ယခုနှစ်ပိုင်းအတွင်း ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ ဖြေလျှော့မှုအချို့နှင့် နိုင်ငံခြားဘဏ်စာရင်းတွင် ရှိသော ငွေများအား ပြည်ပပို့ကုန်မှရငွေ (earning) အဖြစ် သတ်မှတ်ခွင့်ရှိသောကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်း များအတွက် ပိုမိုအဆင်ပြေလွယ်ကူမှု ရှိလာကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရသည်။
“ဒီနှစ်ထဲမှာ ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ ဖြေလျှော့မှုတွေ ရှိတယ်။ ဥပမာ-ဧပြီလ(၂)ရက်နေ့က ငွေလဲနှုန်း ပေါင်းစည်းရေး အစီအစဉ်အရ အမေရိကန်ဒေါ်လာ၊ ယူရိုငွေကြေးနဲ့ အက်အီးစီတွေကို နှုန်းရှင်စနစ်နဲ့စပြီး မျှောလိုက်တယ်။ မျှောလိုက်တယ် ဆိုပေမယ့် ဈေးကွက်ပေါက်ဈေးအတိုင်း မျှောတာပါ။ ပြီးတော့မှ ဗဟိုဘဏ် က ချပေးတဲ့ mid-rate အပေါ် မူတည်ပြီး +၀.၈ရာခိုင်နှုန်းနဲ့ -၀.၈ ရာခိုင်နှုန်းပဲ ခွာထားပါတယ်။ အခု မေလ ၂ရက်နေ့မှာတစ်ခါ၊ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ်တို့မှာရှိတဲ့ နိုင်ငံခြားငွေစာရင်းထဲက ငွေတွေကို earning သဘောမျိုး လွတ်လပ်စွာရောင်းဝယ်ခွင့် ပေးလိုက်တယ်။ နိုင်ငံခြားငွေ ရောင်းနေ၀ယ်နေတဲ့ လိုင်စင်ရဘဏ်တွေကိုလည်း သူတို့ဘာသာ သူတို့ account transfer နဲ့ ရောင်းချခွင့်ပြုလိုက်တော့ လုပ်ငန်းလုပ်ရတာ အဆင်ပြေသွားပါတယ်။ အထူးသဖြင့် ပြည်ပ ပို့ကုန်က ရငွေဈေးနဲ့ ဒေါ်လာဈေး သိပ်မကွာဘူးဆိုရင် သွင်းကုန်တင်သွင်းတဲ့ သူတွေအတွက်လည်း ပိုပြီး အဆင်ပြေ သွားနိုင်ပါတယ်”ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ယင်းကဲ့သို့ ဘဏ်များအနေဖြင့် account transfer ဖြင့် ရောင်းချရာတွင် +၀.၃ရာခိုင်နှုန်းနှင့် -၀.၃ ရာခှိုင်နှုန်းကြားတွင်သာ ရောင်းချ ခွင့်ပြုထားကြောင်း၊ လက်ရှိစနစ်အရ ပို့ကုန်သွင်းကုန်သမားများ အဆင်ပြေ နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
“ကျွန်တော်တို့ အရင်တုန်းက အိန္ဒိယကို ပဲပို့တယ်ပဲဆိုပါတော့။ TT နဲ့ပဲ ပို့ကြရတယ်။ ဘဏ်ကို ငွေဝင်ပေမယ့် သင်္ဘောမတင်မချင်း ငွေထုတ်ယူလို့မရဘူး။ ဒီကြားထဲ ငွေလိုတယ် နောက်ထပ် offer ရတယ် ဆိုရင် နောက်တစ်ရင်း ထပ်ရင်းရတယ်။ အခုတော့ ဘဏ်ထဲမှာ ငွေဝင်ပြီဆိုတာနဲ့ ကျွန်တော်တို့ ထုတ်ယူလို့ ရပါပြီ။ အရင်ထက်အများကြီး အဆင်ပြေသွားပါတယ်”ဟု မြန်မာနိုင်ငံပဲ လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောပြခဲ့သည်။
လက်ရှိ ဖြေလျှော့ပေးလိုက်သော စနစ်ကြောင့် ယခင်တစ်ပတ်က အမေရိကန်ဒေါ်လာဈေး ကျပ် ၈၂၀ ရှိချိန်တွင် ပြည်ပပို့ကုန်မှ ရငွေဈေး ၈၆၂ ကျပ်အထိ ဖြစ်သွားသော အနေအထားမျိုးမှ လတ်တလောတွင် ၈၃၅ကျပ် နှင့် ၈၃၆ ကျပ်ဝန်းကျင်သို့ ပြန်လည် ကျဆင်းလာခဲ့ကြောင်း သိရသည်။
“အရင်တုန်းကဆိုရင် သွင်းကုန် တင်သွင်းဖို့အတွက် earning ကို အထောက်အထား တောင်းတယ်။ အခု ကုန်သွယ်မှု ညွှန်ကြားမှုဦးစီးဌာနက ဘာမှမလိုတော့ဘူးဆိုပြီး နိုင်ငံခြား ငွေစာရင်းထဲက ငွေနဲ့ import လုပ်လို့ရတယ်။ အလုပ်လုပ်ရတာ ပိုအဆင်ပြေသွားပါတယ်”ဟု ပြည်ပသို့ ဆန်တင်ပို့နေသော လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
Ref: EMG



22:10
Unknown
Posted in:
0 comments:
Post a Comment