တယ်လီဖုန်းဆင်းမ်ကတ်တစ်ခု ကျပ် ၅၀၀၀ နဲ့ရောင်းချပေးမယ်လို့ ကုမ္ဗဏီတစ်ခုက ပြောကြားခဲ့ပြီး၊ တပတ်အကြာမှာပဲ သက်ဆိုင်ရာက ဒီကိစ္စမဖြစ်နိုင်ဘူးလို့ ငြင်းချက်ထုတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃ ရက်နေ့က ရွှေပြည်တံခွန်ကုမ္ဗဏီကနေ ဖုန်းဆင်းမ်ကတ်တစ်ခု ငွေကျပ် ၅၀၀၀ နှင့် မကြာမီ ရောင်းချပေးမယ်လို့ စာနယ်ဇင်း ရှင်းလင်းပွဲလုပ်ပြီး အသိပေးခဲ့ပါတယ်။ ဒီသတင်းကို ပြည်တွင်းပြည်ပ သတင်းဌာနတွေနှင့်ပြည်တွင်းထုတ်သတင်းဂျာနယ် တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် သတင်းဖော်ပြခဲ့ကြပါတယ်။
ဒီသတင်းဟာ ဆင်းမ်ကတ်တစ်ခု ကျပ်ငါးသိန်း အနိမ့်ဆုံးသုံးစွဲနေရတဲ့ မြန်မာပြည်သားတွေ အဖို့ ဆင်းရဲသားတွေပါမကျန် လက်ကိုင်ဖုန်းကိုင်နိုင်တော့မယ်ဆိုပြီး ပျော်တပြုံးပြုံး ဖြစ်ခဲ့ရပါတယ်။
ဇန်န၀ါရီ ၉ ရက်နေ့မှာတော့ မြန်မာ့ဆက်သွယ်ရေးအင်ဂျင်နီယာချုပ်က ဖုန်းဆင်းမ်ကတ် တစ်ခု ကျပ် ၅၀၀၀ နှင့် ရောင်းမယ်ဆိုတာဟာ ဥပဒေအရရော နည်းဥပဒေအရပါ မဖြစ်နိုင် ဘူးလို့ သတင်းသမားတွေကို ရှင်းလင်းပြောကြားခဲ့ပြန်ပါတယ်။
ရွှေပြည်တံခွန်ကုမ္ဗဏီက ကျပ် ၅၀၀၀ နှင့်ရောင်းချဖို့ သမ္မတရုံးကိုတင်ပြထားတယ်လို့ ပြောခဲ့ပြီး၊ ဆက်သွယ်ရေးကတော့ သူတို့နှင့်မပူးပေါင်းဘဲ အခုလိုလုပ်လို့မရဘူးလို့ ဆိုပါတယ်။
ကျပ် ၅၀၀၀ ဖုန်းဆင်းမ်ကတ်နှင့်ပတ်သက်ပြီး ပြည်သူတွေအကြား သို့လောသို့လော ဖြစ်နေကြတာမို့ ရွှေပြည်တံခွန်က ကုမ္ဗဏီသတင်းစာ ရှင်းလင်းခဲ့သူ မန်နေးဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးကို ဆက်သွယ်မေးမြန်းကြည့်တော့ မကြာခင် သတင်းထုတ်ပြန်ဖို့ရှိတယ်ဆိုပြီး ပြောပါတယ်။
ကုမ္ဗဏီက ကျပ် ၅၀၀၀ တန်ဖိုးဆင်းမ်ကတ် ရောင်းပေးမယ်ဆိုတာ ထုတ်ဖော်ပြောဆို တုန်းက ၀န်ထမ်းတွေနှင့် အများပြည်သူတွေဖုန်းသုံးနိုင်အောင်၊ ဆင်းရဲမွဲတေမှု တိုက်ဖျက် ရေးမှာ တတပ်တအားပါဝင်ဆောင်ရွက်တာပါလို့ ပြောခဲ့ပါတယ်။
သူက မြန်မာနိုင်ငံမှာ ဖုန်းခေါ်ဆိုခ တမိနစ် ၂၅ ကျပ်ဆိုတာကိုက များလွန်းနေပြီး တကယ်ဆို ငါးကျပ်လောက်ပဲ ကျသင့်ရမှာဖြစ်သလို တယ်လီဖုန်းဟာ ဇိမ်ခံပစ္စည်းမဟုတ် ပါဘူးလို့ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
မန်နေးဂျင်းဒါရိုက်တာရဲ့ သတင်းစာရှင်းလင်းပွဲကြောင့် လက်ကိုက်တယ်လီဖုန်းတစ်လုံးဟာ ကျပ်ငွေ ၃၀၀၀၀ လောက်ရှိရင် လူတိုင်းကိုင်နိုင်တဲ့အဆင့်ဖြစ်တာကြောင့် ယခင်အစိုးရ လက်ထက်တုန်းက ဖုန်းတစ်လုံးကိုင်နိုင်ဖို့ သိန်းပေါင်းများစွာ ကုန်ကျခဲ့ရတဲ့အခြေအနေ တွေကို လူတွေက မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။
မြန်မာအိမ်နီးချင်း ထို်င်းနိုင်ငံမှာ ဖုန်းဆင်းမ်ကတ်တစ်ခုကို အလကားပေးတာမျိုးရှိပြီး၊ ၀ယ်သုံးရင်လဲ ဘတ်ငွေ ၅၀ ကနေ ၁၀၀ ကြားပဲရှိတာမို့ ကျပ် ၅၀၀၀နှင့်ရောင်းပေးဖို့ဆိုတာ မဖြစ်နိုင်စရာမရှိဘူးလို့ ဘန်ကောက်က ဖုန်းဆင်းမ်ကတ်ကိုယ်စားလှယ် မြန်မာတဦးက ပြောပါတယ်။
အခုလိုဖြစ်နေတဲ့အပေါ် ပြည်တွင်းစီးပွားရေးသတင်းအယ်ဒီတာတဦးက သံသယဖြစ် မိကြောင်း အခုလို သုံးသပ်ပြောကြားပါတယ်။
”အစိုးရဘက်က ဒါကိုထုတ်ပြန်ထားတာမရှိဘူး။ အစိုးရ၀န်ကြီးကလည်း မသိဘူး။ လောလောဆည် တရားဝင်လုပ်ကိုနေတဲ့ ဆက်သွယ်ရေးနှင့်ပတ်သက်တဲ့ ကုမ္ဗဏီတွေ ကလည်း မသိဘူး။ အဲတော့ ကျနော်တို့က ဒီဟာကို ဘာလို့အခုလို ရုတ်တရက်ကြီး ထဖြစ် ရတာလဲ။ ထပြောရတာလဲ။ အခုကျတော့လည်း ဒီကိစ္စနှင့်ပတ်သက်ပြီး သတင်းသမားတွေ ကြားမှာ လှုပ်ခတ်သွားပေမယ့် သူတို့ဘက်က ဆက်ပြီး ထုတ်ပြန်တာတွေ၊ ပြောဆိုတာတွေ ဘာမှမပြောဘူးဖြစ်နေတာပေါ့။ ကျနော်က ဒါက တစုံတရာ မှားယွင်းတာလား။ တစုံတရာ လုပ်ကြံဖန်တီးတာလားဆိုတာ ကျနော် သံသယရှိတယ်။”
Ref: DVB
0 comments:
Post a Comment