Friday, 27 May 2011

ပုံရိပ်များအလွန် …(ရေးသူ - ယုပမ်)


နားထဲမှာ  အသံသဲ့သဲ့လေးပဲ ကြားနေရတယ် ဆိုရင်တောင် အဲဒါတွေက ကင်မရာက ရှပ်တာသံတွေ ဖြစ်နေတယ်။ ကျွန်မအနားက ပုံရိပ်တွေ၊ ဖလင် ကွက်တွေလို တစ်ကွက်ပြီး တစ်ကွက် မြင်တွေ့နေရတဲ့ ပုံရိပ်တွေ။
အကယ်၍များ ဒါဟာ ကျွန်မရဲ့ နောက်ဆုံးအချိန်ဆိုရင် ကျွန်မဟာ ကျွန်မပတ်ဝန်းကျင်က သူတွေအကြောင်း ကျွန်မချစ်တဲ့ သူတွေအကြောင်း တွေးနေသင့်တာပေါ့။ ခုလိုမျိုး ကြောင်စီစီ အတွေးမျိုးနဲ့ ကင်မရာခလုတ်နှိပ်သံတွေ ကြားယောင်နေမယ့်အစား၊ ပုံရိပ်တွေကိုပဲ  ပြေးမြင်နေမယ့်အစား ကျွန်မလုပ် သင့်တာက တစ်ခုခုလို့ ထင်ပေမယ့် တကယ်တမ်း လုပ်ဖြစ်နေတာက ဒီပုံရိပ်တွေကြားမှ လှည့်လည် သွားလာမိနေတာပဲ။

ဟုတ်တယ်။ ကျွန်မရဲ့ ငြိမ်းအေးရာ တစ်ချို့က အဲဒီပုံရိပ်တွေ ကြားထဲမှာပဲ ရှိတယ်။ ကျွန်မပြုံးတယ်၊ ကျွန်မရီတယ်၊ တစ်ခါတရံ ငိုတယ်ကွာ၊ ဘာဖြစ်လဲ။ ကျွန်မကြည့်တဲ့ ပုံရိပ်တွေက ကျွန်မကို လူသားဆန်တဲ့ ခံစားမှုတွေ ပေးနိုင်လို့ပဲ။ ဓာတ်ပုံတွေကို ကျွန်မချစ်တယ်။ သူတို့က ရိုးသားတဲ့ အရှိကို အရှိအတိုင်း  တင်ပြမှုတွေဖြစ်တယ်။ ကျွန်မဖေဖေလို ကျွန်မကို စိတ်ဆင်းရဲရအောင်၊ နာကျင် ငိုကြွေးရအောင် သူတို့မလုပ်ကြဘူး။ မေမေ့ကို ကြည့်ပြီး ၀မ်းနည်းစိတ် ပျက်ခဲ့ရသလိုမျိုး သူတို့ကို ကြည့်ပြီး ကျွန်မ မခံစားခဲ့ရဘူး။ သူတို့တွေက ဆွေမျိုးတွေလို ငွေစကားမပြောဘူး။ ခလုတ်တစ်ချက် နှိပ်တာနဲ့ နောက်တစ်ချက်ကြားမှာ ‘ချပ် ..ချပ်’ ဆိုတဲ့ ရှပ်တာရဲ့ ပြေးပြေးလွှားလွှား အသံက ကျွန်မအိမ်ဘေးက ရန်ဖြစ်နေတဲ့ လင်မယားအသံထက် အများကြီး ချိုတယ်။
သိလား။ ဓာတ်ပုံတွေထဲက ပန်းဂေါ်ဖီခင်းကြီးက လတ်ဆတ်တဲ့ရနံ့ရယ်၊ မြေ သင်းနံ့ရယ်။ သဘာဝရနံ့ရယ် သင်းနေ တာပဲ။ အဲဒီဓာတ်ပုံပေါ့။ ကျွန်မသူငယ် ချင်း ဓာတ်ပုံဆရာတစ်ယောက်က ကျွန်မကို လက်ဆောင်ပေးခဲ့တာ။ ဓာတ်ပုံ လက်ဆောင်ပေးမယ် ပြောပြီး အဲဒီပုံပေးတော့ ဘာကြောင့် ဒီပုံကိုပေးတာလဲလို့ မေးမိတယ်။ အရောင်တွေစုံလို့တဲ့။ ဟုတ်တယ်။ အဲဒီဓာတ်ပုံက တော်တော်လေး အရောင်စုံတယ်။ နီဝါရောင်ယာ မြေထက်မှာ ပန်းဂေါ်ဖီပင်ပေါက်တွေက စိမ်းစိုလို့၊ သူ့နောက်က တောင်တန်းပြာကြီးတွေက ကောင်းကင်ရဲ့ လင်းညို့ တဲ့ အပြာနဲ့ ပြာလွင်မှုခြင်း ပြိုင်နေလိုက်တာ။ သစ်ပင်စိမ်းစိမ်းတစ်ချို့လည်း ပါ တယ်။  ကြံကြံဖန်ဖန် ပြောရင်တော့ နင့် ဟာက အနီရယ်၊ အ၀ါရယ်၊ အပြာရယ်၊ အစိမ်းရယ်ကလွဲရင် ကျန်တဲ့ ခရမ်းတို့  လိမ္မော်တို့၊ ဖက်ဖူးစိမ်းတို့ ..တို့.. တို့မှ မပါဘဲလို့ ပြောရင်လဲရတာပေါ့။ ဒါပေမယ့် အဖြူအမည်းလောက်သာ အရောင်ထင်တဲ့ ကျွန်မအတွက် ဒီပုံက အရောင်စုံတယ်။ ဓာတ်ပုံမဟုတ်ဘဲ ပန်းချီကားသာဆိုရင် တမင် အရောင်စုံအောင် ပေါင်းစပ်ထားတယ်လို့ ကျွန်မ ထင်မိမှာ အမှန်ပဲ။ ခုတော့ ဓာတ်ပုံဆိုတော့ ဘောင်တစ်ခုထဲက မြင်ကွင်းထဲမှာ အရောင်တွေရဲ့ ညီညွတ်မှုက ငြင်းမရဘူးမဟုတ်လား။ နောက် သူငယ်ချင်းကလည်း ကျွန်မကို လက်ဆောင်ပေးရုံလောက်အတွက် အပင်ပန်းခံပြီး ဖိုတိုရှော့ပ်တွေ သုံးနေမယ့် သူလဲ မဟုတ်ဘူးလေ။ ဒီအတိုင်းလေးပဲ ရိုက်ထားတာပါ။ သူများတွေယုံချင်မှ ယုံပေမယ့် ကျွန်မတော့ ယုံတယ်။ ဓာတ်ပုံဆရာ တကယ်စစ်ရင် သဘာဝကို မလှည့်စားဘူးလေ။
ကျွန်မ မြတ်နိုးရတဲ့ ဓာတ်ပုံလေး တစ်ပုံရှိတယ်။ တစ်ပုံလုံးမှာ အစိမ်းရောင်တွေ လွှမ်းလို့။ အုံ့ဆိုင်းနေတဲ့ ပတ်ဝန်းကျင်ရဲ့ စိမ်းလန်းမှုအောက်က အကွက်ဖော်ထားတဲ့ လူသွားလမ်းလေးကို ရိုက်ထားတဲ့ မြင်ကွင်းလေးက ရိုးစင်း ရှင်းလင်းလွန်းတယ်။ ကင်မရာရဲ့ ဖိုးကပ်စ် ဖြတ်ထားတဲ့ နေရာက ပလက်ဖောင်းတစ်နေရာ။ အဲဒီနောက်ကေ၀၀ါးနေတာက အဆုံးမရှိတဲ့ လမ်း။ အစိမ်းရောင် ပတ်ဝန်းကျင်မှာ နေရောင်တွေက ဟိုတစ်ပြောက် ဒီတစ်ပြောက်နဲ့ လမ်းလေးထက်မှာ ကျနေသေးတယ်။ ကျွန်မ ချစ်လိုက်တာ။ ဒီလမ်းလေးက ကျွန်မ လျှောက်ရတဲ့ လမ်းလိုပဲ ညီညာပေမယ့် မချောမွေ့ဘူး။ အထက်ကောင်းကင်က အလင်းရောင် ပျပျလေးတွေကို မှန်းဆပြီး မှုန်ဝါးဝါး အနာဂတ်ကို လျှောက်နေရတဲ့ ကျွန်မကို အတိအကျ ကိုယ်စားပြုတယ် မဟုတ်လား။ အဲဒီပုံလေးကို စတွေ့တုန်းက ကျွန်မ သဘောကျတယ်၊ အစိမ်းရောင်ချည်း သက်သက် ပြုစားမှုမှာ ကျွန်မဟာ စူးနစ် ပျော်ဝင်တယ်။ ကျွန်မက ရူးတယ်လို့ပဲ ပြောပြော အစိမ်းရောင် အပင်တွေ အောက်က နေပျောက်တွေကို နွေးထွေးမှုလို့  အမည်တပ် ခံစားချင်တာ။ ဒါပေမယ့် အစိမ်းရောင်က ဘက်မလိုက်တတ်ဘူးဆိုတာ ကျွန်မ မေ့နေခဲ့တယ်။ ကျွန်မ ဘယ်လောက်ပဲ ရူးရူး အစိမ်းက အစိမ်းပဲ။ အစိမ်းရောင်တွေကြားမှာ နွေးထွေးမှုကို ရှာချင်တဲ့ ကျွန်မဟာ အစိမ်းထဲက ပြေးမထွက်နိုင်ဘူး။ နောက်ဆုံးတော့ အစိမ်းကို အစိမ်းလို့လက်ခံ၊ ကျွန်မ ဘ၀ကို အရှိကို အရှိအတိုင်း ခံစားမိလိုက်တဲ့အခါ အစိမ်းပေမယ့် စိုနေတဲ့ အစိမ်း။ အဲဒီ အစိမ်းရောင်ကို ကျွန်မ ချစ်လိုက်ရတာ။ ကျွန်မတို့လူတွေက အရာရာကို အတ္တတွေနဲ့  ဇွတ်ဖန်တီး ချင်ကြတယ်။ တကယ်တော့ ဓာတ်ပုံလေးထဲက ကျွန်မရလိုက်တဲ့ အသိလို အစိမ်းက အစိမ်းပဲ၊ ဒါပေမယ့် ဒါဟာ နွေးထွေးမှုလို့လက်ခံယူလိုက်မယ်ဆိုရင်  ဒီလို ခံယူ လိုက်နိုင်သူအတွက် ဒါက နွေးထွေးမှုပဲ မဟုတ်လား။ ဒီလိုနဲ့ ကျွန်မက အစိမ်းရောင်တွေကြောင့် နွေးထွေးနေခဲ့တယ်။
ကျွန်မဟာ ပိန်းပိတ်နေအောင် မှောင်မိုက်တဲ့ အချိန်တစ်ချို့မှာ ဓာတ်ပုံတွေကြောင့် အလင်းပွင့်ခဲ့ဖူးတယ်။ ဘ၀ရဲ့ ခါးသီးမှုတစ်ချို့ကို ဓာတ်ပုံတွေနဲ့အတူ အံကြိတ် ရင်ဆိုင်ဘူးတယ်။ ကျွန်မရဲ့ အထီးကျန်ခဲ့တဲ့အချိန် တစ်ချို့တစ်ဝက်မှာ ဓာတ်ပုံတွေက အဖော်ပြုပေးခဲ့တယ်။ တကယ်ဆို ကျွန်မကို ခံစားဖြစ်စေခဲ့တဲ့ ဓာတ်ပုံတွေကို ဖန်တီးကြသူ ဓာတ်ပုံဆရာ တစ်ယောက်စီတိုင်းကို ကျွန်မ ကျေးဇူးတင်သင့်တယ်။ ကျွန်မ အာရုံထဲမှာ အခုထိ စွဲထင်ကျန်နေအောင် သူတို့ရဲ့ ဓာတ်ပုံတွေက ကောင်းလွန်းလှတယ်။ ကျွန်မ ချီးကျူးပါတယ်။ လူ သားဆန်တဲ့ ခံစားမှုတစ်ချို့ သူတို့ရဲ့ ဓာတ်ပုံတွေက တဆင့်ရရှိခဲ့တယ် ဆိုတာကိုလည်း ၀န်ခံပါတယ်။ တစ်ခါတရံမှာ မျှော်လင့်ခြင်း လက်တစ်ဆုပ်စာကလည်း အဲဒီပုံရိပ်တွေထက်မှာ ရှိနေ တတ်တယ်။ ဒါကြောင့် ဓာတ်ပုံတွေကို ကျွန်မချစ်ပါတယ်။
ဓာတ်ပုံတွေကို ချစ်တဲ့ကျွန်မက ဓာတ်ပုံဆရာတွေကိုလည်း လူသားတွေထဲက သီးသန့်ခွဲထားပြီး မြင်တွေ့ခံစားတယ်။ ဥပမာကွယ် .. လူတစ်ယောက်ကို ကျွန်မမြင်တယ်။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ရာထူးမြင့်မားသည်ဖြစ်စေ၊ အဆင့်နိမ့်သည်ဖြစ်စေ သူသည် လူဖြစ်သည်ပဲ။ ဒါပေမယ့် ကင်မရာ ကိုင်တဲ့သူတွေကတော့ ကျွန်မအတွက် လူလို့ခံစားမရဘဲ ဓာတ်ပုံဆရာတွေချည်းလို့ပဲ ခံစားမိနေတယ်။ အမယ် … အတူတူချည်းတော့ ဘယ်ဟုတ်ပါ့မလဲနော့။ တစ်ချို့ တွေ ဓာတ်ပုံရိုက်တာ စီးပွားဖြစ်ရိုက်တာ။ တစ်ချို့ကကျတော့ ဓာတ်ပုံဆရာ ဖြစ်ရတာကို ဂုဏ်ယူလို့၊ တစ်ချို့ကျ တော့ ရိုက်ရတဲ့ဟန်ကို ဂုဏ်ယူနေကြပြန်ရော။ တစ်ချို့ကျပြန်တော့ ကင်မရာ မော်ဒယ်လ်အမြင့် သုံးရတာကိုချစ်လို့ ဓာတ်ပုံရိုက်နေကြတာ။ ဒီလို လူမျိုးတွေတော့ စိတ်ပျက်စရာပါ။ ကင်မရာကသာ မော်ဒယ်လ်မြင့်လာတယ် ပုံတွေက အဆင့်အတန်း မမြင့်လာဘူး။ ခင်ဗျားက ကင်နွန် သမားလား၊ ကမ်နွန်မဟုတ်ရင် နည်း နည်းတော့ အထင်သေးခံရမယ်။ ဟုတ်တယ်။ ဒီလောကမှာ ကမ်နွန်က ဘုရင် လို့ ဓာတ်ပုံဆရာအများစုက တစ်ညီတစ်ညွတ်တည်း လက်ခံကျင့်သုံးနေကြတယ်။ အာ ..နီကွန်မှာလည်း အားသာချက် ရှိပါတယ်ဟ။ သူငယ်ချင်း နီကွန်သမားတစ်ချို့ကလည်း စောတက တက်ဖူးတယ်။ အရောင်စိုတယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ ဒီမှာ ဆိုနီကလည်း …။
အား …. တော်ကြပါတော့။အဲဒီ ကင်နွန်တွေ၊ နီကွန်တွေ၊ ဆိုနီတွေ၊ ပင်နာဆိုးနစ်တွေ၊ ခင်ဗျားတို့ရဲ့ လက ညှိုးတစ်ချပ် မနှိပ်ပဲ ရိုက်လို့ရရဲ့လား ဓာတ်ပုံဆရာတွေရေ။ တကယ်တော့ ဓာတ်ပုံဆရာတွေက အလှကို ရိုးရိုးသားသား မြင်တတ်သူတွေပါ။ ဒါပေမယ့် လူတွေရဲ့ ညစ်ညမ်းမှုတွေ၊ နည်းပညာကို အသုံးချပြီး ရေသာခိုချင်တဲ့ စိတ်တွေကြောင့် ဓာတ်ပုံတွေမှာ အရောင်ညစ်ညမ်းမှုတွေ ဖြစ်လာတယ်၊ ပရိသတ်ကို လှည့်စားတဲ့ မသမာမှုတွေ ဖြစ်လာတယ်။ ကျွန်မ … ကြေကွဲရတယ်။  တစ်ချို့သော ဓာတ်ပုံများကို ကြည့်ရင်း ကျွန်မ ကြေကွဲရတယ်။
ဓာတ်ပုံတွေက မညာပေမယ့် လူတွေက ညာတယ်လေ။ ကျွန်မဘေးမှာ တစ်ယောက်ယောက် ဒီဓာတ်ပုံကြီးက  လိမ်ထားမှန်း အသိသာကြီးပါကွာလို့ ပြောရင် စိတ်မကာင်းဖြစ်တယ်။  ဓာတ်ပုံတွေက ဘယ်မှာလိမ်လို့လဲ။ သူတို့ဟာ ပကတိအတိုင်း ကင်မရာရဲ့ မှန်ဘီလူးကိုဖြတ်၊ ဓာတ်ပုံဆရာရဲ့ မျက်ကြည်အိမ်ထဲမှာ အရိပ်ထင်လာတာ။ ဒါကိုပဲ ဓာတ်ပုံဆရာက အမိအရဖမ်း ရတာမဟုတ်လား။ ဒါပေမယ့် ဒီလို အမိအရ ဖမ်းနေချိန်မှာ ဓာတ်ပုံဆရာရဲ့ ခံစားမှုတွေက အဲဒီပုံရိပ်တွေပေါ်မှာ လွှမ်းမိုးနေတယ်။ သူတို့ရဲ့ ပျော်ရွှင်မှုတွေ၊ ၀မ်းနည်းမှုတွေ၊ စိတ်မကြည်သာမှုတွေ၊ ချစ်ခြင်းတွေစတဲ့ ရသပေါင်းစုံဟာ ဓာတ်ပုံတွေထဲ ပေါင်းစပ် ၀င်လာတဲ့အခါ ဓာတ်ပုံက ဓာတ်ပုံမဟုတ်တော့ပဲ ဒေါသမာန်တွေ၊ လှည့်စားမှုတွေ၊ လိမ်ညာမှု အငွေ့အသက်တွေ ပေါ်လွင်လာတာ။ ဒါက လူတွေကြောင့် ပဲမဟုတ်လား။
လူတွေက အချင်းချင်း လိမ်ညာကြတာအားမရလို့ ဓာတ်ပုံတွေကိုပါ လိမ်ညာကြတယ်။ ကျွန်မက ဒီအဖြစ်အ ပက်ကို ၀မ်းအနည်းဆုံးပဲ။ ဒါပေမယ့်လည်း ကျွန်မရဲ့ ၀မ်းနည်းမှုက ဘယ်လောက် တာရှည်ခံနိုင်မလဲ။ ကျွန်မကရော ဘယ်လောက်ထိ အသက်ရှင်နေ နိုင်မလဲ။ ကျွန်မကရော ဓာတ်ပုံတွေကို ဘယ်လောက်ထိ ချစ်နိုင်မလဲ …။
အချိန်ဆိုတဲ့ အကန့်အသတ်တစ်ခုမှာ ကျွန်မဟာ ဘာတတ်နိုင်သေးလဲ။ ကျွန်မချစ်တဲ့ ဓာတ်ပုံတွေနဲ့ ကျွန်မက မကြာခင်မှာ ခွဲခွါရတော့မယ်။ ခွဲခွါခြင်း လက်ဆောင်အဖြစ် ကျွန်မဟာ ကျွန်မရဲ့ ဓာတ်ပုံတွေကို ကျွန်မလို တန်ဖိုးထားတတ်မယ့် သူတွေအတွက် ချန်ထားခဲ့ချင်တယ်။ ဒီဆန္ဒကို ကျွန်မချစ်တဲ့ ဓာတ်ပုံဆရာက ဖြည့်ဆည်းပေးဖို့ ကျွန်မ တောင်းဆိုခဲ့တယ်။ ဟုတ်တယ်။ ဒါက သူ့အတွက် တကယ့် ဂန္တ၀င် ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ ကျွန်မနဲ့ အတူရှိချိန်ကစပြီး ကျွန်မချစ်တဲ့ ဓာတ်ပုံဆရာက ဓာတ်ပုံတွေ မရိုက်ဖြစ်ခဲ့တာ ကြာပြီပဲ။ ကျွန်မက ဒါကို အပြစ်တစ်ခုလို ခံစားနေရင်း ချစ်သူအတွက်လည်း လက်ဆောင် ပေးခဲ့ချင်သေးတယ်။ နောက်ဆုံးဆိုတဲ့ တခဏမှာ ကျွန်မမှာ ပြုံးဖို့ အားမရှိတော့ရင်တောင် ကျွန်မ ချစ်သူအတွက် ယဲ့ယဲ့လေးတော့ ကျွန်မ ပြုံးခဲ့မယ်။  ဒါက သေခါနီးဆိုရင်တောင် ကျွန်မအတွက် ငြိမ်းအေးသောအချိန် ပါပဲ။
ကျွန်မနားထဲမှာ ရှပ်တာပိတ်သံ ‘ချပ် .. ချပ်’ ဆိုတာတွေ ကြားနေရတုန်းပဲ။ တစ်ခုနဲ့တစ်ခုကြား အရှိန်တဖြည်းဖြည်း လျော့လျော့လာတာကို သိရက် နဲ့ ကျွန်မ  ကြိတ်မှိတ်ခံစားနေရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ပျော်တယ်။ ကျွန်မရဲ့ နောက်ဆုံးချိန်ဆိုတဲ့ တခဏမှာ ကျွန်မဟာ ကျွန်မချစ်တဲ့ ဓာတ်ပုံဆရာနဲ့အတူ ကျွန်မချစ်တဲ့ ဓာတ်ပုံတွေ၊ ကင်မရာတွေနဲ့အတူ ရှိနေနိုင်တယ်ဆိုတဲ့ ခံစားမှုမျိုးကို တွေးရင်း ကျွန်မပျော်နေတယ်။ သေပျော်တယ်ဆိုတာ ဒါမျိုးပဲလားလို့ မေးခွန်းထုတ်တယ်။
အို … ကျွန်မကြားနေရတဲ့ ရှပ်တာသံတွေ တစ်ခုနဲ့တစ်ခု တော် တော်လေးကို ခြားနေပြီ။ တကယ်လို့များ နောက်ထပ် တစ်ခုကိုများ ကျွန်မ မကြားနိုင်တော့ဘူး ဆိုရင် ….။
 ချစ်တဲ့ ဓာတ်ပုံဆရာရေ … .
ကျေးဇူးပြုပြီး ကျွန်မရဲ့ မျက်ဝန်းက ရှပ်တာလေးတွေကို ပိတ်ပေးခဲ့ပါ၊ အပြုံးတစ်စုံကိုတော့ လျစ်လျူရှုထား လိုက်ပါကွယ် …။
ယုပမ်
ဒီဇင်ဘာ ၁၊ ၂၀၁၀

ဤနေရာမှ တဆင့်ကူးယူဖေါ်ပြပါသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes