏ ရွှေ့နေတာပဲ၊ ပြီးတော့ တံမြတ်စည်း လှည်းရင် တော်ရောပေါ့၊ ဘာပြုလို့ ကြမ်းတွေ ဖယောင်းနဲ့ တိုက်ရသလဲ၊ ဒါတွေဟာ အပိုအလုပ်တွေပဲ”
“ကိုယောကို မိမိ ဘာမှ မပြောတော့ဘူး။ သိပ်လေကုန်တယ်၊ မနက်ဖြန် ကစပြီး နံရံသတင်းစာ ထုတ်တော့မယ်။ အဲဒီအထဲမှာပဲ ထည့်ဆော်တော့မယ်”
“ကောင်းပါဗျာ… ဒါပဲ ကောင်းပါတယ်၊ သို့မဟုတ် တယ်အငြင်းပွားရတယ်”
……. X …….
နံရံသတင်းစာ အမှတ် (၁) အား ပြန်ကြားချက်
စေတနာနဲ့ ဘိက္ခဝေ
ဘယ်သူ ဘယ်စကား ဘယ်လိုပြောပြော ဘယ်လိုစေတနာနှင့် ပြောသည်ကို နားလည်ဖို့ လိုသည်။
“ဗီရိုတွေ ရွှေ့ပြန်ပြီလား”
“ခုတင်နေရာ ပြောင်းပြန်ပြီ”
“ဘာပြုလို့ ကြမ်းတိုက်ရပြန်တာလဲ”
ဟူသော အပြစ်တင် စကားများသည် အိမ်ရှင်မကို ပင်ပန်းမှာစိုးသည့် စေတနာက စေ့ဆော်သည်ကို နားလည်စေချင်သည်။
နံရံသတင်းစာ အမှတ် (၂)
အိမ်ရှင်မကို တကယ် စေတနာရှိတာ ဟုတ်ကဲ့လား
အိမ်ရှင်ကို တကယ် သက်သာစေချင်သည့် စေတနာရှိလျှင် အိမ်ရှင်မ၏ တာဝန်ကို တတ်နိုင်သ၍ ကူညီသင့်သည်။ ပါးစပ်က စေတနာရှိနေရုံနှင့် မပြီး၊ အလုပ်နှင့် ပြသင့်သည်။ ဥပမာ – ယခင် တနင်္ဂနွေနေ့က စာအုပ်တွေ ပိုးကိုက် မှိုတက်နေသည်။ နေပူလှမ်းပြီး ရှင်းကြရအောင်ဟု အိမ်ရှင်မက ခေါ်သည်ကို တနေ့တလေ အားတာ ခိုင်းချင်ရမလားဟုဆို၍ ခေါင်းမြီးခြုံ အိပ်နေသည်။ စာအုပ်တွေကို မြတ်နိုးနှစ်သက်လျှင် အမြဲ ဂရုစိုက်ရမည်။ ပါးစပ်က စာအုပ်တွေကို မြတ်နိုးသည်ဆို၍ ဂရုမစိုက်လျှင် ပျက်စီးလိမ့်မည်… စာအုပ်များမှာ ယောက်ျားနှင့် ပိုဆိုင်သည်။ ထမင်းချက်၊ အ၀တ်လျှော် အလုပ်ကြမ်း လုပ်နေတဲ့ အိမ်ရှင်မနှင့် မဆိုင်လှ။ သို့သော် ကံဆိုးသော အိမ်ရှင်မသည် စာအုပ်များ နှစ်သက်တတ်သည့် ၀ါသနာကြောင့် စာအုပ်တွေကို ဂရုစိုက်ရပြန်သည်။ မိန်းမများ ပညာတတ်တာ ကျိန်စာသင့်တာပါပဲ။ စာမတတ်လို့ စာအုပ်တန်ဖိုး မသိတတ်သူ ဖြစ်သော် ကောင်းလေစွ။
နံရံသတင်းစာ အမှတ် (၃)
အိမ်ရှင်မကို တဖက်က ဘာမှ ထုတ်ပြန်ကြေညာ ချေပခြင်း မရှိ၊ ငြိမ်ချက်သား ကောင်းတော့သည်။
နံရံသတင်းစာ အမှတ် (၄)
တဖက်က ပြန်မရေးပေမယ့် အိမ်ရှင်မကတော့ မနေနိုင်၊ ရေးရဦးမည်။ တယောက်ထဲ ရန်ဖြစ်တယ်ဆိုဆို ဘာဆိုဆို ရန်ဖြစ်စရာ လူမရှိ၊ ကိုယ့်ဘာသာ ဖြစ်ရမှာပဲ။
ကျေးဇူးတင်မခံရ အရာမရောက်တဲ့ အိမ်ရှင်မ အလုပ်ကို စိတ်ပျက်လှပြီ။ ယောက်ျားများကတော့ အချိန်တန် အစားဆို အဆင်သင့်၊ အ၀တ်ဆိုလည်း အဆင်သင့်။ ဘာမဆို သူတို့ လက်လှမ်းမီ အသင့်ချည်းပဲ လိုချင်တယ်။ ဒီလို အသင့်ဖြစ်အောင် အိမ်ရှင်မမှာ အကူအညီမရှိ တကောင်ထဲ ဘယ်လို လုပ်ရတယ်ဆိုတာတော့ နားမလည်ဘူး။ လမ်းထွက်သွားရင် ခြေမွေး မီးမလောင်၊ လက်မွေး မီးမလောင် နေရတဲ့ သခင်မလေးလို့ ကျော့နေမှ ကြိုက်တယ်။ အိမ်နှင့် မဆိုင်တဲ့ အပြင် အလုပ်ကိစ္စတွေမှာလည်း အကူအညီ လိုချင်သေးတယ်။ လူတယောက်ထဲ ကိုးမျိုး ဆယ်မျိုး ဖြစ်စေချင်တော့ ခက်တာပဲ။ သူတို့ကတော့ အသာလေး ရေသာခိုပြီး တဆိတ်ရှိ ဆေးလိပ်ကလေး မှိန်းကာ မှိန်းကာနှင့်၊ ဆေးလိပ်ဆိုလို့ သတိရလို့ ပြောရဦးမယ်။ အိပ်ရာထဲ ဆေးလိပ်သောက်လို့ အိပ်ရာခင်း ညစ်ပတ်တာ၊ မီးခြစ်ဆံတွေ ဆေးလိပ်တိုတွေရယ် သိပ်အမြင်ကတ်တာပဲ။ ကိုယ်ဆေးလိပ်မသောက်တော့ ဒါတွေ အတော် သည်းခံနေရတယ်။
နံရံသတင်းစာ အမှတ် (၅) မိမိကို ချေပချက်
ပန်းချီကျော်ရင်းဘဂွန်း၏ ဇနီး
ပန်းချီကျော်ရင်းဘကွန်းသည် သူ့မိန်းမကို သူ အလွန်ချစ်သည်။ အဘယ့်ကြောင့် ရာသက်ပန် စွဲမြဲ ချစ်ခင်မြတ်နိုးကြောင်း အကြောင်းရင်းကို ဤသို့ ပြောပြသည်။
“ကျုပ် မိန်းမကို တခါခါ ကစားစရာ အရုပ်ကလေးလို၊ တခါခါလဲ ကိုယ့်အလုပ်အကျွေး မောင်းမပျိုလို၊ တခါခဲါ တိုင်ပင်ဖော် တိုင်ပင်ဖက် အဖော် မိတ်ဆွေကောင်းလို ဒီလို အမျိုးမျိုး သဘောထားပြီး ချစ်လို့၊ ဘယ်တော့မှ မလျော့နိုင်တဲ့ အချစ်မျိုးနဲ့ ရာသက်ပန် စွဲခဲ့တာ”
ဒါကို သေသေချာချာ စဉ်းစားပါ။ မိန်းမတဦးထဲကိုမှ အမျိုးမျိုး စွဲပြီး ချစ်တဲ့ ရင်းဘဂွန်းဟာ သူ့မိန်းမကို မမြတ်နိုးတဲ့ နေရာ မရှိသဘောက် ရှားပါတယ်။ အများအားဖြင့် ယောက်ျားတွေဟာ မိန်းမ တဦးထဲမှာ အမျိုးမျိုးလဲ ချစ်နိုင်တဲ့ အရည်အချင်း မရှိလို့ တယောက်နှင့် အားမရ အပိုရှာကြတာပဲ။ ဒီတော့ မိမိကို လူတယောက် ကိုးမျိုး ဆယ်မျိုး ဖြစ်စေချင်တယ်ဆိုတာ (ရင်းဘဂွန်း) လိုပါပဲ။
နံရံသတင်းစာ အမှတ် (၆)
ဒီလိုဆိုရင် ကျေးဇူးတင်ရဦးမှာလား….။ ယနေ့အထိ ကျေးဇူးအမှန်ပဲ တင်ပါတယ်။ နက်ဖြန် (၀ါ) နောင်တော့ မပြောတတ်သေးဘူး။
နံရံသတင်းစာ အမှတ် (၇)
ဒါဖြင့် နောက်ကို နံရံသတင်းစာမှာ မရေးတော့ဘူးလား။ ရေးပါဦးလေ။
နံရံသတင်းစာ အမှတ် (၈)
စိတ်ချ… ရေးမှာပဲ၊ ဒီနေ့ပဲ ရေးစရာ ပေါ်လာပြီ။ အိမ်ရှင်မ အလုပ်ဟာ တနေ့တနေ့ စိတ်ညစ်စရာတွေ သိပ်များတာပဲ။ ရေစည်ကြီးပေါက်လို့ ရေသည် အလောင်းမခိုင်းဘဲ တခါလိုမှ တခါ ကိုယ့်ဘာသာ ဘုံဘိုင်ထွက် ရေခပ်ရတာ မောလှပြီ။ ဒီနေ့တော့ ဖာဦးမှပဲလို့ ကပ်တရာစေးနဲ့ ဖာရတာ တနေကုန်တာပဲ။ လူလက်တွေလဲ ပဲ့ရွဲ့၊ တကိုယ်လုံးလဲ ညစ်ပတ်လို့၊ အခုတော့ ကောင်းသွားလို့ ရေထည့်လို့ရပြီ။ ဒီလို အခက်အခဲတွေကလည်း နေ့စဉ်နှင့်အမျှပဲ အလုပ်ပိုတွေက ရှိသေး။ ရာရှင် သွားထုတ်ရတဲ့ ကိစ္စ အချိန်ကုန် လူပန်းပဲ။ ကိုယ်ခွဲရှိရင် ဟုတ်သား၊ ကိုယ့်ဘာသာချည့် လုပ်ရ သွားရတော့ စိတ်တိုတယ်။ အ၀တ်တွေကလည်း ဒိုဘီပေးတာတောင် တနေ့ ၁၀ ထည်၊ ၁၅ ထည် အနည်းဆုံး လျှော်ရတယ်။ ၂ ရက်လောက် မလျှော်ရင် ၃၀ လောက် ဖြစ်သွားတာပဲ။ ဒီကြားထဲ အပါဆိုတဲ့ ကောင်လေးက အားကြီး ညစ်ပတ် အမှိုက်ရှုပ်တယ်။
နံရံသတင်းစာ အမှတ် (၉)
များစွာ ကရုဏာသက်ပါကြောင်း….
ကိုယော
နံရံသတင်းစာ အမှတ် (၁၀)
သင်၏ ကရုဏာကို ကျေးဇူးတင်စွာ လက်ခံပါသည်။ ယခု သပိတ်တွေ ခေတ်ထ၍ အိမ်ရှင်မလည်း သပိတ်မှောက်ရမလား စဉ်းစားနေသည်။
……. X …….
မကြာမီ…
“မိမိရေ… ဒီနေ့ စွပ်ကျယ်အင်္ကျီတွေ ၀တ်စရာ မရှိတော့ပါကလား”
“ဟုတ်တယ်.. လျှော်မှ မလျှော်ပဲ။ ဘယ်ရှိတော့မလဲ”
“ဘာပြုလို့ မလျှော်တာလဲ၊ ဒီနေ့ စွပ်ကျယ် မ၀တ်ဘဲ ရုံးသွားရတော့မယ်၊ ခက်တာပဲ”
“ဘယ်လျှော်မလဲ၊ သပိတ်မှောက်ထားတယ်”
“ဟ… ဟုတ်လား ဒါဖြင့်….”
“ဒါဖြင့် လုပ်မနေနဲ့၊ ရုံးချိန် နီးပြီ၊ ဖြစ်သလို ၀တ်၊ လာ ထမင်းစားမယ်”
“သြော်.. ထမင်းတော့ ချက်သလား၊ သပိတ်မှောက်တယ်ဆို …”
“ဒါတော့ ပြည်လုံးကျွတ် သပိတ်မှောက်တာတောင် အရေးကြီးတဲ့ မြူနီစီပါယ်တို့ ရိက္ခာထောက်ပံ့ရေးဌာနတို့ ချန်ထားရတယ် မဟုတ်လား”
“သြော်.. ဒီလိုလား”
နောက်တနေ့….
“အမယ်.. ဒီနေ့ စွပ်ကျယ်တွေ လျှော်ပြီးပြီလား၊ သပိတ်လှန်လိုက်ပြီလား”
“တိုကင်စထရိုက်… အားစမ်းသပိတ်ကို၊ နောင် မှောက်ချင် မှောက်ရအောင် စမ်းကြည့်တာ”
“စမ်းကြည့်တော့ ဘယ့်နှယ်လဲ၊ နေရာကျရဲ့လား”
“ဘယ်နေရာကျမလဲ၊ အ၀တ်မလျှော်ပဲ ထားတာတွေကို စုလျှော်လိုက်ရတာ သေလုသွားတာပဲ၊ တခြား အလုပ်တွေ သပိတ်မှောက်လို့ ရပေမယ့်၊ အိမ်ရှင်မ အလုပ်သပိတ် မှောက်မရပါဘူး။ ချေးနဲ့ ငုံထွေးသလို ကိုယ်ပဲ ပင်ပန်းတာပဲ၊ ကိုယောတို့ ယောက်ျားတွေက တပန်းသာပြီးသားပဲ… ကောင်းပါပေတယ်”
“ဒီလိုလဲ မအောက်မေ့ပါနဲ့ မိမိရာ… ဒီနေ့ စနေနေ့ ဘိုင်စကုတ် သွားကြည့်ချေရအောင်”
တနင်္လာနေ့….
မိမိ…. “ကိုယော ဟိုဘက်ခန်းက ခင်ခင်တို့၊ တင်တင်တို့ ထကြပြီလား၊ ဘယ်အချိန်ရှိပြီလဲ”
“ခင်ခင်တို့ ထတာ ကြာလှပြီ၊ အခု ၈ နာရီတောင် ထိုးပြီ၊ မိမိ ဘယ်နှယ့် နေသေးသလဲ၊ ကိုယ်ပူကျသွားပြီလား”
“မနက်ကျတော့ နေသာပါရဲ့၊ နေဦးလေ… ညက ဓာတ်ဘူးထဲ ထည့်ထားတဲ့ ရေနွေး ရှိတယ်။ ကော်ဖီပဲ သောက်သွား၊ ရုံးကျမှ တခုခု ၀ယ်စားပေါ့”
တဖက်ခန်းမှ….
“ဟေ့ ခင်ခင်ရေ… ဒီမနက် မမမိ အိပ်ရာကတောင် မထသေးပါကလား၊ ကိုကြီးယောတောင် ရုံးသွားတော့မယ်”
“အေး ဟုတ်တယ်… မမမိကြီး ဖျားပြန်ပြီ ထင်တယ်။ ကိုကြီးယောကို ခေါ် ထမင်းကျွေးလိုက်ပါ။ သူ့ဘာသာ ဘာမှ လုပ်တတ်တာ မဟုတ်ဘူး”
“နေပါဦးအေ… ဖျားတာမှ ဟုတ်ကဲ့လား၊ သပိတ်များ မှောက်နေတာလား၊ ဌာနတခုက သပိတ်မှောက်သွားရင် ကျန်တဲ့ ဌာနတွေက လူတွေက အလုပ်ရှင်ကို ကူလုပ်မပေးရဘူးဆိုတာ ကိုကြီးယောတို့ သမဂ္ဂကပဲ တနေ့က ဆုံးဖြတ်ချက် ချထားတယ် မဟုတ်လား၊ တို့လဲ ဒီလိုပေါ့၊ သွားမကူကြနဲ့”
“နေစမ်းပါဦ၊ ငါ သွားမေးပါဦးမယ်”
“ဘာတဲ့လဲဟေ့… တကယ် နေမကောင်းတာလား၊ သပိတ်မှောက်တာလား”
“တကယ် နေမကောင်းတာပေါ့၊ ညက ဖျားလိုက်တာ တုံး… တဲ့”
“ကဲ… ဒါဖြင့် ကိုကြီးယောကို ခေါ် ထမင်းကျွေးလိုက်ကြပါအေ”
“ကိုကြီးယော… လာ ထမင်းစားရအောင်၊ အားမနာပါနဲ့… ဒီလိုပေါ့။ နေထိုင်မကောင်းတဲ့အခါ စားသာ စားပါ”
သုံးရက်ခန့် ကြာသော်…
“အပါလေး… လာဦး၊ မင်းဟာ အဖေ့လူသက်သက် အဖေမှ ချစ်တယ်၊ မင်းတို့ သားအဖကို မေမေ သပိတ်မှောက်လိမ့်မယ် … သိလား”
“မှောက်ပါလား… မှောက်မှောက် ဖေဖေနဲ့ အပါလားကို မမခင်တို့က ထမင်းကျွေးမှာပေါ့”
“မကျွေးဘူး ဆရာ၊ ဌာနတခုက သပိတ်မှောက်ရင် တခြားဌာနတွေက လာပြီး အလုပ်ရှင်ကို လုပ်မပေးဘူး။ ဒီလိုဆိုရင် အပါတို့ ဘယ်သူ ထမင်းကျွေးမလဲ”
“ဖေဖေ… ဘယ်နှယ့် လုပ်မလဲ၊ အပါတို့ဖို့ ဖေဖေ ထမင်းချက်မလား”
“မလုပ်ပါနဲ့ဗျာ… ဖေဖေ ထမင်းချက်ဖို့ ဝေးလို့၊ ရေနွေးအိုးတောင် မတည်တတ်ပါဘူး။ မင်း ဘယ်နှယ့် လုပ်မလဲ ထမင်း အငတ်နေမလား”
“ဟင့်အင်း ထမင်း အငတ်မခံနိုင်ဘူး ဆာတယ်။ သြော်.. သိပြီ ဖေဖေ၊ အပါက ဇလုံကလေး တခု ယူမယ်၊ ဖေဖေက ပန်းကန်ကလေးတခု ယူ၊ ထမင်းလေး ဟင်းလေးများ ပေးကြပါလို့ လျှောက်တောင်းမယ်နော်”
ကိုယောနှင့် မိမိလဲ အတော်အကြံပက်စက်တဲ့ ခွေးကောင်ကလေးပဲ….
“ငါ့သားက သိပ်လိမ္မာတာကွ၊ မင်းက ဘာသိလို့လဲ”
“ဟုတ်ပါတယ် … အဖေ့သားကလေးမှ အဖေ့သားကလေးပဲ၊ အမြင်ကတ်တော့ သပိတ်မှောက် ပြန်ရော့မယ်”
“ဒီတခါ မှောက်ရင်တော့ ဆရာ… ပုလိပ်မင်းကြီးလို နုတ်ထွက်စေ အမိန့်ထုတ်လိုက်မှာပဲ”
“ထုတ်ပါလား ပုလိပ်တွေ ဖဆပလ ပုလိပ် ကြေညာသလို မိမိကလဲ လွတ်လပ်ရေး ကြေညာလိုက်မှာပေါ့”
“ပုလိပ်မင်းကြီး ပုလိပ် သုံးထောင်ကို အစားမသွင်းနိုင်ပေမယ့်…”
“သိပါတယ် သိပါတယ်၊ မိမိ အရေးမစိုက်ပါဘူး။ သွား… မင်းတို့ သားအဖ ငါ့ကို အလွန်ဒုက္ခပေးတယ်”
“ဟေ့ မိမိ… ဒီမှာကွာ၊ ကြည့်ပါဦး၊ အခု မျှားနတ်မောင် ပြန်ပြနေသတဲ့၊ သွားကြည့်ရအောင် .. လာပါကွာ … အလကား ပြောတာပါ”
ခင်မျိုးချစ်
တိုင်းရင်းသူမဂ္ဂဇင်း၊ အတွဲ (၁)၊ အမှတ် (၈)၊
ဒီဇင်ဘာလ၊ ၁၉၄၆ ခုနှစ်
ဤနေရာမှ တဆင့်ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment