ယခုဆောင်းပါးမှာ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်အပေါ် စတန်းဖို့ဒ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် MICHAEL ALBERTUS နှင့် VICTOR MENALDO တို့နှစ်ဦး၏ သုံးသပ်ချက် ဖြစ်ပါသည်။
______________________
မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးက ခက်ခဲတဲ့လမ်းဆိုတာ အမှန်ပါပဲ၊ ဒါပေမယ့် ဒီခရီး အောင်မြင်ဖို့ရာမှာ အများ ထင်ထားတာထက် အလားအလာကောင်းတွေ ရှိနေပါတယ်။
ဒီလဆန်းပိုင်းမှာပဲ ဇွဲကောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် ပါလီမန်ထဲကို ၀င်ရောက်သွားတဲ့အခါမှာ ပါးပါးလျားလျား သူ့ပုံရိပ်က စစ်ယူနီးဖောင်းတွေရဲ့ ပင်လယ်ထဲမှာ မြှုပ်ပျောက်ကွယ်သွားတော့မလား အောက်မေ့ရပါတယ်။
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပတဲ့ ကြုံတောင့်ကြုံခဲ ကြားဖြတ် ပါလီမန်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နေရာပေါင်း ၄၅ နေရာမှာ ၄၃ နေရာကို သိမ်းပိုက် လိုက်ပါတယ်၊ အန်အယ်ဒီပါတီဝင်တွေ လွှတ်တော်ထဲကို ၀င်သွားတာဟာ ဆယ်စုနှစ်ပေါင်းများစွာ အတွင်းမှာ ပထမဆုံးအဖြစ် အတိုက်အခံတွေ အစိုးရပိုင်းမှာ နေရာရလာတဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအောင်ပွဲကိုယ်တိုင်မှာလည်း အကန့်အသတ်တွေ များစွာနဲ့ပါပဲ။
လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက မြန်မာပြည်ကို ရာစုနှစ်ဝက်လောက် အုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေက စိတ်ကြိုက်ရေးဆွဲခဲ့တာပါ။ ပါလီမန်ထဲမှာ စစ်သားအမတ်တွေကို လေးပုံတပုံ သီးသန့်နေရာပေးဖို့ သတ်မှတ် ပြဌာန်းထားပါတယ်၊ ကျန်တဲ့ လွှတ်တော်နေရာ အတော်များများကိုလည်း အစိုးရကို ထောက်ခံတဲ့ ပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က သိမ်းပိုက်ထားပါတယ်။
စစ်တပ်ကို အခွင့်ထူးပေးပြီး အကွက်ချရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ဆိုရင် ပါလီမန်ထဲက လေးပုံသုံးပုံသော အမတ်တွေက ထောက်ခံမှရမယ်လို့ ဆိုထားတာကြောင့် ဒီဖွဲ့စည်းပုံဟာ ကာလတခုအထိတော့ ဆက်ပြီး သက်ဆိုးရှည်နေဦးမယ့်သဘော ရှိပါတယ်၊ ဒီပြဌာန်းချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မျှော်လင့်ချက်အတွက်တော့ သိသာတဲ့ အကန့်အသတ်ပါပဲ။ မြန်မာ့နိုင်ငံရေးကို လေ့လာသုံးသပ်သူတွေ အလွန်စိုးရိမ်ပူပန်ပြီး ထောက်ပြကြတာကလည်း ဒီအချက်ပါပဲ။
ပညာရှင်တွေတော်တော်များများက မြန်မာပြည်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံ ရွေးကောက်ပွဲစံနှုန်းအသစ် ဖြစ်ပေါ်လာရင်တောင်မှပဲ အမွေးအတောင်စုံတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကတော့ ဘယ်တော့မှ ဖြစ်လာတော့မှာမဟုတ်ဘူးလို့ တွက်ဆကြတာလည်း ရှိပါတယ်။ ဆာဟာရတပိုင်း အာဖရိကနိုင်ငံတွေနဲ့ အရင် ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင် နိုင်ငံတွေမှာ တွေ့ရတဲ့ ပုံပျက်ပန်းပျက်နဲ့ တရားနည်းလမ်းမကျတဲ့ ဒီမိုကရေစီစနစ်နဲ့ပဲ နှစ်ပါး သွားတော့မှာပဲလို့ ဆိုကြပါတယ်။
ဒီတပတ်အစောပိုင်းကပဲ ၀ါရှင်တန်မှာ လုပ်တဲ့ ဆွေးနွေးပွဲတခုမှာ Carnegie Endowment for International Peace အဖွဲ့က Thomas Carothers က မြန်မာပြည်မှာ အာဏာကို အတန်ကြာကတည်းက ကိုင်ထားကြတဲ့ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ စစ်တပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့ဟာ အရေးပါတဲ့ အာဏာယန္တယားကို လက်လွတ်မခံဘဲ ဆက်ကိုင်ထားဆဲဆိုတာကို ထောက်ပြပါတယ်။
မှန်ပါတယ်။ ဒါပေမယ့် တခြားတဖက်မှာ အကောင်းမြင်ကြည့်ဖို့ ရေခံမြေခံတွေလည်း ရှိနေတာအမှန်ပါပဲ၊ မကြာခင်ကတုန်းပဲ အာဏာရှင်စနစ်ရဲ့ ဆိုးမွေ ဖွဲ့စည်းပုံတွေနဲ့ပဲ ဒီမိုကရေစီ ခရီးကို ဆက်ခဲ့ကြတဲ့ နိုင်ငံတွေရဲ့ သမိုင်းကို သုတေသနပြုကြည့်တဲ့အခါမှာ အပေါင်းလက္ခဏာ တိုးတက်သွားတာမျိုးတွေ တွေ့ခဲ့ရပါတယ်။
စနစ်ဟောင်းက ဖွဲ့စည်းပုံအခြေခံဥပဒေကြီးနဲ့ပဲ ခရီးဆက်ရင်း ပြည်သူတွေ အများစုကြီးအတွက် အကျိုးရှိရာရှိကြောင်း ပေါ်လစီတွေ၊ အင်စတီကျူးရှင်းတွေကို ထူထောင်ဖို့ ဖြစ်နိုင်တယ်၊ တချို့နိုင်ငံတွေမှာ အီလစ်တွေဟာ အထိုက်အလျှောက်အရေးကြီးတဲ့ အာဏာတွေရကြပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတောင် နောက်ကနေ လိုက်ပါလာတာမျိုးတွေကို သုတေသန ပြုချက်တွေမှာ တွေ့ရပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက ဒီမိုကရေစီသစ် ဆိုတာကို ဖွဲ့စည်းပုံ အခြေခံဥပဒေကိုတော့ ဟိုတစ ဒီတစ မဖြစ်မနေ ပြုပြင်ပြောင်းလဲတာနဲ့ စတင်ဖို့ လိုအပ်ပါတယ်။
အာဏာရှင်စနစ်က အမွေပေးခဲ့တဲ့ ဖွဲ့စည်းပုံနဲ့ပဲ ဒီမိုကရေစီကို စခန်းသွားကြရင်း၊ နောက်ပိုင်းမှာ ပြောင်းလဲသွားတဲ့ နမူနာတွေ မနည်းမနောရှိပါတယ်။ တချို့ နိုင်ငံတွေဆိုရင် အခုအခါမှာ အခြေခံ အခွင့်အရေးတွေနဲ့ ပတ်သက်လာရင် အများဆန္ဒအတိုင်း တင်းပြည့်ကျပ်ပြည့် ဖြစ်လာပြီး၊ အရင်က အာဏာကိုကိုင်ခဲ့တဲ့ အီလစ်တစုကလည်း အားကောင်းမောင်းသန် ရှိနေသေးတဲ့ တိုင်အောင် နိုင်ငံရေး ကစားပွဲကိုတော့ သူတို့ ခြေ သူတို့လက် မလုပ်နိုင်ကြတော့ပါဘူး။
ဒီလို နိုင်ငံတွေထဲမှာ မြန်မာပြည်အတွက်ဆိုရင် လက်တင်အမေရိက နိုင်ငံတွေထဲက ချီလီနဲ့ ကိုလံဘီယာတို့ကို နမူနာအဖြစ် စဉ်းစားကြည့်နိုင်ပါတယ်။ ဒီနိုင်ငံတွေရဲ့ အသွင် ကူးပြောင်းရေးဟာ လစ်ဘရယ် ဒီမိုကရေစီ အထိရောက်ပါ့မလားလို့ လေ့လာသူတွေကြားမှာ မယုံတ၀က်ဖြစ်နေတဲ့ အချိန်မှာ ဒီနိုင်ငံတွေရဲ့ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေဟာ တစထက် တစ အခြေခိုင်လာပါတယ်။
ကိုလံဘီယာမှာဆိုရင် ၁၉၅၈ မှာ လစ်ဘရယ်နဲ့ ကွန်ဆာဗေးတစ်ပါတီတွေကြားမှာ အပေးအယူ လုပ်ပြီး စစ်အုပ်ချုပ်ရေးကို ဖြုတ်ချ၊ အမျိုးသားတပ်ဦးရဲ့ ဦးဆောင်မှုနဲ့ ဒီမိုကရေစနစ်ကို ထူထောင်ခဲ့ကြပါတယ်၊ ဒီပါတီတွေဟာ ၁၆ နှစ်ကြာအောင် အချင်းချင်း လက်ဝါးရိုက်ရင်း အာဏာကို တလှည့်စီ လက်ပြောင်းယူကြရင်း၊ အပြင်ဘက်က ပြိုင်ဘက်တွေကို ဘေးဖယ် ထုတ်ထားခဲ့ပါတယ်။ ဆင်းရဲသားတွေ အတွက်ကတော့ ၁၈၈၆ ခုနှစ်ကတည်းက အာဏာရှင် အီလစ်တစုက ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံကိုလည်း မပြင်ဆင်နိုင်၊ သူတို့ဘ၀တွေ တိုးတက်လာဖို့ အခြေအနေ မပေးသလောက် ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ၁၉၈၈ ခုနှစ်မှာ ပြည်သူတွေရဲ့ နိုင်ငံရေးအရ ပိုမိုပါဝင်ခွင့်အတွက် ရည်ရွယ်တဲ့ ပြုပြင်ပြောင်းလဲရေး မအောင်မြင်တာကို အကြောင်းပြုလို့ လူထုဖိအားတွေရဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဖြည်းဖြည်းပြုပြင်ခဲ့ပြီး ၁၉၉၁ ခုနှစ်အရောက်မှာတော့ ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲနိုင်ခဲ့ပါတယ်။
တရားစီရင်ရေးစနစ်ကို ပိုပြီး လွတ်လပ်အောင် လုပ်ဆောင်ခဲ့သလို၊ ပြည်သူတွေအနေနဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးနဲ့ ပတ်သက်လာရင် တရားရုံးတွေမှာ အလွယ်တကူ အယူခံနိုင်မယ့် tutela လို့ ခေါ်တဲ့ စနစ်တရပ်ကိုလည်း ဖန်တီးပေးခဲ့ပါတယ်။
ခေတ်သစ် ချီလီရဲ့ ဒီမိုကရေစီကလည်း အော်တိုခရက် အာဏာရှင် ဖွဲ့စည်းပုံအပေါ်ကနေပဲ တည်ဆောက်ခဲ့တာ တွေ့နိုင်ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရတဲ့ Salvador Allende ဆီကနေ ၁၉၇၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး Augusto Pinochet က အာဏာသိမ်းလိုက်ပါတယ်။ အဲဒီနောက် ၁၉၈၀ မှာ အတင်းအကျပ် လူထုဆန္ဒခံယူပွဲနဲ့ ဖွဲ့စည်းပုံကို အတည်ပြုခဲ့ပါတယ်။
၁၉၉၀ မှာ ဒီမိုကရေစီအသွင်းကူးပြောင်းခဲ့ပေမယ့် ဖွဲ့စည်းပုံမှာ စစ်တပ်နဲ့ အာဏာသိမ်းအုပ်စုရဲ့ အကျိုးစီးပွားကို ကာကွယ်ထားပါတယ်။ ဥပမာအနေနဲ့ အောက်တိုခရက် အီလစ်တွေကို ရာသက်ပန် ဆီနိတ်တာအမတ်တွေအဖြစ် ခန့်အပ်တာမျိုး၊ စစ်တပ်ရဲ့ ဦးစီးချုပ်ကို စစ်တပ်ကိုယ်တိုင်က ရွေးခွင့်ပေးထားတာမျိုးတွေကို ဖွဲ့စည်းပုံမှာ ပြဌာန်းပေးထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဖြည်းဖြည်းနဲ့ သတိကြီးကြီးထားလုပ်ရင်း ချီလီရဲ့ နိုင်ငံရေး စနစ်ထဲကနေ ဒီမိုကရက်တစ်မဆန်တဲ့ အစိတ်အပိုင်း အကြွင်းအကျန်တွေကို တလွှာချင်း ရှင်းထုတ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ဒီမိုကရေစီကို အခြေခိုင်သွားအောင် လုပ်နိုင်တဲ့ အရေးကြီးတဲ့ အပြောင်းအလဲအဖြစ် ကြိုဆိုအသိအမှတ်ပြုကြတဲ့အပြောင်းအလဲကို ၂၀၀၅ ခုနှစ် သမ္မတ Ricardo Lagos လက်ထက်ကျမှ လုပ်နိုင်ခဲ့ပါတယ်။
ကိုလံဘီယာနဲ့ ချီလီရဲ့ နမူနာတွေကို ကြည့်ရင် စစ်တပ်ကို ဦးစားပေးထားတဲ့ ဒီမိုကရေစီအမည်ခံ စနစ်တရပ်ကို အချိန်ယူပြီး လစ်ဘရစ်လမ်းကြောင်း ဘယ်လို တွန်းပို့နိုင်မလဲဆိုတဲ့ နည်းလမ်းကို တွေ့နိုင်ပါတယ်၊ ဒါပေမယ့် ရလဒ်တွေကတော့ ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ အစပိုင်းမှာ စမ်းတ၀ါးဝါးနဲ့ လမ်းကို လျှောက်ရင်း နောက်ဆုံးမှာတော့ အာဏာရ စစ်တပ်ကို စစ်တပ်လျားကို ပြန်ပို့အောင် စည်းရုံးနိုင်ခဲ့ပါတယ်။
စနစ်သစ်က ကိုယ်စားလှယ်တွေအနေနဲ့ အာဏာကို ကိုင်ထားတဲ့ အော်တိုခရက်တွေကို ယုံကြည်လောက်တဲ့ ကတိတွေကို ပေးနိုင်ပါတယ်၊ ဥပမာ အနေနဲ့ သူတို့တွေ အကြောက်ဆုံးဖြစ်တဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူမှာတွေ၊ သူတို့ကို ခုံရုံးတင်မှာ၊ သေဒဏ်ပေးတာမျိုးတွေ အသွင်ကူးပြောင်းရေးကာလမှာ ဖြစ်မလာပါဘူးဆိုတဲ့ အာမခံချက်မျိုးတွေပါ။
ဒါအပြင် အပြောင်းအလဲကာလမှာ တန်ပြန် အာဏာသိမ်းတာမျိုး မဖြစ်အောင်လည်း စနစ်ဟောင်းက အင်စတီကျူးရှင်းတွေကို ခပ်ဖြည်းဖြည်း ပြောင်းလဲတာမျိုးလည်း လုပ်နိုင်ပါတယ်၊ ဖွဲ့စည်းပုံနဲ့ တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်တဲ့အခါမှာ အစပိုင်းမှာ ပညာပါဖို့ လိုပါတယ်၊ နောက်ပိုင်း အချိန်ကာလတခုကျမှ စစ်တပ်နဲ့ တခြားအီလစ်တွေရဲ့ အာဏာကို တဖြည်းဖြည်းချင်း လက်စတုံးပစ်တဲ့ နည်းမျိုးကို သုံးတတ်ရပါမယ်။
ယုံကြည်စိတ်ချရလောက်တဲ့ အာမခံချက်တွေကို ပေးပြီး အာဏာရ အီလစ်တွေကို နိုင်ငံရေးအရ စွန့်စားမှုနည်းအောင် လုပ်ပေးပြီး စည်းရုံးတဲ့နည်းက သူတို့အတွက် အာဏာကို လွှဲပေးဖို့ ပိုလို့ ဖြစ်လာနိုင်ခြေရှိပါတယ်၊ ဒီနေရာမှာ လုပ်နည်းတွေက မျိုးစုံရှိပါတယ်။
ဥပမာအနေနဲ့ လွတ်လပ်တဲ့ ခုံရုံးတွေကို ထူထောင်ပေးခြင်းကလည်း အာဏာရှင် အစိုးရအဖွဲ့ဝင် ဟောင်းတွေအတွက် အာမခံတဲ့ နည်းတမျိုးဖြစ်နိုင်ပါတယ်၊ အော်တိုခရက် အီလစ်တွေအနေနဲ့ နိုင်ငံရေးအရ လက်စားချေခံရမှာ၊ တရားစွဲခံရမယ့် အရေးကနေ သက်သာရာရသွားနိုင်ပါတယ်။
အစိုးရအဖွဲ့ထဲမှာ အပြန်အလှန်ထိန်းကြောင်းတဲ့ စနစ်တွေကို ထူထောင်ပေးခြင်းကလည်း စနစ်ဟောင်းက အီလစ်တွေက သူတို့ကို ဒုက္ခပေးမယ့် အရေးကြီးကိစ္စမျိုးတွေ ပေါ်ပေါက် မလာအောင် ခုခံကာကွယ်နိုင်ပါလိမ့်မယ်။
နောက်ဆုံး အရေးကြီးတာက အတိုက်အခံပါတီတွေအနေနဲ့ အစွန်းရောက် နိုင်ငံရေး အယူအဆတွေကို မထောက်ခံကြဖို့ လိုပါတယ်၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို ခွဲဝေခြင်း၊ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု၊ ဘာသာရေးဆိုင်ရာ တန်ဖိုးတွေကို အလွန်အကျွံ အပြောင်းအလဲဖြစ်နေမယ့် ကိစ္စမျိုးတွေကို ဆိုလိုတာပါ။ ဒီလိုရှောင်ရှားမှပဲ စစ်တပ်နဲ့ အပေါင်းအပါတွေက သူတို့အတွက် နေရာပျောက်မှာမျိုး အတွက် အစိုးရိမ်မလွန်တော့မှာ ဖြစ်ပါတယ်။
ပေါ်တူဂီမှာဆိုရင် ၁၉၇၅ ခုနှစ်မှာ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီ၊ ဆိုရှယ် ဒီမိုကရက်တစ်၊ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်တွေဟာ ကွန်မြူနစ်ပါတီကို လက်ဝဲညီညွတ်ရေးမဟာမိတ်အဖွဲ့ထဲက ဖယ်ထုတ်လိုက်မှပဲ စစ်တပ်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် မီးစိမ်းပြခဲ့ပါတယ်။ ဒီနည်းနဲ့ သမ္မတ Antonio Salazar ပြုတ်ကျအပြီးနောက် တနှစ်ခွဲလောက်ကြာခဲ့တဲ့ နိုင်ငံရေး ၀ရုန်းသုန်းကား ကာလကြီးတခုကိုလည်း အဆုံးသတ်နိုင်လိုက်ပါတယ်။ စပိန်နဲ့ လက်တင် အမေရိကန် တကျောလုံးက အသွင်ကူးပြောင်းရေး ဖြစ်စဉ်တွေမှာလည်း ဒီသဘောမျိုး တွေ့ရပါတယ်။
အော်တိုခရက်တွေကို အာဏာလက်လွှတ်လိုက်အောင် စည်းရုံးပြီးတဲ့နောက်မှာလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အစပိုင်းမှာ ဖြည်းဖြည်းမှန်မှန်လုပ်သွားလို့ရပါတယ်။ ဥပမာအနေနဲ့ ချီလီမှာဆိုရင် ပါလီမန်ထဲက စစ်တပ်အမတ်တွေကို တခါတည်းနဲ့ မဖယ်ထုတ်ဘဲ တရစ်ပြီးတရစ် ဖယ်ထုတ်ခဲ့ပါတယ်။ လွှတ်တော်ထဲက စစ်သားအမတ်တွေကို တပြိုင်တည်း ဖယ်ရှားပစ်လိုက် မယ်ဆိုရင် အရင် အော်တိုခရက် အီလစ်တွေကြားမှာ စိတ်တူကိုယ်တူပြန်ဖြစ်သွားပြီး တကျော့ပြန် အာဏာသိမ်းလိုက်ရင် ဒီမိုကရေစီ သက်တမ်းတိုးသွားနိုင်ပါတယ်။
နောက်တချက်လည်း ရွေးကောက်ခံ နိုင်ငံရေးပါတီတွေအနေနဲ့ စနစ်ဟောင်းရဲ့ အမွေတွေကို အကြမ်းအရမ်း မဖျက်စီးဘဲ ဖြည်းဖြည်းချင်း လုံးပမ်းပါးသွားစေတာမျိုး လုပ်သွားလို့ရပါတယ်။ ဥပမာအနေနဲ့ လူထုစည်းရုံးခွင့်တွေကို ကန့်သတ်ထားတာ၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ကန့်ထားတာမျိုးတွေပါ၊ ဒီကနေ လူစုလူဝေးတွေ ဖြစ်လာပြီး ပြင်းထန်တဲ့ အပြောင်းအလဲ လုပ်တာမျိုးတွေဖြစ်လာတတ်လို့ပါ။
အသွင်ကူးပြောင်းရေးကာလအလွန် ပါလီမန်ထဲ ရောက်နေကြမယ့် အတိုက်အခံ ပါတီတွေက ဒါမျိုးတွေကို အားပေးတာမျိုး ရှောင်ရှားပြီး အများနဲ့ဆိုင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ၊ ဥပမာအနေနဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး၊ တရားဥပဒေ စိုးမိုးရေးလို ကိစ္စမျိုးတွေကို ပိုမို မြှင့်တင် လုပ်ဆောင်ကြဖို့ လိုပါတယ်။
ဒီလုပ်ဆောင်ချက်တွေက အချည်းအနှီးမဟုတ်ပါဘူး။ ဒီလိုလုပ်ချင်းအားဖြင့် စစ်တပ်နဲ့ မဟာမိတ်လုပ်ထားတဲ့ ရှေးရိုးစွဲပါတီတွေအတွက် ဒီမိုကရေစီစနစ်ထက် အာဏာရှင်စနစ်က ပိုကောင်းပါတယ်လို့ အပြစ်ပြောဖို့ ပိုလို့ ခက်ခဲသွားစေပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ လူဗြိန်းကြိုက် မဟာဗျူဟာတွေကို လုပ်ဆောင်မယ်ဆိုရင် ဒီမိုကရေစီသစ်အပေါ် မဲဆန္ဒပေးတဲ့ လူတွေရဲ့ အထင်သေးတာကို ခံရနိုင်ပါတယ်၊ အဂတိလိုက်စားမှုတွေကို အားပေးရာ ရောက်ပြီး အာဏာသိမ်းဖို့ကို အားပေးသလို၊ သို့မဟုတ် ဒီမိုကရေစီ နောက်ကြောင်းပြန်ဖို့ကို ဖန်တီးရာ ရောက်သွားနိုင်ပါတယ်။
နောက်ဆုံးနည်းကတော့ အာဏာရအော်တိုခရက်တွေကို အမှည့်ကြွေ ချွေတဲ့ နည်းဖြစ်ပါတယ်၊ သူတို့တွေရဲ့ အသက်အရွယ်တွေ အိုမင်းလာတာ၊ ပါဝါတွေ တဖြည်းဖြည်း ပါးလျားလာတဲ့အခါမှာ ဒီမိုကရေစီလည်း ပိုလို့ အမြစ်တွယ်လာတာပါပဲ။ ဒီလို အမှည့်ချွေ မဟာဗျူဟာ "wait it out" strategy အရ စနစ်ဟောင်းကို ထောက်ခံသူတွေ အားနည်းလာတဲ့ အချိန်၊ ပင်စင်ယူသွားတဲ့ အချိန်၊ သေသွားတဲ့အချိန်ကျမှ သိသာတဲ့ အပြောင်းအလဲတွေကို လုပ်တာမျိုးတွေကို တူရကီနဲ့ တောင်အာဖရိကတို့မှာ တွေ့ရပါတယ်။
ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ်ကို ရေးဆွဲအတည်ပြုတဲ့နေရာမှာ လူထုရဲ့ ပါဝင် ပတ်သက်မှုမရှိဘူးဆိုရင် စစ်မှန်တဲ့ အသွေးအရောင်စုံ နိုင်ငံရေးစနစ် true political pluralism နဲ့ နိုင်ငံသားအခွင့် citizen rights တွေ အသေမွေးတာမျိုး ဖြစ်မှာကိုတော့ စိုးရိမ်စရာရှိပါတယ်။ ဒီစိုးရိမ်ချက်က မြန်မာပြည်အတွက်သာမက အသွင်ကူးပြောင်းတဲ့ တခြား နိုင်ငံတိုင်း၊ အထူးသဖြင့် အီဂျစ်တို့လို စစ်တပ်အုပ်ချုပ်ရေးသက်ဆိုးရှည်ခဲ့တဲ့ စနစ်ကို ရင်ဆိုင်တဲ့အခါမျိုးမှာလည်း တွေ့ရပါတယ်။
သုတေသနတွေ့ရှိချက်တခုကတော့ စနစ်ဟောင်းက အော်တိုခရက်တစ် ဖွဲ့စည်းပုံအပေါ်မှာ နိုင်ငံရေးအရ ပုံကြီးချဲ့လွန်းပြန်ရင်လည်း ခရီးက ပိုကြမ်းပြီး ဒေသအဆင့် ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ဗဟုဝါဒ ပီပြင်လာဖို့ ပိုလို့တောင် ခဲယဉ်းသွားတတ်ပါတယ်။
ဒီမှာပြောစရာရှိတာက မြန်မာပြည်ရဲ့ ထုံ့ပိုင်း ထုံ့ပိုင်းနဲ့ မခိုင်မာတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေ၊ ချိုးကပ်နေတဲ့ အာဏာရှင်တွေက ပုံဖော်နေတဲ့ ထေ့ငေါ့ချင်စရာ အသွင်ကူးပြောင်းလဲရေးဖြစ်စဉ် အတွက် ဘာအာမခံချက်မှတော့ မရှိပါဘူး။ ဒါဖြင့်ရင် အာဏာပိုင် စနစ်ကို ပုံဖော်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက အာဏာရှင်စနစ်ကြီးကို ရာသက်ပန် တည်မြဲသွားစေတော့မှာလား ဆိုရင်၊ ဒါလည်း အာမခံချက် ရှိတာတော့ မဟုတ်ပါဘူး။
တကယ်တမ်းကျတော့ အားနည်းချက်တွေနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပဲ တချိန်ကျရင် ဒီမိုကရေစီပန်း ပွင့်လန်းလာဖို့ မျိုးစေ့တွေရှိနေရင်ပဲ တိုင်းပြည်အတွက် ပိုကောင်းတဲ့ အနာဂတ် မျှော်လင့်ချက်ဖြစ်ပါလိမ့်မယ်။
ညီစောလွင်
မေလ ၁၇၊ ၂၀၁၂
Ref: မောက္ခ
0 comments:
Post a Comment