| ၂၀၁၂ မေလ ၁၆ |
ရက်နေ့ထုတ် မြန်မာအစိုးရအာဘော် နေ့စဉ်ထုတ်သတင်းစာများတွင် ရေးသားဖော်ပြထားတဲ့
တောင်ကိုရီးယားသမ္မတ ရန်ကုန် အာဇာနည်ဗိမာန် သွားရောက်တဲ့သတင်းနဲ့ ပတ်သက်ပြီး ကသိကအောင့်နဲ့ စိတ်မသက်မသာ ဖြစ်ကြရကြောင်း အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားနေကြပါတယ်။
တောင်ကိုရီးယား သမ္မတ အီမြောက်ဘတ်ရဲ့ အာဇာနည်ဗိမာန်ကို သွားရောက်တဲ့ သတင်းအား ၂၀၁၂ မေ ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ကြပါတယ်။ ထိုသို့ ဖော်ပြရာမှာ ကြေးမုံသတင်းစာ စာမျက်နှာ ၈ နဲ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၉ တို့တွင် “ယင်းနောက် သမ္မတ မစ္စတာ အီမြောင်ဘတ် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် အာဇာနည်ဗိမာန်သို့ သွားရောက်၍ ယခင် အာဇာနည်ဗိမာန်၌ ကျဆုံးသွားသော ကိုရီးယားသမ္မတနိုင်ငံမှ ၀န်ကြီးများအား ရည်စူး၍ ပန်းခွေချ ဂါရ၀ပြုသည်“ လို့ ရေးသားထားပါတယ်။
ထို့အပြင် ကြေးမုံသတင်းစာ စာမျက်နှာ ၈ တွင် ဓါတ်ပုံနဲ့ တွဲလျက် “ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ် အာဇာနည်ဗိမာန်၌ ကျဆုံးသွားသော ကိုရီးယားသမ္မတနိုင်ငံမှ ၀န်ကြီးများအား ရည်စူး၍ ပန်းခွေချ ဂါရ၀ပြုစဉ်။“ လို့ ရေးသားထားပါတယ်။
များသောအားဖြင့် အာဇာနည်ဗိမာန်ကို သွားရောက်ကြတဲ့ နိုင်ငံခြား သံတမန်များ၊ ဧည့်သည်တော်များ၊ မြန်မာပြည်သူပြည်သားများဟာ မြန်မာပြည်အတွက် အသက်စွန့်လွှတ်သွားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်များအား အလေးပြု၊ ဂါရ၀ပြုခြင်းး ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုရီးယားသမ္မတအနေနဲ့ မြန်မာအာဇာနည်ခေါင်းဆောင်များကို ဂါရ၀ မပြုဘဲ ၁၉၈၃ ခုနှစ် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ကိုရီးယားအစိုးရအဖွဲ့ဝင်များနဲ့ ကိုရီးယားနိုင်ငံသားများကိုသာ ဂါရ၀ပြုတဲ့အကြောင်း ဖတ်လိုက်ကြရတဲ့အခါ ကိုရီးယားသမ္မတက ဘာ့ကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားများ အလေးအမြတ် ပြုကြတဲ့ အာဇာနည်ခေါင်းဆောင်များကို ဂါရ၀ မပြုချင်တာလဲလို့ မေးခွန်းထုတ်စရာ ဖြစ်သွားခဲ့ပါတယ်။
၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက် အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား ဒု - ၀န်ကြီးချုပ် အပါအ၀င် အစိုးရခေါင်းဆောင်များ၊ တာဝန်ရှိသူများ၊ သတင်းသမားများ၊ စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ရပြီး ထို ပေါက်ကွဲမှုဟာ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံတော် လုပ်ကြံမှုဖြစ်ပါတယ်။ ဖောက်ခွဲမှု ပြုလုပ်သူများဟာ မြောက်ကိုရီးယားလူမျိုးများ ဖြစ်ပါတယ်။ တောင်နဲ့
မြောက်ကိုရီးယားတို့ဟာ ၁၉၅၀ ဇွန်လ ၂၅ ရက်နေ့မှ ၁၉၅၃ ဇူလိုင် ၂၇ ရက်နေ့အထိ စစ် ဖြစ်ပွားခဲ့ပြီး အခုအချိန်အထိ ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါဘူး။ ဒ့ါကြောင့် ရန်ကုန် အာဇာနည်ဗိမာန် ပေါက်ကွဲမှုဟာ တောင်ကိုရီးယားအတွက် ဥဒါန်းမကြေတဲ့ ဖြစ်ရပ်တခု ဖြစ်ပါတယ်။
တောင်ကိုရီးယားသမ္မတရဲ့ ကျဆုံးသွားတဲ့ ကိုရီးယားနိုင်ငံသားများအတွက် အာဇာနည်ဗိမာန် လွမ်းသူ့ပန်းခွေချတဲ့ အစီအစဉ်တွင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာအာဇာနည်တွေကို ဂါရ၀ပြုတဲ့ အစီအစဉ် ထည့်သွင်းထားခြင်း မရှိတာဟာ လွန်ခဲ့တဲ့ ၂၉ နှစ်က ဖြစ်ခဲ့တဲ့ အဖြစ်မျိုး ပြန်လည် ကြုံတွေ့မှာ စိုးရိမ်ခြင်းနဲ့ အရှေ့တိုင်းသားတို့ရဲ့ သဘောသဘာဝ အယူသီးခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ထိုသတင်းကို စာသားအဖြစ် ဖတ်လိုက်ရရင် စိတ်ထဲမှာ မသိလိုက် မသိဖာသာ ဖြစ်သွားနိုင်သော်လည်း ဓါတ်ပုံတွင် လွမ်းသူ့ပန်းခွေနဲ့တကွ ဖော်ပြပြီး “အာဇာနည်ဗိမာန်၌ ကျဆုံးသွားသော ကိုရီးယားသမ္မတနိုင်ငံမှ ၀န်ကြီးများအား ရည်စူး၍ ပန်းခွေချ ဂါရ၀ပြုစဉ်။ “ လို့ စာသားရေးထိုးကာ သတင်း ဖော်ပြလိုက်တဲ့အခါမှာတော့ ဖတ်လိုက်ရတဲ့ မြန်မာတွေအဖို့ ကသိကအောင့်၊ စနိုးစနောင့် နည်းနည်း ဖြစ်သွားကြတာဟာ သဘာဝကျတဲ့ကိစ္စတခု ဖြစ်ပါတယ်။
Ref: BurmaToday



14:45
Unknown
Posted in:
0 comments:
Post a Comment