ကမ္ဘာ့အမျိုးသမီးရေးဆိုင်ရာ သံအမတ်ကြီး Melanne Verveer ဟာ မေလ ၆ရက်ကနေ မေလ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်လည်ပတ်နေတာဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ စိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေ၊ စွမ်းဆောင်နိုင်ရည် ၊ လုပ်ပိုင်ခွင့်တိုး တက်မြင့်မားအောင် လုပ်ဆောင်နိုင်ဖို့ အဓိကထားလေ့လာသွားမယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ မြန်မာ အမျိုးသမီးတွေဘ၀ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီးအဓိကထားဆွေး နွေးသွားတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ခုလိုပြောပါတယ်။
လေးနာရီခွဲကနေ ၅နာရီခွဲထိ တွေ့ဆုံဆွေးနွေးကြပါတယ်၊ ဆွေးနွေးတဲ့အကြောင်းအရာ အသေးစိတ်ကို နှစ်ဘက် လုံးက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး၊ ကျနော်တို့ သိရတာကတော့ အမျိုးသမီး ဘ၀ဖွံ့ဖြိုးတိုးတက်ရေး ၊ နိုင်ငံရေး လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းရာမှာ အမျိုးသမီးတွေရဲ့ အရေးပါပုံ ကိစ္စတွေကို ဆွေးနွေးကြတယ် ပြောပါတယ်၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် မျက်နှာစာမှာ ပြည်တွင်းပြည်ပ သတင်း ထောက် တွေ ကို လက်ခံတွေ့ဆုံတဲ့အခါ အမေရိကန် သံအမတ်ကြီးက ကချင်ပြည်နယ် စစ်ပွဲကြောင့် ဒုက္ခရောက်သူတွေများပြီး ဒုက္ခသည်တွေထဲမှာ အမျိုးသမီးတွေ ကလေးငယ်တွေလည်း ပါဝင်တဲ့အတွက် အမြန်ဆုံးကူညီနိုင်ရေးအတွက် စီစဉ်ကြိုးပမ်းသွားမှာ ဖြစ်တဲ့အကြောင်းလည်း ပြောသွားခဲ့ပါတယ်။
ကမ္ဘာ့အမျိုးသမီးရေးဆိုင်ရာ သံအမတ်ကြီး Melanne Verveer ဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်း မိုင်ကို သွားရောက်ပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တိုင်းရင်းသူ အမျိုး သမီးအဖွဲ့တွေနဲ့ သွားရောက်တွေ့ဆုံဖို့ ရှိနေတယ်လို့လဲ ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
Ref: ABC Radio Australia



10:23
Unknown
Posted in:
0 comments:
Post a Comment